မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စာတန်ကိုဆီးတားကြလော့’

‘စာတန်ကိုဆီးတားကြလော့’

‘စာတန်​ကို​ဆီးတား​ကြလော့’

၁။ လက်ရှိ​လောကကို ကျွန်ုပ်​တို့ အဘယ်​သို့​ဖော်ပြ​နိုင်​သနည်း၊ ဝိညာဉ်​တော်​ဖွား​များနှင့် သူတို့၏​အပေါင်းပါများ​သည် အဘယ်ကြောင့် သတိ​ဝီရိယ​ရှိ​ရမည်​နည်း။

“[စာတန်] ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်။”—ယာကုပ် ၄:၇

“ဘုရားသခင်​ပျောက်ကွယ်​သွားပြီ၊ စာတန်​မူ​ကား ရှိနေဆဲ​ပင်။” ပြင်သစ်​စာရေး​ဆရာ အန်ဒရေ မာ​ရုတ်​၏ အဆိုပါ​စကား​များသည် ကျွန်ုပ်​တို့​အသက်ရှင်နေ​သော ဤ​လောက​နှင့် သက်ဆိုင်​နိုင်​တုန်း​ပင်​ဖြစ်သည်။ လူ့​လုပ်ရပ်များ​သည် ဘုရားသခင့်​အလိုတော်​ထက် စာတန်​၏​ပရိယာယ်​များ​ကို အမှန်ပင် ထင်ဟပ်​ဖော်ပြ​ဟန်​ရှိသည်။ စာတန်​သည် “မုသာ​နှင့်​စပ်ဆိုင်​သော ထူးဆန်းသော​တန်ခိုး၊ နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှု​အမျိုးမျိုးနှင့်” လူ​တို့ကို​လမ်းလွဲ​စေ​လျက်​ရှိသည်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) သို့သော်၊ ဤ ‘နောက်ဆုံး​ကာလ’ တွင် စာတန်​သည် ဘုရားသခင့်​ဆက်ကပ်​အပ်နှံ​ကျေးကျွန်​များ​ကို မဲ​ပြီး “ဘုရားသခင်​၏​ပညတ်တော်​တို့ကို​ကျင့်​၍၊ ယေရှု၏​သက်သေခံ​တော်​မူ​ချက်​ကို စွဲလမ်း​သော​သူ​တည်း​ဟူသော” ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​များနှင့် စစ်တိုက်​နေသည်။ (၂ တိမောသေ ၃:၁; ဗျာ. ၁၂:၉၊ ၁၇) ဘုရားသခင်​၏ ဤ​ဝိညာဉ်​တော်​ဖွား ကျေးကျွန်​များနှင့် မြေကြီး​မျှော်လင့်ချက်​ရှိသော သူတို့၏​အပေါင်းပါများ​သည် သတိ​ဝီရိယ​ရှိဖို့လို​သည်။

၂။ ဧဝ​ကို စာတန်​မည်သို့​လှည့်စား​ခဲ့​သနည်း၊ အဘယ်အရာကို​စိုးရိမ်​ကြောင်း တမန်​တော်​ပေါလု​ဖော်ပြ​ခဲ့​သနည်း။

စာတန်​သည် လှည့်ဖြားသူ​အစစ်​ဖြစ်၏။ သူသည် က​လိမ်​ဉာဏ်​ဖြင့် မြွေ​တစ်ကောင်​ကို​အသုံးပြုပြီး ဘုရားသခင်​အား မ​မှီခို​ဘဲ ပျော်ရွှင်မှု​ပို​ရှိ​နိုင်​မည်​ဟု ဧဝ​ကို​ထင်မြင်​စေ​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၆) နောက်ပိုင်း နှစ်ပေါင်း​လေး​ထောင်​ခန့်အကြာ​တွင် တမန်​တော်​ပေါလု​က ကောရိန္သု​မြို့ရှိ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ စာတန်​၏​လှည့်ဖြားမှု​ခံရ​မည်​ကို စိုးရိမ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “မြွေသည် မိမိ​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်စား​သကဲ့သို့၊ သင်တို့သည် စိတ်​ဆွေးမြေ့​ယိုယွင်း​၍၊ ခရစ်တော်​ကို​အကြွင်းမဲ့​ချစ်သော​စိတ် ပျောက်​မည်​ဟု စိုးရိမ်ခြင်း​ရှိ၏။” (၂ ကောရိန္သု ၁၁:၃) စာတန်​သည် လူ​တို့​စိတ်​ကို ယိုယွင်း​စေပြီး သူတို့၏​တွေးခေါ်​ဆင်ခြင်မှု​ကို ချွတ်ချော်​စေ​သည်။ ဧဝ​ကို စာတန်​လှည့်ဖြား​ခဲ့​သကဲ့သို့ပင် ခရစ်ယာန်​များ​ကိုလည်း မှားယွင်းစွာ ဆင်ခြင်​တွေးတော​စေနိုင်​၏၊ မိမိတို့၏​ပျော်ရွှင်မှု​သည် ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​တို့ မကြိုက်​မနှစ်သက်​ရာ​အပေါ် မူတည်​သည်​ဟု ထင်မှတ်​စေနိုင်​ပါ​သည်။

၃။ စာတန်​၏​ရန်​မှ အဘယ်​ကာကွယ်​မှု​ကို ယေဟောဝါ​ပြင်ဆင်​ပေး​သနည်း။

စာတန်​ကို ထောင်ချောက်​ဆင်​သော ငှက်​ခတ်​သ​မား​နှင့် နှိုင်းယှဉ်​နိုင်​ပါ​သည်၊ သူသည် အမှုမဲ့​အမှတ်မဲ့​နေသော သားကောင်​များ​ကို ဖမ်း​တတ်၏။ ကျွန်ုပ်​တို့သည် စာတန်​၏​ထောင်ချောက်များ​ကို​ရှောင်ရန် လုပ်ဆောင်လေသမျှ​၌ ယေဟောဝါ​၏​စကြဝဠာ​ပိုင်သ​အုပ်စိုးမှု​ကို အသိအမှတ်ပြု​သူများ​အတွက် ကိုယ်တော်​ပြင်ဆင်​ပေး​ထားသော ပုံဆောင်​ကာကွယ်​ရာ​နေရာ​တည်း​ဟူသော ‘အမြင့်ဆုံး​သော​ဘုရား​၏ ကွယ်ကာ​ရာ​ဌာနတော်​၌ နေထိုင်’ ရ​ကြ​မည်။ (ဆာလံ ၉၁:၁-၃) “[စာတန်] ၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်” ဖို့ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်၊ ကိုယ်တော်​၏​ဝိညာဉ်​တော်​နှင့် အဖွဲ့အစည်း​မှ​တစ်ဆင့် ကိုယ်တော်​ပြင်ဆင်​ပေး​သော အကာအကွယ်​မှန်သမျှကို ကျွန်ုပ်​တို့​လိုအပ်​သည်။ (ဧဖက် ၆:၁၁) “ပရိယာယ်” အတွက် ဂရိ​စကားလုံး​ကို “စဉ်းလဲ​သည့်​လုပ်ရပ်များ” သို့​မဟုတ် “လှည့်​ကွက်​များ” ဟူ၍လည်း ဘာသာပြန်​ဆိုနိုင်​သည်။ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ထောင်ချောက်​ဆင်​ဖမ်း​ဖို့ စာတန်​ကြိုးပမ်း​ရာ​တွင် လှည့်​ကွက်​နှင့် စဉ်းလဲ​သည့်​လုပ်ရပ်များ​စွာ​ကို သူ​အသုံးပြု​ခဲ့​သည်​မှာ​သေချာ​သည်။

အစောပိုင်း​ခရစ်ယာန်​များ​ရှေ့ စာတန်​ဆင်​ခဲ့​သော ကျော့ကွင်း​များ

၄။ အစောပိုင်း​ခရစ်ယာန်​များသည် အဘယ်​ပတ်ဝန်းကျင်​မျိုး​၌ အသက်ရှင်ခဲ့​ကြ​သနည်း။

စီ.အီး. ပထမ​ရာစု​နှင့် ဒုတိယ​ရာစု​မှ ခရစ်ယာန်​များသည် ရောမ​အင်ပါယာ အထွတ်အထိပ်​ရောက်ချိန်​၌ အသက်ရှင်ခဲ့​ကြသည်။ ပက်​စ်ရို​မာ​နာ (ရောမ​ငြိမ်းချမ်းရေး​အစီအစဉ်) သည် ရောင်းဝယ်​ဖောက်ကားမှု​ကို ကြီးပွား​တိုးတက်စေ​ခဲ့​သည်။ ဤ​ကြီးပွား​တိုးတက်မှု​ကြောင့် အုပ်ချုပ်သူ​လူတန်းစား​သည် အားလပ်ချိန် အတော်အတန်​ရှိပြီး ပြည်သူ​လူထု မ​ပုန်ကန်​စေဖို့ သူတို့​အတွက် ပွဲလမ်းသဘင်​များစွာ စီစဉ်​ပေး​ခဲ့​ကြသည်။ အချို့​အချိန်ပိုင်း​တွင် ပိတ်ရက်​များသည် အလုပ်ဆင်း​ရသည့်​ရက်​နှင့်​အမျှ များ​၏။ ထို​ခေါင်းဆောင်​များသည် အစားအစာ​နှင့် ပြည်သူ​လူထု​၏​ဝမ်း​ကို​ဖြည့်​ပြီး ပွဲလမ်းသဘင်​များ​ဖြင့် သူတို့၏​စိတ်​ကို​ဖျော်ဖြေ​ရန် ပြည်​သူ့​ရန်ပုံငွေ​ကို အသုံးပြု​ခဲ့​ကြသည်။

၅၊ ၆။ (က) ခရစ်ယာန်​များ​အတွက် ရောမ​ပြဇာတ်ရုံ​များနှင့် လဟာပြင်​ဇာတ်ရုံ​များ​သို့ သွား​ကျင့်​ရှိ​ခြင်း​သည် အဘယ်ကြောင့်​မသင့်​လျော်​ခဲ့​သနည်း။ (ခ) အဘယ်​လှည့်​ကွက်​ကို စာတန်​အသုံးပြု​ခဲ့​သနည်း၊ ယင်းကို ခရစ်ယာန်​များ မည်သို့​ရှောင်နိုင်​သနည်း။

၎င်း​အခြေအနေ​သည် အစောပိုင်း​ခရစ်ယာန်​များ​အတွက် အန္တရာယ်​ရှိစေခဲ့​သလော။ တာတူလျန်​ကဲ့သို့၊ တမန်​တော်​များ​ခေတ်​နောက်ပိုင်း အသက်ရှင်ခဲ့​သော အစောပိုင်း​အချိန်​က စာရေး​ဆရာများ ရေးသားခဲ့​သည့် သတိပေး​ချက်​များ​ကို အကဲဖြတ်​ရ​လျှင် ထို​ခေတ်​မှ အပန်းဖြေမှု​အများအပြား​သည် ခရစ်ယာန်စစ်​များ​၏ ဝိညာဉ်​ရေး​နှင့် ကိုယ်ကျင့်တရား​အတွက် အန္တရာယ်​ပြု​ရာ​များနှင့် ပြည့်နှက်​နေ​၏။ တစ်ခု​တင်ပြ​ရ​လျှင် ပွဲလမ်းသဘင်​များနှင့် အားကစား​ပြိုင်ပွဲ​အများစု​သည် အယူမှား​ဘုရား​များ​ကို ဂုဏ်တင်​သည့်​ပွဲ​များ​ဖြစ်၏။ (၂ ကောရိန္သု ၆:၁၄-၁၈) ပြဇာတ်ရုံ​များ​၌​ရှုစား​ရသော သူတို့၏​ဂန္ထဝင်မြောက် ပြဇာတ်​အများ​၌​ပင်​လျှင် တရားလွန်​အကျင့်​ယိုယွင်းမှု သို့​မဟုတ် သွေးထွက်သံယို အကြမ်းဖက်မှု​များ ပါရှိ​သည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ပြည်သူ​လူထု​၏​အကြိုက်​သည် ဂန္ထဝင်မြောက်​ရာ​များ​အစား ကိုယ်ဟန်​အမူအရာ​ဖြင့် သရုပ်ဖော်​သော ညစ်ညမ်း​သည့် အဆို​အ​က​ပြက်လုံး​များ​ဖြစ်လာ​လေ​သည်။ ရှေးခေတ်​ရောမမြို့​ရှိ​နေ့စဉ်​ဘဝ​ဟူသော သမိုင်း​ဆရာ​ဂျရုမ်း ကာ​ကို​ပီ​နို​၏​စာအုပ်​တွင် သူက ဤသို့​ဆို​၏– “၎င်း​ပြဇာတ်​များ​တွင် ဇာတ်​မင်းသမီး​များသည် ဝတ်​လစ်​စား​လစ်​အခြေအနေ​အထိ အဝတ်အစား​ချွတ်​ခွင့်​ရှိပြီး . . . ဖောဖောသီသီ သွေး​သွန်း​ခဲ့​ကြသည်။ . . . [ဇာတ်မြူး] သည် မြို့တော်​သူ​မြို့တော်​သားများ စွဲမက်​သော စဉ်းလဲ​ဖောက်ပြန်မှု​ကို ကောင်းကောင်း​အသုံးချ တင်ဆက်​ခဲ့​သည်။ သူတို့သည် ထို​ပွဲ​များ​ကြောင့် စိတ်​မ​သိုး​မ​သန့်​မဖြစ်ခဲ့​ကြ​ချေ၊ အကြောင်း​မှာ လဟာပြင်​ဇာတ်ရုံ​ထဲ ရှုစား​ခဲ့​သော ထိတ်လန့်​ကြောက်မက်​ဖွယ် သတ်ဖြတ်မှု​များသည် သူတို့၏​စိတ်​သဘောထားကို ထုံထိုင်း​စေပြီး သူတို့၏​ပင်ကို​အသိစိတ်​ကို ဖောက်ပြန်​စေ​ခဲ့​သည်​မှာ ကြာမြင့်​ပေ​ပြီ။”—မဿဲ ၅:၂၇၊ ၂၈

လဟာပြင်​ဇာတ်ရုံ​များ​တွင် ဂ​လယ်​ဒီ​ယေ​တာ​သူရဲကောင်း​များသည် အချင်းချင်း​ကို​ဖြစ်စေ၊ သားရဲတိရစ္ဆာန်​ကို​ဖြစ်စေ သေ​သည့်​အထိ ထိုး​သတ်​ကြသည်၊ သို့​မဟုတ် အသတ်ခံ​ကြ​ရသည်။ ပြစ်ဒဏ်​စီရင်ခံ​ရသော ရာဇဝတ်သား​များနှင့် ခရစ်ယာန်​များစွာ​တို့​ပင် ရက်စက်​ကြမ်းကြုတ်​သော တိရစ္ဆာန်​များ​၏​အစာ​ဖြစ်​ခဲ့​ကြ​ရသည်။ ထို​အစောပိုင်း​ခေတ်​၌​ပင် စာတန့်​လှည့်​ကွက်​မှာ အကျင့်​ယိုယွင်းမှု​နှင့် အကြမ်းဖက်မှု​တို့ကို သာမန်​ကိစ္စ​အဖြစ် ရှုမြင်​စေပြီး လူကြိုက်များ​လာ​သည့်​အထိ ထို​အရာများ​အပေါ် လူတို့၏​မနှစ်မြို့​စိတ်​ကို ထုံထိုင်း​သွား​စေဖို့​ဖြစ်သည်။ အဆိုပါ​ထောင်ချောက်ကို​ရှောင်ရန် တစ်ခု​တည်း​သော​နည်းမှာ ပြဇာတ်ရုံ​များ၊ လဟာပြင်​ဇာတ်ရုံ​များ​သို့ မသွား​ခြင်း​ဖြစ်သည်။—၁ ကောရိန္သု ၁၅:၃၂၊ ၃၃

၇၊ ၈။ (က) ခရစ်ယာန်​တစ်ဦး​သည် မြင်းရထား​ပြိုင်ပွဲ​များ​သို့​သွားခြင်း​သည် အဘယ်ကြောင့်​ပညာ​မဲ့​ရာ​ရောက်မည်​နည်း။ (ခ) စာတန်​သည် ရောမ​ရေချိုးကန်​များ​အသုံးပြုပြီး ခရစ်ယာန်​များ​ကို မည်သို့​ထောင်ချောက်​ဆင်​နိုင်​ခဲ့​သနည်း။

အလျား​ရှည် အားကစားကွင်း​များ​တွင် ကျင်းပ​သည့် နှစ်​ဘီးတပ်​မြင်းရထား​ပြိုင်ပွဲ​များသည် အလွန်​စိတ်​လှုပ်ရှား​ဖွယ်​ဖြစ်​ခဲ့​ပေမည်၊ သို့သော် ပရိသတ်​သည် မကြာခဏ ကြမ်းတမ်း​တတ်လာ​ကြသော​ကြောင့် ထို​နေရာ​သည် ခရစ်ယာန်​များ​အတွက် မသင့်​တော်​ခဲ့​ချေ။ တတိယ​ရာစု​မှ စာရေး​ဆရာ​တစ်ဦး​က ပွဲ​ကြည့်​သူ​အချို့​သည် အချင်းချင်း​ထိုးကြိတ်​တတ်ကြ​သည်​ဟု ဖော်ပြ​ခဲ့​ပြီး ကာ​ကို​ပီ​နို​က ၎င်း​အားကစားရုံ အဆောက်အဦ​စင်္ကြံ​အောက်တွင် “နက္ခတ်​ဗေဒင်​ဆရာများ​နှင့် ပြည့်တန်ဆာ​များ​၏ လုပ်ငန်းခွင်​ရှိသည်” ဟု​ဆို​၏။ ရောမ​အားကစားကွင်း​များသည် ခရစ်ယာန်​များ​အတွက် လုံးဝ​မသင့်​တော်​သည်​မှာ ထင်ရှား​၏။—၁ ကောရိန္သု ၆:၉၊ ၁၀

ထင်ပေါ်​ကျော်ကြား​သည့် ရောမတို့​၏ ရေချိုးကန်​များ​ကော အသို့နည်း။ သန့်ရှင်း​စင်ကြယ်​ဖို့ ရေချိုးခြင်း​သည် အမှန်ပင်​မမှား​ပါ။ သို့သော် ရောမ​ရေချိုးကန်​အများ​မှာ အ​နှိပ်​ခန်း​များ၊ အားကစား​လေ့ကျင့်ခန်း​များ၊ လောင်းကစား​ခန်း​များနှင့် စားသောက်ခန်း​များ​ပါဝင်​သည့် အဆောက်အဦ​ကြီး​များ​ဖြစ်​ကြသည်။ ဤ​ရေချိုးကန်​များ​ကို သဘောတရား​အရ ကျား၊ မ​အတွက် အချိန်​သတ်မှတ် ခွဲပေး​ထား​သော်လည်း အများအားဖြင့် အတူတူ​ရောနှော​ချိုး​ကြ​ခြင်း​ကို ခွင့်ပြု​လေ့​ရှိသည်။ အလက်ဇန္ဒြီးယား​မြို့မှ က​လဲ​မ​င့်​က​ဤသို့​ရေးသားခဲ့​သည်– “ဤ​ရေချိုးကန်​များ​ကို အမျိုးသားများ​နှင့် အမျိုးသမီးများ ရောနှော​ရေချိုး​ဖို့ ဖွင့်ပေး​ထား​သည်; ထို​တွင် ကာ​မ​ဂုဏ်​လိုက်စားဖို့ ဝတ်​လစ်​စား​လစ်​နေကြ၏။” သို့ဖြင့် တရားဝင်​ဖွင့်​ထားသော အဆောက်အအုံ​တစ်ခု​ပင် ခရစ်ယာန်​များ​အတွက် စာတန်​အသုံးပြု​သော ထောင်ချောက်​တစ်ခု​ဖြစ်​နိုင်​သည်။ ပညာရှိ​သူများ​သည် အဆိုပါ​နေရာ​မျိုးကို ရှောင်​ခဲ့​ကြသည်။

၉။ အစောပိုင်း​ခရစ်ယာန်​များသည် အဘယ်​ထောင်ချောက်များ​ကို ရှောင်​ခဲ့​ကြ​ရသနည်း။

ရောမ​အင်ပါယာ အထွတ်အထိပ်​ရောက်ချိန်​၌ လူ​တို့​ဝါသနာ​အ​ပါ​ဆုံး​ကား လောင်းကစားခြင်း​ဖြစ်သည်။ အစောပိုင်း​ခရစ်ယာန်​များသည် ထို​ပြိုင်ပွဲ​ကွင်း​များ​သို့​မသွား​ခြင်း​ဖြင့် မြင်းရထား​ပြိုင်ပွဲ​များ​၌ အလောင်း​အစား​ပြုခြင်း​ကို ရှောင်နိုင်​ခဲ့​ကြသည်။ တည်းခိုခန်း​များနှင့် ထမင်း​ဆိုင်​များ​၏ အ​နောက်ခန်း​များ​တွင်​လည်း လောင်းကစား​ဝိုင်း​ငယ်​များ တရား​မဝင်​ကျင်းပ​ခဲ့​ကြသည်။ ကစား​သူများ​က အခြား​ကစား​သူ​တစ်ဦး​လက်ထဲ​ရှိ ကျောက်စရစ်​ခဲ​များ သို့​မဟုတ် သိုး​ခြေဖဝါး​ရိုး​ငယ်​များသည် စုံ​ဂဏန်း​လော မ​ဂဏန်း​လော​ဆို​သည်ကို အလောင်း​အစား​ပြု​ကြသည်။ လောင်းကစားခြင်း​ဖြင့် ငွေ​လွယ်လွယ်​ရနိုင်​ရာ လူ​တို့​စိတ်​ကို မြူး​ကြွ​စေ​သည်။ (ဧဖက် ၅:၅) ထို့​အပြင် အရက်​ဆိုင်​များ​တွင် အရက်​တည်​သည့် အမျိုးသမီးများ​မှာ အများအားဖြင့် ပြည့်တန်ဆာ​များ​ဖြစ်​ကြ​ရာ လိင်​အကျင့်​ယိုယွင်း​ဖို့ အန္တရာယ်​တိုးများ​စေ​သည်။ ၎င်းတို့မှာ ရောမ​အင်ပါယာ​၏​မြို့ကြီးပြကြီး​များ​ရှိ ခရစ်ယာန်​များ​အတွက် စာတန်​ဆင်​ထားသော ထောင်ချောက်​အချို့သာ​ဖြစ်၏။ ယနေ့​ကော အခြေအနေ​ကွဲပြား​ခြားနား​ပါသလော။

စာတန်​၏ မျက်မှောက်ခေတ်​ထောင်ချောက်များ

၁၀။ မျက်မှောက်ခေတ်​အခြေအနေ​သည် ရောမ​အင်ပါယာ​၌​ရှိခဲ့​သော အခြေအနေ​များနှင့် မည်သို့​ဆင်တူ​သနည်း။

၁၀ ရာစုနှစ်များ​တစ်လျှောက် စာတန်​၏​လှည့်​ကွက်​များသည် များသောအားဖြင့် မပြောင်းလဲ​ချေ။ တမန်​တော်​ပေါလု​သည် အကျင့်ပျက်​သော​ကောရိန္သု​မြို့​နေ ခရစ်ယာန်​များ​ကို ‘စာတန် အနိုင်​မယူ’ စေဖို့ သူတို့ကို​ပြင်းထန်​စွာ​ဆုံးမ​ခဲ့​သည်။ “[စာတန်​၏] အကြံအစည်​များ​ကို ငါ​တို့​သိ​ကြ​၏” ဟု​သူ​ဆို​သည်။ (၂ ကောရိန္သု ၂:၁၁) ဖွံ့ဖြိုး​တိုးတက်​သည့်​နိုင်ငံ​များစွာ​၏ မျက်မှောက်ခေတ်​အခြေအနေ​သည် ရောမ​အင်ပါယာ အထွတ်အထိပ်​ရောက်ချိန်​၌ ရှိခဲ့​သော​အခြေအနေ​နှင့် ဆင်တူ​သည်။ တစ်ခါ​နှင့်​မျှ​မတူ​အောင် လူအများ​၏ အားလပ်ချိန်​တိုးများ​လာ​သည်။ ထီ​ဖွင့်​ထားခြင်း​က ဆင်းရဲသား​များ​အတွက်​ပင် မျှော်လင့်ချက်​ရောင်ခြည်​ရှိစေသည်။ လူတို့၏​စိတ်အာရုံ​ကို​ဖမ်းစား​သည့် အပေါ​စား​အပန်းဖြေမှု အများအပြား​လည်း​ရှိသည်။ ဥပမာ၊ အားကစားရုံ​များသည် လူ​ပြည့်လျှံ​နေ​၏၊ လူ​တို့ အလောင်း​အစား​ပြု​နေကြ၏၊ ပရိသတ်​သည် တစ်ခါတစ်ရံ စိတ်​ပေါက်ကွဲ​ပြီး ပြင်းထန်​လာ​တတ်ကြ​၏၊ အားကစားသမား​များလည်း အကြမ်းဖက်​လေ့​ရှိကြသည်။ ယုတ်ညံ့​သော​တေးဂီတ​ကို နား​မဆံ့​အောင် ကြားနေ​ရ၏၊ ပြဇာတ်စင်​များ​သာမက ရုပ်ရှင်​နှင့် ရုပ်မြင်သံကြား​ဖန်သားပြင်​များ​ပေါ်​မှ ညစ်ညမ်း​သည့်​ပြကွက်​များ​ကို တင်ဆက်​နေကြ၏။ အချို့​နိုင်ငံ​များ​တွင် စော်​နာ​ခေါ် ရေ​နွေး​ငွေ့​ရေချိုးခန်း​များနှင့် ရေ​ပူ​စမ်း​များ​ရှိပြီး ဤ​နေရာများ​၌ ကျား၊ မ​ရော​၍ ရေချိုးခြင်း​သည် ခေတ်​စား​သည်၊ ကမ်းခြေ​အချို့​တွင် ဝတ်​လစ်​စား​လစ်​ရေချိုးခြင်း​လည်း​ရှိ၏။ ခရစ်ယာန်​ဘာသာ​၏ အစောပိုင်း​ရာစုနှစ်များ​မှာ​ကဲ့သို့ ယနေ့ စာတန်​သည် အပန်းဖြေနည်း​အမျိုးမျိုးဖြင့် ဘုရားသခင့်​ကျေးကျွန်​များ​ကို ကြိုးစား​သွေးဆောင်​ဖြားယောင်း​နေသည်။

၁၁။ စိတ်​ပြေ​လက်​ပျောက်​အပန်းဖြေ​လို​ခြင်း​တွင် အဘယ်​ထောင်ချောက်များ​ရှိ​သနည်း။

၁၁ ဤ​လောကတွင် ဖိစီးမှုများ​သည့်​အတွက် စိတ်​ပြေ​လက်​ပျောက် အပြောင်းအလဲ​တစ်မျိုး​တစ်​မည် ပြု​ရန်လို​အပ်​သည်​ဟု ယူမှတ်​ကြ​၏။ သို့သော် ရောမ​ရေချိုးကန်​များ​တွင် အစောပိုင်း​ခရစ်ယာန်​များ​အတွက် အန္တရာယ်​ဖြစ်စေ​နိုင်သော အခြေအနေ​များ​ရှိခဲ့​သကဲ့သို့ အားလပ်ရက်​အပန်းဖြေ အဆောက်အအုံ​နှင့် စခန်း​အချို့​သည် မျက်မှောက်ခေတ်​ခရစ်ယာန်​အချို့​ကို အကျင့်​ယိုယွင်း​စေဖို့၊ သောက်ကြူး​စေဖို့ စာတန်​အသုံးပြု​သော ထောင်ချောက်​ဖြစ်​ခဲ့ပြီ။ ကောရိန္သု​မြို့ရှိ ခရစ်ယာန်​များ​ထံ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “အ​လွဲ​မယူ​ကြ​နှင့်။ မကောင်းသော​သူတို့နှင့်​ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်၏။ တရား​သဖြင့်​နိုးကြ​လော့။ [မကောင်းမှု] ကို​မပြု​ကြ​နှင့်။ အချို့​သော​သူတို့သည် ဘုရားသခင်​ကို​မသိကြ။”—၁ ကောရိန္သု ၁၅:၃၃၊ ၃၄

၁၂။ ယနေ့ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ထောင်ချောက်​ဆင်​ဖို့ စာတန်​အသုံးပြု​သော လှည့်​ကွက်​အချို့​ကား အဘယ်နည်း။

၁၂ စဉ်းလဲ​ဉာဏ်​ကို စာတန်​အသုံးပြုပြီး ဧဝ​၏​အတွေးအခေါ် ပျက်ပြား​စေရန် မည်သို့​ပြု​ခဲ့​ကြောင်း ကျွန်ုပ်​တို့​တွေ့ခဲ့​ကြ​ရပြီ။ (၂ ကောရိန္သု ၁၁:၃) မျက်မှောက်ခေတ် စာတန့်​ကျော့ကွင်း​တစ်ခု​မှာ ယေဟောဝါသက်သေ​များသည် အခြားသူများ​ကဲ့သို့​ဖြစ်​ကြောင်း ကြိုးစား​တင်ပြ​မည်​ဆိုလျှင် ခရစ်ယာန်​အမှန်တရားကို လူ​အချို့​ကြိုက်​နှစ်သက်​လာ​လိမ့်​မည်​ဟု ခရစ်ယာန်​များ​ကို တွေးထင်​စေခြင်း​ဖြစ်သည်။ သို့သော် ထိုသို့​တင်ပြ​ကြ​ရာ​တွင် တစ်ခါတစ်ရံ လွန်သွား​ရာ ပြောင်းပြန်​ဖြစ်သွား​၏။ (ဟဂ္ဂဲ ၂:၁၂-၁၄) စာတန်​၏​လှည့်​ကွက်​နောက်တစ်ခု​မှာ နှစ်​ဘဝ​စံ​၍ ‘ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို စိတ်နာ​စေ’ ရန် ဆက်ကပ်​အပ်နှံ​ထားသော ခရစ်ယာန်​လူကြီး၊ လူငယ်များ​ကို အားပေးခြင်း​ဖြစ်သည်။ (ဧဖက် ၄:၃၀) ခရစ်ယာန်​အချို့​သည် အင်တာနက်​ကို အ​လွဲ​အသုံးပြုခြင်း​ဖြင့် ဤ​ထောင်ချောက်​ထဲ ကျော့မိ​ခဲ့​ကြပြီ။

၁၃။ အဘယ်​သို့​သော အန္တရာယ်​ဖုံးကွယ်​ထောင်ချောက်​သည် စာတန်​၏ စဉ်းလဲ​သည့်​လုပ်ရပ်​တစ်ခု​ဖြစ်သနည်း၊ နယပုံပြင်​ကျမ်း​မှ အဘယ်​ဆုံးမ​စကား​သည် ဤ​တွင် သင့်လျော်​သနည်း။

၁၃ စာတန်​၏​ထောင်ချောက်​နောက်တစ်ခု​မှာ အန္တရာယ်ကို​ဖုံးကွယ်​ထားသော မှော်အတတ်​ပညာ​ဖြစ်သည်။ အဘယ်​ခရစ်ယာန်စစ်​တစ်ဦးမျှ စာတန်​ဝါဒ သို့​မဟုတ် နတ်​ဝိဇ္ဇာ​အတတ်ပညာ​ကို တမင်​လိုက်စား​မည်​မဟုတ်ပါ။ သို့​တိုင် အချို့​သူတို့သည် အကြမ်းဖက်မှု သို့​မဟုတ် လျှို့ဝှက်​ဆန်းကြယ်သော​အတတ်ပညာ​များ​ကို အသားပေး​ဖော်ပြ​သည့် ရုပ်ရှင်​များ၊ ရုပ်မြင်သံကြား​ဇာတ်လမ်းတွဲ​များ၊ ဗွီဒီယို​ဂိမ်း​များ၊ ကလေးငယ်​များ​ဖတ်​သည့် စာအုပ်​များ၊ ရုပ်​ပြ​ကာတွန်း​များ​ကို​မူ အမှုမဲ့​အမှတ်မဲ့​ထား​တတ်ကြ​သည်။ မှော်အတတ်​ပညာ​အရိပ်​အငွေ့​ပါ​သော မည်သည့်​အရာ​ကို​မဆို ဝေးဝေးရှောင်​ဖို့​လို​သည်။ ပညာရှိ​စကားပုံ​က ဤသို့​ဆို​၏– “သဘော​ကောက်​သော​သူ​သွားရာလမ်း​၌ ဆူးပင်​များနှင့် ကျော့ကွင်း​များ​ရှိ​တတ်၏။ မိမိ​စိတ်​ဝိညာဉ်​ကို စောင့်ရှောက်သော​သူ​မူ​ကား ဝေး​စွာ​ရှောင်​သွား​လိမ့်​မည်။” (သု. ၂၂:၅) စာတန်​သည် “ဤ​လောကကို​အစိုးရ​သော​ဘုရား” ဖြစ်သော​ကြောင့် အလွန်​ရေပန်းစား​သော မည်သည့်​အရာ​မဆို​သည် မသိမသာ​နှင့် သူ၏​ထောင်ချောက်​တစ်ခု​ဖြစ်​နိုင်​သည်။—၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၂:၁၅၊ ၁၆

စာတန်​ကို ယေရှု​တားဆီး​ခဲ့

၁၄။ စာတန်​၏​ပထမဦးဆုံး​သွေးဆောင်မှု​ကို ယေရှု​မည်သို့​တွန်းလှန်​ခဲ့​သနည်း။

၁၄ စာတန်​ကို တားဆီး၍ ထွက်သွား​စေ​ခဲ့​ရာ​တွင် ယေရှုသည် ကောင်းသော​ပုံသက်သေ​ပြ​ခဲ့​သည်။ နှစ်ခြင်း​ခံ​ပြီး​၍ ရက် ၄၀ အစာရှောင်​ပြီး​နောက် ယေရှုသည် စာတန်​၏​စုံစမ်း​သွေးဆောင်ခြင်း​ကို ခံ​ခဲ့​ရသည်။ (မဿဲ ၄:၁-၁၁) အစာရှောင်​ပြီး​နောက် ယေရှု ဆာလောင်​နေ​မည်​ကို အခွင့်ကောင်း​ယူ​ကာ ပထမ​အကြိမ်​သွေးဆောင်​ခဲ့​သည်။ အ​ဆာ​ပြေစေ​ရန် ယေရှု၏​ပထမ​ဆုံး အံ့ဖွယ်အမှု​ကို​ပြုလုပ်​ဖို့ ကိုယ်တော်​အား စာတန်​သွေးဆောင်​ခဲ့​သည်။ ထို​အခါ ယေရှုသည် တရားဟောရာ ၈:၃ ကိုကိုး​ကား​လျက် မိမိ၏​တန်ခိုး​ကို ကိုယ်ကျိုး​အတွက်​အသုံးပြုရန် ငြင်းဆို​ပြီး ကာယ​အစာ​ထက် ဝိညာဉ်​အစာကို ဦးစား​ထားခဲ့​သည်။

၁၅။ (က) ယေရှုကို​သွေးဆောင်​ရန် အဘယ်​သဘာဝ​ဆန္ဒ​ကို စာတန်​အသုံးချ​ခဲ့​သနည်း။ (ခ) ယနေ့ ဘုရားသခင်​၏​ကျေးကျွန်​များ​ကို ဖျက်ဆီး​ဖို့ စာတန်​အဓိက​အသုံးပြုသည့် စဉ်းလဲ​သော​နည်း​ကား အဘယ်နည်း၊ သို့သော် သူ့ကို ကျွန်ုပ်​တို့​မည်သို့​တားဆီး​နိုင်​သနည်း။

၁၅ ဤ​သွေးဆောင်မှု​နှင့်​ပတ်သက်​၍ စိတ်ဝင်စားစရာ​မှာ ယေရှု​အား လိင်ဆိုင်ရာ​ပြစ်မှု​ပြု​ရန် စာတန်​မတိုက်တွန်း​ခဲ့​ခြင်း ဖြစ်သည်။ ဤ​ဖြစ်ရပ်​တွင် ယေရှု​အား​သွေးဆောင်​ရာ​၌ အသုံးပြုရန် အပြင်းထန်ဆုံး​သွေးသား​ဆန္ဒ​မှာ ဓမ္မတာ​အရ အစာကို​တောင့်တ​သော ဆာလောင်မှု​ဖြစ်ပုံရ​သည်။ ယနေ့ ဘုရားသခင့်​လူမျိုးတော်ကို ဖြားယောင်း​ရန် အဘယ်​နည်းဖြင့် စာတန်​သွေးဆောင်​သနည်း။ သွေးဆောင်မှုများ​စွာ​နှင့် အမျိုးမျိုး​ရှိသော်လည်း ယေဟောဝါ​လူမျိုးတော်​၏ သမာဓိကို​ချိုးဖျက်​ဖို့ ကြိုးစား​ရာ​တွင် သူ​အဓိက​အသုံးပြုသည့် စဉ်းလဲ​သော​လုပ်ရပ်​မှာ လိင်ဆိုင်ရာ​သွေးဆောင်မှုများ​ဖြစ်သည်။ ယေရှု​အား​တုပခြင်း​ဖြင့် စာတန်​ကို ကျွန်ုပ်​တို့​တားဆီး၍ သွေးဆောင်မှုများ​ကို တွန်းလှန်​နိုင်​ပါ​သည်။ ယေရှုသည် သက်ဆိုင်ရာ​ကျမ်းချက်​များ​ကို ပြန်​မှတ်မိ​ခြင်း​အားဖြင့် စာတန်​၏​အားထုတ်မှု​များ ပျက်ပြား​သွား​စေ​ခဲ့​သည်​နည်းတူ ကျွန်ုပ်​တို့​သွေးဆောင်​ခံရသော​အခါ ကမ္ဘာဦး ၃၉:၉ နှင့် ၁ ကောရိန္သု ၆:၁၈ ကဲ့သို့​သော ကျမ်းချက်​များ​ကို ပြန်သတိရ​နိုင်​သည်။

၁၆။ (က) ဒုတိယ​အကြိမ်​တွင် ယေရှုကို စာတန် မည်သို့​သွေးဆောင်​ခဲ့​သနည်း။ (ခ) ယေဟောဝါ​ကို​အစုံအစမ်းပြု​ရန် အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့ကို စာတန်​သွေးဆောင်​နိုင်​သနည်း။

၁၆ ထို့နောက် စာတန်​သည် ယေရှုကို ဝတ်ပြုရာ​အိမ်တော်​တံတိုင်း​မှ​ခုန်ချ​ကာ ကောင်းကင်တမန်​များ​အားဖြင့် ဘုရားသခင်​၏​ကာကွယ်​နိုင်စွမ်း​ကို စမ်းသပ်​ဖို့ စိန်ခေါ်​ခဲ့​သည်။ ယေရှုသည် တရားဟောရာ ၆:၁၆ ကိုကိုး​ကား​လျက် ခမည်းတော်​အား အစုံအစမ်းပြု​ဖို့ ငြင်းဆို​ခဲ့​သည်။ ဝတ်ပြုရာ​အိမ်တော်​တံတိုင်း​မြင့်​မှ​ခုန်ချ​ဖို့ ကျွန်ုပ်​တို့ကို စာတန်​သွေးဆောင်​မည်​မဟုတ်သော်လည်း ယေဟောဝါ​အား အစုံအစမ်းပြု​ရန် ကျွန်ုပ်​တို့ကို​သွေးဆောင်​နိုင်​သည်။ ဆုံးမခြင်း​မခံရ​ဘဲ မည်မျှ​အထိ လောက​ဆန်​ဆန်​ဝတ်စား​ဆင်ယင်​ရန် စမ်း​ကြည့်​ဖို့ သွေးဆောင်​ခံရ​ပါသလော။ သို့​မဟုတ် ဒွိဟ​ဖြစ်ဖွယ်​အပန်းဖြေမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​သွေးဆောင်​ခံရ​ပါသလော။ သို့​ဖြစ်​လျှင် ယေဟောဝါ​ကို ကျွန်ုပ်​တို့​အစုံအစမ်းပြု​ရာ​ရောက်​နိုင်​သည်။ ထိုသို့​သော​စိတ်ဆန္ဒ​များ ကျွန်ုပ်​တို့​၌​ရှိ​မည်​ဆိုလျှင် စာတန်​သည် ကျွန်ုပ်​တို့​ထံ​မှ​ထွက်ပြေး​မည့်​အစား ကျွန်ုပ်​တို့​နှင့် မခွဲမခွာ​နေပြီး သူ၏​ဘက်တော်သား​ဖြစ်​ဖို့ မပြတ်​ကြိုးစား​သွေးဆောင်ပါ​လိမ့်​မည်။

၁၇။ (က) တတိယ​အကြိမ်​တွင် ယေရှုကို စာတန် မည်သို့​သွေးဆောင်​ခဲ့​သနည်း။ (ခ) ယာကုပ် ၄:၇ သည် ကျွန်ုပ်​တို့အတွက် မည်သို့​မှန်ကန်​နိုင်​မည်​နည်း။

၁၇ တစ်ကြိမ်​သာ ဦးချ​ဝတ်ပြု​မည်​ဆိုလျှင် ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​ပေး​မည်​ဟု စာတန်​ဆို​သောအခါ ယေရှုသည် ကျမ်းချက်​ကို တစ်ဖန်​ကိုးကား​ပြီး သူ့ကို​တားဆီး​ခဲ့​၏၊ သို့ဖြင့် ခမည်းတော်​ကို​သာ ဝတ်ပြု​ကိုးကွယ်​ခြင်း​ဘက် မားမားမတ်မတ်​ရပ်တည်ခဲ့​သည်။ (တရားဟောရာ ၅:၉; ၆:၁၃; ၁၀:၂၀) စာတန်​သည် ဤ​လောက​တစ်နိုင်ငံ​လုံး​ကို ကျွန်ုပ်​တို့အား ကမ်း​လှမ်း​ချင်​မှ ကမ်း​လှမ်း​ပေမည်၊ သို့သော် ကိုယ်ပိုင်​နိုင်ငံငယ်​လေး​တစ်ခု​ကို မြင်ယောင်မိ​သည့်​အထိ ဖိတ်ဖိတ်တောက်​ရုပ်ပစ္စည်း​များနှင့် ကျွန်ုပ်​တို့ကို မပြတ်​မြှူဆွယ်​နေပါ​သည်။ ယေရှု​ကဲ့သို့ ကျွန်ုပ်​တို့​တုံ့ပြန်​ပါသလော၊ ယေဟောဝါ​အား အကြွင်းမဲ့​ဆက်ကပ်​ဝတ်ပြုပါ​သလော။ ထိုသို့​ပြု​ပါ​က ယေရှု​အဖြစ်မျိုး​ကို ကျွန်ုပ်​တို့​ကြုံတွေ့​ရ​ပါ​လိမ့်​မည်။ မဿဲ​က “ထို​အခါ [စာတန်] သည် အထံတော်​မှ​ထွက်သွား” သည်​ဟု မှတ်တမ်းတင်​၏။ (မဿဲ ၄:၁၁) ကျွန်ုပ်​တို့သည် သက်ဆိုင်ရာ​ကျမ်းစာ​မူများ​ကို ပြန်သတိရ​ပြီး လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် အခိုင်အမာ​ရပ်တည်​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ထံ​မှ စာတန်​ထွက်သွား​ပါ​လိမ့်​မည်။ တပည့်တော်​ယာကုပ်​က “[စာတန်] ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က ပြေး​သွား​လိမ့်​မည်” ဟု​ရေးခဲ့​သည်။ (ယာကုပ် ၄:၇) ပြင်သစ်​နိုင်ငံ​ဌာနခွဲရုံး​သို့ ခရစ်ယာန်​တစ်ဦး ဤသို့​ရေးသားခဲ့​သည်– “စာတန် တကယ့်ကို​စဉ်းလဲ​ဉာဏ်​များတယ်။ ကျွန်တော် အတတ်နိုင်ဆုံး​ကြိုးစား​တဲ့​ကြားထဲ​က ကျွန်တော့်​ရဲ့​ခံစားချက်​တွေ၊ ကျွန်တော့်​ရဲ့​လိုအင်ဆန္ဒ​တွေ​ကို ချွန်းအုပ်​ဖို့ တော်တော်လေး အခက်တွေ့​တယ်။ ဒါပေမဲ့၊ ရဲစွမ်းသတ္တိ၊ စိတ်ရှည်မှု​နဲ့ အရေး​အကြီးဆုံး​က​တော့ ယေဟောဝါ​ရဲ့​အကူအညီ​ကြောင့် ကျွန်တော်​အောင်​မြင်ခဲ့​ပြီး အမှန်တရား​ဘက် မြဲ​မြဲ​ရပ်တည်​နိုင်​ခဲ့ပြီ။”

စာတန်​ကို​တားဆီး​ရန် အပြည့်အစုံ​ဝတ်ဆင်​ထား

၁၈။ စာတန်​ကို​တွန်းလှန်​တားဆီး​ရန် အဘယ်​ဝိညာဉ်​ရေး​လက်နက်စုံ​ကို ကျွန်ုပ်​တို့​ရထား​သနည်း။

၁၈ “[စာတန်] ၏​ပရိယာယ်​တို့ကို ဆီးတား” နိုင်​ရန် ဝိညာဉ်​ရေး​လက်နက်​အပြည့်အစုံကို ကျွန်ုပ်​တို့အား ယေဟောဝါ​ပေး​ထား​တော်​မူ​ပြီ။ (ဧဖက် ၆:၁၁-၁၈) အမှန်တရားကို ကျွန်ုပ်​တို့​ချစ်​မြတ်နိုးသည့်​အတွက် ကျွန်ုပ်​တို့၏​ခါးပန်း​ကို စည်းထား​နိုင်​မည်​ဖြစ်သည်၊ တစ်နည်း​အားဖြင့် ခရစ်ယာန်​လုပ်ဆောင်မှု​အတွက် ကျွန်ုပ်​တို့ အသင့်​ရှိ​နေပါ​လိမ့်​မည်။ ယေဟောဝါ​၏ ဖြောင့်မတ်​သော​စံနှုန်း​များ​ကို​စွဲကိုင်​ထား​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​သည့်​အတွက် ၎င်း​သည် ကျွန်ုပ်​တို့၏​နှလုံးကို​ကာကွယ်​ပေး​သည့် ရင်အုပ်တန်ဆာ​နှင့် တူ​ပါ​လိမ့်​မည်။ သတင်းကောင်း​ဖိနပ်​ကို ကျွန်ုပ်​တို့​စီး​ထား​ကြ​မည်​ဆိုလျှင် ဟောပြောခြင်း​လုပ်ငန်း​တွင် မှန်မှန်​ပါဝင်​ပါ​လိမ့်​မည်၊ ယင်းက ကျွန်ုပ်​တို့ကို ဝိညာဉ်​ခွန်အား​ရှိစေပြီး အကာအကွယ်​ပေး​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​ခိုင်ခံ့​သော ယုံကြည်ခြင်း​သည် ဒိုင်းလွှား​ကြီး​ပ​မာ​ဖြစ်​ကာ “[စာတန်] ပစ်ခတ်​သော​မီးစက်​လက်နက်” ဖြစ်သည့် သူ၏​စဉ်းလဲ​သော​တိုက်ခိုက်မှု​များနှင့် သွေးဆောင်မှုများ​မှ ကာကွယ်​ပေး​ပါ​လိမ့်​မည်။ ယေဟောဝါ​၏​ကတိတော်​များ ပြည့်စုံ​မည်​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​သည့်​အတွက် ကျွန်ုပ်​တို့၏​စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ကို ကာကွယ်​ပြီး စိတ်​ငြိမ်သက်မှု​ပေး​သော သံခမောက်​နှင့်​တူ​ပါ​လိမ့်​မည်။ (ဖိလိပ္ပိ ၄:၇) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့​ကျွမ်းကျင်​လိမ္မာ​စွာ ကိုင်တွယ်​တတ်​မည်​ဆိုလျှင် ယင်းသည် စာတန်​၏ ဝိညာဉ်​ရေး​ကျွန်​အဖြစ်​မှ လူ​တို့ကို​လွတ်မြောက်​စေသော ဓား​ကဲ့သို့​ဖြစ်ပါ​လိမ့်​မည်။ ယေရှုသည် သွေးဆောင်​ခံရ​ချိန်​တွင် ၎င်းကို​အသုံးပြု​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​ကိုယ်ကို ခုခံ​ကာကွယ်​ဖို့​လည်း ၎င်းကို​အသုံးချ​နိုင်​ပါ​သည်။

၁၉။ ‘စာတန်​ကို​ဆီးတား’ ခြင်း​အပြင် အဘယ်အရာ​ပြု​ရမည်​နည်း။

၁၉ ကျွန်ုပ်​တို့သည် “ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော​လက်နက်စုံ” ကို​ဝတ်ဆင်​ထားပြီး အဆက်မပြတ်​ဆုတောင်းခြင်း​အားဖြင့် စာတန်​တိုက်ခိုက်​သောအခါ ယေဟောဝါ​၏​ကာကွယ်​မှု​ရမည်ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ (ယောဟန် ၁၇:၁၅; ၁ ကောရိန္သု ၁၀:၁၃) သို့သော် ‘စာတန်​ကို​ဆီးတား’ ရုံ​နှင့်​မလုံလောက်​ကြောင်း ယာကုပ်​ဖော်ပြ​ခဲ့​သည်။ အရေး​အကြီးဆုံး​မှာ ကျွန်ုပ်​တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သော “ဘုရားသခင်​၏ အုပ်စိုးတော်မူခြင်း​ကို ဝန်ခံ​ကြ” ရမည်။ (ယာကုပ် ၄:၇၊ ၈သမ္မာ) ထိုသို့​မည်သို့​ပြု​နိုင်​ကြောင်းကို နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• အစောပိုင်း​ခရစ်ယာန်​များသည် စာတန်​၏ အဘယ်​ထောင်ချောက်များ​ကို ရှောင်​ခဲ့​ကြ​ရသနည်း။

• ယနေ့၊ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို ထောင်ချောက်​ဆင်​ဖို့ အဘယ်​စဉ်းလဲ​သော​လုပ်ရပ်များ​ကို စာတန်​အသုံးပြု​သနည်း။

• ယေရှုသည် စာတန်​၏​သွေးဆောင်မှုများ​ကို မည်သို့​တားဆီး​ခဲ့​သနည်း။

• အဘယ်​ဝိညာဉ်​ရေး​လက်နက်စုံ​က ကျွန်ုပ်​တို့အား စာတန်​ကို​တားဆီး​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စာတန်​ကို ယေရှု ပြတ်ပြတ်သားသား​တားဆီး​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပထမ​ရာစု​ခရစ်ယာန်​များသည် အကြမ်းဖက်​၍ အကျင့်​ယိုယွင်းသော​ဖျော်ဖြေမှု​များ​ကို ငြင်းပယ်​ခဲ့​ကြ

[Credit Line]

The Complete Encyclopedia of Illustration/J. G. Heck