အမှန်တရား မြတ်နိုးကြသော လူငယ်များ
အမှန်တရား မြတ်နိုးကြသော လူငယ်များ
“လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်း” ဟူ၍ လွန်ခဲ့သောနှစ်ထောင်ချီအချိန်က ဟေဗြဲဆာလံဆရာတစ်ဦး မေးခဲ့သည်။ (ဆာလံ ၁၁၉:၉) လူငယ်များသည် ဤလောကတွင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေရသောကြောင့် ၎င်းမေးခွန်းသည် ယနေ့အထိ အရေးပါသော မေးခွန်းဖြစ်နေဆဲပင်။ တွေ့ကရာလူနှင့် လိင်ဆက်ဆံခြင်းကြောင့် လူငယ်အများ အေအိုင်ဒီအက်စ်ရောဂါရရှိခဲ့ကြပြီး ဤကြောက်မက်ဖွယ်ရောဂါ ကူးစက်ခံရသူတို့၏ ထက်ဝက်ခန့်မှာ အသက် ၁၅ နှင့် ၂၄ နှစ်ကြားဖြစ်၏။ မူးယစ်ဆေးအလွဲသုံးခြင်းကလည်း ပြဿနာများစွာ ဖြစ်ပွားစေခဲ့ရာ လူငယ်အချို့ အသေစောခဲ့ကြရသည်။ ယုတ်ညံ့သောတေးဂီတ; ကြမ်းတမ်းအကျင့်ပျက်ရုပ်ရှင်များ၊ ရုပ်မြင်သံကြား၊ ဗီဒီယိုများ; အင်တာနက်ပေါ်မှ အပြာပုံတို့သည် လူငယ်များကို ပျက်စီးခြင်းလမ်းသို့ ပို့ဆောင်ပေးသည်။ ထို့ကြောင့် ယနေ့ ဆာလံဆရာ၏မေးခွန်းကို မိဘများနှင့် လူငယ်များစွာ အလေးအနက်ထားကြသည်။
ထိုဆာလံဆရာကပင် သူ၏မေးခွန်းကို ဤသို့အဖြေပေးခဲ့သည်– ‘နှုတ်မြွက်စကားတော်အတိုင်း သတိပြုရမည်။’ ဘုရားသခင်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် လူငယ်များအတွက် လမ်းညွှန်ချက်ကောင်းပါရှိပြီး ယင်းကို လိုက်လျှောက်ခြင်းအားဖြင့် လူငယ်များစွာ၏ အသက်တာသည် အောင်မြင်နေကြသည်။ (ဆာလံ ၁၁၉:၁၀၅) အပျော်အပါးနှင့် ရုပ်ပစ္စည်းကို ဦးစားပေးသော ဤလောကတွင် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး ဝိညာဉ်ရေးခွန်အားရှိရန် ကြိုးစားအားထုတ်နေကြသော လူငယ်အချို့၏ ပုံသက်သေကို ဆန်းစစ်ကြည့်ကြစို့။
မိဘလမ်းညွှန်မှုကို သူတို့ လေးမြတ်ကြ
ဂျေကတ် အမန္နဝဲလ်သည်ယေဟောဝါသက်သေများ၏မက္ကစီကိုဌာနခွဲတွင် အမှုမဆောင်မီ နှစ်အတန်ကြာ အချိန်ပြည့်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်။ ဘုရားသခင်၏လုပ်ငန်းတော်ကို တဖြည်းဖြည်းမြတ်နိုးလာပုံကို ကျေးဇူးတင်စွာ သူဤသို့ပြောပြသည်– “ကျွန်တော်နဲ့ ခင်မင်ရင်းနှီးလာတဲ့ ရင့်ကျက်တဲ့ဝိညာဉ်ရေးညီအစ်ကိုအချို့က ကျွန်တော့်ကို ကူညီပေးခဲ့ပေမဲ့ ကျွန်တော့်မိဘတွေက အဓိကကူညီပေးသူတွေပါ။ မိဘတွေက ဟောပြောခြင်းလုပ်ငန်းကို တန်ဖိုးထားမြတ်နိုးလာအောင် လှုံ့ဆော်ပေးခဲ့တယ်။ ကျွန်တော့်ကို လမ်းမှန်ပေါ်ရောက်အောင် တဖြည်းဖြည်းချင်း မသိမသာလမ်းပြပေးခဲ့တယ်; ချုပ်ချယ်တယ်လို့ ကျွန်တော် တစ်ခါမှ မခံစားခဲ့ရဘူး။”
အချိန်ပြည့်ဓမ္မအမှုတွင် နှစ်အတန်ကြာ ပါဝင်ခဲ့ပြီဖြစ်သော ဒေးဗစ်သည် မိမိနှင့်မိမိ၏ညီ ငယ်ရွယ်စဉ်ကတည်းက မိဘများ အထူးရှေ့ဆောင်လုပ်ခဲ့သည်ကို အားကျခဲ့ကြောင်း မှတ်မိသည်။ သူ၏ဖခင် ကွယ်လွန်သွားသောအခါ မိခင်သည် အထူးရှေ့ဆောင်လုပ်ငန်းတွင် ဆက်ပါဝင်ခဲ့၏။ သူ၏မိခင်သည် သတင်းကောင်းဟောပြောခြင်းအပြင် သူတို့ကိုပါ ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ “ကျွန်တော့်ကို မိဘတွေက ရှေ့ဆောင်ဖို့ အတင်းမတိုက်တွန်းဖူးဘူး၊ ဒါပေမဲ့ မိသားစုလိုက် ရှေ့ဆောင်လုပ်ခဲ့တာကို ကျွန်တော်တို့ အရမ်းပျော်ခဲ့ကြလို့ အဲ့ဒီပေါင်းသင်းဆက်ဆံမှုနဲ့ ပတ်ဝန်းကျင်အခြေအနေက ကျွန်တော့်ကို ရှေ့ဆောင်လုပ်ဖို့ လှုံ့ဆော်ပေးခဲ့တယ်” ဟုဒေးဗစ်ပြောပြသည်။ မိဘများထံမှ အကျိုးရှိလမ်းညွှန်မှုရရှိခြင်းနှင့် မိဘများ၏ဂရုစိုက်မှုခံစားရခြင်း၏ အရေးပါမှုကို ဒေးဗစ်က ဤသို့ဖော်ပြသည်– “အမေက ကျွန်တော်တို့ကို ပရဒိသုခဘုံပျောက်ဆုံးသွားခြင်းမှ ပရဒိသုခဘုံပြန်လည်ရရှိသည်အထိ * စာအုပ်ထဲက ပုံပြင်တွေကို ညတိုင်း ဖတ်ပြတယ်။ အမေပြောပြပုံကြောင့် ကျွန်တော်တို့ ဝိညာဉ်အစာကို နှစ်သက်လာကြတယ်။”
အစည်းအဝေးများကို တန်ဖိုးထားခြင်း
လူငယ်အချို့သည် ခရစ်ယာန်အစည်းအဝေးများကို တန်ဖိုးမထားကြချေ။ မိဘများက ခေါ်သွားသောကြောင့် အစည်းအဝေးကို တက်ရခြင်းဖြစ်သည်။ သို့သော် သူတို့သည် အစည်းအဝေးကို အမြဲတက်ကြမည်ဆိုလျှင် အချိန်တန်သော်
အစည်းအဝေးများကို မြတ်နိုးတတ်လာကြပေမည်။ အသက် ၁၁ နှစ်အရွယ်ကတည်းက အချိန်ပြည့်လုပ်ငန်းတော်တွင် စတင်ပါဝင်ခဲ့သော အာလ်ဖရေဒိုကို သုံးသပ်ကြည့်ပါ။ သူ့အသက် ငါးနှစ်ခန့်အရွယ်တွင် အစည်းအဝေးများ၌ အိပ်ငိုက်သောကြောင့် မတက်ချင်သော်လည်း မိဘများက အစည်းအဝေးအချိန်တွင် သူ့ကို အိပ်ခွင့်မပေးခဲ့ကြောင်း ဝန်ခံသည်။ “တဖြည်းဖြည်းကြီးလာတဲ့အခါ အစည်းအဝေးတွေကို ပိုစိတ်ဝင်စားလာတယ်၊ အထူးသဖြင့် ကျွန်တော် ရေးတတ်၊ ဖတ်တတ်လာပြီးနောက်မှာ ကိုယ်ပိုင်စကားနဲ့ အဖြေတွေပေးနိုင်လို့ပဲ” ဟု သူပြန်ပြောပြသည်။မှန်မှန်ရှေ့ဆောင်ဖြစ်သူ ၁၇ နှစ်အရွယ် စင်သီယာသည် ဘုရားသခင်၏လုပ်ငန်းတော်ကို မြတ်နိုးတတ်လာဖို့ အပေါင်းအသင်းကောင်းက အဓိကအခန်းကဏ္ဍမှ ကူညီပေးခဲ့ပုံကို ပြောပြသည်။ “ညီအစ်ကိုတွေနဲ့ ဆက်ဆံရေးကောင်းပြီး အစည်းအဝေးတွေကို မှန်မှန်တက်တဲ့အတွက် လောကအပေါင်းအသင်းတွေနဲ့ လူငယ်တွေကြိုက်တတ်တဲ့ ဒစ္စကိုကပွဲရုံသွားတာကို သတိတောင်မရဘူး။ အစည်းအဝေးတွေမှာ ကြားရတဲ့အဖြေတွေ၊ တွေ့ကြုံမှုတွေကြောင့် ယေဟောဝါကို ကျွန်မမှာရှိတာအားလုံး ပေးချင်စိတ် တဖွားဖွားပေါ်လာတယ်၊ ကျွန်မပေးနိုင်တဲ့ အကောင်းဆုံးအရာကတော့ ကျွန်မရဲ့လူငယ်ဘဝပဲ၊ ဒါကြောင့် ကိုယ်တော့်ရဲ့လုပ်ငန်းတော်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်တာ” ဟုသူပြောပြသည်။
သို့သော် သူဤသို့ဝန်ခံ၏– “ကျွန်မ နှစ်ခြင်းမခံခင်က အိမ်စာလုပ်ရဦးမယ်၊ ဒါမှမဟုတ် တခြားကျောင်းလုပ်ငန်းတွေရှိတယ်လို့ ဆင်ခြေတစ်ခုခုပြပြီး အစည်းအဝေး မတက်တဲ့အခါတွေရှိခဲ့တယ်။ အစည်းအဝေး ခဏခဏပျက်ခဲ့လို့ ကျွန်မရဲ့ဝိညာဉ်ရေး ထိခိုက်လာတယ်။ ကျမ်းစာမလေ့လာတဲ့ ကောင်လေးတစ်ယောက်နဲ့ စပေါင်းလာတယ်။ ယေဟောဝါရဲ့ကျေးဇူးတော်ကြောင့် အချိန်မီပဲ ပြုပြင်ခဲ့လို့ တော်ပါသေးတယ်။”
ကိုယ်ပိုင်ဆုံးဖြတ်ချက်
ယေဟောဝါ၏အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်နေသည့် လူငယ်နောက်တစ်ဦးဖြစ်သူ ပါဘလိုအား ကျမ်းစာအမှန်တရား တဖြည်းဖြည်းမြတ်နိုးတတ်လာစေသည့် အဓိကအချက်က အဘယ်အရာနည်းဟု မေးမြန်းသောအခါ သူက “နှစ်ခုရှိတယ်လို့ ကျွန်တော်ထင်တယ်၊ ကိုယ်ပိုင်လေ့လာမှု မှန်မှန်ပြုလုပ်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန်ပါဝင်တာဖြစ်တယ်။ ကျွန်တော့်ကို ယေဟောဝါနဲ့ဆိုင်တဲ့အမှန်တရား သင်ပေးခဲ့လို့ မိဘတွေကို ကျေးဇူးတင်တယ်၊ ကျွန်တော့်ကို မိဘတွေပေးခဲ့သမျှထဲမှာ အဲ့ဒီအမှန်တရားဟာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ကျွန်တော်ချစ်ရတဲ့အကြောင်း ကိုယ်တိုင် ခံယူချက်ပြင်းပြဖို့ လိုတယ်။ အဲ့ဒီအတွက် ကျမ်းစာအမှန်တရားရဲ့ ‘အတိမ်အနက်’ ကိုသဘောပေါက်နားလည်ဖို့လိုတယ်။ ဒါမှသာ ယေဟောဝါရဲ့စကားတော်ကို ပိုသိချင်လာမယ်၊ အဲ့ဒီတော့ ကျွန်တော်တို့အထဲမှာ ‘လောင်တဲ့မီး’ လိုဖြစ်လာပြီး တခြားသူတွေကို မပြောပြရင် မနေနိုင်တော့ဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ စိတ်အားထက်သန်ရင် အမှန်တရားကို ပိုတန်ဖိုးထားလေးမြတ်လာမယ်” ဟု ပြောပြသည်။—ဧဖက် ၃:၁၈; ယေရမိ ၂၀:၉။
အစောပိုင်းတွင် ဖော်ပြခဲ့သော ဂျေကတ် အမန္နဝဲလ်သည် ယေဟောဝါအမှုတော်ထမ်းရန် ကိုယ်ပိုင်ရွေးချယ်ရခြင်း၏ အရေးပါမှုကိုလည်း အမှတ်ရမိသည်။ သူ၏မိဘများက သူနှစ်ခြင်းခံရန် အတင်းမတိုက်တွန်းခဲ့ကြောင်း ပြောပြသည်။ “ကျွန်တော် အကျိုးခံစားနေရလို့ မိဘတွေလုပ်ခဲ့တာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်။ ဥပမာပြရရင် ကျွန်တော်ပေါင်းသင်းခဲ့တဲ့ လူငယ်အချို့ဟာ သူငယ်ချင်းတွေစုပြီး နှစ်ခြင်းခံကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲ့ဒီလိုလုပ်တာ ကောင်းပေမဲ့ တချို့က စိတ်လှုပ်ရှားပြီး နှစ်ခြင်းခံခဲ့တာကို တွေ့ခဲ့ရတယ်၊ နောက်ပိုင်းမှာ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းအပေါ် သူတို့ရဲ့ဇွဲ လျော့သွားကြတယ်။ ကျွန်တော့်မိဘတွေကတော့ ယေဟောဝါကို ဆက်ကပ်အပ်နှံဖို့ ကျွန်တော့်ကို အတင်းမတိုက်တွန်းဘူး။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ။”
အသင်းတော်၏အပိုင်းကဏ္ဍ
လူငယ်အချို့သည် ကျမ်းစာအမှန်တရားကို မိဘများ၏အကူအညီမပါဘဲ သူတို့ဘာသာ သင်ယူခဲ့ကြ၏။ ဤသို့သောအခြေအနေမျိုးတွင် မှန်ကန်ရာကိုပြုလုပ်ဖို့၊ ကြံ့ကြံ့ခံဖို့ အမှန်ပင်ခက်ခဲပေမည်။
အမှန်တရားသည် မိမိအပေါ် မည်မျှအကျိုးသက်ရောက်ခဲ့ကြောင်းကို နိုအဲပြန်ပြောပြသည်။ သူသည် ငယ်စဉ်တောင်ကျေးဘဝကတည်းက ဒေါသထွက်လွယ်ပြီး နိုင်လိုမင်းထက်ပြုတတ်သည်။ သူ့အသက် ၁၄ နှစ်အရွယ်တွင် ကျမ်းစာစလေ့လာပြီးနောက် သူ၏ပင်ကိုစရိုက်များ စတင်ပြောင်းလဲလာသည့်အတွက် သမ္မာကျမ်းစာကို စိတ်ဝင်စားမှုမရှိသော သူ၏မိဘများက အလွန်ကျေးဇူးတင်ဝမ်းသာခဲ့ကြ၏။ နိုအဲသည် ဝိညာဉ်ရေးတွင် တိုးတက်လာလေ သူ၏အသက်တာကို ဘုရားသခင်၏လုပ်ငန်းတော်တွင် ပိုမိုအပြည့်အဝအသုံးပြုလိုခဲ့သည်။ ယခု သူသည် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်လျက်ရှိသည်။
ထိုနည်းတူ အာလကန်ဒရိုသည် သူ၏မိဘများက ခရစ်ယာန်အမှန်တရားကို စိတ်မဝင်စားကြသော်လည်း သူကိုယ်တိုင် ငယ်ရွယ်စဉ်ကတည်းက အမှန်တရားကို စိတ်ဝင်စားခဲ့သည်။ အမှန်တရားကို သူလေးမြတ်တန်ဖိုးထားကြောင်း ဤသို့ဖော်ပြသည်– “မိရိုးဖလာကက်သလစ်ဘာသာကို ကိုးကွယ်တဲ့အိမ်မှာ ကျွန်တော်ကြီးပြင်းလာခဲ့တယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ကျွန်တော့်အတွက် စိတ်ရှုပ်ထွေးစရာဖြစ်ခဲ့တဲ့ မေးခွန်းတွေကို ချာ့ခ်ျက အဖြေမပေးနိုင်လို့ ကွန်မြူနစ်ဘုရားဘာသာမဲ့ဝါဒကို ကျွန်တော်စ,စိတ်ဝင်စားလာခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါအဖွဲ့အစည်းရဲ့အကူအညီနဲ့ ဘုရားသခင်ရဲ့အသိပညာမှန်ကို ကျွန်တော်သိလာတယ်။ ကျမ်းစာအသိပညာက ကျွန်တော့်ကို ကယ်လိုက်တာပဲ၊ ကျွန်တော်သာ ကျမ်းစာကို မလေ့လာခဲ့ရင် အကျင့်ယိုယွင်းပြီး အရက်သမား၊ ဆေးသမားဖြစ်နေမှာ။ တော်လှန်ရေးအုပ်စုမှာ ကျွန်တော်ပါပြီး ဝမ်းနည်းစရာတွေ ကြုံရင်ကြုံရမှာ။”
လူငယ်တစ်ဦးသည် မိဘများ၏အကူအညီမပါဘဲ အမှန်တရားကို ရှာဖွေဆည်းပူးပြီး ယင်းကို မည်သို့ စွဲမြဲစွာ ဆုပ်ကိုင်ထားနိုင်မည်နည်း။ အသင်းတော်ရှိ အကြီးအကဲများနှင့် အခြားသူများသည် အလွန်အရေးပါကြောင်း ထင်ရှားပါသည်။ နိုအဲက ဤသို့ပြောပြသည်– “ယေဟောဝါဟာ ကျွန်တော့်အနားမှာ အမြဲရှိနေလို့ အထီးကျန်တယ်လို့ တစ်ခါမှ မခံစားခဲ့ဖူးဘူး။ ဒီပြင် ကျွန်တော့်ရဲ့ ဝိညာဉ်ရေးဖခင်တွေ၊ မိခင်တွေနဲ့ ညီအစ်ကိုတွေဖြစ်လာခဲ့ကြတဲ့ မေတ္တာရှိညီအစ်ကို၊ ညီအစ်မတွေရဲ့ ထောက်ပံ့ကူညီမှုကို ကျွန်တော်ရရှိခဲ့ပါတယ်။” ယခု သူသည် ဗေသလတွင် အမှုဆောင်နေပြီး သူ၏အချိန်ကို ဘုရားသခင်၏လုပ်ငန်းတော်အတွက် အသုံးပြုလျက်ရှိသည်။ ထိုနည်းတူ အာလကန်ဒရိုသည်လည်း ဤသို့ပြောပြသည်– “ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေမှာက ကျွန်တော့်ကို အမြဲစိတ်ဝင်စားမှုပြခဲ့တဲ့ အကြီးအကဲအဖွဲ့ရှိတဲ့ အသင်းတော်မှာ အသင်းသားတစ်ယောက်ဖြစ်ခဲ့လို့ပါပဲ။ အဲ့ဒီအတွက် ကျွန်တော် အထူးကျေးဇူးတင်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကျမ်းစာစလေ့လာခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်မှာ လူငယ်တွေရဲ့ ဂနာမငြိမ်စိတ် ကျွန်တော်မှာလည်းရှိခဲ့တယ်။ အသင်းတော်မှာရှိတဲ့ မိသားစုတွေက ကျွန်တော့်ကို တစ်ခါမှပစ်ပယ်မထားကြဘူး။ ကျွန်တော်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံမယ့်သူ တစ်ယောက်ယောက်အမြဲရှိပြီး သူ့ရဲ့အိမ်မှာ ကျွန်တော့်ကို ကျွေးမွေးပြုစုဧည့်ခံတဲ့အပြင် ကျွန်တော့်အပေါ် စိတ်စေတနာအပြည့်ရှိကြတယ်။” ယခုဆိုလျှင် အာလကန်ဒရိုသည် အချိန်ပြည့်လုပ်ငန်းတော်တွင် ၁၃ နှစ်ကျော်ပါဝင်ခဲ့ပြီ။
အချို့က ဘာသာတရားသည် သက်ကြီးပိုင်းများအတွက်သာဖြစ်သည်ဟု ယူမှတ်ကြ၏။ သို့သော် လူငယ်များစွာသည် ငယ်စဉ်တောင်ကျေးဘဝတွင် ကျမ်းစာအမှန်တရားကို သိရှိလာခဲ့ကြပြီး ယေဟောဝါကိုချစ်မြတ်နိုးကာ ကိုယ်တော့်အပေါ် တည်ကြည်လျက်ရှိကြသည်။ အဆိုပါလူငယ်များသည် ဆာလံ ၁၁၀:၃ တွင်မှတ်တမ်းတင်ထားသော ဒါဝိဒ်၏ဤစကားများနှင့် သက်ဆိုင်နိုင်သည်– “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသောတန်ဆာကိုဆင်လျက် ကြည်ညိုသောစေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်။”
လူငယ်များသည် အမှန်တရားကို ဆည်းပူးလေ့လာပြီး ယင်းကို စွဲမြဲစွာဆုပ်ကိုင်ထားရန် စိန်ခေါ်ချက်တစ်ရပ်ဖြစ်၏။ သို့သော် လူငယ်အများသည် ယေဟောဝါ၏အဖွဲ့အစည်းနှင့် ပူးပူးကပ်ကပ်နေပြီး အစည်းအဝေးများကို မှန်မှန်တက်ရောက်ကာ သမ္မာကျမ်းစာကို လုံ့လဝီရိယရှိရှိ လေ့လာနေကြသည်ကို မြင်တွေ့ရခြင်းသည် အမှန်အားရဝမ်းသာစရာပင်။ သူတို့သည် ထိုသို့ပြု၍ ဘုရားသခင်၏နှုတ်မြွက်စကားတော်နှင့် ကိုယ်တော်၏လုပ်ငန်းတော်ကို အမှန်တကယ်ချစ်မြတ်နိုးသောစိတ် ပြုစုပျိုးထောင်နိုင်ကြ၏!—ဆာလံ ၁၁၉:၁၅၊ ၁၆။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ၁၉၅၈ ခုနှစ်တွင် ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သည်; ယခု ပုံမနှိပ်တော့ပါ။