မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဆုံးနီးလာသည်နှင့်အမျှ နာခံခြင်းကို မွေးမြူပျိုးထောင်လော့

အဆုံးနီးလာသည်နှင့်အမျှ နာခံခြင်းကို မွေးမြူပျိုးထောင်လော့

အဆုံးနီးလာ​သည်​နှင့်​အမျှ နာခံခြင်း​ကို မွေးမြူ​ပျိုးထောင်​လော့

“လူမျိုး​တို့၏​နာခံမှု​ကို [ရှိလော] ပိုင်ဆိုင်​လိမ့်​မည်။”—ကမ္ဘာဦး ၄၉:၁၀၊ က​ဘ။

၁။ (က) ယခင်​က ယေဟောဝါ​အား နာခံခြင်း​တွင် အဘယ်အရာ​ပါ​ဝင်လေ့​ရှိ​သနည်း။ (ခ) ယာကုပ်​သည် နာခံခြင်း​နှင့်​စပ်လျဉ်း၍ မည်သို့​ပရောဖက်ပြု​ခဲ့​သနည်း။

ယေဟောဝါ​အား နာခံခြင်း​တွင် ကိုယ်တော်​၏ ကိုယ်စားလှယ်​များ​ကို​နာခံခြင်း​လည်း ပါ​ဝင်လေ့​ရှိသည်။ ထို​သူတို့တွင် ကောင်းကင်တမန်​များ၊ ရှေး​ဘိုးဘေး​များ၊ တရားသူကြီး​များ၊ ယဇ်ပုရောဟိတ်​များ၊ ပရောဖက်​များနှင့် ရှင်ဘုရင်များ​ပါဝင်​ခဲ့​ကြသည်။ ဣသရေလ​ရှင်ဘုရင်များ​၏ ရာဇ​ပလ္လင်​ကို ယေဟောဝါ​၏​ရာဇ​ပလ္လင်​ဟု​ပင် ခေါ်ဆို​ခဲ့​၏။ (၁ ရာဇဝင်ချုပ် ၂၉:၂၃) သို့သော် ဣသရေလ​ဘုရင်​များစွာတို့သည် ဘုရားသခင်​အား မနာခံ​ခဲ့​ကြ​သဖြင့် သူတို့​ကိုယ်တိုင်​နှင့် တိုင်းသူပြည်သား​များ​အပေါ် အမင်္ဂလာ​ကျရောက်​စေ​ခဲ့​ကြသည်​မှာ ဝမ်းနည်းစရာပင်။ သို့ရာတွင် ယေဟောဝါ​သည် မိမိ၏​တည်ကြည်သူ​များ​ကို မျှော်လင့်ချက်​ကင်းမဲ့​စွာ ပစ်မထား​ခဲ့​ပါ; ကိုယ်တော်​သည် ဖြောင့်မတ်​သူများ တလိုတလား နာခံမှု​ပြ​ကြ​မည့် မဖောက်ပြန်​မပျက်စီး​နိုင်သော ရှင်ဘုရင်​တစ်ပါး​ကို နန်းတင်​မည်​ဟု ကတိပေး​ပြီး နှစ်သိမ့်​တော်​မူ​ခဲ့​သည်။ (ဟေရှာယ ၉:၆၊ ၇) ဘိုးဘေး​ယာကုပ် သေဆုံး​ခါနီး​တွင် ထို​အနာဂတ်​ဘုရင်​အကြောင်း ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “ရှိလော​လာ​သည့်​တိုင်အောင်​ရာဇ​လှံတံ​သည် ယုဒ​ထံ​မှ​ဖြစ်စေ၊ ဗိုလ်ချုပ်​၏​တောင်ဝှေး​သည် သူ့​ခြေ​ကြား​မှ​ဖြစ်စေ မ​ရွေ့​ရ။ လူမျိုး​တို့၏​နာခံမှု​ကို ရှိလော​ပိုင်ဆိုင်​လိမ့်​မည်။”—ကမ္ဘာဦး ၄၉:၁၀က​ဘ။

၂။ “ရှိလော” ၏​အဓိပ္ပာယ်​ကား အဘယ်နည်း၊ ကိုယ်တော်​၏​အုပ်ချုပ်မှု​တွင် အဘယ်အရာ​ပါဝင်​မည်​နည်း။

“ရှိလော” ဟူသည် “ပိုင်ဆိုင်​သော​သူ” ဟူ၍​အဓိပ္ပာယ်​ရှိသော ဟေဗြဲ​စကားလုံး​ဖြစ်သည်။ မှန်ပါသည်၊ ရာဇ​လှံတံ ပုံဆောင်​သည့် အုပ်ချုပ်ပိုင်ခွင့်​ကိုလည်း​ကောင်း၊ လက်ကိုင်​တောင်ဝှေး​တော်​ဖြင့် သရုပ်ဖော်​ထား​သည့် အမိန့်ပေး​ပိုင်ခွင့်​ကိုလည်း​ကောင်း ရှိလော အမွေ​ရ​လိမ့်​မည်။ ထို့​ပြင် ကိုယ်တော်​သည် ယာကုပ်​အမျိုးအနွယ်​ကို​သာမက “လူမျိုး” အပေါင်း​တို့ကို အုပ်ချုပ်​ရ​ပါ​လိမ့်​မည်။ ယင်းသည် အာဗြဟံ​ကို ယေဟောဝါ​ပေး​ခဲ့​သော ဤ​ကတိတော်​နှင့်​အညီ​ဖြစ်သည်– “သင်၏​အမျိုးအနွယ်​သည် ရန်သူ​တို့၏​မြို့တံခါး​များ​ကို အစိုးရ​လိမ့်​မည်။ သင်၏​အမျိုးအနွယ်​အားဖြင့် လူမျိုးအပေါင်း​တို့သည် ကောင်းချီး​မင်္ဂလာ​ကို ခံရ​ကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၇၊ ၁၈) စီ.အီး. ၂၉ တွင် ယေဟောဝါ​သည် နာဇရက်​မြို့သား​ယေရှုကို သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​တော်​မူ​သောအခါ ဤ “အမျိုးအနွယ်” သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အတည်ပြု​ဖော်ပြ​ခဲ့​သည်။—လုကာ ၃:၂၁-၂၃၊ ၃၄; ဂလာတိ ၃:၁၆

ယေရှု၏​ပထမဦးဆုံး​နိုင်ငံ

၃။ ယေရှုသည် ကောင်းကင်​သို့​တက်ကြွ​သွားသော​အခါ အဘယ်​အုပ်ချုပ်မှု​ကို ရရှိခဲ့​သနည်း။

ယေရှုသည် ကောင်းကင်​သို့​တက်ကြွ​သွားသော​အခါ လောကသား​များ​အပေါ် ချက်ချင်း စတင်​အုပ်ချုပ်​တော်​မ​မူ​ခဲ့​ပါ။ (ဆာလံ ၁၁၀:၁) သို့ရာတွင် ကိုယ်တော်​သည် မိမိ​အား နာခံ​သော​လက်အောက်ခံ​များ​ရှိ “နိုင်ငံ” တစ်ခု​ကို​ရရှိခဲ့သည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​စဉ် ထို​နိုင်ငံ​ကို​သိစေ​ခဲ့​သည်– “[ဘုရားသခင်​သည်] မှောင်မိုက်​တန်ခိုး​မှ​လည်း ငါ​တို့ [ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ] ကို​နုတ်​၍၊ ချစ်တော်မူ​သော​သားတော်​၏​နိုင်ငံ​ထဲ​သို့ သွင်း​တော်​မူ​၏။” (ကောလောသဲ ၁:၁၃) ဤ​ကယ်နုတ်ခြင်း​သည် စီ.အီး. ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့​တွင် ယေရှု၏​တည်ကြည်သော နောက်လိုက်​တော်​များ​အပေါ် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်းခဲ့​သောအခါ အစပြု​သည်။—တမန်​တော် ၂:၁-၄; ၁ ပေတရု ၂:၉

၄။ ယေရှု၏​အစောပိုင်း​တပည့်​များသည် နာခံမှု​ကို အဘယ်​နည်းများဖြင့် တင်ပြ​ခဲ့​ကြ​သနည်း၊ အုပ်စု​တစ်စု​အနေ​နှင့် သူတို့ကို ယေရှု​မည်သို့​ဖော်ပြ​ခဲ့​သနည်း။

“ခရစ်တော်​၏​အတွက်​သံတမန်” များ​အနေ​ဖြင့် ဝိညာဉ်​တော်​ဖွား​တပည့်​များသည် အဆိုပါ​ဝိညာဉ်​ရေး​နိုင်ငံတော်​၌ ‘နိုင်ငံသား​ချင်း’ များ​ဖြစ်လာ​ကြ​မည့် အခြား​သူများကို နာခံမှု​ရှိ​ရှိ စတင်​စုဆောင်း​ခဲ့​ကြသည်။ (၂ ကောရိန္သု ၅:၂၀သမ္မာ; ဧဖက် ၂:၁၉; တမန်​တော် ၁:၈) ၎င်း​ပြင် ဘုရင်​ယေရှု​ခရစ်​၏ မျက်နှာသာတော်​ခံစား​ရဖို့ သူတို့သည် “စိတ်သဘော တစ်သံ​တစ်သမတ်တည်း​ရှိသည်​နှင့် စေ့စပ်​စုံလင်” နေရ​ကြ​မည်။ (၁ ကောရိန္သု ၁:၁၀) ဤ​သူတို့သည် အုပ်စု​တစ်စု​အနေ​နှင့် “သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်” သို့​မဟုတ် သစ္စာရှိ​ဘဏ္ဍာစိုး​အတန်းအစား ဖြစ်လာ​ကြသည်။—မဿဲ ၂၄:၄၅; လုကာ ၁၂:၄၂

ဘုရားသခင့် “ဘဏ္ဍာစိုး” ကို​နာခံခြင်း​ကြောင့် ကောင်းချီး​ခံစားရ

၅။ ရှေးခေတ်​ကတည်းက မိမိ၏​လူမျိုးတော်ကို ယေဟောဝါ​မည်သို့​သွန်သင်​ခဲ့​သနည်း။

ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​အတွက် သွန်သင်သူ​များ​ကို အစဉ်​ပေးသနား​တော်​မူ​ခဲ့ပြီ။ သာဓက​အနေ​နှင့်၊  ဗာဗုလုန်​မှ  ဂျူး​တို့​ပြန်လာ​ကြ​ပြီး​နောက်  ဧဇရ​နှင့်  အခြား​အရည်အချင်း​ရှိသူတို့​သည်  ဘုရားသခင့်​ပညတ်တော်​ကို လူ​တို့အား ဖတ်ပြ​ရုံ​သာ​မပြု​ဘဲ ဘုရားသခင့်​နှုတ်မြွက်တော်​ကို ‘အနက်​ပြန်၍ လူများ​ကို​နားလည်စေ’ ရန် ‘အဓိပ္ပာယ်​ဖွင့်ပြ’ ခဲ့​ကြသည်။—နေဟမိ ၈:၈

၆၊ ၇။ ကျွန်​အတန်းအစား​သည် ယင်း​၏​အုပ်ချုပ်ရေး​အဖွဲ့​မှ​တစ်ဆင့် အချိန်တန်​ဝိညာဉ်​အစာကို မည်သို့​ကျွေးမွေး​ခဲ့ပြီ​နည်း၊ ကျွန်​အတန်းအစား​ကို လက်အောက်ခံခြင်း​သည် အဘယ်ကြောင့်​သင့်တော်​သနည်း။

ပထမ​ရာစု၊ စီ.အီး. ၄၉ တွင် အရေဖျားလှီး​ခြင်း​ကိစ္စ ပေါ်ပေါက်​လာသော​အခါ အစောပိုင်း​ကျွန်အတန်းအစား​၏ အုပ်ချုပ်ရေး​အဖွဲ့​သည် ဆုတောင်း​သုံးသပ်​ပြီး​နောက် ထို​ကိစ္စ​ကို သမ္မာကျမ်းစာ​နှင့်​အညီ ဆုံးဖြတ်​ခဲ့​ကြသည်။ သူတို့၏​ဆုံးဖြတ်ချက်​ကို စာ​ဖြင့်​ကြားသိ​စေသော​ခါ အသင်းတော်များ​သည် ညွှန်ကြားချက်​ကို နာခံ​ခဲ့​ကြ​သဖြင့် ဘုရားသခင့်​ကောင်းချီး​များ ကြွယ်ဝ​စွာ​ခံစား​ခဲ့​ကြ​ရသည်။ (တမန်​တော် ၁၅:၆-၁၅၊ ၂၂-၂၉; ၁၆:၄၊ ၅) အလားတူ၊ ယခု​ခေတ် သစ္စာရှိ​ကျွန်​သည် အုပ်ချုပ်ရေး​အဖွဲ့​မှ​တစ်ဆင့် ခရစ်ယာန်​ကြားနေ​မှု၊ သွေး​၏​မြင့်မြတ်မှု၊ မူးယစ်​ဆေး​နှင့် ဆေး​ရွက်​ကြီး အသုံးပြုမှု​စ​သည့် အရေးကြီးသော​ကိစ္စရပ်​များ​ကို ရှင်းလင်း​ဖော်ပြ​ခဲ့ပြီ။ (ဟေရှာယ ၂:၄; တမန်​တော် ၂၁:၂၅; ၂ ကောရိန္သု ၇:၁) ကိုယ်တော်​၏​နှုတ်မြွက်တော်​နှင့် သစ္စာရှိ​ကျွန်​အား နာခံ​သည့်​အတွက် ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို​ကောင်းချီး​ပေး​ခဲ့​သည်။

ဘုရားသခင့်​လူမျိုးတော်သည် ကျွန်​အတန်းအစား​ကို လက်အောက်ခံခြင်း​အားဖြင့် မိမိတို့​သခင်၊ ယေရှု​ခရစ်​အား​လည်း လက်အောက်ခံ​ကြောင်း​တင်ပြ​ကြသည်။ ယာကုပ်​သေဆုံး​ခါနီး ပရောဖက်ပြု​ဟော​ကြား​ခဲ့​သည့်​အတိုင်း မျက်မှောက်ခေတ်တွင် ယေရှု၏​အာဏာစက် ကျယ်ပြန့်​လာသော​ကြောင့် အဆိုပါ​လက်အောက်ခံမှု​သည် အဓိပ္ပာယ်​သာ၍​လေးနက်​လာ​သည်။

ရှိလော​သည် မြေကြီး​၏ တော်မှန်​သော​အုပ်စိုးရှင်​ဖြစ်လာ

၈။ ခရစ်တော်​၏​အခွင့်အာဏာ​သည် မည်သို့​နှင့် မည်သည့်​အချိန်တွင် တိုးချဲ့​ကျယ်ပြန့်​လာ​ခဲ့​သနည်း။

ရှိလော​သည် “လူမျိုး​တို့၏​နာခံမှု​ကို” ရမည်ဟု ယာကုပ်​၏​ပရောဖက်ပြုချက်​က ကြိုပြော​ခဲ့​သည်။ ခရစ်တော်​သည် ဝိညာဉ်​ရေး​ဣသရေလ​ကို​သာမက စိုးစံ​ရမည်​မှာ ရှင်းနေပါသည်။ အဘယ်အရာကို စိုးစံ​ရမည်​နည်း။ ဗျာဒိတ် ၁၁:၁၅ က​ဤသို့​ဖြေဆို​သည်– ‘လောက​နိုင်ငံ​သည် ငါ​တို့​အရှင်​၏​နိုင်ငံ​ဖြစ်​လေ​ပြီ။ ထို​အရှင်​၏ ခရစ်တော်​နိုင်ငံ​ဖြစ်​လေ​ပြီ။ သူသည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်​မူ​မည်။’ ယေရှုသည် ပရောဖက်ပြု​ဖော်ပြ​ထား​သည့် “ခု​နစ်​နှစ်”—“လူမျိုးခြား​များ​အတွက်​သတ်မှတ်​ထားသော​ကာလ”—အဆုံး​ဖြစ်သည့် ၁၉၁၄ ခုနှစ်​တွင် ထို​အခွင့်အာဏာကို ရရှိခဲ့​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ * (ဒံယေလ ၄:၁၅၊ ၁၇; လုကာ ၂၁:၂၄က​ဘ) ထို​နှစ်​တွင် “ရန်သူ​တို့၏​အလယ်​၌ အုပ်စိုး” ချိန်​စတင်​သကဲ့သို့ မေရှိယ​ဘုရင်​အဖြစ် ခရစ်တော်​၏​မျက်မြင်မရ ‘ရောက်ရှိခြင်း’ လည်း​စတင်​ခဲ့​သည်။—မဿဲ ၂၄:၃; ဆာလံ ၁၁၀:၂

၉။ ယေရှုသည် နိုင်ငံတော်​ကို​ရရှိသော​အခါ အဘယ်​အမှုကို ပြု​တော်​မူ​ခဲ့​သနည်း၊ ယင်းက လူသား​တို့​အပေါ်၊ အထူးသဖြင့် ကိုယ်တော့်​တပည့်​များ​အပေါ် အဘယ်​အကျိုး သွယ်ဝိုက်​ရောက်ရှိ​လာ​စေ​သနည်း။

မင်း​အာဏာကို​ရရှိ​ပြီး​နောက် ယေရှု၏​ပထမ​ဆုံး​လုပ်ဆောင်ချက်​မှာ မနာခံမှု​၏​ပြယုဂ်—စာတန်—နှင့်အတူ သူ၏​နတ်ဆိုး​များ​ကို “မြေကြီး​သို့” နှင်ချ​ပစ်​ခြင်း​ဖြစ်သည်။ ထို​အချိန်​မှ​စ၍ ဤ​ဝိညာဉ်​ဆိုး​များသည် လူသား​တို့​အပေါ် မကြုံစဖူး​သည့်​ကပ်ဘေး​များ ကျရောက်​စေ​ခဲ့​ကြ​ပြီး ယေဟောဝါ​အား နာခံ​ရ​ခက်​သော​ဝန်းကျင်​အခြေအနေ​ကိုလည်း အားပေး​အား​မြှောက်​ပြု​ခဲ့​ကြပြီ။ (ဗျာ. ၁၂:၇-၁၂; ၂ တိမောသေ ၃:၁-၅) အမှန်​မှာ ဤ​ဝိညာဉ်​ရေး​စစ်ပွဲ​တွင် စာတန်​၏​အဓိက​ပစ်မှတ်​သည် “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍၊ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို​စွဲလမ်း​သော​သူ” ယေဟောဝါ​၏​ဝိညာဉ်​တော်​ဖွား​များနှင့် သူတို့၏​အပေါင်းပါ “အခြားသိုး” တို့​ဖြစ်​ကြသည်။—ဗျာ. ၁၂:၁၇; ယောဟန် ၁၀:၁၆

၁၀။ ကျမ်းစာ​ဆိုင်ရာ အဘယ်​ပရောဖက်ပြုချက်​များ ပြည့်စုံခြင်း​က ခရစ်ယာန်စစ်​များ​ကို စာတန်​တိုက်ခိုက်​၍​မရ​ကြောင်း အာမခံ​သနည်း။

၁၀ သို့သော် ယခု​ကာလ​သည် “သခင်​ဘုရား​၏​နေ့” ဖြစ်​ပြီး ယေရှု ‘အပြီးသတ်​အောင်မြင်ခြင်း’ ရဖို့ အဘယ်အရာကမျှ မတားဆီး​နိုင်သော​ကြောင့် စာတန်​ရှုံးနိမ့်​ဖို့​သာ​ရှိသည်။ (ဗျာ. ၁:၁၀; ၆:၂) သာဓက​အနေ​ဖြင့်၊ ကိုယ်တော်​သည် ဝိညာဉ်​ရေး​ဣသရေလ​များ​ဖြစ်သော ၁၄၄,၀၀၀ ကို အပြီး​အပြတ်​တံဆိပ်​ခတ်​ပါ​လိမ့်​မည်။ ကိုယ်တော်​သည် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ​ထွက်၍၊ အဘယ်သူမျှ​မရေတွက်​နိုင်သော လူများ​အပေါင်း​တို့” ကိုလည်း ကာကွယ်​ပေး​တော်​မူ​မည်။ (ဗျာ. ၇:၁-၄၊ ၉၊ ၁၄-၁၆) သို့ရာတွင် ဤ​သူတို့သည် သူတို့၏​ဝိညာဉ်​တော်​ဖွား အပေါင်းပါများ​နှင့်​မတူဘဲ ယေရှု၏​နာခံမှု​ရှိသော လက်အောက်ခံ မြေကြီးသား​များ​ဖြစ်လာ​ကြ​မည်။ (ဒံယေလ ၇:၁၃၊ ၁၄) ရှိလော​သည် ‘လောက​နိုင်ငံ’ ကို​အုပ်ချုပ်သူ အမှန်​ဖြစ်​ကြောင်း ကမ္ဘာ့​မြင်ကွင်း​တွင် ဤသူတို့​ရှိနေကြ​ခြင်း​က အခိုင်အမာ​သက်သေထူ​သည်။—ဗျာ. ၁၁:၁၅

ယခု​ပင် “သတင်းကောင်းကို​နားထောင်” ရန်​အချိန်​ဖြစ်

၁၁၊ ၁၂။ (က) လက်ရှိ​အစီအစဉ်​စနစ်​၏​အဆုံးကို မည်သူ​သာ​လျှင် ကပ်ကျော်​မည်​နည်း။ (ခ) “လောက​နှင့်​ဆိုင်သော​ဝိညာဉ်” ကို​ခံယူ​သူများ​၌ အဘယ်​စရိုက်​များ​ဖြစ်ပေါ်​လာ​သနည်း။

၁၁ ထာဝရ​အသက်​ရ​လို​သူအား​လုံး နာခံခြင်း​ကို​သင်ယူ​ရ​ကြ​မည်၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က “ဘုရားသခင်​ကို​မသိသော​သူ၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏ ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့” သည် ဘုရားသခင်​အပြစ်စီရင်​ရာ​နေ့ကို ကပ်ကျော်​မည်​မဟုတ်​ဟု အတိအလင်း​ဖော်ပြ​ထားသော​ကြောင့်​ဖြစ်၏။ (၂ သက်သာလောနိတ် ၁:၈) လက်ရှိ​ဆိုးသွမ်း​သော​ဝန်းကျင်​အခြေအနေ​နှင့် သမ္မာကျမ်းစာ​ပညတ်​များ၊ မူများ​ကို​ပုန်ကန်​တတ်သော​စိတ်ဓာတ်​တို့သည် သတင်းကောင်းကို​နာခံ​ရန် ခဲယဉ်း​စေ​သည်။

၁၂ သမ္မာကျမ်းစာ​က ဘုရားသခင်​အား ဆန့်ကျင်​ပုန်ကန်​သည့် ဤ​စိတ်ဓာတ်​ကို “လောက​နှင့်​ဆိုင်သော​ဝိညာဉ်” ဟု​ဖော်ပြ​၏။ (၁ ကောရိန္သု ၂:၁၂သမ္မာ) လူ​တို့​အပေါ် ယင်း​၏​အကျိုး​သက်ရောက်မှု​ကို ရှင်းပြ​ကာ ဧဖက်​မြို့ရှိ ပထမ​ရာစု​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– “အာကာသ​ကောင်းကင်​၏​တန်ခိုး​ကို အစိုး​ရသော​မင်း​တည်း​ဟူသော ငြင်းဆန်​သော [“မနာခံ​သော၊” က​ဘ] သူတို့၌​ပြုပြင်​သော​ဝိညာဉ်​၏​အလို​နှင့်​အညီ၊ [မကောင်းမှု] အပြစ်​တို့​၌​ကျင်လည်​ကြ​၍၊ ထို [မကောင်းမှု] အပြစ်​၌ သေ​လျက်​ရှိနေ​သော သင်တို့ကို​ပင် ဘုရားသခင်​သည် အသက်ရှင်​စေတော်မူ​ပြီ။ ထို​ငြင်းဆန်​သော​သူတို့နှင့်​တကွ၊ ငါ​တို့​ရှိသမျှသည် အထက်​က ကိုယ်ကာယ​၏​အလို​သို့​လည်းကောင်း၊ စိတ်၏​အလို​သို့​လည်းကောင်း လိုက်​သဖြင့် ကာ​မ​ဂုဏ်​တို့​၌​ကျင်လည်​သည်​ဖြစ်၍ ကြွင်း​သော​သူတို့​ကဲ့သို့​ပင် ပကတိ​အတိုင်း အမျက်တော်ကို​ခံရ​သော​သူ​ဖြစ်​ကြ​၏။”—ဧဖက် ၂:၂၊ ၃

၁၃။ ခရစ်ယာန်​များသည် လောက​ဝိညာဉ်​ကို အောင်မြင်စွာ မည်သို့​တွန်းလှန်​နိုင်​ကြ​မည်​နည်း၊ အဘယ်​အကျိုးကျေးဇူးများ ရရှိ​မည်​နည်း။

၁၃ ဝမ်းသာစရာ​မှာ၊ ဧဖက်​မြို့ရှိ​ခရစ်ယာန်​များသည် မနာခံ​သော​စိတ်ဓာတ်​ကို ဆက်​မမွေး​ခဲ့​ကြ​ပါ။ ထိုသို့​ပြု​မည့်​အစား သူတို့သည် ဘုရားသခင့်​ဝိညာဉ်​တော်​ကို လက်အောက်ခံ​ပြီး ၎င်း​၏​ကောင်းမွန်သော​အသီးများ​ကို ကြွယ်ဝ​စွာ​သီးပွင့်​ကြ​ခြင်း​အားဖြင့် ကိုယ်တော်​၏​နာခံမှု​ရှိသော သားသမီး​များ​ဖြစ်လာ​ခဲ့​ကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယနေ့လည်း စကြဝဠာ​၌ တန်ခိုး​အရှိဆုံး​စွမ်းအား​ဖြစ်သော ဘုရားသခင့်​ဝိညာဉ်တော်သည် သန်းပေါင်း​များစွာသော​သူတို့ကို ယေဟောဝါ​အား နာခံကြ​ရန် ကူညီပေး​နေပါ​သည်၊ ဤသို့​အားဖြင့် သူတို့သည် “အဆုံးတိုင်အောင် ယုံမှား​ခြင်း​နှင့်​ကင်း​သော​မျှော်လင့်ခြင်း” ရှိ​နိုင်​ကြပြီ။—ဟေဗြဲ ၆:၁၂; ဇာခရိ ၄:၆

၁၄။ နောက်ဆုံး​ကာလ​တွင် အသက်ရှင်နေ​ကြသော ခရစ်ယာန်​အားလုံး​၏ နာခံမှု​အတွက် စမ်းသပ်မှု​ဖြစ်​မည့်​အရာများ​ကို ယေရှု မည်သို့​အတိအကျ​သတိပေး​ခဲ့​သနည်း။

၁၄ ကျွန်ုပ်​တို့​တွင် ရှိလော​၏ တန်ခိုး​ပါ​သော ကျော​ထောက်​နောက်ခံ​မှု ရှိကြောင်းကိုလည်း မမေ့​ပါ​နှင့်၊ ကိုယ်တော်​နှင့် ကိုယ်တော့်​ခမည်းတော်​သည် ကျွန်ုပ်​တို့​ခံနိုင်​သည်ထက်​လွန်​၍ ကျွန်ုပ်​တို့၏​နာခံမှု​ကို နတ်ဆိုး​ဖြစ်စေ၊ လူသား​ဖြစ်စေ အဘယ်​ရန်သူကို​မျှ စမ်းသပ်​စေမည်​မဟုတ်ပါ။ (၁ ကောရိန္သု ၁၀:၁၃) အမှန်​မှာ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​စစ်ပွဲ​တွင် ကျွန်ုပ်​တို့အတွက် အထောက်အကူ​ဖြစ်စေ​ရန် ဤ​နောက်ဆုံး​ကာလ​၌ ကျွန်ုပ်​တို့​ကြုံတွေ့​ရမည့် ပြဿနာ​အချို့​ကို ယေရှု​သတ်သတ်မှတ်မှတ်​ဖော်ပြ​ခဲ့​သည်။ တမန်​တော်​ယောဟန်​အား အဆင်းအာရုံ​တစ်ခု​တွင် စာ​ခု​နစ်​စောင်​ပို့ပေး​ခြင်း​အားဖြင့် ယင်းကို​ဖော်ပြ​ခဲ့​သည်။ (ဗျာ. ၁:၁၀၊ ၁၁) ၎င်း​စာစောင်​များ​တွင် ထို​အချိန်​က ခရစ်ယာန်​များ​အတွက် အရေးပါသော​ဆုံးမ​စကား အမှန်​ပါရှိ​သည်၊ သို့သော် ထို​ဆုံးမ​စကား​များသည် ၁၉၁၄ မှ​စ​သော “သခင်​ဘုရား​၏​နေ့” နှင့် အဓိက​သက်ဆိုင်​သည်။ ထို့​ကြောင့် ဤ​သတင်း​စကား​များ​ကို ကျွန်ုပ်​တို့​အာရုံစိုက်ရန် အလွန်​လျောက်ပတ်​ပေ​သည်! *

လျစ်လျူရှု​မှု၊ အကျင့်​ယိုယွင်းမှု၊ ရုပ်ပစ္စည်း​လိုက်စားမှု​တို့ကို​ရှောင်

၁၅။ ဧဖက်​အသင်းတော်ကို ထိခိုက်​ခဲ့​သော​ပြဿနာ​မျိုး ကျွန်ုပ်​တို့​အဘယ်ကြောင့်​သတိပြု​ရမည်​နည်း၊ မည်သို့​သတိပြု​နိုင်​မည်​နည်း။ (၂ ပေတရု ၁:၅-၈)

၁၅ ယေရှု၏​ပထမ​ဆုံး​စာစောင်​သည် ဧဖက်​မြို့ရှိ အသင်းတော်​အတွက်​ဖြစ်သည်။ ထို​အသင်းတော်သည် ခံနိုင်ရည်​ရှိသည့်​အတွက် ချီးမွမ်း​ခံရ​ပြီး​နောက် ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “သို့သော်လည်း၊ သင်သည် ရှေ့​ဦးစွာ​သော​ချစ်ခြင်း​မေတ္တာ​လျော့​ပြီ​ဟု သင်၌​အပြစ်တင်စရာ​ရှိ၏။” (ဗျာ. ၂:၁-၄) ယနေ့လည်း ထို​နည်း​အတိုင်း​ပင်၊ တစ်ချိန်က ဇွဲရှိ​ခဲ့​ကြသော​ခရစ်ယာန်​အချို့​သည် ယေဟောဝါ​အပေါ် ယခင်​က​ထား​ရှိခဲ့​သော သူတို့၏​ပြင်းပြ​သော​မေတ္တာ ပျောက်ဆုံး​လေ​ပြီ။ ၎င်း​ပျောက်ဆုံး​သည့်​အတွက် ဘုရားသခင်​နှင့် လူတစ်ဦး​၏​ဆက်ဆံ​ရေး မကောင်း​နိုင်​တော့​သဖြင့် ယင်းကို အလျင်အမြန် အရေးယူ​ဆောင်ရွက်ရန်​လို​ပေမည်။ ၎င်း​ချစ်ခြင်း​မေတ္တာကို မည်သို့​ပြန်​အားဖြည့်ပေး​နိုင်​မည်​နည်း။ ကျမ်းစာ​လေ့လာခြင်း၊ အစည်းအဝေး​တက်​ခြင်း၊ ဆုတောင်းခြင်း​နှင့် ဆင်ခြင်​သုံးသပ်ခြင်း​တို့ကို မှန်မှန်​ပြုလုပ်ခြင်း​အားဖြင့်​ဖြစ်သည်။ (၁ ယောဟန် ၅:၃) ဤသို့​ပြု​ရန် “အလွန်​ကြိုးစား​အားထုတ်” ဖို့​လို​သည်​မှန်​သော်လည်း အမှန်ပင် အကျိုးနပ်​ပါ​သည်။ (၂ ပေတရု ၁:၅-၈) မိမိကိုယ်ကို ရိုးသား​မှန်ကန်​စွာ ဆန်းစစ်​ကြည့်​သောအခါ သင်၏​ချစ်ခြင်း​မေတ္တာသည် အေးစက်​နေကြောင်း သိလာ​လျှင် ယေရှု၏​ဤ​တိုက်တွန်းချက်​ကို နာခံ​သည့်​အနေ​နှင့် အခြေအနေ​ကို အမြန်​ပြုပြင်ပေး​ပါ– “သင်သည်​မရွေ့လျော့​မီ၊ အရင်​နေရာ​အရပ်​ကို​အောက်မေ့လော့။ နောင်​တရ​လော့။ ရှေ့​ဦးစွာ​သော​အကျင့်ကို​ကျင့်​လော့။”—ဗျာ. ၂:၅

၁၆။ ပေရဂံ​နှင့် သွာတိရ​အသင်းတော်များ​တွင် ဝိညာဉ်​ရေး​အတွက် အန္တရာယ်​ရှိသော အဘယ်​သြဇာလွှမ်း​မှုများ​ရှိခဲ့​သနည်း၊ သူတို့အား ယေရှု​မိန့်ဆိုခဲ့​သော​စကား​သည် မျက်မှောက်ခေတ်​နှင့် အဘယ်ကြောင့်​သင့်လျော်​သနည်း။

၁၆ ပေရဂံ​မြို့​နှင့် သွာတိရ​မြို့ရှိ ခရစ်ယာန်​များသည် သူတို့၏​သမာဓိ၊ ခံနိုင်ရည်​နှင့် ထက်သန်မှု​အတွက် ချီးမွမ်း​ခံ​ခဲ့​ရသည်။ (ဗျာ. ၂:၁၂၊ ၁၃၊ ၁၈၊ ၁၉) သို့​တိုင် သူတို့သည် ရှေးခေတ်​ဣသရေလ​နိုင်ငံ​တွင် လိင်​အကျင့်​ယိုယွင်းခြင်း​နှင့် ဗာလ​ကိုးကွယ်​မှု​အားဖြင့် ဖောက်ပြန်​စေရန် ဩဇာ​လွှမ်းမိုး​ခဲ့​ကြသော ဗာလမ်​နှင့် ယေဇဗေလ​တို့၏ ဆိုးညစ်သော​စိတ်ဓာတ်​ကို တင်ပြ​ခဲ့​ကြ​သူ​အချို့​၏ ဩဇာ​ကို​ခံ​ခဲ့​ကြသည်။ (တောလည်ရာ ၃၁:၁၆; ၃ ဓမ္မ​ရာဇဝင် ၁၆:၃၀၊ ၃၁; ဗျာ. ၂:၁၄၊ ၁၆၊ ၂၀-၂၃) ကျွန်ုပ်​တို့​ခေတ်​ဖြစ်သော “သခင်​ဘုရား​၏​နေ့” တွင်​ကော မည်သို့​နည်း။ ထို​ဆိုးညစ်သော​သြဇာလွှမ်း​မှုများ ရှိနေ​ပါသလော။ ရှိပါ​သည်၊ အကြောင်း​မှာ ဘုရားသခင့်​လူမျိုးတော်​မှ နှင်ထုတ်​ရသည့် အဓိက​အကြောင်းရင်း​မှာ အကျင့်​ယိုယွင်းခြင်း​ဖြစ်သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် အသင်းတော်​အတွင်း၊ အပြင်​ရှိ အကျင့်​ယိုယွင်း​စေ​သူအား​လုံး​နှင့် မပေါင်းသင်း​ဘဲ ရှောင်ခြင်း​သည် အလွန်​အရေးကြီး​သည်​တကား! (၁ ကောရိန္သု ၅:၉-၁၁; ၁၅:၃၃) ရှိလော​၏​နာခံမှု​ရှိသော လက်အောက်ခံ​များ ဖြစ်​လို​ကြ​သူတို့သည် မသင်္ကာ​ဖွယ် အပန်းဖြေမှု​သာမက ပုံနှိပ်​ထုတ်ဝေ​သော၊ အင်တာနက်​မှ​ရသော ညစ်ညမ်း​စာပေ၊ ရုပ်ပုံများ​ကိုလည်း လုံးလုံး​ရှောင်​ရမည်။—အာမုတ် ၅:၁၅; မဿဲ ၅:၂၈၊ ၂၉

၁၇။ သာဒိ​မြို့​နှင့် လောဒိကိ​မြို့ရှိ​သူများ​၏ အမြင်​နှင့် သဘောထား​သည် သူတို့၏​ဝိညာဉ်​ရေး​အခြေအနေ​အပေါ် ယေရှု၏​ရှုမြင်ပုံ​နှင့် မည်သို့​ကွာခြား​သနည်း။

၁၇ သာဒိ​မြို့ရှိ အနည်းငယ်​သော​သူတို့​မှ​လွဲ​၍ ထို​အသင်းတော်သည် လုံးဝ​ချီးမွမ်း​မခံခဲ့​ရ​ပေ။ ၎င်း​သည် အသက်ရှင်​သည့် ‘နာမည်၊’ သို့​မဟုတ် အသက်ရှင်နေ​ဟန်​ရှိသော်လည်း ဝိညာဉ်​ရေး​ကို​စိတ်မပါ​တော့​သဖြင့် ယေရှု​က “သေ​လျက်” ရှိ၏​ဟု​ဆို​သည်။ သတင်းကောင်းကို​နာခံခြင်း​သည် ဝတ်​ကျေ​တမ်း​ကျေ​မျှ​သာ​ရှိသည်။ တကယ့်​အပြစ်​ဆို​ချက်​ပါ​တကား! (ဗျာ. ၃:၁-၃က​ဘ) လောဒိကိ​မြို့ရှိ​အသင်းတော်သည်​လည်း အလားတူ​အခြေအနေ​တွင်​ရှိ၏။ “ငါသည်​ဥစ္စာ​ရ​တတ်၏” ဟု​ဆို​လျက် ဥစ္စာ​ပစ္စည်း​ကြွယ်ဝမှု​ကို ဝါကြွား​သော်လည်း ယေရှု​က ထို​အသင်းတော်သည် “ပင်ပန်းခြင်း၊ သနား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်း​ခြင်း၊ အဝတ်အချည်းစည်း​ရှိ​ခြင်း” အဖြစ်​၌​ရှိသည်​ဟု​ဆို​၏။—ဗျာ. ၃:၁၄-၁၇

၁၈။ ဘုရားသခင့်​မျက်မှောက်​၌ ဝိညာဉ်​ရေး​အရ မ​ပူ​မအေး​ဖြစ်လာ​ခြင်း​ကို ကျွန်ုပ်​တို့​မည်သို့​ရှောင်နိုင်​မည်​နည်း။

၁၈ ယနေ့လည်း၊ တစ်ချိန်က တည်ကြည်သော​ခရစ်ယာန်​အချို့သည် အလားတူ နာခံမှု​မရှိသော​ပုံစံ​ထဲ​သို့ မသိမသာ​ကျဆင်း​ခဲ့​ကြပြီ။ ဤသူတို့​တွင် လောက​စိတ်ဓာတ်​ဝင်လာ​ပြီး အရေးတကြီး​သဘောထား တဖြည်းဖြည်း​ပျောက်လွင့်​သွားခဲ့​ရာ ကျမ်းစာ​လေ့လာခြင်း၊ ဆုတောင်းခြင်း၊ ခရစ်ယာန်​အစည်းအဝေး​များ​တက်​ခြင်း​နှင့် ဓမ္မ​အမှု​တွင်​ပါဝင်ခြင်း​တို့​အပေါ် ဝိညာဉ်​ရေး​အရ မ​ပူ​မအေး​စိတ်ထား ရှိလာ​ခဲ့​ကြ​ပေမည်။ (၂ ပေတရု ၃:၃၊ ၄၊ ၁၁၊ ၁၂) ဤ​သူတို့သည် ဝိညာဉ်​ရေး​စည်းစိမ်​များ​ကို ရင်းနှီး​မြှုပ်နှံ​ပြီး “မီး​နှင့်​ချွတ်​ပြီး​သော​ရွှေ​ကို [ခရစ်တော်] ထံ​မှာ​ဝယ်” ခြင်း​အားဖြင့် ခရစ်တော်​ကို​နာခံမှု​ပြဖို့ အလွန်​အရေးကြီး​လှ​သည်​တကား! (ဗျာ. ၃:၁၈) ၎င်း​စစ်မှန်သော​ကြွယ်ဝမှု​တွင် ‘ကောင်းသော​အကျင့်​၌​ကြွယ်ဝခြင်း၊ စွန့်ကြဲ​ချင်​သော​စေတနာ​စိတ်​ရှိ​ခြင်း၊ အချင်းချင်း​ဝေမျှ​ရန်​အသင့်ရှိခြင်း’ တို့​ပါဝင်​သည်။ အမှန်ပင်​အဖိုးထိုက်​သော ဤ​အရာများ​ကို ရင်းနှီး​မြှုပ်နှံ​ကြ​ခြင်း​အားဖြင့် ‘မှန်သော​အသက်ကို ခိုင်မြဲ​စွာ​စွဲကိုင်​နိုင်သော​ငှာ နောင်​ဘဝ​၌​ကောင်းသော​ဘဏ္ဍာ​ကို ကျွန်ုပ်​တို့​အဖို့​ဆည်းပူး’ ကြသည်။—၁ တိမောသေ ၆:၁၇-၁၉

သူတို့၏​နာခံမှု​အတွက် ချီးမွမ်း​ခံ​ခဲ့​ရ

၁၉။ ယေရှုသည် စမုရန​မြို့​နှင့် ဖိလဒေလဖိ​မြို့ရှိ ခရစ်ယာန်​များ​ကို အဘယ်​ချီးမွမ်း​စကား​နှင့် တိုက်တွန်း​စကား​များ မိန့်ဆိုခဲ့​သနည်း။

၁၉ စမုရန​မြို့​နှင့် ဖိလဒေလဖိ​မြို့ရှိ အသင်းတော်များ​သည် နာခံမှု​နှင့်​ပတ်သက်​၍ ထူးခြား​စွာ​ပုံသက်သေ​ပြ​ခဲ့​ကြ​ရာ သူတို့​ထံ​ယေရှု​ရေး​သော​စာ​တွင် အပြစ်တင်​စကား တစ်လုံး​မျှ​မပါ​ခဲ့​ပေ။ စမုရန​မြို့၌​ရှိသူတို့​ကို ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “သင်၏​ဆင်းရဲ[ခြင်း] . . . နှင့်​နွမ်းပါး​ခြင်း​ကို​ငါ​သိ​၏။ သို့သော် သင်သည် ကြွယ်ဝ​၏။” (ဗျာ. ၂:၉က​ဘ) လောက​စည်းစိမ်​ရှိသည်​ဟု ဝါကြွား​သော်လည်း အမှန်​အားဖြင့် ဆင်းရဲ​နွမ်းပါး​လျက်​ရှိသော လောဒိကိ​မြို့သား​တို့​နှင့် ကွာခြား​လိုက်​လေ​ခြင်း! ခရစ်တော်​အား တည်ကြည်​ခြင်း၊ နာခံမှု​တင်ပြခြင်း​ကို စာတန်​လုံးဝ​မ​တွေ့​လို​ပါ။ ထို့​ကြောင့် ယေရှု​ဤသို့​သတိပေး​ခဲ့​သည်– “သင်သည် ခံရ​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မကြောက်​နှင့်။ သင်တို့သည် စုံစမ်းခြင်း​ကို​ခံရ​မည်​အကြောင်း၊ [စာတန်] သည် သင်တို့တွင် အချို့​ကို​ထောင်​ထဲ​၌​လှောင်ထား​၍၊ သင်တို့သည် ဆယ်ရက်​ပတ်လုံး ဆင်းရဲ[ခြင်း] . . . ကို​ခံရ​ကြလိမ့်မည်။ သေ​သည်​တိုင်အောင် သစ္စာစောင့်​လော့။ သို့​ဖြစ်​လျှင်၊ အသက်​သရဖူ​ကို​ငါ​ပေး​မည်။” (ဗျာ. ၂:၁၀) ဖိလဒေလဖိ​မြို့ရှိ​သူတို့ကိုလည်း ယေရှု​အလားတူ ချီးမွမ်း​ခဲ့​သည်– “ငါ​၏​နှုတ် [မြွက်​စကားတော်] ကို​စောင့်ရှောက် [သို့​မဟုတ်၊ ငါ့ကို​နာခံ] ခဲ့ပြီ။ ငါ​၏​နာမကို​လည်း မစွန့်​မ​ပယ်​ကြောင်း​ငါ​သိ​၏။ ငါသည်​အလျင်အမြန်​လာ​မည်။ သင်၏​သရဖူ​ကို အဘယ်သူမျှ မယူ​စေခြင်း​ငှာ ရခဲ့ပြီး​သော​အရာ​ကို​စွဲကိုင်​လော့။”—ဗျာ. ၃:၈၊ ၁၁သမ္မာ။

၂၀။ ယနေ့ သန်းပေါင်း​များစွာသော​သူတို့သည် ယေရှု၏​စကား​ကို မည်သို့​လိုက်နာ​ခဲ့​ကြပြီ​နည်း၊  အဘယ်​အခြေအနေ​များ​အကြား  ထိုသို့​ပြု​ခဲ့​ကြပြီ​နည်း။

၂၀ ၁၉၁၄ တွင်​အစပြု​သော “သခင်​ဘုရား​၏​နေ့” တွင်၊ တည်ကြည်သော​အကြွင်းအကျန်​နှင့် ယခု အရေအတွက်​သန်းနှင့်ချီ​သော သူတို့၏​အပေါင်းပါ အခြားသိုး​များသည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ဇွဲရှိ​ရှိပါ​ဝင်၍ မိမိတို့၏​သမာဓိကို ဆက်လက်​စောင့်ထိန်း​စွဲကိုင်​ထားခြင်း​အားဖြင့် ယေရှု၏​စကား​ကို စောင့်ရှောက်​ခဲ့​ကြပြီ။ အချို့​တို့သည် ပထမ​ရာစု​မှ သူတို့၏​ညီအစ်ကို​များ​ကဲ့သို့ ခရစ်တော်​အား နာခံမှု​ပြ​သည့်​အတွက် အကျဉ်းထောင်​များ၊ ချွေး​တပ်​စခန်း​များ​၌ အကျဉ်း​ချ​ခံရ​သည့်​အထိ ဆင်းရဲခံ​ခဲ့​ကြ​ရပြီ။ အခြားသူ​တို့​မူ စည်းစိမ်​ကြွယ်ဝခြင်း​နှင့် လောဘ​ကြီးခြင်း​တို့ကို တွေ့မြင်​နေကြ​ရသည့်​ကြား ‘ရိုးရှင်း​သော​မျက်စိ’ ဆက်​ထိန်းသိမ်း​ထားခြင်း​အားဖြင့် ယေရှု၏​စကား​ကို လိုက်နာ​ခဲ့​ကြပြီ။ (မဿဲ ၆:၂၂၊ ၂၃) မှန်ပါသည်၊ စစ်မှန်သော​ခရစ်ယာန်​များသည် ဝန်းကျင်​အခြေအနေ​အသီးသီး​တွင် နာခံမှု​ပြ​ခြင်း​ဖြင့် ယေဟောဝါ​၏​စိတ်တော်​ကို ဆက်လက်​ရွှင်ပြုံး​စေ​ခဲ့​ကြပြီ။—သု. ၂၇:၁၁

၂၁။ (က) ကျွန်​အတန်းအစား​သည် အဘယ်​ဝိညာဉ်​ရေး​တာဝန်​ကို အမြဲ​ကျေပွန်​နေ​မည်​နည်း။ (ခ) ရှိလော​ကို ကျွန်ုပ်​တို့​အမှန်​နာခံ​လို​ကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

၂၁ ကြီးစွာ​သော​ဆင်းရဲခြင်း နီးလာသည်နှင့်​အမျှ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ သည် မိမိ၏​သခင်၊ ခရစ်တော်​ကို အပြည့်အဝ​နာခံ​ဖို့ သန္နိ​ဋ္ဌာန်​ချ​မြဲ​ချထား​ပါ​သည်။ ဤ​တွင် ဘုရားသခင့်​အိမ်တော်သား​များ​အတွက် အချိန်တန်​ဝိညာဉ်​အစာ ပြင်ဆင်​ပေးခြင်း​ပါဝင်​သည်။ ထို့​ကြောင့် ယေဟောဝါ​၏​သီအိုကရက်တစ်​အဖွဲ့အစည်း​နှင့် ၎င်း​ပြင်ဆင်​ပေး​သမျှ​ကို ကျေးဇူး​တင်​လေးမြတ်​ကြပါစို့။ ဤနည်းဖြင့်၊ နာခံမှု​ရှိသော​နိုင်ငံသား​အားလုံး​ကို ထာဝရ​အသက်ဆု​ချ​မည့် ရှိလော​ကို ကျွန်ုပ်​တို့​လက်အောက်ခံ​ကြောင်း တင်ပြ​ကြသည်။—မဿဲ ၂၄:၄၅-၄၇; ၂၅:၄၀; ယောဟန် ၅:၂၂-၂၄

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 8 “ခု​နစ်​နှစ်” နှင့်​ပတ်သက်သော ရှင်းပြချက်​အတွက် ယေဟောဝါသက်သေ​များ ထုတ်ဝေ​ထား​သည့် ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ် အခန်း ၁၀ ကို​ရှု။

^ အပိုဒ်၊ 14 စာ​ခု​နစ်​စောင်​စ​လုံး​ကို အသေးစိတ်​သုံးသပ်​ဖို့ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ဗျာဒိတ်ကျမ်း—ယင်း​၏​မဟာ​အထွတ်အထိပ်​နီးပြီ! စာအုပ်​စာမျက်နှာ ၃၃ ကို​ကျေးဇူးပြု​၍​ရှု​ပါ။

သင်​မှတ်မိ​သလော

• ယာကုပ်​သေဆုံး​ခါနီး ကြို​ဟောခဲ့​သော ပရောဖက်ပြုချက်​အတိုင်း ယေရှုသည် အဘယ်​အပိုင်းကဏ္ဍ​၌ ပါဝင်​ဆောင်ရွက်​မည်​နည်း။

• ယေရှုကို ရှိလော​အဖြစ် ကျွန်ုပ်​တို့ မည်သို့​အသိအမှတ်ပြု​ကြ​သနည်း၊ အဘယ်​စိတ်ဓာတ်​ကို ကျွန်ုပ်​တို့ ရှောင်ကြဉ်​ရမည်​နည်း။

• ဗျာဒိတ်ကျမ်း​ပါ အသင်းတော်​ခု​နစ်​ခု​ထံ ရေး​သော​စာ​များ​တွင် ကျွန်ုပ်​တို့​ခေတ်​နှင့်​သက်ဆိုင်​သော အဘယ်​ဆုံးမ​စကား​ပါဝင်​သနည်း။

• ရှေးခေတ်​စမုရန​မြို့​နှင့် ဖိလဒေလဖိ​မြို့ရှိ အသင်းသားများ​ကို ကျွန်ုပ်​တို့ အဘယ်​နည်းများဖြင့် တုပ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​အား တည်ကြည်သော “ဘဏ္ဍာစိုး” ကို နာခံခြင်း​အတွက် ကောင်းချီး​ပေး

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

စာတန်​၏​သြဇာလွှမ်း​မှု​က ဘုရားသခင်​အား နာခံခြင်း​ကို စိန်ခေါ်ချက်​ဖြစ်စေ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေဟောဝါ​နှင့်​ခိုင်မြဲ​သော​ဆက်ဆံ​ရေး​ရှိ​ခြင်း​က ကိုယ်တော့်​ကို နာခံ​ရန် ကျွန်ုပ်​တို့ကို​ကူညီပေး