မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များ တစ်ဦးကိုတစ်ဦး လိုအပ်

ခရစ်ယာန်များ တစ်ဦးကိုတစ်ဦး လိုအပ်

ခရစ်ယာန်​များ တစ်ဦး​ကိုတစ်​ဦး လိုအပ်

“ငါ​တို့သည် အချင်းချင်း​အင်္ဂါ​ချင်း​ဖြစ်​ကြ​၏။”—ဧဖက် ၄:၂၅

၁။ လူ့​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်​၍ စွယ်စုံ​ကျမ်း​တစ်ကျမ်း​က မည်သို့​ဆို​သနည်း။

လူ့​ကိုယ်ခန္ဓာ​သည် အံ့ဖွယ်ကောင်း​သော ဖန်ဆင်း​ခြင်း​လက်ရာ​တစ်ခု​ဖြစ်၏! ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က ဤသို့​ဆို​သည်– “လူတို့သည် တစ်ခါတစ်ရံ လူ့​ကိုယ်ခန္ဓာ​ကို ဆောက်​ခဲ့​သမျှ​စက်​တို့​တွင် အထူး​ဆန်း​ဆုံး​စက်​ဟု ခေါ်ဆို​ကြသည်။ လူ့​ကိုယ်ခန္ဓာ​သည် စက်​တစ်လုံး​တော့​မဟုတ်​ချေ။ သို့ရာတွင် ယင်းကို စက်​နှင့် နည်း​အမျိုးမျိုးဖြင့် နှိုင်းယှဉ်​နိုင်​သည်။ ကိုယ်ခန္ဓာ​သည် စက်​တစ်လုံး​ကဲ့သို့​ပင် အစိတ်အပိုင်း​များစွာ​ဖြင့် ဖွဲ့စည်းထား​၏။ ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခုစီ​သည် စက်​တစ်လုံး​၏​အစိတ်အပိုင်း​တစ်ခုစီ​ကဲ့သို့ အထူး​လုပ်ဆောင်ချက်များ​ရှိကြသည်။ သို့သော် အစိတ်အပိုင်း​အားလုံး​သည် အတူတကွ​လုပ်ဆောင်ကြ​ရာ ခန္ဓာကိုယ် သို့​မဟုတ် စက်​ကို ပြေပြစ်​ချောမွတ်​စွာ လည်ပတ်​စေနိုင်​၏။”

၂။ လူ့​ကိုယ်ခန္ဓာ​နှင့် ခရစ်ယာန်​အသင်းတော်သည် မည်သည့်​နည်းဖြင့် ဆင်တူ​သနည်း။

မှန်​ပါ​၏၊ လူ့​ကိုယ်ခန္ဓာ​တွင် အစိတ်အပိုင်း​များစွာ​ရှိပြီး အပိုင်း​တစ်ခုစီ​သည် လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေး​၏။ သွေး​ပြန်​ကြော၊ ကြွက်သား သို့​မဟုတ် တခြား​ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​မျှ အကြောင်းမဲ့​မတည်ရှိ​နေပါ။ ထို​နည်းတူ၊ ခရစ်ယာန်​အသင်းတော်​သား​တစ်ဦးစီ​သည် အသင်းတော်​၏​ဝိညာဉ်​ရေးရာ ကျန်းမာ​မှု​နှင့် အလှ​ကို​တိုး​စေနိုင်​ကြသည်။ (၁ ကောရိန္သု ၁၂:၁၄-၂၆) အသင်းတော်​သား​တစ်ဦး​သည် အခြားသူ​တစ်ဦး​ထက် မိမိ​သာ၍​ကောင်းမြတ်​သည်​ဟု မယူဆ​သင့်​သော်လည်း မိမိကိုယ်ကို အရေးမပါ​ဟူ၍လည်း မထင်မှတ်​သင့်​ပေ။—ရောမ ၁၂:၃

၃။ ခရစ်ယာန်​များ တစ်ဦး​ကိုတစ်​ဦး လိုအပ်ကြောင်း ဧဖက် ၄:၂၅ က​မည်သို့​ဖော်ပြ​သနည်း။

လူ့​ကိုယ်​အင်္ဂါ​ချင်း​တို့သည် တစ်ခု​နှင့်​တစ်ခု အမှီသဟဲ​ပြု​နေ​သကဲ့သို့ ခရစ်ယာန်​များသည် တစ်ဦး​ကိုတစ်​ဦး လိုအပ်​သည်။ တမန်​တော်​ပေါလု​သည် ဝိညာဉ်​တော်​ဖွား ယုံကြည်သူချင်း​များ​ကို ဤသို့​ပြောဆို​ခဲ့​၏– “မုသာ​စကား​ကို​ပယ်ရှင်း​၍ မှန်သော​စကား​ကို​သာ အချင်းချင်း​တစ်ယောက်​နှင့်​တစ်ယောက် ပြော​ကြလော့။ အကြောင်း​မူ​ကား၊ ငါ​တို့သည် အချင်းချင်း​အင်္ဂါ​ချင်း​ဖြစ်​ကြ​၏။” (ဧဖက် ၄:၂၅) “ခရစ်တော်​၏​ကိုယ်” ဖြစ်သည့် ဝိညာဉ်​ရေး​ဣသရေလ​အဖွဲ့ဝင်​တို့သည် “အင်္ဂါ​ချင်း” ဖြစ်​ကြသော​ကြောင့် သူတို့​အချင်းချင်း ဖြောင့်မှန်​စွာ ဆက်သွယ်​၍ အပြည့်အဝ​ပူးပေါင်း​ဆောင်ရွက်​ကြ​၏။ မှန်ပါသည်၊ သူတို့​တစ်ဦးချင်း​စီ​သည် တခြားသူ​အားလုံး​နှင့် သက်ဆိုင်​၏။ (ဧဖက် ၄:၁၁-၁၃) သူတို့နှင့်​အတူ ပျော်ရွှင်စွာ စည်းလုံး​နေကြ​သူများ​မှာ မြေကြီး​မျှော်လင့်ချက်​ရှိသော မှန်ရာကို​ပြောဆို​၍ ပူးပေါင်း​ဆောင်ရွက်​ကြ​သူ ခရစ်ယာန်​များ​ဖြစ်၏။

၄။ လူသစ်များ​ကို အဘယ်​နည်းများဖြင့် ကူညီပေး​နိုင်​သနည်း။

နှစ်စဉ်​နှစ်​တိုင်း မြေကြီး​ပရဒိသု​တွင် နေထိုင်ရန် မျှော်လင့်​ကြ​သူများ​သည် ထောင်နှင့်ချီ​၍ နှစ်ခြင်း​ခံ​လျက်​ရှိကြသည်။ အသင်းတော်​မှ တခြား​အသင်းသားများ​က​လည်း ဤသူတို့ ‘ရင့်ကျက်ခြင်း​အဖြစ်သို့’ ရောက်ရှိ​စေရန် ဝမ်းသာ​အားရ ကူညီပေး​ကြ​၏။ (ဟေဗြဲ ၆:၁-၃) ဤသို့​ကူညီ​ပေးခြင်း​တွင် ကျမ်းစာ​မေးခွန်းများကို ဖြေဆို​ပေးခြင်း၊ ခရစ်ယာန်​ဓမ္မ​အမှု​တွင် လက်တွေ့ကျကျ ကူညီ​ပေးခြင်း​တို့​ပါဝင်​နိုင်​သည်။ ခရစ်ယာန်​အစည်းအဝေး​များ​တွင် မှန်မှန်​ပါဝင်​ကာ ပုံသက်သေ​ကောင်း​ပြ​ခြင်း​ဖြင့် လူသစ်များ​ကို ကျွန်ုပ်​တို့ ကူညီပေး​နိုင်​ပါ​သည်။ ဆင်းရဲ​ခက်ခဲ​ချိန်​များ​တွင် သူတို့ကို အားပေးနိုင်​၏၊ နှစ်သိမ့်​ပေး​နိုင်၏။ (၁ သက်သာလောနိတ် ၅:၁၄၊ ၁၅) “[အမှန်]တရား​တွင် ကျင်လည်” ရန် ကူညီပေး​နိုင်​သည့်​နည်းလမ်းများ​ကို ရှာယူ​သင့်​သည်။ (၃ ယောဟန် ၄) ကျွန်ုပ်​တို့သည် အမှန်တရား​လမ်းပေါ်တွင် လျှောက်လှမ်း​ခါ​စ​ရှိသေး​သည်​ဖြစ်စေ၊ နှစ်ပေါင်း​များစွာ လျှောက်လှမ်း​ခဲ့​ပြီး​သည်​ဖြစ်စေ၊ လူငယ်​လူကြီး​မ​ဟူ ယုံကြည်သူချင်း​များ​၏ ဝိညာဉ်​ရေး​ကောင်းကျိုး​ကို တိုးပွား​စေနိုင်​သည်၊ ဤ​ယုံကြည်သူချင်း​များသည် ကျွန်ုပ်​တို့၏​အကူအညီ လိုအပ်​လျက်​ရှိသည်။

လိုအပ်သော​အကူအညီ သူတို့​ပေး​ခဲ့

၅ အာကုလ​နှင့် ပြစ်ကိလ​တို့သည် ပေါလု​ကို မည်သို့​ကူညီပေး​ခဲ့​ကြ​သနည်း။

ယုံကြည်သူချင်း​များ​ကို ကူညီပေး​ရာ​၌ အားရ​ကျေနပ်မှု​ရရှိ​သူများ​တွင် ခရစ်ယာန်​မောင်နှံစုံ​များ ပါဝင်​သည်။ သာဓက​အနေ​နှင့်၊ အာကုလ​နှင့် သူ၏​ဇနီး ပြစ်ကိလ​တို့သည် ပေါလု​ကို ကူညီပေး​ခဲ့​ကြသည်။ သူတို့​အိမ်​တွင် ပေါလု​ကို ကြိုဆို​လက်ခံ​၍ အတူတကွ တဲရှင်​များ​ချုပ်​ခဲ့​ကြ​ပြီး ကောရိန္သု​မြို့တွင် အသင်းတော်သစ် တည်ထောင်​ရန် ဝိုင်းဝန်း​ကူညီပေး​ခဲ့​ကြသည်။ (တမန်​တော် ၁၈:၁-၄) မဖော်​ပြ​ထားသော​နည်း​တစ်နည်း​ဖြင့် ပေါလု​အတွက် သူတို့​အသက်ကို​ပင် စွန့်စား​ခဲ့​ဖူး​သည်။ ရောမမြို့​တွင် သူတို့​နေထိုင်​စဉ် ထို​တွင်​ရှိ​ခရစ်ယာန်​များ​ကို ပေါလု​ဤသို့​ပြော​ခဲ့​သည်– “ငါ​နှင့်အတူ ယေရှု​ခရစ်​၏​အမှုတော်ကို ဆောင်ရွက်​သော​သူ ပြစ်ကိလ​နှင့်​အာကုလ​ကို နှုတ်ဆက်​ကြလော့။ ထို​သူတို့သည် ငါ့​အသက်​အဖို့ မိမိတို့​လည်ပင်း​ကို ချထား​သော​သူ​ဖြစ်​ကြ​၏။ သူတို့​ကျေးဇူးရှိ​သည်​ဟု ငါ​တစ်ယောက်တည်း​သာ ဝန်ခံ​သည်မဟုတ်။ တစ်ပါး​အမျိုးသား​အသင်းတော်​အပေါင်းတို့သည် ဝန်ခံ​ကြ​၏။” (ရောမ ၁၆:၃၊ ၄) အာကုလ​နှင့် ပြစ်ကိလ​တို့​ကဲ့သို့​ပင် မျက်မှောက်ခေတ် ခရစ်ယာန်​အချို့​သည် အသင်းတော်များ​ကို တည်ဆောက်​အားပေး​၍ ဝတ်ပြုသူချင်း​များ​ကို နည်း​အမျိုးမျိုးဖြင့် ကူညီပေး​ကြ​ကာ တစ်ခါတစ်ရံ ဘုရားသခင်​၏​တခြား​ကျေးကျွန်​များသည် ညှဉ်းပန်း​သူများ​၏ နှိပ်စက်မှု​ကို မခံရ​စေရန် သို့​မဟုတ် သေ​ဘေး​မှ လွတ်မြောက်​စေရန် မိမိတို့၏​အသက်​ကိုယ်နှိုက်​ကို စွန့်စား​ခဲ့​ကြ​သည့်​အထိ​ပင်။

၆။ အာပေါလု​သည် အဘယ်​အကူအညီ ရရှိခဲ့​သနည်း။

အာကုလ​နှင့် ပြစ်ကိလ​တို့သည် ဧဖက်​မြို့သား​များ​ကို ယေရှု​ခရစ်​အကြောင်း သွန်သင်ပေး​သည့် နှုတ်​သတ္တိ​နှင့်​ပြည့်စုံသော ခရစ်ယာန်​ဖြစ်သူ အာပေါလုကို​လည်း ကူညီပေး​ခဲ့​သည်။ ထို​အချိန်​က အာပေါလု​သည် ပညတ်ပဋိညာဉ်​ချိုးဖောက်​ခြင်း အပြစ်​များ​အတွက် နောင်တ​ရခြင်း အထိမ်းအမှတ်​အဖြစ် ယောဟန်​ပေး​ခဲ့​သော နှစ်ခြင်း​အကြောင်းကို​သာ သိရှိ​ခဲ့​သည်။ အာပေါလု​သည် အကူအညီ​လိုအပ်​နေကြောင်း အာကုလ​နှင့် ပြစ်ကိလ​တို့ ပိုင်းခြား​သိမြင်​ကြသောအခါ သူ့​အား “ဘုရားသခင်​၏​ဘာသာ​တရားကို သာ၍​သေချာ​စွာ သင်ကြား​ကြ​၏။” ခရစ်ယာန်​နှစ်ခြင်း​တွင် ရေ​၌​စုံးစုံးနှစ်မြှုပ်​ခြင်း​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ခံရ​ခြင်း​တို့ ပါဝင်​ကြောင်း သူတို့​ရှင်းပြ​ခဲ့​ပေမည်။ အာပေါလု​သည် သင်ယူခဲ့ရာ​ကို ကျင့်သုံး​ခဲ့​သည်။ များ​မကြာမီ သူသည် အခါယပြည်​တွင် “ကျေးဇူးတော်​အားဖြင့် ယုံကြည်​သော​သူတို့ကို အလွန်​ထောက်မ​လေ​၏။ ယေရှုသည် ခရစ်တော်​ဖြစ်​တော်​မူ​ကြောင်းကို ကျမ်းစာ​အားဖြင့် ထင်ရှား​စွာ​ပြ​၍ လူအပေါင်း​တို့​ရှေ့မှာ ယုဒ​လူတို့၏​စကား​ကို အားကြီး​စွာ ပယ်ဖျက်​လေ​၏။” (တမန်​တော် ၁၈:၂၄-၂၈) တစ်ခါတစ်ရံ ဝတ်ပြုသူချင်း​များ​၏​စကား​များသည် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ တိုး​သိ​နားလည်စေ​ရန် ကူညီပေး​နိုင်​သည်။ ဤ​ကိစ္စရပ်​တွင်​လည်း တစ်ဦး​ကိုတစ်​ဦး ကျွန်ုပ်​တို့​လိုအပ်​ကြသည်။

ရုပ်ပစ္စည်း ကူညီ​ပေးခြင်း

၇။ ခရစ်ယာန်​ချင်း​များ ရုပ်ပစ္စည်း​လိုအပ်သော​အခါ ဖိလိပ္ပိ​မြို့သား​များသည် မည်သို့​ပြုမူ​ခဲ့​ကြ​သနည်း။

ဖိလိပ္ပိ​မြို့ရှိ ခရစ်ယာန်​အသင်းတော်​သားများ​သည် ပေါလု​ကို အလွန်​ချစ်ခင်​ကြ​ပြီး သက်သာလောနိတ်​မြို့တွင် ပေါလု​နေထိုင်​စဉ် လိုအပ်​သည့် ရုပ်ပစ္စည်း​များ ကူညီပေး​ခဲ့​ကြသည်။ (ဖိလိပ္ပိ ၄:၁၅၊ ၁၆) ယေရုရှလင်​မြို့ရှိ ညီအစ်ကို​များသည် ရုပ်ပစ္စည်း​လိုအပ်သော​အခါ ဖိလိပ္ပိ​မြို့သား​များသည် သူတို့​တတ်နိုင်​သည်ထက်​ပင် လှူဒါန်းခဲ့​ကြသည်။ ဖိလိပ္ပိ​မြို့ရှိ ညီအစ်ကို၊ ညီအစ်မ​များ​၏ မွန်မြတ်သော​စိတ်ထား​ကို ပေါလု အလွန်​ကျေးဇူး​တင်​လေးမြတ်​သဖြင့် တခြား​ယုံကြည်သူများ​အတွက် ပုံသက်သေ​အဖြစ် သူတို့​အပြုအမူကို တင်ပြ​ပြောဆို​ခဲ့​သည်။—၂ ကောရိန္သု ၈:၁-၆

၈။ ဧပဖြောဒိတ်​သည် မည်သို့သော​စိတ်ထား တင်ပြ​ခဲ့​သနည်း။

ပေါလု အကျဉ်း​ချ​ခံရ​စဉ် ဖိလိပ္ပိ​မြို့သား​များသည် သူ့​ထံ လက်ဆောင်​ပစ္စည်း​များ ပို့ပေး​ခဲ့​သည့်​အပြင် သူတို့၏​တမန် ဧပဖြောဒိတ်​ကို​ပါ စေလွှတ်​ပေး​ခဲ့​သည်။ “သင်တို့သည် ငါ့ကို​ပြုစု​၍ မပြည့်စုံ​သေး​သော​ဝတ်​ကို သူ [ဧပဖြောဒိတ်] သည် ပြည့်စုံစေခြင်း​ငှာ ကိုယ်​အသက်ကို စွန့်​စား၍ ခရစ်တော်​၏​အမှု​ကြောင့် သေခြင်း​သို့ ရောက်လု​နီးပြီ” ဟု​ပေါလု​ပြော​ခဲ့​သည်။ (ဖိလိပ္ပိ ၂:၂၅-၃၀; ၄:၁၈) ဧပဖြောဒိတ်​သည် အကြီးအကဲ​လော၊ ဓမ္မ​အမှုထမ်း​လော​ဟူသည်​ကို ကျွန်ုပ်​တို့​မသိ​ရ​ချေ။ မည်သို့​ပင်​ဖြစ်ပါစေ၊ သူသည် ကိုယ်ကျိုး​စွန့်​ကူညီပေး​သော ခရစ်ယာန်​တစ်ဦး​ဖြစ်​ပြီး သူ၏​အကူအညီကို ပေါလု အမှန်ပင်​လိုအပ်​ခဲ့​၏။ သင်၏​အသင်းတော်တွင်  ဧပဖြောဒိတ်​ကဲ့သို့​သော​သူ​တစ်ဦး​ရှိပါ​သလော။

သူတို့သည် “စိတ်​ကို​သက်သာ​စေ” သူများ​ဖြစ်​ခဲ့

၉။ အာရိတ္တာခု​သည် ကျွန်ုပ်​တို့အတွက် အဘယ်​ပုံသက်သေ​ပြ​ခဲ့​သနည်း။

အာကုလ၊ ပြစ်ကိလ​နှင့် ဧပဖြောဒိတ်​တို့​ကဲ့သို့​သော မေတ္တာ​ရှိ​ညီအစ်ကို၊ ညီအစ်မ​များသည် မည်သည့်​အသင်းတော်တွင်​မဆို အလွန်​တန်ဖိုး​ထား​ခံရ​သူများ​ဖြစ်​ကြ​၏။ ကျွန်ုပ်​တို့၏​ဝတ်ပြုသူချင်း​အချို့​သည် ပထမ​ရာစု​မှ ခရစ်ယာန်​အာရိတ္တာခု​နှင့် တူ​ပေမည်။ သူနှင့် တခြားသူ​များသည် အဓိကကျ​သော ကိစ္စရပ်​များ​တွင် နှစ်သိမ့်​ပေးခြင်း၊ ကူညီ​ပေးခြင်း​အားဖြင့် “စိတ်​ကို​သက်သာ​စေ” ခဲ့​ကြသည်။ (ကောလောသဲ ၄:၁၀၊ ၁၁) အာရိတ္တာခု​သည် အကူအညီ​လိုအပ်ချိန်​များ​တွင် ပေါလု​ကို ကူညီ​ပေးခြင်း​အားဖြင့် မိတ်ဆွေစစ်​တစ်ဦး​ဖြစ်​ကြောင်း သက်သေပြ​ခဲ့​သည်။ သူသည် နယပုံပြင် ၁၇:၁၇ တွင်​ဖော်ပြ​ထားသော ဤသို့​သော​လူစားမျိုး​ဖြစ်သည်– “အဆွေ​ခင်ပွန်း​သည် အခါ​ခပ်သိမ်း​ချစ်တတ်​၏။ ညီအစ်ကို​သည် [ဆင်းရဲ]ကာလ​အဖို့ မွေးဖွား​လျက်​ရှိ၏။” ကျွန်ုပ်​တို့အားလုံး​သည် ခရစ်ယာန်​ချင်း​များ​၏ “စိတ်​ကို​သက်သာ​စေ” သူများ​ဖြစ်​သင့်​သည်မဟုတ်​ပေ​လော။ အထူးသဖြင့် ဆင်းရဲ​ခက်ခဲ​သူများကို ကူညီပေး​သင့်​၏။

၁၀။ ပေတရု​သည် ခရစ်ယာန်​အကြီးအကဲ​များ​အတွက် မည်သည့်​ပုံသက်သေ​ပြ​ခဲ့​သနည်း။

၁၀ အထူးသဖြင့် ခရစ်ယာန်​အကြီးအကဲ​များသည် သူတို့၏​ဝိညာဉ်​ရေး ညီအစ်ကို၊ ညီအစ်မ​များ​၏ စိတ်​ကို​သက်သာ​စေ​သူများ ဖြစ်​ကြ​ရမည်။ ခရစ်တော်​က “သင်၏​ညီအစ်ကို​တို့ကို တည်ကြည်​စေ​လော့” ဟု​တမန်​တော်​ပေတရု​ကို မိန့်ဆိုခဲ့သည်။ (လုကာ ၂၂:၃၂) အထူးသဖြင့် ယေရှု ရှင်ပြန်ထမြောက်​ပြီး​နောက်​တွင် ပေတရု​သည် ကျောက်ဆောင်​ကဲ့သို့​သော မယိမ်းမယိုင်​ခိုင်ခံ့​တည်ကြည်​သည့် အရည်အသွေးများ​ကို တင်ပြ​ခဲ့​၍ ထိုသို့​ပြုလုပ်​နိုင်​ခဲ့​သည်။ အကြီးအကဲ​တို့ သင်တို့၏​ယုံကြည်သူချင်း​များသည် သင့်ကို လိုအပ်သော​ကြောင့် အလားတူ​ပင် စိတ်လို​ကိုယ်​လျောက် ကြင်နာ​စွာ ကြိုး​စား၍ ကူညီပေး​ပါ​လေ။—တမန်​တော် ၂၀:၂၈-၃၀; ၁ ပေတရု ၅:၂၊ ၃

၁၁။ တိမောသေ​၏​စိတ်ထား​ကို ဆင်ခြင်​သုံးသပ်ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​အကျိုး​ရရှိနိုင်​သနည်း။

၁၁ ပေါလု​၏​ခရီး​သွား​ဖော် တိမောသေ​သည် တခြား​ခရစ်ယာန်​များ​အတွက် အလွန်​စိုးရိမ်​ပူပန်​တတ်သော အကြီးအကဲ​တစ်ဦး​ဖြစ်သည်။ တိမောသေ​သည် တစ်စုံတစ်ရာ​သော ကျန်းမာ​ရေး​ပြဿနာ​ရှိသော်လည်း ခိုင်ခံ့​မြဲမြံ​သော​ယုံကြည်ခြင်း တင်ပြ​ပြီး ‘ပေါလု​နှင့်အတူ ဧဝံဂေလိတရား​အမှုကို အမှန်​ဆောင်ရွက်​ခဲ့​သည်။’ ထို့​ကြောင့် တမန်​တော်​သည် ဖိလိပ္ပိ​မြို့သား​များ​ကို ဤသို့​ပြောဆို​နိုင်၏– “ထို​သူသည် သင်တို့​အကျိုးကို ကြည့်ရှု​ချင်​သော စေတနာ​စိတ်​ရှိသကဲ့သို့ စိတ်သဘော​တူသော​သူ​တစ်ယောက်မျှ ငါ​တို့​၌​မရှိ။” (ဖိလိပ္ပိ ၂:၂၀၊ ၂၂; ၁ တိမောသေ ၅:၂၃; ၂ တိမောသေ ၁:၅) ကျွန်ုပ်​တို့သည် တိမောသေ​၏​စိတ်ထား​မျိုး တင်ပြခြင်း​ဖြင့် ယေဟောဝါ​အား​ဝတ်ပြုသူချင်း​များ​ကို အကျိုးပြု​နိုင်၏။ ကျွန်ုပ်​တို့၏​လူ့​အားနည်းချက်များ​နှင့် စုံစမ်းခြင်း​အမျိုးမျိုးကို ကျွန်ုပ်​တို့​တွန်းလှန်​ရမည်​မှန်​သော်လည်း ခိုင်ခံ့​သော​ယုံကြည်ခြင်းကို​တင်ပြ​ပြီး ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​များ​အတွက် မေတ္တာပါ​စွာ စိုးရိမ်​ပူပန်​ပေး​သင့်​၏။ ကျွန်ုပ်​တို့ကို သူတို့​လိုအပ်ကြောင်း အမြဲ​သတိရ​သင့်​သည်။

အခြား​သူများကို ဂရုစိုက်​ခဲ့​သည့် အမျိုးသမီးများ

၁၂။ ဒေါ်ကာ​၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

၁၂ အခြား​သူများကို ဂရုစိုက်​ခဲ့​သည့် ဘုရားသခင်​ရေးရာ အမျိုးသမီးများ​တွင် ဒေါ်ကာ​သည် တစ်ဦး​ပါဝင်​၏။ ဒေါ်ကာ ကွယ်လွန်​သွားသော​အခါ တပည့်​များသည် ပေတရု​ကို ဆင့်ခေါ်​၍ အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြသည်။ ထို​တွင် “မုဆိုးမများ​တို့သည် ငိုကြွေးလျက်၊ သူတို့နှင့်​အတူ ဒေါ်ကာ​ရှိ​စဉ်​အခါ​လုပ်ခဲ့​သော အင်္ကျီ​နှင့်​အဝတ်​များ​ကို ပြ​လျက်​ရှိကြ​၏။” ဒေါ်ကာ​သည် အသက်ပြန်ရှင်​လာ​သည့်​အခါ “ကောင်းသော​အကျင့်၊ စွန့်ကြဲ​ခြင်း​အကျင့်” တို့ကို ဆက်​ပြုကျင့်​မည်​မှာ သေချာ​သည်။ မျက်မှောက်ခေတ် ခရစ်ယာန်​အသင်းတော်တွင်​လည်း ဒေါ်ကာ​ကဲ့သို့ ဆင်းရဲသော​သူများ​အတွက် အဝတ်အစား​များ​ချုပ်​ပေး​ပြီး တခြား​မေတ္တာပါ​လုပ်ရပ်များ ပြုလုပ်​ပေး​သော အမျိုးသမီးများ​ရှိကြ​မည်။ မှန်ပါသည်၊ သူတို့၏​ကောင်းသော အလုပ်များ​သည် အထူးသဖြင့် ဘုရားသခင့်​နိုင်ငံတော် အကျိုး​စီးပွား တိုးပွားခြင်း၊ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ပါဝင်ခြင်း​တို့​နှင့် ပတ်သက်​ပေမည်။—တမန်​တော် ၉:၃၆-၄၂; မဿဲ ၆:၃၃; ၂၈:၁၉၊ ၂၀

၁၃။ လုဒိ​သည် ခရစ်ယာန်​ချင်း​များ​အပေါ် စိုးရိမ်​ပူပန်မှု မည်သို့​ပြ​ခဲ့​သနည်း။

၁၃ ဘုရားသခင်​ရေးရာ ကြောက်ရွံ့​မှု​ရှိသော အမျိုးသမီး​တစ်ဦး​ဖြစ်သူ လုဒိ​သည် တခြားသူ​များ​ကို ဂရုစိုက်​ခဲ့​၏။ သွာတိရ​မြို့သူ လုဒိ​သည် စီ.အီး. ၅၀ ပြည့်နှစ်​ခန့်​တွင် ဖိလိပ္ပိ​မြို့၌ ပေါလု​ဟောပြောခဲ့​စဉ်​က ထို​မြို့တွင် နေထိုင်ခဲ့​၏။ လုဒိ​သည် ဂျူး​ဘာသာ​သို့ ပြောင်း​ဝင်လာ​သူ​တစ်ဦး ဖြစ်ဖွယ်​ရှိသော်လည်း ဖိလိပ္ပိ​မြို့တွင် ဂျူး​အနည်းငယ်​သာ​ရှိပြီး တရား​ဇရပ်​ရှိ​ပုံ​မရ​ပေ။ တမန်​တော်​သည် သူနှင့် ဘုရားတရား​ကြည်ညို​သော တခြား​အမျိုးသမီးများ​ကို သတင်းကောင်း​ဟောပြောသော​အခါ သူတို့သည် မြစ်​နံဘေး​တွင် စုဝေး​ခဲ့​ကြသည်။ မှတ်တမ်းက ဤသို့​ဆို​၏– “တရား​နာ​စဉ်​တွင် ပေါလု​ဟောပြောသော​အရာ​ကို မှီဝဲ​ဆည်းကပ်​စေခြင်း​ငှာ [လုဒိ]၏​စိတ်နှလုံး​ကို သခင်​ဘုရား​ဖွင့်​တော်​မူ​၏။ ထို​မိန်းမသည် အိမ်သူအိမ်သား​တို့​နှင့်​တကွ ဗတ္တိဇံ​ကို​ခံ​ပြီး​မှ ‘ကျွန်မ​သည် သခင်​ဘုရား​၌ အမှန်​ယုံကြည်​သည်ကို သင်တို့သည် ထင်မှတ်​လျှင် ကျွန်မ​အိမ်​သို့​ဝင်၍ နေကြပါ’ ဟု​တောင်းပန်​လျက် ငါ​တို့ကို အနိုင်​သွေးဆောင်​လေ​၏။” (တမန်​တော် ၁၆:၁၂-၁၅) လုဒိ​သည် သူတစ်ပါး​အပေါ် ကောင်းမှု​ပြု​လို​သောကြောင့် ပေါလု​နှင့် သူ၏​အဖော်​များ​ကို မိမိ​နှင့်အတူ လိုက်နေ​ရန် ဖျောင်းဖျ​ခဲ့​သည်။ ယနေ့လည်း သနား​ကြင်နာ​တတ်​ပြီး မေတ္တာ​ရှိသော ခရစ်ယာန်​များသည် အလားတူ ဧည့်ဝတ်​ပျူ​ငှာ​သည့်​အခါ ကျွန်ုပ်​တို့ တကယ်​ပင် တန်ဖိုး​ထား​လေးမြတ်​ကြ​ပါ​သည်!—ရောမ ၁၂:၁၃; ၁ ပေတရု ၄:၉

အသင် လူငယ်များ​ကိုလည်း ကျွန်ုပ်​တို့ လိုအပ်

၁၄။ ယေရှု​ခရစ်​သည် သူငယ်​များ​ကို မည်သို့​ဆက်ဆံ​ခဲ့​သနည်း။

၁၄ ခရစ်ယာန်​အသင်းတော်သည် ချစ်ခင်​ကြင်နာ​သော ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်​အားဖြင့် စတင်​တည်ထောင်​ခဲ့​၏။ ကိုယ်တော်​သည် ချစ်ခင်​ကြင်နာ​၍ စာနာ​တတ်သော​ကြောင့် လူတို့သည် ကိုယ်တော့်​အနား​နေရ​ခြင်း​ကို သက်သောင့်သက်သာ​ရှိခဲ့​ကြသည်။ တစ်ခါ​က လူ​အချို့​သည် မိမိတို့၏​ကလေးငယ်​များ​ကို ယေရှု​ထံ ခေါ်ဆောင်​လာ​ကြသောအခါ ကိုယ်တော်​၏​တပည့်​များ​က သူတို့ကို မောင်းထုတ်​ရန် ကြိုးစား​ခဲ့​ကြသည်။ သို့ရာတွင် ယေရှု​က “ထို​သူငယ်​တို့ကို ငါ့​ထံ​သို့ လာပါစေ။ မ​ဆီးတား​ကြ​နှင့်။ ဘုရားသခင်​၏​နိုင်ငံတော်​သည် ထိုသို့​သော​သူတို့၏​နိုင်ငံ​ဖြစ်၏။ ငါ​အမှန်​ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်​၏​နိုင်ငံတော်​ကို သူငယ်​ကဲ့သို့​မခံမယူ၊ ထို​သူသည် နိုင်ငံတော်​သို့​မဝင်​ရ” ဟု​မိန့်တော်မူ၏။ (မာကု ၁၀:၁၃-၁၅) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကောင်းချီး​များ​ခံစား​လိုလျှင် သူငယ်​များ​ကဲ့သို့ စိတ်​နှိမ့်ချ​ပြီး သွန်သင်ပေး​ရ လွယ်ကူ​သူများ​ဖြစ်​ကြ​ရမည်။ ယေရှုသည် သူငယ်​တို့ကို ချီပိုက်​၍ ကောင်းချီး​ပေးခြင်း​ဖြင့် မေတ္တာတော်ကို ပြသ​ခဲ့​သည်။ (မာကု ၁၀:၁၆) ယနေ့ အသင် လူငယ်များ​ကော အသို့နည်း။ အသင်းတော်က သင်တို့ကို ချစ်​မြတ်နိုး​ပြီး သင်တို့အား လိုအပ်​သည်ကို စိတ်ချ​ပါ​လေ။

၁၅။ လုကာ ၂:၄၀-၅၂ တွင် ယေရှု၏​ဘဝ​နှင့်​ပတ်သက်​၍ မည်သည့်​အချက်များ​ကို မှတ်တမ်း​တင်ထား​ပြီး လူငယ်များ​အတွက် မည်သည့်​ပုံသက်သေ​ကို ကိုယ်တော်​ပြ​ခဲ့​သနည်း။

၁၅ ယေရှုသည် ငယ်ရွယ်စဉ်​ကတည်းက ဘုရားသခင်​နှင့် ကျမ်းစာ​ကို ချစ်​မြတ်နိုး​ကြောင်း ဖော်ပြ​ခဲ့​၏။ ကိုယ်တော့်​အသက် ၁၂ နှစ်အရွယ်​တွင် ကိုယ်တော်​နှင့် ကိုယ်တော်​၏​မိဘများ​ဖြစ်သူ ယောသပ်​နှင့်​မာရိ​တို့သည် ပသခါပွဲ​တက်ရောက်​ရန် သူတို့​နေထိုင်​သည့် နာဇရက်​မြို့မှ ယေရုရှလင်​မြို့​သို့ ခရီးထွက်​ခဲ့​ကြသည်။ အပြန်ခရီး​တွင် ယေရှု၏​မိဘများသည် အတူတူ​ခရီး​သွား​နေသော လူအုပ်​၌ ယေရှုကို ရှာမတွေ့​တော့​ချေ။ နောက်ဆုံး​တွင် မိဘတို့​သည် ကိုယ်တော့်​ကို ဝတ်ပြုရာ​အိမ်တော်​ခန်းမ​တစ်ခု​၌ ထိုင်ပြီး ဂျူး​ဆရာများ​၏​စကား​ကို နားထောင်​ကာ သူတို့အား မေးမြန်း​နေသည်​ကို တွေ့ရှိ​ခဲ့​ကြသည်။ မိမိ​အဘယ်​နေရာ၌ ရှိ​မည်​ကို ယောသပ်​နှင့် မာရိ​တို့ မသိကြ​သည့်​အတွက် အံ့သြ​စွာ​ဖြင့် ကိုယ်တော်​က “အကျွန်ုပ်သည် အဘ​၏​အိမ်​၌​နေရ​သည်ကို မသိ​ပါသလော” ဟု​မေးခဲ့သည်။ ထို့နောက် ကိုယ်တော်​သည် မိဘများနှင့်​အတူ လိုက်သွား​ပြီး သူတို့​စကား​ကို နားထောင်​လျက် ဉာဏ်ပညာ​တိုးပွား​၍ အစဉ်​အတိုင်း ကြီးပြင်း​လာ​လေ​သည်။ (လုကာ ၂:၄၀-၅၂) ယေရှုသည် ကျွန်ုပ်​တို့၏​လူငယ်များ​အတွက် ပုံသက်သေ​ကောင်း ပြ​ခဲ့​သည်​တကား! သူတို့သည် မိဘ​စကား​ကို နားထောင်​၍ ဝိညာဉ်​ရေးရာ​များ​ကို သင်ယူ​ရန် အမှန်ပင်​စိတ်ဝင်စား​သင့်​၏။—တရားဟောရာ ၅:၁၆; ဧဖက် ၆:၁-၃

၁၆။ (က) ယေရှုသည် ဝတ်ပြုရာ​အိမ်တော်တွင် သက်သေခံ​နေစဉ် သူငယ်​အချို့​က မည်သို့​ကြွေးကြော်​ခဲ့​ကြ​သနည်း။ (ခ) ယနေ့ ခရစ်ယာန်​လူငယ်များ အဘယ်​အခွင့်ထူး​ရရှိ​ထား​သနည်း။

၁၆ လူငယ်​တစ်ဦး​အနေ​နှင့် သင်သည် ကျောင်း​၌​ဖြစ်စေ၊ မိဘများနှင့်​အတူ တစ်အိမ်​မှ​တစ်အိမ်​သွား​၍​ဖြစ်စေ ယေဟောဝါ​အကြောင်း သက်သေခံ​နေ​ပေမည်။ (ဟေရှာယ ၄၃:၁၀-၁၂; တမန်​တော် ၂၀:၂၀၊ ၂၁) ယေရှု​မ​ကွယ်လွန်​မီ​ကလေး​တွင် ဝတ်ပြုရာ​အိမ်တော်တွင် သက်သေခံ​ပြီး လူ​တို့ကို ကုသ​ပေး​နေသည့်​အခါ သူငယ်​အချို့​က “ဒါဝိဒ်​၏​သားတော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်စေ​သတည်း” ဟု​ကြွေးကြော်​ခဲ့​ကြ​၏။ ယင်းကြောင့် ဒေါသ​ထွက်​နေသော ယဇ်ပုရောဟိတ်​အကြီး​နှင့် ကျမ်း​ပြု​ဆရာ​တို့​က “ဤ​သူတို့သည် အဘယ်​သို့​ပြောဆို​သည်ကို ကြား​သလော” ဟု​မေး​သည်။ ယေရှု​က “ငါ​ကြား​၏။ နို့စို့​သူငယ်​တို့​နှုတ်​ထဲ​မှ ကိုယ်တော်​သည် ချီးမွမ်း​ခြင်း​ကို ပြင်ဆင်​တော်​မူ​သည်​ဟူသော​စကား​ကို သင်တို့သည် တစ်ရံ​တစ်ခါမျှ မဖတ်ဖူး​သလော” ဟု​မိန့်တော်မူ၏။ (မဿဲ ၂၁:၁၅-၁၇) အဆိုပါ​သူငယ်​များ​ကဲ့သို့​ပင် အသင်းတော်​ရှိ အသင် လူငယ်တို့​သည် ဘုရားသခင်​နှင့် ကိုယ်တော်​၏​သားတော်​အား ချီးမွမ်း​ခြင်း အခွင့်ထူး​ကို ရရှိ​ထား​ကြ​၏။ ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် သင်တို့ကို ကျွန်ုပ်​တို့​နှင့် လုပ်ဆောင်​စေ​လို​ကာ လိုအပ်​ပါ​သည်။

ဆင်းရဲ​ခက်ခဲ​သောအခါ

၁၇၊ ၁၈။ (က) ပေါလု​သည် ယုဒပြည်​ရှိ ခရစ်ယာန်​များ​အတွက် အဘယ်ကြောင့် အလှူငွေ​ကောက်ခံ​ပေး​ခဲ့​သနည်း။ (ခ) ယုဒ​ယုံကြည်သူချင်း​များ​အတွက် စေတနာအလျောက်​ထည့်ဝင်​သော အလှူငွေများ​သည် ဂျူး​နှင့်​တစ်ပါး​အမျိုးသား ခရစ်ယာန်​များ​အပေါ် အဘယ်​အကျိုး​သက်ရောက်​ခဲ့​သနည်း။

၁၇ ကျွန်ုပ်​တို့၏​အခြေအနေ​သည် မည်သို့​ပင်​ဖြစ်ပါစေ၊ လိုအပ်​နေသော​ခရစ်ယာန်​ချင်း​များ​ကို ကူညီပေး​ရန် ချစ်ခြင်း​မေတ္တာက လှုံ့ဆော်ပေး​၏။ (ယောဟန် ၁၃:၃၄၊ ၃၅; ယာကုပ် ၂:၁၄-၁၇) ယုဒပြည်​ရှိ ညီအစ်ကို၊ ညီအစ်မ​များ​ကို ချစ်​သည့်​မေတ္တာက အခါယပြည်၊ ဂလာတိ​ပြည်၊ မာကေဒေါနိ​ပြည်​နှင့် အာရှိပြည်​တို့​ရှိ အသင်းတော်များ​မှ အလှူငွေ​ကောက်ခံ​ရန် ပေါလု​ကို စေ့ဆော်​ပေး​ခဲ့​သည်။ ယေရုရှလင်​မြို့ရှိ တပည့်​များ ကြုံတွေ့​ရသည့် ညှဉ်းပန်း​နှိပ်စက်မှု၊ ပြည်တွင်း​ဆူပူအုံကြွ​မှု​နှင့် အစာ​ခေါင်းပါး​မှု​တို့​ကြောင့် ပေါလု​ပြော​ခဲ့​သည့် “ကဲ့ရဲ့​ညှဉ်းဆဲခြင်း၊” “ကြီးစွာ​သော​ဆင်းရဲ၊” “[သူတို့] ပစ္စည်းဥစ္စာ​များ​ကို သူတစ်ပါး​လုယူ​ဖျက်ဆီးခြင်း၊” တို့​ဖြစ်ပေါ်​ခဲ့​ခြင်း​ဖြစ်​ပေမည်။ (ဟေဗြဲ ၁၀:၃၂-၃၄; တမန်​တော် ၁၁:၂၇–၁၂:၁) ထို့​ကြောင့် သူသည် ယုဒပြည်​ရှိ ဆင်းရဲသော​ခရစ်ယာန်​များ​အတွက် အလှူငွေ​ကောက်ခံ​ရန် စီစဉ်​ခဲ့​ပေမည်။—၁ ကောရိန္သု ၁၆:၁-၃; ၂ ကောရိန္သု ၈:၁-၄၊ ၁၃-၁၅; ၉:၁၊ ၂၊ ၇

၁၈ ယုဒပြည်​ရှိ သန့်ရှင်းသူ​တို့အတွက် စေတနာအလျောက်​ထည့်ဝင်​သော အလှူငွေများ​က ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ကြသော ဂျူး​နှင့်​တစ်ပါး​အမျိုးသား​တို့​စပ်ကြား ညီအစ်ကို​ချင်း​နှောင်ကြိုး​ခိုင်မြဲ​ကြောင်း သက်သေ​ထင်ရှား​သည်။ တစ်ပါး​အမျိုးသား​ခရစ်ယာန်​များသည် အလှူငွေ​ပေး​ပို့​ခဲ့​ကြ​ခြင်း​ဖြင့် မိမိတို့၏​ယုဒ​ယုံကြည်သူချင်း​များ​ထံ​မှ ရရှိသော ဝိညာဉ်​ရေး​ချမ်းသာ​များ​အတွက် ကျေးဇူး​တင်​ကြောင်း တင်ပြ​ခွင့်​ရရှိ​ကြသည်။ ထို့​ကြောင့် ရုပ်ပိုင်း​အရ​နှင့် ဝိညာဉ်​ရေး​နှစ်တန်စလုံး ဝေမျှပေး​ကမ်း​ကြ​ခြင်း​ဖြစ်၏။ (ရောမ ၁၅:၂၆၊ ၂၇) ယနေ့ ဆင်းရဲသော ယုံကြည်သူချင်း​များ​အတွက် အလှူငွေများ​သည်လည်း စေတနာအလျောက်​ဖြစ်​ပြီး ချစ်ခြင်း​မေတ္တာက လှုံ့ဆော်ပေး​၍ ထည့်ဝင်​ကြ​ခြင်း​ဖြစ်သည်။ (မာကု ၁၂:၂၈-၃၁) ဤ​ကိစ္စရပ်​တွင်​လည်း အညီ​အမျှ​နှင့် “နည်းနည်း​ရသော​သူ​မလို” စေရန် တစ်ဦး​ကိုတစ်​ဦး ကူညီ​ပေးဖို့​လို​သည်။—၂ ကောရိန္သု ၈:၁၄

၁၉၊ ၂၀။ သဘာဝဘေးဒဏ်​များ​ကြုံတွေ့​သည့်​အခါ ယေဟောဝါ​၏​လူမျိုးတော်​များ မည်သို့​ကူညီပေး​ခဲ့​ပုံ​ကို ဖော်ပြ​ပါ။

၁၉ ခရစ်ယာန်​များ တစ်ဦး​ကိုတစ်​ဦး လိုအပ်​သည်ကို သိရှိ​လျက် ယုံကြည်ခြင်း​တူ​သူ ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​များ​ကို ချက်ချင်း​ကူညီပေး​လို​ကြ​၏။ ဥပမာ၊ ၂၀၀၁ ခုနှစ်​ဆန်း​ပိုင်း​တွင် အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ​၌ အလွန်​ပြင်းထန်သော​မြေငလျင်​နှင့် တောင်​ကမ်းပါး​ပြိုကျ​သည့် အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ သတင်း​တစ်ရပ်​က ဤသို့​ဆို​သည်– “အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ အ​နယ်​နယ်​အရပ်ရပ်​မှ ညီအစ်ကို​များသည် ကယ်ဆယ်​ရေး​လုပ်ငန်း​ကို လုပ်ဆောင်ခဲ့​ကြသည်။ ဂွာ​တီ​မာ​လာ၊ ယူ​နို​က်​စ​တိတ်​နှင့် ကနေဒါ​နိုင်ငံ​များ​မှ ညီအစ်ကို​များ​ရောက်လာ​ကြ​ပြီး ကျွန်တော်​တို့ကို လာ​ကူညီပေး​ကြသည်။ . . . အချိန်တို​အတွင်း အိမ်ခြေ ၅၀၀ ကျော်​နှင့် လှပသော​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ၃ လုံး​ကို ဆောက်လုပ်​ပေး​ခဲ့​သည်။ အဆိုပါ​ကိုယ်ကျိုး​စွန့်​ညီအစ်ကို​များ​၏ ပူးပေါင်း​ဆောင်ရွက်မှု​နှင့် ကြိုးစား​အားထုတ်မှု​က အကြီးအကျယ်​သက်သေခံချက်​တစ်ရပ် ဖြစ်​ခဲ့​သည်။”

၂၀ တောင်​အာဖရိက​နိုင်ငံ​မှ သတင်း​တစ်ရပ်​က ဤသို့​ဆို​သည်– “မိုဇမ်ဘစ်​နိုင်ငံ​တွင် ဒေသ​အတော်များများကို ဖျက်ဆီး​ပစ်​ခဲ့​သည့် ကြောက်မက်​ဖွယ်​ရေလွှမ်းမိုးမှု​ကြောင့် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို​များစွာလည်း ဆုံးရှုံး​နစ်နာ​ခဲ့​ကြသည်။ မိုဇမ်ဘစ်​ဌာနခွဲ​က ညီအစ်ကို​များ​၏ လိုအပ်ရာ​အတော်များများကို ဖြည့်ဆည်း​ပေး​ရန် ညှိနှိုင်း​ပေး​ခဲ့​၏။ သို့သော် လိုအပ်​နေသော​ညီအစ်ကို​များ​ထံ အဝတ်အစား​ဟောင်း​များ ပို့ပေး​ပါ​ရန် ဌာနခွဲ​မှ​ညီအစ်ကို​များ​က တောင်းဆို​ခဲ့​ကြသည်။ ကျွန်ုပ်​တို့သည် မိုဇမ်ဘစ်​နိုင်ငံ​မှ ညီအစ်ကို​များ​ထံ အဝတ်အစား​များ​ကို ပေ ၄၀ ကုန်​သေတ္တာ​အပြည့်​ထည့်၍ ပို့လိုက်​သည်။” မှန်ပါသည်၊ ဤ​နည်းများဖြင့်​လည်း  ကျွန်ုပ်​တို့  တစ်ဦး​ကိုတစ်​ဦး  လိုအပ်​ကြ​ပါ​သည်။

၂၁။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို သုံးသပ်ကြ​မည်​နည်း။

၂၁ အစပိုင်း​၌​ဖော်ပြ​ထား​သကဲ့သို့ လူ့​ကိုယ်ခန္ဓာ​အစိတ်အပိုင်း​အားလုံး​သည် အရေးပါ​ကြ​၏။ ခရစ်ယာန်​အသင်းတော်သည်​လည်း အလားတူ​ဖြစ်သည်။ အသင်းတော်​သား​အားလုံး​သည် တစ်ဦး​ကိုတစ်​ဦး လိုအပ်​ကြသည်။ သူတို့သည် စည်းစည်းလုံးလုံး​ဖြင့် ဆက်၍​အမှုတော်ထမ်း​ဆောင်​ကြဖို့​လည်း လို​သည်။ ထိုသို့​ပြုလုပ်​စေနိုင်​သည့် အကြောင်း​အချို့​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• လူ့​ကိုယ်ခန္ဓာ​နှင့် ခရစ်ယာန်​အသင်းတော်သည် အဘယ်​နည်းဖြင့် ဆင်တူ​သနည်း။

• ယုံကြည်သူချင်း​များသည် ဆင်းရဲ​ကျပ်တည်း​သောအခါ အစောပိုင်း​ခရစ်ယာန်​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

• ခရစ်ယာန်​များသည် တစ်ဦး​ကိုတစ်​ဦး လိုအပ်​ကာ ကူညီပေး​ခဲ့​ကြောင်း ဖော်ပြ​သည့် ကျမ်းစာ​ပုံ​နမူနာ​အချို့​ကား အဘယ်နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အာကုလ​နှင့် ပြစ်ကိလ​တို့သည် အခြား​သူများကို ဂရုစိုက်​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လူမျိုးတော်သည် ရုပ်ပစ္စည်း​လိုအပ်ချိန်​တွင် အချင်းချင်း​အပြင် တခြားသူ​များ​ကိုလည်း ကူညီပေး​ကြ