မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့တာဝန်ကျရာနေရာတွင် စွဲစွဲမြဲမြဲနေထိုင်ခဲ့ကြ

ကျွန်ုပ်တို့တာဝန်ကျရာနေရာတွင် စွဲစွဲမြဲမြဲနေထိုင်ခဲ့ကြ

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်ုပ်​တို့​တာဝန်ကျ​ရာ​နေရာတွင် စွဲစွဲမြဲမြဲ​နေထိုင်ခဲ့​ကြ

ဟဲရ်​မ​န်း ဘ​ရူး​ဒါ​ပြောပြ​သည်

ရွေးချယ်စရာ​က ရိုးရိုးလေး​ပါ– ပြင်သစ်​ကြေးစား​နိုင်ငံခြားသား​တပ်​မှာ ငါး​နှစ်​စစ်မှုထမ်း​မလား၊ ဒါမှ​မဟုတ် မော်​ရို​ကို​အကျဉ်းထောင်​မှာ ထိန်းသိမ်း​ခံ​မလား။ ဒီလိုမျိုး ဘေးကျပ်နံကျပ်​ဖြစ်​ရ​ပုံ​ကို ပြောပြ​ပါ​ရစေ။

ပထမ​ကမ္ဘာ​စစ်​မဖြစ်ခင် သုံးနှစ် ၁၉၁၁ ခုနှစ်၊ ဂျာမနီ​နိုင်ငံ၊ အောပ်ပီ​န​ယူး​မြို့မှာ ကျွန်တော့်​ကို မွေးခဲ့တယ်။ ကျွန်တော့်​ရဲ့​မိဘ ယို​ဇ​က်ဖ်​နဲ့ ဖ​ရီး​ဒါ ဘ​ရူး​ဒါ​တို့​မှာ သားသမီး ၁၇ ယောက်​ရှိတယ်။ ကျွန်တော်​က​တော့ ၁၃ ယောက်​မြောက် ကလေး​ပါ။

ကျွန်တော်​ဦးဆုံး​မှတ်မိ​တာ​က​တော့ ကျွန်တော်​တို့​ရဲ့ ဇာတိ​မြို့ လမ်းမကြီး​ပေါ်မှာ စစ်​ဘင်ခရာ​အဖွဲ့ ချီတက်​တာ​ကို ရပ်ကြည့်​ခဲ့​တာ​ဖြစ်တယ်။ မြူး​ကြွ​တက်ကြွ​တဲ့ စစ်ချီ​တေး​ကို သဘောကျ​လို့ တီးမှုတ်​သူတွေ​နောက် လိုက်သွား​ရင်း​နဲ့ ဘူတာရုံ​ကို ရောက်သွား​တယ်၊ အဲဒီမှာ စစ်​ယူနီဖောင်း​ဝတ်​ထား​တဲ့ အဖေနဲ့ တခြား​အမျိုးသားတွေ ရထား​ပေါ်​တက်​သွားတာကို အချိန်မီ​လေး တွေ့​လိုက်ရတယ်။ ရထား​ထွက်သွား​တာ​နဲ့ ပလက်ဖောင်း​ပေါ်​က အမျိုးသမီး​တချို့ ချုံးပွဲချ​ငို​ပါ​လေ​ရော။ အဲဒီနောက်​မကြာခင် ကျွန်တော်​တို့​ရဲ့ ခရစ်ယာန်​ဘုန်းကြီး​က ချာ့ခ်ျ​မှာ ရှည်လျား​တဲ့ ဟောပြောချက်​ပေး​ပြီး ဇာတိမြေ​ကို​ကာကွယ်​ရင်း အသက်ပေး​လှူ​သွားတဲ့ အမျိုးသား​လေးယောက်​ရဲ့ နာမည်​ကို ဖတ်ပြ​ခဲ့တယ်။ “အခု သူတို့ ကောင်းကင်​မှာ​ရှိကြတယ်” ဆိုပြီး ရှင်းပြတယ်။ ဒါနဲ့ ကျွန်တော့်​ဘေးနား​မှာ ရပ်နေတဲ့ အမျိုးသမီး​တစ်ယောက် မေ့မြော​သွားပါ​လေ​ရော။

ရုရှား​ရှေ့တန်း​မှာ အဖေ စစ်မှုထမ်း​နေရင်း အူ​ရော​င်​ငန်း​ဖျား​ရောဂါ ရခဲ့တယ်။ အဖေ အိမ်​ပြန်​ရောက်တော့ အတော်လေး​ကို အားနည်းနေ​ပြီ၊ ရောက်တာနဲ့ ဒေသန္တရ​ဆေးရုံ​ကို ချက်ချင်း​ပို့လိုက်​ကြတယ်။ “သင်္ချိုင်း​ဘေးနားက ဘုရားကျောင်း​ကို​သွားပြီး ကျွန်ုပ်​တို့​အဘ​ဆုတောင်းချက်​ကို အကြိမ် ၅၀၊ မာ​ရီး​ယား​ကို​ချီးမွမ်း​ကြ​ကို အကြိမ် ၅၀ ရွတ်​ရင် မင်းတို့ရဲ့​အဖေ ပြန်ကောင်း​လာလိမ့်မယ်” လို့​ခရစ်ယာန်​ဘုန်းကြီး​က အကြံပေး​တယ်။ သူ​ပြော​တဲ့​အတိုင်း ကျွန်တော်​လိုက်လုပ်တာ​ပဲ၊ ဒါပေမဲ့ နောက်​နေ့မှာ အဖေ​ဆုံးသွား​ရှာတယ်။ ကလေး​တစ်ယောက်​အတွက်​တောင် စစ်​ဟာ နာကြည်း​စ​ရာ​ပါ။

အမှန်တရားကို ကျွန်တော်​တွေ့ ရှိ​ပုံ

စစ်​တွင်း​ကာလ ဂျာမနီ​နိုင်ငံ​မှာ အလုပ်​ရှားပါး​တယ်။ ဒါပေမဲ့ ၁၉၂၈ ခုနှစ်​မှာ ကျွန်တော် ကျောင်းထွက်​လိုက်ပြီး ဆွစ်ဇလန်​နိုင်ငံ၊ ဘယ်​ဇ​ယ်လ်​မြို့မှာ ဥယျာဉ်မှူး​အလုပ် ရခဲ့တယ်။

ကျွန်တော်​လည်း အဖေလို​ပဲ အမာခံ​ကက်သလစ်​တစ်ယောက်​ပါ။ ကျွန်တော့်​ရဲ့​ရည်မှန်းချက်​က အိန္ဒိယ​နိုင်ငံ​မှာ က​က်​ပူ​ချင်း​ဘုန်းကြီး​တစ်ပါး​ဖြစ်​ဖို့​ပဲ။ အဲ့ဒီ​တုန်း​က ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်နေ​တဲ့ ကျွန်တော့်​ညီ ရစ်ချက်​ဒ်​က ဒီ​အစီအစဉ်တွေကို သိ​သွားတဲ့အခါ ကျွန်တော့်​ကို​ဖျောင်းဖျ​ဖို့ ဆွစ်ဇလန်​နိုင်ငံ​ကို တကူးတက​ရောက်​လာတယ်။ လူတွေကို အထူးသဖြင့် ခရစ်ယာန်​ဘုန်းကြီး​တွေ​ကို မကိုးစား​ဖို့ သတိပေး​ပြီး ကျမ်းစာ​ကို​ဖတ်​ဖို့၊ ကျမ်းစာ​ကို​သာ ယုံကြည်​ကိုးစား​ဖို့ အားပေးခဲ့တယ်။ ကျွန်တော် စိတ်​ဒွိဟ​ဖြစ်နေ​ပေမဲ့ ဓမ္မသစ်​ကျမ်း​ကို​ယူပြီး စ​ဖတ်ပါ​တယ်။ ဒါနဲ့ ကျွန်တော့်​ရဲ့​ယုံကြည်ချက်တွေ​က ကျမ်းစာ​သွန်သင်ချက်​တွေ​နဲ့ မညီ​ဘူးဆို​တာ တဖြည်းဖြည်း သဘောပေါက်​လာတယ်။

ဂျာမနီ​နိုင်ငံ​က ရစ်ချက်​ဒ်​ရဲ့​အိမ်မှာ ကျွန်တော်​ရှိနေတုန်း ၁၉၃၃ ခုနှစ်၊ တနင်္ဂနွေ​တစ်ရက်​မှာ ယေဟောဝါသက်သေ​ဇနီး​မောင်နှံ​တစ်စုံ​နဲ့ ကျွန်တော့်​ကို မိတ်ဆက်​ပေး​ခဲ့တယ်။ ကျွန်တော် ကျမ်းစာ​ဖတ်နေ​မှန်း သူတို့​သိတဲ့​အခါ အကျပ်အတည်း​ကာလ * စာအုပ်​ငယ်​တစ်အုပ် ကျွန်တော့်​ကို ပေး​တယ်။ ညသန်းခေါင်​လောက်​မှာပဲ အဲ့ဒီ​စာအုပ်​ကို ဖတ်​ပြီး​သွားတယ်။ အဲ့ဒီ​အချိန်​မှာ အမှန်တရား​တွေ့​ပြီ​လို့ ကျွန်တော်​ခံယူ​ခဲ့တယ်!

ဘယ်​ဇ​ယ်လ်​မြို့က ယေဟောဝါသက်သေ​တွေ​က ကျွန်တော့်​ကို မဂ္ဂဇင်း​တွေ၊ တခြား​စာအုပ်​တွေ​နဲ့​အတူ ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ* စာအုပ် အတွဲ​နှစ်တွဲ ပေး​တယ်။ ကျွန်တော်​ဖတ်​သမျှ​ကို သဘောကျ​သွားတာ​နဲ့ ဒေသခံ​ခရစ်ယာန်​ဘုန်းကြီး​နဲ့ တွေ့ဆုံ​ပြီး ကျွန်တော့်​နာမည်​ကို ချာ့ခ်ျ​မှတ်တမ်း​စာရင်း​ကနေ ပယ်ဖျက်​ပေးဖို့ တောင်းဆို​လိုက်တယ်။ အဲ့ဒီ​ဘုန်းကြီး​က အရမ်း​ဒေါသ​ထွက်​ပြီး ကျွန်တော့်​ရဲ့​ယုံကြည်ခြင်း ဆုံးရှုံး​သွားမယ်လို့ ကြိမ်းဝါး​ခဲ့တယ်။ တကယ်တော့ တခြား​စီ​ပဲ။ အခု​မှ ကျွန်တော့်​ဘဝမှာ စစ်မှန်​တဲ့​ယုံကြည်ခြင်း အစပျိုး​လာတာ။

ရက်သတ္တပတ်​အကုန်​မှာ ပြင်သစ်​နယ်စပ်​မှာ သွား​ဟောပြောကြ​ဖို့ ဘယ်​ဇ​ယ်လ်​မြို့က ညီအစ်ကို​တွေ စီစဉ်​နေကြ​တယ်။ အဲ့ဒီ​အစီအစဉ်​ထဲ​ပါ​ဖို့ ကျွန်တော့်​ကို မဖိတ်​ခေါ်​တာ​က အသင်းတော်​နဲ့ ပေါင်းသင်း​တာ မကြာသေး​လို့​ဆိုပြီး ညီအစ်ကို​တစ်ယောက်​က ကြင်ကြင်နာနာ​နဲ့ ကျွန်တော့်​ကို ရှင်းပြတယ်။ စိတ်ဓာတ်​မကျ​ဘဲ ကျွန်တော်​လည်း ဟောပြော​ချင်​တဲ့​အကြောင်း ပြောပြ​လိုက်တယ်။ အကြီးအကဲ​နောက်​တစ်ယောက်​နဲ့ တိုင်ပင်​ပြီး​နောက်​မှာ ကျွန်တော့်​ကို ဆွစ်ဇလန်​နိုင်ငံ​က ရပ်ကွက်​တစ်ခု​ကို တာဝန်​ပေး​ခဲ့တယ်။ ဒါနဲ့ တနင်္ဂနွေ​မနက်စောစော​မှာ စာအုပ် ၄ အုပ်၊ မဂ္ဂဇင်း ၂၈ စောင်၊ ဘရိုရှာ​အ​စောင် ၂၀ ထည့်​ပြီး ဘယ်​ဇ​ယ်လ်​မြို့နားက ရွာ​ငယ်​လေး​ကို စက်ဘီး​နဲ့ ထွက်​ခဲ့တယ်။ အဲ့ဒီ​ကို ကျွန်တော်​ရောက်တဲ့​အချိန်​မှာ ရွာသား​အများစုက ချာ့ခ်ျ​တက်​နေကြ​တယ်။ ဒါတောင်မှ ၁၁ နာရီ​လောက်​လည်း​ကျ​ရော ကျွန်တော့်​ရဲ့​အမှုဆောင်​အိတ်ထဲမှာ စာအုပ်​တစ်အုပ်​မှ မကျန်​တော့​ဘူး။

ကျွန်တော်​နှစ်ခြင်း​ခံ​ချင်​တယ်လို့ ညီအစ်ကို​တွေ​ကို ပြောပြ​တဲ့​အခါ သူတို့က ကျွန်တော်​နဲ့ အသေအချာ​စကားပြော​ဆို​ဆွေးနွေး​ပြီး အမှန်တရား​နဲ့​ပတ်သက်​တဲ့ စစ်ဆေး​မေးခွန်းတွေ မေးခဲ့​ပါ​တယ်။ သူတို့ရဲ့​ဇွဲ၊ ယေဟောဝါ​နဲ့ ကိုယ်တော့်​ရဲ့​အဖွဲ့အစည်း​အပေါ် သူတို့ရဲ့​သစ္စာစောင့်သိမှုကို ကျွန်တော် အတော်လေး လေးစား​မိတယ်။ ဆောင်း​ရာသီ​ဖြစ်နေ​တော့ အကြီးအကဲ​တစ်ယောက်​ရဲ့​အိမ်က ရေချိုးကန်​ထဲမှာ​ပဲ ညီအစ်ကို​တစ်ယောက်​က ကျွန်တော့်​ကို နှစ်ခြင်း​ပေး​ခဲ့တယ်။ မဖော်​ပြ​နိုင်​တဲ့ ပျော်ရွှင်မှု​နဲ့ အတွင်း​ခွန်အား​ကို ကျွန်တော်​ခံစား​ခဲ့​ရတာကို မှတ်မိ​သေး​တယ်။ အဲ့ဒီ​နှစ်​က​တော့ ၁၉၃၄ ခုနှစ်​ပါ။

ဘုရားသခင့်​နိုင်ငံတော်​ခြံ​တွင် အမှုဆောင်ခြင်း

၁၉၃၆ ခုနှစ်​မှာ ဆွစ်ဇလန်​နိုင်ငံ​က မြေ​တစ်​ကွက်​ကို ယေဟောဝါသက်သေ​တွေ ဝယ်​လိုက်တယ်လို့ ကျွန်တော်​သတင်းရ​တယ်။ ဒါနဲ့ ဥယျာဉ်မှူး​အဖြစ် အမှုဆောင်​ချင်​တဲ့​အကြောင်း ကျွန်တော်​သတင်းပို့​ထား​တယ်။ ဘန်း​မြို့ကနေ ၁၉ မိုင်​လောက်​ဝေး​တဲ့ စ​တီ​ဖီး​ဘာ​ဂ်​မြို့က ဘုရားသခင့်​နိုင်ငံတော်​ခြံ​မှာ အမှုထမ်း​ဖို့ ဖိတ်ခေါ်​ခံရ​လို့ ပျော်​လိုက်တာ။ အခွင့်အရေး​ရ​တိုင်း တခြား​သူတွေရဲ့ ခြံ​အလုပ်တွေကိုပါ ကျွန်တော်​ကူ​လုပ်ပေးတယ်။ ဗေသလမှာ ပူးပေါင်း​ဆောင်ရွက်​တဲ့​စိတ်​ရှိဖို့ အရေးကြီးတယ်ဆိုတာ​ကို ကျွန်တော်​သိလာတယ်။

ဗေသလမှာ ကျွန်တော်​နေခဲ့တဲ့ နှစ်တွေ​ထဲမှာ အမှတ်​မိ​ဆုံး​က​တော့ ခြံ​ထဲ​ကို ညီအစ်ကို​ရပ်သဖော့ဒ် လာလည်တဲ့ ၁၉၃၆ ခုနှစ်​ပဲ။ ခရမ်းချဉ်သီး​အရွယ်အစား​နဲ့ ကောက်ပဲသီးနှံ​တွေ ဘယ်လောက်​ဖြစ်ထွန်း​တာ​ကို သူ​မြင်တဲ့အခါ ပြုံး​ပြီး ကျေနပ်​အားရ​တယ်လို့ ပြော​ခဲ့တယ်။ သူဟာ တကယ်​ခင်မင်​စ​ရာ​ကောင်း​တဲ့ ညီအစ်ကို​တစ်ယောက်​ပါ!

သုံးနှစ်​ကျော်​ကျော်​လောက် ခြံ​မှာ အမှုဆောင်​နေတဲ့​အချိန်​မှာ ယူနိုက်တက်​စ​တိတ်​က ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနချုပ်​က​လာတဲ့ စာ​တစ်စောင်​ကို နံနက်​စာ​စားချိန်​မှာ ဖတ်ပြ​ခဲ့တယ်။ အဲ့ဒီ​စာ​က ဟောပြောခြင်း​လုပ်ငန်း​ကို အရေးတကြီး​လုပ်ဆောင်ဖို့​လို​တာ​ကို အလေးပေး​ဖော်ပြ​ပြီး တိုင်းတစ်ပါး​မှာ ရှေ့ဆောင်​အဖြစ်​အမှုဆောင်​လို​တဲ့ ဘယ်သူ​ကို​မဆို ဖိတ်ခေါ်​တဲ့​အကြောင်း​ဖြစ်တယ်။ ချက်ချင်းပဲ ကျွန်တော် နာမည်​စာရင်း​သွင်း​လိုက်တယ်။ ၁၉၃၉၊ မေလ​မှာ ကျွန်တော် ဘရာဇီး​နိုင်ငံ​မှာ တာဝန်ကျ​တယ်လို့ သိလိုက်​ရတယ်!

အဲ့ဒီ​တုန်း​က ဘုရားသခင့်​နိုင်ငံတော်​ခြံ​အနား​က တွန်း​အသင်းတော်မှာ ကျွန်တော် အစည်းအဝေးတွေကို တက်​နေတာ။ တနင်္ဂနွေ​နေ့တိုင်း တွန်း​မြို့ကနေ နှစ်နာရီ​စက်ဘီး​စီး​သွား​ရတဲ့ အဲလ်​ပ်​တောင်တန်း​ဒေသ​တွေ​မှာ ကျွန်တော်​တို့ အုပ်စု​လိုက် သွား​ဟောပြော​ကြတယ်။ ဒီ​အုပ်စု​ထဲမှာ မာ​ရ်​ဂ​ရီ​တာ စတိုင်​နာ​လည်း​ပါ​တယ်။ ရုတ်တရက် ကျွန်တော်​အတွေးဝင်လာ​တာ​က တပည့်​တွေ​ကို နှစ်ယောက်​တစ်တွဲ​စီ ယေရှု​စေလွှတ်​တာ​ပဲ။ ဒါနဲ့ ကျွန်တော် ဘရာဇီး​နိုင်ငံ​မှာ တာဝန်ကျ​တဲ့​အကြောင်း မာ​ရ်​ဂ​ရီ​တာ​ကို အမှတ်တမဲ့ ပြောလိုက်တဲ့​အခါ သူလည်း သာ၍​လိုအပ်​နေတဲ့​နေရာတွေမှာ အမှုထမ်း​ချင်​တယ်လို့ ပြော​တယ်။ ဒါနဲ့ ၁၉၃၉၊ ဇူလိုင် ၃၁ ရက်​နေ့မှာ ကျွန်တော်​တို့ လက်ထပ်​လိုက်ကြတယ်။

မမျှော်လင့်​ဘဲ ခရီး​တစ်​ထောက်​ရပ်နား​ခဲ့​ရ

၁၉၃၉၊ ဩဂုတ်​လ​ကုန်ပိုင်း​မှာ ပြင်သစ်​နိုင်ငံ၊ လေ ဟာ​ဗဲရ်​မြို့ကနေ သင်္ဘော​စီး​ပြီး ဘရာဇီး​နိုင်ငံ၊ ဆန်​တို​စ်​မြို့ကို ထွက်​လာ​ခဲ့​ကြတယ်။ နှစ်ယောက်​အိပ်စင်​အခန်း​တွေ​မရှိတော့လို့ ကျွန်တော်​တို့​နှစ်ယောက်​ဟာ တစ်ယောက်​တစ်ခန်း​စီ အိပ်ခဲ့​ရတယ်။ သင်္ဘော​နဲ့​ခရီး​သွား​နေတုန်း ဂျာမနီ​နိုင်ငံ​ကို ဂ​ရိတ်​ဗြိတိန်နဲ့ ပြင်သစ်​တို့​က စစ်​ကြေညာ​လိုက်တဲ့​သတင်းရ​တယ်။ ဂျာမန်​ခရီးသည် ၃၀ အဖွဲ့​တစ်ဖွဲ့​က ဂျာမန်​အမျိုးသား​သီချင်းကို ဆို​ကြ​ပါ​လေ​ရော။ အဲ့​ဒါကို သင်္ဘော​က​ပ္ပ​တိ​န်​က ဒေါသ​ဖြစ်​ပြီး ခရီးစဉ်​လမ်းကြောင်း​ပြောင်း​ပြီး မော်​ရို​ကို၊ ဆက်​ဖီ​သင်္ဘောဆိပ်​မှာ ကမ်း​ကပ်​လိုက်တယ်။ ဂျာမန်​ခရီး​သွား​စာရွက်စာတမ်း​တွေ​ပါ​တဲ့ ခရီးသည်​တွေ​ကို ငါး​မိနစ်​အတွင်း သင်္ဘော​က​ဆင်း​ဖို့ အချိန်ပေး​တယ်။ အဲ့ဒီ​ထဲမှာ ကျွန်တော်​တို့​လည်း​ပါ​တယ်။

ကျွန်တော်​တို့ကို ရဲစခန်း​မှာ တစ်ရက်​ချုပ်​ထားပြီး ခနော်ခနဲ့​ဘတ်စကား​ဟောင်း​တစ်စီးပေါ် လူ​အပြည့်​တင်ပြီး ၈၅ မိုင်​လောက်​ဝေး​တဲ့ မာ​ရာ​က​စ်ရှ်​အကျဉ်းထောင်​ကို ပို့​လိုက်တယ်။ ဆက်တိုက်​ပဲ အခက်အခဲ​တွေ ကြုံတွေ့​ခဲ့​ရတယ်။ ကျွန်တော်​တို့​ရဲ့ အကျဉ်းထောင်​ခန်း​တွေ​ဟာ လူပြည့်​ကျပ်​ပြီး မှောင်​မဲ​နေတယ်။ ကြမ်းပြင်​အပေါက်​တစ်​ပေါက်​ဖြစ်​တဲ့ ဘုံ​သုံး​အိမ်သာ​ဆိုရင် အမြဲတမ်း​ပိတ်ဆို့​နေတာ။ တစ်ယောက်​တစ်ထည်​စီ​ရထားတဲ့ ညစ်ပတ်​နေတဲ့ ဂုန်​နီ​အိတ်​ပေါ်မှာ အိပ်​ရတယ်၊ ည​ဆိုရင် ကျွန်တော်​တို့​ခြေသလုံး​တွေ​ကို ကြွက်​တွေ တ​တိ​တိ​လာကိုက်​တယ်။ သံချေး​တက်​နေတဲ့​ခွက်​နဲ့ တစ်နေ့​နှစ်ခါ အစာ​ကြွေး​တယ်။

ပြင်သစ်​ကြေးစား​နိုင်ငံခြားသား​တပ်​မှာ ငါး​နှစ် စစ်မှုထမ်း​မယ်​ဆိုရင် ထောင်​ကနေ​လွှတ်​ပေး​မယ်​လို့ စစ်​အရာရှိ​တစ်ဦး​က ကျွန်တော့်​ကို​ပြော​တယ်။ ကျွန်တော်​ငြင်းဆို​ခဲ့လို့ တွင်း​မဲ​လို့​ဆို​ရမယ့် နေရာမှာ ၂၄ နာရီ​ချုပ်​ထား​တယ်။ တစ်ချိန်​လုံး​လို​လို ဆုတောင်း​နေခဲ့တယ်။

ရှစ်​ရက်​ကြာ​တော့ ထောင်​အာဏာပိုင်တွေ​က မာ​ရ်​ဂ​ရီ​တာ​နဲ့ ပြန်တွေ့​ဆုံ​ခွင့်ပြု​တယ်။ သူ​အရမ်း​ပိန်​သွားတာ​ပဲ၊ ကျွန်တော့်​ကို​တွေ့​တာ​နဲ့ အားရပါးရ​ငို​ပါ​လေ​ရော။ သူ့ကို အတတ်နိုင်ဆုံး​အားပေးခဲ့​ရတယ်။ ကျွန်တော်​တို့​နှစ်ယောက်ကို စစ်ဆေး​မေးမြန်း​ပြီး ရထား​နဲ့ ကာ​စ​ဘ​လင်​န်​ကာ​မြို့ကို ပို့​လိုက်တယ်၊ အဲ့ဒီ​ရောက်တော့ မာ​ရ်​ဂ​ရီ​တာ​ကို လွှတ်လိုက်တယ်။ ကျွန်တော့်​ကို​ကျ​တော့ မိုင် ၁၁၀ လောက်​ဝေး​တဲ့ ပေါ​တ် လေအာ​တီ​ဆိပ်ကမ်း (ယခု ကေ​နီ​တ​ရာ) က​အကျဉ်း​စခန်း​ကို ပို့​လိုက်တယ်။ ဆွစ်​ကောင်​စစ်​အရာရှိ​က ဆွစ်ဇလန်​နိုင်ငံ​ကို ပြန်​သွားဖို့ မာ​ရ်​ဂ​ရီ​တာ​ကို အကြံပေး​ခဲ့​ပေမဲ့ ကျွန်တော်​မပါဘဲ ပြန်​မသွား​ဘူးဆို​ပြီး သစ္စာရှိ​ရှိ သူ​ငြင်း​ခဲ့တယ်။ ပေါ​တ် လေအာ​တီ​မှာ ကျွန်တော်​အကျဉ်း​ကျ​တဲ့ နှစ်လ​အတွင်းမှာ မာ​ရ်​ဂ​ရီ​တာ​ဟာ ကာ​စ​ဘ​လင်​န်​ကာ​မြို့ကနေ နေ့တိုင်း ကျွန်တော်​ဆီ​လာပြီး အစားအသောက်​တွေ ပို့ပေး​တယ်။

နာဇီ​အစိုးရ​နဲ့ သက်သေခံတွေ ပတ်သက်မှု​လုံးဝ​မရှိတဲ့​အကြောင်းကို အများ​ပြည်သူ သိလာ​ရအောင် ခ​ရွိုက်စ်စွပ်ခ် ဂေ​ဂ​င် ဒါ့​စ် ခရစ်စန်တွန် (ခရစ်ယာန်​ဘာသာ​တရားကို ဆန့်ကျင်​သည့် ခရူးဆိတ်စစ်​ပွဲ) စာအုပ်​ကို အရင်​နှစ်မှာ ယေဟောဝါသက်သေ​တွေ ထုတ်ဝေ​ခဲ့တယ်။ အကျဉ်း​စခန်း​မှာ ကျွန်တော်​အချုပ်ခံ​နေရ​တုန်း ဘန်း​မြို့မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ ဌာနခွဲ​က ပြင်သစ်​အာဏာပိုင်တွေကို ကျွန်တော်​တို့​ဟာ နာဇီ​တွေ​မဟုတ်ဘူးဆိုတာ သက်သေထူ​ဖို့ အဲ့ဒီ​စာအုပ်​တစ်အုပ်​နဲ့​အတူ စာ​တစ်စောင်​ကို ပို့​လိုက်တယ်။ မာ​ရ်​ဂ​ရီ​တာ​လည်း အစိုးရ​အရာရှိ​တွေ​ဆီ​သွားပြီး ကျွန်တော်​တို့​ဟာ အပြစ်​မရှိ​သူတွေ​ဖြစ်တယ်​ဆိုတာ​ကို တင်ပြ​ဖို့ သူတို့​ယုံကြည်​စိတ်ချ​လောက်​အောင် ပြောပြ​နိုင်​ခဲ့​တာ ချီးကျူး​စ​ရာ​ပဲ။ နောက်ဆုံး ၁၉၃၉ ခုနှစ်​ကုန်ပိုင်း​မှာ မော်​ရို​ကို​မြို့ကနေ ထွက်သွား​ခွင့်​ရခဲ့တယ်။

ဘရာဇီး​နိုင်ငံ​ကို​ဆက်သွား​ဖို့ သင်္ဘော​ပေါ်​တက်​တော့​မှ​ပဲ အတ္တလန္တိတ်​ရေကြောင်း​လမ်းတစ်လျှောက်​မှာ ဂျာမန်​ရေငုပ်​သင်္ဘော​တွေ တိုက်ခိုက်​နေမှန်း၊ ကျွန်တော်​တို့​သင်္ဘော​ကို အဓိက​ပစ်မှတ်​ထား​မှန်း သိလိုက်​ရတယ်။ ကျွန်တော်​တို့​သင်္ဘော ဂျမိုက်ခ်​ဟာ ကုန်သင်္ဘောဖြစ်​ပေမဲ့ သင်္ဘော​ဦး​ပိုင်း​နဲ့ ပဲ့ပိုင်း​မှာ အ​မြောက်​တွေ​တပ်ဆင်​ထား​တယ်။ နေ့မှာ က​ပ္ပ​တိ​န်​က သင်္ဘော​ကို ကွေ့​ကွေ့ကောက်​ကောက်​မောင်း​ပြီး အ​မြောက်​တွေ​နဲ့ တရ​စပ်​ပစ်ခတ်​တယ်။ ည​မှာ ဂျာမန်​တွေ​မမြင်​အောင် သင်္ဘော​ကို အမှောင်​ချထား​တယ်။ ဥရောပ​ကနေ ထွက်​လာပြီး ငါး​လ​ကျော် ၁၉၄၀၊ ဖေဖော်ဝါရီ ၆ ရက်​နေ့မှာ ဘရာဇီး​နိုင်ငံ၊ ဆန်​တို​စ်​ဆိပ်ကမ်း​ကို ရောက်တော့​မှ ကျွန်တော်​တို့ စိတ်အေး​သွား​ရတော့တယ်!

အကျဉ်းထောင်​သို့ တစ်ဖန်​ပြန်ရောက်

ကျွန်တော်​တို့ ဟောပြောဖို့ ဦးဆုံး​တာဝန်ကျ​တဲ့​နေရာ​က​တော့ ဘရာဇီး​တောင်ပိုင်း ရီယို​ဂ​ရဲ​န်​ဒါ​ဆူ​လ်​ပြည်နယ်​က မောင်​တီ​နီ​ဂ​ရို​မြို့မှာ​ဖြစ်တယ်။ ကျွန်တော်​တို့​ရောက်နေတယ်​ဆိုတာ​ကို ချာ့ခ်ျ​အာဏာပိုင်တွေ ကြို​သိထား​ပုံ​ရတယ်။ နှစ်နာရီ​လောက်​ပဲ ဟောပြော​ရ​သေး​တယ်၊ ကျွန်တော်​တို့ကို ရဲက​လာ​ဖမ်းသွား​ပြီး ကျမ်းစာ​ဟောပြောချက်​တွေ၊ ဓာတ်ပြား​တွေ၊ စာအုပ်စာတမ်း​အားလုံး​အပြင် မော်​ရို​ကို​မြို့ကနေ ဝယ်​လာခဲ့တဲ့ ကုလားအုတ်​အရေခွံ​လက်ဆွဲအိတ်​က​အစ ကျွန်တော်​တို့​ပစ္စည်း​တွေ​ကို သိမ်း​လိုက်တယ်။ ရဲစခန်း​မှာ ကျွန်တော်​တို့ကို ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​နဲ့ ဂျာမန်​စကားပြော​ဓမ္မ​ဆရာ​တစ်ဦး​ပါ စောင့်နေ​ကြတယ်။ ရဲ​မှူး​က သိမ်းထား​တဲ့ ကျွန်တော်​တို့​ရဲ့​လက်ဆွဲ​ဓာတ်စက်​နဲ့ ညီအစ်ကို​ရပ်သဖော့ဒ်​ရဲ့ ဟောပြောချက်​တစ်ခု​ကို ဖွင့်​နားထောင်တဲ့​အချိန်​မှာ သူတို့လည်း​ရှိနေကြတယ်။ ညီအစ်ကို​ရပ်သဖော့ဒ်​ရဲ့ ဟောပြောချက်​က သွယ်ဝိုက်​မှုမရှိ​ဘူး! ဗက်​တီ​ကန်​အကြောင်းလည်း ရောက်လာ​ရော၊ ခရစ်ယာန်​ဘုန်းကြီး​ရဲ့​မျက်နှာ ရဲ​တက်လာ​ပြီး ဒေါသ​နဲ့​ထွက်​သွားတော့တာပဲ။

ဆန်​တာ မာ​ရီ​အာ​မြို့က ဘိရှော့​ရဲ့ ပန်ကြား​ချက်​အရ ရဲက ကျွန်တော်​တို့ကို ပြည်နယ်​ရဲ့​မြို့တော် ပေါ်​တို​အလက်​ဂ​ရာ​မြို့ကို ပို့​လိုက်တယ်။ မာ​ရ်​ဂ​ရီ​တာ​ဟာ ကြာကြာ​အချုပ်မခံရ​ဘဲ သူ​လွတ်​တာ​နဲ့​တစ်ပြိုင်နက် ဆွစ်​ကောင်စစ်ဝန်​ရုံး​ကို​သွားပြီး အကူအညီ​တောင်းခံ​ခဲ့တယ်။ ကောင်​စစ်​အရာရှိ​က ဆွစ်ဇလန်​နိုင်ငံ​ပြန်​ဖို့ သူ့ကို အကြံပေး​ခဲ့တယ်။ ကျွန်တော့်​ကို​ထားပြီး မသွား​ဘူးဆို​ပြီး တစ်ခါ​ငြင်း​ပြန်​တယ်။ မာ​ရ်​ဂ​ရီ​တာ​ဟာ ကျွန်တော့်​အပေါ် အမြဲ​ပဲ​တည်ကြည်​ခဲ့တယ်။ နောက်​ရက်​သုံး​ဆယ်​ကြာ​တော့ ကျွန်တော့်​ကို စစ်ဆေး​မေးမြန်း​ပြီး လွှတ်လိုက်တယ်။ ဆယ်ရက်​အတွင်း ဒီ​ပြည်နယ်​ကနေ ထွက်သွား​မလား၊ ဒါမှ​မဟုတ် “ဖြစ်​လာမယ့်​အကျိုးဆက်​တွေ​ကို ကိုယ်တိုင်​ခံ​မလား” ဆိုပြီး ရဲက ကျွန်တော်​တို့ကို ရွေး​ခိုင်းပါ​တယ်။ ဒါနဲ့ ဌာနချုပ်​က​အကြံပေး​တဲ့​အတိုင်းပဲ ရီယို​ဒီ​ဂျ​နေ​ရို​မြို့ကို ကျွန်တော်​တို့ ထွက်ခွာ​ခဲ့​ကြတယ်။

“ကျေးဇူးပြု​၍ ဒီ​ကတ်ပြား​ကို ဖတ်​ကြည့်​ပါ”

ဘရာဇီး​လယ်ကွင်း​မှာ ဒီလို​ဆိုးရွား​တဲ့​အခြေအနေ​မျိုးကို ကြုံ​ခဲ့​ရပေမဲ့ ကျွန်တော်​တို့ ပျော်​ခဲ့​ကြတယ်! တကယ်တော့ ကျွန်တော်​တို့ အသက်​ရှင်​နေကြ​တာ​ပဲ၊ ကျွန်တော်​တို့​အိတ်တွေ​ထဲမှာ​လည်း စာအုပ်စာတမ်း​အပြည့်၊ ရီယို​ဒီ​ဂျ​နေ​ရို​မြို့​တစ်မြို့လုံး​မှာ ဟောပြောနိုင်​တယ်။ ဒါပေမဲ့ ပေါ်တူဂီ​စကား မတောက်တခေါက်​နဲ့ ကျွန်တော်​တို့ ဘယ်လို​ဟော​ကြ​မလဲ။ သက်သေခံ​ကတ်ပြား​နဲ့ ဟော​ကြ​ရမှာ​ပေါ့။ ဟောပြောတဲ့​အခါ​အသုံးပြု​ဖို့ “ပို​ရ် ဖာဗိုရ် လေအာ အက်စ်တာ ကာ​တ​ရာ​အု” (“ကျေးဇူးပြု​၍ ဒီ​ကတ်ပြား​ကို ဖတ်​ကြည့်​ပါ”) ဆို​တဲ့ ပေါ်တူဂီ​စကား​ကို ကျွန်တော်​တို့ ဦးဆုံး​သင်ယူ​ထား​ကြတယ်။ အဲ့ဒီ​ကတ်ပြား​နဲ့ တကယ်​ကို​အောင်မြင်​ခဲ့​ပါ​တယ်! တစ်လ​အတွင်းမှာပဲ စာအုပ်ကြီး ၁,၀၀၀ ကျော်​ဝေငှ​နိုင်​ခဲ့တယ်။ ကျွန်တော်​တို့​ရဲ့ ကျမ်းစာ,စာပေ​တွေ​ကို လက်ခံခဲ့​တဲ့​လူ​အများစုဟာ နောက်ပိုင်း​မှာ အမှန်တရား​လက်ခံခဲ့​ကြတယ်။ ရိုးရိုးသားသား​ပြော​ရ​ရင် ကျွန်တော်​တို့​ရဲ့​စာအုပ်စာတမ်း​တွေ​က ကျွန်တော်​တို့​ထက် ပို​ပြီး​ထိထိရောက်ရောက် သက်သေ​ခံနိုင်​ခဲ့တယ်။ စိတ်ဝင်စား​သူတွေရဲ့​လက်ထဲ ကျွန်တော်​တို့​ရဲ့​စာအုပ်စာတမ်း​တွေ ရောက်​ဖို့ အရေးကြီး​တာ​ကို ကျွန်တော်​သဘောပေါက်ခဲ့​တယ်။

အဲ့ဒီ​အချိန်တုန်းက ရီယို​ဒီ​ဂျ​နေ​ရို​မြို့က ဘရာဇီး​နိုင်ငံ​ရဲ့ မြို့တော်​ဖြစ်တယ်၊ ကျွန်တော်​တို့​ရဲ့ သတင်းတရားကို အထူးသဖြင့် အစိုးရရုံး​တွေ​မှာ ကောင်းကောင်း​ဟောပြောနိုင်​ခဲ့​ကြတယ်။ ဘဏ္ဍာရေး​ဝန်ကြီး​နဲ့ တပ်မတော်​ရေးရာ​ဝန်ကြီး​တွေ​ကို ကျွန်တော်​ကိုယ်တိုင် သက်သေခံခွင့်​ရခဲ့တယ်။ အဲ့ဒီ​လို​အချိန်​အခါ​မျိုး​တွေ​မှာ ယေဟောဝါ​ရဲ့​ဝိညာဉ်​တော် အလုပ်လုပ်​နေတယ်​ဆိုတာ​ကို ကျွန်တော်​အသေအချာ​သိခဲ့ရတယ်။

တစ်ခါ​တုန်း​က ရီယို​မြို့လယ်ခေါင် ပြည့်​သူ​ရင်ပြင်မှာ ကျွန်တော်​ဟောပြောနေ​ရင်း တရားရုံး​ချုပ်​ထဲ ကျွန်တော်​ဝင်​သွားပါ​တယ်။ အခန်း​တစ်ခု​မှာ အသုဘ​အခမ်းအနား​လို့ ထင်မှတ်​ရတဲ့ အနက်ရောင်​ဝတ်စုံ​တွေ​နဲ့ လူတွေ​ကြားထဲ ကျွန်တော်​ရောက်သွား​တယ်။ ထည်ဝါ​ခန့်ညား​တဲ့ လူတစ်ယောက်​ဆီ ကျွန်တော်​သွားပြီး သူ့ကို သက်သေခံ​ကတ်ပြား ပေး​ဖတ်​လိုက်တယ်။ အဲ့​ဒါ အသုဘ​အခမ်းအနား​မဟုတ်ပါဘူး။ တရားရုံး​အမှု​ဆွေးနွေး​နေချိန် ကျွန်တော်​ဝင်​သွား​မိ​ပြီး တရားသူကြီး​နဲ့ စကားပြော​မိ​ရက်သား​ဖြစ်နေ​တယ်။ တရားသူကြီး​က ရ​ယ်​ရယ်မော​မော​နဲ့​ပဲ အစောင့်​တွေ​ကို ဘာမှ​မ​လုပ်ဖို့ အချက်ပြ​လိုက်တယ်။ ကလေး​များ * စာအုပ်​ကို ယဉ်ယဉ်ကျေးကျေး​နဲ့ လက်ခံ​ပြီး အလှူငွေ​ပါ ထည့်​လိုက်​သေး​တယ်။ အထွက်​မှာ အစောင့်​တစ်ယောက်​က ကျွန်တော့်​ကို တံခါး​ပေါ်​က ထင်ထင်ရှားရှား​ရေးထားတဲ့ နို့တစ်စာ​ကို ထိုး​ပြ​ပါ​တယ်– ပ​ရို​ဘီ​ဒါ အာ အန္တ​ရာ​ဒါ ဒါ ပီ​ဆို​အာ​စ် အ​က​စ်​တ​ရာ​န်​ယာ​စ် (အပြင်လူ​မဝင်​ရ) တဲ့။

အကျိုး​ဖြစ်ထွန်း​တဲ့ လယ်ကွင်း​နောက်တစ်ခု​က​တော့ ဆိပ်ကမ်း​ဖြစ်တယ်။ တစ်ခါ​က သင်္ဘော​ပြန်​မထွက်ခင် စာအုပ်စာတမ်း​တွေ လက်ခံခဲ့​တဲ့ သင်္ဘောသား​တစ်ယောက်​နဲ့ ကျွန်တော်​တွေ့ဆုံ​ခဲ့တယ်။ နောက်​တစ်ခေါက်​ကျ​တော့ သူ့ကို အစည်းအဝေး​တစ်ခု​မှာ ကျွန်တော်​တို့ ပြန်တွေ့​တယ်။ သူ့​မိသားစု​တစ်စုလုံး အမှန်တရားကို လက်ခံ​နေကြ​ပြီး သူကိုယ်တိုင်​လည်း အတော်လေး​ကို တိုးတက်​နေတယ်။ အဲ့​ဒါက ကျွန်တော်​တို့ကို အမှန်တကယ်​ပဲ ပျော်ရွှင်​စေ​ခဲ့တယ်။

ဒါပေမဲ့ အားလုံး ချောချောမောမော​မဟုတ်ခဲ့ပါဘူး။ ကျွန်တော်​တို့​ရဲ့ ခြောက်​လ​ဗီဇာ​သက်တမ်း ကုန်​သွား​လို့ ပြန်​ရတော့မယ့်​ကိန်း ဆိုက်​နေပြီ။ ကျွန်တော်​တို့​ရဲ့​အခြေအနေ​အကြောင်း ဌာနချုပ်​ကို စာရေး​သတင်းပို့​ပြီး​နောက် ဇွဲရှိ​ရှိ​အမှုဆောင်ဖို့ အားပေးစာ​ထဲမှာ ဘယ်လို​ဆက်လုပ်​နိုင်တယ်​ဆို​တဲ့ အကြံပြုချက်ကို ညီအစ်ကို​ရပ်သဖော့ဒ် ရေးပို့​ခဲ့တယ်။ ကျွန်တော်​တို့​ဆန္ဒ​က​တော့ ဘရာဇီး​နိုင်ငံ​မှာပဲ ဆက်နေ​ချင်​တယ်၊ ဒါနဲ့​ရှေ့နေ​တစ်ယောက်​ရဲ့ အကူအညီ​နဲ့ ၁၉၄၅ ခုနှစ်​မှာ အမြဲ​နေထိုင်ခွင့် ဗီဇာ​ရရှိခဲ့တယ်။

နှစ်​ရှည်​တာဝန်​တစ်ရပ်

ဒါပေမဲ့ အဲ့ဒီ​အချိန်​မတိုင်ခင် ၁၉၄၁ ခုနှစ်​မှာ ကျွန်တော်​တို့​ရဲ့​သား ယောနသန်​မွေးတယ်၊ ၁၉၄၃ ခုနှစ်​ကျ​တော့ သမီး​ရုသ်​မွေး​ပြီး ၁၉၄၅ ခုနှစ်​မှာ သမီး​အက်စ်တာ​ကို မွေးခဲ့တယ်။ တဖြည်းဖြည်း မိသားစုကြီး​လာတဲ့​အတွက် ကျွန်တော်​တို့​မိသားစုရဲ့ လိုအပ်ရာ​တွေ​ကို ဖြည့်ဆည်း​ပေးဖို့ ကျွန်တော် ဝမ်းစာရှာ​လုပ်ငန်း​တစ်ခု​ကို ဝင်လုပ်​ခဲ့​ရတယ်။ တတိယ​ကလေး​မွေးတဲ့​အထိ မာ​ရ်​ဂ​ရီ​တာ​က အချိန်ပြည့်​ဟောပြောခြင်း​လုပ်ငန်းမှာ ဆက်တိုက်​ပါဝင်​ခဲ့တယ်။

အစ​ကတည်းက ကျွန်တော်​တို့​မိသားစု​လိုက် ပြည့်​သူ​ရင်ပြင်​တွေ​မှာ၊ ဘူတာရုံ​တွေ​မှာ၊ လမ်းပေါ်မှာ၊ စီးပွားရေး​ရပ်ကွက်တွေမှာ ဟောပြောခဲ့​ကြတယ်။ စနေနေ့​ည​ပိုင်း​တွေ​မှာ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်း​တွေ​ကို မိသားစု​လိုက် ဝေငှ​ခဲ့​ကြတယ်၊ အဲ့ဒီ​အချိန်​အခါ​တွေ​ဟာ အထူးသဖြင့် ပျော်စရာ​ကောင်း​တဲ့ အချိန်တွေ​ပဲ။

အိမ်မှာ​ဆိုရင်လည်း ကလေး​တွေ​ကိုယ်စီ နေ့စဉ်​လုပ်​ရမယ့်​တာဝန်​တွေ ရှိကြတယ်။ ယောနသန်​က မီးဖိုချောင်​ကို သန့်ရှင်းရေး​လုပ်​ရတယ်။ သမီးတွေ​ကျ​တော့ ရေခဲ​သေတ္တာ​ကို ဆေးကြော၊ ခြံဝင်း တံမြက်စည်း​လှည်း၊ ကျွန်တော်​တို့အားလုံး​ရဲ့ ဖိနပ်တွေ​ကို တိုက်​ရတယ်။ အဲ့ဒီ​လို​တာဝန်​တွေ ခွဲပေး​ထား​တော့ သူတို့လေးတွေ အစီအစဉ်​တ​ကျ သူတို့​ဘာသာ လုပ်ကိုင်တတ်​လာကြတယ်။ အခု​ဆိုရင် ကျွန်တော်​တို့​သားသမီးတွေဟာ သူတို့ရဲ့​အိမ်တွေ၊ သူတို့ရဲ့​ပစ္စည်း​တွေ​ကို ကောင်းကောင်း​စောင့်ရှောက်​ထိန်းသိမ်း​တတ်ကြ​တဲ့ ဝီရိယ​ရှိသူတွေ​ဖြစ်​တဲ့​အတွက် မာ​ရ်​ဂ​ရီ​တာ​နဲ့ ကျွန်တော် အရမ်း​ဝမ်းသာ​ကြ​တာပေါ့။

အစည်းအဝေးတွေမှာလည်း ကလေး​တွေ​ကို လိမ္မာ​စေချင်တယ်။ ဒါ​ကြောင့် အစည်းအဝေး​အစီအစဉ်​စ​ခင် ကလေး​တွေ​ကို ရေ​တစ်ခွက်​စီ​သောက်​ခိုင်း​ပြီး အိမ်သာ​သွား​ခိုင်း​ထား​တယ်။ အစည်းအဝေး​အတွင်း ကျွန်တော့်​ရဲ့​ဘယ်​ဘက်မှာ ယောနသန်​ထိုင်တယ်၊ ညာ​ဘက်မှာ ရုသ်၊ သူ့​ဘေးမှာ မာ​ရ်​ဂ​ရီ​တာ၊ မာ​ရ်​ဂ​ရီ​တာ​ရဲ့​ညာ​ဘက်မှာ အက်စ်တာ တန်းစီ​ထိုင်​ကြတယ်။ အဲ့​ဒါ​ကြောင့် ကလေး​တွေ​ဟာ ငယ်ငယ်​လေး​ကတည်းက အာရုံစိုက်​တတ်​ပြီး ဝိညာဉ်​အစာကို စိတ်ဝင်စား​လာကြတယ်။

ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​ပါ​တယ်။ ကလေး​တွေ​အားလုံး ယေဟောဝါ​ကို သစ္စာရှိ​ရှိ​ဝတ်ပြု​ကိုးကွယ်​နေကြ​တယ်၊ ဟောပြောခြင်း​လုပ်ငန်းမှာလည်း ပျော်ပျော်ရွှင်ရွှင် ပါဝင်​နေကြ​တယ်။ အခု​ဆိုရင် ရီယို​ဒီ​ဂျ​နေ​ရို​မြို့က နို​ဗူး​မေ​အာရ်​အသင်းတော်မှာ ယောနသန်​က အကြီးအကဲ​တစ်ယောက်​ဖြစ်တယ်။

၁၉၇၀ ပြည့်နှစ်​မှာ ကျွန်တော်​တို့​ကလေး​တွေ​အားလုံး အိမ်ထောင်ပြု​ကုန်​ကြ​ပြီး သူတို့​အိမ်နဲ့​သူတို့ ဖြစ်သွား​ကြ​တဲ့​အတွက် မာ​ရ်​ဂ​ရီ​တာ​နဲ့ ကျွန်တော်​ဟာ သာ၍​အကူအညီ​လိုအပ်​တဲ့​နေရာတစ်ခု​မှာ သွား​အမှုဆောင်ဖို့ ဆုံးဖြတ်​လိုက်ကြတယ်။ ကျွန်တော်​တို့ ပထမဦးဆုံး​ရောက်သွား​တဲ့ မီ​နာ ဇာ​ရ​စ္စ​ပြည်နယ်​က ပို​ဆူ​စ် ဒီ ကာ​လ်​ဒါ​စ်​မြို့မှာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၁၉ ယောက်​အုပ်စု​လေး​ပဲ​ရှိတယ်။ ပြတင်းပေါက်​တွေ​မရှိ၊ အတော်လေး​ပျက်စီး​နေတဲ့ မြေအောက်ခန်း​တစ်ခန်း​မှာ အစည်းအဝေး​ကျင်းပ​တာ​ကို ဦးဆုံး​မြင်ရ​တဲ့​အချိန် ကျွန်တော် အတော်လေး စိတ်ဓာတ်ကျ​မိတယ်။ ဒါနဲ့ ချက်ချင်း​ဆို​သလိုပဲ သင့်လျော်​တဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​ကို လိုက်ရှာ​ကြ​ပြီး မကြာခင်​မှာပဲ သန့်ရှင်း​သပ်ရပ်​တဲ့ ရပ်ကွက်​တစ်ခု​မှာ အဆောက်အဦ​လှလှလေး​တစ်လုံး​ကို ရှာတွေ့ခဲ့​ကြတယ်။ တကယ်​ထူးခြား​သွားတာ​ပဲ! နောက်​လေးနှစ်​ခွဲ​ကြာ​တော့ ကြေညာသူ​အရေအတွက် ၁၅၅ ယောက်​အထိ တိုးတက်​လာတယ်။ ၁၉၈၉ ခုနှစ်​မှာ ကျွန်တော်​တို့ ရီယို​ဒီ​ဂျ​နေ​ရို​ပြည်နယ်​က အာရာရူအာမာမြို့​ကို ပြောင်းရွှေ့​သွားပြီး အဲ့ဒီ​မှာ ကိုးနှစ်​အထိ အမှုဆောင်ခဲ့ကြတယ်။ အဲ့ဒီ​အချိန်​အတောအတွင်း​မှာ အသင်းတော်​အသစ်​နှစ်ခု စ​တည်ထောင်​လာတာကို ကျွန်တော်​တို့ တွေ့ခဲ့​ကြရတယ်။

ကျွန်တော်​တို့​တာဝန်ကျ​ရာ​နေရာတွင် စွဲစွဲမြဲမြဲ​နေထိုင်ခဲ့​၍ ကောင်းချီး​ရ

၁၉၉၈ ခုနှစ်​မှာ ကျန်းမာ​ရေး​အခက်အခဲ​တွေ​ကြောင့်​ရ​ယ်၊ သားသမီးတွေ​အနားမှာ နေချင်​တဲ့​အတွက်​ကြောင့်​ရ​ယ် ရီယို​ဒီ​ဂျ​နေ​ရို​ပြည်နယ်၊ စ​ရာ​အို ဂို​န်​ဆာ​လူ​မြို့ကို ကျွန်တော်​တို့ ပြောင်းရွှေ့​ခဲ့​ကြတယ်။ အဲ့ဒီ​မှာ အသင်းတော်​အကြီးအကဲ​တစ်ဦး​အဖြစ် ကျွန်တော် အမှုထမ်း​နေတုန်းပဲ။ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​တို့​မှန်မှန်​ပါဝင်​ဖို့ အတတ်နိုင်ဆုံး​ကြိုးစား​ကြတယ်။ မာ​ရ်​ဂ​ရီ​တာ​က အနီး​နား​ကုန်​ပ​ဒေ​သာ​ဆိုင်​မှာ သက်သေခံ​ရတာ​ပျော်​တယ်၊ ကျွန်တော်​တို့​ကျန်းမာ​ရေး​က ခွင့်ပြု​တဲ့​အခါ ဟောပြောဖို့​လွယ်ကူ​စေ​တဲ့ အိမ်​အနီးအနား​က ရပ်ကွက်​တချို့​ကို အသင်းတော်က ကျွန်တော်​တို့အတွက် သီးသန့်​ဖယ်​ပေး​ထား​တယ်။

မာ​ရ်​ဂ​ရီ​တာ​နဲ့ ကျွန်တော်​ဟာ ယေဟောဝါ​ကို​အပ်နှံ​ထား​တဲ့ ကျေးကျွန်​တွေ​ဖြစ်တာ အခု​ဆိုရင် အနှစ် ၆၀ ကျော်​ပြီ။ “အထွတ်အမြတ်​ဖြစ်စေ၊ အာဏာတန်ခိုး​ဖြစ်စေ၊ မျက်မှောက်​အရာ​ဖြစ်စေ၊ နောင်​လာ​လတ္တံ့​သော​အရာ​ဖြစ်စေ၊ အမြင့်​ဖြစ်စေ၊ အနိမ့်​ဖြစ်စေ၊ ဤ​အရာ​မှ​စ၍ အဘယ် . . . အရာ​မျှ​သည် ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့်​ခံရ​သော ဘုရားသခင်​၏​မေတ္တာတော်​နှင့် ငါ​တို့ကို မကွာစေ​နိုင်” တာ​ကို ကျွန်တော်​တို့​ကိုယ်တိုင် ကြုံတွေ့​ခဲ့​ရ​ပါ​ပြီ။ (ရောမ ၈:၃၈၊ ၃၉) ဘုရားသခင်​ရဲ့ လှပတဲ့​ဖန်ဆင်း​ခြင်း​လက်ရာတွေနဲ့ ပြီးပြည့်စုံ​မယ့် ကမ္ဘာ​မြေကြီး​ပေါ်မှာ ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်ချက်​ရှိတဲ့ “အခြားသိုး” တွေ​စုသိမ်း​ခံရ​တာ​ကို တွေ့မြင်​ရတာ တကယ်​ကို​စိတ်​ကြည်နူး​စ​ရာ​ပါ​ပဲ! (ယောဟန် ၁၀:၁၆) ရီယို​ဒီ​ဂျ​နေ​ရို​မြို့ကို ကျွန်တော်​တို့​ရောက်ခါစ ၁၉၄၀ ပြည့်နှစ်​မှာ ကြေညာသူ ၂၈ ယောက်​ရှိတဲ့ အသင်းတော်​တစ်ခု​ပဲ​ရှိတယ်။ အခု​ဆိုရင် အဲ့ဒီ​မှာ အသင်းတော် ၂၅၀ လောက်​ရှိပြီး ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၂၀,၀၀၀ ကျော်​ရှိနေပြီ။

ဥရောပ​မှာ​ရှိတဲ့ ကျွန်တော်​တို့​မိသားစု​တွေ​ဆီ​ကို ပြန်သွား​နိုင်​တဲ့ အချိန်​အခါ​တွေ​ရှိခဲ့​ပါ​တယ်။ ဒါပေမဲ့ ယေဟောဝါ​ဆီက​ရထားတဲ့ ကျွန်တော်​တို့​တာဝန်ကျ​ရာ​နေရာ​က ဘရာဇီး​နိုင်ငံ​မှာ​ဖြစ်တယ်။ ကျွန်တော်​တို့​တာဝန်ကျ​ရာ​နေရာမှာ စွဲစွဲမြဲမြဲ​နေခဲ့တဲ့​အတွက် ကျွန်တော်​တို့ တကယ်​ကို​ပျော်ရွှင်​ခဲ့​ကြ​ပါ​တယ်!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော်လည်း ယခု ပုံ​မ​နှိပ်​တော့​ပါ။

^ အပိုဒ်၊ 33 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့​သော်လည်း ယခု ပုံ​မ​နှိပ်​တော့​ပါ။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

၁၉၃၀ ပြည့်လွန်​နှစ်များ အကုန်ပိုင်း ဆွစ်ဇလန်​နိုင်ငံ၊ စ​တီ​ဖီး​ဘာ​ဂ်​မြို့ရှိ ဘုရားသခင့်​နိုင်ငံတော်​ခြံ​၌ (လက်ဝဲ​စွန်း ဘက်တွင် ကျွန်တော်)

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်တော်​တို့​လက်မထပ်မီ ၁၉၃၉ ခုနှစ်​က

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၉၄၀ ပြည့်လွန်​နှစ်များ​တွင် ကာ​စ​ဘ​လင်​န်​ကာ​မြို့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မိသားစု​လိုက်​ဟောပြောခြင်း

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယနေ့ ခရစ်ယာန်​ဓမ္မ​အမှု​တွင် မှန်မှန်​ပါဝင်​နေခြင်း