စာတန် ဒဏ္ဍာရီလော၊ အမှန်တကယ်တည်ရှိသည့် မကောင်းဆိုးဝါးလော
စာတန် ဒဏ္ဍာရီလော၊ အမှန်တကယ်တည်ရှိသည့် မကောင်းဆိုးဝါးလော
အစောပိုင်းအချိန်ကတည်းက စဉ်းစားတတ်သူများသည် မကောင်းမှု၏ရင်းမြစ်ကို စိတ်ဝင်စားခဲ့ကြသည်။ ဂျိမ်းစ် ဟေစတင်၏ ကျမ်းစာအဘိဓာန်တွင် ဤသို့ဖော်ပြသည်– “လူမှန်းသိတတ်စအချိန်မှစ၍ လူသည် အန္တရာယ်ပြုသော သို့မဟုတ် အဖျက်သြဇာသက်ရောက်စေသည့် မထိန်းချုပ်နိုင်သော အင်အားစုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။” ထိုအကိုးအကားစာအုပ်ကပင် ဤသို့လည်းဆိုသည်– “အစောပိုင်းလူတို့သည် ပင်ကိုအသိစိတ်ဖြင့် အကြောင်းရင်းများ ကိုကြိုးစားရှာဖွေကြပြီး သဘာဝ၏အင်အားစုများနှင့် အခြားထင်ရှားပြသရာများကို ဂုဏ်သတ္တိ သဘောတရားအဖြစ် အနက်ဖွင့်ဆိုခဲ့ကြ၏။”
သမိုင်းပညာရှင်များ၏အဆိုအရ နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများကို ယုံကြည်ခြင်းသည် အစောဆုံး မက်ဆိုပိုတေးမီးယားသမိုင်းတွင် တွေ့ရှိနိုင်၏ဟုဆိုသည်။ မြေအောက်ကမ္ဘာ သို့မဟုတ် “ပြန်လမ်းမရှိတိုင်းပြည်” ကို “မီးရှို့သူ” ဟုခေါ်သည့် ရက်စက်ကြမ်းတမ်းသော နာရဂါလနတ်ဘုရား အုပ်ချုပ်သည်ဟု ရှေးဗာဗုလုန်တို့ ယုံကြည်ခဲ့ကြသည်။ သူတို့သည် နတ်ဆိုးများကိုလည်း ကြောက်ရွံ့ကြပြီး ဂါထာရွတ်ဆိုခြင်းအားဖြင့် နတ်ဆိုးများ စိတ်ကျေနပ်စေရန် ကြိုးစားကြ၏။ အီဂျစ်ဒဏ္ဍာရီပေါင်းချုပ်တွင် ဆက်တ်သည် ဆိုးသွမ်းမှု၏နတ်ဘုရားဖြစ်ပြီး သူ့ကို “သေးသွယ်ကောက်ကွေးသောနှုတ်သီး၊ ဖြောင့်စင်းပြီး လေးထောင့်ပုံနားရွက်နှင့် မာတောင့်သည့် အမြီးနှစ်ခွရှိသော ကိုးရိုးကားရားနိုင်သော သားရဲနှင့် ပုံခိုင်းထားသည်။”—လာရုစ်ဒဏ္ဍာရီစွယ်စုံကျမ်း။
ဂရိနှင့်ရောမတို့တွင် သဘောကောင်းသော နတ်ဘုရားများနှင့် မကောင်းဆိုးဝါးနတ်ဘုရားများ ရှိကြသော်လည်း ပိုမိုသာလွန်သော နတ်ဆိုးရှင်ဟူ၍မရှိချေ။ သူတို့၏အတွေးအခေါ်ပညာရှင်များက ဆန့်ကျင်ဘက်သဘောတရား နှစ်ခုရှိ၏ဟု သွန်သင်ပေးခဲ့ကြသည်။ အင်မ်ပက်ဒကလက်ဇ်အတွက် ထိုသဘောတရားနှစ်ခုမှာ ချစ်ခြင်းမေတ္တာနှင့် မုန်းတီးခြင်းဖြစ်၏။ ပလေတိုအတွက်မူ ကမ္ဘာပေါ်တွင် ကောင်းသောဝိညာဉ်နှင့် ဆိုးသောဝိညာဉ်ဟူ၍ “ဝိညာဉ်” နှစ်မျိုးရှိသည်။ ဂျော့ဂျ် မီန်ဝါးသည် သူ၏စာအုပ် လာ ဒါယားဘယ်လ် (စာတန်) တွင်ဖော်ပြသည့်အတိုင်း “ဂန္ထဝင် [ဂရိ-ရောမ] အယူမှားဘာသာတရား၌ နတ်ဆိုးမင်း မရှိချေ။”
အီရန်နိုင်ငံမှ ဇိုရိုအက်စ်ထရီယန်ဝါဒက နတ်ဘုရားကြီး အာဟူရာ မာဆာဒါ သို့မဟုတ် အောရ်မာဇ်က မကောင်းမှုပြုရန် ရွေးချယ်ဆုံးဖြတ်ခဲ့သဖြင့် အဖျက်သမားဖြစ်လာသူ အန်ဂါရ် မစ်န်ယူ သို့မဟုတ် အာရစ်မာန်ကို ဖန်ဆင်းခဲ့၏ဟု သွန်သင်ခဲ့သည်။
ယုဒဘာသာတွင် စာတန်ကို အပြစ်အစပြုခဲ့သော ဘုရားသခင်၏ရန်သူအဖြစ် ရိုးရိုးလေးဖော်ပြ၏။ သို့သော် ရာစုနှစ်များစွာကုန်လွန်လေသော် ၎င်းသည် အယူမှားအယူအဆများနှင့် စွန်းထင်းလာလေသည်။ “ဘီ.စီ.အီး. နောက်ဆုံးရာစုနှစ်များတိုင်သော် . . . အကြီးအကျယ်ပြောင်းလဲလာခဲ့သည်။ အဆိုပါ [ဂျူး] ဘာသာရေးအချိန်တွင် . . . ဘုရားသခင်နှင့် ကောင်းမှုများ၊ ထို့အပြင် အမှန်တရားတို့ကို ကောင်းကင်နှင့် မြေကြီးပေါ်တွင် တန်ခိုးရှိသော မကောင်းမှုနှင့်လှည့်ဖြားမှု စွမ်းအားများက ယှဉ်ပြိုင်တိုက်လှန်သည်ဟူသော အပြိုင်နှစ်ပါး၏စရိုက်များစွာကို လက်ခံခဲ့ကြသည်။ ဤအယူအဆသည် ပါရှန်းဘာသာတရား၏ လွှမ်းမိုးမှုအောက်တွင် ဖြစ်ပေါ်လာပုံရှိ၏” ဟုဂျူဒေကာစွယ်စုံကျမ်းက ဖော်ပြ၏။ ဂျူးစွယ်စုံကျမ်းအကျဉ်းချုပ်က ဤသို့ဆိုသည်– “ပညတ်တော်များကို လိုက်လျှောက်ပြီး အဆောင်လက်ဖွဲ့များ ဆောင်ထားခြင်းဖြင့် နတ်ဆိုးရန်မှ ကာကွယ်နိုင်သည်။”
အယူဖောက်ပြန်သော ခရစ်ယာန်ဓမ္မပညာ
ဂျူးဘာသာသည် စာတန်၊ နတ်ဆိုးများနှင့်ပတ်သက်ပြီး ကျမ်းစာတွင်မပါသော အယူအဆများကို ခံယူသကဲ့သို့ အယူဖောက်ပြန်သော ခရစ်ယာန်များသည်လည်း ကျမ်းစာနှင့်မညီသော ယူဆချက်များကို ဖြစ်ပေါ်စေခဲ့၏။ အဲန်ခါရ်သမ္မာကျမ်းစာအဘိဓာန်က ဤသို့ဆိုသည်– “တစ်ဖက်စွန်းရောက် ဘာသာရေးအယူအဆတစ်ခုမှာ ဘုရားသခင်သည် ကိုယ်တော်၏လူမျိုးတော်ကို လွတ်မြောက်စေရန် စာတန်ကို အခပေးခဲ့သည်ဟူ၏။” ဤယူဆချက်ကို အိုင်ရီနီအာစ် (စီ.အီး. ဒုတိယရာစု) ကစတင်ခဲ့သည်။ ဩရီဂျင် (စီ.အီး. တတိယရာစု) ကထိုယူဆချက်ကို ကိုးကားဖော်ပြသည်၊ သူက “စာတန်သည် လူသားများအပေါ် တရားဝင်ပိုင်ဆိုင်မှုကို တောင်းဆိုခဲ့သည်” ဟုဆိုခဲ့ပြီး “ခရစ်တော်၏သေခြင်းကို . . . စာတန်အား ပေးဆက်သည့် ရွေးနုတ်ဖိုးအဖြစ်” မှတ်ယူခဲ့၏။—အဒေါ့ဖ် ဟားနာခ်၏ ခြေမြစ်သည့်မူလတရားရင်းသမိုင်း။
ကက်သလစ်စွယ်စုံကျမ်းအရ “အနှစ်တစ်ထောင်ခန့်အထိ [စာတန်ကို ရွေးနုတ်ဖိုး ပေးဆက်သည်ဟူသော ယူဆချက်သည်] ဓမ္မပညာရပ်သမိုင်းတွင် အရေးကြီးကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ခဲ့ပြီး၊” ယင်းသည် ချာ့ခ်ျခံယူချက်တွင် ပါဝင်သည်ဟု ဆက်ဆိုကြ၏။ စာတန်အား ရွေးနုတ်ဖိုး ပေးဆက်သည်ဟူသော အယူအဆကို ဩဂတ်စတင်း (စီ.အီး. စတုတ္ထ-ပဉ္စမရာစုနှစ်များ) အပါအဝင် အခြားချာ့ခ်ျဖခင်များကလည်း ခံယူခဲ့ကြသည်။ စီ.အီး. ၁၂ ရာစုနှစ်တိုင်လေသော် ကက်သလစ်ဓမ္မပညာရှင်များဖြစ်ကြသည့် အင်န်ဆဲမ်နှင့် အဗီလာတ်တို့က ခရစ်တော်၏ပူဇော်ရာယဇ်သည် စာတန်ကိုမဟုတ်ဘဲ ဘုရားသခင်အား ဆက်သသည်ဟု နောက်ဆုံး၌ ကောက်ချက်ချခဲ့ကြ၏။
အလယ်ခေတ်အယူသီးမှုများ
ကက်သလစ်ချာ့ခ်ျကောင်စီအများစုက စာတန်အကြောင်းကို ထူးထူးခြားခြား နှုတ်ဆိတ်နေကြသော်လည်း စီ.အီး. ၁၂၁၅ ခုနှစ်တွင် စတုတ္ထမြောက် လက်တရင်ကောင်စီက ကက်သလစ်စွယ်စုံကျမ်းသစ် ဟုခေါ်ဆိုသည့် “ယုံကြည်ခြင်းဆိုင်ရာ အထူးကြေညာချက်” တစ်ရပ်ကို ထုတ်ဆင့်ခဲ့သည်။ စာစု ၁ ကဤသို့ဆိုသည်– “ဘုရားသခင်သည် စာတန်နှင့် အခြားနတ်ဆိုးများကို ဖန်ဆင်းစဉ်က သူတို့သည် ကောင်းခဲ့ကြသော်လည်း သူတို့ဘာသာသူတို့ ဆိုးသွမ်းလာကြ၏။” သူတို့သည် လူတို့ကို ကြိုးစားသွေးဆောင်ရန် အလုပ်များလျက်ရှိကြ၏ဟု ထိုစာစုက ထပ်ဆင့်ဆိုသည်။ အလယ်ခေတ်အတွင်း အဆိုပါဒုတိယယူဆချက်ကို လူအများ စွဲလမ်းခဲ့ကြသည်။ အမည်မသိရောဂါ၊ ရုတ်တရက်သေဆုံးမှု၊ သီးနှံအထွက်တိုးလျော့နည်းမှု အစရှိသည့် ထူးဆန်းပုံရသော တစ်စုံတစ်ရာ၏နောက်ကွယ်တွင် စာတန်ရှိခဲ့သည်။ စီ.အီး. ၁၂၃၃ ခုနှစ်တွင် စတုတ္ထမြောက် ပုပ်ရဟန်းမင်း ဂရယ်ဂရီသည် စာတန်ကို ကိုးကွယ်သူများဟု ယူမှတ်ခဲ့ကြသည့် လူစီဖာနောက်လိုက်များအပါအဝင် အယူမှားသူများကို ဆန့်ကျင်သော စာချွန်လွှာများစွာ ထုတ်ပြန်ခဲ့၏။
စာတန် သို့မဟုတ် သူ၏နတ်ဆိုးများက လူတို့ကို ဝင်စီးနိုင်သည်ဟု ယုံကြည်လာကြသည့်အတွက် စိတ်ကယောင်ချောက်ချားဖြစ်ကာ စုန်းကဝေအတတ်ပညာကို ကြောက်ရွံ့လာကြလေသည်။ ၁၃ ရာစုနှစ်မှ ၁၇ ရာစုနှစ်အထိ စုန်းမများကို ကြောက်ရွံ့ခြင်းသည် ဥရောပတစ်ခွင် ပျံ့နှံ့သွားပြီး ဥရောပကိုလိုနီနိုင်ငံသားများအပါအဝင် မြောက်အမေရိကသို့ ရောက်ရှိသွားလေသည်။ ပရိုတက်စတင့် ပြုပြင်ပြောင်းလဲရေးသမားများဖြစ်ကြသည့် မာတင် လူသာနှင့် ဂျွန် ကယ်လ်ဗင်တို့ပင် စုန်းမများ ဖမ်းဆီးခြင်းကို ထောက်ခံအားပေးခဲ့၏။ ဥရောပတွင် သာသနာရေးရုံးနှင့် လောကတရားရုံးများကပါ ကောလာဟလသတင်းဖြင့်၊ သို့မဟုတ် မလိုတမာစိတ်ဖြင့် ထုတ်ဖော်ပြောဆိုသော စွပ်စွဲချက်များကို အခြေပြုပြီး စုန်းမများဟုတ်မဟုတ် စစ်ဆေးခဲ့ကြသည်။ “အပြစ်” ရှိပါသည်ဟု ဝန်ခံစေရန် အများအားဖြင့် ညှဉ်းပန်းနှိပ်စက်လေ့ရှိ၏။
အပြစ်ရှိကြောင်း တွေ့ရှိသူများကို မီးရှို့ခြင်းဖြင့်လည်းကောင်း၊ အင်္ဂလန်နိုင်ငံနှင့် စကော့တလန်နိုင်ငံတွင်မူ ကြိုးပေးခြင်းဖြင့်လည်းကောင်း သေဒဏ်ပေးနိုင်သည်။ အသတ်ခံရသူ အရေအတွက်နှင့်စပ်လျဉ်း၍ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “သမိုင်းပညာရှင်အချို့၏အဆိုအရ ၁၄၈၄ ခုနှစ်မှ ၁၇၈၂ ခုနှစ်အထိ ခရစ်ယာန်ချာ့ခ်ျသည် အမျိုးသမီး ၃၀၀,၀၀၀ ခန့်ကို စုန်းမများဟု သတ်မှတ်ကာ သတ်ပစ်ခဲ့ကြသည်။” အဆိုပါအလယ်ခေတ်၏ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်နောက်ကွယ်တွင် စာတန်ရှိသည်ဟုဆိုလျှင် သူ၏လက်ကိုင်တုတ်များကား မည်သူတို့နည်း၊ အသတ်ခံရသူများလော၊ တစ်ယူသန်ဘာသာရေးညှဉ်းပန်းသူများလော။
လက်ရှိယုံကြည်မှု သို့မဟုတ် မယုံကြည်မှု
၁၈ ရာစုနှစ်တွင် ပိုမိုစဉ်းစားချင့်ချိန်တတ်လာကြရာ အသိဉာဏ်ပွင့်လင်းလာသည့်ရာစုနှစ် စတင်ခဲ့၏။ ဗြိတဲန်နီကာစွယ်စုံကျမ်းက ဤသို့ဆိုသည်– “အသိဉာဏ်ပွင့်လင်းခြင်း အတွေးအခေါ်ပညာရပ်နှင့် ဓမ္မပညာရပ်က အလယ်ခေတ်၏ ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်ချက်အဖြစ် နတ်ဆိုး၏ရုပ်သွင်ကို ခရစ်ယာန်တို့၏သိစိတ်မှ ဖယ်ထုတ်ပစ်ရန် ကြိုးစားခဲ့သည်။” ရောမကက်သလစ်ချာ့ခ်ျက ၎င်းကို တစ်ဖန်ပြန်၍ ပထမဗက်တီကန်ကောင်စီ (၁၈၆၉-၇၀) ၌စာတန်နှင့်ပတ်သက်သည့် ၎င်းတို့ယုံကြည်ချက်ကို ပြန်လည်အတည်ပြုပြောဆိုပြီး ဒုတိယဗက်တီကန်ကောင်စီ (၁၉၆၂-၆၅) ၌မဝံ့မရဲ ပြန်၍အဆိုပြုခဲ့သည်။
ကက်သလစ်စွယ်စုံကျမ်းသစ် ၏တရားဝင်ဝန်ခံချက်အရ “ချာ့ခ်ျသည် ကောင်းကင်တမန်များနှင့် နတ်ဆိုးများကို ယုံကြည်လက်ခံသည်” ဟူ၍ဖြစ်၏။ သို့သော် ကက်သလစ်ပြင်သစ်အဘိဓာန် တေအော့က “ယနေ့ ခရစ်ယာန်များစွာတို့သည် နတ်ဆိုးနှင့် ကမ္ဘာပေါ်ရှိ ဆိုးသွမ်းမှု ဆက်စပ်နေကြောင်းကို လက်မခံကြ” ဟုဝန်ခံ၏။ မကြာသေးမီနှစ်များအတွင်း ကက်သလစ်ဓမ္မပညာရှင်များသည် တရားဝင်ကက်သလစ်အယူဝါဒနှင့် မျက်မှောက်ခေတ် အတွေးအခေါ်စပ်ကြား သတိကြီးစွာ ကိုင်တွယ်ခဲ့ရသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်း ကဤသို့ဆို၏– “လစ်ဘရယ်ခရစ်ယာန်ဓမ္မပညာက စာတန်နှင့်စပ်လျဉ်း၍ ကျမ်းစာစကားကို စာသားအတိုင်းယူရန်မဟုတ်ဘဲ ‘ရုပ်လုံးဖော်စိတ်ကူး’ အဖြစ် ယူမှတ်ပြီး စကြဝဠာတွင် ဆိုးသွမ်းမှု အမှန်တကယ် အနှံ့အပြားရှိနေခြင်းကို ဖော်ပြရန် ဒဏ္ဍာရီဆန်ဆန်ကြိုးပမ်းမှုအဖြစ်သာ ပြောဆိုလေသည်။” ပရိုတက်စတင့်များနှင့်စပ်လျဉ်း၍မူကား ထိုကျမ်းကပင် ဤသို့ဖော်ပြသည်– “မျက်မှောက်ခေတ် လစ်ဘရယ်ပရိုတက်စတင့်အယူဝါဒသည် ပုဂ္ဂိုလ်တစ်ဦးအဖြစ် နတ်ဆိုးရှိသည်ဟူသော ခံယူချက်ကို ငြင်းပယ်လိုကြ၏။” သို့သော် စစ်မှန်သောခရစ်ယာန်များသည် စာတန်အကြောင်း ကျမ်းစာ၏အဆိုကို “ရုပ်လုံးဖော်စိတ်ကူး” မျှသာဖြစ်၏ဟု ယူဆသင့်သလော။
ကျမ်းစာသွန်သင်ချက်
လူ့အတွေးအခေါ်ပညာနှင့် ဓမ္မပညာတို့သည် မကောင်းမှု၏ရင်းမြစ်အကြောင်း သမ္မာကျမ်းစာ၏ရှင်းလင်းချက်ထက် သာ၍ကောင်းစွာ မရှင်းပြနိုင်ချေ။ မကောင်းမှုနှင့် လူ့ဆင်းရဲခက်ခဲခြင်းအပြင် တွေးတော၍မရနိုင်လောက်အောင် အဆိုးဝါးဆုံးအကြမ်းဖက်မှုများ နှစ်စဉ်နှစ်တိုင်း ပိုမိုဆိုးရွားလာရကြောင်းကိုပါ နားလည်သဘောပေါက်ရန် စာတန်အကြောင်း ကျမ်းစာအဆိုသည် အခြေခံဖြစ်သည်။
အချို့က ဤသို့မေးကြပေမည်– ‘ဘုရားသခင်သည် ကောင်းမြတ်သော မေတ္တာရှိဖန်ဆင်းရှင်ဖြစ်လျှင် ဆိုးသွမ်းယုတ်မာသည့် စာတန်ကဲ့သို့သော ဝိညာဉ်တစ်ပါးကို မည်သို့ ဖန်ဆင်းနိုင်မည်နည်း။’ ယေဟောဝါဘုရားသခင်၏ အမှုတော်ရှိသမျှသည် စုံလင်ကြောင်း၊ ဖန်ဆင်းထားသော အသိဉာဏ်ရှိလူသားအပေါင်းကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားတော်မူကြောင်းတို့ကို သမ္မာကျမ်းစာက ဖော်ပြသည်။ (တရားဟောရာ ၃၀:၁၉; ၃၂:၄; ယောရှု ၂၄:၁၅; ၃ ဓမ္မရာဇဝင် ၁၈:၂၁) ထို့ကြောင့် စာတန်ဖြစ်လာသော ဝိညာဉ်သားကို စုံလင်စွာ ဖန်ဆင်းခဲ့သော်လည်း သူတမင်တကာရွေးချယ်လိုက်သော လမ်းစဉ်ကြောင့် အမှန်တရားနှင့် ဖြောင့်မတ်သောလမ်းစဉ်မှ သွေဖည်သွားခဲ့ခြင်းဖြစ်ရမည်။—ယောဟန် ၈:၄၄; ယာကုပ် ၁:၁၄၊ ၁၅။
ယေဇကျေလ ၂၈:၁၁-၁၉) စာတန်သည် ယေဟောဝါ၏စကြဝဠာပိုင်သအုပ်စိုးမှုနှင့် ဖန်ဆင်းရှင်အဖြစ်တော်ကို မငြင်းဆိုခဲ့ချေ။ စာတန်ကို ဘုရားသခင်ဖန်ဆင်းခဲ့သောကြောင့် ထိုသို့သူမပြုနိုင်ပေ။ သို့သော် စာတန်သည် စကြဝဠာပိုင်သအုပ်စိုးမှုကို ယေဟောဝါ အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍ စိန်ခေါ်ခဲ့ခြင်းဖြစ်၏။ ဧဒင်ဥယျာဉ်တွင် စာတန်က ဘုရားသခင်သည် ပထမလူသားမောင်နှံ ရသင့်ရထိုက်ပြီး သူတို့အတွက် အကျိုးရှိမည့်အရာကို မခံစားစေဘဲ တားမြစ်ထားသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) သူသည် ယေဟောဝါ၏ဖြောင့်မတ်သော ပိုင်သအုပ်စိုးမှုကို အာဒံနှင့်ဧဝ ဆန့်ကျင်ပုန်ကန်ရန် ကြိုးစားခဲ့ရာ အောင်မြင်ခဲ့ပြီး သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်များကို အပြစ်နှင့်သေခြင်းအောက် ပို့ခဲ့သည်။ (ကမ္ဘာဦး ၃:၆-၁၉; ရောမ ၅:၁၂) ထို့ကြောင့် စာတန်သည် လူ့ဆင်းရဲခက်ခဲမှု၏ ရင်းမြစ်ဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။
စာတန်၏ပုန်ကန်သော လမ်းစဉ်သည် နည်းအမျိုးမျိုးဖြင့် “တုရုဘုရင်” ၏လမ်းစဉ်နှင့် ဆင်တူသည်၊ ထိုမင်းကို “အဆင်းလည်းစုံလင်” ပြီး ‘ဖန်ဆင်းသောနေ့မှစ၍ သူ၌မတရားမှုမတွေ့မချင်း၊ ပြုလေရာရာတွင် စုံလင်’ သည်ဟု ကဗျာဆန်ဆန် ဖော်ပြထားသည်။ (ရေလွှမ်းမိုးခြင်းမတိုင်မီ တစ်ချိန်က တခြားကောင်းကင်တမန်များသည် စာတန်နည်းတူ ပုန်ကန်ခဲ့ကြသည်။ သူတို့သည် လူ့သမီးများနှင့် လိင်ဆက်ဆံလို၍ လူ့ခန္ဓာကိုယ်များကို ယူတင်ဝတ်ဆောင်ခဲ့ကြသည်။ (ကမ္ဘာဦး ၆:၁-၄) ရေလွှမ်းမိုးချိန်တွင် အဆိုပါလူ့အသွင်ဆောင် ကောင်းကင်တမန်များသည် ကောင်းကင်ရှိ ဘုရားသခင်နှင့်အတူနေခဲ့သော “နေရာအရပ်” ဝိညာဉ်ဘုံသို့ ပြန်သွားခဲ့ကြသည်။ (ယုဒ ၆) သူတို့သည် ဝိညာဉ်ရေးမှောင်မိုက်ထဲ ကျရောက်သွားကြ၏။ (၁ ပေတရု ၃:၁၉၊ ၂၀; ၂ ပေတရု ၂:၄) ထိုကောင်းကင်တမန်များသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုအောက်တွင် အမှုတော်ထမ်းခွင့်မရတော့ဘဲ စာတန်၏လက်အောက်တွင် နေထိုင်ရသော နတ်ဆိုးများ ဖြစ်သွားကြသည်။ ဤနတ်ဆိုးများသည် နောက်တစ်ဖန် လူ့အသွင်မဆောင်နိုင်ကြသော်လည်း လူသားများ၏စိတ်နှင့် ဘဝအသက်တာအပေါ် အကြီးအကျယ် ဩဇာလွှမ်းမိုးနိုင်သေး၍ သူတို့ကြောင့် ယနေ့ ကျွန်ုပ်တို့တွေ့မြင်နေရသည့် အကြမ်းဖက်မှု အတော်များများဖြစ်နေသည်မှာ သေချာပါသည်။—မဿဲ ၁၂:၄၃-၄၅; လုကာ ၈:၂၇-၃၃။
စာတန်အုပ်ချုပ်ချိန် ကုန်ဆုံးလုနီးပြီ
ယနေ့ ကမ္ဘာပေါ်တွင် မကောင်းဆိုးဝါးများ အလုပ်များနေကြသည်မှာ ထင်ရှားပါသည်။ တမန်တော်ယောဟန်က “လော[က]သားအပေါင်းတို့သည် [စာတန်]၏လက်၌ ရှိကြသည်” ဟုရေးသားခဲ့၏။—၁ ယောဟန် ၅:၁၉။
သို့သော် စာတန်သည် ချုပ်နှောင်မခံရမီ ဖျက်လိုဖျက်ဆီးပြုရန် “ကာလတစ်ခဏသာရှိသည်” ကိုသူသိသောကြောင့် ကမ္ဘာပေါ်တွင် ခက်ခဲဆင်းရဲခြင်းများကို အရှိန်အဟုန်မြှင့်တင်နေကြောင်း ပြည့်စုံလျက်ရှိသော ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြသည်။ (ဗျာ. ၁၂:၇-၁၂; ၂၀:၁-၃) စာတန်အုပ်ချုပ်သည့်အချိန် ကုန်ဆုံးသည်နှင့် မျက်ရည်ကျခြင်း၊ သေခြင်း၊ ပင်ပန်းခြင်း “မရှိ” တော့မည့် ဖြောင့်မတ်သောကမ္ဘာသစ်တစ်ခု ရောက်ရှိလာပါလိမ့်မည်။ ထိုအခါ ဘုရားသခင်၏အလိုတော်သည် “ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” လာပါလိမ့်မည်။—ဗျာ. ၂၁:၁-၄; မဿဲ ၆:၁၀။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဗာဗုလုန်လူမျိုးသည် ရက်စက်ကြမ်းတမ်းသော နာရဂါလနတ်ဘုရား (လက်ဝဲစွန်) ကို သက်ဝင်ယုံကြည်ခဲ့ကြ; ပလေတို (လက်ဝဲဘက်) သည် ဆန့်ကျင်ဘက် “စိုးလ်” နှစ်ခုရှိသည်ဟု ယုံကြည်ခဲ့
[Credit Lines]
Cylinder: Musée du Louvre, Paris; Plato: National Archaeological Museum, Athens, Greece
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
စာတန်ကို ရွေးနုတ်ဖိုးဆက်သ ခဲ့သည်ဟု အိုင်ရီနီအာစ်၊ ဩရီဂျင်နှင့် ဩဂတ်စတင်းတို့ သွန်သင်ပေးခဲ့
[Credit Lines]
Origen: Culver Pictures; Augustine: From the book Great Men and Famous Women
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
စုန်းမများကို ကြောက်ရွံ့ခြင်းကြောင့် လူပေါင်း ထောင်သောင်းချီ၍ သတ်ဖြတ်ခံခဲ့ရ
[Credit Line]
From the book Bildersaal deutscher Geschichte