မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဘုရားသခင်​ထံ​ပြုသော သစ္စာ​ကတိ​များသည် အစဉ်​ချည်နှောင်​ထား​သလော။

သမ္မာကျမ်းစာ​အရ သစ္စာ​ကတိပြု​ခြင်း​ဟူသည် လုပ်ရပ်​တစ်ခု​လုပ်ဆောင်ရန်၊ ဆက်သ​ပူဇော်​ရန်၊ လုပ်ငန်း​တစ်ခု၊ သို့​မဟုတ် အခြေအနေ​တစ်ခု​သို့​ဝင်ရန်၊ သို့​တည်း​မဟုတ် တရားဝင်​သော​အရာများ​ဖြစ်သော်လည်း အရာအချို့​ကို​ရှောင်ရန် ဘုရားသခင်​ထံ အလေးအနက်​ကတိပြု​ခြင်း​ဖြစ်သည်။ ဘုရားသခင်​က တစ်စုံတစ်ရာ​ကို ဦးဆုံး​ပြု​ခဲ့​ပါ​လျှင် ၎င်း​ပေါ်​မူတည်ပြီး ဖော်ပြ​ပါ​လမ်းစဉ်​တစ်ခု​ကို မိမိတို့​လိုက်လျှောက်​မည်​ဟု သစ္စာ​ကတိပြု​ခဲ့​ခြင်း​များ​အကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​ထား​သည်။ ဥပမာ၊ ပရောဖက်​ရှမွေလ​၏​မိခင် ဟန္န​က “‘အို​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား၊ ကိုယ်တော်​၏​ကျွန်မ​ကို​မေ့လျော့​တော်​မ​မူ​ဘဲ . . . သား​ယောက်ျား​ကို​ပေးသနား​တော်​မူလျှင်၊ သူ၏​ဆံပင်​ရိတ်ခြင်း​ကို အလျှင်း​မပြု။ တစ်သက်လုံး​ထာဝရ​ဘုရား​၏​ကျွန်​ဖြစ်စေ​ခြင်း​ငှာ ကျွန်မ​အပ်​ပါ​မည်’ ဟု သစ္စာ​ကတိပြု​လေ​၏။” (၁ ဓမ္မ​ရာဇဝင် ၁:၁၁) စိတ်လို​ကိုယ်​လျောက်​ပြု​သည့် သစ္စာ​ကတိပြု​ချက်​များ​ကိုလည်း သမ္မာကျမ်းစာ​က​ဖော်ပြ​ပါ​သည်။ ကျမ်းစာ​ဆိုင်ရာ​သစ္စာ​ကတိပြု​ချက်​များသည် အဘယ်မျှ​တိုင် ချည်နှောင်​ထား​သနည်း။

“ဘုရားသခင်​ထံ​တော်​၌ သစ္စာ​ကတိပြု​မိ​လျှင် သစ္စာ​ဝတ်​ကို​မဖြေ​ဘဲ​မနေ​နှင့်” ဟု ရှေးခေတ်​ဣသရေလ​ရှင်ဘုရင် ရှောလမုန်က​ဆို​၏။ သူ​ဤသို့​ထပ်ဆင့်​သည်– “သစ္စာ​ကတိပြု​သည်​အတိုင်း ဝတ်​ကို​ဖြေလော့။ သစ္စာ​ကတိပြု​၍ ဝတ်​ကို​မဖြေ​ဘဲ​နေသည်​ထက် သစ္စာ​ကတိ​အလျှင်း​မပြု​ဘဲ​နေ​သော် သာ၍​ကောင်း​၏။” (ဒေ. ၅:၄၊ ၅) မောရှေ​မှ​တစ်ဆင့် ဣသရေလ​လူမျိုး​ကို​ပေး​ခဲ့​သော ပညတ်တရား​က​ဤသို့​ဆို​သည်– “သင်၏​ဘုရားသခင် [ယေဟောဝါ] အား သစ္စာ​ကတိ​ထား​လျှင် ထား​သည်​အတိုင်း​မပြု​ဘဲ​မနေ​ရ။ သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် ဧကန်​အမှန်​တောင်း​တော်​မူ​မည်။ သင်သည် မပြု​ဘဲ​နေလျှင် အပြစ်ရောက်​လိမ့်​မည်။” (တရားဟောရာ ၂၃:၂၁) ဘုရားသခင်​ထံ သစ္စာ​ကတိပြု​ခြင်း​သည် အလေးအနက်​ထား​စ​ရာ​ကိစ္စ​ဖြစ်သည်​မှာ ရှင်း​ပါ​သည်။ ယင်းကို စိတ်ရင်းမှန်​ဖြင့်​ပြုသင့်​သည်၊ သစ္စာ​ကတိပြု​သူသည်​လည်း ပြု​ထား​သမျှ ကတိကဝတ်​အတိုင်း​ပြု​ရန် မိမိ​၌​အရည်အချင်း​ပြည့်မီ​ကြောင်း သေချာ​သိထားသင့်​သည်။ သို့​မဟုတ်လျှင် သစ္စာ​ကတိ​မပြု​ဘဲ​နေပါက ပို​ကောင်း​မည်။ သို့သော် သစ္စာ​ကတိပြု​သည်​နှင့် ၎င်း​ကတိပြု​ချက်​အားလုံး​သည် ချည်နှောင်​ထား​သလော။

မိမိ​ပြု​ခဲ့​သော​သစ္စာ​ကတိ​သည် ဘုရားသခင့်​အလိုတော်နှင့်​မညီ​ကြောင်း နောက်ပိုင်း​မှ သိရှိ​လာ​လျှင် မည်သို့​ပြု​မည်​နည်း။ စစ်မှန်သော​ဝတ်ပြုရေး​နှင့် အကျင့်​ယိုယွင်းမှု​ကို တစ်နည်း​နည်းဖြင့် ဆက်စပ်​ထား​သည့် ကတိကဝတ်​တစ်ခု​ဖြစ်သည်​ဆိုပါစို့။ (တရားဟောရာ ၂၃:၁၈) ဤသို့​သော ကတိပြု​ချက်​သည် အတည်​မဖြစ်​နိုင်​ကြောင်း သိသာ​ထင်ရှား​ပါ​သည်။ ထို့​အပြင် မောရှေ​ပညတ်​အောက်တွင် အမျိုးသမီး​တစ်ဦး​ပြု​ခဲ့​သော သစ္စာ​ကတိ​ကို သူ၏​ဖခင် သို့​မဟုတ် သူ၏​လင်ယောက်ျား​က ပျက်ပြယ်​စေနိုင်​သည်။—တောလည်ရာ ၃၀:၃-၁၅

တစ်ကိုယ်ရေ​တစ်​ကာယ​နေဖို့ ဘုရားသခင်​ထံ သစ္စာ​ကတိပြု​ထားပြီး ယခု အကျပ်ရိုက်​နေသော လူတစ်ဦး​၏​အဖြစ်ကိုလည်း သုံးသပ်ကြည့်​ပါ။ သူ၏​သစ္စာ​ကတိ​အတိုင်း နေထိုင်ခြင်း​က ကိုယ်ကျင့်တရား​ဆိုင်ရာ ဘုရားသခင့်​စံနှုန်း​များ​ကို ချိုးဖောက်​ခါနီး​ဖြစ်စေ​နေသည်​ဆိုပါစို့။ ထို​အခါ သူ၏​ကတိကဝတ်​ကို​ဖြေ​ရန် ဆက်၍​ကြိုးစား​နေ​သင့်​သလော။ အကျင့်​ယိုယွင်း​သူ​မဖြစ်​သွားစေရန် မိမိ၏​သစ္စာ​ကတိ​ကို​ဖျက်​ပြီး ဘုရားသခင့်​သနား​ကြင်နာ​မှု၊ ခွင့်လွှတ်​မှု​ရဖို့ ကိုယ်တော်​အား​တိုးလျှိုး​တောင်းပန်​ပြီး အနူးအညွတ်​အသနားခံ​လျှင် ပို​ကောင်း​မည်​မဟုတ်ပေ​လော။ ဤ​ကိစ္စ​ကို သူကိုယ်တိုင် ဆုံးဖြတ်​ပြုလုပ်​ရမည်​ဖြစ်သည်။ မည်သူကမျှ သူ့​အတွက် ဆုံးဖြတ်​မပေးနိုင်​ပေ။

သစ္စာ​ကတိ​တစ်ခု​ကို မိမိ​အလောတကြီး​ပြု​မိ​ခဲ့​ကြောင်း နောက်ပိုင်း​မှ သိလာ​လျှင်​ကော။ ထို​ကတိ​ကို​ဖြေ​ရန် သူ​ဆက်​ကြိုးစား​နေ​သင့်​သလော။ ယေဖသ​သည် ဘုရားသခင်​ထံ​ပြု​ခဲ့​သော​သစ္စာ​ကတိ​ကို​ဆောင်ရွက်ရန် မလွယ်ကူ​ခဲ့​သော်လည်း အသိစိတ်​ရှိ​ရှိ ထို​အတိုင်း​ဆောင်ရွက်​ခဲ့​သည်။ (တရားသူကြီး ၁၁:၃၀-၄၀) မိမိ​ကတိ​ရှိသည်​အတိုင်း မပြု​လုပ်ခြင်း​သည် ဘုရားသခင်​၏ “အမျက်တော်​ထွက်” စ​ရာ​ဖြစ်​နိုင်​ပြီး မိမိ​ပြီးမြောက်​ထားခဲ့​ရာ​များ​ကို ဖြိုဖျက်​ရာ​ကျ​သည်။ (ဒေ. ၅:၆) သစ္စာ​ကတိတည်​ခြင်း​ကိစ္စ​ကို ပေါ့ပေါ့တန်တန်​သဘောထား​လျှင် ဘုရားသခင့်​မျက်နှာသာတော် ဆုံးရှုံး​နိုင်​သည်။

ယေရှု​ခရစ်တော်​က ဤသို့​မိန့်ဆိုခဲ့သည်– “သင်၏​စကား​မှာ ဟုတ်​သည်ကို​အ​ဟုတ်၊ မဟုတ်​သည်ကို​မဟုတ် ဖြစ်စေ​လော့။ ဤ​ထက်​လွန်​သော​စကား​သည် မကောင်းသော​အရာ​နှင့်​စပ်ဆိုင်​ပေ​၏။” (မဿဲ ၅:၃၇) ခရစ်ယာန်​တစ်ဦး​သည် ဘုရားသခင်​ထံ​ပြုသော သစ္စာ​ကတိ​များ​ကို တည်စေ​မည်​သာမက ဘုရားသခင်​နှင့် လူသားများ​အား ပြောဆို​ခဲ့​သမျှ​စကား​အားလုံး​ကို သူတစ်ပါး​ယုံကြည်​စိတ်ချ​စေရန် အလေးအနက်​သဘောထား​ရ​ကြ​မည်။ အစ​ပထမ​တွင် ကောင်း​မည်​ဟု​အထင်​ရှိပြီး အခြားသူ​တစ်ဦး​နှင့် သဘော​တူညီချက်​တစ်ခု​ပြု​မိ​ခဲ့​သော်လည်း အသေအချာ​ဆန်းစစ်​ကြည့်​သောအခါ မိမိ​မှားသွား​ကြောင်း​ထင်ရှား​သည့် ဘေးကျပ်နံကျပ်​အခြေအနေ​မျိုး ရောက်​နေလျှင် မည်သို့​ပြု​မည်​နည်း။ ဤသို့​သော​ကိစ္စ​မျိုးကို သူ​ပေါ့ပေါ့တန်တန်​သဘော​မထားသင့်​ပါ။ သို့သော် အသေအချာ​အပြန်အလှန်​ဆွေးနွေး​ပြီး​နောက် သူ​တစ်ဖက်သား​က သူ့ကို တာဝန်​မှ​ကင်းလွတ်​စေဖို့ ဆုံးဖြတ်​ကောင်း​ဆုံးဖြတ်​ပေမည်။—ဆာလံ ၁၅:၄; သု. ၆:၂၊ ၃

သစ္စာ​ကတိ​များ၊ အခြား​ကိစ္စရပ်​များနှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့​အဓိက​အာရုံစိုက်​သင့်​ရာ​ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။ ယေဟောဝါ​ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိ​ရန် အစဉ်​ကြိုးစား​ကြ​စို့​လေ။

[စာမျက်နှာ ၃၀၊ ၃၁ ပါ ရုပ်ပုံ]

ဟန္န​သည် မိမိ၏​သစ္စာ​ကတိ​အတိုင်း​ပြု​ရန် မတွန့်​ဆုတ်​ခဲ့

[စာမျက်နှာ ၃၀၊ ၃၁ ပါ ရုပ်ပုံ]

ယေဖသ​သည် ဆို​ခဲ့​ပြီး​သည့်​အတိုင်း ပြု​ရန် အခက်တွေ့​သော်လည်း မိမိ၏​ကတိ​ကို တည်စေ​ခဲ့