မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောဝတ်ပြုရေးကို ထောက်ပံ့သူများ—ထိုစဉ်ကနှင့် ယခု

စစ်မှန်သောဝတ်ပြုရေးကို ထောက်ပံ့သူများ—ထိုစဉ်ကနှင့် ယခု

စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ပံ့​သူများ—ထို​စဉ်​က​နှင့် ယခု

ရှေးခေတ် ယေရုရှလင်​မြို့​အတွက် ငိုကြွေး​ခဲ့​သူ​တစ်ဦး​ကို သင်​မှတ်မိ​သလော။ ‘ယေရှု’ ဟု​သင်​ပြောကောင်း​ပြော​ပေမည်၊ မှန်​၏၊ ယေရှု​ငိုကြွေး​ခဲ့​ဖူး​သည်။ (လုကာ ၁၉:၂၈၊ ၄၁) သို့သော် ကမ္ဘာ​ပေါ် ယေရှု​မကြွလာမီ ရာစုနှစ်များစွာ​က​ပင် တည်ကြည်သော ဘုရားသခင့်​ကျေးကျွန် နောက်​တစ်ဦး​သည်လည်း ယေရုရှလင်​မြို့​အတွက် ငိုကြွေး​ခဲ့​သည်။ သူ၏​အမည်​မှာ နေဟမိ​ဖြစ်၏။—နေဟမိ ၁:၃၊ ၄

အဘယ်အရာက ယေရုရှလင်​မြို့​အတွက် နေဟမိ ငိုကြွေး​ရသည့်​အထိ ဝမ်းနည်းစရာ​ဖြစ်​ခဲ့​သနည်း။ သူသည် ထို​မြို့​နှင့် ပြည်သူပြည်သား​များ​အတွက် အဘယ်အရာ​ပြုလုပ်​ပေး​ခဲ့​သနည်း။ ထို့​ပြင် သူ၏​ပုံ​နမူနာ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ အဖြေ​သိရှိ​ရန် သူ့​ခေတ်​က အဖြစ်အပျက်​အချို့​ကို ပြန်​သုံးသပ်ကြည့်​ကြ​စို့။

ခံစားချက်​အပြည့်​နှင့် လုပ်ဆောင်​သူ

နေဟမိ​သည် ယေရုရှလင်​မြို့​၏​ဘုရင်ခံ​အဖြစ် ခန့်အပ်​ခံ​ခဲ့​ရ၏၊ သို့သော် ထို​အချိန်​မတိုင်မီ​က သူသည် ရှုရှန်​မြို့ရှိ ပေရသိ​တရားရုံး​တွင် အရာရှိ​ကြီး​တစ်ဦး​ဖြစ်၏။ သို့​တိုင် သူ၏​ကုံလုံ​ကြွယ်ဝမှု​က အဝေး​ရှိ ယေရုရှလင်​မြို့မှ ဂျူး​ညီအစ်ကို​များ​အတွက် စိုးရိမ်​ပူပန်​စိတ် မ​လျော့နည်းစေ​ခဲ့​ချေ။ သူသည် ယေရုရှလင်​မြို့မှ ဂျူး​ကိုယ်စားလှယ်​အဖွဲ့​တစ်ဖွဲ့ ရှုရှန်​မြို့​သို့ ရောက်လာ​သည်​နှင့် ပထမဦးဆုံး​ပြု​ခဲ့​သည်​မှာ “သိမ်းသွားခြင်း​ကို​ခံရ​သော​ယုဒ​လူစု​ထဲ​က

လွတ်​သော​သူတို့၏ အကြောင်းအရာ​နှင့် ယေရုရှလင်​မြို့​၏​အကြောင်းအရာကို  မေးမြန်း”  ခဲ့​သည်။  (နေဟမိ ၁:၂) ယေရုရှလင်​မြို့သား​များသည် “ကြီးစွာ​သော​ဆင်းရဲခြင်း” ခံရ​ပြီး မြို့ရိုး​လည်း “ပြိုပျက်” လျက်​ရှိကြောင်းကို ရောက်လာ​သူများ​က ပြောပြ​သည်​နှင့် နေဟမိ​သည် “ထိုင်၍ အင်​တန်​ကာလပတ်လုံး ငိုကြွေး​မြည်တမ်း” လေ​သည်။ ထို့နောက် သူသည် ယေဟောဝါ​ထံ လှိုက်လှိုက်လှဲလှဲ​ဆုတောင်း​ပြီး သူ၏​ဝမ်းနည်း​ကြေကွဲမှု​ကို ဖော်ပြ​ခဲ့​သည်။ (နေဟမိ ၁:၃-၁၁) နေဟမိ​သည် အဘယ်ကြောင့် ဤမျှ​ဝမ်းနည်း​ကြေကွဲ​ခဲ့​ရသနည်း။ ယေရုရှလင်​မြို့​သည် မြေကြီးပေါ်​တွင် ယေဟောဝါ​အား​ဝတ်ပြု​သည့် အဓိက​နေရာ​ဖြစ်​ခဲ့​ကာ ယင်းသည် လျစ်လျူရှု​ခံ​ခဲ့​ရသော​ကြောင့်​ဖြစ်၏။ (၃ ဓမ္မ​ရာဇဝင် ၁၁:၃၆) ထို့​ပြင် ၎င်း​မြို့တော်​ပျက်စီး​နေခြင်း​က ပြည်သူပြည်သား​များ​၏ ဝိညာဉ်​ရေး​အခြေအနေ မကောင်းကြောင်း ဖော်ပြ​နေသည်။—နေဟမိ ၁:၆၊ ၇

ယေရုရှလင်​မြို့​အတွက် နေဟမိ စိုးရိမ်​ပူပန်​နေခြင်း​နှင့် ထို​တွင်​နေထိုင်ကြ​သော ဂျူး​များ​ကို သနား​ကြင်နာ​ခြင်း​တို့​ကြောင့် သူသည် ကိုယ့်​ကိုယ်ကို​အသုံးတော်ခံ​ရန် လှုံ့ဆော်​ခံ​ခဲ့​ရသည်။ ပေရသိ​ဘုရင်​သည် နေဟမိ​ကို ခွင့်ရက်​ပေး​လိုက်​သည်​နှင့် သူသည် ယေရုရှလင်​မြို့​သို့ ခရီး​ဝေး​နှင်​ရန် စီစဉ်​လေ​တော့​သည်။ (နေဟမိ ၂:၅၊ ၆) သူသည် အလွန်​လိုအပ်​နေသည့် ပြန်လည်​ပြုပြင်ရေး​လုပ်ငန်း​တွင် ခွန်အား၊ အချိန်​နှင့် ဉာဏ်စွမ်း​စိုက်ထုတ်​လို​ခဲ့​၏။ ယေရုရှလင်​မြို့​သို့ သူ​ရောက်​ပြီး ရက်​အနည်းငယ်​အတွင်း​ပင် မြို့ရိုး​တစ်ခုလုံး​ကို ပြုပြင်​ရန် အစီအစဉ်​ရေးဆွဲ​ပြီးပြီ​ဖြစ်သည်။—နေဟမိ ၂:၁၁-၁၈

နေဟမိ​သည် ပူးပေါင်း​လုပ်ဆောင်ခဲ့​သူ မိသားစု​များစွာ​နှင့် မြို့ရိုး​ပြုပြင်​ရန် ကြီးမားသော​တာဝန်​ကို ခွဲဝေ​လုပ်ဆောင်ခဲ့​သည်။ * အဖွဲ့ ၄၀ ကျော်​ကို ‘အပိုင်း​လိုက်’ စီ​ပြုပြင်​ရန် တာဝန်​ပေး​ခဲ့​သည်။ ရလဒ်​ကား​အဘယ်နည်း။ မိဘ​နှင့် သားသမီး​များ​ပါ ပူးပေါင်း​ပြီး သူတို့၏​အချိန်​နှင့် ခွန်အား​စိုက်ထုတ်​လုပ်ကိုင်​ကြသော အလုပ်သမား ဤမျှ​များပြား​သဖြင့် မ​နိုင်​မ​နင်း​ဖြစ်ပုံရ​သော ကြီးမား​သည့် ထို​လုပ်ငန်း​ကို အောင်မြင်စွာ လုပ်ကိုင်​နိုင်​ကြသည်။ (နေဟမိ ၃:၁၁၊ ၁၂၊ ၁၉၊ ၂၀) နှစ်လ​အတွင်း ကြိုးစား​လုပ်ကိုင်​လိုက်​ကြ​ရာ မြို့ရိုး​တစ်ခုလုံး ပြုပြင်​ပြီးစီး​သွား​သည်! ထို​ပြုပြင်ရေး​လုပ်ငန်း​ကို ဆန့်ကျင်သူ​များ​က​ပင် “ငါ​တို့၏​ဘုရားသခင်​အခွင့်​နှင့် ပြီး​ကြောင်း” မ​ဝန်ခံ​ဘဲ မနေနိုင်​ကြ​ချေ​ဟု နေဟမိ​ရေးသားခဲ့​သည်။—နေဟမိ ၆:၁၅၊ ၁၆

အမှတ်ရနေ​ရမည့် ပုံသက်သေ​တစ်ခု

နေဟမိ​သည် သူ၏​အချိန်​နှင့် သူ၏​စည်းရုံး​ရေး​အတတ်ပညာ​ကို​သာ အသုံးပြု၍ ပါဝင်​ခဲ့​ခြင်း​မဟုတ်​ချေ။ စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ပံ့​ရန် သူ၏​စည်းစိမ်ဥစ္စာ​ကိုလည်း အသုံးပြု​ခဲ့​သည်။ ကျွန်​ဘဝ​ရောက်ရှိ​နေကြ​သော သူ၏​ဂျူး​ညီအစ်ကို​များ​ကို သူ၏​ငွေ​နှင့် ပြန်​ဝယ်ယူ​ခဲ့​သည်။ အတိုး​မယူ​ဘဲ ငွေချေး​ခဲ့​၏။ ဘုရင်ခံ​တစ်ဦး​အနေ​နှင့် သူ​ရ​သင့်​ရထိုက်​သော ထောက်ပံ့​ငွေ​ကို အတင်းအကျပ်​တောင်းခံ​ခြင်း​ဖြင့် ဂျူး​တို့​အပေါ် “လေး​သော​ဝန်” တစ်ခါမျှ​မတင်​ခဲ့​ချေ။ သို့​အစား၊ နေဟမိ​သည် “ပတ်ဝန်းကျင်​၌​နေ၍ ငါ​တို့​ထံ​သို့​လာသော တစ်ပါး​အမျိုးသားကို​မဆို​ဘဲ . . . တစ်​ရာ​ငါး​ကျိပ်​တို့” ကို​ကျွေးမွေး​လေ​၏။ သူ၏​ဧည့်သည်​များ​ကို “နွား​တစ်ကောင်၊ ရွေး​သော​သိုး​ခြောက်​ကောင်၊ ကြက်များ” နှင့် နေ့စဉ်​ဧည့်ခံ​ခဲ့​သည်။ ထို့​ပြင် သူ၏​စရိတ်​ဖြင့် “များစွာသော စပျစ်​ရည်​အမျိုးမျိုးကို​လည်း” ဆယ်ရက်​တစ်ခါ ဧည့်ခံ​ခဲ့​သည်။—နေဟမိ ၅:၈၊ ၁၀၊ ၁၄-၁၈

နေဟမိ​သည် ထို​စဉ်​က​နှင့် ယခု​ရှိ ဘုရားသခင်​၏​ကျေးကျွန်​အားလုံး​အတွက် ထူးခြား​ထင်ရှားသော ရက်ရောမှု​ပုံသက်သေ​တစ်ခု​ကို ပြ​ခဲ့​၏! ဘုရားသခင်​၏ ရဲစွမ်းသတ္တိ​ရှိသော ဤ​ကျေးကျွန်​သည် စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ပေး​ရန် အလုပ်လုပ်သူ​များ​အတွက် သူ၏​စည်းစိမ်​ကို ရက်ရက်ရောရော​နှင့် စိတ်လို​ကိုယ်​လျောက် ပေး​ခဲ့​သည်။ ယေဟောဝါ​ကို သူ​ဤသို့​တောင်းဆိုခြင်း​သည် လျောက်ပတ်​ပေ​၏– “အို​အကျွန်ုပ်​ဘုရားသခင်၊ ဤ​လူ​တို့​အဖို့ အကျွန်ုပ်​ပြု​သမျှ​အတွက် . . . အောက်မေ့​၍ ကျေးဇူးပြု​တော်​မူ​ပါ။” (နေဟမိ ၅:၁၉) တောင်းဆို​သည့်​အတိုင်း ယေဟောဝါ​ပြုလုပ်​ပေး​မည်​မှာ သေချာ​ပါ​သည်။—ဟေဗြဲ ၆:၁၀

ယနေ့ နေဟမိ​၏​ပုံသက်သေ​ကို လိုက်လျှောက်​ခဲ့​ကြ

ယနေ့ ယေဟောဝါ​၏​လူတို့သည် စစ်မှန်သော​ဝတ်ပြုရေး​အတွက် ထပ်တူ​ထပ်​မျှ လှိုက်လှိုက်လှဲလှဲ​ရှိပြီး စိတ်လို​ကိုယ်​လျောက်​လုပ်ဆောင်ကြ​၍ ကိုယ်ကျိုး​စွန့်​စိတ်ဓာတ် တင်ပြ​ကြသည်​ကို တွေ့မြင်​ရခြင်း​သည် အားရ​ရွှင်လန်းစရာ​ပင်။ ယုံကြည်သူချင်း​များသည် ဆင်းရဲ​ခက်ခဲ​ကြောင်း ကျွန်ုပ်​တို့​ကြားသိ​ရသောအခါ သူတို့​အတွက် အလွန်​စိုးရိမ်​ပူပန်​ကြ​၏။ (ရောမ ၁၂:၁၅) နေဟမိ​ကဲ့သို့ ကျွန်ုပ်​တို့သည်​လည်း ယုံကြည်ခြင်း​တူ​သူ ဆင်းရဲ​ခက်ခဲ​နေကြ​သော ညီအစ်ကို​များ​အတွက် ယေဟောဝါ​ထံ ဤသို့​တောင်းလျှောက်​နိုင်​သည်– “ကိုယ်တော်​ကျွန်​ပြုသော [ဆုတောင်း]စကား​နှင့် နာမတော်​ကို ရိုသေ​ချင်​သော ကျွန်တော်​များ​ပြုသော [ဆုတောင်း]စကား​ကို နားထောင်​တော်​မူ​ပါ။”—နေဟမိ ၁:၁၁; ကောလောသဲ ၄:၂

သို့သော် ကျွန်ုပ်​တို့​ခရစ်ယာန်​ညီအစ်ကို​များ​၏ ဝိညာဉ်​ရေး၊ ကာယရေး​အကျိုးကို လိုလား​ပြီး စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ပေး​လို​ခြင်း​သည် ခံစားချက်​မျှ​သာ​မဟုတ်​ချေ။ အလုပ်​လိုက်ပါ​လာရန်​လည်း လှုံ့ဆော်ပေး​၏။ အခြေအနေ​ပေး​သူများ​သည် နေဟမိ​ကဲ့သို့ မိမိတို့၏​စည်းစိမ်​များ​ကို​စွန့်​၍ အကူအညီ​လိုအပ်သူ​များ​ကို ကူညီပေး​ရန် တခြား​ဒေသ​များ​သို့ ပြောင်းရွှေ့​နေထိုင်ဖို့ မေတ္တာက လှုံ့ဆော်ပေး​၏။ ဤသို့​သော​စေတနာ့​ဝန်ထမ်း​များသည် ကမ္ဘာ့​ဒေသ​အချို့​တွင် သက်သောင့်သက်သာ​မနေကြ​ရသည့်တိုင် သူတို့၏​ခရစ်ယာန်​ညီအစ်ကို​များနှင့်​အတူ ယှဉ်​တွဲ၍ စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ပေး​ကြသည်။ သူတို့​တင်ပြသော ကိုယ်ကျိုး​စွန့်​မေတ္တာသည် အမှန်ပင် ချီးကျူး​စ​ရာ​ကောင်း​ပေ​၏။

မိမိတို့၏​ဒေသ​တွင် ပါဝင်​ထမ်းဆောင်ခြင်း

ကျွန်ုပ်​တို့​အများစု​သည် တခြား​ဒေသ​သို့ မ​ပြောင်းရွှေ့​နိုင်​ကြသည်​ကို နားလည်​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့​အနီး​ပတ်ဝန်းကျင်​တွင် စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ပံ့​ကူညီပေး​ကြ​၏။ ၎င်းကို​လည်း နေဟမိ​ကျမ်း​တွင် ဖော်ပြ​ထား​သည်။ ပြန်လည်​ပြုပြင်ခြင်း​လုပ်ငန်း​တွင် ပါဝင်​ခဲ့​ကြ​သည့် တည်ကြည်သော မိသားစု​အချို့​အကြောင်း နေဟမိ​၏​အသေးစိတ်​ဖော်ပြချက်​ကို သတိပြုပါ။ သူ​ဤသို့​ရေးသားခဲ့​သည်– “ဟာ​ရု​မ​ပ်​သား ယေ​ဒါ​ယ​သည် မိမိ​အိမ်​တစ်ဖက်တစ်ချက်​၌ ပြင်​၏။ . . . ဗင်ယာမိန်​နှင့် ဟာ​ရှုပ်​သည် မိမိ​အိမ်​တစ်ဖက်တစ်ချက်​၌ ပြင်​ကြ​၏။ သူတို့​နောက်​မှ အာနနိ​သား​ဖြစ်သော မာ​သေ​ယ​၏​သား အာဇရိ​သည် မိမိ​အိမ်​တစ်ဖက်တစ်ချက်​၌ ပြင်​၏။” (နေဟမိ ၃:၁၀၊ ၂၃၊ ၂၈-၃၀) ထို​သူများ​နှင့် သူတို့၏​မိသားစု​များသည် သူတို့​အိမ်​တစ်ဖက်တစ်ချက်​၌ ပြုပြင်ရေး​လုပ်ငန်း​တွင် ပါဝင်ခြင်း​ဖြင့် စစ်မှန်သော​ဝတ်ပြုရေးကို များစွာ မြှင့်တင်​ပေး​ခဲ့​ကြသည်။

ယနေ့ ကျွန်ုပ်​တို့​အများစု​သည် မိမိတို့​အရပ်ဒေသ​တွင် စစ်မှန်သော​ဝတ်ပြုရေးကို နည်း​အမျိုးမျိုးဖြင့် ထောက်ပံ့​ကူညီပေး​ကြ​၏။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​စီမံကိန်း​များ၊ သဘာဝဘေးဒဏ် ကယ်ဆယ်​ရေး​လုပ်ငန်းများ​အပြင် အရေး​အကြီးဆုံး​မှာ ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​တွင် ပါဝင်​ကြ​၏။ ထို့​ပြင် ဆောက်လုပ်ရေး သို့​မဟုတ် ကယ်ဆယ်​ရေး​လုပ်ငန်း​တွင် ကိုယ်တိုင်​ကိုယ်​ကျ ပါဝင်​နိုင်​သည်​ဖြစ်စေ၊ မပါဝင်နိုင်​သည်​ဖြစ်စေ ကျွန်ုပ်​တို့အားလုံး​သည် နေဟမိ​ကဲ့သို့ မိမိတို့၏​စည်းစိမ်ဥစ္စာ​ကို စစ်မှန်သော​ဝတ်ပြုရေး​အတွက် စိတ်လို​ကိုယ်​လျောက် ထည့်ဝင်​လို​ကြ​၏။—“စေတနာ​စိတ်​နှင့် ပေးကမ်း​နည်း​များ” လေးထောင့်ကွက်​ကို​ရှု။

ကမ္ဘာ​တစ်ဝန်း​ထမ်းဆောင်​လျက်​ရှိသော တိုးတက်​နေသည့် ပုံနှိပ်​လုပ်ငန်းများ၊ ကယ်ဆယ်​ရေး​လုပ်ငန်းများ​နှင့် တခြား​လုပ်ငန်းတော်​များ​အတွက် လိုအပ်သော​ရန်ပုံငွေ ရရှိရန် ကြိုးစား​ခြင်း​သည် တစ်ခါတစ်ရံ မ​နိုင်​မ​နင်း​ဖြစ်ပုံရ​ပေမည်။ သို့ရာတွင် ယေရုရှလင်​မြို့ရိုး​ကြီး ပြုပြင်ရေး​တာဝန်​သည်လည်း မ​နိုင်​မ​နင်း​ဖြစ်​ခဲ့​ပုံ​ရသည်ကို သတိရပါ။ (နေဟမိ ၄:၁၀) သို့​တိုင် စေတနာ​စိတ်​ရှိကြ​သော မိသားစု​များစွာကို အလုပ်​တာဝန် ခွဲဝေ​ပေး​ခဲ့​ခြင်း​ကြောင့် ထို​လုပ်ငန်းမှာ ပြီးမြောက်​အောင်မြင်​ခဲ့​၏။ အလားတူ​စွာ ယနေ့လည်း ကျွန်ုပ်​တို့​တစ်ဦးစီ​သည် လုပ်ငန်း​တစ်စိတ်​တစ်ပိုင်း​ကို ဆက်၍​လုပ်ဆောင်ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ကမ္ဘာချီ​လုပ်ငန်းများ​ကို ထမ်းဆောင်​သွား​ရန် လိုအပ်ရာ​များစွာ​သည် ပြေလည်​သွားပါ​လိမ့်​မည်။

ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ငွေကြေး​ဖြင့် ထောက်ပံ့​ကူညီ​နိုင်​သည့် နည်းလမ်း​အချို့​ကို “အချို့​သူများ လှူဒါန်း​ရန် ရွေးချယ်ပုံ နည်းလမ်းများ” လေးထောင့်ကွက်​တွင် ဖော်ပြ​ထား​သည်။ လွန်​ခဲ့​သည့်​နှစ်​အတွင်း ဘုရားသခင့်​လူမျိုး​မှ လူအများသည် ထိုသို့​ထောက်ပံ့​ကူညီပေး​ခဲ့​ကြသည်၊ ဤသို့​စေတနာ​စိတ်​နှင့်​ပေးကမ်း လှူဒါန်းခဲ့​သူများကို ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေး​အဖွဲ့​မှ အလွန်​ကျေးဇူး​တင်​ကြောင်း ပြော​လို​ပါ​သည်။ ထို့​ထက်​ကား၊ ကမ္ဘာ​တစ်ခွင် စစ်မှန်သော​ဝတ်ပြုရေးကို မြှင့်တင်​ခြင်း​တွင် ယေဟောဝါ​လူမျိုးတော်​၏ အားတက်သရော ကြိုးစား​အားထုတ်မှု​များ​ကို ကြွယ်ဝ​စွာ ကောင်းချီး​သွန်းလောင်း​ပေး​သည့်​အတွက် ကိုယ်တော့်​ကို ကျေးဇူး​တင်​ပါ​သည်။ မှန်ပါသည်၊ နှစ်များ​တစ်လျှောက် ယေဟောဝါ​၏​လက်တော်​သည် ကျွန်ုပ်​တို့အား လမ်းညွှန်​ပေး​ခဲ့​ပုံ​ကို ဆင်ခြင်​သုံးသပ်​သည့်​အခါ ကျေးဇူး​တင်​စွာ​ဖြင့် နေဟမိ​၏​စကား​ကို ဤသို့​ပဲ့တင်ထပ်​လို​ကြသည်– “ငါ့​အပေါ်​တွင် ငါ့​ဘုရားသခင်​၏​ကောင်းမြတ်သော လက်တော်​တည်​သည်။”—နေဟမိ ၂:၁၈သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 ‘မှူး​တော်​မတ်​တော်​များ’ ဖြစ်​ကြ​သည့် အထင်ကရ​ဂျူး​အချို့သာ​လျှင် ဤ​လုပ်ငန်း​တွင် မပါဝင်​ခဲ့​ကြ​ကြောင်း နေဟမိ ၃:၅ က​ဖော်ပြ​သည်။ နောက်ခံ​အမျိုးမျိုး​မှ​ဖြစ်သော ယဇ်ပုရောဟိတ်​များ၊ ရွှေ​ပန်းထိမ်​သမားများ၊ ဆေး​ဖော်​သူများ၊ မင်း​ညီ​မင်းသားများ၊ ကုန်သည်​များ အစ​ရှိသူတို့​သည် ဤ​စီမံကိန်း​တွင် ကူညီ​ထောက်ပံ့​ခဲ့​ကြသည်။—အခန်းငယ် ၁၊ ၈၊ ၉၊ ၃၂။

[စာမျက်နှာ ၂၈၊ ၂၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အချို့​သူများ လှူဒါန်း​ရန် ရွေးချယ်​ကြ​ပုံ နည်းလမ်းများ

ကမ္ဘာချီ​လုပ်ငန်း​အတွက် ပါဝင်​လှူဒါန်းခြင်း

များစွာသော​သူတို့သည် “ကမ္ဘာချီ​လုပ်ငန်း​အတွက် အလှူငွေ—မဿဲ ၂၄:၁၄” ဟု​ရေးထား​သော အလှူငွေ​သေတ္တာ​တွင် ထည့်ဝင်​ရန် မိမိတို့၏​ငွေကြေး​များ​ကို သီးသန့်​ဖယ်​ထား​ကြသည်။

အသင်းတော်များ​သည် ယင်း​အလှူငွေများ​ကို ယေဟောဝါသက်သေ​များ​၏ ကမ္ဘာ့​ဌာနချုပ် သို့​မဟုတ် ဒေသခံ​ဌာနခွဲရုံး​သို့ လစဉ်​ပေး​ပို့​ကြသည်။ စေတနာအလျောက် ငွေကြေး​အလှူငွေများ​ကို Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201-2483, သို့​မဟုတ် သင့်​နိုင်ငံ​ကို တာဝန်​ယူ​ပေး​ရသော ဌာနခွဲရုံး​သို့ တိုက်ရိုက်​ပေး​ပို့​နိုင်​သည်။ ကျောက်​မျက်​ရတနာ​နှင့် အခြား​တန်ဖိုး​ရှိ​အရာများ​ကိုလည်း လှူဒါန်း​နိုင်​သည်။ ဤသို့​ပေး​ပို့​လှူဒါန်း​ရာ​တွင် လုံးလုံးလျားလျား​လှူဒါန်း​ကြောင်း ဖော်ပြ​သည့် စာတို​ကလေး​ပါ ထည့်​ပေး​သင့်​သည်။

ကန့်သတ်ချက်​ဖြင့် လှူဒါန်းခြင်း​အစီအစဉ်

လှူဒါန်း​သူ၌ ကိုယ်ရေးကိုယ်တာ​လိုအပ်ချက်​ရှိပါက သူ၏​အလှူငွေကို ပြန်လည်​ပေးအပ်​ဖို့ အထူး​အစီအစဉ်​ဖြင့် ငွေကြေး​လှူဒါန်း​နိုင်​သည်။ ထပ်မံ​သိ​လို​ပါ​က အထက်တွင် ဖော်ပြ​ထားသော​လိပ်စာ​ရှိ Treasurer’s Office ကို​စာရေး​မေးမြန်း​နိုင်​သည်။

လှူဒါန်း​ရန်​စီစဉ်​ထားခြင်း

ငွေကြေး လုံးလုံးလျားလျား​ပေးအပ်​ခြင်း​နှင့် ကန့်သတ်ချက်​ဖြင့် ငွေ​လှူဒါန်းခြင်း​အပြင် ကမ္ဘာချီ​နိုင်ငံတော်​လုပ်ငန်း​ကို အထောက်အကူ​ပြု​ရန် အခြား​ပေးကမ်း​နည်း​များ​ရှိသည်။ ၎င်း​တို့​တွင် အောက်ပါ​နည်း​များ​ပါဝင်​သည်–

အာမခံ– ကင်းမျှော်စင်​အသင်း​အမည်​ဖြင့် အသက်​အာမခံကြေး ခံစားခွင့်​များ၊ အငြိမ်းစား​ခံစားခွင့်​များ​ကို ပြုလုပ်​ပေး​နိုင်​သည်။

ဘဏ်​စာရင်း​များ– ဘဏ်​ရှင်း​တမ်း​များ၊ ငွေစု​စာအုပ်​များ၊ အငြိမ်းစား​ခံစားခွင့်​စာရင်း (ပင်စင်​စာအုပ်) များ​ကို ဒေသန္တရ​ဘဏ်​စည်းကမ်း​များ​အရ ကင်းမျှော်စင်​အသင်း​ထံ အပ်နှံ သို့​မဟုတ် ကာယ​ကံ​ရှင် သေဆုံး​မှ လွှဲပြောင်းပေး​ရန် စီစဉ်​နိုင်​သည်။

အစုရှယ်ယာ​လက်မှတ်​နှင့် ငွေချေး​စာချုပ်​များ– အစုရှယ်ယာ လက်မှတ်​များနှင့် ငွေချေး​စာချုပ်​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လုံးလုံးလျားလျား ပေးအပ်​လှူဒါန်း​နိုင်​သည်။

အိမ်ရာ​အဆောက်အအုံ​များ– ရောင်းချ​နိုင်သော အိမ်ရာ​အဆောက်အအုံ​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လုံးလုံးလျားလျား​ဖြစ်စေ၊ လှူဒါန်း​သူ​အသက်ရှင်​နေသရွေ့ နေထိုင်ရန်​အပိုင်း​ကို ချန်လှပ်​၍​ဖြစ်စေ ပေးအပ်​လှူဒါန်း​နိုင်​သည်။ ဤသို့​ပေးလှူ​ရန် စာချုပ်​စာတမ်း​မပြု​မီ သင့်​နိုင်ငံ​မှ ဌာနခွဲရုံး​ကို အကြောင်းကြား​ပါ။

နှစ်စဉ်​ထောက်ပံ့ကြေး– နှစ်စဉ်​ထောက်ပံ့ကြေး​သည် ငွေကြေး သို့​မဟုတ် အာမခံ​ပစ္စည်း​များ​ကို ကင်းမျှော်စင်​အသင်း​သို့ လွှဲပြောင်းပေး​သော အစီအစဉ်​တစ်ခု​ဖြစ်သည်။ ယင်း​အတွက် လှူဒါန်း​သူ သို့​မဟုတ် လှူဒါန်း​သူ​အမည် သတ်မှတ်​ထားသော တစ်ဦး​တစ်ယောက်​သည် နှစ်စဉ်​ထောက်ပံ့ကြေး​ငွေ​အပေါ် သတ်မှတ်​ထား​သည့်​ထုတ်ပေး​ငွေ​ကို တစ်သက်လုံး နှစ်စဉ်​ရရှိ​သွား​မည်။

သေတမ်းစာ​နှင့် လွှဲအပ်​စာ​များ– ပစ္စည်းဥစ္စာ သို့​မဟုတ် ငွေကြေး​များ​ကို ကင်းမျှော်စင်​အသင်း​သို့ တရားဝင်​သေတမ်းစာ​ဖြင့် အမွေ​ပေးလှူ​ဒါန်း​နိုင်​သည် သို့​မဟုတ် လွှဲအပ်​စာချုပ်​တွင် ကင်းမျှော်စင်​အသင်း​က အကျိုး​ခံစားခွင့်​ရှိသူ​အဖြစ် ပါဝင်​စေနိုင်​သည်။ ဤသို့​ခရစ်ယာန်​ဘာသာရေး​အဖွဲ့အစည်း​ကို လွှဲအပ်​ရာ​တွင် အခွန်​နှင့်​ပတ်သက်​သည့် အကျိုးအမြတ်​တစ်စုံတစ်ရာ​ကို ဖြစ်ထွန်း​စေ​ပေမည်။

“လှူဒါန်း​ရန်​စီစဉ်​ထားခြင်း” ဝေါဟာရ​က အဓိပ္ပာယ်​သက်ရောက်​စေသည့်​အတိုင်း ဤသို့​လှူဒါန်း​သော​နည်း​များ​ကို​ပြု​ရာ​တွင် လှူဒါန်း​သူ​ဘက်​မှ ကြိုတင်​စီစဉ်​ထားမှု​အချို့ လိုအပ်​ပေမည်။ လှူဒါန်း​ရန်​စီစဉ်​ထား​သည့် နည်း​တစ်မျိုး​မျိုး​ဖြင့် ယေဟောဝါသက်သေ​များ​၏ ကမ္ဘာချီ​လုပ်ငန်း​ကို​အကျိုးပြု​ရန် ဆန္ဒရှိ​သူများ​အတွက် အကူအညီ​ဖြစ်​ဖို့ ကမ္ဘာချီ​ဘုရားသခင့်​နိုင်ငံတော် လုပ်ငန်း​ကို အကျိုးပြု​ဖို့ လှူဒါန်း​ရန်​စီစဉ်​ထားခြင်း ဟု​ခေါင်းစဉ်​တပ်ထား​သည့် အင်္ဂလိပ်​နှင့် စပိန်​ဘာသာ​တို့​ဖြင့် ဘရိုရှာ​ကို အသင်းမ​က ပြင်ဆင်​ပြီး​ခဲ့ပြီ။ လက်ဆောင်​များ၊ သေတမ်းစာ​များ၊ လွှဲအပ်​စာ​များနှင့်​ပတ်သက်​၍ ရရှိ​သည့် မေးမြန်း​ချက်​များ​ကို ဖြေကြား​ရန် ဤ​ဘရိုရှာ​ကို ရေးသားခဲ့​ခြင်း​ဖြစ်သည်။ ယင်း​တွင် မြေယာ​ဆိုင်ရာ၊ ငွေကြေး​ဆိုင်ရာ၊ အခွန်​အ​တုတ်​ဆိုင်ရာ​စီစဉ်​ရေး​နှင့်​ပတ်သက်​၍ အကျိုးပြု​သည့် ထပ်ဆင့်​အကြောင်းအရာများ​လည်း ပါဝင်​သည်။ ထို့​ပြင် လက်ဆောင်​များ​ကို ယခု သို့​မဟုတ် သေတမ်းစာ​ဖြင့် ပေးအပ်​သည့် နည်း​အမျိုးမျိုးကို ဖော်ပြ​ထား​သည်။ လှူဒါန်း​ရန်​စီစဉ်​ထားခြင်း​ဌာန​မှ ၎င်း​ဘရိုရှာ​ကို တိုက်ရိုက်​တောင်းယူ​နိုင်​ပေမည်။

ဤ​ဘရိုရှာ​ကို​ဖတ်ရှု​ပြီး လှူဒါန်း​ရန်​စီစဉ်​ထားခြင်း​ဌာန​နှင့် ဆွေးနွေး​ပြီး​နောက် ကမ္ဘာချီ ယေဟောဝါသက်သေ​များ​ကို ကူညီ​ထောက်ပံ့​နိုင်​သူများစွာ​ရှိခဲ့​ပြီး တစ်ချိန်တည်း​တွင် အခွန်​ကင်းလွတ်ခွင့် တိုး၍​ရရှိစေ​ခဲ့​ကြ​ပါ​သည်။ အစီအစဉ်​တစ်စုံတစ်ခု​နှင့်​စပ်လျဉ်း၍ လှူဒါန်း​ရန်​စီစဉ်​ထားခြင်း ဌာန​ကို အကြောင်းကြား​သင့်​ကာ သက်ဆိုင်ရာ​စာရွက်စာတမ်း​တစ်စုံတစ်ရာ​ကိုလည်း ပေး​ပို့​သင့်​သည်။ လှူဒါန်း​ရန်​စီစဉ်​ထား​သည့် ဤ​နည်း​တစ်မျိုး​မျိုးကို သင်​စိတ်ဝင်စား​လျှင် အောက်​ဖော်ပြ​ပါ​လိပ်စာ သို့​မဟုတ် သင့်​နိုင်ငံ​တွင် လုပ်ငန်း​ကို စီမံကွပ်ကဲ​သော အသင်း​၏​ရုံး၊ လှူဒါန်း​ရန်​စီစဉ်​ထားခြင်း​ဌာန​သို့ စာရေး​၍​ဖြစ်စေ၊ တယ်လီဖုန်း​ဆက်၍​ဖြစ်စေ ဆက်သွယ်​သင့်ပါသည်။

လှူဒါန်းခြင်း​ဆိုင်ရာ စီမံ​ဌာန

Watch Tower Bible and Tract Society of Pennsylvania

100 Watchtower Drive,

Patterson, New York 12563-9204

Telephone: (845) 306-0707

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

စေတနာ​စိတ်​နှင့် ပေးကမ်း​နည်း​များ

ကောရိန္သု​မြို့သား​များ​ထံ တမန်​တော်​ပေါလု ရေးပို့ ခဲ့​သော​စာ​များ​တွင် စေတနာ​စိတ်​နှင့်​ပေးကမ်း​နည်း သုံးနည်း​ကို အထင်အရှား​ဖော်ပြ​ခဲ့​သည်။ (၁) ငွေ​ကောက်ခံခြင်း​အကြောင်း ရေးသား​ရာ​တွင် ပေါလု​က ဤသို့​မှာကြား​ခဲ့​သည်– “ခု​နစ်​ရက်​တွင် ပထမ​နေ့ရက်​၌ . . . မိမိတို့​ဥစ္စာ​တစ်​ဖို့​ကို​ထုတ်​၍ စု​ထား​ကြလော့။” (၁ ကောရိန္သု ၁၆:၂) သို့​ဖြစ်၍ ပေးကမ်း​လှူဒါန်း​ဖို့ ကြိုတင်​စီစဉ်​ထား​ရန်လို​သည့်​အပြင် စနစ်တကျ ပြုလုပ်​ရမည်​ဖြစ်၏။ (၂) လူ​အသီးသီး​တို့သည် “မိမိ၏​ဝင်ငွေ​အလိုက်” လှူဒါန်း​သင့်​သည်​ဟု​လည်း ပေါလု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၆:၂အပြည်ပြည်ဆိုင်ရာ​ဘာသာပြန်​ကျမ်း) တစ်နည်း​အားဖြင့်​ဆို​သော်၊ စေတနာ​စိတ်​နှင့် ပေးကမ်း​လှူဒါန်း​လို​သူသည် သူ၏​ဝင်ငွေ​တစ်စိတ်​တစ်ပိုင်း​ကို ပေးကမ်း​နိုင်​ပါ​သည်။ ဝင်ငွေ​နည်းသော ခရစ်ယာန်​တစ်ဦး​ပင်​လျှင် သူ​ထည့်​နိုင်သော ငွေ​အနည်းငယ်​ကို ယေဟောဝါ တန်ဖိုး​ထား​၏။ (လုကာ ၂၁:၁-၄) (၃) ပေါလု​က ဤသို့​ထပ်ဆင့်​ရေးသားခဲ့​သည်– “လူတိုင်း ကိုယ်​အလိုအလျောက်​လှူ​ရ၏။ နှမြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မနေ​ရ​ဟု စိတ်ထင်​နှင့်​မ​လှူ​ရ၊ အကြောင်း​မူ​ကား စေတနာ​စိတ်​နှင့်​လှူ​သော​သူကိုသာ ဘုရားသခင်​နှစ်သက်​တော်​မူ​၏။” (၂ ကောရိန္သု ၉:၇) စိတ်ရင်းမှန်​သော​ခရစ်ယာန်​များသည် စိတ်လို​ကိုယ်​လျောက်၊ ဝမ်းမြောက်​ဝမ်းသာ ပေးကမ်း​လှူဒါန်း​ကြသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

နေဟမိ​သည် ခံစားချက်​များ​ရှိ​ကာ တက်ကြွ​စွာ လုပ်ဆောင်​သူ​တစ်ဦး​ဖြစ်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

စေတနာအလျောက် ထည့်ဝင်​သော​အလှူငွေများ​ဖြင့် ကမ္ဘာချီ​လုပ်ဆောင်နေ​သော ပုံနှိပ်​လုပ်ငန်းများ၊ ကယ်ဆယ်​ရေး​လုပ်ငန်းများ၊ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဆောက်လုပ်ရေး​နှင့် တခြား​အကျိုးပြု​လုပ်ငန်းများ​ကို ထောက်ပံ့