မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘လူမျိုးခြားတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့’

‘လူမျိုးခြားတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့’

‘လူမျိုးခြား​တို့​ရှေ့၌ တင့်တယ် လျောက်ပတ်​စွာ ကျင့်​နေကြ​လော့’

“ခပ်သိမ်း​သော​သူတို့ကို​ရိုသေ​ကြလော့။ ညီအစ်ကို​များ [“အသင်းအပင်း​တစ်ခုလုံး၊” က​ဘ] ကို​ချစ်​ကြလော့။”—၁ ပေတရု ၂:၁၇

၁၊ ၂။ (က) ယေဟောဝါသက်သေ​များ​အကြောင်း သတင်းစာ​ဆောင်းပါး​ရေးသူ​တစ်ဦး မည်သို့​မှတ်ချက်ချ​ခဲ့​သနည်း။ (ခ) ယေဟောဝါသက်သေ​များသည် မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​များ​ကို အဘယ်ကြောင့်​ကြိုးစား​စောင့်ထိန်း​ကြ​သနည်း။

လွန်ခဲ့သော​နှစ်​အတန်ကြာ​က ယူ.အက်စ်.အေ. တက္ကဆက်​ပြည်နယ်၊ အယ်​မဲ​ရီ​လို​မြို့မှ သတင်းစာ​ဆောင်းပါး​ရေးသူ​တစ်ဦး​သည် ထို​နယ်မြေ​ရှိ ချာ့ခ်ျ​အသီးသီး​တွင် တက်ရောက်​ပြီး​နောက် သူ၏​တွေ့ရှိချက်​ကို ရေးသား​ဖော်ပြ​ခဲ့​သည်။ အုပ်စု​တစ်စု​သည် သူ့​အတွက် အားကျ​စွဲမှတ်စရာ​ဖြစ်​ခဲ့​၍ သူ​ဤသို့​ဆို​၏– “အယ်​မဲ​ရီ​လို​မြို့တော် စည်ပင်​ဗဟို​၌ ကျင်းပ​သော ယေဟောဝါသက်သေ​များ​၏ နှစ်ပတ်လည်​စည်းဝေးကြီး​များ​ကို ကျွန်ုပ်​သုံးနှစ်​တိုင် တက်ရောက်​ခဲ့​သည်။ သူတို့​လူအုပ်​ထဲ ကျွန်ုပ်​ရောနှော​ခဲ့​စဉ် စီးကရက်​မီးညှိ​သူ၊ ဘီယာ​ဘူး​ဖွင့်​သူ၊ ရင့်သီးသော​စကားပြော​ဆို​သူ တစ်ဦး​တစ်ယောက်ကို တစ်ခါမျှ မတွေ့ဖူး​ခဲ့​ပါ။ သူတို့သည် ကျွန်ုပ်​တွေ့ဆုံ​ခဲ့​သမျှ​လူ​တို့​တွင် အသန့်ရှင်းဆုံး၊ အမူအကျင့်​အကောင်းဆုံး၊ ဣန္ဒြေရှိရှိ​ဝတ်စား​ဆင်ယင်​၍ စိတ်ရင်းကောင်း​သော​လူစု​ဖြစ်သည်။” ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ အလားတူ​မှတ်ချက်များ​ကို မကြာခဏ​ရေးသား​ဖော်ပြ​ခဲ့​ကြပြီ။ သက်သေခံ​များနှင့် ယုံကြည်ခြင်း​မတူ​သူများ​သည် သူတို့ကို အဘယ်ကြောင့် မကြာခဏ​ချီးမွမ်း​ကြ​ရသနည်း။

ဘုရားသခင့်​လူမျိုးတော်သည် အမူအကျင့်ကောင်း​သောကြောင့် အများအားဖြင့် ချီးမွမ်း​ခံ​ကြ​ရသည်။ ယေဘုယျ​အားဖြင့် စံနှုန်း​များ ဆုတ်ယုတ်​ညံ့ဖျင်း​နေ​သော်လည်း ယေဟောဝါသက်သေ​များသည် မြင့်မားသော​ကျင့်ဝတ်​စံနှုန်း​များ​ကို တာဝန်​တစ်ခု​အဖြစ် ယူမှတ်​ကြသည်၊ သူတို့​ဝတ်ပြု​ကိုးကွယ်​မှု​၏ ကဏ္ဍ​တစ်ခု​အဖြစ် ရှုမြင်​ကြသည်။ သူတို့၏​လုပ်ရပ်များ​သည် ယေဟောဝါ​နှင့် သူတို့၏​ခရစ်ယာန်​ညီအစ်ကို​များ​ကို ကောင်းကျိုး​ဆိုးကျိုး​ပြု​နိုင်​ကြောင်း၊ သူတို့၏​အမူအကျင့်ကောင်း​သည် သူတို့​ဟောပြောသော အမှန်တရားကို နှစ်သက်ဖွယ်​ဖြစ်စေ​နိုင်​ကြောင်း သူတို့​သိထားကြသည်။ (ယောဟန် ၁၅:၈; တိတု ၂:၇၊ ၈) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​အမူအကျင့်ကောင်း​ကို စောင့်ထိန်းခြင်း​အားဖြင့် ယေဟောဝါ​နှင့် ကိုယ်တော့်​သက်သေ​များ​၏ နာမည်​ကောင်း​ကို မည်သို့​ဆက်လက်​စောင့်ထိန်း​ထား​နိုင်​ကြောင်း​နှင့် ထိုသို့​ပြုခြင်း​အားဖြင့် မိမိကိုယ်ကို မည်သို့​အကျိုးပြု​နိုင်​ကြောင်း ကြည့်​ကြပါစို့။

ခရစ်ယာန်​မိသားစု

၃။ ခရစ်ယာန်​မိသားစု​များ​ကို အဘယ်အရာ​မှ ကာကွယ်​ပေးဖို့​လို​သနည်း။

မိသားစု​အတွင်း ကျွန်ုပ်​တို့၏​အမူအကျင့်ကို သုံးသပ်ကြည့်​ပါ။ ဂ​ဟော့ထ် ဘ​ဇီရ်​နှင့် အယ်​ဗင်း ကေ. ရွှိက်​တို့​ရေးသားခဲ့​သော ဒီ နွိုင်​ရဲ​န် အင်​ကွ​စ္စ​အီ​ထိုး​ရဲ​န်– ရေ​လီ​ရော​န်စ်ဖ​ရီ​ဟီ​တ် အ​န့်ထ် ဂ​လောင်​ဘင်​စ​နို​က် (စစ်ကြော​မေးမြန်း​သူ​အသစ်များ– ဘာသာရေး​လွတ်လပ်မှု​နှင့် ဘာသာ​တရား​ဆိုင်ရာ​မနာလိုမှု) စာအုပ်​က ဤသို့​ဆို​၏– “[ယေဟောဝါသက်သေ​များ] အတွက် မိသားစု​ဟူသည် အထူး​ကာကွယ်​စောင့်ရှောက်​ပေး​ရမည့်​အရာ​ဖြစ်သည်။” ၎င်း​ဖော်ပြချက်​သည် မှန်​၏၊ ယနေ့ မိသားစုကို ရန်ပြု​မည့်​အရာများ​စွာ​ရှိရာ ၎င်း​တို့​မှ ကာကွယ်​ပေးဖို့​လို​သည်။ “မိဘ​စကား​ကို​နားမထောင်​သော” သားသမီး​များနှင့် “ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော” သို့​မဟုတ် “ကိုယ်​ဣန္ဒြေ​ကို​မချုပ်တည်း​နိုင်သော” လူကြီး​များစွာ​ရှိကြသည်။ (၂ တိမောသေ ၃:၂၊ ၃) လင်မယား​ချင်း​အကြမ်းဖက်မှု၊ မိဘများ မတော်မတရား​ပြု​မှု၊ သားသမီး​များ​ကို လျစ်လျူရှု​မှု​အပြင် သားသမီး​များ ပုန်ကန်ခြင်း၊ မူးယစ်​ဆေး​အလွဲသုံးခြင်း၊ အကျင့်​ယိုယွင်းခြင်း၊ အိမ်​မှ​ထွက်ပြေး​ခြင်း​တို့သည် မိသားစု​အများအပြား​၌ ဖြစ်ပျက်​နေသည်။ ယင်း​တို့အားလုံး​မှာ ဖျက်ဆီး​တတ်သော ‘လောက​စိတ်ဓာတ်’ လွှမ်းမိုးမှု​၏​ရလဒ်​ပင်​ဖြစ်သည်။ (ဧဖက် ၂:၁၊ ၂) ထို​စိတ်ဓာတ်​မှ ကျွန်ုပ်​တို့၏​မိသားစု​များ​ကို ကာကွယ်​ပေးဖို့​လို​သည်။ မည်သို့​အားဖြင့်​နည်း။ မိသားစုဝင်​များ​အတွက် ယေဟောဝါ​၏​ဆုံးမ​စကား​နှင့် လမ်းညွှန်မှုကို လိုက်နာခြင်း​အားဖြင့်​ဖြစ်သည်။

၄။ ခရစ်ယာန်​မိသားစုတွင်​ပါဝင်သူ​များသည် အချင်းချင်း​အပေါ် အဘယ်​တာဝန်​ဝတ္တရား​များ​ရှိကြ​သနည်း။

ခရစ်ယာန်​မောင်နှံစုံ​များသည် တစ်ဦး​နှင့်​တစ်ဦး​အပေါ် စိတ်​လှုပ်ရှားမှု​ဆိုင်ရာ၊ ဝိညာဉ်​ရေးရာ​နှင့် ကာယရေးရာ​ဆိုင်ရာ တာဝန်​များ​ရှိကြောင်း သိထားကြသည်။ (၁ ကောရိန္သု ၇:၃-၅; ဧဖက် ၅:၂၁-၂၃; ၁ ပေတရု ၅:၇) ခရစ်ယာန်​မိဘများ​မှာ သူတို့၏​သားသမီး​များနှင့်​ပတ်သက်​၍ ကြီး​လေး​သော​တာဝန်​များ​ရှိကြသည်။ (သု. ၂၂:၆; ၂ ကောရိန္သု ၁၂:၁၄; ဧဖက် ၆:၄) ခရစ်ယာန်​အိမ်ထောင်များ​ရှိ ကလေး​များ ကြီးပြင်း​လာ​ကြသည်​နှင့်​အမျှ သူတို့၌​လည်း တာဝန်​ဝတ္တရား​များ​ရှိကြောင်း သိရှိ​လာ​ကြသည်။ (သု. ၁:၈၊ ၉; ၂၃:၂၂; ဧဖက် ၆:၁; ၁ တိမောသေ ၅:၃၊ ၄၊ ၈) မိသားစု​တာဝန်​ဝတ္တရား​များ​ကို ဖြည့်ဆည်း​ပေး​ရန် ကြိုးပမ်း​အားထုတ်မှု၊ ကတိကဝတ်​ပြု​မှု၊ မေတ္တာ​စိတ်​နှင့် ကိုယ်ကျိုး​စွန့်​မှု​တို့ လိုအပ်​ပေ​သည်။ သို့ရာတွင် မိသားစုဝင်​အားလုံး ဘုရားသခင်​ပေး တာဝန်​ဝတ္တရား​များ​ကို လိုက်နာ​ဖြည့်ဆည်း​လေ​လေ သူတို့သည် အချင်းချင်း​နှင့် အသင်းတော်ကို အကျိုးပြု​သူများ​ဖြစ်လာ​လေ​လေ​ဖြစ်သည်။ သာ၍​အရေးကြီး​သည်​မှာ မိသားစုကို စ​တီထွင်​ပြုစုပေး​သူ ယေဟောဝါ​ဘုရားသခင်​အား သူတို့​ဂုဏ်တင်​ကြသည်။—ကမ္ဘာဦး ၁:၂၇၊ ၂၈; ဧဖက် ၃:၁၅

ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း

၅။ ခရစ်ယာန်​ချင်း​များနှင့် ပေါင်းဖော်ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​အကျိုးကျေးဇူးများ​ရရှိကြ​သနည်း။

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် အသင်းတော်​ရှိ ယုံကြည်သူချင်း​များ​အပေါ်၊ နောက်ဆုံး​တွင် ‘လောက​၌​ရှိသော ညီအစ်ကိုအသင်းအပင်း​တစ်ခုလုံး’ အပေါ်​၌​လည်း တာဝန်​များ​ရှိကြသည်။ (၁ ပေတရု ၅:၉) အသင်းတော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကျန်းမာ​မှု​အတွက် အရေးပါ​၏။ ခရစ်ယာန်​ချင်း​များနှင့် ကျွန်ုပ်​တို့​ပေါင်းဖော်​သည့်​အခါ သူတို့နှင့်​ပေါင်းသင်း​ခြင်း​မှ ခွန်အား​ရသည်​သာမက “သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်” ထံ​မှ​လည်း အာဟာရ​ရှိ ဝိညာဉ်​အစာကို​ပါ စားသုံး​ကြ​ရသည်။ (မဿဲ ၂၄:၄၅-၄၇က​ဘ) ကျွန်ုပ်​တို့​၌ ပြဿနာ​များ​ရှိလျှင် ကျမ်းစာ​မူများ​အပေါ် အခြေပြု​သော အကြံပြုချက်​ကောင်း​ရရှိဖို့ ညီအစ်ကို​များ​ထံ​သွား​နိုင်​သည်။ (သု. ၁၇:၁၇; ဒေ. ၄:၉; ယာကုပ် ၅:၁၃-၁၈) ကျွန်ုပ်​တို့​အရေးကြုံ​သောအခါ ညီအစ်ကို​များသည် ကျွန်ုပ်​တို့ကို​ပစ်မထား​ကြ​ပါ။ ဘုရားသခင့်​အဖွဲ့အစည်း​တွင် ပါဝင်ခွင့်​ရခြင်း​သည် ကောင်းချီး​ကြီးမား​လှ​သည်​တကား!

၆။ ကျွန်ုပ်​တို့သည် အခြား​ခရစ်ယာန်​များ​အပေါ် တာဝန်​ဝတ္တရား​များ​ရှိကြောင်း ပေါလု​မည်သို့​ဖော်ပြ​ခဲ့​သနည်း။

သို့သော် ကျွန်ုပ်​တို့​အသင်းတော်၌​ရှိနေခြင်း​သည် ရရှိဖို့​အတွက်​သက်​သက်သာ​မဟုတ် ပေးကမ်း​ဖို့​အတွက်​လည်း ရှိနေကြ​သည်။ အမှန်​မှာ ယေရှု​က “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိသည်” ဟု​မိန့်တော်မူ​ခဲ့​၏။ (တမန်​တော် ၂၀:၃၅) တမန်​တော်​ပေါလု​သည် ပေးကမ်း​ခြင်း​စိတ်ဓာတ်​ကို ပေါ်လွင်​စေပြီး ဤသို့​ရေးသားခဲ့​သည်– “မျှော်လင့်ခြင်း​အကြောင်းကို [“လူအများရှေ့၊” က​ဘ] ဝန်ခံ ၍၊ မတိမ်းယိမ်း​မရွေ့လျော့​ဘဲ တည်ကြည်​ကြ​ကုန်​အံ့။ အကြောင်း​မူ​ကား၊ ကတိ​ထား​တော်​မူ​သော​သူသည် သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​၏။ ထို​မှတစ်ပါး၊ မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း ကောင်းသော​အကျင့်ကို​ကျင့်​စေခြင်း​ငှာ​လည်းကောင်း၊ တိုက်တွန်း​နှိုးဆော်​ရသော​အခွင့်​ကို​ရှာ၍၊ အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု​ကြ​ကုန်​အံ့။ လူ​အချို့​တို့၏​ထုံးစံ​ရှိသည်​အတိုင်း အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ​ကြ​နှင့်။ အချင်းချင်း​တို့ကို တိုက်တွန်း​နှိုးဆော်​ကြလော့။ ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် သာ၍​ကြိုးစား​ကြလော့။”—ဟေဗြဲ ၁၀:၂၃-၂၅

၇၊ ၈။ ကျွန်ုပ်​တို့၏​အသင်းတော်​အတွင်း​၌​ရော အခြား​နိုင်ငံ​များ​ရှိ ခရစ်ယာန်​များ​ကို​ပါ ပေးကမ်း​ခြင်း​စိတ်ဓာတ် မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။

အသင်းတော်​အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့​ပါဝင်​ဖြေဆို​ကြ​ခြင်း၊ အစည်းအဝေး​အစီအစဉ်​၌ အခြား​နည်းများဖြင့် ပါဝင်​ကြ​ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ‘မျှော်လင့်ခြင်း​အကြောင်းကို ဝန်ခံ’ ကြသည်။ ထိုသို့​ပါဝင်​ဖြေဆို​မှုများ​သည် ညီအစ်ကို​များ​အတွက် အမှန်ပင်​အားပေးမှု​ဖြစ်သည်။ အစည်းအဝေး​မတိုင်မီ​နှင့် ပြီး​နောက်​တွင် ညီအစ်ကို​များနှင့် စကားစမြည်​ပြောဆိုခြင်း​ဖြင့်​လည်း အားပေးမှု​ဖြစ်သည်။ ထို​အချိန်​အခါ​၌ အားနည်း​သူကို ခွန်အား​ပေး​နိုင်၊ စိတ်ဓာတ်ကျ​သူကို စိတ်သက်သာရာ​ရ​စေနိုင်​ပြီး ဖျားနာ​သူကို နှစ်သိမ့်​ပေး​နိုင်​ပါ​သည်။ (၁ သက်သာလောနိတ် ၅:၁၄) စိတ်ရင်းမှန်​သော ခရစ်ယာန်​များသည် ထိုသို့​ရက်ရက်ရောရော ပေးကမ်း​ခြင်း​ကို​ပြု​တတ်ကြ​သည်၊ ယင်းကြောင့်​လည်း ကျွန်ုပ်​တို့၏ အစည်းအဝေး​များ​ကို ပထမ​ဆုံး​အကြိမ် တက်ရောက်​လာ​ကြ​သူများစွာ​သည် ကျွန်ုပ်​တို့​အကြား​ရှိ မေတ္တာကို​တွေ့​ပြီး အားကျ​စွဲမှတ်စရာ​ဖြစ်သွား​သည်။—ဆာလံ ၃၇:၂၁; ယောဟန် ၁၅:၁၂; ၁ ကောရိန္သု ၁၄:၂၅

သို့သော် ကျွန်ုပ်​တို့၏​အသင်းတော်ကို​သာ မေတ္တာ​ရှိသည်​မဟုတ်ပါ။ ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​တစ်ရပ်လုံး​ကို​ပါ ကျွန်ုပ်​တို့​ချစ်ခြင်း​မေတ္တာ​ရှိသည်။ ယင်းကြောင့်​လည်း ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တိုင်း​တွင် နိုင်ငံတော်​ခန်းမ​ရန်ပုံငွေ​အတွက် အလှူငွေ​သေတ္တာ​တစ်လုံး ထား​ရှိ​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​နိုင်ငံတော်​ခန်းမ​သည် ကောင်းမွန်သော​အခြေအနေ​၌ ရှိ​ကောင်း​ရှိနေ​ပေမည်၊ သို့သော် အခြား​နိုင်ငံ​များ​ရှိ ထောင်ပေါင်း​များစွာသော ခရစ်ယာန်​ရောင်းရင်း​များသည် အတူတကွ​တွေ့ဆုံ​စည်းဝေး​ဖို့ သင့်တော်​သည့်​နေရာ​မရှိကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။ ထို့​ကြောင့် နိုင်ငံတော်​ခန်းမ​ရန်ပုံငွေ​ထဲ ကျွန်ုပ်​တို့​အလှူငွေ​ထည့်​သည့်​အခါ ထို​သူတို့ကို ကိုယ်တိုင်​သိချင်​မှ​သိမည်​ဖြစ်သော်လည်း သူတို့ကို​မေတ္တာ​ရှိကြောင်း တင်ပြ​ရာ​ကျ​သည်။

၉။ အဘယ်​အခြေခံ​အကြောင်းရင်း​ကြောင့် ယေဟောဝါသက်သေ​များ အချင်းချင်းချစ်​ကြ​သနည်း။

ယေဟောဝါသက်သေ​များသည် တစ်ဦး​ကိုတစ်​ဦး အဘယ်ကြောင့်​ချစ်​ကြ​သနည်း။ တစ်ဦး​ကို​တစ်ဦး​ချစ်​ကြ​ရမည်ဟု ယေရှု​မိန့်မှာ​ခဲ့​သောကြောင့်​ဖြစ်သည်။ (ယောဟန် ၁၅:၁၇) အချင်းချင်း​အပေါ် သူတို့​ထား​ရှိသော​မေတ္တာသည် သူတို့​တစ်ဦးချင်း​စီ​နှင့် အုပ်စု​လိုက် ဘုရားသခင့်​ဝိညာဉ်​တော်​တန်ခိုး ခံစားရ​ကြောင်း သာဓက​နောက်တစ်ခု​ဖြစ်သည်။ ချစ်ခြင်း​မေတ္တာသည် ‘ဝိညာဉ်​အသီး’ တစ်လုံး​ဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ‘အများ​သော​သူတို့၏​ချစ်ခြင်း​မေတ္တာ ခေါင်းပါး’ နေသော​ဤ​လောကတွင် ယေဟောဝါသက်သေ​များ နေထိုင်ကြ​ရ​သော်လည်း သူတို့သည် သမ္မာကျမ်းစာ​ကို​လေ့လာ​ဖတ်ရှု​၍ ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ကြ​ပြီး ဘုရားသခင်​ထံ မခြားမလပ်​ဆုတောင်း​ကြသော​ကြောင့် ချစ်ခြင်း​မေတ္တာ​ပြဖို့ လွယ်ကူ​လာ​သည်။—မဿဲ ၂၄:၁၂

ဤ​လောက​နှင့်​ဆက်ဆံခြင်း

၁၀။ ဤ​လောက​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့ အဘယ်​တာဝန်​ရှိ​သနည်း။

၁၀ ‘မျှော်လင့်ခြင်း​အကြောင်းကို လူအများရှေ့​ဝန်ခံ​ပါ’ ဟု ပေါလု​မှာကြား​ခြင်း​က အခြား​တာဝန်​တစ်ခု​ကို ပြန်သတိရ​စေ​သည်။ လူအများရှေ့​ဝန်ခံခြင်း​ဟု​ဆို​ရာ​တွင် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို​များ မဖြစ်​ကြ​သေး​သူများ​အား သတင်းကောင်း​ဟောပြောခြင်းကို​ဆိုလို​သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ရောမ ၁၀:၉၊ ၁၀၊ ၁၃-၁၅) ဤသို့​ဟောပြောခြင်းသည် ပေးကမ်း​ခြင်း နောက်တစ်နည်း​ဖြစ်သည်။ ဤ​လုပ်ငန်း​၌​ပါဝင်​ရန် အချိန်၊ ခွန်အား၊ ပြင်ဆင်မှု၊ လေ့ကျင့်မှု​နှင့် ကိုယ်ပိုင်​အစွမ်းအစ​များ​ကို အသုံးပြု​ရ၏။ သို့​တိုင် ပေါလု​က “ဟေ​လ​သ​လူ​ဖြစ်စေ၊ လူရိုင်း​ဖြစ်စေ၊ ပညာရှိ​ဖြစ်စေ၊ ပညာ​မဲ့​ဖြစ်စေ၊ လူအမျိုးမျိုး​တို့၏​ကြွေး​သည် ငါ​၌​တင်​လျက်​ရှိ၏။ သို့​ဖြစ်​လျှင်၊ ငါ​တတ်နိုင်​သမျှ​အတိုင်း ရောမမြို့​သား​ဖြစ်သော​သင်တို့အား ဧဝံဂေလိတရား​ကို​ဟောခြင်း​ငှာ စေတနာ​စိတ်​ရှိ၏” ဟု​ရေးသား​ဖော်ပြ​ခဲ့​သည်။ (ရောမ ၁:၁၄၊ ၁၅) သို့​ဖြစ်၍ ပေါလု​ကဲ့သို့​ပင် ဤ​အ “ကြွေး” ကို ကျွန်ုပ်​တို့​ပေး​ဆပ်​ကြ​စဉ် မ​နှမြော​ကြ​စို့​နှင့်။

၁၁။ ဤ​လောက​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ဆိုင်ရာ ကျမ်းစာမူ​နှစ်ခု​ကား အဘယ်နည်း၊ သို့သော်လည်း အဘယ်အရာကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြ​သနည်း။

၁၁ ယုံကြည်သူချင်း မဟုတ်​သူတို့ကို ကျွန်ုပ်​တို့​ပြုလုပ်​ပေး​ရမည့် အခြား​တာဝန်​များ ရှိပါ​သေး​သလော။ အမှန်​ရှိပါ​သည်။ “လော [က] သား​အပေါင်းတို့သည် [စာတန်] ၏​လက်၌​ရှိ” ကြောင်း ကျွန်ုပ်​တို့​သိထားကြ​ပါ​သည်။ (၁ ယောဟန် ၅:၁၉) တပည့်​များနှင့်​စပ်လျဉ်း၍ ယေရှု​က “အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည် မဆက်ဆံ​ကြ​ပါ” ဟု​ပြောဆို​ခဲ့​ကြောင်းကို​လည်း ကျွန်ုပ်​တို့​သိ​ကြသည်။ သို့​ဖြစ်သည့်​တိုင် ဤ​လောကတွင် ကျွန်ုပ်​တို့​နေထိုင်ကြ​ရ၏၊ ဤ​လောကတွင် အသက်မွေးဝမ်းကျောင်း​ရှာနေ​ကြ​ပြီး ၎င်း​၏ အထောက်အပံ့​များ​ကို လက်ခံ​အသုံးပြု​နေကြ​ရသည်။ (ယောဟန် ၁၇:၁၁၊ ၁၅၊ ၁၆) ထို့​ကြောင့် ဤ​လောက​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ပြု​အပ်သော​တာဝန်​များ​ရှိ၏။ ယင်း​တို့​ကား အဘယ်နည်း။ ထို​မေးခွန်း​ကို တမန်​တော်​ပေတရု ဖြေဆိုခဲ့သည်။ ယေရုရှလင်​ဖျက်ဆီး​မခံရမီ​ကလေး​တွင် အာရှမိုင်းနား​ရှိ ခရစ်ယာန်​များ​ထံ သူ​စာ​တစ်စောင်​ရေးခဲ့​သည်၊ ထို​စာ​ထဲ​မှ စာပိုဒ်​တစ်​ပိုဒ်​က ဤ​လောက​နှင့် ဟန်ချက်ညီ​ညီ​နေတတ်​ဖို့ ကျွန်ုပ်​တို့ကို​အထောက်အကူ​ပြု​သည်။

၁၂။ ခရစ်ယာန်​များသည် အဘယ်​နည်းဖြင့် “ဧည့်သည်​အာဂန္တု” များ​ဖြစ်​ကြ​သနည်း၊ သို့​ဖြစ်​ကြသော​ကြောင့် အဘယ်အရာ​မှ သူတို့​ရှောင်သင့်​သနည်း။

၁၂ ပေတရု​က ဤသို့​အစပြု​ခဲ့​သည်– “ချစ်သူ​တို့၊ ဝိညာဉ် [“စိုးလ်၊” က​ဘ] နှင့်​စစ်ပြိုင်​တတ်သော ကိုယ်ကာယ​တပ်မက်​ခြင်း​တို့ကို ရှောင်​မည်​အကြောင်း၊ ဧည့်သည်​အာဂန္တု ကဲ့သို့​သော သင်တို့ကို ငါ​တောင်းပန်​၏။” (၁ ပေတရု ၂:၁၁) ခရစ်ယာန်စစ်​များသည် ဝိညာဉ်​ရေး​သဘော​အရ “ဧည့်သည်​အာဂန္တု” များ​ဖြစ်​ကြ​၏၊ အကြောင်း​မှာ သူတို့​အဓိက​အာရုံစိုက်​၍ မျှော်လင့်​ကြသည်​မှာ ဝိညာဉ်​တော်​ဖွား​များသည် ကောင်းကင်​တွင်၊ “အခြားသိုး” မူ​ကား လာ​လတ္တံ့​သော​မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်ရှင်​ရန်ဖြစ်​သည်။ (ယောဟန် ၁၀:၁၆; ဖိလိပ္ပိ ၃:၂၀၊ ၂၁; ဟေဗြဲ ၁၁:၁၃; ဗျာ. ၇:၉၊ ၁၄-၁၇) ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ဟု ခေါ်ဆို​ထား​ရာ​ကား အဘယ်နည်း။ ၎င်း​တို့​တွင် ချမ်းသာ​လို​စိတ်၊ ထင်ပေါ်​ကျော်ကြား​လို​စိတ်၊ အကျင့်​ယိုယွင်းသော လိင်ဆိုင်ရာ​တပ်မက်မှု​များ၊ “ငြူစူ​ခြင်း” နှင့် “လောဘ​လွန်ကျူးခြင်း” ဟု​ဖော်ပြ​ထား​သည့် တပ်မက်မှု​များ​ပါဝင်​သည်။—ကောလောသဲ ၃:၅; ၁ တိမောသေ ၆:၄၊ ၉; ၁ ယောဟန် ၂:၁၅၊ ၁၆

၁၃။ ကိုယ်ကာယ​တပ်မက်မှု​များသည် ‘ကျွန်ုပ်​တို့၏​စိုးလ်​နှင့်’ မည်သို့ ‘စစ်ပြိုင်’ သနည်း။

၁၃ ထိုသို့​သော​တပ်မက်မှု​များသည် ‘[ကျွန်ုပ်​တို့၏] စိုးလ်​နှင့်​စစ်ပြိုင်’ နေသည်​မှာ အမှန်ပင်​ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို တဖြည်းဖြည်း​တိုက်စား​တတ်​သဖြင့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​မျှော်လင့်ချက် (ကျွန်ုပ်​တို့၏ “စိုးလ်”၊ သို့​မဟုတ် အသက်) ကို​အန္တရာယ်​ရှိစေသည်။ ဥပမာ၊ အကျင့်​ယိုယွင်း​စေသည့်​အရာများ​ကို ကျွန်ုပ်​တို့​စိတ်ဝင်စား​ကြ​လျှင် “အသက်ရှင်ခြင်း​လက္ခဏာ၊ သန့်ရှင်းခြင်း​လက္ခဏာ၊ ဘုရားသခင်​နှစ်သက်​တော်​မူ​ဖွယ်​သော​လက္ခဏာ​နှင့် ပြည့်စုံသော​ယဇ်” အဖြစ် ကျွန်ုပ်​တို့​ကိုယ်ကို မည်သို့​ပေးဆက်​နိုင်​မည်​နည်း။ ရုပ်ပစ္စည်း​ပဓာန​ထား​သည့် ထောင်ချောက်​ထဲ ကျွန်ုပ်​တို့​ကျ​သွားခဲ့လျှင် “နိုင်ငံတော် . . . ကို” မည်သို့ “ရှေ့​ဦးစွာရှာ” ကြ​မည်​နည်း။ (ရောမ ၁၂:၁၊ ၂; မဿဲ ၆:၃၃; ၁ တိမောသေ ၆:၁၇-၁၉) အကောင်းဆုံး​လမ်းစဉ်​မှာ မောရှေ​နည်းတူ လောက​၏​စွဲမက်​ဖွယ်​ရာ​များ​ကို ကျောခိုင်း​ပြီး ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ကျွန်ုပ်​တို့​ဘဝတွင် ရှေးဦး​ထားခြင်း​ဖြစ်သည်။ (မဿဲ ၆:၁၉၊ ၂၀; ဟေဗြဲ ၁၁:၂၄-၂၆) ယင်းသည် ဤ​လောက​နှင့် ဟန်ချက်ညီ​ညီ​နေတတ်​ရန် အရေးပါသော​သော့ချက်​ဖြစ်သည်။

“တင့်တယ်​လျောက်ပတ်​စွာ​ကျင့်​နေ”

၁၄။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့ အမူအကျင့်ကောင်း​နေဖို့ အဘယ်ကြောင့် ကြိုးစား​ကြ​သနည်း။

၁၄ အရေးပါသော​လမ်းညွှန်ချက် နောက်တစ်ခု​ကို ပေတရု​၏​ဤ​စကား​များ​၌ တွေ့ရှိ​ရသည်– ‘လူမျိုးခြား​တို့သည် သင်တို့ကို​ကဲ့ရဲ့​ပြစ်တင်​ကြသည်​အမှုမှာ၊ ဘုရားသခင်​ကြည့်ရှု​စီရင်တော်မူ​သော​နေ့ရက်​၌၊ သင်တို့၏​ကောင်းသော​အကျင့်ကို သူတို့သည်​ထောက်ရှု၍ ဘုရားသခင်​ကို​ချီးမွမ်း​မည်​အကြောင်း၊ သူတို့ရှေ့​၌ တင့်တယ်​လျောက်ပတ်​စွာ​ကျင့်​နေကြ​လော့။’ (၁ ပေတရု ၂:၁၂သမ္မာ) ခရစ်ယာန်​များ​အနေ​နှင့် ပုံသက်သေ​ကောင်း​သူများ​ဖြစ်​ဖို့ ကျွန်ုပ်​တို့​ကြိုးစား​နေကြ​သည်။ ကျောင်းတွင် ကျွန်ုပ်​တို့​စာ​ကြိုးစား​ကြသည်။ အလုပ်ခွင်​တွင် ကျွန်ုပ်​တို့၏​အလုပ်ရှင်​သည် အကျိုးသင့်အကြောင်းသင့်​သဘော မရှိသည့်​တိုင် ကျွန်ုပ်​တို့​အလုပ်​ကြိုးစား​လုပ်ကိုင်ပြီး ရိုးသားမှု​တင်ပြ​ကြသည်။ ယုံကြည်ခြင်း​ကွဲပြား​သည့် အိမ်ထောင်တွင် ယုံကြည်သူ​လင်ယောက်ျား သို့​မဟုတ် ဇနီးသည်​သည် ခရစ်ယာန်မူ​များ​ကို အထူး​ကြိုးစား​လိုက်နာ​ကြသည်။ ထိုသို့​ပြုလုပ်​ရန် အစဉ်သဖြင့် မလွယ်ကူ​ချေ၊ သို့သော် ကျွန်ုပ်​တို့၏ ပုံသက်သေ​အမူအကျင့်ကို ယေဟောဝါ​နှစ်သက်​တော်​မူ​၍ သက်သေခံ​မဟုတ်​သူများ​အပေါ် ကောင်းကျိုး​သက်ရောက်​ကြောင်း ကျွန်ုပ်​တို့​သိ​ကြသည်။—၁ ပေတရု ၂:၁၈-၂၀; ၃:၁

၁၅။ ယေဟောဝါသက်သေ​များ​၏ မြင့်မားသော​ကိုယ်ကျင့်တရား​စံနှုန်း​ကို လူသိ​များ​ကြောင်း မည်သို့​သိရှိ​ရသနည်း။

၁၅ ယေဟောဝါသက်သေ​အများစု​သည် ပုံသက်သေ​ယူ​ထိုက်​သော စံ​များ​အတိုင်း အသက်ရှင်​နေထိုင်​နိုင်​ကြောင်း နှစ်များ​တစ်လျှောက် သူတို့နှင့်​ပတ်သက်​၍ ထုတ်ဖော်​ပြောဆို​ခဲ့​သည့်​စကား​များ​က ဖော်ပြ​သည်။ သာဓက​အနေ​နှင့် အီတလီ​သတင်းစာ အဲလ် တဲ​န်​ပို​က​ဤသို့​ဖော်ပြ​ခဲ့​သည်– “ယေဟောဝါသက်သေ​များနှင့် အတူ​တွဲဖက်​အလုပ်လုပ်​ကိုင်​သူများ​က သူတို့သည် ရိုးသား​သော​လုပ်သားများ​ဖြစ်သည်ဟု​ဆို​သည်၊ ခံယူ​ချက်​အလွန်​ပြင်းထန်​သူများ​ဖြစ်​ကြ​ရာ သူတို့ကို​အစွဲ​ကြီးသည်​ဟု ထင်​ရ​ပေမည်; သို့သော်လည်း သူတို့၏​ဖြောင့်မတ်​သော ကိုယ်ကျင့်တရား​ကြောင့် သူတို့ကို​လေးစားထိုက်​ပါ​သည်။” အာဂျင်တီးနား​နိုင်ငံ၊ ဗြူး​နို့​အေ​ရီ​စ်​မြို့​၏​သတင်းစာ ဟ​ယ်​ရ​ယ်လ်​က​ဤသို့​ဆို​ခဲ့​သည်– “ယေဟောဝါသက်သေ​များသည် နှစ်များ​တစ်လျှောက် အလုပ်​ကြိုးစား​သော၊ ဣန္ဒြေရှိ​သော၊ ခြိုးခြံ​ချွေတာ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သော နိုင်ငံသား​များ​ဖြစ်​ကြောင်း ထင်ရှား​ခဲ့ပြီ။” ရုရှား​ပညာရှင် စ​ယ်​ဂေ အီဗောန်ရန်းခ​က ဤသို့​ဆို​သည်– “ယေဟောဝါသက်သေ​များသည် အပြစ်တင်​ခွင့်​နှင့် ကင်းလွတ်​သည့်​အထိ ဥပဒေ​လိုက်နာသူ​များ​ဖြစ်​ကြ​ပြီး အထူးသဖြင့် အခွန်​ပေးခြင်း​နှင့်​ပတ်သက်​၍ စေ့စပ်​သေချာ​သည့် သဘောထား​ရှိ​သူများ​ဖြစ်​ကြောင်း ကမ္ဘာ​တစ်ဝန်း​တွင် လူသိ​များ​ကြသည်။” စည်းဝေးကြီး​အတွက် ယေဟောဝါသက်သေ​များ​အသုံးပြု​ခဲ့​သော ဇင်ဘာဘွေ​နိုင်ငံ​ရှိ အဆောက်အဦ​တစ်ခု​၏ မန်နေဂျာ​က ဤသို့​ပြော​ခဲ့​သည်– “သက်သေခံ​တချို့ စက္ကူ​စ​တွေ​ကောက်​တာ၊ အိမ်သာ​တွေ ဆေးကြော​ကြ​တာ ကျွန်မ​တွေ့​မိတယ်။ သူတို့​ပြန်​ပြီး​နောက် ပြပွဲရုံ​ဟာ အရင်ကထက် သန့်ရှင်း​ကျန်​ခဲ့တယ်။ ရှင်တို့​ရဲ့ ဆယ်ကျော်သက်​တွေ​လည်း ကိုယ်ကျင့်တရား​ကောင်း​ကြတယ်။ တစ်ကမ္ဘာ​လုံး​မှာ ယေဟောဝါသက်သေ​တွေ​နဲ့ ပြည့်နေ​စေ​ချင်​လိုက်တာ။”

ခရစ်ယာန် လက်အောက်ခံမှု

၁၆။ လောက​အာဏာပိုင်​များနှင့် ကျွန်ုပ်​တို့​မည်သို့​ဆက်စပ်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၆ လောက​အာဏာပိုင်​များနှင့်  ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အကြောင်းကိုလည်း ပေတရု​ပြောဆို​သေး​သည်။ သူ​ဤသို့​ဆို​၏– “သခင်​ဘုရား​၏​မျက်နှာတော်​ကို​ထောက်​လျက်၊ အထွတ်အမြတ်​တည်း​ဟူသော ရှင်ဘုရင်​ဖြစ်စေ၊ လူဆိုး​တို့ကို​ဒဏ်​စီရင်​စေခြင်း​ငှာ​လည်းကောင်း၊ လူကောင်း​တို့ကို ချီးမွမ်း​စေခြင်း​ငှာ​လည်းကောင်း ရှင်ဘုရင်​ခန့်​ထား​သမျှ​သော​မင်း​၏​အုပ်စိုးခြင်း​ကို ဝန်ခံ​ကြလော့။ အကြောင်း​မူ​ကား၊ သင်တို့သည် ကောင်းသော​အကျင့်ကို​ကျင့်​သော​အားဖြင့် လူ​မိုက် [“ဆင်ခြင်တုံ​တရား​ကင်းမဲ့​သူ၊” က​ဘ] တို့၏​မိုက်မဲ​သော [“အသိဉာဏ်​ကင်းမဲ့​သော၊” က​ဘ] စကား​ကို​ချေ​စေခြင်း​ငှာ၊ ဘုရားသခင်​သည် ထိုသို့​အလိုတော်​ရှိ၏။” (၁ ပေတရု ၂:၁၃-၁၅) စည်းစနစ်ကျ​သော အစိုးရ​တစ်ခု​ထံ​မှ ကျွန်ုပ်​တို့​ရရှိ​သည့် အကျိုးကျေးဇူးများ​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြ​၏၊ ထို့​ပြင် ပေတရု​၏​စကား​နှင့်​အညီ ထို​အစိုးရ​၏​ဥပဒေ​များ​ကို ကျွန်ုပ်​တို့​နာခံကြ​ပြီး အခွန်​များ​ဆောင်​ကြသည်။ ဘုရားသခင်​အခွင့်ပေး​အပ်​ထား​သဖြင့် အစိုးရ​များ​အနေ​နှင့် ဥပဒေ​ချိုးဖောက်​သူများကို ဒဏ်​စီရင်​နိုင်​ကြောင်း ကျွန်ုပ်​တို့​အသိအမှတ်ပြု​ကြသော်လည်း လောက​အာဏာပိုင်​ကို ကျွန်ုပ်​တို့​လက်အောက်ခံ​ကြ​သည့် အဓိက​အကြောင်းရင်း​မှာ “သခင်​ဘုရား​၏​မျက်နှာတော်​ကို​ထောက်” သောကြောင့်​ဖြစ်သည်။ ထိုသို့​ပြု​ရန် ဘုရားသခင်​အလိုတော်​ရှိ၏။ ထို့​အပြင် ကျွန်ုပ်​တို့​အပြစ်ပြု​သဖြင့် ဒဏ်​စီရင်ခံ​ရခြင်း​ကြောင့် ယေဟောဝါ​နာမတော်​ရှုတ်ချ​စ​ရာ မဖြစ်စေ​လို​ပါ။—ရောမ ၁၃:၁၊ ၄-၇; တိတု ၃:၁; ၁ ပေတရု ၃:၁၇

၁၇။ ကျွန်ုပ်​တို့ကို ‘ဆင်ခြင်တုံ​တရား​ကင်းမဲ့​သူ’ တို့​အတိုက်အခံပြု​သောအခါ အဘယ်အရာကို ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၇ ဝမ်းနည်းစရာမှာ အာဏာ​ရှိသော ‘ဆင်ခြင်တုံ​တရား​ကင်းမဲ့​သူ’ အချို့​သည် နာမည်​ဖျက်​သည့်​လုပ်ငန်း​စဉ်​များ ပြုလုပ်​ဆောင်ရွက်ခြင်း​အားဖြင့် ကျွန်ုပ်​တို့ကို နှိပ်စက်​ညှဉ်းပန်း၊ အတိုက်အခံပြု​ကြသည်။ ထိုသို့​ပြု​ကြသော်လည်း ယေဟောဝါ​သတ်မှတ်​ထားချိန်​တွင် သူတို့၏​လိမ်လည်မှု အမြဲ​ပေါ်​သွားပြီး သူတို့၏ ‘အသိဉာဏ်​ကင်းမဲ့​သော​စကား​များ’ တိတ်ဆိတ်​သွားလေသည်။ အတန်ကြာ​တင်ပြ​ခဲ့​သော ကျွန်ုပ်​တို့၏ ခရစ်ယာန်​အမူအကျင့်​ကိုယ်နှိုက်​က သက်သေထူ​ပါ​သည်။ ယင်းကြောင့် ဖြောင့်မှန်​သော​အစိုးရ​အရာရှိများ​သည် ကျွန်ုပ်​တို့ကို ကောင်းမှု​ပြုသူ​များ​ဟူ၍ မကြာခဏ​ချီးမွမ်း​ပြောဆို​ကြ​ခြင်း​ဖြစ်သည်။—ရောမ ၁၃:၃; တိတု ၂:၇၊ ၈

ဘုရားသခင်​၏​ကျွန်​များ

၁၈။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့၏​လွတ်လပ်မှုကို တလွဲ​မ​သုံး​မိ​ရန် မည်သို့​ရှောင်နိုင်​မည်​နည်း။

၁၈ ယခု ပေတရု​က “လူလွတ်​ဖြစ်သော်လည်း၊ လွတ်ခြင်း​အကြောင်း​ဖြင့် မကောင်းသော​အမှုတို့​ကို ဖုံးအုပ်​သော​သူ​ကဲ့သို့​မကျင့်၊ ဘုရားသခင်​၏​ကျွန်​ကဲ့သို့ ကျင့်​နေကြ​လော့” ဟု​သတိပေး​သည်။ (၁ ပေတရု ၂:၁၆; ဂလာတိ ၅:၁၃) ယနေ့ ကျမ်းစာ​အမှန်တရားကို ကျွန်ုပ်​တို့ သိ​နားလည်​ထားသော​ကြောင့် ဗာဗုလုန်​ဘာသာရေး သွန်သင်ချက်​များ​မှ လွတ်မြောက်ပြီ။ (ယောဟန် ၈:၃၂) ထို့​ပြင် ကျွန်ုပ်​တို့​၌ လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်​ရှိပြီး ကိုယ်​ကိုယ်တိုင်​ရွေးချယ်​ပြုလုပ်​နိုင်​ကြသည်။ သို့သော် ထို​လွတ်လပ်မှုကို ကျွန်ုပ်​တို့​အလွဲမသုံး​ကြ​ချေ။ ကျွန်ုပ်​တို့သည် အပေါင်းအသင်း​များ၊ ဝတ်စား​ဆင်ယင်​မှု၊ အပန်းဖြေမှု၊ အစားအသောက်​ကို​ပင် ရွေးချယ်ရာ​တွင် ခရစ်ယာန်စစ်​များသည် ကိုယ့်​အကြိုက် ပြုသူ​များ​မဟုတ်ဘဲ ဘုရားသခင့်​ကျွန်​များ​ဖြစ်​ကြောင်းကို သတိရ​ကြသည်။ ကိုယ်​ကိုယ်တိုင်​၏ ကာယ​တပ်မက်မှု​ကျွန်၊ လောကတွင် ခေတ်​စား​ရာ​များနှင့် ရေပန်းစား​ရာ​များ​၏​ကျွန်​များ​မဖြစ်လို​ဘဲ ယေဟောဝါ​၏​အမှုတော်ထမ်း​ဖို့ ကျွန်ုပ်​တို့​ရွေးချယ်​ကြသည်။—ဂလာတိ ၅:၂၄; ၂ တိမောသေ ၂:၂၂; တိတု ၂:၁၁၊ ၁၂

၁၉-၂၁။ (က) လောက​အာဏာပိုင်​များ​ကို ကျွန်ုပ်​တို့​မည်သို့​ရှုမြင်ကြ​သနည်း။ (ခ) လူ​အချို့​သည် ‘ညီအစ်ကို​များ အသင်းအပင်း​တစ်ခုလုံး​ကို​ချစ်’ ကြောင်း မည်သို့​တင်ပြ​ခဲ့​ကြပြီ​နည်း။ (ဂ) ကျွန်ုပ်​တို့၏​အရေး​အကြီးဆုံး​တာဝန်​ကား အဘယ်နည်း။

၁၉ ပေတရု​က ဤသို့​ဆက်​ပြော​သည်– “ခပ်သိမ်း​သော​သူတို့ကို​ရိုသေ​ကြလော့။ ညီအစ်ကို​များ [“အသင်းအပင်း​တစ်ခုလုံး၊” က​ဘ] ကို​ချစ်​ကြလော့။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း၊ ရှင်ဘုရင်​ကို​ရိုသေခြင်း​ရှိကြလော့။” (၁ ပေတရု ၂:၁၇) ယေဟောဝါ​ဘုရားသခင်​သည် လူသား​တို့ကို အခွင့်အာဏာ​အမျိုးမျိုး​ပေး​ထားသော​ကြောင့် ထို​သူတို့ကို ကျွန်ုပ်​တို့ သင့်လျော်​စွာ ရိုသေ​လေးစား​ကြ​ရမည်။ ဤသူတို့​အတွက် ကျွန်ုပ်​တို့​ဆု​ပင်​တောင်းပေး​ကြ​၏၊ သို့ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း၊ ဓမ္မ​အမှုကို အေးဆေး​ငြိမ်သက်​စွာ​လုပ်ဆောင်ခြင်း​အမှုကို ပြု​နိုင်​ကြ​မည်။ (၁ တိမောသေ ၂:၁-၄) သို့သော် တစ်ကြိမ်​တည်း​တွင် ကျွန်ုပ်​တို့သည် ‘ညီအစ်ကို​များ အသင်းအပင်း​တစ်ခုလုံး​ကို ချစ်​ကြ’ သည်။ ခရစ်ယာန်​ညီအစ်ကို​များ​ကို နစ်နာ​စေဖို့​မဟုတ်ဘဲ သူတို့​အကျိုးကို​ထောက်၍ ကျွန်ုပ်​တို့​အစဉ်​လုပ်ဆောင်ကြ​သည်။

၂၀ သာဓက​အနေ​နှင့် အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​တွင် လူမျိုးစု​အကြမ်းဖက်မှု​ဖြစ်ပွား​ခဲ့​သောအခါ ယေဟောဝါသက်သေ​များ​၏ ခရစ်ယာန်​အမူအကျင့် ထင်ရှား​ပေါ်လွင်​ခဲ့​သည်။ ဆွစ်ဇလန်​နိုင်ငံ​သတင်းစာ ရေ​ဖော​မ​တီ ဖရက်​စ္စ​က​ဤသို့​ဆို​သည်– “၁၉၉၅ ခုနှစ်​တွင် အာဖရိက​အခွင့်အရေး​အဖွဲ့ . . . က ယေဟောဝါသက်သေ​များ​မှ​လွဲ​၍ ချာ့ခ်ျ​အားလုံး​သည် [အငြင်းပွားမှု​တွင်] ပါဝင်​ခဲ့​ကြ​ကြောင်း သက်သေထူ​နိုင်​ခဲ့​သည်။” ထို​ဝမ်းနည်း​ကြေကွဲဖွယ် အဖြစ်အပျက်​များ​သတင်း ပြင်ပ​လောက​သို့ ပေါက်​ကြား​သွားသော​အခါ ဥရောပ​ရှိ ယေဟောဝါသက်သေ​များသည် ဘေးသင့်​သော​နယ်မြေ​ရှိ မိမိတို့၏​ညီအစ်ကို​များနှင့် အခြားသူများ​ထံ အစားအစာ​နှင့် ဆေးဝါး​များ ချက်ချင်း​ပို့ဆောင်​ပေး​ခဲ့​ကြသည်။ (ဂလာတိ ၆:၁၀) သူတို့သည် “ကျေးဇူး​ကို​ခံ​သင့်​သော​သူတို့အား ကျေးဇူးပြု​ရသော​အခွင့်​ရှိလျှင် မပြု​ဘဲ​မနေ​နှင့်” ဟူသော နယပုံပြင် ၃:၂၇ ပါ​စကား​များ​ကို လိုက်နာ​ခဲ့​ကြသည်။

၂၁ သို့သော် လောက​အာဏာပိုင်​တစ်ခုခု​ကို ကျွန်ုပ်​တို့​ရိုသေ​လေးစား​ရခြင်း၊ ညီအစ်ကို​များ​ကို​ချစ်​ရခြင်း တာဝန်​ထက်​ပင် သာ၍​အရေးပါသော​တာဝန်​တစ်ခု ကျွန်ုပ်​တို့​၌​ရှိပါ​သေး​သည်။ ယင်း​ကား အဘယ်နည်း။ ပေတရု​က “ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း . . . ရှိကြလော့” ဟု​ပြော​ခဲ့​သည်။ မည်သည့်​လူသား​တစ်ဦး​တစ်ယောက်​ထက်​ကို​မဆို ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​ကြွေးမြီ​တင်​နေကြ​သည်။ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ဘုရားသခင်​အတွက် ကျွန်ုပ်​တို့​ထမ်းဆောင်​ရမည့်​တာဝန်​နှင့် လောက​အာဏာပိုင်​များ​ကို ကျွန်ုပ်​တို့​ပေးဆက်​ရမည့်​အရာများ​ကို မည်သို့​ဟန်ချက်ညီ​စေနိုင်​မည်​နည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဖြေဆို​ပေး​ပါ​မည်။

သင်​မှတ်မိ​သလော

• ခရစ်ယာန်​များသည် မိသားစု​အတွင်း အဘယ်​တာဝန်​ဝတ္တရား​များ​ရှိကြ​သနည်း။

• အသင်းတော်​အတွင်း ပေးကမ်း​ခြင်း​စိတ်ဓာတ်​ကို ကျွန်ုပ်​တို့​မည်သို့​တင်ပြ​နိုင်​သနည်း။

• ဤ​လောက​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ပြု​အပ်သော အဘယ်​တာဝန်​ဝတ္တရား​များ​ရှိ​သနည်း။

• မြင့်မားသော​ကိုယ်ကျင့်တရား​စံနှုန်း​ကို ထိန်းသိမ်း​ထားခြင်း​မှ ကျွန်ုပ်​တို့ ရရှိသော အကျိုးကျေးဇူး​အချို့​ကား အဘယ်နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ခရစ်ယာန်​မိသားစု​သည် ကြီးမားသော​ရွှင်လန်းမှု​၏​ရင်းမြစ် မည်သို့​ဖြစ်​နိုင်​သနည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် တစ်ဦး​နှင့်​တစ်ဦး အဘယ်ကြောင့်​ချစ်​ကြ​သနည်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို ကိုယ်တိုင်​မသိကြ​သော်လည်း မေတ္တာပြ​နိုင်​ပါသလော