မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျပ်အတည်းကာလ တွင်နှစ်သိမ့်မှု

အကျပ်အတည်းကာလ တွင်နှစ်သိမ့်မှု

အကျပ်အတည်း​ကာလ တွင်​နှစ်သိမ့်မှု

ယခု​ခေတ် သတင်း​များသည် စိတ်သက်သာရာ​မရချေ။ လူတစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “ခြောက်​နာရီ​သတင်းကို မကြည့်​ရဲ​လောက်​အောင် လတ်တလော​သတင်း​များ​က အလွန်​ထိတ်လန့်စရာ​ကောင်း​သည်။” ဤ​ကမ္ဘာ​ပေါ်​တွင် မကောင်းမှု​များ​ဖြစ်သည့် စစ်မှု၊ ရက်စက်​ကြမ်းကြုတ်မှု၊ ဆင်းရဲ​ခက်ခဲ​မှု၊ ရာဇဝတ်မှု​နှင့် ရောဂါ​တို့ ပြည့်လျှံ​နေသည်၊ ၎င်းတို့ကို ကျွန်ုပ်​တို့​လောလောဆယ် မကြုံ​ရ​သေး​လျှင် များ​မကြာမီ တွေ့ကြုံ​ခံစားရ​ပေမည်။

ဤ​အခြေအနေ​ကို သမ္မာကျမ်းစာ​က အတိအကျ​ကြိုတင်​ဟောခဲ့​သည်။ ကျွန်ုပ်​တို့​ခေတ်​ကို ပုံဖော်​ရာ​တွင် ယေရှု​က စစ်ပွဲ​ကြီး​များ၊ ကာလ​နာ​များပြားခြင်း၊ အစာ​ခေါင်းပါး​ခြင်း​များနှင့် မြေငလျင်​လှုပ်ခြင်း​များ ဖြစ်​လိမ့်​မည်​ဟု မိန့်ဆိုခဲ့သည်။ (လုကာ ၂၁:၁၀၊ ၁၁) အလားတူ​ပင် လူတို့သည် ပြင်းထန်သော​သူ၊ ငွေ​ကို​တပ်မက်သော​သူ၊ သူတော်ကောင်း​ကို မုန်း​သော​သူ​ဖြစ်​ကြ​လိမ့်​မည့် “ခဲယဉ်း​သော​ကာလ” အကြောင်းကို တမန်​တော်​ပေါလု​ရေးသားခဲ့​၏။ ထို​ကာလ​ကို ‘နောက်ဆုံး​ကာလ’ ဟု​သူ​အမည်ပေး​ခဲ့​သည်။—၂ တိမောသေ ၃:၁-၅

သို့​ဖြစ်၍ ကမ္ဘာ့​အခြေအနေ​များ​ကို ဖော်ပြ​သော သတင်း​များသည် သမ္မာကျမ်းစာ​ကြိုဟော​ထားသော အဖြစ်အပျက်​များနှင့် တစ်နည်း​အားဖြင့် ဆင်တူ​၏။ သို့သော် ဤ​နေရာတွင်​သာ ဆင်တူ​သည်။ သတင်း​များ​က မ​ဖော်ပြ​သည့် ရှုထောင့်​တစ်ခု​ကို သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ ဘုရားသခင်​၏​မှုတ်သွင်းခံ ကျမ်းစာ​အားဖြင့် မကောင်းမှု​များ အဘယ်ကြောင့် ဤမျှ​များပြား​ရ​ကြောင်း​နှင့် အနာဂတ်​တွင် အဘယ်အရာ​ဖြစ်ပျက်​မည်​ကိုလည်း ကျွန်ုပ်​တို့ သဘောပေါက်​နားလည်​လာနိုင်​၏။

ဆိုးသွမ်းမှု​ကို ဘုရားသခင် ရှုမြင်ပုံ

ကျွန်ုပ်​တို့​ခေတ်​၏ ကြေကွဲဖွယ် အခြေအနေ​များ​ကို ဘုရားသခင် မည်သို့ ရှုမြင်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ လက်ရှိ​ဆင်းရဲခက်ခဲ​မှုများ​ကို ကိုယ်တော်​ကြိုမြင်​သော်လည်း ၎င်းတို့ကို သဘောကျ​တော်​မူ​သည်မဟုတ်၊ အစဉ်အမြဲ ခွင့်ပြု​ထား​ရန်​လည်း ရည်ရွယ်​ထား​တော်​မ​မူ​ပေ။ “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟု​တမန်​တော်​ယောဟန် ရေးသားခဲ့​သည်။ (၁ ယောဟန် ၄:၈) ယေဟောဝါ​သည် လူ​တို့ကို အလွန်​ဂရုစိုက်​ပြီး မကောင်းမှု​မှန်သမျှကို ရွံမုန်း​တော်​မူ​၏။ ဘုရားသခင်​သည် ကောင်းမြတ်​တော်​မူ​၍ သနား​ကြင်နာ​သည့်​အပြင် ကမ္ဘာ​မြေကြီးပေါ်​မှ မကောင်းမှုကို ဖယ်ရှား​ရန် တန်ခိုး​အာဏာ​ရှိ​ရုံ​မ​က အလိုတော်​လည်း​ရှိသောကြောင့် နှစ်သိမ့်မှု​ရရှိရန် ဘုရားသခင်​ထံ​ချဉ်းကပ်​ခြင်း​သည် အလွန်​လျောက်ပတ်​ပေ​၏။ ဆာလံဆရာ​က ဤသို့​ရေးသားခဲ့​သည်– “[ဘုရားသခင်​၏​ခန့်အပ်​ခံ ကောင်းကင်ဘုရင်​သည်] ငတ်မွတ်​သော​သူ အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ကိုးကွယ်​ရာ​မ​ရှိ၍ ဆင်းရဲသော​သူကိုလည်း​ကောင်း ချမ်းသာပေး​တော်​မူ​လိမ့်​မည်။ ဆင်းရဲသော​သူနှင့် ငတ်မွတ်​သော​သူကို သနား​၍ ငတ်မွတ်​သော​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​လိမ့်​မည်။ သူတို့​အသက်ကို လှည့်စားခြင်း​နှင့် ညှဉ်းဆဲခြင်း​၏​လက်​မှ ရွေးနုတ်​၍ သူတို့​အသွေးကို နှမြော​တော်​မူ​လိမ့်​မည်။”—ဆာလံ ၇၂:၁၂-၁၄

သင်သည် ဆင်းရဲ​ခက်ခဲ​သူများကို သနား​ကြင်နာ​ပါသလော။ သနား​ကြင်နာ​ပေမည်။ ကိုယ်ချင်းစာ​နာ​စိတ်​သည် ကျွန်ုပ်​တို့​ထဲ​၌ ယေဟောဝါ​ထည့်​ပေး​ထားသော အရည်အသွေး​တစ်ခု​ဖြစ်၏၊ အကြောင်း​မှာ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ပုံသဏ္ဌာန်​နှင့်​အညီ ဖန်ဆင်း​ခံရ​သောကြောင့်​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ထို့​ကြောင့် လူတို့၏​ဆင်းရဲ​ခက်ခဲ​မှု​ကို ယေဟောဝါ စာနာ​ထောက်ထား​ပေး​မည်​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သည်။ အခြား​မည်သူ​ထက်​မဆို ယေဟောဝါ​နှင့်​တရင်းတနှီး​ရှိခဲ့​သော ယေရှု​က ကျွန်ုပ်​တို့ကို ယေဟောဝါ​အလွန်​စိတ်ဝင်စား​ပြီး စာနာ​ထောက်ထား​မှု​အပြည့်အဝ​ရှိ၏​ဟု မိန့်ဆိုခဲ့သည်။—မဿဲ ၁၀:၂၉၊ ၃၁

ဘုရားသခင်​သည် လူသား​တို့ကို ဂရုစိုက်​တော်​မူ​ကြောင်း ဖန်ဆင်း​ခြင်း​ကိုယ်နှိုက်​က အထင်အရှား​ဖော်ပြ​၏။ ဘုရားသခင်​သည် “ကောင်းသော​သူ၊ မကောင်းသော​သူတို့​အပေါ်​၌ ကိုယ်တော်​၏​နေကို ထွက်​စေတော်မူ​၏။ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူတို့​အပေါ်​၌ မိုး​ကို​ရွာ​စေတော်မူ​၏” ဟု​ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄၅) လုတ္တရ​မြို့သား​များ​ကို တမန်​တော်​ပေါလု​က “[ဘုရားသခင်​သည်] သင်တို့အား ကျေးဇူးပြု​လျက် အစာ​အာဟာရ​နှင့်​ဝ​ပြော​၍ ဝမ်းမြောက်​စေခြင်း​ငှာ မိုးကောင်းကင်​မှ မိုးရွာ​စေတော်မူ​၍ အသီးအနှံ​တို့ကို​သီး​စေ​တတ်သော​ဥတု​ကို ပေး​တော်​မူ​သော​အားဖြင့် ကိုယ်တော်​ရှိ​တော်​မူ​သည်ကို သက်သေ​မခံ​ဘဲ​နေ​တော်​မ​မူ” ဟု​ပြော​ခဲ့​သည်။—တမန်​တော် ၁၄:၁၇

မည်​သူ့​တွင် တာဝန်​ရှိ​သနည်း

လုတ္တရ​မြို့သား​များ​အား ပေါလု​က “ရှေး​လွန်​လေ​ပြီး​သော​ကာလ​တို့​၌ လူအမျိုးမျိုး​တို့သည် မိမိတို့​အလိုအလျောက် ကျင့်​ကြ​မည်​အကြောင်း ဘုရားသခင်​သည် အလွတ်​ထား​တော်​မူ​၏” ဟု​ပြော​ခဲ့​ခြင်း​သည် မှတ်သား​လောက်​ပေ​သည်။ သို့​ဖြစ်၍ ကြုံတွေ့​ရသည့် အကျပ်အတည်း​အခက်အခဲ​များ​အတွက် အဓိက​တာဝန်​ရှိသူ​မှာ လူမျိုးများ သို့​မဟုတ် လူများ ကိုယ်နှိုက်​ပင်​ဖြစ်သည်။ ဘုရားသခင်​ကို အပြစ်မတင်​သင့်​ချေ။—တမန်​တော် ၁၄:၁၆

မကောင်းမှု​များ​ကို ယေဟောဝါ အဘယ်ကြောင့် ဖြစ်ပျက်​ခွင့်ပြု​ထား​သနည်း။ ကိုယ်တော်​သည် ယင်း​နှင့်​ပတ်သက်​၍ တစ်စုံတစ်ရာ​ပြု​မည်​လော။ ဤ​မေးခွန်းများ​၏ အဖြေကို ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင်​သာ တွေ့ရှိ​နိုင်​ပါ​သည်။ အကြောင်း​မှာ ၎င်း​၏​အဖြေ​သည် ဝိညာဉ်​သား​တစ်ပါး​နှင့် ဆက်စပ်​နေ​၏၊ သူ့​ကြောင့်​ဖြစ်ပေါ်​လာ​သည့် ပြဿနာ​တစ်ရပ်​နှင့် ဆက်နွှယ်​နေသော​ကြောင့်​ဖြစ်သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

လူသားများ​၌ ကိုယ်ချင်းစာ​နာ​စိတ်​ရှိသည်။ ဘုရားသခင်​လည်း လူ့​ဆင်းရဲ​ခက်ခဲ​မှု​ကို ကိုယ်ချင်းစာ​နာ​စိတ် မရှိဘဲ​နေ​မည်​လော

[Picture Credit Lines on page 2]

COVER: Tank: UN PHOTO 158181/J. Isaac; earthquake: San Hong R-C Picture Company

[Picture Credit Line on page 3]

Starving child: UN PHOTO 146150 BY O. MONSEN