ကျွန်ုပ်တို့အားလုံး ချီးမွမ်းခံရမှု လိုအပ်
ကျွန်ုပ်တို့အားလုံး ချီးမွမ်းခံရမှု လိုအပ်
ထိုနေ့ရက်တွင် ကလေးမတစ်ဦးသည် အတော်လိမ္မာခဲ့၏။ သူသည် တခြားအချိန်များတွင် အမြဲအဆူခံရသော်လည်း ဤနေ့ရက်တွင်မူ ထူးထူးခြားခြား လိမ္မာခဲ့သည်။ သို့သော် ၎င်းညတွင် ထိုကလေးမ အိပ်ရာဝင်ပြီးနောက် သူ၏မိခင်က ငိုသံကြားခဲ့၏။ ငိုရသည့်အကြောင်းရင်းကို မေးသောအခါ ထိုကလေးမက “ဒီနေ့ သမီး လိမ္မာတယ်မဟုတ်လား” ဟု ရှိုက်ကြီးတငင်ဖြင့် ပြောရှာသည်။
ထိုမေးခွန်းကြောင့် မိခင်မှာ အကြီးအကျယ် စိတ်ထိခိုက်သွား၏။ သူသည် သမီးကို ချက်ချင်း ဆုံးမတတ်လေ့ရှိ၏။ သို့သော် ယခုမူ သူ၏သမီးငယ်လေးသည် အလွန်ကြိုးစားပြီး လိမ္မာစွာ နေထိုင်ခဲ့ကြောင်းကို သတိပြုမိလျက်နှင့် ချီးမွမ်းစကား တစ်ခွန်းမျှ မပြောဆိုခဲ့ချေ။
ကလေးမလေးများသာ ချီးမွမ်းပြောဆိုခံရမှုလိုသည်မဟုတ်။ ကျွန်ုပ်တို့အားလုံး ဆုံးမပဲ့ပြင်မှု ခံရဖို့လိုသကဲ့သို့ ချီးမွမ်းစကားများကိုလည်း လိုအပ်ကြ၏။
ကျွန်ုပ်တို့သည် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခံရသောအခါ မည်သို့ခံစားရသနည်း။ ကျွန်ုပ်တို့ စိတ်ရွှင်လန်းပြီး ကြည်နူးသွားသည် မဟုတ်ပေလော။ ထိုနည်းတူ တစ်ဦးတစ်ယောက်က သတိပြုပြီး ဂရုစိုက်သည်ဟု ခံစားမိသည်မဟုတ်ပေလော။ မိမိကြိုးစားပြုလုပ်ခဲ့ရကျိုးနပ်သည်ဟု ကျေနပ်မှုရှိစေပြီး နောင်တွင်လည်း ကြိုးစားဦးမည်ဟု လှုံ့ဆော်အားပေးခံရပေသည်။ စိတ်ရင်းမှန်ဖြင့် အားပေးစကား အချိန်ယူပြောဆိုသူနှင့် ကျွန်ုပ်တို့ ပိုခင်မင်လာတတ်သည်မှာ အံ့ဩစရာမဟုတ်ပေ။—သု. ၁၅:၂၃။
ချီးမွမ်းဖို့လိုကြောင်း ယေရှုခရစ် နားလည်သဘောပေါက်ခဲ့သည်။ ငွေခွက်များပုံဥပမာတွင် (ယေရှုကို ကိုယ်စားပြုသော) သခင်သည် တည်ကြည်သော ကျေးကျွန်နှစ်ဦးစလုံးကို “သစ္စာရှိသောငယ်သားကောင်း” ဟုပြောဆို၍ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းသည်။ တကယ်အားရစရာပါတကား! သူတို့၏အရည်အချင်းများ၊ အောင်မြင်မှုများသည် မတူညီကြသော်လည်း တန်းတူချီးမွမ်းခံခဲ့ကြရ၏။—မဿဲ ၂၅:၁၉-၂၃။
ထို့ကြောင့် အထက်ပါကလေးမ၏မိခင်ကို သတိရကြစို့။ တခြားသူများ မျက်ရည်ကျကာမှ ချီးမွမ်းပြောဆိုလိုက်ရသည်အဖြစ်မျိုး မရောက်စေပါနှင့်။ ထိုသို့ဖြစ်မည့်အစား၊ အခွင့်အရေးများရှာယူပြီး ချီးမွမ်းပြောဆိုနိုင်ပါသည်။ မှန်ပါ၏၊ အခွင့်အရေးရတိုင်း စိတ်ရင်းမှန်ဖြင့် ချီးမွမ်းစကားပြောဆိုရန် အကြောင်းကောင်းများရှိပါသည်။