ပခုံးချင်းယှဉ်၍ ဆက်လက်အမှုဆောင်နေလော့
ပခုံးချင်းယှဉ်၍ ဆက်လက်အမှုဆောင်နေလော့
“လူမျိုးအပေါင်းတို့သည် အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း ယေဟောဝါ၏နာမတော်ကို ခေါ်စေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အား ငါပေးမည်။”—ဇေဖနိ ၃:၉၊ ကဘ။
၁။ ဇေဖနိ ၃:၉ (ကဘ) ပြည့်စုံချက်အနေနှင့် အဘယ်အရာဖြစ်ပျက်နေသနည်း။
ယခု ကမ္ဘာတစ်ခွင် ပြောဆိုနေကြသော ဘာသာစကားပေါင်း ၆,၀၀၀ ခန့်ရှိ၏။ ၎င်းအပြင် ဒေသန္တရဘာသာစကား သို့မဟုတ် ဒေသအလိုက်ဘာသာစကား အမျိုးမျိုးရှိကြသည်။ လူတို့သည် အာရဘီနှင့် ဇူးလူးစကားကဲ့သို့သော ကွဲပြားခြားနားလှသည့် ဘာသာစကားများကို ပြောဆိုကြသော်လည်း အမှန်တကယ် ထူးခြားသောအမှုကို ဘုရားသခင်ပြုတော်မူခဲ့ပြီ။ အရပ်ရပ်ရှိလူတို့အား စင်ကြယ်သောဘာသာစကား တစ်မျိုးတည်းကိုသာ သင်ယူပြောဆိုနိုင်ရန် ကိုယ်တော် ပြုလုပ်ပေးတော်မူခဲ့သည်။ ထိုသို့ဖြစ်ပျက်လာခြင်းသည် ပရောဖက်ဇေဖနိမှတစ်ဆင့် ပေးခဲ့သော ဤကတိတော်ပြည့်စုံချက်ဖြစ်၏– “လူမျိုးအပေါင်းတို့သည် အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်မည်အကြောင်း ယေဟောဝါ၏နာမတော်ကို ခေါ်စေခြင်းငှာ စင်ကြယ်သောဘာသာစကားကို သူတို့အား ငါ [ယေဟောဝါဘုရားသခင်] ပေးမည်။”—ဇေဖနိ ၃:၉၊ ကဘ။
၂။ “စင်ကြယ်သောဘာသာစကား” ဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်အရာကို ဖြစ်စေခဲ့ပြီနည်း။
၂ “စင်ကြယ်သောဘာသာစကား” ဟူသည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင်ပါသော ကိုယ်တော်၏အမှန်တရားဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်သည့် အမှန်တရားဖြစ်သည်၊ ယင်းသည် ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပြီး ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေကာ လူသားအပေါင်းကို ကောင်းချီးများ ခံစားစေမည်ဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀) ကမ္ဘာပေါ်ရှိ ဝိညာဉ်ရေးဆိုင်ရာ သန့်ရှင်းသောဘာသာစကားတစ်ခုတည်းအဖြစ် စင်ကြယ်သောဘာသာစကားကို လူအမျိုးအနွယ်ခပ်သိမ်းမှလူတို့ ပြောဆိုကြသည်။ ၎င်းကြောင့် လူတို့သည် ယေဟောဝါ၏အမှုတော်ကို “ပခုံးချင်းယှဉ်၍” ထမ်းဆောင်နိုင်ကြ၏။ ထိုသို့ဖြင့် သူတို့သည် ကိုယ်တော့်ကို စည်းလုံးညီညွတ်စွာ သို့မဟုတ် “တစ်သဘောတည်းဖြင့်” အမှုဆောင်ကြသည်။—အင်္ဂလိပ်ကျမ်းစာသစ်။
မျက်နှာလိုက်စရာ အကြောင်းမရှိ
၃။ အဘယ်အရာက ကျွန်ုပ်တို့အား ယေဟောဝါ၏အမှုတော်ကို စည်းလုံးစွာ ထမ်းဆောင်စေသနည်း။
၃ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကြားရှိ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြပါသည်။ ကျွန်ုပ်တို့သည် ဘာသာစကားမြောက်မြားစွာဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြသော်လည်း ဘုရားသခင်၏အမှုတော်ကို စည်းလုံးစွာ ထမ်းဆောင်လျက်ရှိကြ၏။ (ဆာလံ ၁၃၃:၁) ဤသို့ဖြစ်နိုင်ခြင်းမှာ ကမ္ဘာမြေကြီး အဘယ်ဒေသတွင်မဆို ကျွန်ုပ်တို့နေထိုင်ကြစေကာမူ ယေဟောဝါ၏ဘုန်းတော်ထင်ရှားရေးအတွက် စင်ကြယ်သောဘာသာစကားတစ်မျိုးတည်းကို ပြောဆိုနေကြသောကြောင့်ဖြစ်၏။
၄။ ဘုရားသခင်၏လူမျိုးတော်တွင် မျက်နှာလိုက်မှု အဘယ်ကြောင့် မရှိရမည်နည်း။
၄ ဘုရားသခင့်လူမျိုးတော်တွင် မျက်နှာလိုက်ခြင်း မရှိရပေ။ စီ.အီး. ၃၆ ခုနှစ်၌ တစ်ပါးအမျိုးသား စစ်အရာရှိ ကော်နေလိ၏အိမ်တွင် တမန်တော်ပေတရုဟောပြောခဲ့စဉ် ယင်းကို ထင်ရှားစွာဖော်ပြပြီး ဤသို့ပြောဆိုရန် လှုံ့ဆော်ခံခဲ့ရ၏– “အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) ၎င်းသည် မှန်ကန်သောကြောင့် ခရစ်ယာန်အသင်းတော်တွင် အုပ်စုဖွဲ့ခြင်း၊ ဘက်လိုက်ခြင်း၊ မျက်နှာလိုက်မှု မရှိသင့်ချေ။
၅။ အသင်းတော်တွင် သင်းခွဲမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးခြင်းသည် အဘယ်ကြောင့် မှားသနည်း။
၅ ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ကောလိပ်ကျောင်းသူတစ်ဦး လည်ပတ်ရောက်ရှိပြီးနောက် ဤသို့ဆိုသည်– “များသောအားဖြင့် ချာ့ခ်ျအများတွင် လူမျိုးတစ်မျိုး သို့မဟုတ် မျိုးနွယ်စုတစ်စုကိုသာ တွေ့ရှိကြရသည်။ . . . ယေဟောဝါသက်သေများမှာမူ အုပ်စုခွဲခြားခြင်းမရှိ အားလုံးအတူတကွ ထိုင်နေကြသည်။” သို့သော် ရှေးကောရိန္သုမြို့ရှိ အသင်းတော်သားအချို့သည် သင်းခွဲမှုများ ပြုလုပ်ခဲ့ကြသည်။ ဤသို့စိတ်ဝမ်းကွဲစေခြင်းဖြင့် စည်းလုံးမှုနှင့် ငြိမ်သက်မှုကို ဖြစ်ပေါ်စေသည့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ဟန့်တားခဲ့ကြ၏။ (ဂလာတိ ၅:၂၂) ကျွန်ုပ်တို့သည် အသင်းတော်တွင် သင်းခွဲမှုများပြုလုပ်မည်ဆိုလျှင် ဝိညာဉ်တော်၏ဦးဆောင်လမ်းပြမှုကို ကျွန်ုပ်တို့ ဟန့်တားရာကျမည်ဖြစ်သည်။ ထို့ကြောင့် ကောရိန္သုမြို့သားများကို တမန်တော်ပေါလုပြောခဲ့သည့် ဤစကားများကို စိတ်ထဲစွဲမှတ် ထားကြစို့– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။” (၁ ကောရိန္သု ၁:၁၀) ဧဖက်မြို့သားများထံ ရေးသားသောစာတွင်လည်း စည်းလုံးမှုအကြောင်း ပေါလုအလေးအနက်ဖော်ပြခဲ့သည်။—ဧဖက် ၄:၁-၆၊ ၁၆။
၆၊ ၇။ ယာကုပ်သည် မျက်နှာလိုက်မှုနှင့်ပတ်သက်၍ မည်သို့ဆုံးမခဲ့သနည်း၊ သူ၏စကားများသည် ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။
၆ ခရစ်ယာန်များသည် မျက်နှာမလိုက်မိဖို့လိုသည်။ (ရောမ ၂:၁၁) ပထမရာစုအသင်းတော်ရှိ လူအချို့သည် ချမ်းသာသူများကို ဘက်လိုက်ခဲ့ကြသောကြောင့် တပည့်ဖြစ်သူ ယာကုပ်က ဤသို့ရေးသားခဲ့သည်– “ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ လူမျက်နှာကိုထောက်ခြင်း မရှိကြနှင့်။ ရွှေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသောသူနှစ်ဦးသည် သင်တို့၏တရားဇရပ်ထဲသို့ ဝင်သောအခါ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍ ‘ကောင်းမွန်သော ဤအရပ်မှာ ထိုင်ပါ’ ဟူ၍လည်းကောင်း၊ ဆင်းရဲသောသူကို ‘ဟိုမှာနေလော့၊’ သို့မဟုတ် ‘ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့’ ဟူ၍လည်းကောင်း သင်တို့သည် ပြောဆိုလျှင် တစ်ဖက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူဖြစ်ကြသည်မဟုတ်လော။”—ယာကုပ် ၂:၁-၄။
၇ ရွှေလက်စွပ်နှင့် ဝတ်ကောင်းစားလှဆင်ထားသော လူကုံထံမယုံကြည်သူများအပြင် ညစ်ပေသောဆင်းရဲသား မယုံကြည်သူများပါ ခရစ်ယာန်အစည်းအဝေးသို့ ရောက်လာကြသောအခါ လူကုံထံများကို ကောင်းစွာဆက်ဆံကြမည်။ ဆင်းရဲသားများကို ရပ်နေရန် သို့မဟုတ် တစ်ဦးတစ်ယောက်၏ခြေရင်း ကြမ်းပြင်ပေါ်တွင် ထိုင်ရန် ပြောပြီး လူကုံထံများကိုမူ ‘ကောင်းမွန်သောနေရာ’ တွင်ထိုင်ခိုင်းမည်။ သို့သော် ဘုရားသခင်သည် ဆင်းရဲ၊ ချမ်းသာမရွေး အားလုံးအတွက် ယေရှု၏ရွေးနုတ်ဖိုးကို မျက်နှာမလိုက်ဘဲ တန်းတူပေးခဲ့ပြီ။ (ယောဘ ၃၄:၁၉; ၂ ကောရိန္သု ၅:၁၄) ထို့ကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်နှာသာတော်ရလိုပြီး ကိုယ်တော်၏အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်လိုလျှင် မျက်နှာလိုက်မှု သို့မဟုတ် ‘ကိုယ်အကျိုးစီးပွားကြောင့် မျက်နှာကိုထောက်ထား’ မှုမရှိရပါ။—ယုဒ ၄၊ ၁၆။
ညည်းညူခြင်း မပြုကြနှင့်
၈။ ဣသရေလလူမျိုးသည် ညည်းညူခဲ့သောကြောင့် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၈ ကျွန်ုပ်တို့၏စည်းလုံးမှုကို ဆက်ထိန်းသိမ်းထားပြီး ဘုရားသခင်၏မျက်နှာသာတော် ဆက်ခံစားရန် ပေါလု၏ဤဆုံးမစကားကို ကျွန်ုပ်တို့နာခံရမည်– “ပြုလေသမျှ၌ ညည်းညူခြင်း . . . မရှိဘဲ ပြုကြလော့။” (ဖိလိပ္ပိ ၂:၁၄၊ ၁၅၊ သမ္မာ) အီဂျစ်ကျွန်သပေါက်အဖြစ်မှ လွတ်မြောက်လာကြသော သစ္စာမဲ့ဣသရေလလူတို့သည် မောရှေနှင့် အာရုန်အပြင် ယေဟောဝါဘုရားသခင်ကိုပင် ညည်းညူခဲ့ကြသည်။ ယင်းအကြောင်းကြောင့် သစ္စာရှိယောရှု၊ ကာလက်နှင့် လေဝိသားများမှအပ အသက် ၂၀ နှင့်အထက် အမျိုးသားအားလုံးသည် ကတိထားရာပြည်တော်သို့ မဝင်ရဘဲ ဣသရေလလူမျိုးတို့၏ အနှစ် ၄၀ ကြာ တောတွင်းခရီးစဉ်အတွင်း သေဆုံးခဲ့ကြရသည်။ (တောလည်ရာ ၁၄:၂၊ ၃၊ ၂၆-၃၀; ၁ ကောရိန္သု ၁၀:၁၀) သူတို့ ညည်းညူခြင်းအတွက် ပေးဆပ်ရသော အဖိုးအခဖြစ်သတည်း!
၉။ မိရိအံသည် သူ၏ညည်းညူမှုကြောင့် အဘယ်အရာကို တွေ့ကြုံခဲ့သနည်း။
၉ ညည်းညူသောလူမျိုးတစ်မျိုးလုံး မည်သို့ဖြစ်ပျက်နိုင်သည်ကို ထိုအဖြစ်အပျက်က ဖော်ပြ၏။ ညည်းညူသူ တစ်ဦးချင်းနှင့်ပတ်သက်၍ကော အသို့နည်း။ မောရှေ၏အစ်မ မိရိအံသည် သူ၏အစ်ကိုအာရုန်နှင့်ပူးပေါင်းပြီး “ထာဝရဘုရားသည် မောရှေအားဖြင့်သာ ဗျာဒိတ် [တင်ကြိုအသိ]ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလော” ဟုညည်းညူခဲ့ရာ မှတ်တမ်းက ဤသို့ထပ်ဆင့်ဆိုသည်– “ထိုစကားကို ထာဝရဘုရားကြားတော်မူ၏။” (တောလည်ရာ ၁၂:၁၊ ၂) ရလဒ်ကားအဘယ်နည်း။ ဘုရားသခင်သည် ဤညည်းညူမှုတွင် ဦးဆောင်ခဲ့ဖွယ်ရှိသော မိရိအံကို အရှက်ရစေခဲ့သည်။ မည်သို့အားဖြင့်နည်း။ သူ့ကို နူနာရောဂါစွဲကပ်စေပြီး သန့်ရှင်းစင်ကြယ်သည့်အထိ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နှင်ထုတ်ထားခြင်းအားဖြင့်ဖြစ်သည်။—တောလည်ရာ ၁၂:၉-၁၅။
၁၀၊ ၁၁။ ညည်းညူခြင်းကို မထိန်းချုပ်ခြင်း၏ အကျိုးရလဒ်ကားအဘယ်နည်း။ ဥပမာပေးပါ။
၁၀ ညည်းညူခြင်းသည် အမှားတစ်မျိုးမျိုးကို မကျေမနပ်ပြောခြင်းမျှမဟုတ်ချေ။ အဆက်မပြတ်ညည်းညူသူများသည် ဘုရားသခင်ကို အာရုံစိုက်စေမည့်အစား မိမိ၏ခံစားချက်၊ မိမိ၏အခြေအနေကို အရေးပေးလွန်းကြသည်။ ယင်းကို မထိန်းချုပ်လျှင် ဝိညာဉ်ရေးညီအစ်
ကိုများကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်လာမည်ဖြစ်ပြီး ယေဟောဝါ၏အမှုတော်ကို ပခုံးချင်းယှဉ်၍ ထမ်းဆောင်ရန် အတားအဆီးဖြစ်ပေလိမ့်မည်။ ယင်းသို့ဖြစ်ရခြင်းမှာ ညည်းညူသူများက တခြားသူများသည် မိမိတို့ကို ကိုယ်ချင်းစာနာလာလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် မိမိတို့၏မကျေနပ်ချက်များကို ပြောဆိုနေ၍ဖြစ်၏။၁၁ သာဓကအနေနှင့် အကြီးအကဲတစ်ဦးသည် အသင်းတော်တွင် သူ၏တာဝန်များ ထမ်းဆောင်ပုံကို တစ်ဦးတစ်ယောက်က အပြစ်တင်ဝေဖန်ပေမည်။ ညည်းညူသူ၏စကားကို ကျွန်ုပ်တို့နားထောင်မည်ဆိုလျှင် သူ့အတိုင်း ကျွန်ုပ်တို့ စတင်စဉ်းစားလာပေမည်။ ကျွန်ုပ်တို့၏စိတ်ထဲ မကျေနပ်ချက်မျိုးစေ့ အကြဲမခံရမီက ထိုအကြီးအကဲ၏လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်မဖြစ်စေသော်လည်း ယခုမူ စိတ်အနှောင့်အယှက်ဖြစ်နေပေမည်။ နောက်ဆုံး၌ ထိုအကြီးအကဲလုပ်ကိုင်လေသမျှသည် မိမိတို့အမြင်တွင် မမှန်တော့ဘဲ ကျွန်ုပ်တို့ပါ သူ့ကို မကျေမနပ်ပြောလာပေမည်။ ဤသို့သောအကျင့်မျိုးသည် ယေဟောဝါလူမျိုးတော်၏အသင်းတော်နှင့် မအပ်စပ်ပေ။
၁၂။ ညည်းညူခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို မည်သို့ထိခိုက်နိုင်သနည်း။
၁၂ ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းရန် တာဝန်ရထားသူများကို မကျေမနပ်ဖြစ်၍ ညည်းညူခြင်းသည် သူတို့ကို ကဲ့ရဲ့ပြစ်တင်ခြင်းဖြစ်သွားနိုင်သည်။ ဤသို့ညည်းညူခြင်း သို့မဟုတ် သူတို့မကောင်းကြောင်း သွားပုပ်လေလွင့်ပြောဆိုခြင်းဖြင့် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်၏။ (ထွက်မြောက်ရာ ၂၂:၂၈) နောင်တမယူသော ကဲ့ရဲ့ပြစ်တင်သူများသည် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရကြလိမ့်မည်မဟုတ်ပေ။ (၁ ကောရိန္သု ၅:၁၁; ၆:၁၀) “အာဏာစက်ကို ပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့” သို့မဟုတ် အသင်းတော်တွင် တာဝန်ရှိသူများကို “ကဲ့ရဲ့တတ်ကြ” သောညည်းညူသူများအကြောင်း တပည့်ဖြစ်သူယုဒ ရေးသားခဲ့သည်။ (ယုဒ ၈) ထိုညည်းညူသူများသည် ဘုရားသခင့်မျက်နှာသာတော်ကို ရရှိမည်မဟုတ်ချေ၊ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သူတို့၏ဆိုးညစ်သောလမ်းစဉ်ကို ပညာရှိစွာရှောင်သင့်သည်။
၁၃။ မကျေနပ်မှုအားလုံးသည် အဘယ်ကြောင့် မမှားသနည်း။
၁၃ သို့သော် မကျေနပ်မှုအားလုံးကို ဘုရားသခင်နှစ်သက်တော်မမူဟု မဆိုလိုပါ။ ကိုယ်တော်သည် သောဒုံ၊ ဂေါမောရမြို့တို့နှင့်စပ်လျဉ်း၍ ‘မကျေနပ်သံ’ ကိုလျစ်လျူမရှုဘဲ ထိုဆိုးညစ်သောမြို့များကို ဖျက်ဆီးခဲ့၏။ (ကမ္ဘာဦး ၁၈:၂၀၊ ၂၁၊ ကဘ; ၁၉:၂၄၊ ၂၅) ယေရုရှလင်မြို့တွင် စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲကျင်းပပြီးနောက် မကြာမီ “နေ့ရက်အစဉ်အတိုင်း လုပ်ကျွေးသောအခါ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။” ထို့ကြောင့် “တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်” အစာဝေငှခြင်း “အမှုကိုဆောင်ရွက်စေခြင်းငှာ” “အသရေရှိသောလူခုနစ်ယောက်တို့ကို” ခန့်အပ်ခြင်းဖြင့် ထိုပြဿနာကို ဖြေရှင်းပေးခဲ့သည်။ (တမန်တော် ၆:၁-၆) မျက်မှောက်ခေတ် အကြီးအကဲများသည် မကျေနပ်ချက်များကို နည်းမှန်လမ်းမှန်ဖြစ်စေရန် “နားကိုပိတ်” ၍မနေသင့်ပေ။ (သု. ၂၁:၁၃) အကြီးအကဲများသည် ဝတ်ပြုသူချင်းတို့ကို အပြစ်တင်ဝေဖန်မည့်အစား အားပေးတည်ဆောက်ပေးသင့်သည်။—၁ ကောရိန္သု ၈:၁။
၁၄။ ညည်းညူခြင်းကို ရှောင်ကြဉ်ရန် အထူးသဖြင့် အဘယ်အရည်အချင်း လိုအပ်သနည်း။
၁၄ ညည်းညူခြင်းသည် ဝိညာဉ်ရေးကို ထိခိုက်နိုင်သောကြောင့် ညည်းညူခြင်းကို ကျွန်ုပ်တို့အားလုံး ရှောင်ကြဉ်ဖို့လိုသည်။ ဤသို့သောစိတ်ထားသည် ကျွန်ုပ်တို့၏စည်းလုံးမှုကို ပြိုကွဲစေပေလိမ့်မည်။ ထိုသို့ပြုမည့်အစား၊ ကျွန်ုပ်တို့တွင် ချစ်ခြင်းမေတ္တာတိုးပွားစေရန် သန့်ရှင်းသောဝိညာဉ်တော် စီးဆင်းခွင့်ပြုကြပါစို့။ (ဂလာတိ ၅:၂၂) ‘ရွှေမေတ္တာပညတ်’ ကိုကျွန်ုပ်တို့လိုက်နာကြခြင်းဖြင့် ယေဟောဝါ၏အမှုတော်ကို ပခုံးချင်းယှဉ်၍ ဆက်အမှုဆောင်နိုင်ရန် အထောက်အကူပြုပါလိမ့်မည်။—ယာကုပ် ၂:၈; ၁ ကောရိန္သု ၁၃:၄-၈; ၁ ပေတရု ၄:၈။
သွားပုပ်လေလွင့်ပြောဆိုခြင်းကို ရှောင်ကြဉ်လော့
၁၅။ အတင်းအဖျင်းနှင့် သွားပုပ်လေလွင့်ပြောဆိုခြင်းတို့ကို သင်မည်သို့ခွဲခြားမည်နည်း။
၁၅ ညည်းညူခြင်းမှတစ်ဆင့် ထိခိုက်နစ်နာစေသော အတင်းအဖျင်းစကားများ ပြောမိနိုင်သောကြောင့် ကျွန်ုပ်တို့အပြောအဆိုကို ဂရုစိုက်သင့်သည်။ အတင်းအဖျင်းစကားဟူသည် သူတစ်ပါးအကြောင်း အကျိုးမဲ့ပြောဆိုခြင်းဖြစ်၏။ သို့သော် သွားပုပ်လေလွင့်ပြောဆိုခြင်းမှာမူ သူတစ်ပါး၏ဂုဏ်သိက္ခာကိုချဖို့ မဟုတ်မမှန် ပြောဆိုခြင်းဖြစ်၏။ ဤသို့ပြောဆိုခြင်းသည် မလိုတမာစိတ်ဖြင့် ဘုရားသခင်ရေးရာမဆန်သောစကားဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ဣသရေလလူတို့ကို ဤသို့မိန့်တော်မူခဲ့သည်– “သူ့အသရေပျက်သောသတင်းကို ကြားပြောခြင်းငှာ ကိုယ်အမျိုးသားချင်းတို့တွင် မလှည့်လည်ရ။”—ဝတ်ပြုရာ ၁၉:၁၆။
၁၆။ အတင်းအဖျင်းပြောဆိုသူအချို့နှင့်ပတ်သက်၍ ပေါလု အဘယ်အရာပြောဆိုခဲ့သနည်း၊ သူ၏ဆုံးမစကားက ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်သင့်သနည်း။
၁၆ အကျိုးမဲ့စကားသည် သွားပုပ်လေလွင့်ပြောဆိုသည့် စကားဖြစ်သွားနိုင်သဖြင့် ပေါလုသည် အတင်းအဖျင်းပြောဆိုသူအချို့ကို ပွင့်လင်းစွာ ပြစ်တင်ဆုံးမခဲ့သည်။ အသင်းတော်အကူအညီရထိုက်သော မုဆိုးမများအကြောင်း သူဖော်ပြပြီးနောက် “တစ်အိမ်မှတစ်အိမ်လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့် ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ” များဖြစ်ကြသည့် မုဆိုးမများအကြောင်းကိုလည်း ပြောဆိုခဲ့သည်။ (၁ တိမောသေ ၅:၁၁-၁၅) ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် သွားပုပ် လေလွင့်ပြောဆိုတတ်သူတစ်ဦးဖြစ်လျှင် ‘တည်ကြည်သောသူဖြစ်၍ ချောစားတတ်သောသူမဟုတ်’ စေရန် ပေါလု၏ဆုံးမစကားကို ဂရုစိုက်သင့်သည်။ (၁ တိမောသေ ၃:၁၁) ခရစ်ယာန်အမျိုးသားများသည်လည်း ထိခိုက်နစ်နာစေသော အတင်းအဖျင်းစကားကို ရှောင်ကြဉ်ရပေမည်။—သု. ၁၀:၁၉။
စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်!
၁၇၊ ၁၈။ (က) ကျွန်ုပ်တို့၏ညီအစ်ကိုအား စစ်ကြောစီရင်ခြင်းအကြောင်း ယေရှု မည်သို့မိန့်ဆိုခဲ့သနည်း။ (ခ) စစ်ကြောစီရင်ခြင်းနှင့်ပတ်သက်၍ ယေရှု၏စကားကို ကျွန်ုပ်တို့ မည်သို့ကျင့်သုံးနိုင်မည်နည်း။
၁၇ ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်ကို သွားပုပ်လေလွင့်မပြောဆိုသည့်တိုင် စစ်ကြောစီရင်ခြင်းမပြုမိရန် သတိထားသင့်သည်။ ယေရှုသည် စစ်ကြောစီရင်သည့်စိတ်ထားကို အပြစ်တင်ရှုတ်ချ၍ ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကို စီရင်ကြ၏။ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။”—မဿဲ ၇:၁-၅။
၁၈ ကျွန်ုပ်တို့မျက်စိရှိ ပုံဆောင် “တံကျင်” ကြောင့်နည်းမှန်လမ်းကျ ဆုံးဖြတ်စီရင်နိုင်စွမ်းမရှိဘဲနှင့် ညီအစ်ကို၏မျက်စိမှ “ငြောင့်ငယ်” ကိုထုတ်ပေးလိုသော ရောင့်တက်ခြင်းမျိုး မရှိသင့်ချေ။ အမှန်မှာ၊ ဘုရားသခင်သည် မည်မျှသနားကြင်နာကြောင်းကို ကျွန်ုပ်တို့ အမှန်တကယ် တန်ဖိုးထားမည်ဆိုလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေး ညီအစ်ကို၊ ညီအစ်မများကို စစ်ကြောစီရင်လိုမည်မဟုတ်ချေ။ သူတို့ကို ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နည်းတူ မည်သို့သိနားလည်နိုင်မည်နည်း။ ယင်းကြောင့် ယေရှုက ကျွန်ုပ်တို့ ‘စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်’ ဟုသတိပေးခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ! ကျွန်ုပ်တို့၏အားနည်းချက်များကို ရိုးသားမှန်ကန်စွာ ဆန်းစစ်ကြည့်ခြင်းက မဖြောင့်မတ်ဟု ဘုရားသခင်ယူမှတ်တော်မူမည့် စစ်ကြောစီရင်ခြင်းကိုမပြုမိရန် တားဆီးပေးသင့်သည်။
ချည့်နဲ့သော်ငြား အသရေရှိ
၁၉။ ယုံကြည်သူချင်းများကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။
၁၉ ကျွန်ုပ်တို့သည် ယုံကြည်သူချင်းများနှင့် ပခုံးချင်းယှဉ်၍ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရန် သန္နိဋ္ဌာန်ချထားမည်ဆိုလျှင် စစ်ကြောစီရင်ခြင်းကို ရှောင်ကြဉ်ရုံမျှသာ ရှောင်ကြဉ်မည်မဟုတ်ပေ။ ကျွန်ုပ်တို့က ဦးဆောင်၍ သူတို့ကို ဂုဏ်တင်ပါမည်။ (ရောမ ၁၂:၁၀) အမှန်ဆိုရလျှင် ကျွန်ုပ်တို့၏အကျိုးကိုမဟုတ်၊ သူတစ်ပါး၏အကျိုးကို ရှာကြံပြီး နှိမ့်ချပျော်ရွှင်စွာ ဆောင်ရွက်ပါမည်။ (ယောဟန် ၁၃: ၁၂-၁၇; ၁ ကောရိန္သု ၁၀:၂၄) ဤသို့သောမွန်မြတ်သည့်စိတ်ထားကို ကျွန်ုပ်တို့ မည်သို့ဆက်ထိန်းသိမ်းထားနိုင်သနည်း။ ယုံကြည်သူအားလုံးသည် ယေဟောဝါရှေ့တွင် အဖိုးထိုက်သူတစ်ဦးဖြစ်ကြောင်းနှင့် လူ့ကိုယ်အင်္ဂါအသီးသီးသည် တခြားအင်္ဂါများကို အမှီသဟဲပြုရသကဲ့သို့ပင် ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦး လိုအပ်ကြောင်း စိတ်ထဲစွဲမှတ်ထားခြင်းအားဖြင့်ဖြစ်သည်။—၁ ကောရိန္သု ၁၂:၁၄-၂၇။
၂၀၊ ၂၁။ ၂ တိမောသေ ၂:၂၀၊ ၂၁ ပါစကားများသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂၀ ခရစ်ယာန်များသည် ဂုဏ်အသရေရှိသောဘဏ္ဍာဖြစ်သည့် ခရစ်ယာန်ဓမ္မအမှုကို လွှဲအပ်ထားခံရသည့် ချည့်နဲ့သောမြေအိုးများ အမှန်ဖြစ်ကြသည်။ (၂ ကောရိန္သု ၄:၇) ယေဟောဝါ၏ဘုန်းတော် ထင်ရှားရေးအတွက် ဤမြင့်မြတ်သောလုပ်ငန်းတော်ကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်လိုလျှင် ကိုယ်တော်နှင့် ကိုယ်တော်၏သားတော်တို့ရှေ့တွင် အသရေရှိရှိ ဆက်ရပ်တည်ရမည်ဖြစ်သည်။ ကျင့်ဝတ်တရားဘက်နှင့် ဝိညာဉ်ရေးဘက်တို့တွင် ကျွန်ုပ်တို့ စင်ကြယ်စွာနေထိုင်ကြမှသာ ဘုရားသခင်၏အသုံးတော်ခံ အသရေရှိအိုး ဖြစ်နိုင်ပေမည်။ ယင်းနှင့်စပ်လျဉ်း၍ ပေါလုက ဤသို့ရေးသားခဲ့သည်– “ကြီးစွာသောအိမ်၌ ရွှေတန်ဆာ [“အိုး၊” ကဘ]၊ ငွေတန်ဆာသာရှိသည်မဟုတ်။ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသောတန်ဆာရှိ၏။ သို့ဖြစ်၍ အထက်ဆိုခဲ့ပြီးသော အကျင့်တို့ကိုပယ်၍ မိမိကိုစင်ကြယ်စေသောသူမည်သည်ကား အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဖို့အလိုငှာ ပြင်ဆင်သောတန်ဆာဖြစ်လိမ့်မည်။”—၂ တိမောသေ ၂:၂၀၊ ၂၁။
၂၁ ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီ မနေထိုင်ကြသူများသည် ‘အသရေမရှိသောအိုး’ များဖြစ်ကြ၏။ သို့သော် ဘုရားသခင်ရေးရာလမ်းစဉ်ကို လိုက်လျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ‘အသရေရှိသောတန်ဆာ၊ ယေဟောဝါ၏လုပ်ငန်းတော်အတွက် သန့်ရှင်းသော၊ သီးသန့်ခွဲခြားထားခံရသောတန်ဆာ၊ ကောင်းသောအမှုများအဖို့အလိုငှာ ပြင်ဆင်ထားသောတန်ဆာ’ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် မိမိကိုယ်ကို ဤသို့မေးမြန်းနိုင်သည်– ‘အကျွန်ုပ်သည် “အသရေရှိသောအိုး” ဖြစ်သလော။ ယုံကြည်သူချင်းများအပေါ် ကောင်းသောသြဇာသက်ရောက်မှုရှိသလော။ အကျွန်ုပ်သည် ဝတ်ပြုသူချင်းများနှင့် ပခုံးချင်းယှဉ်၍ အလုပ်လုပ်နေသော အသင်းတော်သားတစ်ဦးလော။’
ပခုံးချင်းယှဉ်၍ ဆက်အမှုဆောင်ခြင်း
၂၂။ ခရစ်ယာန်အသင်းတော်ကို အဘယ်အရာနှင့် နှိုင်းယှဉ်နိုင်သနည်း။
၂၂ ခရစ်ယာန်အသင်းတော်သည် မိသားစုကဲ့သို့သော အစီအစဉ်တစ်ခုဖြစ်၏။ အိမ်သားအားလုံးသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ကြသောအခါ ထိုမိသားစုတွင် မေတ္တာပါပါ ဝိုင်းဝန်းကူညီတတ်သော သာယာချမ်းမြေ့ဖွယ် ဝန်းကျင်ရှိ၏။ မိသားစုတစ်စုတွင် ဥပဓိရုပ်ချင်းမတူသူ အသီးသီးရှိကြသော်လည်း တစ်ဦးစီမှာ အသရေရှိသောအနေအထားရှိ၏။ အသင်းတော်တစ်ခုတွင်လည်း ထိုနည်းထပ်တူပင်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် မတူကြသည့်အပြင် မစုံလင်သူများဖြစ်ကြသော်လည်း ဘုရားသခင်သည် ခရစ်တော်မှတစ်ဆင့် ကျွန်ုပ်တို့ကို ခေါ်ဆောင်ထားခဲ့ပြီ။ (ယောဟန် ၆:၄၄; ၁၄:၆) ယေဟောဝါနှင့် ယေရှုသည် ကျွန်ုပ်တို့ကို ချစ်တော်မူ၏၊ ကျွန်ုပ်တို့သည် စည်းလုံးသောမိသားစုတစ်စုကဲ့သို့ အချင်းချင်းကို မေတ္တာပြဖို့လိုသည်။—၁ ယောဟန် ၄:၇-၁၁။
၂၃။ ကျွန်ုပ်တို့သည် အဘယ်အရာကို သတိရသင့်ပြီး အဘယ်အရာကို လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချသင့်သနည်း။
၂၃ မိသားစုကဲ့သို့ ခရစ်ယာန်အသင်းတော်တွင်လည်း တည်ကြည်မှုကိုရှာတွေ့ရန် အမှန်မျှော်လင့်နိုင်သည့် နေရာတစ်ခုဖြစ်၏။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။” (၁ တိမောသေ ၂:၈) ထိုသို့ဖြင့် ပေါလုသည် ခရစ်ယာန်များအတူတကွ စည်းဝေးသည့် “အရပ်ရပ်တို့၌” လူအများရှေ့ ဆုတောင်းခြင်းနှင့် တည်ကြည်မှုကို ဆက်စပ်ဖော်ပြခဲ့သည်။ တည်ကြည်သောအမျိုးသားများသာလျှင် အသင်းတော်ကိုယ်စား လူအများရှေ့ ဆုတောင်းသင့်၏။ အမှန်ဆိုရလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံး ကိုယ်တော်နှင့် အချင်းချင်းအပေါ် တည်ကြည်မှုရှိကြဖို့ မျှော်လင့်၏။ (ဒေ. ၁၂:၁၃၊ ၁၄) ထို့ကြောင့် လူ့ကိုယ်အင်္ဂါချင်းများကဲ့သို့ ကျွန်ုပ်တို့သည် ညီညွတ်စွာ အတူတကွလုပ်ဆောင်ကြရန် သန္နိဋ္ဌာန်ချကြစို့လေ။ ယေဟောဝါအား ဝတ်ပြုသူများ၏ မိသားစုဝင်အဖြစ်လည်း စည်းလုံးစွာ အမှုဆောင်ကြပါလေ။ ထို့ထက်ကား၊ ကျွန်ုပ်တို့ တစ်ဦးကိုတစ်ဦး လိုအပ်ကြောင်းနှင့် ယေဟောဝါ၏အမှုတော်ကို ပခုံးချင်းယှဉ်၍ ဆက်အမှုဆောင်ကြမည်ဆိုလျှင် ဘုရားသခင်၏မျက်နှာသာတော်နှင့် ကောင်းချီးများ ခံစားရမည်ဖြစ်ကြောင်း သတိရကြပါစို့လေ။
သင်မည်သို့ဖြေဆိုမည်နည်း
• ယေဟောဝါ၏လူမျိုးတော်ကို အဘယ်အရာက ပခုံးချင်းယှဉ်၍ အမှုဆောင်စေနိုင်သနည်း။
• ခရစ်ယာန်များသည် အဘယ်ကြောင့် မျက်နှာလိုက်ခြင်းကို ရှောင်ကြဉ်ကြသနည်း။
• ညည်းညူခြင်းသည် မှားကြောင်း သင်ဘာဆိုမည်နည်း။
• ယုံကြည်သူချင်းများကို အဘယ်ကြောင့် ဂုဏ်တင်အပ်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
“ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူကြောင်း” ပေတရုသိမြင်ခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဘုရားသခင်သည် မိရိအံကို အဘယ်ကြောင့် အရှက်ရစေခဲ့ကြောင်း သင်သိသလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
တည်ကြည်သောခရစ်ယာန်များသည် ယေဟောဝါ၏အမှုတော်ကို ပခုံးချင်းယှဉ်၍ ပျော်ရွှင်စွာ အမှုဆောင်ကြ