မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ငွေ​အနည်းငယ်​သာ​ဖြင့်  လောင်းကစား​မည်​ဆိုလျှင်  မှား​သလော။

ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​တွင် လောင်းကစားခြင်း​အကြောင်း အသေးစိတ် မဆွေးနွေး​ထား​သော်လည်း လောင်းကစားခြင်း​ရှိသမျှသည် ကျမ်းစာမူ​များနှင့် မအပ်စပ်​ကြောင်း အလုံအလောက်​ဖော်ပြ​ထား​၏။ * ဥပမာ၊ လောင်းကစားခြင်း​သည် လောဘ​ကို​နှိုးဆွ​စေ​ကြောင်း လူအများ​က ဝန်ခံ​ကြသည်။ ဤ​အချက်​တစ်ချက်​တည်း​က​ပင် ခရစ်ယာန်​များ​အတွက် အရေးတကြီး​သုံးသပ်​စ​ရာ​ဖြစ်၏၊ အကြောင်း​မှာ သမ္မာကျမ်းစာ​က “လောဘ​လွန်ကျူး​သော​သူ” သည် ဘုရားသခင့်​နိုင်ငံတော်​ကို အမွေမခံ​ရ​ဟု​ဆို​သည့်​အပြင် လောဘ​ကြီးခြင်း​ကို မှား​သော​ဘုရား​များ ကိုးကွယ်​ခြင်း​နှင့်​လည်း တစ်တန်း​တစ်စားတည်း​ထား​သည်။—၁ ကောရိန္သု ၆:၉၊ ၁၀; ကောလောသဲ ၃:၅

လောင်းကစားခြင်း​က ကိုယ်ကျိုးရှာ​စေပြီး ပြိုင်ဆိုင်​လို​သော မကောင်း​သည့်​စိတ်၊ အနိုင်ယူ​လို​စိတ် ပြင်းပြ​စေ​သည်။ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​စဉ် ထိုသို့​သော​အရာများ​ကို ရှောင်ကြဉ်​ရန် သတိပေး​ခဲ့​၏– “အချည်းနှီး​သော ကျော်စော​ကိတ္တိ​ကို တပ်မက်​ခြင်း၊ အချင်းချင်း​ချုပ်ချယ်​နှောင့်ယှက်ခြင်း၊ အချင်းချင်း​ငြူစူ​ခြင်း​တို့ကို ရှောင်​၍ နေကြ​ကုန်​အံ့။” (ဂလာတိ ၅:၂၆) ထို့​ပြင် လောင်းကစားခြင်း​သည် ကံ​တရား​အပေါ် အစွဲအလမ်း​ကြီး​ရန် လူ​အချို့​ကို လှုံ့ဆော်ပေး​သည်။ လောင်းကစားသမား​များသည် ကံ​အကျိုး​ခံစားရ​ရန် မျှော်လင့်​ပြီး အလွန်​အယူသီး​သူများ ဖြစ်လာ​ကြ​၏။ ၎င်း​တို့​က ကျွန်ုပ်​တို့ကို “လာဘ်​ကောင်း​ခေါ် ဘုရား[သခင်]အဖို့ စားပွဲ​ကို​ခင်း​၍ ကံကြမ္မာ​ခေါ် ဘုရား[သခင်]အဖို့ ရောစပ်​သော​စပျစ်​ရည်​နှင့် ခွက်​များ​ကို ပြည့်စေ​သော​သူ” တည်ကြည်မှု​မရှိသည့်  ဣသရေလ​လူမျိုး​ကို  သတိ​ရစေသည်။—ဟေရှာယ  ၆၅:၁၁၊  သ​မ။

အချို့​က ဆွေမျိုး​များ သို့​မဟုတ် မိတ်ဆွေရင်း​များနှင့် ဖဲချပ်၊ ကျားကွက်​စ​သည်​တို့ ကစား​စဉ် ငွေ​အနည်းငယ်​နှင့် အပျော်တမ်း​လောင်းကစားခြင်း​သည် အန္တရာယ်​မရှိ​ဟု ဆို​ပေမည်။ မှန်ပါသည်၊ ငွေ​အနည်းငယ်​ဖြင့် လောင်းကစား​သူသည် သူ့ကိုယ်သူ လောဘ​ကြီး​သူ၊ ကိုယ်ကျိုးရှာ​သူ၊ ပြိုင်ဆိုင်​သူ၊ အယူသီး​သူ​အဖြစ် ရှုမြင်​မည်​မဟုတ်ပေ။ သို့​တိုင် သူနှင့်​အတူ လောင်းကစား​သူများ​အပေါ် မည်သည့်​အကျိုး သက်ရောက်​နိုင်​သနည်း။ မကစား​ရ​မနေနိုင်​သော လောင်းကစားသမား​အများစု​သည် ငွေ​အနည်းငယ်​ဖြင့် ‘အပျော်တမ်း’ စတင်​လောင်းကစားခြင်း​မှ စွဲ​သွား​ကြ​ခြင်း​ဖြစ်သည်။ (လုကာ ၁၆:၁၀) ဤ​သူတို့သည် အမြင်​အားဖြင့် အန္တရာယ်​မရှိ​ပုံ​ပေါက်​သည့် အပျင်း​ပြေ​ကစား​ရာ​မှ အလွန်​အန္တရာယ်ကြီး​သည့်​အဖြစ်သို့ ရောက်ရှိ​သွား​၏။

အထူးသဖြင့် ကလေး​များနှင့်​ပတ်သက်​လျှင် ထိုသို့​အမှန်ပင်​ဖြစ်သည်။ ကလေး​အများအပြား​သည် ငွေ​အနည်းငယ်​လောင်း​၍ အနိုင်​ရသည့်​အတွက် ထပ်လောင်း​ရန် သွေးဆောင်​ခံရ​ကြသည်။ (၁ တိမောသေ ၆:၁၀) မ​လောင်း​မနေ လောင်းကစားခြင်း​နှင့်​ပတ်သက်​၍ ယူနိုက်တက်​စ​တိတ်​၏ အ​ရီ​ဇိုး​နား​ကောင်စီ ထုတ်ပြန်ခဲ့​သော ရေရှည်​လေ့လာ​သုံးသပ်ချက်​တစ်ခု​အရ လောင်းကစား​စွဲ​နေ​သူ​အများ​သည် သူတို့၏​ငယ်​စဉ်​ကတည်းက “သူငယ်ချင်းများ၊ ဆွေမျိုး​များနှင့် အားကစားပွဲ​စဉ်​များ​တွင်၊ ဖဲချပ်​ကစား​ရာ​တွင် လောင်း​ကြေး​အနည်းငယ်​ထိုး​ရာ​မှ” စတင်ခြင်း​ဖြစ်သည်ဟု ထောက်ခံ​အတည်ပြု​သည်။ အခြား​ပြန်တမ်း​တစ်ခု​က “ကလေး​များသည် အိမ်​တွင် မိသားစု​နှင့်၊ သူငယ်ချင်းများနှင့် ဖဲချပ်​ကစား​ရာ​မှ လောင်းကစား​တတ်လာ​ကြ​၏” ဟု​ဆို​သည်။ ထို​ပြန်တမ်း​က ဤသို့​ထပ်ဆင့်​ဆို​သည်– “လောင်းကစား​တတ်သော ကလေး​သုံး​ဆယ်​ရာခိုင်နှုန်း​သည် သူတို့​အသက် ဆယ့်တစ်နှစ်​မပြည့်မီ ထိုသို့​ကစား​တတ်လာ​ခြင်း​ဖြစ်သည်။” လူ​တို့ အဘယ်ကြောင့် အလွန်အကျွံ​လောင်းကစား​ကြ​သနည်း—ရောဂါ​သဘာဝ​ဆိုင်ရာ​နှင့် လောင်းကစားခြင်း​ပြဿနာ ဟူ​သည့်​သုတေသန​ပြုချက်​အရ ဆယ်ကျော်သက် လောင်းကစားသမား​များသည် ဆက်​လောင်းကစား​နိုင်​ကြဖို့ ရာဇဝတ်မှု​ပြု​သည်၊ ကိုယ်ကျင့်တရား​ဖောက်ပြန်​ကြသည်။ အစ​ပထမ​တွင် အန္တရာယ်​ရှိ​ပုံ​မရ​ခြင်း​မှ ဤမျှ​ကြောက်မက်​ဖွယ် အကျိုးဆက်​ဖြစ်ပေါ်​လာ​ရလေ​သည်!

ကျွန်ုပ်​တို့သည် ဖြားယောင်း​သွေးဆောင်မှု အလွန်​များပြား​သော လောကတွင် အသက်ရှင်​နေထိုင်​နေကြ​ရာ မလိုအပ်ဘဲ​နှင့် အဘယ်ကြောင့် နောက်ထပ် သွေးဆောင်​ခံ​နေ​ဦး​မည်​နည်း။ (သု. ၂၇:၁၂) ကလေး​သူငယ်​များ​ပါ​သည်​ဖြစ်စေ၊ မပါ​သည်​ဖြစ်စေ ငွေ​အနည်းငယ်​ဖြင့်​ဖြစ်စေ၊ များများ​ဖြင့်​ဖြစ်စေ လောင်းကစားခြင်း​သည် ဝိညာဉ်​ရေးရာ​ကို ဘေးသင့်​စေ​ရာ ယင်းကို ရှောင်ကြဉ်​သင့်​သည်။ အပျော်​သဘော​အဖြစ် ကျားကွက် သို့​မဟုတ် ဖဲချပ်​ကစား​ခြင်း​ကို ခုံမင်​ကြသော ခရစ်ယာန်​များသည် အမှတ်ပေး​ခြင်း သို့​မဟုတ် အမှတ်ပေး​ခြင်း​မပါဘဲ အပျော်သက်သက် ကစား​ကြ​ရန် အကြံပေး​လို​ပါ​သည်။ ပညာသတိ​ရှိသော ခရစ်ယာန်​များသည် သူတို့၏​မိတ်ဆွေများ​နှင့် မိသားစု​၏​ဝိညာဉ်​ရေး​ကို မထိခိုက်​စေလို၍ ငွေ​အနည်းငယ်​သာ​ဖြင့်​ပင် လောင်းကစားခြင်း​မပြု​ကြ​ချေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က လောင်းကစားခြင်း​ကို “ကစား​ပွဲ​တစ်ပွဲ၊ ပြိုင်ပွဲ​တစ်ခု၊ မတော်တဆ​အဖြစ်အပျက်​တစ်ခု​၏ ဖြစ်ပေါ်​လာသော အကျိုးနှင့်​ပတ်သက်​၍ လောင်း​ခြင်း” အဖြစ် အဓိပ္ပာယ်​ဖွင့်​၏။ “လောင်းကစားသမား​များ သို့​မဟုတ် ကစား​သူများ​သည် ထီ​ထိုး​ခြင်း၊ ဖဲ​ကစား​ခြင်း​နှင့် အန်စာတုံး​ခေါက်​ခြင်း အစ​ရှိသော ကံ​စမ်း​ကစား​နည်း​များ​တွင် . . . ငွေ​ဖြင့် အလောင်း​အစား​ပြုလုပ်​လေ့​ရှိကြသည်” ဟူ၍ ထပ်ဆင့်​ဖော်ပြ​သည်။