ယေဟောဝါရှေ့တော်၌ ကျွန်ုပ်တို့၏နေ့ရက်များတန်ဖိုးရှိရန် မည်သို့ပြုလုပ်နိုင်မည်နည်း
ယေဟောဝါရှေ့တော်၌ ကျွန်ုပ်တို့၏နေ့ရက်များတန်ဖိုးရှိရန် မည်သို့ပြုလုပ်နိုင်မည်နည်း
“ယမန်နေ့ နေထွက်ချိန်နှင့် နေဝင်ချိန်ကြားလောက်တွင် စိန်မိနစ်အလုံးခြောက်ဆယ်စီဖြင့် စီခြယ်ထားသည့် ရွှေနှစ်နာရီ ပျောက်ဆုံးသွား၏။ တွေ့ရှိသူအား ကျေးဇူးဆပ်ပါမည်ဟူသည့် ကမ်းလှမ်းချက်မရှိပေ၊ အကြောင်းမှာ ယင်းတို့ကို ဘယ်တော့မှ ပြန်မရနိုင်တော့သောကြောင့်ပင်!”—လိဒီယာ အိပ်ခ်ျ. ဆိဂါနီ၊ အမေရိကန် စာရေးဆရာမ (၁၇၉၁-၁၈၆၅)။
အသက်သည် တိုတောင်း၍ မြန်မြန်လွန်သွားပုံရသည်။ လူ့သက်တမ်း တိုတောင်းမှုကို ဆာလံဆရာဒါဝိဒ် ဆင်ခြင်သုံးသပ်မိကာ ဤသို့ဆုတောင်းခဲ့ရလေသည်– “အိုထာဝရဘုရား အကျွန်ုပ်၏အဆုံးကိုလည်းကောင်း၊ အသက်အပိုင်းအခြားကိုလည်းကောင်း သိစေတော်မူပါ။ အကျွန်ုပ်အသက်တာ မည်မျှဖြစ်သည်ကို သိပါရစေ။ အကျွန်ုပ်၏နေ့ရက်များကို တစ်မိုက်နှစ်မိုက်မျှသာ ခန့်ထားတော်မူပါပြီ။ အသက်တာသည် ရှေ့တော်၌ ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။” ဒါဝိဒ်သည် သူ၏အပြောအဆို၊ အပြုအမူအားဖြင့်ပါ ဘုရားသခင့်စိတ်တော်နှင့်တွေ့သည့်လမ်းစဉ်တွင် အသက်ရှင်လိုခဲ့သည်။ ထို့ကြောင့် သူက “အကျွန်ုပ်၏မျှော်လင့်ခြင်းသည် ကိုယ်တော်၌သာရှိပါ၏” ဟုဆို၍ ဘုရားသခင်ကို အားထားမှီခိုရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ (ဆာလံ ၃၉:၄၊ ၅၊ ၇၊ သမ္မာ) ယင်းကို ယေဟောဝါ နားညောင်းတော်မူခဲ့၏။ ကိုယ်တော်သည် ဒါဝိဒ်၏ လုပ်ဆောင်ချက်များကို အကဲခတ်ပြီး သင့်တော်သလို ဆုချတော်မူခဲ့သည်။
မိနစ်စက္ကန့်တိုင်း မနားမနေ အလုပ်များနေရန် အလွန်လွယ်ကူသည်။ အထူးသဖြင့် လုပ်စရာ၊ တွေ့ ကြုံခံစားစရာ အလွန်များပြားပြီး ယင်းတို့ကိုပြုလုပ်ရန် အချိန်မလောက်နိုင်သည့်အတွက် စိုးရိမ်ပူပန်စရာဖြစ်စေနိုင်သည်။ ကျွန်ုပ်တို့လည်း ဒါဝိဒ်ကဲ့သို့ပင် ဘုရားသခင့်စိတ်တော်နှင့်တွေ့သောအသက်တာဖြင့် အသက်ရှင်လိုပါသလော။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီကို အမှန်တကယ်ပင် ဂရုစိုက်ကြည့်ရှုပြီး အသေအချာစစ်ဆေးတော်မူ၏။ ဘုရားသခင်အားကြောက်ရွံ့သူ ယောဘသည် မိမိ၏ပြုမူကျင့်ကြံပုံများနှင့် လုပ်ဆောင်ချက်အားလုံးကို ယေဟောဝါမြင်တော်မူပြီး စစ်ဆေးတော်မူကြောင်း လွန်ခဲ့သည့်နှစ်ပေါင်း ၃,၆၀၀ ခန့်က အသိအမှတ်ပြုခဲ့၏။ သို့နှင့် ယောဘသည် အဖြေမတောင်းဘဲ ဤသို့မေးခဲ့သည်– “[ကိုယ်တော်] စစ်ကြောတော်မူသောအခါ အဘယ်သို့ပြန်လျှောက်ရမည်နည်း။” (ယောဘ ၃၁:၄-၆၊ ၁၄) ဝိညာဉ်ရေးဆိုင်ရာ ဦးစားထားရာများကို သတ်မှတ်ခြင်း၊ ကိုယ်တော့်အမိန့်တော်များကို နာခံခြင်းနှင့် အချိန်ကို ပညာရှိရှိ အသုံးပြုခြင်းအားဖြင့် ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့၏နေ့ရက်များတန်ဖိုးရှိစေရန် လုပ်ဆောင်နိုင်ပါသည်။ ဤကိစ္စရပ်များကို အနီးကပ် ဆင်ခြင်သုံးသပ်ကြည့်ကြပါစို့။
ဝိညာဉ်ရေးရာများကို ကျွန်ုပ်တို့၏အဓိကထားရာဖြစ်စေပါ
မှုတ်သွင်းခံကျမ်းစာစောင်များက ‘သာ၍အရေးကြီးသောအရာများကို . . . သေချာစေပါ’ ဟုဆိုရာတွင် ဝိညာဉ်ရေးဆိုင်ရာ ဦးစားထားရာများကို သတ်မှတ်ကြရန် ကျွန်ုပ်တို့အား သင့်လျော်စွာတိုက်တွန်းသည်။ ဤအရေးကြီးသောအရာများကား အဘယ်နည်း။ အဖြေတွင် ‘တိကျမှန်ကန်သောအသိပညာနှင့် ပြည့်ဝစုံလင်သောပိုင်းခြားဝေဖန်နိုင်စွမ်း’ တို့ပါဝင်ပေသည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀၊ ကဘ) ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့်ဆိုင်သည့် အသိပညာကို ဆည်းပူးရန် ကျွန်ုပ်တို့အချိန်ကို ပညာရှိရှိအသုံးပြုဖို့လိုသည်။ ထိုသို့ဝိညာဉ်ရေးရာများကို အဓိကထားခြင်းဖြင့် အကျိုးနပ်အားရပြီး ကျေနပ်ဖွယ်အသက်တာကို ဖြစ်စေပေလိမ့်မည်။
တမန်တော်ပေါလုက ကျွန်ုပ်တို့အား ‘ဘုရားသခင်လက်ခံတော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို ဆက်၍သေချာစေ’ ရန် သတိပေးနှိုးဆော်သည်။ သေချာစေခြင်းတွင် ကျွန်ုပ်တို့၏ သဘောထားများနှင့် စိတ်လိုအင်ဆန္ဒများကို ကိုယ်တိုင်စစ်ဆေးခြင်း ပါဝင်ရမည်။ တမန်တော်က “သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့” ဟုဆက်ပြောသည်။ (ဧဖက် ၅:၁၀၊ ၁၇) သို့ဖြစ်၍ ယေဟောဝါနှစ်သက်လက်ခံတော်မူသည့်အရာကား အဘယ်နည်း။ ကျမ်းစာပါ ပညာရှိစကားတစ်ခွန်းက ဤသို့ဆိုသည်– “ပညာသည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းပူးသမျှသောဥစ္စာတို့တွင် ဉာဏ်ကိုဆည်းပူးလော့။ သူ့ကိုအမြတ်ထားလော့။ သူသည်သင့်ကိုချီးမြှောက်လိမ့်မည်။” (သု. ၄:၇၊ ၈) ဘုရားသခင်ရေးရာဉာဏ်ပညာကို ဆည်းပူး၍ ထိုသို့ကျင့်သုံးသူကြောင့် ယေဟောဝါဝမ်းမြောက်တော်မူ၏။ (သု. ၂၃:၁၅) ထိုသို့သောဉာဏ်ပညာ၏ တင့်တယ်မှုမှာ ၎င်းကိုနုတ်ယူပစ်၍မရ၊ မဖျက်ဆီးနိုင်ခြင်းဖြစ်သည်။ အမှန်မှာ ယင်းသည် “ဆိုးသောလမ်းမှ” လွတ်စေ၍ “ကောက်သောစကားကိုပြောတတ်သောသူ” မှကာကွယ်ပေးသည်။—သု. ၂:၁၀-၁၅။
ထို့ကြောင့် ဝိညာဉ်ရေးရာများအပေါ် ပေါ့ပေါ့တန်တန်သဘောထားခြင်းကို ဆီးတားခြင်းသည် တကယ်ပင်ပညာရှိရာရောက်ပေသည်! ကျွန်ုပ်တို့သည် ယေဟောဝါ၏မိန့်ဆိုချက်များကို တန်ဖိုးထားလေးမြတ်ပြီး ကိုယ်တော့်အား ကြောက်ရွံ့သည့်သဘောထားရှိဖို့ ကြိုးစားပြုစုပျိုးထောင်ရန်လိုအပ်သည်။ (သု. ၂၃:၁၇၊ ၁၈) ထိုသို့သောစိတ်သဘောထားကို အချိန်မရွေးရယူနိုင်သည်ဖြစ်သော်လည်း ကျွန်ုပ်တို့ငယ်ရွယ်စဉ်တွင် ဤဖြောင့်မှန်သောစံနှုန်းကိုသတ်မှတ်ပြီး သမ္မာကျမ်းစာမူများကို ကျွန်ုပ်တို့၏ပင်ကိုစရိုက်ဖြစ်စေခြင်းက အကောင်းဆုံးဖြစ်သည်။ ပညာရှိရှောလမုန်ဘုရင်က “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကိုအောက်မေ့လော့” ဟုဆို၏။—ဒေ. ၁၂:၁။
ယေဟောဝါအား တန်ဖိုးထားလေးမြတ်မှု ပြုစုပျိုးထောင်ပေးရန် လက်ပွန်းတတီးအဖြစ်ဆုံးနည်းလမ်းမှာ ကိုယ်တော့်ထံ နေ့စဉ်ဆုတောင်းခြင်းအားဖြင့်ဖြစ်သည်။ ယေဟောဝါကို ယုံကြည်အားထားခြင်း၏အရေးပါမှုကို ဒါဝိဒ်အသိအမှတ်ပြုခဲ့သည့်အတွက် သူက “အိုထာဝရဘုရား အကျွန်ုပ်ဆုတောင်းခြင်း . . . ကို ကြားတော်မူပါ။ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍နေတော်မမူပါနှင့်” ဟူ၍အသနားခံဆုတောင်းခဲ့သည်။ (ဆာလံ ၃၉:၁၂) ဘုရားသခင်နှင့် ကျွန်ုပ်တို့အလွန်ရင်းနှီးကျွမ်းဝင်သောကြောင့် တစ်ခါတစ်ရံ စိတ်လှုပ်ရှားပြီး မျက်ရည်ကျသည်အထိ ဆုတောင်းဖူးပါသလော။ ကျွန်ုပ်တို့၏အတွင်းရေးကိစ္စများကို ယေဟောဝါအား ဆက်သွယ်ဖွင့်ဟပြောဆိုလေ၊ ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်လေ၊ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ပိုရင်းနှီးကျွမ်းဝင်လာလေဖြစ်မည်။—ယာကုပ် ၄:၈။
နာခံမှုကိုသင်ယူပါ
မောရှေသည် ဘုရားသခင်ကိုမှီခိုအားထားရကြောင်း အသိအမှတ်ပြုသော ယုံကြည်ခြင်းရှိသူ နောက်တစ်ဦးဖြစ်သည်။ လူ့အသက်တာသည် ပြဿနာနှင့် ပြည့်နေကြောင်း ဒါဝိဒ်အသိအမှတ်ပြုသည်နည်းတူ မောရှေလည်း သိမြင်နားလည်ခဲ့သည်။ ထို့ကြောင့် သူသည် ‘ပညာနှင့်ပြည့်စုံသောစိတ်ဉာဏ်ကို ရရှိမည်အကြောင်း သူ၏နေ့ရက်ကာလကို ရေတွက်တတ်ရန် သွန်သင်တော်မူပါ’ ဟု ဘုရားသခင်အား တိုးလျှိုးတောင်းပန်ခဲ့သည်။ (ဆာလံ ၉၀:၁၀-၁၂၊ သမ္မာ) ယေဟောဝါ၏ပညတ်တော်များနှင့် မူများကို သင်ယူကျင့်သုံးခြင်းအားဖြင့်သာ ပညာနှင့်ပြည့်စုံသောစိတ်ဉာဏ်ရရှိနိုင်မည်။ ယင်းကို မောရှေသိနားလည်ခဲ့ပြီး ဣသရေလလူမျိုး ကတိထားရာပြည်တော်ထဲမဝင်မီ သူတို့အား ဘုရားသခင့်ပညတ်တော်များနှင့် စည်းမျဉ်းဥပဒေများကို ထပ်ခါတလဲလဲပြောပြခြင်းအားဖြင့် ထိုအရေးကြီးသည့် အမှန်တရားကို သူတို့စိတ်စွဲမှတ်ထားစေရန် ကြိုးစားအားထုတ်ခဲ့သည်။ ဣသရေလလူမျိုးများကိုအုပ်ချုပ်ရန် နောက်ပိုင်းတွင် ယေဟောဝါရွေးချယ်တော်မူမည့် အဘယ်လူသားဘုရင်မဆိုသည် ပညတ်တရားကို ကိုယ်တိုင်ကူးရေး၍ ယင်းကို တစ်သက်လုံး ဖတ်ရွတ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်အား ကြောက်ရွံ့တတ်လာဖို့ဖြစ်သည်။ ယင်းသည် ရှင်ဘုရင်၌ နာခံမှုရှိမရှိ စမ်းသပ်ချက်တစ်ခုဖြစ်၏။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရှင်ဘုရင်သည် မိမိညီအစ်ကိုများအထက် ကိုယ့်ကိုယ်ကို ချီးမြှောက်ခြင်းမှကာကွယ်ပေးကာ၊ သူ၏တိုင်းပြည်ကိုလည်း ကြာမြင့်စွာအုပ်ချုပ်နိုင်လိမ့်မည်။ (တရားဟောရာ ၁၇:၁၈-၂၀) ဒါဝိဒ်၏သားတော် ရှောလမုန်အား ယေဟောဝါဤသို့မိန့်ဆိုတော်မူသည့်အခါ အဆိုပါကတိတော်ကို ထပ်မံပေးခဲ့သည်– “သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက်လျှင် တာရှည်သောအသက်ကိုလည်း ငါပေးမည်။”—၃ ဓမ္မရာဇဝင် ၃:၁၀-၁၄။
ဘုရားသခင်သည် နာခံမှုကို အလွန်အလေးအနက်ထားတော်မူ၏။ ယေဟောဝါ၏တောင်းဆိုချက်များနှင့် မိန့်မှာချက်အချို့တို့ကို ကျွန်ုပ်တို့အရေးမထား၊ ပေါ့ပေါ့တန်တန်သဘောထားမည်ဆိုလျှင် ထိုသို့သောသဘောထားမျိုးကို ကိုယ်တော်အမှန်ပင်သတိပြုမိပေမည်။ (သု. ၁၅:၃) ယင်းကိုသိရှိနားလည်ထားသည့်အတွက် ယေဟောဝါ၏ လမ်းညွှန်ချက်အလုံးစုံတို့ကို အလွန်ရိုသေလေးစားရန် အမြဲလွယ်ကူမည်မဟုတ်သည့်တိုင် တန်ဖိုးထားလေးမြတ်ဖို့ လှုံ့ဆော်ခံရသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်တော်များနှင့် မိန့်မှာချက်များကို လိုက်နာဖို့ကြိုးစားနေစဉ် စာတန် အတတ်နိုင်ဆုံး “ဆီးတား” မည်မှာအမှန်။—၁ သက်သာလောနိတ် ၂:၁၈။
အတူတကွစုရုံးစည်းဝေး၍ ဝတ်ပြုပေါင်းဖော်ကြရန် ကျမ်းစာအကြံပြုချက်ကို လိုက်နာဖို့ အထူးသဖြင့်အရေးကြီးသည်။ (တရားဟောရာ ၃၁:၁၂၊ ၁၃; ဟေဗြဲ ၁၀:၂၄၊ ၁၅) ထို့ကြောင့် ကျွန်ုပ်တို့ကိုယ်ကို ဤသို့မေးမြန်းသင့်ပေသည်– ‘အမှန်တကယ်အကျိုးနပ်သည့် အရာကိုလုပ်ဆောင်ဖို့ အကျွန်ုပ်မှာ လိုအပ်သော ဆုံးဖြတ်ချက်နှင့် မဆုတ်မနစ်သောဇွဲ ရှိပါသလော။’ ခရစ်ယာန်အစည်းအဝေးများတွင် ပေါင်းသင်းမှုနှင့် သွန်သင်ချက်တို့ကို မခံယူဘဲ စည်းစိမ်ဥစ္စာကြိုးစားရှာဖွေနေမည်ဆိုလျှင် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် အားနည်းသွားပေမည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်းလွတ်၍ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား ‘ငါသည် သင့်ကိုမစွန့်၊ အလျှင်းပစ်၍မထား’ ဟု [ယေဟောဝါ] မိန့်တော်မူ၏။” (ဟေဗြဲ ၁၃:၅၊ သမ္မာ) ယေဟောဝါ၏မိန့်မှာချက်များကို နာခံလိုသောသဘောသည် ကျွန်ုပ်တို့အား ကိုယ်တော်ဂရုစိုက်မည်ကို လုံးလုံးလျားလျား ယုံကြည်စိတ်ချကြောင်းဖော်ပြသည်။
ယေရှုသည် နာခံမှုကိုသင်ယူခဲ့သဖြင့် အကျိုးကျေးဇူးခံစားခဲ့ရသည်။ ကျွန်ုပ်တို့လည်း ထိုသို့လုပ်ဆောင်နိုင်ပါသည်။ (ဟေဗြဲ ၅:၈) နာခံမှုကို ကျွန်ုပ်တို့ပြုစုပျိုးထောင်လေ၊ သေးငယ်သောအရာများ၌ပင် နာခံဖို့ လွယ်ကူလာလေဖြစ်မည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ တည်ကြည်မှုကြောင့် ကျွန်ုပ်တို့ကို အခြားသူများ မနှစ်သက်၊ ကြမ်းတမ်းစွာ ဆက်ဆံကောင်းဆက်ဆံပေမည်။ အထူးသဖြင့် အလုပ်ခွင်တွင်၊ ကျောင်းတွင် သို့မဟုတ် ဘာသာရေးကွဲပြားသောအိမ်ထောင်တွင် ထိုသို့ခံရစရာအကြောင်းရှိနိုင်၏။ သို့တိုင်၊ ဣသရေလလူမျိုးသည် ‘ယေဟောဝါကိုချစ်၍ စကားတော်ကိုနားထောင်ကာ ကိုယ်တော်၌ဆည်းကပ်မှီဝဲ’ ကြမည်ဆိုလျှင် ‘ကိုယ်တော်သည် သူတို့၏အသက်ဖြစ်ပြီး သူတို့အသက်တာကို ရှည်စေမည်’ ဟူသောကြေညာချက်မှ ကျွန်ုပ်တို့သက်သာရာရယူနိုင်သည်။ (တရားဟောရာ ၃၀:၂၀) အဆိုပါကတိတော်ကို ကျွန်ုပ်တို့အားလည်း ကမ်းလှမ်းထားပါသည်။
အချိန်ကိုပညာရှိရှိ အသုံးပြုပါ
ကျွန်ုပ်တို့၏အချိန်ကို ပညာရှိရှိအသုံးပြုခြင်းကလည်း ယေဟောဝါရှေ့ မိမိတို့၏နေ့ရက်များ တန်ဖိုးရှိစေရန် အထောက်အကူပြုသည်။ စုဆောင်းထားနိုင်သည့် ငွေနှင့်မတူဘဲ အချိန်ကို အသုံးပြုရမည်ဖြစ်သည်၊ သို့မဟုတ်လျှင် အချည်းနှီးကုန်လွန်သွားပေလိမ့်မည်။ ကုန်လွန်သွားသည့် အချိန်နာရီတိုင်းသည် ထာဝစဉ်ကွယ်ပျောက်သွား၏။ လုပ်ကိုင်စရာများက အမြဲပိုများနေသည့်အတွက် ကျွန်ုပ်တို့၏အချိန်ကို ဘဝရည်ရွယ်ချက်နှင့်အညီ အသုံးပြုနေကြပါသလော။ ခရစ်ယာန်အားလုံး၏ အဓိကဦးတည်ချက်မှာ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်နေခြင်း ဖြစ်သင့်သည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
ကျွန်ုပ်တို့သည် အချိန်၏တန်ဖိုးကို အမှန်တကယ်သဘောပေါက်မှသာ အချိန်ကိုပညာရှိရှိအသုံးပြုမည်ဖြစ်ဧဖက် ၅:၁၆ က အရေးမကြီးလှသည့်အရာများကို စွန့်လွှတ်၍ ‘အချိန်ကိုဝယ်ယူ’ ကြရန်တိုက်တွန်းသည်။ ဆိုလိုသည်မှာ အချိန်ဖြုန်းရာကျသော လိုက်စားမှုများကို လျှော့လိုက်ရန်ဖြစ်သည်။ ရုပ်မြင်သံကြားအလွန်အကျွံကြည့်ခြင်း၊ အင်တာနက်တွင် စူးစမ်းရှာဖွေခြင်း၊ အကျိုးမရှိသည့် လောကစာပေများကို ဖတ်ရှုလေ့လာခြင်း၊ သို့မဟုတ် အပန်းဖြေမှုနှင့် ဖျော်ဖြေမှုကို အလွန်အမင်းလိုက်စားခြင်းတို့သည် ကျွန်ုပ်တို့အား ပင်ပန်းနွမ်းလျစေနိုင်သည်။ ထို့အပြင် စည်းစိမ်ဥစ္စာ အလွန်အကျွံစုဆောင်းခြင်းကလည်း ပညာနှင့်ပြည့်စုံသောစိတ်ဉာဏ်ရှိဖို့ ကြိုးစားအသုံးပြုရမည့်အချိန်ကို ကုန်ခန်းသွားစေနိုင်သည်။
သည်။အချိန်ကို ဂရုတစိုက် စီမံခန့်ခွဲအသုံးပြုရန် ထောက်ခံပြောဆိုသူများက ဤသို့ဆိုသည်– “ရှင်းလင်းတိကျသော ပန်းတိုင်များမရှိဘဲနှင့် သင့်အချိန်ကို ကောင်းစွာအသုံးပြုရန် ဖြစ်နိုင်မည်မဟုတ်ချေ။” သူတို့က ပန်းတိုင်များချမှတ်ရန် သတ်သတ်မှတ်မှတ်ရှိသော၊ တိုင်းထွာရေတွက်နိုင်သော၊ လိုက်မီနိုင်သော၊ လက်တွေ့ကျသော၊ အချိန်သတ်မှတ်ထားသော စံငါးမျိုးရှိရမည်ဟု အကြံပြုကြသည်။
အကျိုးရှိသောပန်းတိုင်တစ်ခုမှာ ကျွန်ုပ်တို့၏ ကျမ်းစာဖတ်ရှုခြင်းကို တိုးတက်စေခြင်းဖြစ်သည်။ ပထမဦးဆုံးအနေနှင့်ကြိုးစားရမည်မှာ ပန်းတိုင်အတိအကျရှိခြင်းဖြစ်သည်—ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရန် ဖြစ်သည်။ နောက်တစ်ချက်မှာ ကျွန်ုပ်တို့ပန်းတိုင်ကို တိုင်းထွာရေတွက်၍ရရန်ပြုဖို့ ဖြစ်သည်။ ဤသို့သောအားဖြင့် ကျွန်ုပ်တို့၏တိုးတက်မှုကို အဆင့်ဆင့်ဆန်းစစ်နိုင်ပေသည်။ ပန်းတိုင်များထားရှိခြင်းက မိမိတို့အား ကြိုးစားအားထုတ်မှုရှိစေသင့်သည်။ ထိုပန်းတိုင်များသည် လိုက်မီနိုင်သောပန်းတိုင်များဖြစ်ပြီး လက်တွေ့လည်းကျရပေမည်။ ပင်ကိုအရည်အသွေးများ၊ စွမ်းရည်များနှင့် ရရှိနိုင်သောအချိန်တို့ကိုလည်း ထည့်တွက်ရပေမည်။ အချို့သူတို့အတွက် ပန်းတိုင်ရောက်ရန် အချိန်ပိုလိုအပ်ပေမည်။ နောက်ဆုံးအနေနှင့် ကျွန်ုပ်တို့ပန်းတိုင်ရောက်ရမည့်အချိန်ကို ကန့်သတ်ထားဖို့လို၏။ အလုပ်တစ်ခုခုပြီးမြောက်အောင်မြင်ရေးအတွက် ရက်စွဲသတ်မှတ်ထားခြင်းသည် ၎င်းကိုအပြီးလုပ်ဆောင်စေရန် လှုံ့ဆော်အားပေးမှုဖြစ်ပေမည်။
ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်၊ သို့မဟုတ် ကမ္ဘာတစ်ဝန်းရှိ ဌာနခွဲရုံးတစ်ခုခုတွင် အမှုထမ်းဆောင်နေကြသူ ကမ္ဘာချီဗေသလမိသားစုဝင်အားလုံးတို့သည် ဗေသလကိုဝင်သည့်ပထမနှစ်အတွင်း ကျမ်းစာတစ်အုပ်လုံးကို ဖတ်ရှုပြီးရန် သတ်သတ်မှတ်မှတ် ပန်းတိုင်ထားကြသည်။ ကျမ်းစာကိုအကျိုးရှိရှိဖတ်ရှုခြင်းသည် ဝိညာဉ်ရေးကို တိုးပွားကြီးထွားစေကာ အကျိုးဖြစ်ထွန်းစေရန် သွန်သင်ပေးတော်မူသော ယေဟောဝါနှင့် ရင်းနှီးကျွမ်းဝင်သည့်ဆက်ဆံရေးရှိစေကြောင်း သူတို့သဘောပေါက်နားလည်ကြသည်။ (ဟေရှာယ ၄၈:၁၇) ထို့ကြောင့် ကျမ်းစာမှန်မှန်ဖတ်ရှုခြင်းပန်းတိုင် ထားနိုင်ကြမည်လော။
မိမိတို့၏နေ့ရက်များကို တန်ဖိုးရှိစေခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများ
ဝိညာဉ်ရေးရာများကို အဓိကအာရုံစိုက်ခြင်းမှ မရေမတွက်နိုင်သော ကောင်းချီးများ ခံစားရပါလိမ့်မည်။ တစ်ချက်အနေနှင့် ဘဝတွင် ရည်ရွယ်ချက်ရှိလာစေပြီး အားရကျေနပ်မှု ပိုရှိစေသည်။ စိတ်ထက်သန်စွာ ယေဟောဝါကို မှန်မှန်ဆုတောင်းကာဆက်သွယ်ခြင်းဖြင့် ကိုယ်တော်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေသည်။ ဆုတောင်းခြင်းလုပ်ရပ်ကိုယ်နှိုက်က ကျွန်ုပ်တို့သည် ကိုယ်တော်အား ယုံကြည်အားထားကြောင်းဖော်ပြ၏။ ကျမ်းစာနှင့် ‘သစ္စာသတိပညာရှိကျေးကျွန်’ မှစီမံထုတ်ဝေပေးထားသော ကျမ်းစာအခြေပြုစာပေများကို နေ့စဉ်ဖတ်ရှုခြင်းက ကျွန်ုပ်တို့အား ဘုရားသခင်မိန့်ဆိုစဉ်တွင် နားထောင်လိုစိတ်ရှိကြကြောင်း ဖော်ပြသည်။ (မဿဲ ၂၄:၄၅-၄၇) ဤသို့ပြုခြင်းက ကျွန်ုပ်တို့ဘဝတွင် မှန်ကန်စွာ ဆုံးဖြတ်ရွေးချယ်နိုင်ဖို့ ပညာနှင့်ပြည့်စုံသောစိတ်ဉာဏ်ရှိစေသည်။—ဆာလံ ၁:၁-၃။
ယေဟောဝါ၏မိန့်မှာချက်များကို ကျွန်ုပ်တို့လိုက်နာရာတွင် ပျော်ရွှင်ကြသည်၊ ထိုသို့ပြုခြင်းသည် ဝန်မဟုတ်ပါ။ (၁ ယောဟန် ၅:၃) ကျွန်ုပ်တို့သည် ယေဟောဝါရှေ့တွင် နေ့တစ်ရက်စီကို တန်ဖိုးရှိစေကြသည်နှင့်အမျှ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ခိုင်ခံ့မြဲမြံလာပါလိမ့်မည်။ ထို့အပြင် ကျွန်ုပ်တို့၏ ခရစ်ယာန်ညီအစ်ကိုချင်းများကိုလည်း ဝိညာဉ်ရေးဘက် အမှန်တကယ်ပင် ထောက်ကူပေးသူများလည်း ဖြစ်လာကြသည်။ ဤသို့ပြုကြခြင်းက ယေဟောဝါဘုရားသခင်အား အားရရွှင်လန်းစေပါသည်။ (သု. ၂၇:၁၁) မှန်ပါသည်၊ ယေဟောဝါ၏မျက်နှာသာတော်ကို ယခုနှင့် အစဉ်အမြဲခံစားရခြင်းထက် သာ၍ကြီးမြတ်သောဆုကျေးဇူးမရှိပေ!
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ဝိညာဉ်ရေးရာများကို အလေးအနက်ထားကြ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
သင်၏အချိန်ကို ပညာရှိရှိ အသုံးပြုနေပါသလော
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါရှေ့ နေ့တစ်ရက်စီကို တန်ဖိုးရှိစေကြသည်နှင့်အမျှ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့မြဲမြံလာစေ၏