မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝန်ချတောင်းပန်ရန် အဘယ်ကြောင့် ဤမျှခက်ရသနည်း

ဝန်ချတောင်းပန်ရန် အဘယ်ကြောင့် ဤမျှခက်ရသနည်း

ဝန်ချ​တောင်းပန်​ရန် အဘယ်ကြောင့် ဤမျှ​ခက်ရ​သနည်း

မတော်တဆ​ထိခိုက်မှု​တစ်ခု​တွင် ထိခိုက်​ဒဏ်ရာ​ရသူ​ကို စာနာမှု​ပြ​မည်​ဆိုလျှင် ဒဏ်ရာ​ရစေ​သူအား တာဝန်​ကင်းလွတ်​စေသော ဥပဒေ​မူကြမ်း​တစ်ခု​ကို အမေရိကန်​ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား​ပြည်နယ်​၏ ဥပဒေပြု​အာဏာပိုင်​အဖွဲ့က ၂၀၀၀ ပြည့်နှစ် ဇူလိုင်​လ​၌ ပြဋ္ဌာန်း​ခဲ့​သည်။ ထို​ဥပဒေ​ကို အဘယ်ကြောင့်​ပြဋ္ဌာန်း​ခဲ့​ရသနည်း။ မတော်တဆ​ထိခိုက်မှု​တစ်ခု​ကြောင့် ဒဏ်ရာ​ရစေသော​အခါ သို့​မဟုတ် ထိခိုက်​ပျက်စီးမှု​ရှိသော​အခါ တရားရုံး​တွင် အပြစ်ရှိ​သည်​ဟု စီရင်ခံ​ရမည်ကို​စိုးရိမ်​သဖြင့် လူအများသည် ဝန်ချ​တောင်းပန်​ဖို့ တွန့်ဆုတ်​လေ့​ရှိကြ​ကြောင်း သတိပြုမိ​ခဲ့ပြီ။ အခြား​တစ်ဖက်​တွင်​မူ၊ မိမိတို့ကို ချက်ချင်း​ဝန်ချ​တောင်းပန်​သင့်​သည်​ဟု ယူမှတ်​သူတို့သည် စိတ်​အနှောင့်အယှက်​ဖြစ်​ကြ​ကာ မတော်တဆ​ထိခိုက်မှု အသေးအမွှား​လေး​မှ အငြင်းပွားမှု​ကြီး​ဖြစ်သွား​စေ​သည်။

သင့်​အမှား​မဟုတ်သော မတော်တဆ​ထိခိုက်မှု​တစ်ခု​အတွက် သင်​ဝန်ချ​တောင်းပန်​စ​ရာ​မလို​သည်​မှာ မှန်​ပါ​၏။ ထို့​အပြင် သင့်​အပြောအဆိုကို သတိပြု​လျှင် ပညာရှိရာ​ရောက်​သည့်​အချိန်​အခါ​များလည်း ရှိ​ပေ​သည်။ ရှေး​ဆိုရိုး​စကား​တစ်ခု​က ဤသို့​ဆို​၏– “စကား​များသောအားဖြင့် အပြစ်​ပါ​တတ်၏။ မိမိ​နှုတ်​ကို​ချုပ်တည်း​သော​သူ​မူ​ကား ပညာရှိ​၏။” (သု. ၁၀:၁၉; ၂၇:၁၂) သို့​တိုင် သင်သည် ယဉ်ကျေး​ပျူ​ငှာ​၍ ကူညီ​တတ်​သူ​တစ်ဦး​ဖြစ်​နိုင်​ပါ​သည်။

သို့သော် အမှုအခင်း​မဖြစ်​လျှင်​ပင် လူအများသည် ဝန်ချ​တောင်းပန်​ခြင်း​မပြု​ကြ​တော့​သည်ကို သင်​သဘောတူသည်မဟုတ်​လော။ အိမ်ရှင်မ​တစ်ဦး​က ‘ကျွန်မ​ရဲ့​အမျိုးသားဟာ ဘယ်တော့မှ၊ ဘာ​အတွက်​မှ မ​တောင်းပန်​တတ်​ဘူး’ ဟု​မြည်တမ်း​ပေမည်။ အလုပ်ခွင်​တွင် အလုပ်သမား​ခေါင်းဆောင်​တစ်ဦး​က ‘ကျွန်တော့်​လူတွေဟာ သူတို့ရဲ့​အမှား​ကို ဝန်မခံ​ကြဘူး၊ တောင်းပန်​ပါ​တယ်လို့ ပြော​ဖို့​တော့​ဝေး​ရော’ ဟု​ညည်းညူ​ပေမည်။ ကျောင်းတွင် ဆရာမ​တစ်ဦး​က ‘ခွင့်လွှတ်​ပါ လို့​ပြော​ဖို့ ကလေး​တွေ သွန်သင်​မခံရ​ကြဘူး’ ဟု​အစီရင်ခံ​ပေမည်။

အချို့​တို့သည် ငြင်းပယ်​ခံရ​မည်​စိုး​၍ တောင်းပန်​ရန် တွန့်ဆုတ်​နေခြင်း​ဖြစ်​ပေမည်။ စိမ်း​စိမ်းကား​ကား ဆက်ဆံခံရ​မည်​ကို စိတ်ပူ​ပြီး သူ၏​ခံစားချက်​ကို ဖွင့်​မပြောခြင်း​ဖြစ်​ပေမည်။ ထို့​အပြင် ထိခိုက်​နစ်နာ​သူသည် မှားယွင်း​သူကို လုံးလုံး​ရှောင်​နေ​သဖြင့် ပြန်လည်​သင့်မြတ်​ကျေအေး​ဖို့ အလွန်​အခက်တွေ့​နေခြင်း​ဖြစ်​မည်။

ဝန်ချ​တောင်းပန်​ဖို့ အချို့​တွန့်ဆုတ်​ရသည့်​အကြောင်းရင်း နောက်တစ်ခု​မှာ သူတစ်ပါး​၏​ခံစားချက်​ကို မ​စာနာ​တတ်​ခြင်း​ကြောင့်​ဖြစ်​နိုင်​သည်။ ထို​သူတို့က ‘တောင်းပန်​လိုက်တာနဲ့ ငါ​လုပ်မိတဲ့​အမှား​ကို ပြင်​လို့​ရမှာ​မှ​မဟုတ်တာ’ ဟု​အကြောင်းပြ​ပေမည်။ အချို့​ကျ​ပြန်​လျှင် ဖြစ်ပေါ်​လာနိုင်​သော​အကျိုးဆက်များ​ကို​တွေး​ပြီး ဝမ်းနည်း​ပါ​တယ်​ဟု မပြော​လို​ကြ​ချေ။ ဤသူတို့​က ‘ငါ့​ကြောင့်​ဖြစ်​လို့ လျော်ကြေး​တောင်း​နေ​မလား’ ဟု​တွေး​ကြ​မည်။ မည်သို့​ပင်​ဖြစ်စေ အမှား​တစ်ခု​ကို​ဝန်ခံဖို့ အကြီးမားဆုံး​အတားအဆီး​မှာ မာန​စိတ်​ပင်​ဖြစ်သည်။ “ကျွန်တော်​စိတ်မကောင်း​ပါ​ဘူး” ဟု​မပြော​ဆိုနိုင်​သော မာနကြီးလွန်း​သူ​တစ်ဦး​သည် အမှန်​အားဖြင့် ‘ငါ့​အမှား​ကို​ဝန်ခံ​ပြီး မျက်နှာ​အပျက်​မခံနိုင်​ဘူး၊ သိက္ခာ​ကျ​တယ်’ ဟု​ဆို​ရာ​ရောက်​သည်။

မည်သည့်​အကြောင်းကြောင့်​ဖြစ်စေ တောင်းပန်​စကားပြော​ဖို့ အခက်တွေ့​သူများစွာ​ရှိ၏။ သို့သော် ဝန်ချ​တောင်းပန်​ဖို့ အမှန်​လိုအပ်​ပါသလော။ ဝန်ချ​တောင်းပန်​ခြင်း​၏ အကျိုးကျေးဇူးများ​ကား အဘယ်နည်း။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“ခွင့်လွှတ်​ပါ​လို့​ပြော​ဖို့ ကလေး​တွေ သွန်သင်​မခံရ​ကြဘူး”

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“ကျွန်တော့်​လူတွေဟာ သူတို့ရဲ့​အမှား​ကို ဝန်မခံ​ကြဘူး”

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“ကျွန်မ​ရဲ့​အမျိုးသားဟာ ဘယ်တော့မှ မ​တောင်းပန်​တတ်​ဘူး”