မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အလေ့အကျင့်ပြုလော့”

“အလေ့အကျင့်ပြုလော့”

“အလေ့အကျင့်​ပြု​လော့”

ပို​မြန်​ပါ၊ ပို​မြင့်​ပါ၊ ပို​သန်မာ​ပါ! ထို​စံချိန်​များ​မီ​ဖို့ ရှေးခေတ်​ဂရိ​နှင့် ရောမ​အားကစားသမား​များ ရည်မှန်း​ကြသည်။ အို​လင်​ပီ​ယာ​မြို့၊ ဒဲလ်​ဖီ​မြို့၊ နီ​မီး​ယား​မြို့​နှင့် ကောရိန္သု​ကျွန်းဆွယ်​တို့​တွင် ကြီးကျယ်​ခမ်းနား​လှ​သော အားကစားပွဲ​များ​ကို နတ်​ဘုရား​များ​၏ “ကောင်းချီး” ဖြင့် စူးစိုက်​ရှုစား​သူ ပွဲ​ကြည့်​ပရိသတ် ထောင်ပေါင်း​များစွာ​ရှေ့တွင် ရာစုနှစ်ချီ ကျင်းပ​ခဲ့​ပေ​ပြီ။ ဤ​အားကစားပွဲ​များ​တွင် ပါဝင်​ယှဉ်ပြိုင်​ခွင့်​ရဖို့ နှစ်ပေါင်း​များစွာ ကြိုးစား​အားထုတ် လေ့ကျင့်​ခဲ့​ကြ​ရ၏။ အောင်​ပန်း​ဆွတ်ခူး​လျှင် အနိုင်​ရသူ​များနှင့် ၎င်းတို့၏​မြို့တော်​သည် ကျော်ကြား​ထင်ရှား​လိမ့်​မည်။

ထိုသို့​သော​ယဉ်ကျေးမှု​ရှိ ဝန်းကျင်​၌​နေထိုင်ခဲ့​ကြ​ရာ ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​ကို ရေးသားသူ​တို့သည် ခရစ်ယာန်​များ​၏ ဝိညာဉ်​ရေး​ပြေးပွဲ​ကို အားကစား​ပြိုင်ပွဲ​များနှင့် နှိုင်းယှဉ်ခဲ့​ခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်​ချေ။ တမန်​တော်​ပေတရု​နှင့် ပေါလု​တို့သည် ထိထိမိမိ​သွန်သင်ပေး​ရန် အားကစားပွဲ​များ​အပေါ်​အခြေပြု​သည့် ပုံ​ဥပမာ​များ​ကို ကျွမ်းကျင်​စွာ အသုံးပြု​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​ခေတ်တွင် ထို​ခရစ်ယာန်​ပြေးပွဲ​ကို မ​နား​မနေ ဆက်၍​ပြေး​နေကြ​ရ​ဆဲ​ဖြစ်သည်။ ပထမ​ရာစု​ခရစ်ယာန်​များသည် ဂျူး​အစီအစဉ်​စနစ်​နှင့် ရင်ဆိုင်ခဲ့​ကြ​ရသည်; ကျွန်ုပ်​တို့​မူ​ကား ဖျက်ဆီး​ခံရ​လု​ဆဲ​ဆဲ ကမ္ဘာချီ​အစီအစဉ်​နှင့် ဆိုင်ပြိုင်​တိုက်လှန်​နေကြ​ရ၏။ (၂ တိမောသေ ၂:၅; ၃:၁-၅) အချို့​သည် မိမိတို့၏ “ယုံကြည်ခြင်း​ပြေးပွဲ” ကို မရပ်မနား​ပြေး​နေရ​ရာ မောဟိုက်​နွမ်းလျ​နေပြီ​ဟု ခံစား​ကြ​ရ​ပေမည်။ (၁ တိမောသေ ၆:၁၂အင်္ဂလိပ်​ကျမ်းစာ​သစ်) အားကစားပွဲများနှင့် ခရစ်ယာန်​ပြေးပွဲ​များ​ကို သမ္မာကျမ်းစာ​တွင် နှိုင်းယှဉ်​ဖော်ပြ​ထားခြင်း​အား သုံးသပ်ကြည့်​ခြင်း​က အကျိုးများစွာ​ရှိ​ပေမည်။

အကောင်းဆုံးနည်း​ပြ

အားကစားသမား​တစ်ဦး၏ အောင်မြင်မှု​သည် နည်းပြ​အပေါ် များစွာ​မူတည်​သည်။ ရှေးခေတ်​အားကစားပွဲ​များ​အကြောင်းကို အာခေအိုလိုဂျီ​အား ဂ​ရိုက်​ကား​က “ပြိုင်ပွဲဝင်​သူများ​သည် ဆယ်လ​လုံးလုံး အသင့်ပြင်​ဆင်​လေ့ကျင့်​ခဲ့​ပါ​ပြီ​ဟု ကျိန်ဆို​ကြ​ရသည်” ဟု​ဆို​၏။ ခရစ်ယာန်​များသည်​လည်း စည်းစနစ်ကျ​ကျ လေ့ကျင့်​ဖို့​လို​သည်။ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်သူ တိမောသေ​အား ပေါလု​က “ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​အလို​ငှာ အလေ့အကျင့်​ပြု​လော့” ဟု အကြံပေး​ခဲ့​သည်။ (၁ တိမောသေ ၄:၇သမ္မာ) ခရစ်ယာန် “အားကစားသမား” တစ်ဦး၏ နည်းပြ​ကား မည်သူ​နည်း။ ယေဟောဝါ​ဘုရားသခင် ကိုယ်တော်တိုင်​ပင်​ဖြစ်သည်! တမန်​တော်​ပေတရု​က “ကျေးဇူးတော်​အမျိုးမျိုး​တို့၏​အရှင် ဘုရားသခင်​ကိုယ်တော်တိုင်​သည် . . . သင်တို့ကို [အပြီး​နည်းပြ​မည်၊] စုံလင်​ခိုင်ခံ့​မြဲမြံ​စေတော်မူ​လိမ့်​မည်” ဟု​ရေးသားခဲ့​သည်။—၁ ပေတရု ၅:၁၀သမ္မာ။

‘အပြီး​နည်းပြ​မည်’ ဟူသော​အသုံးအနှုန်း​သည် ဂရိ​ကြိယာ​မှ​လာ​သည်၊ Theological Lexicon of the New Testament အရ အခြေခံ​အားဖြင့် “အရာဝတ္ထု​တစ်ခု [သို့​မဟုတ် လူ​ပုဂ္ဂိုလ်] အား ၎င်း​၏​ရည်ရွယ်ချက်​နှင့်​ကိုက်ညီ​စေရန်၊ ၎င်းကို​အသုံးပြု​မည့်​ပုံ​နှင့်​လျော်ညီ​စေရန် ပြင်ဆင်​ပေးခြင်း” ကို​ဆိုလို​သည်။ အလားတူ လစ်ဒဲလ်​နှင့် စ​ကော့စ်​တို့၏ ဂရိ-အင်္ဂလိပ် အဘိဓာန်​က ထို​ကြိယာ​ကို “ပြင်ဆင်၊ လေ့ကျင့် သို့​မဟုတ် စေ့စေ့စပ်စပ် ပံ့ပိုး​ပေး​သည်” ဟု အဓိပ္ပာယ်​ဖွင့်ဆို​နိုင်​ကြောင်း ထုတ်ဖော်​ပြောဆို​သည်။ ယေဟောဝါ​သည် ခရစ်ယာန်​ပြေးပွဲ​အတွက် အဘယ်နည်း​လမ်းများ​ဖြင့် ‘ကျွန်ုပ်​တို့အား ပြင်ဆင်၊ လေ့ကျင့် သို့​မဟုတ် စေ့စေ့စပ်စပ် ပံ့ပိုး​ပေး’ တော်​မူ​သနည်း။ နှိုင်းယှဉ်​ချက်​ကို​နားလည်​ရန် နည်းပြ​များ အသုံးပြုသည့် နည်းလမ်း​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ရှေး​ဂရိ​နိုင်ငံ​မှ အိုလံပစ်​အားကစား​ပြိုင်ပွဲ​များ​စာအုပ်​က ဤသို့​ဆို​သည်– “လူငယ်များ​၏ နည်းပြ​တို့သည် အခြေခံ​နည်းလမ်း​နှစ်ခု​ကို အသုံးပြု​ခဲ့​ကြသည်၊ ပထမ​နည်း​မှာ အကောင်းဆုံး​ဖြစ်စေ​ရန် အတတ်နိုင်ဆုံး ကြိုးစား​အားထုတ်​ဖို့ တပည့်ဖြစ်​သူကို အားပေး​ရန်ဖြစ်​ပြီး၊ ဒုတိယ​နည်း​မှာ သူ၏​လုပ်​နည်း​ကိုင်​နည်း​နှင့် ဟန်ပန်​ကို တိုးတက်စေ​ရန်ဖြစ်​သည်။”

အလားတူ​စွာ ကျွန်ုပ်​တို့၏ အမြင့်ဆုံး​စံချိန်​ကို​မီ​ရန် အစွမ်းကုန်​ကြိုးစား​ဖို့​နှင့် ကိုယ်တော်​၏​လုပ်ငန်းတော်တွင် ကျွန်ုပ်​တို့၏​စွမ်းရည်​များ​ကို တိုးတက်စေ​ရန် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို အားပေး​ထောက်ကူ​တော်​မူ​၏။ ကျွန်ုပ်​တို့၏​ဘုရားသခင်​သည် သမ္မာကျမ်းစာ၊ ကိုယ်တော်​၏​မြေကြီးဆိုင်ရာ အဖွဲ့အစည်း​နှင့် ရင့်ကျက်သော​ခရစ်ယာန်​ချင်း​တို့၏ အကူအညီ​ဖြင့် ကျွန်ုပ်​တို့ကို ခွန်အား​ရှိစေ​တော်​မူ​၏။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့ကို ပဲ့ပြင်​ဆုံးမခြင်း​အားဖြင့် လေ့ကျင့်ပေး​၏။ (ဟေဗြဲ ၁၂:၆) အခြား​အချိန်​အခါ​များ​တွင်​မူ​ကား စမ်းသပ်မှု​များ​ခံစေ​၍ အခက်အခဲ​အမျိုးမျိုး​ကြုံ​စေပြီး ခံနိုင်ရည်​တိုးပွား​စေ​သည်။ (ယာကုပ် ၁:၂-၄) ထို့​ပြင် ကျွန်ုပ်​တို့​လိုအပ်​သည့်​ခွန်အား​ကို ကိုယ်တော်​ပေးသနား​တော်​မူ​၏။ အကြောင်း​မှာ ပရောဖက်​ဟေရှာယ​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​ကို မျှော်လင့်​သော​သူတို့မူကား အားပြည့်​ကြလိမ့်မည်။ ရွှေ​လင်း​တ​ကဲ့သို့ မိမိတို့​အတောင်​ကို အသစ်​ပြုပြင်​ကြလိမ့်မည်။ ပြေး​သော်လည်း​မ​ပင်ပန်း၊ ခရီး​သွားသော​အခါ မမော​ရ​ကြ။”—ဟေရှာယ ၄၀:၃၁

ထို့​ထက်​ကား ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော် အလျှံပယ်​ပေးသနား​တော်​မူ​၏၊ ယင်းက ကိုယ်တော်​နှစ်သက်​လက်ခံသည့် လုပ်ငန်းတော်​ကို ဆက်လက်​ထမ်းဆောင်​နိုင်​ရန် ခွန်အား​ပေး​၏။ (လုကာ ၁၁:၁၃) သာဓက​အများအပြား​တွင် ဘုရားသခင့်​ကျေးကျွန်​များသည် ကြမ်းတမ်း​သည့် ယုံကြည်ခြင်း​ဆိုင်ရာ​စမ်းသပ်မှု​များ​ကို ကြာရှည်ခံ​ရပ်​ခဲ့​ရပြီ။ ထိုသို့​ခံရပ်​နိုင်​ခဲ့​ကြ​သူများ​မှာ ကျွန်ုပ်​တို့​ကဲ့သို့​ပင် သာမန်​အမျိုးသား​အမျိုးသမီးများ​သာ​ဖြစ်​ကြ​ပေ​သည်။ သို့သော် ဘုရားသခင်​အပေါ် သူတို့​လုံးလုံးလျားလျား မှီခို​အားထား​ခဲ့​ခြင်း​ကြောင့် ခံနိုင်ရည်​ရှိခဲ့​ကြ​ခြင်း​ဖြစ်သည်။ အမှန်​မှာ ‘တန်ခိုးတော်​၏​ဂုဏ်​အသရေ​သည် သူတို့နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင် . . . ၏။’—၂ ကောရိန္သု ၄:၇

ထောက်ထား​စာနာ​တတ်သော​နည်းပြ

ရှေးခေတ်​က​နည်းပြ​တစ်ဦး၏ တာဝန်​တစ်ခု​မှာ “အားကစားသမား​တစ်ဦးစီ​နှင့် သက်ဆိုင်​သော လေ့ကျင့်ခန်း​အမျိုး​အမည်​နှင့် အရေအတွက်​ကို ခန့်မှန်း​ပေးခြင်း” ဖြစ်သည်ဟု ပညာရှင်​တစ်ဦး​က​ဖော်ပြ​သည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို​နည်းပြ​ရာ​တွင် ကျွန်ုပ်​တို့​တစ်ဦးစီ၏ အခြေအနေ၊ စွမ်းရည်၊ ဖွဲ့စည်းပုံ​နှင့် ကန့်သတ်ချက်​များ​ကို ထည့်တွက်​စဉ်းစား​ပေး​တော်​မူ​၏။ ယေဟောဝါ​၏​နည်းပြ​မှု​ကို ကျွန်ုပ်​တို့​ခံယူ​စဉ် ယောဘ​နည်းတူ ဤသို့​အသနားခံ​လေ့​ရှိကြသည်– “သ​ရွတ်​ကို​လုပ်​သကဲ့သို့ အကျွန်ုပ်​ကို​လုပ်​တော်​မူ​ကြောင်းကို အောက်မေ့​တော်​မူ​ပါ။” (ယောဘ ၁၀:၉) ကျွန်ုပ်​တို့၏ ထောက်ထား​စာနာ​တတ်သော​နည်းပြ​က မည်သို့​တုံ့ပြန်​တော်​မူ​သနည်း။ ယေဟောဝါ​နှင့်​ပတ်သက်​၍ ဒါဝိဒ်က “ငါ​တို့​ကိုယ်ခန္ဓာ​ကို​သိတော်မူ၏။ ငါ​တို့သည်​မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့​တော်​မူ​၏” ဟု​ရေးသားခဲ့​သည်။—ဆာလံ ၁၀၃:၁၄

ဓမ္မ​အမှု​တွင်​ပါဝင်မှု​ကို သင့်​အား​ကန့်သတ်​မည့် ဆိုးရွား​သည့်​ကျန်းမာ​ရေး​ပြဿနာ​တစ်ခု သင်၌​ရှိ​ပေမည်၊ သို့​မဟုတ် သင့်​မှာ သိမ်ငယ်​သည့်​စိတ်ထား​ရှိနေ​ပေမည်။ အကျင့်ဆိုး​တစ်ခု​ကို​ဖြတ်ဖို့ သင်​ကြိုးစား​နေကောင်း ကြိုးစား​နေ​ပေမည်၊ သို့​မဟုတ် သင်၏​ပတ်ဝန်းကျင်၊ သင်၏​အလုပ်ခွင်၊ သင်၏​ကျောင်းတွင်​ရှိ မိတ်ဆွေ​သူငယ်ချင်းများ​ကို ရဲရဲဝံ့ဝံ့ မ​ရင်ဆိုင်​နိုင်​ဟု ခံစား​နေရ​ပေမည်။ သင့်​အခြေအနေ​သည် မည်သို့​ပင်​ဖြစ်​နေပါ​စေ သင်​အပါအဝင် အခြား​မည်သူ​ထက်​မဆို သင့်​ပြဿနာ​အခက်အခဲ​များ​ကို ယေဟောဝါ သဘောပေါက်​နားလည်​တော်​မူ​ကြောင်း ဘယ်တော့​မျှ​မမေ့​ပါ​နှင့်! ဘုရားသခင်​ထံ ချဉ်းကပ်​ကြ​မည်​ဆိုလျှင် သင့်ကို​အရေးထား​သော နည်းပြ​တစ်ဦး​အနေ​နှင့် ကိုယ်တော်​သည် သင့်ကို​ကူညီပေး​ရန် အမြဲ​အသင့်ရှိ​တော်​မူ​သည်။—ယာကုပ် ၄:၈

ရှေးခေတ်​က​နည်းပြ​များသည် “လေ့ကျင့်မှု​များ​ကြောင့်​မဟုတ်ဘဲ စိတ်ပိုင်း​ဆိုင်ရာ အကြောင်းရင်း​များ၊ စရိုက်​ဆိုး​များ၊ စိတ်ဓာတ်ကျ​ဆင်း​မှုစ​သည့် အခြား​အရာများ​ကြောင့်​ဖြစ်ပေါ်​သည့် မောပန်း​နွမ်း​နယ်​မှု​ကို ပိုင်းခြား​သိမြင်​နိုင် ကြသည်။ . . . [ထို​နည်းပြ​များ] ၌ အခွင့်အာဏာ မည်မျှ​ရှိ​သနည်း​ဟူ​မူ သူတို့သည် အားကစားသမား​များ​၏ ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​တွင်​ပင် လိုအပ်​သည်​ဟု သူတို့​ယူမှတ်​လျှင် ဝင်စွက်​နိုင်​ကြ​၏။”

သင်သည် ဤ​လောက​၏ အတော​မ​သတ်​သည့် ဖိစီးမှုများ​နှင့် သွေးဆောင်မှုများ​ကြောင့် မောပန်း​နွမ်း​နယ် အားကုန်နေ​ပြီ​ဟု ရံဖန်ရံခါ ခံစားရ​ပါသလော။ ယေဟောဝါ​သည် သင်၏​နည်းပြ​အဖြစ် သင့်ကို အလွန်​စိတ်ဝင်စား​တော်​မူ​၏။ (၁ ပေတရု ၅:၇) ကိုယ်တော်​သည် ကျွန်ုပ်​တို့​၌ ဝိညာဉ်​ရေး​အားနည်းမှု၊ မောဟိုက်​ပန်း​လျ​မှု​လက္ခဏာ အနည်းငယ်​မျှ​ပင် ပေါ်လာ​သည်​နှင့် ချက်ချင်း​ရိပ်စားမိ​တော်​မူ​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကို ထည့်သွင်း​စဉ်းစား​ပေး​စေ​ကာ​မူ ကျွန်ုပ်​တို့၏ ထာဝရ​ကောင်းကျိုး​အတွက် စိုးရိမ်မကင်း​ဖြစ်​ကာ လိုအပ်​သည့်​အခါ အကူအညီ​နှင့် ပဲ့ပြင်​ဆုံးမမှု ပေး​တော်​မူ​၏။ (ဟေရှာယ ၃၀:၂၁) မည်သို့​အားဖြင့်​နည်း။ သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​များ၊ အသင်းတော်​ရှိ ဝိညာဉ်​ရေး​အကြီးအကဲ​များနှင့် ကျွန်ုပ်​တို့၏​မေတ္တာ​ရှိ ညီအစ်ကို​များ​အသင်းအပင်း​တို့​မှ​တစ်ဆင့်​ဖြစ်သည်။

‘အရာရာ၌​ချုပ်တည်း​ခြင်း’

အောင်မြင်​ဖို့ ကောင်းသော​နည်းပြ​တစ်ဦး​ထက်မက လိုအပ်​သည်​မှာ မှန်ပါသည်။ အားကစားသမား​ကိုယ်တိုင်​အပေါ်​နှင့် စည်းကမ်း​တင်းကျပ်သော​သင်တန်း​၌ မိမိကိုယ်ကို​နှစ်မြှုပ်​ထားခြင်း​အပေါ် များစွာ​မူတည်​သည်။ မပြတ်​ကျင့်သုံး​ရမည့်​စည်းစနစ်​မှာ အလွန်​တင်းကျပ်​၏၊ အကြောင်း​မှာ ထို​သင်တန်း​ကာလ​တွင် အသောက်အစား၊ အပျော်အပါး​ရှောင်​ရ​၍ အစာစား​လျှင်​ပင် အတိုင်း​အ​ချ​င့်​နှင့်​စားခြင်း​တို့ ပါဝင်​သည်။ ဘီ.စီ.အီး. ပထမ​ရာစု​မှ ကဗျာ​ဆရာ ဟောရေးစ်​က အဆိုပါ​ပြိုင်ပွဲဝင်​သူတို့သည် “ရည်မှန်းချက်​ကို လက်လှမ်းမီ​နိုင်​ကြ” ရန် “အသောက်အစား​နှင့် အပျော်အပါး​ကို ရှောင်ကြဉ်​ကြ​ရ၏” ဟု​ဆို​ခဲ့​သည်။ ကျမ်း​ပညာရှင် အက်ဖ်. စီ. ကွပ်​ခ်​၏​အဆို​အရ အားကစားပွဲ​များ​တွင် ပါဝင်သူ​တို့သည် “ဆယ်လ​တိုင် ကိုယ့်​ကိုယ်ကို​ချုပ်တည်း​ကြ​ရ​၍ အတိုင်း​အ​ချ​င့်​နှင့် စားသောက်​ကြ​ရ၏။”

အနီးအနား​ရှိ ကျွန်းဆွယ်​အားကစားပွဲများနှင့် အကျွမ်းတဝင်​ရှိသည့် ကောရိန္သု​မြို့မှ ခရစ်ယာန်​များ​ထံ ပေါလု​စာရေး​သား​ချိန်​တွင် ဤ​တူညီချက်​ကို အသုံးပြု​ခဲ့​၏– “ပွဲ​၌​ပြိုင်​၍ အချင်းချင်း​တိုက်​သော​သူ​မည်​သည်​ကား၊ အရာရာ၌ တပ်မက်​ခြင်း​ကို ချုပ်တည်း​တတ်၏။” (၁ ကောရိန္သု ၉:၂၅) စစ်မှန်သော​ခရစ်ယာန်​များသည် ဤ​လောက​၏ ရုပ်​ဝါဒ​ဆန်​သော၊ ကိုယ်ကျင့်တရား​ယိုယွင်း​ပြီး မစင်ကြယ်​သော ဘဝ​ပုံစံ​များ​ကို ရှောင်ကြဉ်​ကြသည်။ (ဧဖက် ၅:၃-၅; ၁ ယောဟန် ၂:၁၅-၁၇) ထို့​ပြင် ဘုရားတရား​မဲ့ပြီး ကျမ်းစာ​နှင့်​မကိုက်ညီ​သည့် ဉာဉ်ဆိုး​များ​ကို ခွာချွတ်​ပြီး ခရစ်ယာန်​အရည်အသွေးများနှင့် အစားထိုး​ပေး​ရမည်။—ကောလောသဲ ၃:၉၊ ၁၀၊ ၁၂

ယင်းကို မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။ တစ်ခု​အနေ​နှင့် ထိရောက်​သော​ပုံ​ဥပမာ​ဖြင့် ပေါလု​ဖြေဆို​သည့် ဤ​စကား​ကို ဂရုပြုပါ– “သူတစ်ပါးကို​ဟောပြောပြီး​မှ ကိုယ်တိုင်​ငြင်းပယ်​ခြင်း​ကို ခံရ​သော​သူ မဖြစ်ရ​မည်​အကြောင်း ငါ​၏​ကိုယ်ကို ငါ​ထိုး​၍​နှိပ်စက်​လေ့​ရှိ၏။”—၁ ကောရိန္သု ၉:၂၇သမ္မာ။

ဤ​တွင် ပေါလု ထိထိမိမိ​ဖြေဆိုခဲ့သည်​တကား! ဤသို့​အားဖြင့် ကိုယ့်​ကိုယ်ကို​နှိပ်စက်​ပြီး အနာခံ​ရမည်ဟု သူ​ပြောဆို​နေခြင်း​မဟုတ်ပါ။ ယင်းအစား ပေါလု​က မိမိ​ကိုယ်တိုင်​ပင် ကိုယ့်​ကိုယ်ကို ဆိုင်ပြိုင်​တိုက်လှန်​ရ​ကြောင်း ဝန်ခံ​နေ​၏။ တစ်ခါတစ်ရံ သူသည် မ​လုပ်ချင်​သည့်​အရာ​ကို လုပ်မိပြီး လုပ်ချင်​သည့်​အရာ​ကို​ကား မလုပ်ဘဲ​နေခဲ့​၏။ သို့သော် သူ၏​အားနည်းချက်များ​သည် သူ့ကို ဘယ်တော့​မျှ အနိုင်​မယူ​စေရန် ဆိုင်ပြိုင်​တိုက်လှန်​ခဲ့​၏။ သူသည် သွေးသား​တပ်မက်မှု​များနှင့် ဉာဉ်ဆိုး​များ​ကို နှိမ်နင်း​နှိပ်ကွပ်​ရန် ‘သူ၏​ကိုယ်ခန္ဓာ​ကို နာနာ​ထိုးနှက်’ ခဲ့​သည်။—ရောမ ၇:၂၁-၂၅

ခရစ်ယာန်​အားလုံး အလားတူ​ပြုလုပ်​ဖို့​လို​သည်။ တစ်ချိန်က မတရားမေထုန်၊ ရုပ်[ပုံ]ကိုးကွယ်​မှု၊ လိင်​တူ​မေထုန်၊ ခိုးဝှက်မှု​အစ​ရှိသည်​တို့ ပြုကျင့်​ခဲ့​ကြ​သည့် ကောရိန္သု​မြို့မှ လူ​အချို့​တို့၏ ပြုပြင်​ပြောင်းလဲမှု​များ​အကြောင်းကို ပေါလု​ပြောပြ​ခဲ့​သည်။ မည်သည့်​အရာ​က သူတို့ကို ပြောင်းလဲ​စေ​ခဲ့​သနည်း။ သမ္မာကျမ်းစာ​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော် အစွမ်း​တန်ခိုး​အပြင် သူတို့​ကိုယ်တိုင် ထိုသို့​ပြုပြင်​ပြောင်းလဲ​မည်​ဟု သန္နိ​ဋ္ဌာန်​ချ​ခြင်း​ဖြစ်၏။ ပေါလု​က “သခင်​ယေရှု၏​နာမတော်​အားဖြင့်လည်း​ကောင်း၊ ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်လည်း​ကောင်း ဆေးကြော​သန့်ရှင်း၍ ဖြောင့်မတ်​ရာ​သို့​ရောက်​ကြပြီ” ဟု​ဆို​ခဲ့​၏။ (၁ ကောရိန္သု ၆:၉-၁၁) ပေတရု​က​လည်း ထိုသို့​သော​အကျင့်ဆိုး​များ​ကို စွန့်ခဲ့​ကြ​သူတို့​အကြောင်း ထပ်တူ​ရေးသားခဲ့​၏။ သူတို့သည် ခရစ်ယာန်​များ​အနေ​နှင့် အမှန်တကယ်​ပင် ပြောင်းလဲ​လာ​ခဲ့​ကြပြီ။—၁ ပေတရု ၄:၃၊ ၄

ကောင်းစွာ​ချိန်ရွယ်​ထားသော ကြိုးပမ်းမှု​များ

ဝိညာဉ်​ရေး​ပန်းတိုင်​များ​သို့​ရောက်​ရန် ပေါလု​သည် အာရုံမလွင့်​စေ​ဘဲ မည်သို့​တစ်စိုက်မတ်မတ် စွဲစွဲမြဲမြဲ​ကြိုးစား​ခဲ့​ရ​ကြောင်းကို ဤသို့​ဖော်ပြ​သည်– “လက်​ပွေ့​သတ်​သောအခါ အာကာသ​ကောင်းကင်​ကို​သာ ထိုး​၍​သတ်​သည်မဟုတ်။” (၁ ကောရိန္သု ၉:၂၆) ပြိုင်ပွဲဝင်​သူ​တစ်ဦး​သည် သူ၏​ထိုးနှက်ချက်​များ​ကို မည်သို့​ထိုး​မည်​နည်း။ ဂရိ​နှင့်​ရောမ​အတ္ထုပ္ပတ္တိ​များ​စာအုပ်​က ဤသို့​ဖြေဆို​သည်– “အားကြိုးမာန်တက် ထိုးနှက်​ရမည့်​အပြင် ပြိုင်ဘက်​၏​ဟာကွက်​များ​ကို မျက်စိရှင်ရှင် မြင်တတ်ဖို့​လည်း​လို​သည်။ လက်​သွက်​ဖို့ နပန်း​သင်တန်း​ကျောင်း​များ​မှ တတ်​ထားသော​ပညာ​ကို ကျွမ်း​ကျွမ်းကျင်​ကျင် အသုံးပြု​ရုံ​သာမက မိမိ​ပြိုင်ဘက်​ကို တစ်​ကွက်​ကျော​ရန် လျင်မြန်​ဖျတ်လတ်​ဖို့​လည်း​လို​သည်။”

ကျွန်ုပ်​တို့၏ မစုံလင်​သည့်​သွေးသား​ခန္ဓာကိုယ်​သည် ကျွန်ုပ်​တို့၏​ရန်သူ​တစ်ပါး​ဖြစ်၏။ ထို့​ကြောင့် ကျွန်ုပ်​တို့၏ “အားနည်းချက်များ” ကို ကိုယ်​ကိုယ်တိုင် ခွဲခြား​သိမြင်​ထား​ပါသလော။ ကျွန်ုပ်​တို့သည် မိမိကိုယ်ကို သူတစ်ပါး​မြင်​သလို အထူးသဖြင့် စာတန် ကျွန်ုပ်​တို့ကို ရှုမြင်သလို တွေ့မြင်​ရန် တလိုတလား​ရှိသလော။ ထိုသို့​ပြု​ရန် မိမိကိုယ်ကို အရှိအတိုင်း​တွေ့မြင်​တတ်​ဖို့​လို​ပြီး ပြောင်းလဲ​လို​စိတ်​လည်း​ရှိ​ရမည်။ မိမိကိုယ်ကို အလွယ်တကူ​လှည့်ဖြား​နိုင်၏။ (ယာကုပ် ၁:၂၂) ပညာ​မဲ့​လမ်းစဉ်​လိုက်​မိ​ခြင်း​ကို ဆင်ခြေ​ပေးဖို့ အလွန်​လွယ်ကူ​ပေ​သည်! (၁ ဓမ္မ​ရာဇဝင် ၁၅:၁၃-၁၅၊ ၂၀၊ ၂၁) ထိုသို့​ပြုခြင်း​သည် “အာကာသ​ကောင်းကင်​ကို​သာ ထိုး​၍​သတ်​ခြင်း” နှင့်အတူ​တူ​ပင်။

ဤ​နောက်ဆုံး​နေ့ရက်​များ​တွင် ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​လို​သူ၊ အသက်​ရ​လို​သူများ​သည် အမှား​နှင့်​အမှန်၊ ဘုရားသခင့်​အသင်းတော်​နှင့် ယိုယွင်းသော​ဤ​လောကကို ရွေးချယ်​ရန် ချီတုံချတုံ​မဖြစ်​နေ​သင့်​ချေ။ သူတို့သည် ‘စိတ်​နှစ်ခွ​ရှိပြီး ကြံစည်​ပြုလုပ်​သမျှ​၌ မတည်​ကြည်’ ခြင်း၊ ဝေခွဲမရ​ဖြစ်​ခြင်း​ကို ရှောင်ကြဉ်​ရမည်။ (ယာကုပ် ၁:၇၊ ၈သမ္မာ) အချည်းနှီး​ဖြစ်သော ကြိုးပမ်းမှု​တို့​၌ အချိန်​မ​ဖြုန်း​သင့်​ချေ။ ဤ​ဖြောင့်မှန်​သော​လမ်းစဉ်​ကို တစ်စိုက်မတ်မတ် စွဲစွဲမြဲမြဲ​လိုက်လျှောက်​သူသည် ပျော်ရွှင်မှု​ရှိ​မည်​ဖြစ်​ပြီး သူ၏ ‘တိုးပွားခြင်း​သည် လူအပေါင်း​တို့​ရှေ့ ထင်ရှား’ ပါ​လိမ့်​မည်။—၁ တိမောသေ ၄:၁၅

ခရစ်ယာန်​ပြေးပွဲ​သည် ဆက်​တည်ရှိ​နေဆဲ​ပင်။ ကျွန်ုပ်​တို့၏ ကြီးမြတ်သော​နည်းပြ ယေဟောဝါ​သည် ကျွန်ုပ်​တို့ ခံနိုင်ရည်​ရှိဖို့​နှင့် အဆုံး​တွင် အောင်​ပန်း​ဆွတ်ခူး​နိုင်​ဖို့ လိုအပ်သော လမ်းညွှန်ချက်​နှင့် အကူအညီကို မေတ္တာ​ရှိ​စွာ စီမံ​ပေး​ထား​တော်​မူ​သည်။ (ဟေရှာယ ၄၈:၁၇) ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​တရား​ဘက် တိုက်လှန်​ရာ​တွင် ရှေးခေတ်​မှ အားကစားသမား​များ​နည်းတူ မိမိကိုယ်ကို ဆုံးမ​ပဲ့ပြင် ချုပ်တည်း​ပြီး တစ်စိုက်မတ်မတ် စွဲစွဲမြဲမြဲ​တိုက်လှန်​ဖို့​လို​သည်။ ကျွန်ုပ်​တို့၏ ကောင်းစွာ​ချိန်ရွယ်​ထားသော အားထုတ်မှု​အားလုံး​သည် ကြွယ်ဝ​စွာ​ဆုချ​ခံရ​မည်​ဖြစ်၏။—ဟေဗြဲ ၁၁:၆

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

‘ဆီ​နှင့်​လူး​လော့’

ရှေး​ဂရိ​နိုင်ငံ​၏ အားကစား​သင်တန်း​တွင် ဆီ​လူး​ပေး​သူ၏ အခန်းကဏ္ဍ​ပါဝင်​သည်။ သူ၏​တာဝန်​မှာ လေ့ကျင့်ခန်း​ယူ​တော့​မည့် အားကစားသမား​များ​ကို တစ်ကိုယ်လုံး​ဆီ​လူး​ပေး​ရန်ဖြစ်​၏။ အားကစား​နည်းပြ​များ “သတိပြုမိ​ကြသည်​မှာ အားကစားသမား​တစ်ဦး လေ့ကျင့်​ခန်းမ​ယူ​မီ သူ၏​ကြွက်သား​များ​ကို ကျွမ်းကျင်​စွာ နှိပ်​နယ်​ပေးခြင်း​သည် အကျိုး​ရှိကြောင်း​နှင့် အတန်ကြာ​လေ့ကျင့်ခန်း​ယူပြီး​နောက်​လည်း နှံ့နှံ့စပ်စပ် ညင်ညင်သာသာ နှိပ်​နယ်​ပေးခြင်း​သည် ထို​အားကစားသမား​၏ ကိုယ်​စိတ်​ပင်ပန်းမှု​ကို တစ်စ​တစ်စ​လျှော့ချ​ပေး​နိုင်​သည်” ဟု ရှေး​ဂရိ​နိုင်ငံ​မှ အိုလံပစ်​အားကစား​ပြိုင်ပွဲ​များ စာစောင်​က​ဆို​သည်။

တစ်ဦး​တစ်ယောက်​၏​ခန္ဓာကိုယ်​ကို ဆီ​လိမ်းကျံ​ပေးခြင်း​သည် အကြော​အ​ခြင်​လျှော့​ပေး​နိုင်​ပြီး ဝေဒနာ​ကို​သက်သာ​စေနိုင်​သည်​နည်းတူ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မောပန်း​နွမ်း​နယ်​နေ​သူ ခရစ်ယာန် “အားကစားသမား” တစ်ဦး​အပေါ် အသုံးပြု​ပေးခြင်း​သည် သူ့​အား နှစ်သိမ့်​ကာ ပြုပြင်​ကုစား​ပေး​နိုင်​ပါ​သည်။ သို့ ဖြစ်သော​ကြောင့် အသင်းတော်​အကြီးအကဲ​များ​အား ယေဟောဝါ​၏​လမ်းညွှန်မှု​အတိုင်း ထိုသို့​သော​သူကို ပုံဆောင်​သဘော​အားဖြင့် “[ယေဟောဝါ] ၏​နာမတော်​ကို​အမှီပြုလျက် ဆီ​နှင့်​လူး” ခြင်း​ဖြစ်သော ဆုတောင်းပေး​ရန် တိုက်တွန်း​ထား​သည်။ ယင်း​သို့ ပြုခြင်း​သည် ဝိညာဉ်​ရေး​အရ နာလန်ထူ​စေသည့် မရှိမဖြစ်​လိုအပ်သော​နည်း​တစ်နည်း​ဖြစ်၏။—ယာကုပ် ၅:၁၃-၁၅; ဆာလံ ၁၄၁:၅

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယဇ်​ပူဇော်​ကြ​ပြီး​နောက် အားကစားသမား​များ​က သူတို့သည် ဆယ်လ​လုံးလုံး လေ့ကျင့်​ခဲ့​ကြသည်​ဟု ကျိန်ဆို​ကြ​ရ

[Credit Line]

Musé​e du Louvre, Paris

[Picture Credit Line on page 29]

Copyright British Museum