အေးအေးဆေးဆေး နေသင့်သလော
အေးအေးဆေးဆေး နေသင့်သလော
အေးဆေးတည်ငြိမ်၍ သဘောထားကြီးသူ၊ လူအေးဟု ယူမှတ်ခံရခြင်းကို လူအများက နှစ်သက်ကြပေမည်။ သို့သော် အေးဆေးခြင်းအသွင် နောက်တစ်မျိုးရှိ၏။ “မိုက်သောသူတို့သည် စိတ်အေးသောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၁:၃၂၊ သမ္မာ) ၎င်းက အဘယ်အရာကို ဆိုလိုသနည်း။
အခြားဘာသာပြန်ကျမ်းများက မူရင်းဟေဗြဲစကားလုံးကို “သတိလစ်ခြင်း” (ယုဒသန်ကျမ်း)၊ “အေးတိအေးစက်နိုင်ခြင်း” (အင်္ဂလိပ်ကျမ်းသစ်) ဟူ၍ ဘာသာပြန်ဆိုကြသည်။ ထိုသဘောမျိုးဖြင့် စဉ်းစားလျှင် အေးဆေးခြင်းသည် ပျင်းရိခြင်း၊ သတိမဲ့ခြင်းတို့နှင့် ဆက်စပ်နေရာ ထုံခြင်း၊ ထိုင်းခြင်း သို့မဟုတ် မိုက်မဲခြင်းနှင့် အတူတူပင်ဖြစ်လေ၏။
ပထမရာစု လောဒိကိအသင်းတော်ရှိ ခရစ်ယာန်များသည် ဝိညာဉ်ရေးဘက် လိုအပ်နေကြသည်ကို အရေးမစိုက်ဘဲ အေးတိအေးစက်ဖြစ်ခဲ့ကြသည်။ သူတို့က မိမိတို့ “တစ်စုံတစ်ခုကိုမျှမလို” ဟု အကျေနပ်ကြီးကျေနပ်နေကြသည်။ ယေရှုခရစ်သည် သူတို့ကို ဆုံးမပဲ့ပြင်ပေးပြီး ခရစ်ယာန်ဇွဲလုံ့လကို ပြန်လည်မွေးမြူကြရန် အားပေးခဲ့၏။—ဗျာ. ၃:၁၄-၁၉။
အေးတိအေးစက်နေနိုင်လွန်းခြင်းသည် နောဧခေတ်က လူတို့၏ အကျင့်စရိုက်တစ်ခုဖြစ်သည်။ သူတို့သည် လောကရေးရာများအပေါ် အာရုံစိုက်ကာ “စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်။” သို့ဖြစ်၍ ယေရှုက “လူသားကြွလာသောအခါ [ထိုသို့ ] ဖြစ်လိမ့်မည်” ဟုထပ်ဆင့်မိန့်ဆိုခဲ့သည်။—မဿဲ ၂၄:၃၇-၃၉။
ကျွန်ုပ်တို့သည် ‘လူသားယေရှုခရစ် ကြွလာ’ ချိန်တွင် အသက်ရှင်နေကြကြောင်း ပြည့်စုံလျက်ရှိသော ကျမ်းစာပရောဖက်ပြုချက်များမှ သိရှိနားလည်ရ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အေးတိအေးစက်နှင့် ကိုယ့်ကိုယ်ကို အကျေနပ်ကြီး ကျေနပ်နေသူများ ဘယ်သောအခါမျှမဖြစ်အောင် နေကြပါစို့။—လုကာ ၂၁:၂၉-၃၆။