ဝတ်ပြုကိုးကွယ်ရာနေရာများ ယင်းတို့ကို ကျွန်ုပ်တို့လိုအပ်သလော
ဝတ်ပြုကိုးကွယ်ရာနေရာများ ယင်းတို့ကို ကျွန်ုပ်တို့လိုအပ်သလော
‘ဘုရားကျောင်းမျက်နှာစာနှင့် ပတ်ပတ်လည်လမ်းများသည် နိုင်ငံအသီးသီးမှ ရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားကြသော ထောင်နှင့်ချီသည့်ဖူးမြော် ဝတ်ပြုသူများ၊ လက်တင်အမေရိကနိုင်ငံကို စပိန်လူမျိုးတို့ မသိမ်းပိုက်မီကဟုဆိုသော အကများဖြင့် စည်းချက်ညီညီ ပြန်လည်ကပြနေကြသော အင်ဒီးယန်းအုပ်စုများနှင့် လူပရိသတ်များကြားမှ အထွတ်အမြတ်ထားရာနေရာသို့ ဒူးဖြင့် နာကျင်စွာ လျှောက်လှမ်းနေကြသော ခရစ်ယာန်ဘာသာရေးကိုင်းရှိုင်းသူများဖြင့် ပြည့်နှက်နေသည်။’
ထိုသို့ ၂၀၀၁၊ ဒီဇင်ဘာလ၌ အလွန်များပြားသောလူစုကြီးတစ်စုကို အဲလ်အီကိုနော့မစ္စတာ သတင်းစာက ဖော်ပြထားသည်။ ထိုအခါသမယတွင် ဂွာဒလွတ်အပျိုစင်ကို ယုံကြည်သက်ဝင်ကြောင်းဖော်ပြဖို့ မက္ကဆီကိုမြို့ရှိ ဘုရားကျောင်းသို့ လူသုံးသန်းခန့် အလည်အပတ်သွားရောက်ခဲ့ကြသည်။ ရောမမြို့ရှိ စိန့်ပီတာဘုရားကျောင်းစသည့် အခြားသောဘာသာရေးအဆောက်အအုံများသို့လည်း လူအမြောက်အမြား လည်ပတ်ခဲ့ကြသည်။
ဘုရားသခင်ကို ဝတ်ပြုလိုသူများစွာတို့သည် ဘာသာရေးဝတ်ပြုရေးအဆောက်အအုံများကို အထွတ်အမြတ်ထားတတ်ကြသည်။ ဘရာဇီးလ်နိုင်ငံမှ မာရီယာက ဤသို့ဆို၏– “ကျွန်မအတွက် ချာ့ခ်ျဆိုတာ ဘုရားသခင်နဲ့ နီးနီးကပ်ကပ်နေနိုင်တဲ့နေရာ၊ သန့်ရှင်းမြင့်မြတ်တဲ့နေရာဖြစ်တယ်။ ချာ့ခ်ျကိုသွားရင် စိုးလ်သန့်စင်ခံရပြီး မားစ်ပွဲတော်မတက်ရင်၊ တနင်္ဂနွေနေ့တိုင်း အာပတ်မဖြေရင် အပြစ်လို့ ကျွန်မယူမှတ်ခဲ့တယ်။” မက္ကဆီကိုမှ ခေါန်စူအဲလိုက ဤသို့ပြောပြသည်– “ချာ့ခ်ျသွားရင် ကျွန်မ အရမ်းစိတ်လှုပ်ရှားတယ်; ချာ့ခ်ျကို ကျွန်မတကယ် တန်ဖိုးထားလေးမြတ်တယ်။ ချာ့ခ်ျထဲမှာရှိနေရင် ကောင်းကင်ရောက်နေတယ်လို့ ခံစားရတယ်။”
လူအချို့က ချာ့ခ်ျများကို အလွန်အရေးပါသောနေရာဟုယူမှတ်သော်လည်း အခြားသူများက ဝတ်ပြုကိုးကွယ်ရာနေရာများအဖြစ် ၎င်းတို့လိုအပ်သလောဟု သံသယဝင်ကြသည်။ ချာ့ခ်ျတက်သူနည်းခြင်းအကြောင်းပြောဆိုရာတွင် အင်္ဂလန်မှ ကက်သလစ်ဘုန်းကြီး ပီတာ စိုင်ဘတ်က ဤသို့ဆို၏– “[လူတွေ] ဟာ ဘာသာရေးရဲ့ သူတို့ကြိုက်နှစ်သက်တဲ့အပိုင်းလောက်ကိုပဲ ရွေးချယ်လက်ခံကြတယ်။ အသက်ကြီးသူအတော်များများက ကက်သလစ်တွေဖြစ်ကြပြီး သူတို့ရဲ့ယုံကြည်ချက်နဲ့အညီ အသက်ရှင်ကြပါတယ်၊ ဒါပေမဲ့ လူငယ်တွေကြတော့ တာဝန်ရှိတယ်ဆိုတဲ့စိတ်မရှိကြဘူး။” လန်ဒန်မြို့၏ ၁၉၉၈၊ နိုဝင်ဘာ ၂၀ ထုတ် သည်ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာကဤသို့ဆိုသည်– “အင်္ဂလန်နိုင်ငံတွင် ၁၉၇၉ ခုနှစ်မှစ၍ တက်ရောက်နိုင်သောချာ့ခ်ျ ၄၉၅ လုံးနှင့် ၁၅၀ ကိုပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ခြင်းကို ပိတ်လိုက်ရသည့်ချာ့ခ်ျ ၁,၅၀၀ ခန့်နှင့်နှိုင်းယှဉ်နိုင်သည်။”
၁၉၉၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့၏ ဇွတ်ဒဝိုက်ချာ စေထွန်သတင်းစာက ဤသို့သတင်းပေးခဲ့သည်– “ချာ့ခ်ျများသည် ရုပ်ရှင်ရုံများနှင့် တိုက်ခန်းတွဲများဖြစ်နေပြီ– ယုံကြည်သူများ ချာ့ခ်ျမတက်ကြတော့ချေ၊ ဝတ်ပြုကိုးကွယ်ရာနေရာများ အသွင်ပြောင်းလျက်ရှိ၏။ . . . နယ်သာလန်နိုင်ငံ၊ အင်္ဂလန်နိုင်ငံ၏ထုံးစံသည် ယခု ဂျာမနီနိုင်ငံတွင်လည်း ဖြစ်နေပြီ။” ယင်းက ဤသို့ထပ်ဆင့်ဆိုသည်– “ဂျာမနီနိုင်ငံတွင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ချာ့ခ်ျ ၃၀၊ ၄၀ ခန့်ကို ထူးထူးခြားခြား ရောင်းချနေကြောင်း တွေ့ရှိနိုင်သည်။”
ဘုရားသခင်ကိုဝတ်ပြုရန် ဘာသာရေးအဆောက်အအုံများ အမှန်တကယ်လိုအပ်ပါသလော။ ဘုရားကျောင်းကြီးများနှင့် အဆင်အယင်လွန်ကဲသောချာ့ခ်ျများကို အသုံးပြုခြင်းသည် သမ္မာကျမ်းစာ၌ အစဉ်အလာရှိသလော။ စစ်မှန်၍ အသက်ရှင်တော်မူသောဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပတ်သက်၍ အဘယ်အဆောက်အအုံမျိုးကို အသုံးပြုခဲ့သနည်း။ ထိုသို့သောအဆောက်အအုံများမှ ဝတ်ပြုကိုးကွယ်ရာနေရာများလိုအပ်ခြင်းနှင့် ထိုတွင် အဘယ်အမှုများပြုလုပ်သင့်ကြောင်းတို့နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။