မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းလော့”

“ဘုရားသခင်၏သိုးတော်စုကို ထိန်းကျောင်းလော့”

“ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်”

“ဘုရားသခင်​၏​သိုးတော်စု​ကို ထိန်းကျောင်း​လော့”

“ကျွန်မ​တို့​ရဲ့​စကား​ကို​နားထောင်ဖို့ အမြဲ​အသင့်ရှိ​ပြီး ကျမ်းစာ​နဲ့​အားပေးကြတယ်။”—ပယ်​မီ​လာ။

“ကျွန်တော်​တို့အားလုံး​ရဲ့​အကျိုးအတွက် သင်တို့​ပြုလုပ်​သမျှ​ကို ကျေးဇူး​တင်​ပါ​တယ်။ ကျွန်တော်​တို့အတွက် တကယ်​အကူအညီ ဖြစ်တယ်။”—ရောဘတ်။

ပယ်​မီ​လာ​နှင့် ရောဘတ်တို့​သည် သူတို့၏​သက်ဆိုင်ရာ​အသင်းတော်များ​မှ ခရစ်ယာန်​အကြီးအကဲ​များ​ထံ ဤသို့​ကျေးဇူး​တင်​စကား​များ ရေးပို့​ပေး​ရန် လှုံ့ဆော်​ခံ​ခဲ့​ကြ​ရသည်။ ကမ္ဘာ​တစ်ဝန်း​ရှိ ဘုရားသခင့်​ကျေးကျွန်​များ​ထဲ​မှ တခြားသူ​များလည်း “ဘုရားသခင်​၏​သိုးတော်စု​ကို ထိန်းကျောင်း” သူတို့​ထံ​မှ​ရရှိ​သည့် မပြတ်​တမ်း​ထောက်မမှု​နှင့် ကြည့်ရှု​စောင့်ရှောက်မှု​တို့အတွက် ကျေးဇူး​တင်​ကြသည်။ (၁ ပေတရု ၅:၂) အမှန်​မှာ ယေဟောဝါ​၏​လူမျိုး​သည် သူတို့၏​အကျိုးအတွက် အကြီးအကဲ​များ လုပ်ဆောင်ခဲ့​ရာ​များစွာ​နှင့် သူတို့​လုပ်ဆောင်ပုံ​များ​အတွက် ကျေးဇူး​တင်​ကြသည်။

‘လုပ်ကိုင်​စ​ရာ​များစွာ​ရှိ’

ခရစ်ယာန်​အကြီးအကဲ​များ ထမ်းဆောင်​ကြ​ရသည့်​တာဝန် မြောက်မြားစွာ​ရှိသည်။ (လုကာ ၁၂:၄၈) သူတို့သည် အသင်းတော်​အစည်းအဝေး​များ​အတွက် ဟောပြောချက်​များ​ကို ပြင်ဆင်​ကြ​ရပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို လူသိရှင်ကြား​ဟောပြောခြင်း​တွင်​လည်း ပါဝင်​ကြသည်။ သူတို့​ထမ်းဆောင်​ရသော​တာဝန်​များ​တွင် ယုံကြည်သူချင်း​များ​ထံ သိုးထိန်း​လည်ပတ်မှုများ ပြုလုပ်ခြင်း ပါဝင်​သည်။ အကြီးအကဲ​များသည် မိမိတို့​မိသားစု​များ​၏ ကာယရေး​နှင့် ဝိညာဉ်​ရေး​ကို လျစ်လျူ​မ​ရှု​ဘဲ အထူး​ဂရုစိုက်​မှု​လိုအပ်​နေ​သူများ​ဖြစ်သည့် သက်ကြီးရွယ်အို​များနှင့် တခြားသူ​များ​ကို​ပါ အချိန်ပေး​ကြ​၏။ (ယောဘ ၂၉:၁၂-၁၅; ၁ တိမောသေ ၃:၄၊ ၅; ၅:၈) အကြီးအကဲ​တချို့​သည် နိုင်ငံတော်​ခန်းမ​များ ဆောက်လုပ်ရေး​တွင် ပါဝင်​ကူညီ​ကြ​၏။ တချို့​သည် ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​များ​တွင် ပါဝင်​ထမ်းဆောင်​ကြသည်၊ အခြားသူများ​မှာ​မူ လူနာများ​ထံ လည်ပတ်​သည့်​အုပ်စု​များ​တွင် ပါဝင်​ကြသည်။ ထို့​အပြင် သူတို့​အများစု​သည် စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​တွင် စေတနာ့​ဝန်ထမ်း​ကြသည်။ မှန်ပါသည်၊ အကြီးအကဲ​များ​အတွက် ‘သခင်​ဘုရား​၏​အမှုတော်​၌ လုပ်ကိုင်​စ​ရာ​များစွာ​ရှိ’ သည်။ (၁ ကောရိန္သု ၁၅:၅၈) ထိုသို့​အလုပ်​ကြိုးစား​သူ အကြီးအကဲ​များ​ကို ၎င်း​တို့​ကြည့်ရှု​စောင့်ရှောက်​ရန် အပ်နှင်း​ခံရ​သူတို့ အလွန်​လေးမြတ်​တန်ဖိုး​ထား​ကြ​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ!—၁ သက်သာလောနိတ် ၅:၁၂၊ ၁၃

ဝိညာဉ်​ရေး​အရ အားပေး​ရန် ခရစ်ယာန်​ချင်း​များ​၏ အိမ်များ​သို့​ဖြစ်စေ၊ တခြား​တစ်​နေရာ​ရာ​သို့​ဖြစ်စေ အကြီးအကဲ​များ မှန်မှန်​လည်ပတ်ခြင်း​သည် တကယ်​အားပေး​တည်ဆောက်မှု​ဖြစ်သည်။ “အကြီးအကဲ​တွေ​ရဲ့ မေတ္တာပြည့်​ဝ​တဲ့ ထောက်မ​ကူညီ​မှု​နဲ့ အားပေးမှု​မရခဲ့​ရင် ဒီနေ့ အချိန်ပြည့်​အမှုဆောင်​တစ်ဦး​အဖြစ် ယေဟောဝါ​ကို ကျွန်တော် အမှုဆောင်​နိုင်​လိမ့်မယ်လို့ မထင်​ဘူး” ဟု​ဖခင်​မဲ့​အိမ်​တွင် ကြီးပြင်း​လာ​သည့် သောမတ်စ်​က ပြောပြ​သည်။ ကြင်ဖော်​မဲ့​မိသားစုတွင် ကြီးပြင်း​လာ​ကြ​သည့် လူငယ်များစွာသည် အကြီးအကဲ​များ​ထံ​မှ သူတို့​ရရှိ​သည့် ဂရုစိုက်​မှု​ကြောင့် ယေဟောဝါ​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို ပျိုးထောင်​ရန် အထောက်အကူ​ရခဲ့ကြောင်း အသိအမှတ်ပြု​ကြသည်။

သိုးထိန်း​လည်ပတ်မှုများ​ကို အသင်းတော်​ရှိ သက်ကြီးရွယ်အို​များ​က​လည်း အလွန်​တန်ဖိုး​ထား​ကြသည်။ အကြီးအကဲ​နှစ်ဦး လာရောက်​လည်ပတ်​ပြီး​နောက် အသက် ၈၀ ဝန်းကျင်ရှိ ခရစ်ယာန်​သာသနာပြု​မောင်နှံ​တစ်စုံ​က ဤသို့​စာရေး​ခဲ့​ကြသည်– “သင်တို့၏​လည်ပတ်မှု​အတွက် ကျွန်တော်​တို့​ကျေးဇူး​တင်​ပါ​တယ်။ သင်တို့​ပြန်သွား​တာ​နဲ့ ကျွန်တော်​တို့​နဲ့​အတူ သုံးသပ်​ဖတ်ရှု​ခဲ့​တဲ့ ကျမ်းချက်​တွေ​ကို ပြန်ဖတ်​ကြတယ်။ သင်တို့ရဲ့ အားပေး​စကား​တွေ​ကို ကျွန်တော်​တို့ လုံးဝ​မေ့​မှာ​မဟုတ်ဘူး။” အသက် ၇၀ ရှိ​မုဆိုးမ​တစ်ဦး​က အကြီးအကဲ​များ​ထံ ဤသို့​စာရေး​ခဲ့​သည်– “ကျွန်မ​ကို​ကူညီ​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​နေတာ၊ ကျွန်မ​ရဲ့​အိမ်ကို ညီအစ်ကို​တို့​နှစ်ယောက်ကို ဘုရားသခင်​စေလွှတ်​တာ​ပဲ။ သင်တို့ရဲ့​လည်ပတ်မှု​ဟာ ယေဟောဝါ​ဆီက တကယ့်​ကောင်းချီး​ပါ​ပဲ!” သင့်​အသင်းတော်​မှ အကြီးအကဲ​များ သင့်ထံ မကြာမီ​က လည်ပတ်​ရောက်ရှိ​လာ​ခဲ့​ပါသလော။ သူတို့​ကြည့်ရှု​ထိန်းကျောင်း​ဖို့​တာဝန်ရ​ထားသော သိုးတော်စု​ကို သူတို့​ကြိုးစား​ဂရုစိုက်​ကြ​ခြင်း​ကို ကျွန်ုပ်​တို့အားလုံး လေးမြတ်​တန်ဖိုး​ထား​ကြ​မည် သေချာ​ပါ​သည်။

ဘုရားသခင်​နှင့် ခရစ်တော်​ကို​တုပ​သည့် သိုးထိန်း​များ

ယေဟောဝါ​သည် မေတ္တာပြည့်​ဝ​သော​သိုးထိန်း​ဖြစ်​တော်​မူ​၏။ (ဆာလံ ၂၃:၁-၄; ယေရမိ ၃၁:၁၀; ၁ ပေတရု ၂:၂၅) ယေရှု​ခရစ်တော်​သည်လည်း ထူးခြားသော​သိုးထိန်း​ဖြစ်၏။ ကိုယ်တော်​အား “ကောင်းသော​သိုးထိန်း၊” “သိုးထိန်းကြီး” နှင့် “သိုးထိန်း​ချုပ်” ဟု​ခေါ်ထား​၏။ (ယောဟန် ၁၀:၁၁; ဟေဗြဲ ၁၃:၂၀; ၁ ပေတရု ၅:၄က​ဘ) ယေရှု၏​တပည့်ဖြစ်​လို​သူတို့အား ကိုယ်တော် မည်သို့​ဆက်ဆံ​ခဲ့​သနည်း။ ကိုယ်တော်​က သူတို့ကို ဤသို့​နွေးထွေး​စွာ ဖိတ်ခေါ်​သည်– “ဝန်လေး၍​ပင်ပန်း​သော​သူအပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်။”—မဿဲ ၁၁:၂၈က​ဘ။

အလားတူ ယနေ့ အကြီးအကဲ​များသည် သိုးတော်စု​ကို လန်းဆန်းမှု​ပေး​၍ ကာကွယ်​ပေး​သူများ​ဖြစ်​ရန် ကြိုးစား​ကြသည်။ သူတို့သည် “လေ​လုံ၍ မိုးသက်မုန်တိုင်း​ကွယ်ရာ​အရပ်​ကဲ့သို့​လည်းကောင်း၊ သွေ့ခြောက်​သော​မြေ​၌​စီး​သော ချောင်းရေ​ကဲ့သို့​လည်းကောင်း၊ နေ​ပူ​သော​အရပ်၌ ကျောက်လုံး​ကြီး​အရိပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ကြ” ပါ​သည်။ (ဟေရှာယ ၃၂:၂) ထိုသို့​ကာကွယ်​စောင့်ရှောက်​ပေး​သူများ​သည် လန်းဆန်းမှု​ပေး​ကြ​၏၊ သိုးတော်စု​၏​လေးစားမှု​ခံရ​ကြ​ပြီး ဘုရားသခင့်​မျက်နှာသာ​ရရှိကြ​၏။—ဖိလိပ္ပိ ၂:၂၉; ၁ တိမောသေ ၅:၁၇

၎င်းတို့၏​ဇနီးသည်​များ​ထံ​မှ အဖိုးတန်​ထောက်မမှု

ဘုရားသခင့်​လူမျိုး​သည် ခရစ်ယာန်​အကြီးအကဲ​များ​၏​အကူအညီ​နှင့် ၎င်းတို့၏​ဇနီးသည်​များ သူတို့​လင်သား​များ​အား,ပေး​သည့် မေတ္တာပါ​ထောက်မ​ကူညီ​မှု​အတွက်​ပါ ကျေးဇူး​တင်​ကြသည်။ သူတို့​လင်သား​များ​ကို အထောက်အကူ​ပြု​ရာ​တွင် ထို​အမျိုးသမီးများ​သည် ကိုယ်ကျိုး​စွန့်​ကြ​ရသည်။ ရံဖန်ရံခါ သူတို့၏​ခင်ပွန်း​များ အသင်းတော်​ကိစ္စ လုပ်ဆောင်နေ​စဉ်၊ သို့​မဟုတ် သိုးထိန်း​လည်ပတ်မှုများ​ပြုလုပ်​နေစဉ် ထို​အမျိုးသမီးများ​သည် အိမ်​တွင်​ကျန်ရစ်​နေကြ​ရ၏။ တစ်ခါတစ်ရံ အသင်းတော်တွင် အရေးပေါ်​ကိစ္စ​တစ်ခုခု ပေါ်လာ​သောကြောင့် အသေအချာ​ကြိုတင်​စီစဉ်​ထားသော ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ကို ပြောင်းလဲ ရွှေ့ဆိုင်း​လိုက်​ကြ​ရ၏။ “ကျွန်မ​ရဲ့​ခင်ပွန်း​က အစည်းအဝေးတွေ​အတွက်​ပြင်ဆင်​လိုက်၊ သိုးထိန်း​လည်ပတ်မှု​လုပ်လိုက်နဲ့ ဘယ်လောက်​အလုပ်​များနေ​တယ်​ဆိုတာ​ကို မြင်တဲ့အခါ ယေဟောဝါ​အတွက် သူ​အလုပ်များ​နေတာပဲ​လေ​ဆိုပြီး ကျွန်မ​အတတ်နိုင်ဆုံး ထောက်မ​ကူညီပေး​တယ်” ဟု မစ်ရှယ်လ်​က​ပြော​သည်။

အကြီးအကဲ​တစ်ဦး​ကို ထိမ်းမြား​ထား​သည့် ရှယ်ရယ်လ်​က​လည်း ဤသို့​ဆို​သည်– “အသင်းတော်က ညီအစ်ကို​ညီအစ်မ​တွေ​ဟာ အကြီးအကဲ​တွေ​နဲ့ စကားပြော​ဆို​ဖို့ လိုတယ်​ဆိုတာ​ကို ကျွန်မ​သိတယ်၊ သူတို့​အကူအညီ​လို​တိုင်း ကျွန်မ​ခင်ပွန်း​ဆီ​လာပြီး အကူအညီ​တောင်း​နိုင်တယ်​ဆိုတာ သူတို့ကို​သိစေချင်တယ်။” မစ်ရှယ်လ်​နဲ့ ရှယ်ရယ်လ်​တို့​ကဲ့သို့ အထောက်အကူ​ဖြစ်​ကြ​သည့် အမျိုးသမီးများ​သည် သူတို့၏​ခင်ပွန်း​သည်​များ ဘုရားသခင့်​သိုးများ​ကို ကြည့်ရှု​စောင့်ရှောက်​နိုင်​ရန် လိုလိုလားလား ကိုယ်ကျိုး​စွန့်​ကြသည်။ အကြီးအကဲ​များ​၏​ဇနီးသည်​များ တင်ပြ​ကြ​သည့် အထောက်အကူ​ပြု​လို​သော​စိတ်ဓာတ်​အတွက် သူတို့ကို လေးမြတ်​တန်ဖိုး​ထား​ကြ​ရသည်။

သို့​တိုင် အလုပ်များ​သော အကြီးအကဲ​တစ်ဦး​သည် မိမိ​ဇနီး​နှင့် သားသမီး​များ​၏ ဝိညာဉ်​ရေး​အပြင် တခြား​လိုအပ်ချက်​များ​ကို လျစ်လျူရှု​မထား​နိုင်​ချေ။ အိမ်ထောင်သည်​အကြီးအကဲ​တစ်ဦး​သည် “အပြစ်တင်​ခွင့်​နှင့်​ကင်းလွတ်​သော​သူ၊ မယား​တစ်ယောက်တည်း​ရှိသောသူ . . . သူ၏​သားသမီးတို့​သည် ကာ​မ​ဂုဏ်​၌​လွန်ကျူး​သည်​ဟု အပြစ်​တင်​ခြင်း၊ နားမထောင်ခြင်း​နှင့်​လွတ်” သော​သူများ ဖြစ်​ကြ​ရမည်။ (တိတု ၁:၆) သူသည် ခရစ်ယာန်​ကြီးကြပ်မှူး​များ​ထံ​မှ ကျမ်းစာ​တောင်းဆို​ထား​သည့် ဘုရားသခင်​ရေးရာ နည်းလမ်း​အတိုင်း မိမိ၏​အိမ်ထောင်​ကို ကြည့်ရှု​စောင့်ရှောက်​ရမည်​ဖြစ်သည်။—၁ တိမောသေ ၃:၁-၇

အလုပ်များ​သော အကြီးအကဲ​တစ်ဦး​အတွက် ထောက်မ​ကူညီ​မှု​ဖြစ်သော​ဇနီး​တစ်ဦး​သည် အလွန်​တန်ဖိုး​ရှိ​လှ​သည်! ထောက်ထား​စာနာစိတ်​ရှိသည့် အိမ်ထောင်သည် အကြီးအကဲ​များ ထိုသို့​ပင်​ခံစား​ကြ​ရသည်။ ကျမ်းစာ​ပြော​ထား​သည့်​အတိုင်း​ပင် “မယား [“ကောင်း၊” က​ဘ] ကို​ရသော​သူသည် ကောင်းသော​အရာ​ကို​ရ​၍ ထာဝရ​ဘုရား​၏​ကျေးဇူးတော်​ကို​ခံရ​၏။” (သု. ၁၈:၂၂) ထိုသို့​သော​အကြီးအကဲ​များသည် ၎င်းတို့၏​ဇနီးသည်​များ​ကို လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ကြောင်း အပြော​နှင့် အလုပ်​ဖြင့် ဖော်ပြ​ကြသည်။ ဤ​အိမ်ထောင်သည်​မောင်နှံစုံ​များသည် အတူတကွ ထက်သန်​စွာ​ဆုတောင်း​ကြ၊ ပျော်ရွှင်စွာ​လေ့လာ​ဖတ်ရှု​ကြ​သည့်​အပြင် ဘဝ၏​သာယာမှု​များ​ဖြစ်သည့် ပင်လယ်​ကမ်းခြေ​တွင် လမ်းလျှောက်ခြင်း၊ တောတောင်​အရပ်​တွင် ခြေလျင်​ခရီးထွက်​ခြင်း၊ ပန်းခြံ​တွင် အေးအေးဆေးဆေး​လမ်းလျှောက်ထွက်​ခြင်း​တို့အတွက် အချိန်ပေး​ကြသည်။ မှန်​ပါ​၏၊ အကြီးအကဲ​များသည် သူတို့၏​ဇနီးသည်​များ​ကို ချစ်ခင်​ကြင်နာ​စွာ ဂရုစိုက်​ကြ​ခြင်း​မှ အားရ​ရွှင်လန်းမှု​ရရှိ​ကြသည်။—၁ ပေတရု ၃:၇

ဘုရားသခင်​၏​သိုးတော်စု​ကို ကိုယ်ကျိုး​ကင်းမဲ့​စွာ ထိန်းကျောင်း​သည့် အကြီးအကဲ​များသည် ယေဟောဝါ​၏​လူမျိုး​တို့ကို ဝိညာဉ်​ရေး​ဘက် တကယ်​လန်းဆန်း​စေပါ​သည်။ သူတို့သည် အသင်းတော်​အတွက် အမှန်တကယ်​ပင် ကောင်းချီး​တစ်ရပ်​ဖြစ်သည်၊ “လူ​တို့​တွင်​ဆုလာဘ်များ” အမှန်​ဖြစ်​ကြ​ပါ​သည်။—ဧဖက် ၄:၈၊ ၁၁-၁၃က​ဘ။