အတူတကွစည်းဝေးခြင်းအမှုကို မစွန့်လွှတ်ကြနှင့်
အတူတကွစည်းဝေးခြင်းအမှုကို မစွန့်လွှတ်ကြနှင့်
“လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့” ဟုသမ္မာကျမ်းစာကဆို၏။ (ဟေဗြဲ ၁၀:၂၅) စစ်မှန်သောဝတ်ပြုသူများသည် “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ . . . အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြ” ရန် ဝတ်ပြုကိုးကွယ်ရာနေရာတစ်ခု၌ အတူတကွစုဝေးကြရမည်မှာ ရှင်းနေပါသည်။—ဟေဗြဲ ၁၀:၂၄။
ကျွန်ုပ်တို့ခေတ်ပထမရာစုတွင် အဆိုပါစကားများကို တမန်တော်ပေါလုရေးသားချိန်၌ ယေရုရှလင်မြို့တွင် ခမ်းနားထည်ဝါသော ဝတ်ပြုရာအိမ်တော်ရှိပြီး ထိုတွင် ဂျူးများ ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ ထို့အပြင် တရားဇရပ်များလည်းရှိခဲ့သည်။ ယေရှုသည် ‘ယုဒလူအပေါင်းတို့စုဝေးရာ တရားဇရပ်၌လည်းကောင်း၊ [ဝတ်ပြုရာအိမ်] တော်၌လည်းကောင်း၊ . . . ဆုံးမသွန်သင်ပေး’ ခဲ့ဖူးသည်။—ယောဟန် ၁၈:၂၀။
အချင်းချင်းအားပေးရန် စုဝေးကြဖို့ ခရစ်ယာန်များကို ပေါလုတိုက်တွန်းရာတွင် အဘယ်စည်းဝေးရာနေရာမျိုး စိတ်ထဲရှိခဲ့မည်နည်း။ ခရစ်ယာန်ဘောင်၏ ဘာသာရေးအဆောက်အအုံကြီးများသည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်အတိုင်းဖြစ်သလော။ ဘာသာရေးဆိုင်ရာ ဧရာမအဆောက်အအုံကြီးများကို အမည်ခံခရစ်ယာန်များ အဘယ်အချိန်တွင် စတင်အသုံးပြုခဲ့သနည်း။
‘ဘုရားသခင့်နာမအဖို့အိမ်တော်’
ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရန် နေရာတစ်နေရာနှင့်ပတ်သက်သော ပထမဦးဆုံးညွှန်ကြားချက်များကို ထွက်မြောက်ရာကျမ်းတွင် ဖတ်ရှုရသည်။ ယေဟောဝါဘုရားသခင်သည် “တဲတော်” သို့မဟုတ် “ပရိသတ်စည်းဝေးထွက်မြောက်ရာ အခန်းကြီး ၂၅-၂၇; ၄၀:၃၃-၃၈) သမ္မာကျမ်းစာက ဤတဲတော်ကို ‘ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်၊’ “ထာဝရဘုရား၏အိမ်တော်” ဟူ၍လည်း ရည်ညွှန်းသည်။—၁ ဓမ္မရာဇဝင် ၁:၉၊ ၂၄။
ရာတဲတော်” ကိုဆောက်လုပ်ရန် မိမိရွေးချယ်ထားတော်မူသော ဣသရေလလူမျိုးကို ညွှန်ကြားခဲ့သည်။ ထိုတွင် ပဋိညာဉ်သေတ္တာနှင့် သန့်ရှင်းသည့်အသုံးအဆောင်တန်ဆာအမျိုးမျိုးကို ထားရမည်ဖြစ်သည်။ ၎င်းကိုဆောက်လုပ်ပြီးစီးသော ဘီ.စီ.အီး. ၁၅၁၂ ခုနှစ်တွင် “[ယေဟောဝါ] ၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။” သယ်ဆောင်ရလွယ်ကူသော ထိုတဲတော်ကို ဘုရားသခင်ထံချဉ်းကပ်ဖို့ အဓိကအစီအစဉ်အဖြစ် ရာစုနှစ်လေးခုကျော်တိုင် အသုံးပြုခဲ့သည်။ (နောက်ပိုင်းတွင် ဒါဝိဒ်သည် ယေရုရှလင်မြို့၌ နန်းထိုင်စဉ် ယေဟောဝါ၏ဘုန်းတော်အတွက် အတည်တကျရှိသော အိမ်တော်တစ်ဆောင်ဆောက်လုပ်ရန် စိတ်ပြင်းပြကြောင်း ဖော်ပြခဲ့သည်။ သို့သော် ဒါဝိဒ်သည် စစ်သည်တစ်ဦးဖြစ်ခဲ့သောကြောင့် ယေဟောဝါက “သင်သည် . . . ငါ့နာမအဖို့အိမ်ကို မတည်မဆောက်ရ” ဟု သူ့အားမိန့်တော်မူ၏။ ယင်းအစား ဝတ်ပြုရာအိမ်တော်ကိုဆောက်လုပ်ရန် ဒါဝိဒ်၏သားတော်ရှောလမုန်ကို ကိုယ်တော်ရွေးချယ်ခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၂:၆-၁၀) ထိုအဆောက်အအုံကို ခုနစ်နှစ်ခွဲကြာ ဆောက်လုပ်ပြီးနောက် ရှောလမုန်သည် ဘီ.စီ.အီး. ၁၀၂၆ ခုနှစ်တွင် ဝတ်ပြုရာအိမ်တော်ကို အပ်နှံခဲ့သည်။ ထိုအဆောက်အအုံကို ယေဟောဝါနှစ်သက်လက်ခံတော်မူကြောင်း ဤသို့ဖော်ပြခဲ့သည်– “သင်တည်ဆောက်သော ဤအိမ်ကို ငါသန့်ရှင်းစေ၍ ငါ့နာမကိုအစဉ်တည်စေမည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက်နေမည်။” (၃ ဓမ္မရာဇဝင် ၉:၃) ဣသရေလလူမျိုး တည်ကြည်နေသ၍ကာလပတ်လုံး ယေဟောဝါသည် ထိုအိမ်တော်ကို မျက်နှာသာပေးတော်မူမည်ဖြစ်သည်။ သို့သော် လမ်းမှန်မှ သူတို့သွေဖည်သွားပါက ထိုနေရာမှ ယေဟောဝါမျက်နှာသာတော်ရုပ်သိမ်းပြီး ‘အိမ်တော်သည်လည်း ပြိုပျက်ရာဖြစ်’ လိမ့်မည်တည်း။—၃ ဓမ္မရာဇဝင် ၉:၄-၉; ၂ ရာဇဝင်ချုပ် ၇:၁၆၊ ၁၉၊ ၂၀။
အချိန်တန်သော် ဣသရေလလူမျိုးသည် စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားခဲ့ကြသည်။ (၄ ဓမ္မရာဇဝင် ၂၁:၁-၅) “[ထို့ကြောင့် ယေဟောဝါသည်] ခါလဒဲရှင်ဘုရင်ကို စစ်ချီစေတော်မူ၏။ ထိုရှင်ဘုရင်သည် . . . [ဝတ်ပြုရာအိမ်] တော်ကိုလည်းမီးရှို့၍ ယေရုရှလင်မြို့ရိုးကိုဖြိုဖျက်ကြ၏။ မင်းအိမ်ရှိသမျှတို့ကိုလည်း မီးရှို့၍ မြို့တန်ဆာအကောင်းအမြတ်ရှိသမျှတို့ကို ဖျက်ဆီးကြ၏။ ဓားဘေးနှင့်လွတ်သောသူတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွား၍ သူတို့သည် ပေရသိနိုင်ငံမတည်မီတိုင်အောင် ရှင်ဘုရင်ထံ၊ သားတော် မြေးတော်ထံ၌ ကျွန်ခံလျက်နေရကြ၏။” သမ္မာကျမ်းစာအရ ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ထိုသို့ဖြစ်ပျက်ခဲ့သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၅-၂၁; ယေရမိ ၅၂:၁၂-၁၄။
ပရောဖက်ဟေရှာယကြိုတင်ပြောသည့်အတိုင်း ဂျူးလူမျိုးကို ဗာဗုလုန်သြဇာအာဏာမှ လွတ်မြောက်စေဖို့ ပါရှားဘုရင်ကုရုကို ဘုရားသခင်ပေါ်ထွန်းစေခဲ့သည်။ (ဟေရှာယ ၄၅:၁) အနှစ် ၇၀ ပြည်နှင်ခံရပြီးနောက် ဝတ်ပြုရာအိမ်တော်ကို ပြန်လည်ဆောက်လုပ်ရန်ရည်ရွယ်ချက်ဖြင့် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ယေရုရှလင်မြို့သို့ သူတို့ပြန်လာခဲ့ကြသည်။ (ဧဇရ ၁:၁-၆; ၂:၁၊ ၂; ယေရမိ ၂၉:၁၀) ဆောက်လုပ်မှုကြန့်ကြာခဲ့ပြီး နောက်ဆုံးတွင် ဘီ.စီ.အီး. ၅၁၅ ခုနှစ်၌ ဝတ်ပြုရာအိမ်တော်ပြီးစီးခဲ့ရာ ဘုရားသခင်၏စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်နိုင်ခဲ့သည်။ ရှောလမုန်ဆောက်လုပ်ခဲ့သော ဝတ်ပြုရာအိမ်တော်လောက် ဘုန်းမထင်ရှားခဲ့သော်လည်း ၎င်းအဆောက်အဦသည် နှစ်ပေါင်း ၆၀၀ နီးပါး တည်ရှိခဲ့သည်။ သို့ရာတွင် ဣသရေလလူမျိုးသည် ယေဟောဝါအားဝတ်ပြုခြင်းကို လျစ်လျူရှုခဲ့ကြသောကြောင့် ၎င်းဝတ်ပြုရာအိမ်တော်သည်လည်း ပျက်စီးပြန်လေသည်။ ဝတ်ပြုရာအိမ်တော်ကို ဟေရုဒ်မင်း အဆင့်ဆင့် ပြန်တည်ဆောက်ချိန်၌ ကမ္ဘာ့ဇာတ်ခုံပေါ် ယေရှုခရစ်ပေါ်ထွန်းခဲ့သည်။ ဤဝတ်ပြုရာအိမ်တော်သည် အဘယ်သို့ဖြစ်သွားမည်နည်း။
‘ကျောက်တစ်ခုပေါ်မှာတစ်ခုမနေရ’
ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်ကို ရည်ညွှန်းလျက် ယေရှုက “ဤနေရာမှာ မဖြိုမချဘဲ၊ ကျောက်တစ်ခုပေါ်မှာတစ်ခုမျှမတည်မနေရ” ဟု တပည့်များကို မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၁၊ ၂၊ သမ္မာ) ထိုစကားအတိုင်းပင် စီ.အီး. ၇၀ တွင်၊ ဘုရားသခင်၏ဝတ်ပြုရာဗဟိုအဖြစ် ရာစုနှစ်များစွာ အသိအမှတ်ပြုခံခဲ့ရသောနေရာသည် ဂျူးတို့၏ပုန်ကန်မှုကို နှိမ်နှင်းဖို့ရောက်လာသူ ရောမစစ်တပ်၏လက်ချက်ဖြင့် ပျက်စီးသွားလေသည်။ * ထိုဝတ်ပြုရာအိမ်တော်ကို နောက်တစ်ဖန် ပြန်မဆောက်ခဲ့ကြချေ။ ခုနစ်ရာစုတွင် ကျောက်သားခေါင်းလုံးဗလီဟု လူတို့သိကြသော မွတ်စလင်အဆောက်အအုံကို စိုက်ထူခဲ့ရာ ယခင်ဂျူးလူမျိုးတို့၏ ဝတ်ပြုကိုးကွယ်ရာအရပ်တွင် ယနေ့ထိတိုင် ၎င်းတည်ရှိဆဲဖြစ်သည်။
ယေရှုနောက်လိုက်များအတွက် ဝတ်ပြုရေးအစီအစဉ်သည် အဘယ်နည်း။ ဂျူးနောက်ခံမှလာသော အစောပိုင်းခရစ်ယာန်များသည် မကြာမီဖျက်ဆီးခံရတော့မည့် ဝတ်ပြုရာအိမ်တော်၌ ဘုရားသခင်ကို ဆက်လက်ဝတ်ပြုကိုးကွယ်ကြမည်လော။ ဂျူးမဟုတ်သောခရစ်ယာန်များသည် အဘယ်နေရာတွင် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ကြမည်နည်း။ ခရစ်ယာန်ဘောင်၏ ဘာသာရေးအဆောက်အအုံများသည် ဝတ်ပြုရာအိမ်တော်ကို အစားထိုးကြမည်လော။ ရှမာရိအမျိုးသမီးတစ်ဦးနှင့် ယေရှု၏စကားလက်ဆုံပြောဆိုမှုက ထိုကိစ္စကို ထိုးထွင်းသိမြင်စေပါသည်။
ရှမာရိလူမျိုးသည် ရှမာရိမြို့၊ ဂေရဇိမ်တောင်ပေါ်ရှိ ဝတ်ကျောင်းကြီးတစ်ခုတွင် ဘုရားသခင်ကိုဝတ်ပြုခဲ့ကြသည်။ ရှမာရိအမျိုးသမီးက “အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏” ဟုယေရှုကိုပြောခဲ့သည်။ ထိုအခါယေရှု ဤသို့ဖြေဆို၏– “အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည့်အချိန်ကာလ ရောက်ဆဲရှိ၏။” ယေဟောဝါအား ဝတ်ပြုကိုးကွယ်ဖို့ ပကတိဝတ်ပြုရာအိမ်တော် လိုတော့မည်မဟုတ်၊ အကြောင်းမူကား “ဘုရားသခင်သည် . . . ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ . . . ဝိညာဉ်နှင့်လည်းကောင်း၊ [အမှန်တရား] နှင့်လည်းကောင်းကိုးကွယ်ရမည်” ဟုယေရှုရှင်းပြခဲ့သည်။ (ယောဟန် ၄:၂၀၊ ၂၁၊ ၂၄) နောက်ပိုင်းတွင် အေသင်မြို့သားများကို တမန်တော်ပေါလု ဤသို့ပြောခဲ့သည်– “လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။”—တမန်တော် ၁၇:၂၄။
ထင်ရှားနေသည်မှာ ခရစ်ယာန်ဘောင်၏ ဘာသာရေးအဆောက်အအုံများသည် ခရစ်ယာန်ခေတ်မတိုင်မီက ဝတ်ပြုရာအိမ်တော်အစီအစဉ်နှင့် လုံးဝဆက်စပ်မှုမရှိချေ။ ပထမရာစုခရစ်ယာန်များသည် ထိုသို့သောအဆောက်အအုံများကို ဆောက်လုပ်ဖို့အကြောင်းလည်းမရှိခဲ့ချေ။ သို့ရာတွင် တမန်တော်များသေဆုံးပြီးနောက် ကြိုဟောထားသည့်အတိုင်း သွန်သင်ချက်အမှန်မှ လူတို့သွေဖည်ပြီး အယူဖောက်ပြန်ကြလေသည်။ (တမန်တော် ၂၀:၂၉၊ ၃၀) ရောမဧကရာဇ်ကွန်စတင်တိုင်းသည် ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်ခဲ့သည်ဆိုသော နှစ်များမတိုင်မီကတည်းက စီ.အီး. ၃၁၃ ခုနှစ်တွင် အမည်ခံခရစ်ယာန်များသည် ယေရှုသွန်သင်ခဲ့ရာမှ လမ်းလွှဲစပြုခဲ့သည်။
ကွန်စတင်တိုင်းသည် “ခရစ်ယာန်ဘာသာ” ကို အယူမှားရောမဘာသာနှင့် ရောနှောပေါင်းစပ်စေခဲ့သည်။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းက ဤသို့ဆို၏– “ကွန်စတင်တိုင်းကိုယ်တိုင် ရောမမြို့တွင် စိန့်ပီတာ၊ စဲန်. ပါအိုလို ဖူးအိုရီ လာ မူးရာနှင့် စဲန်. ဂျီအိုဗာနီ အင် လာထရာနိုအမည်ရှိ ဧရာမ ခရစ်ယာန်ဘုရားကျောင်းသုံးခုကို ဆောက်လုပ်စေခဲ့သည်။ သူသည် . . . ခရော့စ်ပုံစံဒီဇိုင်းကို ရေးဆွဲပေးခဲ့၏၊ ၎င်းသည် အလယ်ခေတ်တစ်လျှောက် အနောက်ဥရောပရှိ ချာ့ခ်ျများ၏အထိမ်းအမှတ်ဖြစ်လာလေသည်။” ရောမမြို့ရှိ ပြန်လည်ဆောက်လုပ်ထားသော စိန့်. ပီတာဘုရားကျောင်းကို ယနေ့ထိတိုင် ရိုမန်ကက်သလစ်ချာ့ခ်ျ၏ ဗဟိုဌာနအဖြစ် ယူမှတ်ကြဆဲရှိသည်။
“ရိုမန်ကက်သလစ်ချာ့ခ်ျသည် ခရစ်ယာန်ခေတ်မတိုင်မီက [အယူမှား] ရောမနိုင်ငံ၌ရှိနှင့်ပြီးသား ဘာသာရေးထုံးတမ်းစဉ်လာများနှင့် ဝတ်ပြုကိုးကွယ်နည်းများကို ခံယူခဲ့သည်” ဟုသမိုင်းဆရာ ဝီလ်ဒူးရဲန့်ကဆိုသည်။ ဤတွင် “ဘုရားကျောင်း အဆောက်အအုံဆောက်လုပ်ပုံ” လည်းပါဝင်သည်။ ၁၀ ရာစုမှ ၁၅ ရာစုအထိ ချာ့ခ်ျများနှင့် ဘုရားကျောင်းကြီးများကို တွင်တွင်ကျယ်ကျယ် ဆောက်လုပ်ခဲ့ရာ ဗိသုကာပညာကို အကြီးအကျယ်အလေးပေး ဆောက်လုပ်ခဲ့ကြသည်။ ထိုအချိန်တွင် ယနေ့ လက်ရာမြောက်သောအဆောက်အဦများအဖြစ် ယူမှတ်ကြသော ခရစ်ယာန်ဘောင်အဆောက်အအုံမြောက်မြားစွာ ဖြစ်ပေါ်လာသည်။
လူတို့သည် ချာ့ခ်ျသွားသည့်အခါတိုင်း ဝိညာဉ်ရေးလန်းဆန်းမှုနှင့် အားပေးမှုရရှိကြပါသလော။ ဘရာဇီးလ်နိုင်ငံမှ ဖရန်စ္စကိုက “ကျွန်တော်အတွက် ချာ့ခ်ျဆိုတာဟာ ပင်ပန်းပြီး ငြီးငွေ့စရာကြီးပါ” ဟုဆိုသည်။ “မားစ်ပွဲတော်ဟာ ကျွန်တော် တကယ်လိုအပ်နေတာတွေကို ဖြည့်ဆည်းမပေးနိုင်တဲ့ အနှစ်မရှိ၊ အပ်ကြောင်းသာထပ်တဲ့ အခမ်းအနားတစ်ခုပဲ။ မားစ်ပွဲပြီးသွားမှ စိတ်ပေါ့ပါးသွားတယ်။” သို့တိုင်
ယုံကြည်သူအစစ်အမှန်များသည် အတူတကွစည်းဝေးရမည်ဟု မိန့်မှာခံခဲ့ရကြသည်။ ထို့ကြောင့် သူတို့တွေ့ဆုံစည်းဝေးဖို့ အဘယ်အစီအစဉ်ကို လိုက်လျှောက်သင့်သနည်း။“သူတို့အိမ်၌ရှိသောအသင်းတော်”
ခရစ်ယာန်လမ်းစဉ်အတိုင်း တွေ့ဆုံစည်းဝေးကြရမည့်ပုံစံကို ပထမရာစုယုံကြည်သူများ စည်းဝေးခဲ့ကြပုံကို စစ်ဆေးကြည့်လျှင် သိရှိနိုင်သည်။ သူတို့သည် ကိုယ်ပိုင်အိမ်များတွင် အတူတကွတွေ့ဆုံစည်းဝေးလေ့ရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ သာဓကအနေနှင့် တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ငါနှင့်အတူ ယေရှုခရစ်၏အမှုတော်ကို ဆောင်ရွက်သောသူ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြလော့။ သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။” (ရောမ ၁၆:၃၊ ၅; ကောလောသဲ ၄:၁၅; ဖိလေမုန် ၂) “အသင်းတော်” (အက်ခ်.လီ.စီ.အာ) ဟုဘာသာပြန်ထားသော ဂရိစကားလုံးကို ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းကဲ့သို့သော အင်္ဂလိပ်ဘာသာပြန်ကျမ်းအချို့က “ချာ့ခ်ျ” ဟုဘာသာပြန်ဆိုကြသည်။ သို့သော် ထိုအသုံးအနှုန်းသည် ရည်ရွယ်ချက်တစ်ခုတည်းအတွက် စုဝေးလာကြသော လူစုကိုရည်ညွှန်း၏၊ အဆောက်အဦတစ်ခုကို ရည်ညွှန်းနေခြင်းမဟုတ်ပါ။ ထို့ကြောင့် ခရစ်ယာန်စစ်များ ဝတ်ပြုကိုးကွယ်ရန် အဆင်အယင်လွန်ကဲသည့် ဘာသာရေးအဆောက်အအုံကြီးများ မလိုအပ်ပေ။
ကနဦးခရစ်ယာန်အသင်းတော်များတွင် အစည်းအဝေးများကို မည်သို့ကျင်းပခဲ့ကြသနည်း။ တပည့်တော်ယာကုပ်သည် ခရစ်ယာန်အစည်းအဝေးတစ်ခုကို ရည်ညွှန်းရန် ဂရိဝေါဟာရ စီ.နာ.ဂို.ဂဲန် (တရားဇရပ်) ကို အသုံးပြုခဲ့သည်။ (ယာကုပ် ၂:၂) ဤဂရိဝေါဟာရသည် “အတူတကွစုစည်းခြင်း” ဟုအဓိပ္ပာယ်ရှိပြီး အက်ခ်.လီ.စီ.အာ (ek·kle·siʹa.) နှင့် ဖလှယ်၍သုံးလေ့ရှိသည်။ သို့သော် အချိန်ကုန်လွန်လာလေသော် ၎င်းအသုံးအနှုန်းသည် စည်းဝေးကျင်းပရာနေရာ သို့မဟုတ် အဆောက်အအုံကိုဆိုလိုလာလေသည်။ ကနဦးဂျူးခရစ်ယာန်များသည် တရားဇရပ်တွင် ပြုလုပ်လေ့ရှိသောအစီအစဉ်နှင့် အကျွမ်းတဝင်ရှိခဲ့ကြသည်။ *
ဂျူးတို့သည် နှစ်ပတ်လည်ပွဲများအတွက် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တွင် တွေ့ဆုံကြသော်လည်း တရားဇရပ်များသည် ယေဟောဝါအကြောင်းသိရှိရန် ပညတ်တရားကိုသင်ယူသည့် ဒေသန္တရနေရာများဖြစ်ခဲ့ပေသည်။ တရားဇရပ်များ၌ ပြုလုပ်လေ့ရှိသောအစီအစဉ်တွင် ဆုတောင်းခြင်း၊ ကျမ်းစာကိုဖတ်ရှုခြင်းအပြင် ကျမ်းစာကိုအဓိပ္ပာယ်ဖွင့်ပြီး တိုက်တွန်းနှိုးဆော်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း ထင်ရှားသည်။ ပေါလုနှင့်အတူ ပါလာသောသူတို့သည် အန္တိအုတ်မြို့ရှိ တရားဇရပ်တစ်ခုထဲ အတူတကွဝင်သွားကြသောအခါ “တရားဇရပ်မှူးတို့သည် ‘ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြောကြပါ’ ဟုလူကိုစေလွှတ်၍ ကြားပြော” ကြောင်းသိရ၏။ (တမန်တော် ၁၃:၁၅) ကနဦးဂျူးခရစ်ယာန်များသည် ကိုယ်ပိုင်အိမ်များ၌ အတူတကွတွေ့ဆုံစည်းဝေးခဲ့ချိန်တွင် အလားတူပုံစံကိုလိုက် ကာ သူတို့၏အစည်းအဝေးများတွင် ကျမ်းစာကိုသွန်သင်ပို့ချပေးပြီး ဝိညာဉ်ရေးအရ တည်ဆောက်မှုဖြစ်စေခဲ့ကြမည်မှာ သေချာပါသည်။
တည်ဆောက်မှုဖြစ်စေသောအသင်းတော်များ
ကနဦးခရစ်ယာန်များကဲ့သို့ မျက်မှောက်ခေတ် ယေဟောဝါသက်သေများသည် ကျမ်းစာသွန်သင်ချက်ကိုရရှိရန်နှင့် အကျိုးရှိရှိပေါင်းသင်းဆက်ဆံမှု ပြုလုပ်ကြရန် သာမန်နေရာများတွင် အတူတကွတွေ့ဆုံပြီး ဝတ်ပြုကိုးကွယ်ကြပါသည်။ သူတို့သည် ကိုယ်ပိုင်အိမ်များ၌ နှစ်ပေါင်းများစွာ တွေ့ဆုံစည်းဝေးခဲ့ကြပြီး အချို့ဒေသများတွင် ယနေ့ထိတိုင် ထိုသို့ပြုလုပ်နေကြဆဲရှိသည်။ သို့သော် ယခုအခါ အသင်းတော်အရေအတွက်သည် ၉၀,၀၀၀ ကျော်အထိ တိုးများလာပြီး သူတို့စည်းဝေးရာနေရာများကို ဘုရားသခင့်နိုင်ငံတော်ခန်းမများဟုခေါ်ဆိုကြသည်။ ဤနေရာများသည် ထင်ထင်ပေါ်ပေါ်မရှိ၊ ချာ့ခ်ျနှင့် အသွင်သဏ္ဌာန်လည်းမတူပါ။ ၎င်းတို့သည် တော်ရုံသင့်ရုံ သာမန်အဆောက်အအုံများဖြစ်သည်၊ အသင်းတော်သား ၁၀၀ မှ ၂၀၀ တို့သည် သမ္မာကျမ်းစာကို နားထောင်၍ သင်ယူရန် အပတ်စဉ်အစည်းအဝေးများအတွက် စုရုံးနိုင်သည့်နေရာများဖြစ်ကြသည်။
ယေဟောဝါသက်သေများ၏ အသင်းတော်အများအပြားသည် တစ်ပတ်လျှင် သုံးကြိမ်စည်းဝေးကြသည်။ အစည်းအဝေးတစ်ခုသည် လတ်တလောစိတ်ဝင်စားစရာအကြောင်းတစ်ခုနှင့်ဆိုင်သည့် လူထုဟောပြောချက်ဖြစ်သည်။ ထို့နောက် ကင်းမျှော်စင်မဂ္ဂဇင်းကို ပင်ရင်းအကြောင်းအရာအဖြစ်သုံးကာ ကျမ်းစာအကြောင်းအရာတစ်ခု သို့မဟုတ် ပရောဖက်ပြုချက်တစ်ခုကို လေ့လာကြသည်။ အခြားအစည်းအဝေးတစ်ခုမှာ ကျမ်းစာသတင်းတရားကို တင်ဆက်တတ်ရန် လေ့ကျင့်ပေးသည့် ကျောင်းအစီအစဉ်ဖြစ်သည်။ ၎င်းနောက် ခရစ်ယာန်ဓမ္မအမှုအတွက် လက်တွေ့ကျအကြံဉာဏ်ပေးချက်များကို အထူးတင်ဆက်ပေးသော အစည်းအဝေးကိုကျင်းပသည်။ ထို့အပြင် သက်သေခံများသည် ကိုယ်ပိုင်အိမ်များတွင် တစ်ပတ်လျှင်တစ်ကြိမ်စုဝေးပြီး အုပ်စုငယ်ကလေးများဖွဲ့ကာ ကျမ်းစာလေ့လာကြသည်။ ဤအစည်းအဝေးအားလုံးကို လူတိုင်းတက်ရောက်နိုင်သည်။ အလှူငွေကောက်ခံခြင်းပင်မပြုပါ။
ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ကျင်းပသောအစည်းအဝေးများသည် အလွန်အကျိုးရှိကြောင်း အစောပိုင်းတွင်ဖော်ပြခဲ့သော ဖရန်စ္စကိုတွေ့ရှိခဲ့သည်။ သူဤသို့ဆို၏– “ကျွန်တော် ပထမဦးဆုံးတက်ခဲ့တဲ့ စည်းဝေးကျင်းပရာနေရာက မြို့လယ်ခေါင်မှာရှိတဲ့ စိတ်ချမ်းမြေ့စရာကောင်းတဲ့ အဆောက်အဦတစ်ခုမှာဖြစ်တယ်၊ အဲဒီခန်းမကို ကျွန်တော် တော်တော်သဘောကျပြီး ပြန်ခဲ့တယ်။ တက်ရောက်သူတွေကလည်း ခင်မင်ရင်းနှီးမှုရှိကြပြီး သူတို့အချင်းချင်း မေတ္တာရှိမှန်း ကျွန်တော်သတိပြုမိတယ်။ အဲဒီကို ပြန်သွားချင်စိတ်ပြင်းပြခဲ့တယ်။ အမှန်ပြောရရင် အဲဒီအချိန်ကတည်းက အစည်းအဝေးကို ကျွန်တော်လက်မလွတ်ခဲ့ဘူး။ ဒီခရစ်ယာန်အစည်းအဝေးတွေဟာ စိတ်ဝင်စားစရာကောင်းပြီး ကျွန်တော်ရဲ့ဝိညာဉ်ရေးလိုအပ်ရာကို ဖြည့်ဆည်းပေးတယ်။ အကြောင်းတစ်ခုခုကြောင့် ကျွန်တော်စိတ်ဓာတ်ကျတဲ့အခါမှာတောင် ခွန်အားအပြည့်နဲ့ အိမ်ပြန်လာမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်တော်သွားတယ်။”
ယေဟောဝါသက်သေများ၏ ခရစ်ယာန်အစည်းအဝေးများတွင် ကျမ်းစာအသိပညာ၊ တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှုနှင့် ဘုရားသခင့်အားချီးမွမ်းခွင့်ကို သင်ရရှိပါလိမ့်မည်။ သင့်အိမ်နှင့်အနီးဆုံး ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ အစည်းအဝေးတက်ရန် သင့်ကို ကျွန်ုပ်တို့လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်။ ထိုသို့ပြုလျှင် သင်ပျော်ရွှင်ရပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 ဝတ်ပြုရာအိမ်တော်သည် ရောမတို့၏လက်ချက်ဖြင့် လုံးလုံးဖြိုချဖျက်ဆီးခံခဲ့ရသည်။ ဝေးလံသောအရပ်တို့မှ ဂျူးများစွာ ဆုတောင်းရန်လာကြသော ငိုကြွေးရာတံတိုင်းဟူသည့်အရပ်သည် အဆိုပါဝတ်ပြုရာအိမ်တော်၏ တစ်စိတ်တစ်ပိုင်းမဟုတ်ပါ။ ဝတ်ပြုရာအိမ်တော်ရင်ပြင်၏တံတိုင်း တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။
^ အပိုဒ်၊ 20 ဗာဗုလုန်တွင် ပြည်နှင်ခံရသည့် အနှစ် ၇၀ အတောအတွင်း ဝတ်ပြုရာအိမ်တော်မရှိသည့်အခိုက် သို့မဟုတ် ပြည်နှင်ခံဘဝမှ ပြန်လာခဲ့ကြပြီးနောက် ဝတ်ပြုရာအိမ်တော်ကို ပြန်လည်ဆောက်လုပ်နေကြစဉ် တရားဇရပ်များကို ဆောက်လုပ်တည်ထောင်ခဲ့ကြပုံရှိသည်။ ပထမရာစုတိုင်လေသော် ပါလက်စတိုင်းရှိ မြို့အသီးသီးတွင် သက်ဆိုင်ရာတရားဇရပ်တစ်ခုစီရှိလာပြီး သာ၍ကြီးသောမြို့များတွင်မူ တစ်ခုထက်မကရှိလေသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
တဲတော်နှင့် နောက်ပိုင်းတွင် ဝတ်ပြုရာအိမ်တော်များသည် ယေဟောဝါဝတ်ပြုရေး၏ မြင့်မြတ်သောဗဟိုဌာနများဖြစ်ခဲ့
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ရောမမြို့ရှိ စိန့် ပီတာ ဘုရားကျောင်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အစောပိုင်းခရစ်ယာန်များသည် ကိုယ်ပိုင်အိမ်များတွင် အတူတကွတွေ့ဆုံစည်းဝေးခဲ့ကြ
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများသည် ကိုယ်ပိုင်အိမ်များနှင့် ဘုရားသခင့် နိုင်ငံတော်ခန်းမများတွင် ခရစ်ယာန်အစည်းအဝေးများကိုကျင်းပကြ