မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော

ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော

ခရစ်ယာန်​များသည် မနာလို​သူ ဖြစ်​သင့်​သလော

မနာလိုမှု—ယင်းသည် ခရစ်ယာန်​များ ပျိုးထောင်​သင့်​သည့် အရည်အချင်း​လော။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် “ချစ်ခြင်း​မေတ္တာကို မီအောင်လိုက်” ရမည်​ဖြစ်​ပြီး “ချစ်ခြင်း​မေတ္တာသည် . . . မနာလို​စိတ်​မရှိ” ကြောင်း ကျွန်ုပ်​တို့​သိထားကြသည်။ (၁ ကောရိန္သု ၁၃:၄သတင်းကောင်း; ၁၄:၁) ‘ထာဝရ​ဘုရားသခင်​သည် . . . စိတ်​ထက်သန်​အားကြီး (“မနာလို” ဟု မူရင်း​ကျမ်း​တွင်​ရေးထား)သော ဘုရားသခင်​ဖြစ်​တော်​မူ’ ကြောင်း ပြော​ထား​ပြန်​ကာ “ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြ” ရန် ကျွန်ုပ်​တို့ကို​မိန့်မှာ​ထား​သည်။ (ထွက်မြောက်ရာ ၃၄:၁၄သမ္မာ; ဧဖက် ၅:၁) ဤ​ကျမ်းပိုဒ်​များသည် အချို့​သူများ​၏​စိတ်​တွင် မေးခွန်းများ​ပေါ်ပေါက်​စေ​သည်။ အဘယ်ကြောင့်​နည်း။

အကြောင်း​မှာ ဟေဗြဲ​နှင့် ဂရိ​ဘာသာ​စကား​တွင် သမ္မာကျမ်းစာ​၌ “မနာလိုမှု” နှင့် “စိတ်အား​ထက်သန်မှု” ဟု​ပြန်ဆို​ထားသော စကားလုံး​သည် တစ်လုံးတည်း​ဖြစ်​ကာ ကျယ်ပြန့်​သော အဓိပ္ပာယ်​အမျိုးမျိုး​ဆောင်​သည်။ ဤ​စကားလုံး​တစ်လုံးတည်း (ဟေဗြဲ၊ ခွင်း​အာ့; ဂရိ၊ ဇီး​လော့​စ်) တွင် အဓိပ္ပာယ်​အမျိုးမျိုး​ရှိသည်။ ထိုစကား​လုံး​ကို အသုံးပြုပုံ​ပေါ်​မူတည်ပြီး ၎င်း​သည် အပြုသဘော​လော၊ အပျက်သဘော​လော​ဆို​သည်ကို ဆုံးဖြတ်​နိုင်​သည်။ ဥပမာ၊ ဟေဗြဲ​စကားလုံး​သည် “မ​ရှု​စိတ်​သော​သဘော​ရှိ​ခြင်း; ဂုဏ်ပြိုင်ခြင်း​ကို လုံးဝ​သည်းမခံ​ခြင်း; ဇွဲရှိ​ခြင်း; စိတ်ဇော; ဖြောင့်မတ်​သည့်​စံနှုန်း​များ​ကို တည်ကြည်​ခြင်း; စိတ်အား​ထက်သန်မှု; မနာလို​ခြင်း; သူတစ်ပါး​၏ စည်းစိမ်ဥစ္စာ သို့​မဟုတ် ရာထူး​အဆင့်​ကို မက်မောခြင်း; ငြူစူ​ခြင်း” တို့ကို​ဆိုလို​နိုင်​ပေ​သည်။ ယင်း​နှင့်​စပ်ဆိုင်​သော ဂရိ​စကားလုံး​၏​အဓိပ္ပာယ်​သည်လည်း အလားတူ​ဖြစ်သည်။ ဤ​စကားလုံး​များသည် ပြိုင်ဘက်​ဟု​သင်္ကာမကင်း​ဖြစ်နေ​သူ​အပေါ် သို့​မဟုတ် အခွင့်သာ​သူ​ဟု ထင်​ရသူ​အပေါ် ထား​ရှိသည့် လွဲမှား​သော​သဘောထားကို​လည်း ရည်ညွှန်း​နိုင်​သည်။ (သု. ၁၄:၃၀) ထို့​ပြင် ဘုရားသခင်​ပေး​အရည်အချင်း​တစ်ခု​ဖြစ်သည့် ချစ်​မြတ်နိုး​ရသူ​တစ်ဦး မထိခိုက်​စေရန် ကာကွယ်​ပေး​လို​ခြင်း​သဘောကို​လည်း ရည်ညွှန်း​နိုင်​ပေ​သည်။—၂ ကောရိန္သု ၁၁:၂

အကြီးမြတ်ဆုံး​စံနမူနာ

ယေဟောဝါ​သည် စိတ်အားကြီး​မှု​ကို တင်ပြ​ရာ​တွင် အကြီးမြတ်ဆုံး​စံနမူနာ ဖြစ်​တော်​မူ​၏။ ကိုယ်တော်​၏ ရည်ရွယ်တော်မူချက်​တို့သည် စင်ကြယ်​သန့်ရှင်း​၏၊ ဝိညာဉ်​ရေး​နှင့်​ကိုယ်ကျင့်တရား ယိုယွင်းခြင်း​မှ မိမိ​လူမျိုးတော်ကို ကာကွယ်​စောင့်ရှောက်​ပေး​လို​သည့်​ဆန္ဒ​က ကိုယ်တော်​အား​လှုံ့ဆော်ပေး​သည်။ ကိုယ်တော်​၏​ရှေး​လူမျိုးတော်ကို ဇိအုန်​တောင်​အဖြစ်​တင်စား​ကာ ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့သည်– “ငါသည် ဇိအုန်​တောင်​အဖို့ အလွန်​စိတ်အားကြီး​ပြီ။ အလွန်​အမျက်​ထွက်၍ သူ့​အဖို့​စိတ်အားကြီး​ပြီ။” (ဇာခရိ ၈:၂) မေတ္တာပြည့်​ဝ​သည့် ဖခင်​တစ်ဦး​သည် မိမိ၏​သားသမီး​များ​ကို ဘေးအန္တရာယ်​မှ​ကာကွယ်​ပေး​ရန် အမြဲ​သတိရှိ​နေ​သကဲ့သို့ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို ကာယရေး​နှင့် ဝိညာဉ်​ရေး​အန္တရာယ်များ​မှ ကာကွယ်​ပေး​ရန် သတိရှိ​တော်​မူ​၏။

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ကာကွယ်​စောင့်ရှောက်​ရန် သမ္မာကျမ်းစာ​ကို ပေး​ထား​တော်​မူ​သည်။ ယင်း​တွင် ပညာရှိ​စွာ​လျှောက်လှမ်း​ရန် အားပေး​စကား​များစွာ​ပါ​ပြီး ပညာရှိ​စွာ​လျှောက်လှမ်း​ခဲ့​ကြ​သူတို့၏ ပုံ​နမူနာ​ကောင်း​များလည်း ပါရှိ​၏။ ဟေရှာယ ၄၈:၁၇ တွင် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။” ကိုယ်တော်​၏​စိတ်အားကြီး​မှု​သည် ကျွန်ုပ်​တို့ကို ဂရုစိုက်​စောင့်ရှောက်​ရန် ကိုယ်တော့်​ကို လှုံ့ဆော်ပေး​ကြောင်း သိရှိ​ရခြင်း​က အလွန်​စိတ်သက်သာရာ​ရစေသည်! ကိုယ်တော်၌ စိတ်အားကြီး​မှုမရှိ​လျှင် ကျွန်ုပ်​တို့၏ အတွေ့အကြုံ​နည်းပါး​မှု​ကြောင့် အန္တရာယ်​အမျိုးမျိုးနှင့် ရင်ဆိုင်​တွေ့ ကြုံ​ကြ​ရ​ပေမည်။ ယေဟောဝါ​တင်ပြ​တော်​မူ​သည့် စိတ်အားကြီး​မှု​သည် ကိုယ်ကျိုး​အတွက် လုံးဝ​မဟုတ်ပေ။

ထို့​ကြောင့် ဘုရားသခင်​၌​ရှိသည့် စိတ်အားကြီး​မှု​နှင့် မနာလိုမှု​တို့​စပ်ကြား အဘယ်​ကွာခြား​ချက်​ရှိ​သနည်း။ သိရှိ​ရန် မိရိအံ​နှင့် ဖိနဟတ်​တို့၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ကြပါစို့။ သူတို့ကို အဘယ်အရာက လှုံ့ဆော်ပေး​ခဲ့​ကြောင်း သတိပြုပါ။

မိရိအံ​နှင့်​ဖိနဟတ်

မိရိအံ​သည် ထွက်မြောက်ရာ​ကာလ​အတွင်း ဣသရေလ​လူမျိုး​တို့၏ ခေါင်းဆောင်​များ​ဖြစ်​ကြ​သူ မောရှေ​နှင့်​အာရုန်​တို့၏ အစ်မ​ဖြစ်သည်။ ဣသရေလ​လူမျိုး​သည် တောကန္တာရ​တွင် ရှိနေကြ​စဉ် မိရိအံ​သည် မိမိ၏​မောင် မောရှေ​ကို မနာလို​ဖြစ်လာ​၏။ ကျမ်းစာ​မှတ်တမ်းက ဤသို့​ဆို​သည်– “မောရှေ​သည် ကု​ရှ​အမျိုးသား​မိန်းမ​နှင့်​စုံဖက်​သည်​ဖြစ်၍ . . . မိရိအံ​နှင့်​အာရုန်​သည် မောရှေ​ကို​အပြစ်တင်​လျက်၊ ‘အကယ်၍ ထာဝရ​ဘုရား​သည် မောရှေ​အားဖြင့်​သာ ဗျာဒိတ်​ပေး​တော်​မူ​သလော။ ငါ​တို့အား​ဖြင့်​လည်း ပေး​တော်​မ​မူ​လော’ဟု​ဆို​ကြ​၏။” ဤသို့​မ​ခန့်​လေးစား​ပြုမူ​ခဲ့​သည့်​အတွက် ယေဟောဝါ​သည် အာရုန်​ကို​မဟုတ်ဘဲ မိရိအံ​ကို ရက်​သတ္တ​တစ်ပတ် နူနာ​စွဲ​စေ​သဖြင့် မောရှေ​အား​ဆန့်ကျင်​ရာ​တွင် မိရိအံ​ဦးဆောင်​ခဲ့​ကြောင်း ထင်ရှား​သည်။—တောလည်ရာ ၁၂:၁-၁၅

မောရှေ​အား​ဆန့်ကျင်​ဖို့ အဘယ်အရာက မိရိအံ​ကို လှုံ့ဆော်ပေး​ခဲ့​သနည်း။ စစ်မှန်သော​ဝတ်ပြုရေး​အတွက်​နှင့် ဣသရေလ​အမျိုးသားချင်း​တို့ကို အန္တရာယ်​မှ ကာကွယ်​ပေး​လို​သည့်​ဆန္ဒ ပြင်းပြ​သောကြောင့်​လော။ လုံးဝ​မဟုတ်​ကြောင်း​ထင်ရှား​သည်။ မိရိအံ​သည် ဂုဏ်​နှင့်​အာဏာ ပို​ရှိ​လို​သည့် မတော်လျော်​သော​ဆန္ဒ ပေါ်ပေါက်​ခဲ့​ဟန်​ရှိသည်။ ဣသရေလ​နိုင်ငံ​၏ ပရောဖက်မ​တစ်ဦး​ဖြစ်သော​ကြောင့် လူတို့သည် အထူးသဖြင့် အမျိုးသမီးများ​သည် သူ့ကို အလွန်​ရိုသေ​လေးစား​ခဲ့​သည်။ ပင်လယ်နီ​၌ အံ့သြဖွယ်​နည်းဖြင့် ဣသရေလ​လူမျိုး ကယ်တင်​ခံရ​ပြီး​နောက် တေးဂီတ​ဖြင့် သူ​ဦးဆောင်​သီဆို​ခဲ့​သည်။ သို့သော် နောက်ပိုင်း​တွင် မောရှေ၏​ဇနီး​ကို မိမိ၏​ပြိုင်ဘက်​အဖြစ် မိရိအံ​ယူမှတ်​ပြီး သူ၏​ထင်ပေါ်​ကျော်ကြား​မှု အတော်အတန်​မှေးမှိန်​သွား​မည်​ကို အလွန်အမင်း စိုးရိမ်​ပူပန်​ခဲ့​ပေမည်။ ကိုယ်ကျိုး​ဖက်​သော ဂုဏ်​ပြိုင်​လို​စိတ်ဖြင့် ယေဟောဝါ​ခန့်အပ်​ထား​တော်​မူ​သည့် မောရှေ​ကို အန်တု​လေ​သည်။—ထွက်မြောက်ရာ ၁၅:၁၊ ၂၀၊ ၂၁

အခြား​တစ်ဖက်​တွင်​မူ ဖိနဟတ်​သည် တစ်မူထူး​ခြား​သည့် ရည်ရွယ်ချက်​ဖြင့် ပြုမူ​ဆောင်ရွက်​ခဲ့​သည်။ ကတိထားရာပြည်​ထဲ​မဝင်​မီ မောဘ​လွင်ပြင်​၌ ဣသရေလ​လူမျိုး စခန်းချ​နေစဉ် မောဘ​နှင့်​မိဒျန်​အမျိုးသမီး​တို့သည် လိင်​အကျင့်​ယိုယွင်းခြင်း​နှင့် ရုပ်[ပုံ]ကိုးကွယ်​ခြင်း​တို့ကို ပြုမူ​ရန် ဣသရေလ​အမျိုးသားများစွာ​ကို ဖြားယောင်း​သွေးဆောင်​ခဲ့​ကြသည်။ တပ်​စခန်း​ကို သန့်ရှင်း​စင်ကြယ်​စေရန်​နှင့် ယေဟောဝါ​၏​ဒေါသ​အမျက်မီး​ကို ရပ်တန့်​စေရန် သွေဖည်​သွားခဲ့​ကြ​သည့် အမျိုးသား​အားလုံး​ကို သတ်ပစ်ဖို့ ဣသရေလ​တရားသူကြီး​များ မှာကြား​ခံ​ခဲ့​ကြ​ရသည်။ ရှိမောင်​အနွယ် အကဲအမှူး​ဇိမရိ​သည် မိဒျန်​အမျိုးသမီး​ကော​ဇ​ဘိ​နှင့် ဆက်ဆံ​ရန် “ဣသရေလ​အမျိုးသား ပရိသတ်အပေါင်း​တို့​ရှေ့” အတင့်ရဲ​စွာ​ခေါ်ဆောင်​လာ​ခဲ့​၏။ ထို​အခါ ဖိနဟတ်​သည် ပြတ်ပြတ်သားသား ပြုမူ​ဆောင်ရွက်​ခဲ့​သည်။ ယေဟောဝါ​၏​ဝတ်ပြုရေး​အတွက် စိတ်အား​ထက်သန်​စွာ​နှင့် တပ်​စခန်း​၏ အကျင့်​စင်ကြယ်မှု​ကို ထိန်းသိမ်း​လို​၍ ဖိနဟတ်​သည် မတရားမေထုန်​ပြုသူ​များ​ကို ၎င်းတို့၏​တဲ​တွင်​ပင် သတ်ပစ်လိုက်​လေ​သည်။ ယေဟောဝါ​ဘက်၌ သူ၏ “ထက်သန်​သည့်​ဒေါသ​စိတ်” [“ဂုဏ်ပြိုင်ခြင်း​ကို လုံးဝ​သည်းမခံ​သည့်​စိတ်၊” က​ဘ] အတွက် သူ​ချီးမွမ်း​ခံ​ခဲ့​ရသည်။ ဖိနဟတ်​၏ မဆိုင်းမတွ​လုပ်ဆောင်မှု​က လူပေါင်း ၂၄,၀၀၀ ၏​အသက်ကို ခြွေယူ​သွားခဲ့​သော ဘေးဒဏ်​ကို ရပ်တန့်​စေ​ခဲ့​ရာ ယေဟောဝါ​သည် သူ၏​အမျိုးအနွယ်​ကို ယဇ်ပုရောဟိတ်​အနွယ်​အဖြစ် ထာဝရ​တည်ရှိ​စေရန် ပဋိညာဉ်ဖွဲ့​၍ ဆုချ​လေ​သည်။—တောလည်ရာ ၂၅:၄-၁၃; အင်္ဂလိပ်​ကျမ်းစာ​သစ်

ဤ​သူ​နှစ်ဦး​၏ ခြားနား​သော​ရည်ရွယ်ချက်ကား အဘယ်နည်း။ ဖိနဟတ်​သည် ဘုရားသခင်​အပေါ်​ထား​ရှိသော စိတ်အားကြီး​မှု​ကို အခြေပြု​၍ တရား​သဖြင့်​စီရင်​ခဲ့​စဉ်၊ မိရိအံ​မှာ​မူ ကိုယ်ကျိုး​ဖက်​သည့် ဂုဏ်​ပြိုင်​လို​စိတ်ဖြင့် သူ၏​မောင်​ကို ဆန့်ကျင်​ခဲ့​သည်။ ဖိနဟတ်​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည်​လည်း ယေဟောဝါ​၏​နာမတော်၊ ကိုယ်တော်​၏​ဝတ်ပြုရေး၊ ကိုယ်တော်​၏​လူမျိုးတော်ကို ခုခံ​ကာကွယ်​ပြောဆို​သင့်​သည့် အချိန်​အခါ​များ ရှိပါ​သည်။

လွဲမှား​သော စိတ်အား​ထက်သန်မှု

သို့သော် လွဲမှား​စွာ စိတ်အား​ထက်သန်​မိ​နိုင်​ပါသလော။ ထိုသို့​ဖြစ်​နိုင်​ပါ​သည်။ ပထမ​ရာစု​ဂျူး​များ ထိုသို့​ဖြစ်​ခဲ့​သည်။ သူတို့သည် ဘုရားသခင်​ပေး​ပညတ်တရား​နှင့် ၎င်းတို့၏ ထုံးတမ်းများ​ကို စိတ်အား​ထက်သန်​စွာ ထိန်းသိမ်း​စောင့်ရှောက်​ခဲ့​ကြသည်။ ပညတ်တော်​ကို​ကာကွယ်​ဖို့ သူတို့​ကြိုးပမ်း​ကြ​ရာ​တွင် လူ​တို့​အပေါ် လေးလံ​သည့်​ဝန်ထုပ်ကြီး​ဖြစ်လာ​စေသည့် မရေမတွက်​နိုင်သော အသေးစိတ်​စည်းမျဉ်း​များနှင့် ကန့်သတ်ချက်​များ​ကို သူတို့​ချမှတ်​ခဲ့​ကြသည်။ (မဿဲ ၂၃:၄) ဘုရားသခင်​သည် အရိပ်​သာ​ဖြစ်သော မောရှေ​ပညတ်​ကို တင်ကူး​ဖော်ပြ​ခဲ့​သည့် ကိုယ်​ဖြင့် အစားထိုး​လိုက်ပြီ​ဖြစ်​ကြောင်းကို အသိအမှတ်​မပြု​နိုင်၊ သို့​မဟုတ် အသိအမှတ်​မပြု​လို​ကြ​သဖြင့် ထို​ဂျူး​တို့သည် လွဲမှား​သည့် စိတ်အား​ထက်သန်မှု​ကြောင့် ယေရှု​ခရစ်​၏​နောက်တော်လိုက်​များ​အပေါ် ဒေါသ​မထိန်းနိုင်​ဘဲ ပြုမူ​ခဲ့​ကြသည်။ ပညတ်တရား​တော်​ကို တစ်ချိန်က လွဲမှား​သည့်​သဘောဖြင့် စိတ်အား​ထက်သန်​စွာ တည်ကြည်​ခဲ့​သူ တမန်​တော်​ပေါလု​ပင်​လျှင် ပညတ်တရား​တော်​ကို ခုခံ​ကာကွယ်​ခဲ့​ကြ​သူတို့၌ “မှန်သော​ပညာ​မရှိ​သော်လည်း ဘုရားသခင်​ဘက်၌ စိတ်အားကြီး” ကြ​ကြောင်း ထောက်ပြ​ခဲ့​သည်။—ရောမ ၁၀:၂; ဂလာတိ ၁:၁၄

ခရစ်ယာန်​များ​ဖြစ်လာ​ကြ​သည့် ဂျူး​များစွာ​တို့​ပင် ပညတ်တော်​ဘက်၌ ဤသို့​စိတ်အား​ထက်သန်​လွန်း​ခြင်း​ကို ဖယ်ရှားပစ်​ရန် အခက်တွေ့​ခဲ့​ကြ​၏။ တတိယ​အကြိမ် ခရစ်ယာန်​သာသနာပြု ခရီးစဉ်​ပြီး​နောက် ပေါလု​သည် ပထမ​ရာစု လူမျိုးများ ဘာသာ​ပြောင်းလဲ​လာ​ခြင်း​နှင့်​ပတ်သက်​၍ အုပ်ချုပ်ရေး​အဖွဲ့​ထံ စာရေး​အကြောင်းကြား​ခဲ့​သည်။ ထို​အချိန်တွင် ထောင်နှင့်ချီ​သော ဂျူး​ခရစ်ယာန်​များသည် “ပညတ်တရား​ဘက်၌ စိတ်အား [ထက်သန်] ” သူများ​ဖြစ်​ကြ​၏။ (တမန်​တော် ၂၁:၂၀) တစ်ပါး​အမျိုးသားများ အရေဖျားလှီး​ဖို့​မလို​ကြောင်း အုပ်ချုပ်ရေး​အဖွဲ့​မှ ပြဋ္ဌာန်းချက်​ရပြီး နှစ်​အတန်ကြာ​သည့်​နောက်​၌​ပင် ထိုသို့​ဖြစ်နေ​သေး​သည်။ အသင်းတော်တွင် ပညတ်တရား​စောင့်ထိန်းခြင်း​ကိစ္စ​များနှင့်​ပတ်သက်​၍ အငြင်းပွား​နေကြ၏။ (တမန်​တော် ၁၅:၁၊ ၂၊ ၂၈၊ ၂၉; ဂလာတိ ၄:၉၊ ၁၀; ၅:၇-၁၂) ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​နှင့် ယခု​မည်သို့​ဆက်ဆံ​နေသည်​ကို အပြည့်အဝ​နားမလည်​ကြ​ခြင်း​ကြောင့် ဂျူး​ခရစ်ယာန်​တချို့​သည် အခြား​သူများကို ဝေဖန်​ပြစ်တင်​ကာ မိမိတို့၏ ကိုယ်ပိုင်​ရှုမြင်ချက်များ​ကို​သာ ဇွတ်​ပြောဆို​ကြသည်။—ကောလောသဲ ၂:၁၇; ဟေဗြဲ ၁၀:၁

သို့​ဖြစ်၍ မိမိတို့​မြတ်နိုးသည့် ကိုယ်ပိုင်​ယူဆချက်များ သို့​မဟုတ် သမ္မာကျမ်းစာ​အပေါ် အခိုင်အမာ​အခြေ​မပြု​သည့် နည်းလမ်းများ​ကို စိတ်အား​ထက်သန်​စွာ ကြိုးစား​ခုခံ​ပြောဆိုခြင်း​ထောင်ချောက်ကို ကျွန်ုပ်​တို့​ရှောင်ကြဉ်​ကြ​ရမည်။ ယနေ့ ယေဟောဝါ​အသုံးပြုလျက်​ရှိသည့် လမ်းကြောင်း​မှ​တစ်ဆင့်​ထွန်းလင်း​သည့် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့်​ပတ်သက်သော သဘောပေါက်​နားလည်မှု​အသစ်​ကို လက်ခံ​ယူ​သင့်​သည်။

ယေဟောဝါ​ဘက်၌ စိတ်အား​ထက်သန်​ပါ

သို့ရာတွင် စစ်မှန်သော​ဝတ်ပြုရေးတွင် စိတ်အား​ထက်သန်ခြင်း​က နည်းလမ်း​ကျ​ပါ​သည်။ ကျွန်ုပ်​တို့သည် ကိုယ့်​ဂုဏ်​အသရေ၊ ကိုယ့်​အခွင့်အရေး​အတွက် တရားလွန်​စိတ်ဝင်စား​နေတတ်​သည့်​အခါ ဘုရားသခင်​အတွက်​စိတ်အားကြီး​ခြင်း​က ယေဟောဝါ​အား အာရုံစိုက်​စေ​လိမ့်​မည်။ ယင်းက ကိုယ်တော်​၏​အမှန်တရားကို​ကြေညာ​ဖို့၊ ကိုယ်တော်​၏​နည်းလမ်းတော်​များနှင့် ကိုယ်တော့်​လူမျိုးတော်ကို ထောက်ခံ​ပြောဆို​ဖို့ နည်းလမ်းများ​ရှာဖွေ​စေမည်။

ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​ဖြစ်သူ အားခီခို​သည် သွေး​နှင့်​ပတ်သက်သော ဘုရားသခင့်​ပညတ်​ကို တလွဲ​ရှုမြင်​ထား​သူ အိမ်ရှင်မ​တစ်ဦး​နှင့် တွေ့ဆုံ​မိ​ကာ ပစ်​ပစ်​ခါ​ခါ​ငြင်းပယ်​ခံ​လိုက်ရ​သည်။ အားခီခို​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လိမ္မာ​ပါးနပ်​စွာ ခုခံ​ကာကွယ်​ပြောဆို​ခဲ့​ပြီး သွေးသွင်း​ခြင်း​နှင့်​ဆက်စပ်​နေသည့် ဆင့်ပွား​ရောဂါ​များနှင့် ပြဿနာ​များ​ကို​ပါ ထည့်​ဖော်ပြ​ခဲ့​သည်။ သို့သော် ထို​အမျိုးသမီး ကန့်ကွက်​ရသည့်​အကြောင်းရင်း​မှာ ဖန်ဆင်း​ရှင်​ရှိသည်​ကို မယုံကြည်​ခြင်း​ဖြစ်​ကြောင်း သဘောပေါက်​သွားခဲ့​ရာ အားခီခို​သည် ယေဟောဝါ​အကြောင်း ပြောပြ​လို​စိတ်​ပြင်းပြ​လာ၍ စကား​လမ်းကြောင်း​ပြောင်း​လိုက်ပြီး ဖန်ဆင်း​ခြင်း​က ဖန်ဆင်း​ရှင်​ကို​ယုံကြည်ဖို့ မည်သို့​ထောက်ကူ​ကြောင်း အဆိုပါ​အိမ်ရှင်မ​အား ကျိုးကြောင်း​ဆင်ခြင်​ပြ​ခဲ့​သည်။ အားခီခို​သည် ရဲရင့်စွာ ချေပ​ပြောဆို​ခဲ့​သောကြောင့် ထို​အမျိုးသမီး​၏ အခြေအမြစ်​မရှိသော စိတ်​စွန်းကွက်​မှုများ​ကို ဖယ်ရှား​ပေး​လိုက်​နိုင်​ရုံ​မ​က သူနှင့်​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ကို​ပါ ကျင်းပ​နိုင်​ခဲ့​၏။ ယနေ့ ထို​ဒေါသကြီး​သော​အိမ်ရှင်မ​သည် ယေဟောဝါ​အား​ချီးမွမ်းသူ​တစ်ဦး ဖြစ်နေ​ပေ​ပြီ။

စစ်မှန်သော​ဝတ်ပြုရေး​အတွက် စိတ်အား​ထက်သန်ခြင်း​က ကျွန်ုပ်​တို့အား နိုးကြား​နေ​စေပြီး ကျွန်ုပ်​တို့၏​အလုပ်ခွင်၊ ကျောင်း၊ ဈေး​ဆိုင်၊ သို့​မဟုတ် ခရီး​သွားစဉ်​တွင် ကျွန်ုပ်​တို့၏​ယုံကြည်ချက်​အကြောင်း​ပြောပြ​ရန် အခွင့်အရေး​များ​ကို မလွတ်​တမ်း တွေ့မြင်​စေ​သည်။ ဥပမာ​အနေ​နှင့် မီး​ဒို​ရီ​သည် အလုပ်ဖော်​များ​အား မိမိ၏​ယုံကြည်ချက်​အကြောင်း​ပြောပြ​မည်​ဟု စိတ်​ဆုံးဖြတ်ထား​သည်။ အသက်​လေးဆယ်​ကျော်​အရွယ်​ရှိ လုပ်ဖော်ဆောင်ဖက်​တစ်ဦး​က ယေဟောဝါသက်သေ​များနှင့် လုံးဝ​မပတ်သက်​လို​ဟု​ပြော​သည်။ နောက်​များ​မကြာမီ အဆိုပါ​အမျိုးသမီးနှင့် စကားစမြည်​ပြောဆို​ရာ​တွင် သူ၏​သမီး​သည် မနှစ်မြို့ဖွယ်​ဉာဉ်ဆိုး​များ​ကို တတ်လာ​ကြောင်း ညည်းတွား​ပြောဆို​လေ​သည်။ မီး​ဒို​ရီ​က လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​စာအုပ် *ကို သူ့​အား​ပြ​လိုက်​ကာ ထို​စာအုပ်​ကို သမီး​ဖြစ်သူ​နှင့်အတူ​လေ့လာ​ပြီး ကူညီပေး​လို​ကြောင်း ကမ်း​လှမ်း​ခဲ့​သည်။ လေ့လာမှု စတင်​ပြုလုပ်​ခွင့်​ရခဲ့​သော်လည်း မိခင်​ဖြစ်သူ​မှာ​မူ ပါဝင်​ဆွေးနွေးခြင်း​မပြု​ခဲ့​ချေ။ ထို့နောက် မီး​ဒို​ရီ​သည် ယေဟောဝါသက်သေ​များ—နာမည်​နောက်ဝယ်​ရှိ​အဖွဲ့အစည်း​ဗီဒီယို​ခွေ*ကို အဆိုပါ​အမျိုးသမီး​အား ပြသ​ရန်​ဆုံးဖြတ်​လိုက်​သည်။ ထို​ဗီဒီယို​ခွေ​က သူ၌​ရှိသော အထင်မှား​မှုများ​စွာ​ကို ရှင်းလင်း​ဖယ်ရှားပစ်​လိုက်​လေ​သည်။ သူ​တွေ့မြင်​ခဲ့​ရာ​ကို​အားရ​ပြီး “ယေဟောဝါသက်သေ​တွေ​လို ကျွန်မ​ဖြစ်ချင်​လိုက်တာ” ဟု​ပြော​လေ​သည်။ သို့​နှင့် သူသည် သမီး​နှင့်အတူ ကျမ်းစာ​သင်အံမှု​တွင် ပါဝင်​လေ​တော့​သည်။

ခရစ်ယာန်​အသင်းတော်၌​လည်း စိတ်အား​ထက်သန်မှု ရှိဖို့လို​သည်။ ယင်းသည် လှိုက်လှဲ​ပျူ​ငှာ​သော မေတ္တာ​စိတ်​တိုးပွား​စေပြီး အချင်းချင်း​အပေါ် စိတ်ဝင်စားမှု​ရှိစေ​၏၊ ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​ညီအစ်ကို​ညီအစ်မ​များ​ကို ထိခိုက်​မည့် အကျိုးယုတ်​သော အတင်းအဖျင်း​စကားပြော​ဆို​ခြင်း​နှင့် အယူဖောက်ပြန်​သည့်​အတွေးအခေါ်​များ​ကဲ့သို့​သော ပြိုကွဲ​ပျက်စီး​စေ​တတ်​သည့် ဩဇာ​များ​ကို တားဆီး​ရန်​လည်း ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သည်။ အမှား​ပြုသူ​များ​ကို အကြီးအကဲ​များ အပြစ်​ဖော်ပြ​ဆုံးမ​ရန် တစ်ခါတစ်ရံ​လိုအပ်​လာ​သည့်​အခါ ဘုရားသခင်​ရေးရာ စိတ်အား​ထက်သန်မှု​သည် အကြီးအကဲ​များ​၏​ဆုံးဖြတ်ချက်​များ​ကို ထောက်ခံ​စေ​သည်။ (၁ ကောရိန္သု ၅:၁၁-၁၃; ၁ တိမောသေ ၅:၂၀) ကောရိန္သု​အသင်းတော်​ရှိ ယုံကြည်သူချင်း​များ​အတွက် မိမိ၏ စိတ်အားကြီး​သည့်​ခံစားချက်​များ​အကြောင်း ပေါလု ဤသို့​ရေးသားခဲ့​သည်– “ငါသည် သင်တို့ကို​အခြား​မဟုတ်။ ခရစ်တော်​တည်း​ဟူသော ခင်ပွန်း​အား၊ စင်ကြယ်သော သမီးကညာ​အဖြစ်​ဆက်သ​ရန် မှန်း​ထားခဲ့​သည်​နှင့်။ ဘုရားသခင့်​သဘော​တော်​အလိုက် မ​ရှု​စိတ်​သော​သဘော​ရှိ” ၏။ (၂ ကောရိန္သု ၁၁:၂သ​မ) ထို​နည်းတူ ကျွန်ုပ်​တို့၏​စိတ်အားကြီး​မှု​သည် အသင်းတော်​ရှိသူ​အားလုံး​၏ အယူဝါဒ​ဆိုင်ရာ၊ ဝိညာဉ်​ရေး​ဆိုင်ရာ​နှင့် ကိုယ်ကျင့်တရား​ဆိုင်ရာ သန့်ရှင်း​စင်ကြယ်မှု​ကို အတတ်နိုင်ဆုံး​ကာကွယ်​ပေးဖို့ လှုံ့ဆော်​အားပေး​သည်။

မှန်​ပါ​၏၊ လျောက်ပတ်​စွာ​လှုံ့ဆော်​ခံရ​သော စိတ်အားကြီး​မှု—ဘုရားသခင်​ရေးရာ စိတ်အား​ထက်သန်မှု—သည် အခြားသူများ​အပေါ် ကောင်းသော​သြဇာ​သက်ရောက်​သည်။ ယင်းသည် ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​စေပြီး ယနေ့ ခရစ်ယာန်​များ​၌​ရှိ​သင့်​သည့် အရည်အချင်း​တစ်ခု​ဖြစ်သည်။—ယောဟန် ၂:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဖိနဟတ်​၏​လုပ်ဆောင်ချက်များ​သည် ဘုရားသခင်​အတွက် စိတ်အားကြီး​ခြင်း​ကြောင့်​ဖြစ်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

လွဲမှား​သော စိတ်အား​ထက်သန်မှု​၏ ထောင်ချောက်ကို ရှောင်ကြဉ်ပါ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဘုရားသခင်​အတွက် စိတ်အားကြီး​ခြင်း​က ကျွန်ုပ်​တို့၏​ခံယူ​ချက်​ကို သူတစ်ပါး​အား​တင်ပြ​ပြောဆို​ရန်​နှင့် ကျွန်ုပ်​တို့၏​ညီအစ်ကို​အသင်းအပင်း​ကို မြတ်နိုး​ရန် လှုံ့ဆော်ပေး