မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မကောင်းဆိုးဝါးများ လုပ်ဆောင်နေကြသလော

မကောင်းဆိုးဝါးများ လုပ်ဆောင်နေကြသလော

မကောင်းဆိုးဝါး​များ လုပ်ဆောင်နေ​ကြ​သလော

“လျှို့ဝှက်​ဆန်းကြယ်သော စွမ်းအား​များ​က အရေးပေါ် ထွက်ပေါက်​ရှိသမျှကို သတိရှိရှိ ကြိုးစား​လိုက်​ပိတ်​နေသည့်​အလား ဤ​လောကကြီး​သည် မူးဝေ​နောက်ကျိ​နေသည်။” —ယန်း-ကလော့ဒ် ဆူ​လေ​ရီ၊ စာရေး​ဆရာ။

‘မိမိ​ဘာမျှ​မတတ်နိုင်​ဟူ​သည့် ခံစားချက်​က တန်ခိုး​အလွန်​ကြီးမားသော မကောင်းဆိုးဝါး လှုပ်ရှား​နေသည်​ဟု ယူမှတ်​စေ​၏’ —ဂျိုးဇက်​ဖ် ဘာ​တန်၊ သမိုင်း​ပညာရှင်။

၂၀၀၁၊ စက်တင်ဘာ ၁၁ ရက်​နေ့​က အလွန်​ကြောက်မက်​ဖွယ် အကြမ်းဖက်​တိုက်ခိုက်မှု​သည် လူများစွာကို တွေးတော​စ​ရာ​ဖြစ်စေ​ခဲ့​၏။ အင်္ဂလန် ဖိုင်​နင်​ရှယ်​တိုင်​မ်း သတင်းစာ​တွင် မိုက်ကယ် ပ​ရော​စ်​က “အဘယ်​တိရစ္ဆာန်​က​မျှ ဤမျှ​ရက်စက်​ကြမ်းတမ်း​မည်​မဟုတ်၊ ထိုသို့​ပြုလုပ်​လိမ့်​မည်​လည်း​မဟုတ်” ဟု​ဆို​သည်။ ထိုသို့​တိုက်ခိုက်​ရန် ကြိုတင်​စီမံ​ရန်လို​မည့်​အပြင် “ထိုသို့​တိုက်ခိုက်​ဖို့ မည်မျှ​ခါးခါးသီးသီး​မုန်းတီး​ခဲ့​မည်​ကိုလည်း ထည့်​စဉ်းစား​ရန် အရေးကြီး​သည်။ ထို​မုန်းတီးမှု​မျိုး​သည် ချုပ်တည်း​မှု​လုံးဝ​မရှိ၊ အဘယ်​သဘော​တူညီချက်​ကို​မျှ လိုက်နာခြင်း​မရှိသည့် သာမန်​စစ်မှု​၏​မုန်းတီးမှု​ထက် ဆိုးရွား​လွန်း​သည်” ဟု နယူးယောက်​တိုင်​မ်း စာ​တည်း​မှူး​တစ်ဦး​က ဝေဖန်​ခဲ့​၏။

ဘာသာရေး​ဂိုဏ်းဂဏ​အသီးသီး​မှ လူတို့က ဆိုးသွမ်း​သော​စွမ်းအား​တစ်စုံတစ်ရာ လုပ်ဆောင်နေ​ဟန်​ရှိသည်​ဟု ထင်မြင်​ယူဆကြ​၏။ ဘော့စနီးယား​တွင် ဖြစ်ပျက်​ခဲ့​သော ကြောက်မက်​ဖွယ် လူမျိုးရေး​မုန်းတီးမှု​ကို မျက်မြင်​ကိုယ်တွေ့​ဖြစ်​ခဲ့​သူ ဆာ​ရာ​ယေ​ဗို​မြို့မှ စီးပွားရေး​သ​မား​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ဘော့စနီးယား​စစ်ပွဲ တစ်နှစ်​လောက်​လည်း​ဖြစ်​ရော စာတန် ကြိုးကိုင်​နေတာပဲ​ဖြစ်​မယ်​လို့ ကျွန်တော်​မှတ်ချက်ချ​လိုက်တယ်။ ကမ်းကုန်​အောင် မိုက်မဲ​တဲ့​လုပ်ရပ်​ပဲ။”

စာတန်​ရှိသည်​ကို ယုံ​သလော​ဟု သမိုင်း​ပညာရှင် ယန်း ဒီ​လူ​မို​ကို မေးမြန်း​သောအခါ သူက ဤသို့​ပြန်ဖြေ​ခဲ့​သည်– “ကျွန်တော်​မွေး​ကတည်းက ဖြစ်ပျက်​ခဲ့​တာ​တွေ၊ ဖြစ်ပျက်​နေတာတွေကို ကျွန်တော် မြင်ရ​တဲ့​အခါ မကောင်းဆိုးဝါး​တွေ အလုပ်​များနေ​တယ်​ဆိုတာ​ကို ဘယ်လို​ငြင်း​နိုင်​မှာ​လဲ—သန်း ၄၀ ကျော်​သေပွဲဝင်​ခဲ့​ရတဲ့ ဒုတိယ​ကမ္ဘာ​စစ်; အော့ဇ်​ဝ​စ်​ချွေး​တပ်​စခန်း​နဲ့ သေဒဏ်​စခန်း​တွေ; ကမ္ဘောဒီးယား​နိုင်ငံ​မှာ မျိုး​ဖြုတ်​သတ်ဖြတ်​ခဲ့​တာ; ရက်စက်တဲ့ ချော​င်​ဆက်​စ​ကူ​အစိုးရ နိုင်​လို​မင်း​ထက်​အုပ်ချုပ်​ခဲ့​တာ; ကမ္ဘာ​တစ်ဝန်း အတော်များများ​နေရာမှာ အစိုးရ​က နှိပ်စက်တာ​တွေ​ပေါ့။ ထိတ်လန့်​တုန်လှုပ်​စ​ရာတွေကို ပြောပြ​လို့ ကုန်​နိုင်​မှာ​မဟုတ်ဘူး။ . . . ဒါ​ကြောင့် အဲ့ဒီ​လုပ်ရပ်တွေဟာ ‘နတ်ဆိုး​မင်း’ လုပ်ရပ်တွေ​လို့​ပြော​တာ မှန်တယ်လို့ ကျွန်တော်​ထင်​တယ်၊ အဲ့ဒီ​လုပ်ရပ်တွေကို ချိုပေါက်​ပြီး ခွာကွဲ​နေတဲ့ နတ်ဆိုး​မင်း​က​မဟုတ်ဘဲ ဒီ​ကမ္ဘာ​ပေါ်မှာ သက်ရောက်​လုပ်ဆောင်​နေတဲ့ မကောင်းဆိုးဝါး​သြဇာ​စွမ်းအား​ရဲ့ အမှတ်​သင်္ကေတ​ဖြစ်​တဲ့ နတ်ဆိုး​မင်းရဲ့​လှုံ့ဆော်ချက်​ကြောင့်​ဖြစ်တယ်။”

ယန်း ဒီ​လူ​မို​နည်းတူ လူအများ​က​လည်း ယနေ့ လူ့​ဘောင်​အဖွဲ့အစည်း​တွင် မိသားစု​မှ နိုင်ငံတကာ​ဇာတ်ခုံ​အထိ ဖြစ်ပျက်​နေသော ကြောက်မက်​ဖွယ်​ရာ​များ​ကို “နတ်ဆိုး” လုပ်ရပ်​အဖြစ် သတ်မှတ်​ကြ​၏။ သို့သော် ယင်းက အဘယ်အရာကို ဆိုလို​သနည်း။ ဤ​ထိတ်လန့်​တုန်လှုပ်​ဖွယ်​ရာ​များသည် အကောင်အထည်​မရှိသော ဆိုးသွမ်း​သည့် စွမ်းအား​များ​ကြောင့်​လော၊ သို့​မဟုတ် သာမန်​လူ့​မကောင်းမှု​တို့​ထက် လွန်ကဲ​သည့် ရက်စက်​ဆိုးရွား​သော ရာဇဝတ်မှု​များ ကျူးလွန်​စေရန် လူ​တို့ကို လှုံ့ဆော်​နေသည့် မကောင်းဆိုးဝါး​များ​ရှိသလော။ ဤသို့​သော​အင်အားစု​များ​ကို မကောင်းမှု​၏​အရှင်သခင် နတ်ဆိုး​မင်း​စာတန် ကြိုးကိုင်​ထား​သလော။

[Picture Credit Line on page 3]

Children: U.S. Coast Guard photo