မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ၏

ယေဟောဝါ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ၏

ယေဟောဝါ သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​၏

“သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့် သင်တို့၌​စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌​အပ်နှံ​ကြလော့။”—၁ ပေတရု ၅:၇

၁။ ယေဟောဝါ​နှင့် စာတန်​သည် အဘယ်​အရေးပါသော​ကဏ္ဍ​တွင် လုံးလုံးလျားလျား​ဆန့်ကျင်​သနည်း။

ယေဟောဝါ​နှင့် စာတန်​သည် လုံးလုံး​ဆန့်ကျင်ဘက်​ဖြစ်သည်။ ယေဟောဝါ​ထံ ဆွဲဆောင်​ခံရ​သူ​မည်သူ​မဆို​သည် စာတန်​၏​ရန်ဘက်ပြု​ခြင်း​ကို ခံရ​ဖို့​သာ​ရှိသည်။ ဤ​ကွာခြား​ချက်​ကို စံ​ပြု​ကျမ်း​ကိုး​တစ်အုပ်​တွင် ဖော်ပြ​ထား​သည်။ ယောဘ​ကျမ်း​၌​ဖော်ပြ​ထားသော စာတန်​၏ လှုပ်ရှားမှုများ​နှင့်​စပ်လျဉ်း၍ ဗြိ​တဲ​န်​နစ်​ကာ​စွယ်စုံ​ကျမ်း (၁၉၇၀) က​ဤသို့​ဆို​၏– ‘စာတန်​၏​အလုပ်မှာ အဘယ်​အမှု၊ အဘယ်သူ​ကို ဖော်ထုတ်​တိုင်ကြား​ရမည်ကို ကမ္ဘာ​တစ်ခွင်​လှည့်လည် ရှာဖွေ​နေခြင်း​ဖြစ်သည်; သို့ဖြင့် ကောင်းမှု​ဟူသ၍​ကို အားဖြည့်ပေး​ဖို့ လှည့်လည်​ကြည့်ရှု​တော်​မူ​သော ‘သခင်၏​မျက်စိတော်’ နှင့် သူ၏​လုပ်ဆောင်မှု​သည် ဆန့်ကျင်ဘက်​ဖြစ်သည် (၂ ရာ. ၁၆:၉)။ စာတန်​သည် အဆိုး​သာ​မြင်တတ်​ပြီး ကိုယ်ကျိုး​မပါဘဲ လူသား​ကောင်းမှု​ပြုခြင်း​ကို သံသယဝင်​၏၊ ဘုရားသခင့်​ခွင့်ပြု​ချက်​နှင့် ထိန်းချုပ်မှု​အောက်တွင် ဘုရားသခင်​ချမှတ်​ထားသော​ဘောင်​အတွင်း ယင်းကို စမ်းသပ်​ခွင့်​ရှိသည်။’ ကွာခြား​လိုက်​လေ​ခြင်း!—ယောဘ ၁:၆-၁၂; ၂:၁-၇

၂၊ ၃။ (က) Devil (နတ်ဆိုး​မင်း) ဟူသော​စကားလုံး​၏​အဓိပ္ပာယ်​ကို ယောဘ​အဖြစ်အပျက်က မည်သို့​ကောင်းစွာ​ဖော်ပြ​သနည်း။ (ခ) မြေကြီးပေါ်​ရှိ ယေဟောဝါ​၏​ကျေးကျွန်​များ​ကို စာတန်​စွပ်စွဲ​နေဆဲ​ရှိကြောင်း ကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

Devil (နတ်ဆိုး​မင်း) ဟူသော​အင်္ဂလိပ်​စကားလုံး​သည် “မဟုတ်မမှန်​စွပ်စွဲသူ၊” “သွားပုပ်လေလွင့်​ပြောသူ” ဟု​အဓိပ္ပာယ်​ရှိသော ဂရိ​စကားလုံး​မှ​ဆင်းသက်လာ​သည်။ စာတန်​က “ယောဘသည်​အကျိုး​မရဘဲ ဘုရား[သခင်]ဝတ်​ကို​ပြု​သလော” ဟု​ဆို​လျက် ယေဟောဝါ​၏​တည်ကြည်သော​ကျေးကျွန် ယောဘသည် ကိုယ်ကျိုး​အတွက်သာ ဘုရားသခင်​ကို​ဝတ်ပြု​သည်​ဟု စွပ်စွဲ​ခဲ့​ကြောင်း ယောဘ​ကျမ်း​က​ဖော်ပြ​သည်။ (ယောဘ ၁:၉) ယောဘသည် စုံစမ်း​နှောင့်ယှက်မှု​အမျိုးမျိုး​ခံ​ခဲ့​ရ​သော်လည်း ယေဟောဝါ​နှင့် ပို​၍​ရင်းနှီး​လာ​ကြောင်း ယောဘဝတ္ထု​က​ဖော်ပြ​သည်။ (ယောဘ ၁၀:၉၊ ၁၂; ၁၂:၉၊ ၁၀; ၁၉:၂၅; ၂၇:၅; ၂၈:၂၈) ပင်ပန်း​ဆင်းရဲမှု​အမျိုးမျိုး ကြုံ​ရပြီး​နောက် ဘုရားသခင်​အား ယောဘ​ဤသို့​ပြောဆို​ခဲ့​သည်– “သတင်း​တော်​ကို အကျွန်ုပ်သည် နား​နှင့်​ကြားဖူး​ပါ​ပြီ။ ယခု​မူ​ကား ကိုယ်တော်​ကို​မျက်စိ​နှင့်​မြင်ရ​ပါ​၏။”—ယောဘ ၄၂:၅

ယောဘ​အချိန်​နောက်ပိုင်း​တွင် ဘုရားသခင့်​တည်ကြည်သော​ကျေးကျွန်​များ​အား စွပ်စွဲ​ခြင်း​ကို စာတန်​ရပ်တန့်​ခဲ့ပြီ​လော။ မရပ်တန့်​ပါ။ ဤ​ဆုံးခန်း​ကာလ​တွင် စာတန်​သည် ခရစ်တော်​၏ ဝိညာဉ်​တော်​ဖွား​ညီတော်​များနှင့် သူတို့၏​တည်ကြည်သော​အပေါင်းပါများ​ကို​ပါ စွပ်စွဲ​နေဆဲ​ရှိကြောင်း ဗျာဒိတ်ကျမ်း​က​ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁၂; ဗျာ. ၁၂:၁၀၊ ၁၇) ထို့​ကြောင့် ခရစ်ယာန်စစ်​များ​အနေ​နှင့် ကျွန်ုပ်​တို့အားလုံး အဓိက​လုပ်ဆောင်ကြ​ရမည်​မှာ ကျွန်ုပ်​တို့ကို သတိ​နှင့်​ကြည့်ရှု​နေ​တော်​မူ​သော ဘုရားသခင် ယေဟောဝါ​၏​အုပ်စိုးခြင်း​ကို ဝန်ခံ​ပြီး၊ ကိုယ်တော်​အား​နှစ်နှစ်ကာကာ​ချစ်သော​ကြောင့် ဝတ်ပြု​ကြ​ခြင်း​ဖြင့် စာတန်​၏​စွပ်စွဲချက် မှား​ကြောင်း သက်သေထူ​ရန်ဖြစ်​သည်။ ဤသို့​ပြုခြင်း​အားဖြင့် ယေဟောဝါ​၏​စိတ်တော်​ကို ကျွန်ုပ်​တို့​ရွှင်လန်း​စေ​လိမ့်​မည်။—သု. ၂၇:၁၁

ကျွန်ုပ်​တို့ကို ကူညီ​ပေးဖို့ ယေဟောဝါ​ရှာကြံ

၄၊ ၅။ (က) ယေဟောဝါ​သည် စာတန်​နှင့်​မတူဘဲ မြေကြီးပေါ်​မှ အဘယ်အရာကို​ရှုမှတ်​တော်​မူ​သနည်း။ (ခ) ယေဟောဝါ​၏​မျက်နှာသာတော်​ရလိုလျှင် ကျွန်ုပ်​တို့ အဘယ်အရာ​ပြု​ဖို့​လို​သနည်း။

မြေကြီးပေါ်​မှ မည်သူ​ကို ပြစ်တင်​စွပ်စွဲ၊ ဝါးမျို​ရမည်​နည်း​ဟု စာတန်​လှည့်လည်​ရှာဖွေ​လျက်​ရှိသည်။ (ယောဘ ၁:၇၊ ၉; ၁ ပေတရု ၅:၈) ယေဟောဝါ​မူ​ကား ကိုယ်တော်​၏​အကူအညီ​လိုအပ်သူ​များ​ကို ခွန်အား​ပေးဖို့​ရှာကြံ​တော်​မူ​၏။ ဘုရင်​အာသ​ကို ပရောဖက်​ဟာ​န​န်​က ဤသို့​ပြောဆို​ခဲ့​သည်– “ထာဝရ​ဘုရား​သည် အထံတော်​၌​စုံလင်သော​စိတ်နှလုံး​ရှိသူတို့​ဘက်တွင် တန်ခိုးတော်​ပြတော်မူ​ခြင်း​ငှာ မျက်စိတော်​သည်​လျင်မြန်​၍ မြေကြီး​တစ်ပြင်လုံး​ကို တစ်ပြိုင်နက် နှံ့အောင်​ကြည့်ရှု​လျက်​ရှိ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉သမ္မာ) စာတန်​၏ မုန်းတီးစိတ်​အပြည့်​နှင့် မျက်လုံး ဒေါ​က်​ထောက်​ကြည့်​ခြင်း​နှင့် ယေဟောဝါ​၏​မေတ္တာပါ​သော ကြည့်ရှု​ခြင်း​သည် ကွာ​လိုက်​လေ​ခြင်း!

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အပြစ် အနာအဆာ​များ​ကို ထောက်လှမ်း​မနေ​ပါ။ ဆာလံဆရာ​က “အို​ဘုရားရှင်​ထာဝရ​ဘုရား ကိုယ်တော်​သည် [မကောင်းမှု] အပြစ်​များ​ကို မှတ်တော်မူ​လျှင် အဘယ်သူ​ခံရပ်​နိုင်​ပါ​မည်​နည်း” ဟု​ရေးခဲ့​သည်။ (ဆာလံ ၁၃၀:၃) အဖြေ​မှာ မည်သူမျှ​ခံရပ်​နိုင်​မည်​မဟုတ်​ကြောင်း သဘောပေါက်​စေ​သည်။ (ဒေ. ၇:၂၀) စိတ်နှလုံး​အကြွင်းမဲ့​ဖြင့် ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ကြ​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို​အပြစ်တင်​ဖို့​မဟုတ်ဘဲ ကျွန်ုပ်​တို့၏​ကြိုးပမ်းမှု​များ​ကို​ရှုမှတ်​ဖို့​နှင့် ကျွန်ုပ်​တို့​ဆုတောင်း​သည့်​အတိုင်း ကူညီပေး​ပြီး ခွင့်လွှတ်​ဖို့ ကျွန်ုပ်​တို့ကို ဂရုစိုက်​ကြည့်ရှု​တော်​မူ​မည်။ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– “ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။ သူတို့​ဆုတောင်းခြင်း​ကိုလည်း နားထောင်​တော်​မူ​၏။ [မကောင်းမှု] ပြုသောသူ​တို့ကို​ကား၊ ထာဝရ​ဘုရား​သည် မျက်နှာလွှဲ​တော်​မူ​၏။”—၁ ပေတရု ၃:၁၂

၆။ ဒါဝိဒ်​၏​အဖြစ်အပျက်​သည် ကျွန်ုပ်​တို့အတွက် နှစ်သိမ့်မှု​နှင့် သတိပေး​ချက် မည်သို့​ဖြစ်သနည်း။

ဒါဝိဒ်​သည် မစုံလင်သူ​ဖြစ်​ပြီး ကြီး​လေး​သော​အပြစ်​ကျူးလွန်​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၁၂:၇-၉) သို့သော် ယေဟောဝါ​ထံ သူ​ရင်ဖွင့်ပြီး ထက်သန်​စွာ​ဆုတောင်း၍ ကိုယ်တော်​ထံ​ချဉ်းကပ်​ခဲ့​သည်။ (ဆာလံ ၅၁:၁-၁၂) သူ၏​ဆုတောင်းချက်​ကို ယေဟောဝါ​နားညောင်း​တော်​မူ​၍ ခွင့်လွှတ်​သည်​မှန်​သော်လည်း ဒါဝိဒ်​သည် သူ့​အပြစ်​၏ မနှစ်မြို့ဖွယ်​ရလဒ်များ​ကို ခံစား​ခဲ့​ရသည်။ (၂ ဓမ္မ​ရာဇဝင် ၁၂:၁၀-၁၄) ၎င်း​သည် ကျွန်ုပ်​တို့အတွက် နှစ်သိမ့်မှု​ကော သတိပေး​ချက်​ပါ​ဖြစ်​သင့်​သည်။ ကျွန်ုပ်​တို့ အမှန်​နောင်တ​ယူ​ကြ​ပါ​က ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ခွင့်လွှတ်​ဖို့​အသင့်​ရှိကြောင်း သိရ​ခြင်း​သည် နှစ်သိမ့်မှု​ဖြစ်သည်၊ သို့သော် အပြစ်ပြု​လျှင် ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ ခံ​ရလေ့​ရှိကြောင်း သိရ​ခြင်း​သည် အလေးအနက်​ဆင်ခြင်​စ​ရာ​ဖြစ်သည်။ (ဂလာတိ ၆:၇-၉) ယေဟောဝါ​ထံ ကျွန်ုပ်​တို့​နီးကပ်​လို​ပါ​က ကိုယ်တော်​မနှစ်သက်​ရာ​ဟူသ၍​မှ ဝေး​နိုင်​သမျှ ဝေးဝေးရှောင်​နေ​သင့်​သည်။—ဆာလံ ၉၇:၁၀

ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို အထံတော်​သို့​သွေးဆောင်

၇။ အဘယ်​သို့​သော​လူစားမျိုး​ကို ယေဟောဝါ​စောင့်ကြည့်​တော်​မူ​သနည်း၊ ထို​သူတို့ကို ကိုယ်တော့်​ထံ​သို့ မည်သို့​သွေးဆောင်​တော်​မူ​သနည်း။

သူ၏​ဆာလံကျမ်း​တစ်ပုဒ်​တွင် ဒါဝိဒ်​ဤသို့​ရေးသားခဲ့​သည်– “[ယေဟောဝါ] သည် မြင့်မြတ်​တော်​မူ​သော်လည်း စိတ်​နှိမ့်ချသော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။ စိတ်​မြင့်သော​သူတို့ကို​ကား အဝေးက​သိတော်မူ၏။” (ဆာလံ ၁၃၈:၆) အလားတူ အခြား​ဆာလံကျမ်း​တစ်ပုဒ်​က ဤသို့​ဆို​၏– “ကိုယ်ကို​ချီးမြှင့်​၍ ကျိန်းဝပ်​တော်​မူ​သော်လည်း၊ ကိုယ်ကို​နှိမ့်ချ၍ ကောင်းကင်​အရာ​နှင့် မြေကြီး​အရာ​တို့ကို ကြည့်ရှု​တော်​မူ​သော ငါ​တို့၏​ဘုရားသခင်​ထာဝရ​ဘုရား​နှင့် အဘယ်သူ​တူ​သနည်း။ ဆင်းရဲသော​သူကို မြေမှုန့်​ထဲ​က​ကြွ​လျက်၊ ငတ်မွတ်​သော​သူကို နောက်​ချေး​ပုံ​ထဲ​က​ချီးမြှောက် [တော်​မူ​၏။]” (ဆာလံ ၁၁၃:၅-၇) မှန်ပါသည်၊ စကြဝဠာ​၏ အတိုင်းအဆမဲ့​တန်ခိုးတော်​ရှိသော ဖန်ဆင်း​ရှင်​သည် ကိုယ်ကို​နှိမ့်ချ၍ မြေကြီးကို​ကြည့်ရှု​တော်​မူ​ပြီး “ပြု​သမျှ​သော စက်ဆုပ်​ရွံရှာဖွယ်​အမှုတို့​ကြောင့် ညည်းတွား​ငိုကြွေး” ကြ​သူများ​ဖြစ်သည့် “စိတ်​နှိမ့်ချသော​သူ၊” “ဆင်းရဲသော​သူ” များ​ကို​မြင်တော်မူ​၏။ (ယေဇကျေလ ၉:၄) ကိုယ်တော်​သည် ထို​သူတို့ကို မိမိ၏​သားတော်​အားဖြင့် အထံတော်​သို့​သွေးဆောင်​တော်​မူ​၏။ မြေကြီးပေါ်​ရှိ​စဉ် ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ့ကို​စေလွှတ်​တော်​မူ​သော ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်။ . . . ငါ​၏​ခမည်းတော်​သည် အခွင့်ပေး​တော်​မ​မူလျှင်၊ အဘယ်သူမျှ​ငါ့​ထံ​သို့​မလာ​နိုင်။”—ယောဟန် ၆:၄၄၊ ၆၅

၈၊ ၉။ (က) ကျွန်ုပ်​တို့အားလုံး ယေရှု​ထံ​သို့ အဘယ်ကြောင့်​ချဉ်းကပ်​ဖို့​လို​သနည်း။ (ခ) ရွေးနုတ်ဖိုး​အစီအစဉ်သည် အဘယ်ကြောင့်​အလွန်​ထူးမြတ်​သနည်း။

လူသား​အားလုံး​သည် အပြစ်သား​များ​အဖြစ် မွေးဖွား​လာ​ကြ​ရာ ဘုရားသခင်​နှင့်​ကင်းကွာ​နေကြ​သောကြောင့် ယေရှု​ထံ​ချဉ်းကပ်​၍ ရွေးဖိုး​ပူဇော်ရာ​ယဇ်ကို လက်ခံ​ယုံကြည်​သင့်​သည်။ (ယောဟန် ၃:၃၆) ဘုရားသခင်​နှင့် သူတို့ ပြန်လည်​သင့်မြတ်​ဖို့​လို​သည်။ (၂ ကောရိန္သု ၅:၂၀) ဘုရားသခင်​နှင့် ငြိမ်သက်မှု​ရရှိ​နိုင်​ဖို့ စီစဉ်​ပေး​ပါ​ရန် အပြစ်သား​များ အသနားခံ​သည်​အထိ ကိုယ်တော်​စောင့်နေ​တော်​မ​မူ​ချေ။ တမန်​တော်​ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့သည် အပြစ်ရှိ [“အပြစ်သား​ဖြစ်နေ၊” က​ဘ] စဉ်​ပင်၊ ခရစ်တော်​သည် ငါ​တို့အတွက်​ကြောင့် အသေခံ​တော်​မူ​သည်​ဖြစ်၍၊ ဘုရားသခင်​သည် ငါ​တို့ကို အဘယ်မျှ​လောက်​ချစ်တော်မူ​သည်ကို ငါ​တို့အား​ထင်ရှား​စွာ​ပြတော်မူ​၏။ . . . အကြောင်း​မူ​ကား၊ ရန်သူ [များ] ဖြစ်​လျက်​ပင် ဘုရားသခင်​၏​သားတော် အသေခံ​တော်​မူ​ခြင်း​အားဖြင့်၊ ငါ​တို့သည် ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ခြင်း​ကျေးဇူးတော်​ကို ခံရ​သည်​မှန်​လျှင်၊ မိတ်သဟာယ​ဖွဲ့​ပြီး​မှ၊ အသက်​တော်​အားဖြင့် ကယ်တင်​တော်​မူ​ခြင်း​သို့​ရောက်မည်​ဟု သာ၍​မျှော်လင့်​စ​ရာ​ရှိ၏။”—ရောမ ၅:၈၊ ၁၀

ဘုရားသခင်​သည် ကိုယ်တော်​နှင့် လူသား​တို့ မိတ်သဟာယ​ဖွဲ့​နိုင်​ရန် စီစဉ်​ပေး​တော်​မူ​၏​ဟူသော ထူးထူးခြားခြား​အမှန်တရားကို တမန်​တော်​ယောဟန်​က ဤသို့​အတည်ပြု​ဖော်ပြ​ခဲ့​သည်– “သားတော်​အားဖြင့် ငါ​တို့သည်​အသက်ရှင်​စေခြင်း​ငှာ၊ ဘုရားသခင်​သည် တစ်ပါး​တည်း​သော​သားတော်ကို ဤ​လောက​သို့​စေလွှတ်​တော်​မူ​သော​အရာ​၌၊ ငါ​တို့ကို​ချစ်တော်မူ​သော​မေတ္တာတော်​သည် ထင်ရှား​လျက်​ရှိ၏။ ငါ​တို့သည် ဘုရားသခင်​ကို​ချစ်​ကြသည်​ဟု​မဆို။ ဘုရားသခင်​သည် ငါ​တို့ကို​ချစ်၍ ငါ​တို့​အပြစ်ဖြေ​စ​ရာ​အကြောင်း​ဖြစ်စေ​ခြင်း​ငှာ၊ သားတော်ကို​စေလွှတ်​တော်​မူ​သော​အရာ​၌ ချစ်ခြင်း​မေတ္တာ​ရှိ၏။” (၁ ယောဟန် ၄:၉၊ ၁၀) လူ​မဟုတ်ဘဲ ဘုရားသခင်​က အစပြု​လုပ်ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ ‘အပြစ်သား​များ’ ဖြစ်​ရုံ​မ​က ‘ရန်သူများ’ ပင်​ဖြစ်သူ​တို့အတွက် ဤမျှ​တိုင်​မေတ္တာပြ​သော ဘုရားသခင်​ထံ ချဉ်းကပ်​ရန် သင်​ဆွဲဆောင်​ခံရ​သည်မဟုတ်​ပေ​လော။—ယောဟန် ၃:၁၆

ယေဟောဝါ​အား​ရှာ​ဖို့​လို

၁၀၊ ၁၁။ (က) ယေဟောဝါ​ကို​ရှာ​ဖို့ ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​ရမည်​နည်း။ (ခ) စာတန့်​အစီအစဉ်​စနစ်​ကို ကျွန်ုပ်​တို့​မည်သို့​ရှုမြင်​သင့်​သနည်း။

၁၀ ယေဟောဝါ​သည် ကိုယ်တော့်​ထံ​ချဉ်းကပ်​ဖို့ ကျွန်ုပ်​တို့ကို အတင်းအကျပ်​တော့​မပြု​ပါ။ ကိုယ်တော်​အား ကျွန်ုပ်​တို့​ရှာ​ကြ​ရမည်၊ “ဘုရားသခင်​ကို​ရှာစမ်း​သဖြင့် တွေ့​ကောင်း​တွေ့​ကြလိမ့်မည်​အကြောင်း​တည်း။ သို့​ဆို​သော်လည်း၊ ဘုရားသခင်​သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်။” (တမန်​တော် ၁၇:၂၇) ကိုယ်တော့်​ထံ လက်အောက်ခံ​ရန် ယေဟောဝါ​တောင်းဆို​ပိုင်ခွင့်​ရှိကြောင်း ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြ​ရမည်။ တပည့်တော်​ယာကုပ်​က ဤသို့​ရေးသားခဲ့​သည်– “ထို့​ကြောင့်၊ ဘုရားသခင်​၏ [“အုပ်စိုးတော်မူခြင်း​ကို ဝန်ခံ၊” သမ္မာ] ကြလော့။ [စာတန်] ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်။ ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်။ အပြစ်ရှိ​သော​သူတို့၊ သင်တို့​လက်ကို စင်ကြယ်​စေ​ကြလော့။ စိတ်​နှစ်ခွ​ရှိသောသူ​တို့၊ သင်တို့​စိတ်နှလုံး​ကို သန့်ရှင်း​စေ​ကြလော့။” (ယာကုပ် ၄:၇၊ ၈) စာတန်​ကို တွန်းလှန်​ဆီးတား​ပြီး ယေဟောဝါ​ဘက် အခိုင်အမာ​ရပ်တည်​ဖို့ ကျွန်ုပ်​တို့​မတွန့်​ဆုတ်​သင့်​ချေ။

၁၁ ဆိုလိုသည်မှာ စာတန်​၏​ဆိုးညစ်သော အစီအစဉ်​စနစ်​နှင့် ခပ်​ခွာ​ခွာ​နေရ​မည်​ဖြစ်သည်။ ယာကုပ်​ဤသို့​လည်း ရေးသားခဲ့​သည်– “လော[က]မိတ်သဟာယ​သည် ဘုရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်သည်​ကို မသိကြ​သလော။ ဤ​လောက​နှင့်​မိတ်သဟာယ​ဖွဲ့​သော​သူသည် ဘုရားသခင်​၏​ရန်သူ​ဖြစ်၏။” (ယာကုပ် ၄:၄) အခြား​တစ်ဖက်​တွင်၊ ယေဟောဝါ​၏​မိတ်ဆွေများ​ဖြစ်​လို​ပါ​က စာတန့်​လောက​၏ မုန်းတီးခြင်း​ကို ကျွန်ုပ်​တို့​ခံရ​ဖို့ အသင့်ရှိ​ကြ​ရမည်။—ယောဟန် ၁၅:၁၉; ၁ ယောဟန် ၃:၁၃

၁၂။ (က) အဘယ်​နှစ်သိမ့်​စကား​များ​ကို ဒါဝိဒ်​ရေးသားခဲ့​သနည်း။ (ခ) ယေဟောဝါ​သည် ပရောဖက်​အာဇရိ​အားဖြင့် အဘယ်​သို့​သတိပေး​ခဲ့​သနည်း။

၁၂ စာတန့်​လောက​၏ အတိုက်အခံပြု​မှု​ကို ကျွန်ုပ်​တို့​တစ်နည်း​နည်းဖြင့် ခံရသော​အခါ ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​၏​အကူအညီကို တောင်းခံ​လျက် ကိုယ်တော့်​ထံ​ချဉ်းကပ်​ဖို့ အထူး​လိုအပ်​သည်။ ယေဟောဝါ​၏​ကယ်လွှတ်​ခြင်း​ချမ်းသာ​ကို ကြိမ်ဖန်​များစွာ​ခံစား​ခဲ့​ရသူ ဒါဝိဒ်​သည် ကျွန်ုပ်​တို့ကို ဤသို့​နှစ်သိမ့်​ပေး​ခဲ့​သည်– “ထာဝရ​ဘုရား​သည် [ဆုတောင်း] သော​သူအပေါင်း၊ [တည်ကြည်မှု] နှင့်​တကွ [ဆုတောင်း] သော​သူအပေါင်း​တို့၏ အနီးအပါး​၌​ရှိ​တော်​မူ​၏။ ကြောက်ရွံ့​သော​သူတို့၏​အလိုကို ပြည့်စုံ​စေတော်မူ​၏။ ထို​သူတို့၏​အော်ဟစ်​ခြင်း​ကို​ကြား​၍ ကယ်တင်​တော်​မူ​၏။ [ယေဟောဝါ] သည် ကြည်ညို​သော​သူအပေါင်း​တို့ကို စောင့်မ​တော်​မူ​၏။ မတရားသော​သူအပေါင်း​တို့ကို​ကား ဖျက်ဆီး​တော်​မူ​မည်။” (ဆာလံ ၁၄၅:၁၈-၂၀) ယေဟောဝါ​သည် ကိုယ်တော်​၏​လူမျိုး စုံစမ်း​နှောင့်ယှက်​ခံရ​သည့်​အခါ တစ်ဦးချင်း​စီ​ကို​ကယ်ဆယ်​နိုင်​သကဲ့သို့ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကျရောက်ချိန်​တွင် မိမိ၏​လူမျိုးတော်ကို အုပ်စု​လိုက်​အနေ​နှင့် ကာကွယ်​ပေး​မည်​ဖြစ်​ကြောင်း ဤ​ဆာလံ​သီချင်း​က တင်ပြ​သည်။ (ဗျာ. ၇:၁၄) ယေဟောဝါ​နှင့် ကျွန်ုပ်​တို့​နီးနီးကပ်ကပ်​နေ​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့​အနီးအပါး​၌ ရှိပါ​လိမ့်​မည်။ ပရောဖက်​အာဇရိ​သည် ယေဘုယျ​အမှန်တရား​အဖြစ် ကျွန်ုပ်​တို့​ယူမှတ်​နိုင်သော ဤ​အချက်​ကို “ဘုရားသခင်​၏​ဝိညာဉ်​တော်” ညွှန်ကြား​ခြင်း​အားဖြင့် ဖော်ပြ​ခဲ့​သည်– “သင်တို့သည် ထာဝရ​ဘုရား​ဘက်၌​နေလျှင် နေစဉ်​ကာလ ထာဝရ​ဘုရား​သည် သင်တို့​နှင့်အတူ​ရှိ​တော်​မူ​မည်။ ထာဝရ​ဘုရား​ကို​ရှာလျှင် အတွေ့ခံ​တော်​မူ​မည်။ စွန့်​လျှင် သင်တို့ကို​စွန့်​တော်​မူ​မည်။”—၂ ရာဇဝင်ချုပ် ၁၅:၁၊ ၂

ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​ရမည်

၁၃။ ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​ကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

၁၃ မောရှေ​သည် “မျက်မြင်မရ​သော​ဘုရားသခင်​ကို မြင်ရ​ဘိ​သကဲ့သို့ တည်ကြည်​ခြင်း​ရှိ၏” ဟု တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။ (ဟေဗြဲ ၁၁:၂၇) မောရှေ​သည် ယေဟောဝါ​ကို ပကတိ​မျက်စိ​နှင့် တစ်ခါမျှ​မမြင်ဖူး​ခဲ့​ပါ။ (ထွက်မြောက်ရာ ၃၃:၂၀) သို့​တိုင် ယေဟောဝါ​ကို မြင်ရ​ဘိ​သကဲ့သို့ ကိုယ်တော်​သည် မောရှေ​အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​ခဲ့​သည်။ အလားတူ​ပင်၊ စုံစမ်း​နှောင့်ယှက်​ခံရ​ပြီး​နောက် ယောဘသည် သူ၏​ယုံကြည်ခြင်း​မျက်စိဖြင့် ယေဟောဝါ​ကို သာ၍​ကွဲကွဲပြားပြား​သိမြင်ခဲ့​သည်၊ ဘုရားသခင်​သည် မိမိ၏​တည်ကြည်သော​ကျေးကျွန်​များ​ကို စုံစမ်း​နှောင့်ယှက်​ခံစေ​သော်လည်း သူတို့ကို ကိုယ်တော်​ဘယ်​သောအခါ​မျှ စွန့်ပစ်​တော်​မ​မူ​ကြောင်း သိမြင်ခဲ့​သည်။ (ယောဘ ၄၂:၅) ဧနောက်​နှင့် နောဧ​တို့သည် ‘ဘုရားသခင်​နှင့်အတူ​သွားလာ​ခဲ့’ သည်​ဟု​ဆို​၏။ သူတို့သည် ဘုရားသခင်​နှစ်သက်ရာကို ရှာကြံ​ပြုမူ​ပြီး ကိုယ်တော်​၏​စကား​ကို နားထောင်ခြင်း​အားဖြင့် ထိုသို့​ပြုလုပ်​ကြသည်။ (ကမ္ဘာဦး ၅:၂၂-၂၄; ၆:၉၊ ၂၂; ဟေဗြဲ ၁၁:၅၊ ၇) ယေဟောဝါ​သည် ဧနောက်၊ နောဧ၊ ယောဘ​နှင့် မောရှေ​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​ခဲ့​သကဲ့သို့ ကိုယ်တော်​သည် ကျွန်ုပ်​တို့အတွက်​လည်း ထိုသို့​ဖြစ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့​သွား​လေ​ရာ​ရာ​၌ ‘ကိုယ်တော်​ကို​မျက်မှောက်ပြု’ ပြီး ကိုယ်တော်​သည် “[ကျွန်ုပ်​တို့] ၏​လမ်းခရီး​တို့ကို ပဲ့ပြင်” တော်​မူ​ပါ​လိမ့်​မည်။—သု. ၃:၅၊ ၆

၁၄။ ယေဟောဝါ​အား “ဆည်းကပ်​မှီဝဲ” ခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၁၄ ကတိထားရာပြည်​ထဲ ဣသရေလ​လူမျိုး မဝင်​မီ​ကလေး​တွင် သူတို့ကို မောရှေ​ဤသို့​ညွှန်ကြား​ခဲ့​သည်– “သင်၏​ဘုရားသခင် ထာဝရဘုရား​နောက်​တော်​သို့​လိုက်ရ​ကြ​မည်။ ကြောက်ရွံ့​သော​စိတ်​နှင့် ပညတ်တော်​တို့ကို​စောင့်​ရ​ကြ​မည်။ စကားတော်​ကို​နားထောင်​လျက် ဝတ်ပြု​၍၊ ကိုယ်တော်၌​ဆည်းကပ်​မှီဝဲ​ရ​ကြ​မည်။” (တရားဟောရာ ၁၃:၄) သူတို့သည် ယေဟောဝါ​နောက်​တော်​သို့​လိုက်၍၊ ကိုယ်တော်​အား ကြောက်ရွံ့၊ နာခံ​ပြီး ကိုယ်တော်၌​ဆည်းကပ်​မှီဝဲ​ကြ​ရမည်​ဖြစ်သည်။ ဤ​တွင် “ဆည်းကပ်​မှီဝဲ” ဟု​ဘာသာ​ပြန်ဆို​ထားသော စကားလုံး​နှင့်​ပတ်သက်​၍ ကျမ်း​ပညာရှင်​တစ်ဦး​က “၎င်း​ဝေါဟာရ​သည် အလွန်​ရင်းနှီး​ကျွမ်းဝင်​သော​ဆက်ဆံ​ရေး​ကို ဖော်ပြ​သည်” ဟု​ဆို​၏။ ဆာလံဆရာ​က “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သူတို့သည် ကိုယ်တော်မြတ်​နှင့် မိတ်သဟာယ​ဖွဲ့​ရသော​အခွင့် . . . ရှိကြ​၏” ဟု​ဖော်ပြ​သည်။ (ဆာလံ ၂၅:၁၄) ယေဟောဝါ​သည် ကျွန်ုပ်​တို့အတွက် တကယ့်​ပုဂ္ဂိုလ်​ဖြစ်​မည်​ဆိုလျှင်၊ ကိုယ်တော့်​စိတ်တော်နှင့်​မ​တွေ့​မည်​ကို စိုးရိမ်​သည့်​အထိ ကိုယ်တော်​အား ကျွန်ုပ်​တို့ အလွန်​ချစ်​ကြ​မည်​ဆိုလျှင် ယေဟောဝါ​နှင့်​ရင်းနှီးသော ဤ​အထူး​မြတ်နိုးဖွယ်​ဆက်ဆံ​ရေး ကျွန်ုပ်​တို့​၌ ရှိပါ​လိမ့်​မည်။—ဆာလံ ၁၉:၉-၁၄

သတိ​နှင့် ယေဟောဝါ​ကြည့်ရှု​တော်​မူ​ကြောင်း သင်​ခံစားရ​သလော

၁၅၊ ၁၆။ (က) ကျွန်ုပ်​တို့ကို ယေဟောဝါ​သတိ​နှင့်​ကြည့်ရှု​တော်​မူ​ကြောင်း ဆာလံ ၃၄ က​မည်သို့​ဖော်ပြ​သနည်း။ (ခ) ကျွန်ုပ်​တို့အတွက် ယေဟောဝါ​ပြု​တော်​မူ​သည့် ကောင်းမြတ်သော​အမှု​များ​ကို သတိ​ရဖို့​ခက်​မည်​ဆိုလျှင် အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

၁၅ စာတန်​၏​စဉ်းလဲ​သော​လုပ်ရပ်​တစ်ခု​မှာ ကျွန်ုပ်​တို့၏​ဘုရားသခင်၊ ယေဟောဝါ​သည် မိမိ၏​တည်ကြည်သော​ကျေးကျွန်​များ​ကို အစဉ်မပြတ် သတိ​နှင့်​ကြည့်ရှု​နေ​တော်​မူ​ကြောင်းကို မေ့လျော့​သွား​စေဖို့​ဖြစ်သည်။ ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်​သည် ကြောက်မက်​ဖွယ်​အကောင်းဆုံး​အချိန်​တစ်ချိန်​ကို ကြုံ​ရသောအခါ​၌​ပင် ယေဟောဝါ​၏ အကာအကွယ်​ရ​ကြောင်း ကောင်းစွာ​သိမြင်ခဲ့​သည်။ ဂါသ​မင်းကြီး​အာခိတ်​ရှေ့ ရူးသွပ်​ဟန်ဆောင်​ခဲ့​ရသောအခါ ယုံကြည်ခြင်း​တင်ပြချက်​များ​ပါဝင်သော အလွန်​လှပသည့် ဤ​ဆာလံ​သီချင်း​တစ်​ပိုဒ်​ကို သူ​စပ်ဆို​ခဲ့​သည်– “ငါ​နှင့်အတူ ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြလော့။ နာမတော်​ကို တညီတညွတ်​တည်း​ချီးမြှောက်​ကြ​ကုန်​အံ့။ ငါသည် ထာဝရ​ဘုရား​ကို​ရှာ​သောအခါ နားထောင်​တော်​မူ​၏။ ကြောက်မက်​ဖွယ်​သော​အကြောင်း​အလုံးစုံ​တို့​အထဲ​က ငါ့ကို​ကယ်နုတ်​တော်​မူ​၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သူတို့​ပတ်လည်​၌ ကောင်းကင်တမန်​တော်​တို့သည် တပ်​ချ​၍ ကယ်လွှတ်​တတ်ကြ​၏။ ထာဝရ​ဘုရား​သည် ကောင်းမြတ်​တော်​မူ​ကြောင်းကို မြည်းစမ်း​၍​သိမှတ်​ကြလော့။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူသည် မင်္ဂလာ​ရှိ၏။ ထာဝရ​ဘုရား​သည် ကျိုးပဲ့​သော​စိတ်​ရှိသောသူ​တို့​နှင့် နှလုံး​ကြေကွဲ​သော​သူတို့ကို​နီး​တော်​မူ​၏။ နောင်တ​ရှိ၍ စိတ်​နှိမ့်ချသော​သူတို့ကိုလည်း ကယ်တင်​တော်​မူ​၏။ ဖြောင့်မတ်​သော​သူသည် များစွာသော . . . ဆင်းရဲ​ကို​ခံရ​သော်လည်း ထာဝရ​ဘုရား​သည် ခပ်သိမ်း​သော . . . ဆင်းရဲ​ထဲ​က ကယ်လွှတ်​တော်​မူ​၏။”—ဆာလံ ၃၄:၃၊ ၄၊ ၇၊ ၈၊ ၁၈၊ ၁၉; ၁ ဓမ္မ​ရာဇဝင် ၂၁:၁၀-၁၅

၁၆ ယေဟောဝါ​၏​ကယ်တင်​နိုင်စွမ်း​ကို သင်​ယုံကြည်​စိတ်ချ​ပါသလော။ ကိုယ်တော်​၏​ကောင်းကင်တမန်​များ ကာကွယ်​ပေး​နေကြောင်းကို သင်​သိပါသလော။ ယေဟောဝါ​သည် ကောင်းမြတ်​တော်​မူ​ကြောင်း သင်​ကိုယ်တိုင် မြည်းစမ်း​ခဲ့​ရပြီ​လော။ ယေဟောဝါ​၏​ကောင်းမြတ်​ခြင်း​ကို သင်​အထူး​ခံစား​ခဲ့​ရသော နောက်ဆုံး​အကြိမ်​ကား အဘယ်နည်း။ မှတ်မိ​ရန် ကြိုးစား​ကြည့်​ပါ။ ဓမ္မ​အမှု၌ သင်​ဆက်​မလုပ်ဆောင်​နိုင်​တော့​ဟု အထင်​ရှိခဲ့​စဉ် နောက်ဆုံး​အိမ်​သို့​ဝင်​ခဲ့​ချိန်​၌​လော။ ထို​စဉ်​က အိမ်ရှင်​နှင့် သင်​ကောင်းကောင်း စကားပြော​ဆို​ဆွေးနွေးခွင့်​ရခဲ့​ပေမည်။ ထို​အ​ခိုက် သင်လို​အပ်​နေသော ခွန်အား​ကို ယေဟောဝါ​ပေး​ခဲ့​၍ သင့်​အပေါ် ကောင်းချီး​သွန်းလောင်းခဲ့​သောကြောင့် ကိုယ်တော်​အား​ကျေးဇူး​တင်​ကြောင်း ပြောဆို​ခဲ့​ပါသလော။ (၂ ကောရိန္သု ၄:၇) တစ်ဖက်​တွင်​မူ သင့်အတွက် ယေဟောဝါ​လုပ်ဆောင်ပေး​ခဲ့​သော ကောင်းမှု​တစ်စုံတစ်ရာ​ကို မမှတ်မိ​ဘဲ​နေ​ပေမည်။ လွန်ခဲ့သော​အပတ်၊ လွန်ခဲ့သော​လ၊ လွန်ခဲ့သော​နှစ် သို့​မဟုတ် ထို​ထက်မက​ပင် သင်​စဉ်းစား​နေရ​ပေမည်။ ထိုသို့​ဖြစ်ပါ​က ယေဟောဝါ​နှင့် သာ၍​အကျွမ်းဝင်​ဖို့​နှင့် ကိုယ်တော်​သည် သင့်ကို မည်သို့​လမ်းပြ​ညွှန်ကြား​ကြောင်း သိမြင်ဖို့​ကြိုးစား​ပါ။ တမန်​တော်​ပေတရု​က ခရစ်ယာန်​များ​ကို ဤသို့​တိုက်တွန်း​ခဲ့​သည်– “ဘုရားသခင် [၏] . . . တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ​ကြလော့။ သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့်၊ သင်တို့၌​စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌​အပ်နှံ​ကြလော့။” (၁ ပေတရု ၅:၆၊ ၇) အမှန်ဆိုလျှင် သင့်ကို ကိုယ်တော်​မည်မျှ​တိုင် သတိ​နှင့်​ကြည့်ရှု​သည်ကို သင်​အံ့အားသင့်​သွားပါ​လိမ့်​မည်!—ဆာလံ ၇၃:၂၈

ယေဟောဝါ​အား ဆက်​ရှာဖွေ​လော့

၁၇။ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ဆက်၍​ရှာနေ​ဖို့​ဆိုလျှင် အဘယ်အရာ​လိုအပ်​သနည်း။

၁၇ ယေဟောဝါ​နှင့် ဆက်ဆံ​ရေး အစဉ်အမြဲ​ကောင်း​နေဖို့ ကျွန်ုပ်​တို့​အမြဲ​ကြိုးစား​ရမည်။ ခမည်းတော်​ထံ ယေရှု​ဤသို့​ဆုတောင်း​ခဲ့​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ယေဟောဝါ​အကြောင်း၊ ကိုယ်တော့်​သားတော်​အကြောင်း အသိပညာ​တိုးများ​လာရန် ကျွန်ုပ်​တို့​အစဉ်မပြတ်​ကြိုးစား​ဖို့​လို​သည်။ “ဘုရားသခင်​၏​နက်နဲ​သော​အရာ” များ​ကို ကျွန်ုပ်​တို့​နားလည်​သဘောပေါက်​ဖို့ ဆုတောင်းခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​၏​အကူအညီ လိုအပ်​သည်။ (၁ ကောရိန္သု ၂:၁၀; လုကာ ၁၁:၁၃) ကျွန်ုပ်​တို့၏​စိတ်​ကို​ကျွေးမွေး​ရန် “အချိန်တန်” ဝိညာဉ်​အစာ​ပေး​သော ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ၏​လမ်းညွှန်မှုကို​လည်း ကျွန်ုပ်​တို့​လိုအပ်​သည်။ (မဿဲ ၂၄:၄၅) ထို​ဆက်သွယ်​ရာ​လမ်းကြောင်း​မှ​တစ်ဆင့် ယေဟောဝါ​သည် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို နေ့စဉ်​ဖတ်ရှု​ရန်၊ ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ရန်​နှင့် “[ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို” ဟောပြောခြင်း​လုပ်ငန်း​၌ အဓိပ္ပာယ်ရှိရှိ​ပါဝင်​ရန် ကျွန်ုပ်​တို့ကို​ဆုံးမ​ပေး​တော်​မူ​ပြီ။ (မဿဲ ၂၄:၁၄) ထိုသို့​ပြုခြင်း​အားဖြင့် ကျွန်ုပ်​တို့အား သတိ​နှင့်​ကြည့်ရှု​နေ​တော်​မူ​သော ဘုရားသခင်၊ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ဆက်၍​ရှာနေ​ကြ​မည်။

၁၈၊ ၁၉။ (က) အဘယ်အရာ​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​သင့်​သနည်း။ (ခ) စာတန်​ကို အခိုင်အမာ​ဆန့်ကျင်​တွန်းလှန်​ပြီး ယေဟောဝါ​ကို ဆက်​ရှာနေ​ကြ​မည်​ဆိုလျှင် အဘယ်​ကောင်းချီး​များ ခံစားရ​မည်​နည်း။

၁၈ စာတန်​သည် ယေဟောဝါ​၏​လူမျိုးအပေါ်​သို့ နှိပ်စက်​ညှဉ်းပန်းမှု၊ အတိုက်အခံပြု​မှု​နှင့် အ​ဘက်​ဘက်​မှ ဖိအားပေး​မှုများ​ကျရောက်​စေဖို့ အစွမ်းကုန်​ကြိုးပမ်း​လျက်​ရှိသည်။ ကျွန်ုပ်​တို့၏​ငြိမ်သက်မှု​ကို ပြိုကွဲ​စေပြီး ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ကောင်းသော​ရပ်တည်မှု​ကို ဖျက်ဆီး​ဖို့ သူ​ကြိုးပမ်း​လျက်​ရှိသည်။ စိတ်​ရိုး​ဖြောင့်​သူများကို​ရှာဖွေပြီး စကြဝဠာ​ပိုင်သ​အုပ်စိုးမှု အရေးကိစ္စ​တွင် ယေဟောဝါ​ဘက်​ရပ်တည်​လာရန် သူတို့ကို​ကူညီ​ပေးခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​ဆက်​လုပ်ဆောင်​သည်ကို သူ​မလိုလား​ပါ။ သို့သော် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို မတရားသော​သူ၏​လက်​မှ ကယ်နုတ်​မည်​ဟု ယုံကြည်​စိတ်ချ​လျက် ကိုယ်တော်​အား​တည်ကြည်​ကြဖို့ စိတ်ပိုင်းဖြတ်​ထား​ကြ​ရမည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ လမ်းညွှန်မှုကို​ခံယူ​ပြီး ကိုယ်တော်​၏​မျက်မြင်ရ​အဖွဲ့အစည်း​နှင့် ရင်ပေါင်တန်း​နေခြင်း​အားဖြင့် ကျွန်ုပ်​တို့ကို ကိုယ်တော်​အစဉ်​ထောက်မ​တော်​မူ​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။—ဟေရှာယ ၄၁:၈-၁၃

၁၉ ထို့​ကြောင့်၊ ‘ကျွန်ုပ်​တို့ကို​တည်ကြည်​ခိုင်ခံ့၊ သန်စွမ်း​စေ’ မည့် ကျွန်ုပ်​တို့​ချစ်​မြတ်နိုးသော​ဘုရားသခင်၊ ယေဟောဝါ​ကို အစဉ်​ရှာ​ကာ စာတန်​နှင့် သူ၏​စဉ်းလဲ​သော​လုပ်ရပ်များ​ကို ကျွန်ုပ်​တို့အားလုံး အခိုင်အမာ​ဆန့်ကျင်​တွန်းလှန်​ကြပါစို့။ (၁ ပေတရု ၅:၈-၁၁) သို့ဖြင့် ကျွန်ုပ်​တို့သည် ‘ထာဝရ​အသက်​အလို​ငှာ သခင်​ယေရှု​ခရစ်​၏ သနား​ကြင်နာ​မှု​ကို စောင့်မျှော်​လျက် ဘုရားသခင်​၏​ချစ်ခြင်း​မေတ္တာ​၌ ကိုယ်ကို​စောင့်ရှောက်​၍​နေကြ’ မည်။—ယုဒ ၂၁သမ္မာ။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• Devil (နတ်ဆိုး​မင်း) အတွက် ဂရိ​စကားလုံး​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း၊ စာတန်​သည် အဆိုပါ​ထူးခြားသော​ဘွဲ့​အမည်​နှင့် မည်သို့​ကိုက်ညီ​သနည်း။

• မြေကြီးသား​များ​ကို ယေဟောဝါ​ရှုမြင်ပုံသည် စာတန်​နှင့် မည်သို့​ကွာခြား​သနည်း။

• ယေဟောဝါ​ထံ ချဉ်းကပ်​ရာ​တွင် ရွေးနုတ်ဖိုး​ကို အဘယ်ကြောင့်​လက်ခံရ​မည်​နည်း။

• ယေဟောဝါ​အား “ဆည်းကပ်​မှီဝဲ” ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း၊ ကိုယ်တော့်​ကို ကျွန်ုပ်​တို့​မည်သို့ ဆက်​ရှာ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

စုံစမ်း​နှောင့်ယှက်မှု​များ​ကို ခံရ​လျက်​ကယ် မိမိကို ယေဟောဝါ သတိ​နှင့်​ကြည့်ရှု​တော်​မူ​ကြောင်း ယောဘ​သိ​နားလည်ခဲ့

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ကျမ်းစာ​ကို​နေ့စဉ်​ဖတ်ရှုခြင်း၊ ခရစ်ယာန် အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​နှင့် ဟောပြောခြင်း​လုပ်ငန်း​၌ ဇွဲရှိ​ရှိပါ​ဝင်​ခြင်း​တို့​က ကျွန်ုပ်​တို့ကို ယေဟောဝါ​သတိ​နှင့်​ကြည့်ရှု​နေ တော်​မူ​ကြောင်း သတိ​ရစေ