မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

တခြား​ဘာသာရေး​အဖွဲ့​မှ အဆောက်အအုံ​တစ်ခု​ကို ဝယ်ယူ၍ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အဖြစ် ပြုပြင်​အသုံးပြုခြင်း​သည် ယုံကြည်ခြင်း ရောနှော​ရာ​ကျ​မည်​လော။

အများအားဖြင့်​ဆိုလျှင် ယေဟောဝါသက်သေ​များသည် တခြား​ဘာသာရေး​အဖွဲ့​များနှင့် ဤသို့​အရောင်းအဝယ်​ပြုခြင်း​ကို ရှောင်ရှား​ကြသည်။ သို့​တိုင် ထိုသို့​ပြုခြင်း​သည် ယုံကြည်ခြင်း​ရောနှော​ရာ​မကျ​ပေ။ ယင်းကို တစ်ကြိမ်​သာ​ပြုလုပ်​သည့် ရောင်းဝယ်ခြင်း​ကိစ္စ​အဖြစ် ရှုမြင်​နိုင်​သည်။ ယေဟောဝါသက်သေ​များ​၏ ဒေသခံ​အသင်းတော်သည် ဝတ်ပြုရာ​အဆောက်အအုံ​တစ်ခု​ကို တခြား​ဘာသာရေး​အဖွဲ့ နှင့် ပူးတွဲ​အသုံးပြုရန် စီစဉ်​နေခြင်း​မဟုတ်​ချေ။

ယေဟောဝါ​၏​အမြင်​၌ အဘယ်အရာ​သည် ယုံကြည်ခြင်း​ရောနှောခြင်း​ဖြစ်သနည်း။ တမန်​တော်​ပေါလု​၏ ဤ​လမ်းညွှန်ချက်ကို သုံးသပ်ကြည့်​ပါ– “မယုံကြည်​သော​သူတို့ နှင့်​တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်။ တရားသော​အမှုသည် မတရားသော​အမှုကို အဘယ်​သို့ လက်ခံ​နိုင်​မည်​နည်း။ အလင်း​သည် မှောင်မိုက်​နှင့် အဘယ်​သို့ ဆက်ဆံ​နိုင်​မည်​နည်း။ ခရစ်တော်​သည် ဗေလျာလ​နှင့် အဘယ်​သို့​သင့်တင့်​နိုင်​မည်​နည်း။ ယုံကြည်​သော​သူသည် မယုံကြည်​သော​သူနှင့်​အတူ အဘယ်​အကျိုးအပြစ်​ကို ခံရ​မည်​နည်း။ ဘုရားသခင်​၏​ဗိမာန်တော်​သည် . . . တို့ နှင့် အဘယ်​သို့​စပ်ဆိုင်​ရမည်​နည်း။ . . . ထာဝရ​ဘုရား​မိန့်တော်မူ​ပြန်​သည်​ကား ‘သင်တို့သည် ထို​သူတို့​အထဲ​မှ​ထွက်၍ အသီးအခြား​နေကြ​လော့။ မစင်ကြယ်​သော​အရာ​ကို လက်​နှင့်​မျှ​မတို့​ကြ​နှင့်။ ထို​သို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံ​မည်။’” (၂ ကောရိန္သု ၆:၁၄-၁၇) “လက်ခံ” ခြင်း​နှင့် “ဆက်ဆံ” ခြင်း​ဟု ပေါလု​ဆို​ရာ​တွင် အဘယ်အရာကို ဆိုလို​သနည်း။

ပေါလု​ဖော်ပြ​သည့် လက်ခံခြင်း​တွင် မယုံကြည်​သူများ​နှင့်အတူ ဝတ်ပြုခြင်း၊ ဝိညာဉ်​ရေး​အရ ပေါင်းသင်း​ခြင်း​တို့ ပါဝင်​ကြောင်း ထင်ရှား​ပါ​သည်။ ‘နတ်ဆိုး​တို့၏​စားပွဲ​တွင် ဝင်စားခြင်း’ ကို​ရှောင်ကြဉ်​ရန် ကောရိန္သု​မြို့သား​များ​ကို ပေါလု​သတိပေး​ခဲ့​၏။ (၁ ကောရိန္သု ၁၀:၂၀၊ ၂၁) သို့​ဖြစ်၍ ယုံကြည်ခြင်း​ရောနှောခြင်း​ဟူသည် တခြား​ဘာသာရေး​အဖွဲ့အစည်း​များ​၏ ဝတ်ပြုရေးတွင် ပါဝင်ခြင်း၊ ဝိညာဉ်​ရေး​အရ ပေါင်းသင်း​ခြင်း​တို့​ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၅; ၂၃:၁၃; ၃၄:၁၂) ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​က အသုံးပြု​ခဲ့​သည့် အဆောက်အအုံ​တစ်ခု​ကို ဝယ်ယူခြင်း​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အဖြစ် အသုံးပြုရန် လိုအပ်သော အဆောက်အအုံ​တစ်ခု​ကို ဝယ်ယူ​လိုက်ခြင်း​မျှ​ဖြစ်၏။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အဖြစ် အသုံးမပြု​မီ ၎င်း​တွင်​ရှိ မှားယွင်းသော​ဝတ်ပြုရေး​နှင့်​ဆိုင်သော ပစ္စည်း​တစ်ခု​မကျန် ဖယ်​ရှင်းပစ်​မည်​ဖြစ်သည်။ ထိုသို့​ပြုပြင်​ပြောင်းလဲ​ပြီး​နောက် ၎င်း​အဆောက်အအုံ​ကို ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​ရန် ရည်ရွယ်ချက်​ဖြင့် ဆက်ကပ်​အပ်နှံ​ပါ​သည်။ စစ်မှန်သော​ဝတ်ပြုရေး​နှင့် မှားယွင်းသော​ဝတ်ပြုရေး ရောနှောခြင်း၊ လက်ခံ​ဆက်ဆံခြင်း လုံးဝ​မရှိ​ချေ။

ဤ​ဝယ်ယူခြင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ ရောင်းသူ​နှင့် အသေးစိတ်​ဆွေးနွေး​သောအခါ အခြား​တစ်ဖက်​နှင့်​တွေ့ဆုံ​မှု​ကို မ​တာ​ရှည်​စေ​သင့်​ဘဲ စီးပွားရေး​သက်​သက်​ဖြစ်​သင့်​သည်။ ခရစ်ယာန်​အသင်းသားများ​သည် “မယုံကြည်​သော​သူတို့ နှင့်​တွဲဖက်​၍ ဆန့်ကျင်ဘက်​ဖြစ်သော ထမ်းပိုး​ကို” မ​ထမ်း​မိ​ရန် ပေါလု​၏​သတိပေး​ချက်​ကို စိတ်​စွဲမှတ်​ထား​သင့်​သည်။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​မတူ​သူများ​ထက် ထူးမြတ်​သည်​ဟု မယူမှတ်​ကြသော်လည်း သူတို့ နှင့် ပေါင်းသင်း​ဆက်ဆံခြင်း၊ သူတို့၏​ဝတ်ပြုရေးတွင် ရောနှော​ပါဝင်ခြင်း​တို့ကို ရှောင်ရှား​ကြ​ပါ​မည်။ *

အသင်းတော်​တစ်ခု​က ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​ပိုင်ဆိုင်​သော အဆောက်အအုံ​တစ်ခု​ကို ငှား​ရမ်း​အသုံးပြုခြင်း​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ငှား​ရမ်း​ရာ​တွင် သူတို့ နှင့် ပုံမှန်​ဆက်သွယ်မှု ပြုလုပ်​ရလေ့​ရှိရာ ယင်းကို ရှောင်​ရမည်​ဖြစ်သည်။ ဤသို့​သော​အဆောက်အအုံ​ကို တစ်ကြိမ်​တစ်ခါ​အတွက်သာ ငှား​ရမ်း​လျှင်​ပင် အကြီးအကဲအဖွဲ့​သည် အောက်ပါ​မေးခွန်းများကို သုံးသပ်​သင့်​၏– အဆောက်အအုံ​၏ အတွင်းအပြင်​တွင် . . . များနှင့် ဘာသာရေး​သင်္ကေတ​များ​ရှိသလော။ ဤသို့​သော​အဆောက်အဦ​ကို ကျွန်ုပ်​တို့​အသုံးပြုခြင်း​အပေါ် ရပ်ကွက်​က မည်သို့​ရှုမြင်​မည်​နည်း။ ဤ​အဆောက်အအုံ​ကို ကျွန်ုပ်​တို့ အသုံးပြုခြင်း​အားဖြင့် အသင်းတော်​မှ တစ်ဦး​တစ်ယောက် ထိမိ​လဲစရာ​ဖြစ်​မည်​လော။ (မဿဲ ၁၈:၆; ၁ ကောရိန္သု ၈:၇-၁၃) အကြီးအကဲ​များသည် အဆိုပါ​အချက်များ​ကို ဝေဖန်​သုံးသပ်​ပြီး ယင်း​နှင့်​အညီ ဆုံးဖြတ်​ကြ​ပါ​မည်။ ဤသို့​သော​အဆောက်အအုံ​မျိုးကို ဝယ်ယူ၍ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အဖြစ် ပြုပြင်​အသုံးပြုနိုင်​မ​နိုင် ဆုံးဖြတ်​ရာ​တွင် အကြီးအကဲ​များသည် မိမိတို့ နှင့် အသင်းသားများ​၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို​ပါ ထည့်တွက်​ဆုံးဖြတ်​ရ​ပေမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ယေဟောဝါ​မနှစ်သက်​သော အဖွဲ့အစည်း​များနှင့် လျောက်ပတ်​စွာ စီးပွားရေး​လုပ်ခြင်း​အကြောင်းကို ၁၉၉၉ ခု၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၈ နှင့် ၂၉ တွင်​ရှု​ပါ။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဂျူး​ဘုရား​ရှိခိုး​ကျောင်း​ဖြစ်​ခဲ့​သော ဤ​အဆောက်အအုံ​ကို ဝယ်ယူ၍ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အဖြစ် ပြုပြင်​မွမ်းမံ​ခဲ့