မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးကာလတွင် ကြားနေသောခရစ်ယာန်များ

နောက်ဆုံးကာလတွင် ကြားနေသောခရစ်ယာန်များ

နောက်ဆုံး​ကာလ​တွင် ကြားနေ​သော​ခရစ်ယာန်​များ

“အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​ကြ​ပါ။”—ယောဟန် ၁၇:၁၆

၁၊ ၂။ ဤ​လောက​နှင့် နောက်တော်လိုက်​များ​၏​ဆက်ဆံ​ရေး​အကြောင်း ယေရှု​အဘယ်​သို့​ဆို​ခဲ့​သနည်း၊ ကိုယ်တော်​၏​စကား​က အဘယ်​မေးခွန်းများကို ပေါ်ပေါက်​စေ​သနည်း။

ယေရှုသည် ကိုယ်တော်​၏​စုံလင်သော​လူသား​ဘဝ နောက်ဆုံး​ည​တွင် ရှည်လျားသော​ဆုတောင်းချက်​တစ်ခု​ကို တပည့်​များ​ရှိနေစဉ် မြွက်ဆို​ခဲ့​၏။ အဆိုပါ​ဆုတောင်းချက်​ထဲ​တွင် ခရစ်ယာန်စစ်​အားလုံး​၏ အသက်တာကို​ဖော်ပြ​သည့် အကြောင်းအရာ​တစ်ခု ကိုယ်တော်​မိန့်ဆိုခဲ့သည်။ နောက်တော်လိုက်​များနှင့်​စပ်လျဉ်း၍ ကိုယ်တော်​ဤသို့​မိန့်ဆို​၏– “ကိုယ်တော်​၏​နှုတ်[မြွက်]တရားကို ဤသူတို့​အား အကျွန်ုပ်​ပေး​ပါ​ပြီ။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​သောကြောင့်၊ လော[က]သားတို့​သည် ဤသူတို့ကို​မုန်း​ကြ​ပါ​၏။ ဤသူတို့ကို ဤ​လောက​မှ​နုတ်ယူ​တော်​မူ​မည်​အကြောင်း အကျွန်ုပ်​တောင်း​သည်မဟုတ်​ပါ။ မကောင်းသော​အမှုအရာ​နှင့် ကင်းလွတ်​စေခြင်း​ငှာ စောင့်မ​တော်​မူ​မည်​အကြောင်းကို​သာ တောင်း​ပါ​၏။ အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည်​မဆက်ဆံ​ကြ​ပါ။”—ယောဟန် ၁၇:၁၄-၁၆

ယေရှု၏​နောက်လိုက်​များသည် ဤ​လောက​နှင့်​ဆက်ဆံ​မည်​မဟုတ်​ကြောင်း နှစ်ကြိမ်​တိုင် ကိုယ်တော်​မြွက်ဆို​ခဲ့​သည်။ ထို့​အပြင် ထိုသို့​သီးခြားနေ​ခြင်း​ကြောင့် လောက​၏​မုန်းတီးမှု​ကို​ခံရ​ပြီး တင်းမာမှုများ​ဖြစ်ပေါ်​လိမ့်​မည်​ဖြစ်သည်။ သို့​တိုင် ခရစ်ယာန်​များသည် တုန်လှုပ်​ချောက်ချား​စ​ရာ​မလိုပါ; သူတို့ကို ယေဟောဝါ​ကာကွယ်​စောင့်ရှောက်​တော်​မူ​လိမ့်​မည်။ (သု. ၁၈:၁၀; မဿဲ ၂၄:၉၊ ၁၃) ယေရှု၏​စကား​ကို​ထောက်​ပြီး ကျွန်ုပ်​တို့ ဤသို့​မေး​ကောင်း​မေး​ပေမည်– ‘ခရစ်ယာန်စစ်​များသည် အဘယ်ကြောင့် လောက​နှင့်​မဆက်ဆံ​ကြ​သနည်း။ ဤ​လောက​နှင့်​မဆက်ဆံ​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ ခရစ်ယာန်​များသည် လောက​၏​မုန်းတီးခြင်း ခံရ​မည်​ဆိုလျှင် လောကကို သူတို့​မည်သို့​ရှုမြင်ကြ​သနည်း။ အထူးသဖြင့် လောက​အစိုးရ​များ​ကို သူတို့​မည်သို့​ရှုမြင်ကြ​သနည်း။’ ဤ​မေးခွန်းများကို ကျမ်းစာ​ဖြေဆိုပုံ​သည် ကျွန်ုပ်​တို့အားလုံး​နှင့်​သက်ဆိုင်​သောကြောင့် အရေးပါ​၏။

“ငါ​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်”

၃။ (က) အဘယ်အရာက ကျွန်ုပ်​တို့ကို လောက​နှင့်​သီးခြား​ဖြစ်စေ​သနည်း။ (ခ) လောကသား​အပေါင်း​သည် ‘စာတန်​၏​လက်၌​ရှိ’ ကြောင်း မည်သို့​ထင်ရှား​သနည်း။

ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိသောကြောင့် ဤ​လောက​နှင့် ကျွန်ုပ်​တို့​မဆက်ဆံ​နိုင်​ကြ​ခြင်း​ဖြစ်သည်။ တမန်​တော်​ယောဟန်​က “ငါ​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်ကို​လည်းကောင်း၊ လော[က]သား​အပေါင်းတို့သည် [စာတန်] ၏​လက်၌​ရှိကြသည်​ကိုလည်း​ကောင်း ငါ​တို့​သိ​ကြ​၏” ဟု​ရေးသားခဲ့​သည်။ (၁ ယောဟန် ၅:၁၉) လောက​နှင့်​ပတ်သက်သော ယောဟန်​၏​စကား​သည် မှန်ကန်ကြောင်း ထင်ရှား​လှ​သည်။ ယနေ့ နေရာအနှံ့ ဖြစ်ပျက်​နေသော စစ်မက်​များ၊ ရာဇဝတ်မှု၊ ရက်စက်မှု၊ ဖိနှိပ်မှု၊ မရိုးသားမှု​နှင့် အကျင့်​ယိုယွင်းမှု​တို့သည် ဘုရားသခင်​ထံ​မှ​မဟုတ်ဘဲ စာတန်​၏​လွှမ်းမိုးမှု​ကြောင့်​ဖြစ်​ကြောင်း ထင်ရှား​သည်။ (ယောဟန် ၁၂:၃၁; ၂ ကောရိန္သု ၄:၄; ဧဖက် ၆:၁၂) လူတစ်ဦး ယေဟောဝါသက်သေ ဖြစ်လာ​သည့်​အခါ သူသည် မှားယွင်းသော ဤ​အကျင့်​များ​ကို ပြုကျင့်​တော့​မည်​မဟုတ်၊ သဘောတူ​လိုက်လျော​မည်​လည်း မဟုတ်​ချေ၊ ထို့​ကြောင့် သူသည် ဤ​လောက​နှင့်​မစပ်ဆိုင်​သူ ဖြစ်လာ​လေ​သည်။—ရောမ ၁၂:၂; ၁၃:၁၂-၁၄; ၁ ကောရိန္သု ၆:၉-၁၁; ၁ ယောဟန် ၃:၁၀-၁၂

၄။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ပိုင်ဆိုင်ရာ​ဖြစ်​ကြောင်း အဘယ်​နည်းများဖြင့် တင်ပြ​ကြ​သနည်း။

ခရစ်ယာန်​များသည် လောက​နှင့်​မတူဘဲ “ဘုရားသခင်​နှင့်​စပ်ဆိုင်​ကြသည်” ဟု​ယောဟန်​ဆို​ခဲ့​သည်။ ကိုယ့်​ကိုယ်ကို ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံသူ​အားလုံး ကိုယ်တော့်​ပိုင်ဆိုင်ရာ​ဖြစ်သည်။ ယင်းကြောင့် တမန်​တော်​ပေါလု​က ဤသို့​ဆို​ခဲ့​သည်– “အသက်ရှင်​လျှင်၊ [ယေဟောဝါ] အဖို့​အလို​ငှာ​အသက်ရှင်​၏။ သေ​လျှင်​လည်း၊ [ယေဟောဝါ] အဖို့​အလို​ငှာ​သေ​၏။ ထို့​ကြောင့် အသက်ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ၊ [“ယေဟောဝါ​ပိုင်၊” က​ဘ] ဆိုင်​တော်​မူ​၏။” (ရောမ ၁၄:၈; ဆာလံ ၁၁၆:၁၅) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ပိုင်ဆိုင်ရာ​ဖြစ်​ကြသော​ကြောင့် ကိုယ်တော်​အား ကျွန်ုပ်​တို့​အကြွင်းမဲ့​ဆက်ကပ်​ဝတ်ပြု​ကြသည်။ (ထွက်မြောက်ရာ ၂၀:၄-၆) ထို့​ကြောင့် ခရစ်ယာန်စစ်​တစ်ဦး​သည် မိမိ၏​ဘဝကို လောက​ရည်မှန်းချက်​များ​၌ မြှုပ်နှံ​မထား​ချေ။ နိုင်ငံတော်​အထိမ်းအမှတ်​များ​ကို သူ​ရိုသေ​လေးစား​သော်လည်း ၎င်းတို့ကို အပြုအမူအားဖြင့်​ဖြစ်စေ၊ စိတ်ဖြင့်​ဖြစ်စေ ဝတ်ပြု​ကိုးကွယ်​မည်​မဟုတ်။ အားကစား​အကျော်အမော်​များ၊ အခြား​ခေတ်ပေါ် အသည်းစွဲ​ရသူများကို​လည်း သူ​စွဲ​စွဲလမ်း​လမ်း​ဖြစ်​မည်​မဟုတ်​ချေ။ အခြားသူများ ကိုယ်​ကြိုက်​ရာ​လုပ်ပိုင်ခွင့်​ရှိသည်​ကို သူ​လေးစား​သည်​မှန်​သော်လည်း သူ​မူ​ကား ဖန်ဆင်း​ရှင်​ကို​သာ ဝတ်ပြု​ကိုးကွယ်​ပေမည်။ (မဿဲ ၄:၁၀; ဗျာ. ၁၉:၁၀) ဤ​အချက်​က​လည်း လောက​နှင့် သူ့ကို​သီးခြား​ဖြစ်စေ​သည်။

“ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်”

၅၊ ၆။ ဘုရားသခင့်​နိုင်ငံတော်​ကို လက်အောက်ခံခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​လောက​နှင့်​သီးခြား​ဖြစ်စေ​သနည်း။

ခရစ်ယာန်​များသည် ခရစ်တော်​ယေရှု၏​နောက်တော်လိုက်​များ​ဖြစ်​ကြ​ပြီး ဘုရားသခင့်​နိုင်ငံတော် လက်အောက်ခံ​များ​ဖြစ်​ကြ​၏၊ ယင်းက သူတို့ကို ဤ​လောက​နှင့်​မစပ်ဆိုင်​စေပါ။ ယေရှုသည် ပုန္တိပိလတ်​မင်း​ရှေ့ အမှု​စစ်​ခံရသော​အခါ ကိုယ်တော် ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်။ ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​လျှင်၊ ငါသည် ယုဒ​လူ​တို့​လက်​သို့​မ​ရောက်​စေခြင်း​ငှာ ငါ​၏​လူတို့သည်​တိုက်လှန်​ကြလိမ့်မည်။ ယခု​မူ​ကား ငါ​၏​နိုင်ငံ​သည် ဤ​ဒေသ​အရပ်နှင့်​မစပ်ဆိုင်။” (ယောဟန် ၁၈:၃၆) ဘုရားသခင့်​နိုင်ငံတော်​အားဖြင့် ယေဟောဝါ​၏​နာမတော်​သည် အထွတ်အမြတ်​ထား​ခံရ​လိမ့်​မည်၊ ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု​ကိုလည်း သံသယ​ဖြစ်​ကြတော့​မည်​မဟုတ်၊ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ ပြည့်စုံ​လာ​ပါ​လိမ့်​မည်။ (မဿဲ ၆:၉၊ ၁၀) ယေရှု​အမှုတော်​ဆောင်​စဉ်​တစ်လျှောက် ကိုယ်တော်​သည် ဘုရားသခင်​၏​နိုင်ငံတော်​သတင်းကောင်းကို ဟောပြော​တော်​မူ​ခဲ့​ပြီး ဤ​အစီအစဉ်​စနစ်​ကုန်ဆုံး​သည့်​အထိ ကိုယ်တော်​၏​နောက်လိုက်​များ ၎င်းကို​ကြေညာ​ကြလိမ့်မည်​ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၄:၂၃; ၂၄:၁၄) ၁၉၁၄ ခုနှစ်​တွင် ဗျာဒိတ် ၁၁:၁၅ ပါ​ဤ​ပရောဖက်ပြုချက်​စကား​များ ပြည့်စုံ​ခဲ့​သည်– ‘လောက​နိုင်ငံ​သည် ငါ​တို့​အရှင်​၏​နိုင်ငံ​ဖြစ်​လေ​ပြီ။ ထို​အရှင်​၏ ခရစ်တော်​နိုင်ငံ​ဖြစ်​လေ​ပြီ။ သူသည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်​မူ​မည်။’ များ​မကြာမီ အဆိုပါ​ကောင်းကင်​နိုင်ငံတော်​သည် လူသား​တို့​အပေါ် အုပ်စိုး​သည့် တစ်ခု​တည်း​သော​အာဏာပိုင်​ဖြစ်​လိမ့်​မည်။ (ဒံယေလ ၂:၄၄၊ ၄၅) တစ်စုံတစ်ရာ​သော​အချိန်တွင် လောက​အုပ်စိုးရှင်​များ​ပင်​လျှင် ယင်း​၏​အခွင့်အာဏာကို မဖြစ်​မနေ​အသိအမှတ်ပြု​ကြ​ရ​လိမ့်​မည်။—ဆာလံ ၂:၆-၁၂

ဤ​အရာအားလုံးကို စိတ်စွဲ​မှတ်​လျက် ယနေ့ ခရစ်ယာန်စစ်​များသည် ဘုရားသခင့်​နိုင်ငံတော်​ကို လက်အောက်ခံ​ကြ​ပြီး ‘ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ဆက်၍​ရှေးဦး​ရှာနေ’ ကြ​ပါ​ဟူသော ယေရှု၏​ညွှန်ကြားချက်​ကို လိုက်နာ​ကြသည်။ (မဿဲ ၆:၃၃) ဤသို့​ပြု​ကြ​ခြင်း​ကြောင့် သူတို့​နေထိုင်ရာ​တိုင်းနိုင်ငံ​ကို သစ္စာပျက်​သည်မဟုတ်​ပါ၊ သို့သော် သူတို့ကို ဝိညာဉ်​ရေး​အရ ဤ​လောက​နှင့် အမှန်ပင်​သီးခြား​ဖြစ်စေ​ပါ​သည်။ ပထမ​ရာစု​မှာ​ကဲ့သို့ မျက်မှောက်ခေတ်​ခရစ်ယာန်​များ​၏ အဓိက​တာဝန်​မှာ “ဘုရားသခင့်​နိုင်ငံတော်​အကြောင်းကို သက်သေခံ” ဖို့​ဖြစ်သည်။ (တမန်​တော် ၂၈:၂၃) အဆိုပါ​ဘုရား​ပေး​တာဝန်​ကို အဘယ်​လူ့​အစိုးရ​မျှ တားမြစ်​ခွင့်​မရှိပေ။

၇။ ခရစ်ယာန်စစ်​များသည် အဘယ်ကြောင့်​ကြားနေ​ကြ​သနည်း၊ ယင်းကို သူတို့​မည်သို့​တင်ပြ​ခဲ့​ကြပြီ​နည်း။

ယေဟောဝါ​၏​ပိုင်ဆိုင်ရာ​ဖြစ်​ပြီး ယေရှု၏​နောက်တော်လိုက်​များနှင့် ဘုရားသခင့်​နိုင်ငံတော် လက်အောက်ခံ​များ ဖြစ်သည်​နှင့်​အညီ ယေဟောဝါသက်သေ​များသည် ၂၀ နှင့် ၂၁ ရာစု​များ​၏ နိုင်ငံရေး​နှင့် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ​များ​တွင် ကြားနေ​ခဲ့​ကြပြီ။ သူတို့သည် မည်သည့်​ဘက်တွင်​မျှ​မနေကြ၊ တိုက်ခိုက်​ဖို့ လက်နက်​မကိုင်​ဆောင်​ခဲ့​ကြ၊ မည်သည့်​လောက​အရေးအတွက်​မျှ ဝါဒဖြန့်မှု​မပြု​ခဲ့​ကြ​ချေ။ သူတို့သည် မခံမရပ်​နိုင်​လောက်​အောင် အတိုက်အခံ​များ​သည့်​ကြား​မှ ယုံကြည်ခြင်းကို ထူးခြား​စွာ​တင်ပြ​ခဲ့​ခြင်း​ဖြင့် ၁၉၃၄ ခုနှစ်​တွင် နာဇီ​ဂျာမနီ​အုပ်စိုးရှင်​များ​ကို ပြောဆို​ခဲ့​သော ဤ​မူများ​အတိုင်း လိုက်လျှောက်​ခဲ့​ကြသည်– “ကျွန်ုပ်​တို့သည် နိုင်ငံရေး​တွင် စိတ်မဝင်စား​ပါ၊ ခရစ်တော်​ဘုရင်​လက်အောက်​ရှိ ဘုရားသခင့်​နိုင်ငံတော်​ကို​သာ စိတ်နှလုံး​အကြွင်းမဲ့ အပ်နှံ​ထား​ကြ​ပါ​သည်။ မည်​သူ့ကို​မျှ ကျွန်ုပ်​တို့​ထိခိုက်၊ နစ်နာ​စေမည်​မဟုတ်ပါ။ အေးချမ်း​ငြိမ်သက်​စွာ ကျွန်ုပ်​တို့​နေထိုင်ကြ​ပြီး  အခွင့်အရေး​ရ​သ၍  လူအားလုံးကို  ကောင်းမှု​ပြု​လို​ကြသည်။”

ခရစ်တော်​၏ သံအမတ်​များနှင့် သံတမန်များ

၈၊ ၉။ ယနေ့ ယေဟောဝါသက်သေ​များသည် အဘယ်​နည်းဖြင့် သံအမတ်​များနှင့် သံတမန်များ​ဖြစ်​ကြ​သနည်း၊ ယင်းကြောင့် တိုင်းနိုင်ငံ​များနှင့် သူတို့၏​ဆက်ဆံ​ရေး​သည် မည်သို့​ရှိ​သနည်း။

ပေါလု​သည် မိမိကိုယ်ကို​လည်းကောင်း၊ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​ရောင်းရင်း​များ​ကိုလည်း​ကောင်း ရည်ညွှန်း​၍ ဤသို့​ဖော်ပြ​သည်– “ငါ​တို့အား​ဖြင့် ဘုရားသခင်​နှိုးဆော်​တော်​မူ​သည့်​သဖွယ်၊ ခရစ်တော်​၏​သံတမန် [“သံအမတ်၊” က​ဘ] များ” ဖြစ်​ကြ​၏။ (၂ ကောရိန္သု ၅:၂၀သ​မ; ဧဖက် ၆:၂၀) ၁၉၁၄ ခုနှစ်​ကတည်းက ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို ဘုရားသခင့်​နိုင်ငံတော် သံအမတ်​များ​ဟု သင့်လျော်​စွာ​ခေါ်ဆို​နိုင်​ပါ​သည်၊ သူတို့သည် ထို​နိုင်ငံတော်​၏ ‘သားများ’ ဖြစ်​ကြသည်။ (မဿဲ ၁၃:၃၈; ဖိလိပ္ပိ ၃:၂၀; ဗျာ. ၅:၉၊ ၁၀) ထို့​အပြင် ဝိညာဉ်​တော်​ဖွား​သားများ​၏ သံအမတ်​လုပ်ငန်း​ကို ထောက်မ​ကူညီပေး​ရန် မြေကြီး​မျှော်လင့်ချက်​ရှိ ခရစ်ယာန်​များ​ဖြစ်သော၊ “အခြားသိုး” အဝင် “လူအုပ်ကြီး” ကို လူမျိုးအပေါင်း​မှ ယေဟောဝါ နုတ်ယူ​ခေါ်ဆောင်​လာ​ခဲ့ပြီ။ (ဗျာ. ၇:၉; ယောဟန် ၁၀:၁၆) ဤ “အခြားသိုး” တို့ကို ဘုရားသခင့်​နိုင်ငံတော်​၏ “သံတမန်များ” ဟု ခေါ်ဆို​နိုင်​ပါ​သည်။

သံအမတ်​တစ်ဦး​နှင့် သူ၏​တမန်​များသည် သူတို့​အမှုထမ်း​ရာ​တွင် ရောက်ရှိ​နေသော​နိုင်ငံ​၏ နိုင်ငံရေး​ကိစ္စ​များ​တွင် ဝင်ရောက်​စွက်ဖက်​ခြင်း​မပြု​ကြ​ချေ။ အလားတူ ခရစ်ယာန်​များသည် လောက​တိုင်းနိုင်ငံ​များ​၏ နိုင်ငံရေး​ကိစ္စရပ်​များ​တွင် ကြားနေ​ကြသည်။ သူတို့သည် မည်သည့်​နိုင်ငံ၊ မည်သည့်​လူမျိုး၊ လူမှုရေး သို့​မဟုတ် စီးပွားရေး​အုပ်စု​ဘက်တွင် ရပ်တည်ခြင်း သို့​မဟုတ် ဆန့်ကျင်ခြင်း​မပြု​ကြ​ချေ။ (တမန်​တော် ၁၀:၃၄၊ ၃၅) ထိုသို့​ပြု​မည့်​အစား သူတို့သည် “ခပ်သိမ်း​သော​သူတို့အား ကျေးဇူး [“ကောင်းမှု၊” က​ဘ] ပြု​ကြ” သည်။ (ဂလာတိ ၆:၁၀) ယေဟောဝါသက်သေ​များသည် ကြားနေ​ကြသည်၊ ဤ​ကြားနေ​မှု​ကြောင့် သူတို့သည် တစ်ဖက်​လူမျိုးတစ်မျိုး၊ နိုင်ငံ​တစ်ခု၊ လူမျိုးစု​တစ်စု​ဘက်​ပါ​သည်​ဟု​ဆိုပြီး သူတို့၏​သတင်းတရားကို မည်သူကမျှ မှန်မှန်ကန်ကန်​မငြင်းဆို​နိုင်​ပေ။

ချစ်ခြင်း​မေတ္တာ​အားဖြင့် ခွဲခြား​ဖော်ပြ

၁၀။ ခရစ်ယာန်​တစ်ဦး​အတွက် ချစ်ခြင်း​မေတ္တာသည် မည်မျှ​အရေးပါ​သနည်း။

၁၀ အထက်ပါ​အကြောင်း​အပြင်၊ ခရစ်ယာန်​ချင်း​တို့​နှင့် မိမိတို့၏​ဆက်ဆံ​ရေး​ကြောင့် ဤ​ခရစ်ယာန်​များသည် လောက​အရေးကိစ္စ​များ​၌ ကြားနေ​ကြ​ခြင်း​ဖြစ်သည်။ ယေရှု​က မိမိ၏​နောက်လိုက်​များ​အား ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ညီအစ်ကို​ချင်း​မေတ္တာသည် ခရစ်ယာန်​တစ်ဦး​ဖြစ်​ခြင်း​၏ အရေးပါသော​အမှတ်အသား​ဖြစ်သည်။ (၁ ယောဟန် ၃:၁၄) ခရစ်ယာန်​တစ်ဦး​သည် ယေဟောဝါ​နှင့်​လည်းကောင်း၊ ယေရှု​နှင့်​လည်းကောင်း ဆက်ဆံ​ရေး​ရှိသကဲ့သို့ အခြား​ခရစ်ယာန်​များနှင့်​လည်း အလွန်​ရင်းနှီး​ချစ်ခင်​သော ဆက်ဆံ​ရေး​ရှိသည်။ သူသည် ဒေသခံ​အသင်းတော်​ရှိသူ​များ​ကို​သာ ချစ်​ဖို့​မဟုတ်ပါ။ ‘လောက​၌​ရှိသော [သူ၏] ညီအစ်ကို​အသင်းအပင်း​တစ်ခုလုံး’ ကို​ချစ်​ရမည်​ဖြစ်သည်။—၁ ပေတရု ၅:၉

၁၁။ ယေဟောဝါသက်သေ​များ​၏ အမူအကျင့်ကို သူတို့​အချင်းချင်းချစ်​ခြင်း​က မည်သို့​သြဇာလွှမ်း​မိုး​သနည်း။

၁၁ ယနေ့ ယေဟောဝါသက်သေ​များသည် ဟေရှာယ ၂:၄ ပါ​ဤ​စကား​များ​ကို​ပြည့်စုံစေခြင်း​ဖြင့် သူတို့၏​ညီအစ်ကို​ချင်း​မေတ္တာကို တင်ပြ​ကြသည်– “သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို​တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။ တစ်​ပြည်​ကိုတစ်​ပြည်​စစ်​မ​တိုက်၊ စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်​ရ​ကြ။” ယေဟောဝါ​၏​သွန်သင်မှု​ကို ခံ​ကြ​ရ​သဖြင့် စစ်မှန်သော​ခရစ်ယာန်​များသည် ဘုရားသခင်​နှင့်​လည်းကောင်း၊ လူ​လူ​ချင်း​နှင့်​လည်းကောင်း ငြိမ်သက်မှု​ရှိကြ​၏။ (ဟေရှာယ ၅၄:၁၃) ဘုရားသခင်​ကိုလည်း​ကောင်း၊ ညီအစ်ကို​ချင်း​ကိုလည်း​ကောင်း သူတို့​ချစ်​ကြသော​ကြောင့် အခြား​နိုင်ငံ​များ​ရှိ ခရစ်ယာန်​ချင်း​များ​ကို​သာမက အခြား​မည်​သူ့ကို​မျှ တိုက်ခိုက်​ဖို့ လက်နက်များ​ကိုင်ဆောင်​ရန် သူတို့​စဉ်းစား၍​မရနိုင်​ကြ​ချေ။ သူတို့၏​ငြိမ်သက်မှု​နှင့် စည်းလုံးမှု​သည် သူတို့၏​ဝတ်ပြု​ကိုးကွယ်​ရေး​၏ အရေးပါသော​အခန်းကဏ္ဍ​တစ်ခု​ဖြစ်​ပြီး သူတို့၌ ဘုရားသခင့်​ဝိညာဉ်​တော် အမှန်​ရှိကြောင်း ထင်ရှားစေ​သည်။ (ဆာလံ ၁၃၃:၁; မိက္ခာ ၂:၁၂; မဿဲ ၂၂:၃၇-၃၉; ကောလောသဲ ၃:၁၄) “[ယေဟောဝါ] သည် ဖြောင့်မတ်​သော​သူတို့ကို ကြည့်ရှု​တော်​မူ” ကြောင်း သူတို့​သိထားကြ​ရာ “ငြိမ်သက်ခြင်း​ကို​ရှာ၍ မီအောင်လိုက်” ကြ​၏။—ဆာလံ ၃၄:၁၄၊ ၁၅သမ္မာ။

လောကကို ခရစ်ယာန်​များ​ရှုမြင်ပုံ

၁၂။ လောကသား​များ​အပေါ် ယေဟောဝါ​၏ အဘယ်​သဘောထားကို ယေဟောဝါသက်သေ​များ တုပ​ကြ​သနည်း၊ မည်သို့​အားဖြင့်​နည်း။

၁၂ ဤ​လောကကို ယေဟောဝါ ဒဏ်​စီရင်ချက်​ချမှတ်​ပြီး​ဖြစ်သော်လည်း လောကသား​တစ်ဦးချင်း​စီ အားလုံး​ကို​ကား ကိုယ်တော်​တရား​မစီရင်​ရ​သေး​ပါ။ ယင်းကို ကိုယ်တော်​သတ်မှတ်​ထားချိန်​၌ ယေရှု​မှ​တစ်ဆင့် ကိုယ်တော်​ပြု​တော်​မူ​လိမ့်​မည်။ (ဆာလံ ၆၇:၃၊ ၄; မဿဲ ၂၅:၃၁-၄၆; ၂ ပေတရု ၃:၁၀) ဤ​အတောအတွင်း ကိုယ်တော်​သည် လူသား​တို့​အပေါ် ကြီးမားသော​မေတ္တာကို ပြတော်မူ​၏။ လူတိုင်း ထာဝရ​အသက်​ရနိုင်ဖို့ မိမိ၏​တစ်ပါး​တည်း​သော​သားတော်ကို​ပင် စွန့်​တော်​မူ​ခဲ့ပြီ။ (ယောဟန် ၃:၁၆) ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် လူအပေါင်း ကယ်တင်ခြင်း​ရ​ရန် ဘုရားသခင့်​ပြင်ဆင်​ပေး​ချက်​များ​အကြောင်း သူတစ်ပါးကို ကြိုးစား​ပြောပြ​ရာ​တွင် မကြာခဏ​ငြင်းပယ်​ခံရ​ဦး​တော့ ဘုရားသခင့်​မေတ္တာတော်ကို တုပ​ပြီး ဆက်​ပြော​ဟော​ကြသည်။

၁၃။ လောက​အုပ်စိုးရှင်​များ​ကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သင့်​သနည်း။

၁၃ လောက​အုပ်စိုးရှင်​များ​ကို ကျွန်ုပ်​တို့​မည်သို့​ရှုမြင်​သင့်​သနည်း။ ထို​မေးခွန်း​ကို ပေါလု​ဤသို့​ရေးသား​ဖြေဆိုခဲ့သည်– “အစိုးရ​သော မင်း​အာဏာစက်​၏ အုပ်စိုးခြင်း​ကို လူတိုင်း​ဝန်ခံ​စေ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​၏​အခွင့်​မ​ရှိလျှင်၊ မင်း​အာဏာစက်​မရှိ။ အာဏာစက်​ရှိသမျှသည် ဘုရားသခင် [“အားဖြင့် အခွင့်အာဏာ​အထိုက်အလျောက်​ရှိကြ၊” က​ဘ] သတည်း။” (ရောမ ၁၃:၁၊ ၂) အတိုင်းအဆမဲ့​တန်ခိုးရှင်​ဘုရားသခင် ခွင့်ပြု​ထားသော​ကြောင့် လူသား​တို့သည် (အချင်းချင်း​နှင့်​ပတ်သက်​၍ အာဏာ​ပို​ကြီး​သည်၊ အာဏာ​လျော့နည်း​သည်​ရှိသော်လည်း ယေဟောဝါ​ထက် အစဉ်​နိမ့်ကျ​သည့်) အခွင့်အာဏာ “အထိုက်အလျောက်” ကို သူတို့​ရရှိ​ထား​ကြသည်။ လောက​အာဏာပိုင်​များ​ကို ခရစ်ယာန်​တစ်ဦး လက်အောက်ခံခြင်း​သည် ယေဟောဝါ​အား နာခံခြင်း​၏ သွင်ပြင်​လက္ခဏာ​တစ်ရပ်​ဖြစ်သည်။ သို့ရာတွင် ဘုရားသခင့်​တောင်းဆိုချက်​များသည် လူ့​အစိုးရ​၏​တောင်းဆိုချက်​များနှင့် ဆန့်ကျင်ဖီလာ​ဖြစ်​နေလျှင်​ကော မည်သို့​နည်း။

ဘုရားသခင့်​ဥပဒေ​နှင့် ကဲသာ​၏​ဥပဒေ

၁၄၊ ၁၅။ (က) နာခံခြင်း​ကိစ္စ​နှင့်​ပတ်သက်​၍ သဘောထား​ကွဲလွဲ​မှု​ကို ဒံယေလ​သည် အဘယ်​နည်းဖြင့် ရှောင်နိုင်​ခဲ့​သနည်း။ (ခ) နာခံခြင်း​ကိစ္စ​နှင့်​ပတ်သက်​၍ သဘောထား​ကွဲလွဲ​မှု​ကို မရှောင်​နိုင်သော​အခါ ဟေဗြဲ​သုံးဦး​တို့သည် မည်သို့​ရပ်တည်ခဲ့​ကြ​သနည်း။

၁၄ ဒံယေလ​နှင့် သူ့​အဖော်​သုံးဦးသည် လူ့​အစိုးရ​များ​ကို လက်အောက်ခံ​ရင်း ဘုရားသခင့်​အခွင့်အာဏာကို လက်အောက်ခံ​တတ်​ရန် ပုံသက်သေ​ကောင်း​ပြ​ခဲ့​သည်။ ဟေဗြဲ​လူငယ်လေး​ဦး​တို့သည် ဗာဗုလုန်​တွင်​ပြည်နှင်ခံရ​စဉ် သူတို့သည် ထို​နိုင်ငံ​၏​ဥပဒေ​များ​ကို​နာခံ​ခဲ့​ကြ​ရာ အထူး​သင်တန်း​တစ်ခု​တက်​ရန် ချက်ချင်း​ရွေးချယ်ခံ​ခဲ့​ရသည်။ အဆိုပါ​သင်တန်း​သည် ယေဟောဝါ​၏​ဥပဒေ​နှင့် ကွဲလွဲ​ဆန့်ကျင်​နိုင်​ဖွယ်​ရှိ​မည်​ကို ဒံယေလ​သိရှိ​ထား​ရာ ထို​ကိစ္စ​ကို ကိုင်တွယ်​ရသော တာဝန်ခံ​အရာရှိ​နှင့် ဆွေးနွေး​ခဲ့​သည်။ ယင်းကြောင့် ထို​ဟေဗြဲ​လေးဦး​၏ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို​လေးစားရန် အထူး​အစီအစဉ်များ ပြုလုပ်​ပေး​ခဲ့​ကြသည်။ (ဒံယေလ ၁:၈-၁၇) ယေဟောဝါသက်သေ​များသည် မလို​အပ်သော​ပြဿနာ​များ​ကို​ရှောင်ရှား​ရန် မိမိတို့၏​ရှုမြင်ပုံကို မင်း​အရာရှိများ​အား လိမ္မာ​ပါးနပ်​စွာ ရှင်းပြ​ကြသောအခါ ဒံယေလ​ကို​တုပ​ကြသည်။

၁၅ သို့သော် နောက်​တစ်ကြိမ်​တွင်​မူ လက်အောက်ခံခြင်း​ကိစ္စ​နှင့်​ပတ်သက်​၍ သဘောထား​ကွဲလွဲ​မှု​ကို မ​ရှောင်ရှား​နိုင်​ခဲ့​ချေ။ ဗာဗုလုန်​ရှင်ဘုရင်​သည် ဒုရ​လွင်ပြင်​တွင် ရုပ်တုကြီး​တစ်ခု​ကို​စိုက်ထူ​ပြီး စီရင်​စု​နယ်​ဝန်မင်း​အပေါင်း​တို့​အပါအဝင် ဘုရင်ခံချုပ်​မင်း​များ​ကို ယင်း​၏​ဖွင့်ပွဲ​အတွက် စုရုံး​လာ​ကြ​ရန် အမိန့်ပေး​ခဲ့​သည်။ ထို​အချိန်တွင် ဒံယေလ​၏​မိတ်ဆွေ​သုံးဦး​မှာ ဗာဗုလုန်​ဝန်မင်း​များ​အဖြစ် ခန့်အပ်​ခံရ​ပြီး​ဖြစ်​ရာ ၎င်း​အမိန့်​သည် သူတို့နှင့်​လည်း သက်ဆိုင်​လျက်​ရှိသည်။ အခမ်းအနား​ကျင်းပ​စဉ် အချိန်​တစ်ချိန်​တွင် စုရုံး​နေကြ​သူအား​လုံး ရုပ်တု​ရှေ့ ဦးညွှတ်​ကြ​ရမည်​ဖြစ်သည်။ သို့သော် ထိုသို့​ပြုခြင်း​သည် ဘုရားသခင့်​ဥပဒေ​နှင့်​ဆန့်ကျင်​မည်​ကို ဟေဗြဲ​လူများ​သိထားကြသည်။ (တရားဟောရာ ၅:၈-၁၀) ထို့​ကြောင့် လူတိုင်း​ဦးညွှတ်​ပျပ်ဝပ်​ကြသောအခါ သူတို့သည် မတ်တတ်ရပ်​မြဲ ရပ်နေ​ကြ​၏။ ရှင်ဘုရင်​၏​အမိန့်​ကို​မနာခံခြင်း​ဖြင့် သူတို့သည် ကြောက်မက်​ဖွယ်​ကောင်းသော အသက်ဘေး​ကို​ရင်ဆိုင်ခဲ့​ရ​ကြ​ပြီး အံ့ဖွယ်​နည်း​တစ်ခု​ဖြင့်​သာ အသက်ဘေး​မှ​လွတ်​ခဲ့​ကြသည်; သို့သော် သူတို့သည် ယေဟောဝါ​အား မနာခံဖို့​ရွေး​မည့်​အစား သေ​ဘေး​ကို​ရင်ဆိုင်ဖို့ ရွေးချယ်​ခဲ့​ကြသည်။—ဒံယေလ ၂:၄၉–၃:၂၉

၁၆၊ ၁၇။ မဟောပြောဖို့ အမိန့်ပေး​ခံရသော​အခါ တမန်​တော်​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၆ ပထမ​ရာစု​တွင်  ယေရှု​ခရစ်​၏​တမန်​တော်​များသည် ယေရုရှလင်​မြို့ရှိ ဂျူး​ခေါင်းဆောင်​များ​ထံ​လာရန် ဆင့်ခေါ်​ခံရ​ပြီး ယေရှု၏​နာမ​ဖြင့် မ​ဟော​ရ​ဟု တားမြစ်​ခံရ​ကြသည်။ သူတို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​ရမည်ဟု သူတို့ကို ယေရှု​မိန့်မှာ​ထား​ရာ ယုဒပြည်​တွင်​လည်း ဟော​ရမည်​ဖြစ်သည်။ ထို့​အပြင် ယေရုရှလင်​မြို့မှ​စ၍ မြေကြီးစွန်း​တိုင်အောင် ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ကြ​ရမည်ဟု ကိုယ်တော်​မိန့်မှာ​တော်​မူ​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်​တော် ၁:၈) ယေရှုသည် မိမိတို့​နှင့်​ပတ်သက်​သည့် ဘုရားသခင့်​အလိုတော်ကို မိန့်မှာ​နေကြောင်း တမန်​တော်​များ​သိခဲ့​ကြသည်။ (ယောဟန် ၅:၃၀; ၈:၂၈) ထို့​ကြောင့် သူတို့က “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏” ဟု​ပြော​ခဲ့​ကြသည်။—တမန်​တော် ၄:၁၉၊ ၂၀; ၅:၂၉

၁၇ တမန်​တော်​များသည် ပုန်ကန်​နေကြ​ခြင်း​မဟုတ်ပါ။ (သု. ၂၄:၂၁) သို့သော် ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​ကို လူ့​အုပ်စိုးရှင်​များ​က တားမြစ်​ပိတ်ပင်​ကြသောအခါ ‘ကျွန်ုပ်​တို့သည် လူကို​မဟုတ်ဘဲ ဘုရားသခင်​ကို​နာခံ​ရ​ကြ​မည်’ ဟု သူတို့​ပြော​ဖို့​သာ​ရှိသည်။ ယေရှု​က ကျွန်ုပ်​တို့သည် ‘ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အား ဆက်​ပေး​ကြ​ကာ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား၊ ဘုရားသခင်​အား ဆက်​ပေး’ ရမည်ဟု မိန့်ကြား​ခဲ့​သည်။ (မာကု ၁၂:၁၇) လူတစ်ဦး​၏​အပြော​ကြောင့် ဘုရားသခင့်​အမိန့်​ကို ကျွန်ုပ်​တို့​လွန်ဆန်​ပါ​က ကျွန်ုပ်​တို့သည် ဘုရားသခင့်​ပိုင်ဆိုင်ရာ​ကို လူ​တို့အား ပေး​ရာ​ရောက်သွား​မည်။ ထိုသို့​မပြု​ဘဲ ယေဟောဝါ​၏​အမြင့်မြတ်ဆုံး​အခွင့်အာဏာကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကာ ကဲသာ​အား ပေး​ထိုက်​ရာ​မှန်သမျှကို ကျွန်ုပ်​တို့​ပေး​ကြသည်။ ကိုယ်တော်​သည် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်၊ ဖန်ဆင်း​ရှင်၊ အခွင့်အာဏာ​ရင်းမြစ်​ဖြစ်​တော်​မူ​၏။—ဗျာ. ၄:၁၁

ကျွန်ုပ်​တို့​အခိုင်အမာ​ရပ်တည်​ကြ​မည်

၁၈၊ ၁၉။ ကျွန်ုပ်​တို့၏​ညီအစ်ကို​များစွာ​သည် စံ​ထား​လောက်​စွာ မည်သို့​ရပ်တည်ခဲ့ကြပြီ​နည်း၊ သူတို့၏​ပုံသက်သေ​ကို ကျွန်ုပ်​တို့​မည်သို့ အတုယူ​နိုင်​မည်​နည်း။

၁၈ ယခု​အခါ လောက​အစိုးရ​အများစု​သည် ယေဟောဝါသက်သေ​များ​၏ ကြားနေ​မှု​ကို အသိအမှတ်ပြု​ကြ​ပြီး ထို့​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​ပါ​သည်။ အချို့​နိုင်ငံ​များ​တွင်​မူ သက်သေခံ​များသည် ပြင်းထန်သော​အတိုက်အခံပြု​မှု​ကို ရင်ဆိုင်​ရ​ကြသည်။ ၂၀ ရာစု​တစ်လျှောက်​နှင့် လက်ရှိ​အချိန်အထိ ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​အချို့​သည် ရုန်းကန်​လှုပ်ရှား​ခဲ့​ကြ​ပြီး ဝိညာဉ်​ရေး​သဘော​အရ “ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို” တိုက်လှန်​နေကြ​ရသည်။—၁ တိမောသေ ၆:၁၂

၁၉ သူတို့​နည်းတူ ကျွန်ုပ်​တို့ မည်သို့​အခိုင်အမာ​ရပ်တည်​နိုင်​ကြ​မည်​နည်း။ ဦးဆုံး ကျွန်ုပ်​တို့​သတိရ​ကြ​မည်​မှာ ကျွန်ုပ်​တို့သည် အတိုက်အခံပြု​ခံရ​ဖို့ အကြောင်း​ရှိသည်။ ထို့​ကြောင့် အတိုက်အခံပြု​ခံရ​လျှင် ကြောက်လန့်​မှိုင်တွေ​စ​ရာ၊ အံ့အားသင့်​စ​ရာ​မလိုပါ။ တိမောသေ​ကို ပေါလု​ဤသို့​သတိပေး​ခဲ့​သည်– ‘ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ၊ ဘုရားသခင်​ဝတ်၌​မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို​ခံရ​ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁၂; ၁ ပေတရု ၄:၁၂) စာတန့်​သြဇာလွှမ်း​နေသော ဤ​လောကတွင် အတိုက်အခံပြု ခံရ​ဘဲ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ (ဗျာ. ၁၂:၁၇) ကျွန်ုပ်​တို့​တည်ကြည်​နေ​သ၍ ‘ကျွန်ုပ်​တို့ကို​အံ့သြ​ပြီး ကဲ့ရဲ့’ မည့်​သူ အစဉ်​ရှိပါ​လိမ့်​မည်။—၁ ပေတရု ၄:၄

၂၀။ ခွန်အား​ရှိစေ​သော အဘယ်​အမှန်တရားကို ကျွန်ုပ်​တို့​သတိပေး​ခံရ​ကြ​သနည်း။

၂၀ ဒုတိယ​အနေ​နှင့် ယေဟောဝါ​နှင့် ကိုယ်တော်​၏​ကောင်းကင်တမန်​များသည် ကျွန်ုပ်​တို့ကို​ထောက်မ​မည်​ဟု ယုံကြည်​စိတ်ချ​ကြသည်။ ရှေးခေတ်​မှ​ဧလိရှဲ ပြော​ခဲ့​သည့်​အတိုင်း​ပင် “ငါ​တို့​ဘက်၌​နေသော​သူတို့သည် ရန်သူ​တို့​ဘက်၌​နေသော​သူတို့ထက် သာ၍​များ​ကြသည်။” (၄ ဓမ္မ​ရာဇဝင် ၆:၁၆; ဆာလံ ၃၄:၇) ယေဟောဝါ​သည် ကိုယ်တော်​၏​ရည်ရွယ်ချက်​ကောင်း​အတွက် ဆန့်ကျင်သူ​များ​၏​ဖိနှိပ်မှုကို ခေတ္တ​ခံ​ခွင့်ပြု​ထားခြင်း ဖြစ်​ကောင်း​ဖြစ်​မည်။ သို့ရာတွင် ကျွန်ုပ်​တို့​ခံရပ်​နိုင်​ရန် လိုအပ်သော​ခွန်အား​ကို ကိုယ်တော်​အစဉ်​ပေးသနား​တော်​မူ​လိမ့်​မည်။ (ဟေရှာယ ၄၁:၉၊ ၁၀) အချို့​သူများ​သည် အသက်ဆုံးရှုံး​ခဲ့​ကြ​ရပြီ​ဖြစ်သော်လည်း ယင်းက ကျွန်ုပ်​တို့ကို မတုန်လှုပ်​စေပါ။ ယေရှု​က “ကိုယ်ခန္ဓာ​ကို​သာ​သတ်​၍ စိတ်​ဝိညာဉ်​ကို​မ​သတ်​နိုင်သော​သူတို့ကို မကြောက်​ကြ​နှင့်။ ကိုယ်ခန္ဓာ​နှင့်​စိတ်​ဝိညာဉ်​ကို ငရဲ​၌​ဖျက်ဆီး​နိုင်သော​သူကို သာ၍​ကြောက်​ကြလော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၁၀:၁၆-၂၃၊ ၂၈) ဤ​အစီအစဉ်​စနစ်​တွင် ကျွန်ုပ်​တို့သည် “ဧည့်သည်​အာဂန္တု” များ​သာ​ဖြစ်​ကြသည်။ ဤ​တွင် ကျွန်ုပ်​တို့​ရှိနေ​သ၍ ဘုရားသခင့်​ကမ္ဘာသစ်​တွင်​ရမည့် ထာဝရ​အသက်​ဖြစ်သည့် “မှန်သော​အသက်ကို ဝင်စား” နိုင်​ရန် ကြိုးစား​လျက်​ရှိကြသည်။ (၁ ပေတရု ၂:၁၁; ၁ တိမောသေ ၆:၁၉) ဘုရားသခင်​ကို ကျွန်ုပ်​တို့​တည်ကြည်​နေသရွေ့ ထို​ဆုကျေးဇူး​ကို မည်သူမျှ လုယူ​မသွား​နိုင်​ပါ။

၂၁။ အဘယ်အရာကို ကျွန်ုပ်​တို့​စိတ်ထဲ အစဉ်​စွဲမှတ်​ထား​သင့်​သနည်း။

၂၁ ထို့​ကြောင့် ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့​ဆက်ဆံခွင့်​ရရှိ​ထားခြင်း​ကို သတိရ​ကြပါစို့။ ခရစ်တော်​၏​နောက်လိုက်​များနှင့် ဘုရားသခင့်​နိုင်ငံတော် လက်အောက်ခံ​များ ဖြစ်​ကြ​ရသည့် အကျိုးကျေးဇူး​ကို အစဉ်​ကျေးဇူး​တင်​လေးမြတ်​ကြပါစို့။ ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို စိတ်နှလုံး​အကြွင်းမဲ့​ချစ်​ကြ​စို့၊ သူတို့​ထံ​မှ​ရသော​မေတ္တာ​၌​လည်း ကျွန်ုပ်​တို့​အစဉ် မွေ့လျော်​နေနိုင်​ကြ​ပါစေ။ ထို့​ထက်​ကား၊ ဆာလံဆရာ​၏ ဤ​စကား​များ​ကို နာယူ​ကြပါစို့– “[ယေဟောဝါ] ကို​မျှော်လင့်​လော့။ အားယူ၍ ရဲရင့်​သော​စိတ်နှလုံး​ရှိ​လော့။ [ယေဟောဝါ] ကို မျှော်လင့်​လျက်​နေလော့။” (ဆာလံ ၂၇:၁၄; ဟေရှာယ ၅၄:၁၇) သို့ပြုလျှင် ကျွန်ုပ်​တို့​ခေတ်​မတိုင်မီ​က မရေမတွက်​နိုင်သော​ခရစ်ယာန်​များ​ကဲ့သို့ ကျွန်ုပ်​တို့သည်​ဤ​လောက​နှင့်​မဆက်ဆံ​ကြသော တည်ကြည်​သည့် ကြားနေ​ခရစ်ယာန်​များ​အဖြစ် ကျွန်ုပ်​တို့၏ မျှော်လင့်ချက်​သေချာ​လျက် အခိုင်အမာ ရပ်တည်​နိုင်​ကြ​ပါ​လိမ့်​မည်။

သင်​ရှင်းပြ​နိုင်​သလော

• ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​က ဤ​လောက​နှင့် ကျွန်ုပ်​တို့ကို မည်သို့​သီးခြား​ဖြစ်စေ​သနည်း။

• ဘုရားသခင့်​နိုင်ငံတော်​လက်အောက်ခံ​များ​အနေ​နှင့် ဤ​လောကတွင် ကျွန်ုပ်​တို့ မည်သို့​ကြားနေ​ကြ​သနည်း။

• ညီအစ်ကို​များ​ကို​ချစ်​သည့်​မေတ္တာက အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့ကို ကြားနေ​စေ​၍ ဤ​လောက​နှင့် သီးခြား​ဖြစ်စေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘုရားသခင့်​နိုင်ငံတော်​အား လက်အောက်ခံ ခြင်း​က လောက​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အပေါ် မည်သို့​သက်ရောက်မှု​ရှိ​သနည်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဟူ​တူ​လူမျိုး​တစ်ဦး​နှင့် တွတ်​စီ​လူမျိုး​တစ်ဦး အတူတကွ​ပျော်ရွှင်စွာ​အလုပ်လုပ်​ဆောင်​နေ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဂျူး​နှင့် အာရပ် ခရစ်ယာန်​ညီအစ်ကို​များ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဆား​ဗီး​ယား၊ ဘော့စနီးယား​နှင့် ခရိုအေးရှား​ခရစ်ယာန်​များ အချင်းချင်း​ပေါင်းဖော် ပျော်မွေ့​နေကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အုပ်စိုးရှင်​များ​က ဘုရားသခင့်​ဥပဒေ​ကို​ချိုးဖောက်​ရန် ကျွန်ုပ်​တို့ကို အမိန့်ပေး​သောအခါ လမ်းစဉ်​မှန်​ကား အဘယ်နည်း