ခရစ်ယာန်သာသနာပြုတာဝန်ကျရာနေရာသည် ကျွန်ုပ်တို့၏အမြဲနေအိမ်ဖြစ်လာခဲ့
ဘဝအတ္ထုပ္ပတ္တိ
ခရစ်ယာန်သာသနာပြုတာဝန်ကျရာနေရာသည် ကျွန်ုပ်တို့၏အမြဲနေအိမ်ဖြစ်လာခဲ့
ဒစ်ခ်ဝေါလ်ဒရင်ပြောပြသည်
၁၉၅၃၊ စက်တင်ဘာလ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအချိန်။ အနောက်တောင်အာဖရိက (အခု နမီးဘီးယား) ကို ကျွန်တော်တို့ ရောက်ခါစပဲရှိသေးတယ်။ ကျွန်တော်တို့ရောက်တာ တစ်ပတ်တောင်မပြည့်သေးဘူး၊ ဝင်ဒ်ဟိုခ်မြို့မှာ လူထုအစည်းအဝေးကျင်းပဖို့ဆဲဆဲဖြစ်တယ်။ ဩစတြေးလျနိုင်ငံကနေ ဒီအာဖရိကနိုင်ငံကို ကျွန်တော်တို့အားလုံး ဘာကြောင့်ရောက်လာခဲ့သလဲ။ ကျွန်တော့်ဇနီးနဲ့ ကျွန်တော်အပြင် အမျိုးသမီးငယ်သုံးယောက်ဟာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောတဲ့ ခရစ်ယာန်သာသနာပြုတွေအနေနဲ့ ရောက်လာကြခြင်းဖြစ်တယ်။—မဿဲ ၂၄:၁၄။
ကျွန်တော့်ဘဝဟာ ကမ္ဘာမြေကြီးစွန်းတစ်နေရာ ဩစတြေးလျနိုင်ငံ၊ ထူးခြားအရေးပါတဲ့ ၁၉၁၄ ခုနှစ်မှာ စတင်ခဲ့တယ်။ ကျွန်တော် ဆယ်ကျော်သက်အရွယ်မှာ စီးပွားရေးကပ်ဆိုက်ခဲ့တဲ့အတွက် မိသားစုဆက်အသက်ရှင်ရေးအတွက် ကျွန်တော်ပါ အလုပ်လုပ်ခဲ့ရတယ်။ အလုပ်အကိုင်မရှိပေမဲ့လည်း ဩစတြေးလျနိုင်ငံမှာ အများကြီးရှိတဲ့ တောယုန်တွေကို ဖမ်းတဲ့နည်းထွင်ခဲ့တယ်။ ဒါနဲ့ပဲ မိသားစုစားစရာထဲမှာ ယုန်သားကို မှန်မှန်ထပ်ဆင့်ပေးနိုင်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားတဲ့ ၁၉၃၉ ခုနှစ်မှာ မဲလ်ဘုန်းမြို့က ဓာတ်ရထားနဲ့ ဘတ်စကားလိုင်းတွေမှာ အလုပ်ရခဲ့တယ်။ အဲ့ဒီဘတ်စကားလိုင်းမှာ အမျိုးသား ၇၀၀ နီးပါး အဆိုင်းအလိုက် အလုပ်ဆင်းကြတယ်၊ ကျွန်တော်အလုပ်ဆင်းတိုင်း ယာဉ်မောင်းအသစ်၊ လက်မှတ်ရောင်းအသစ်နဲ့ တွဲအလုပ်လုပ်ခဲ့ရတယ်။ “ခင်ဗျား ဘာ,ဘာသာ ကိုးကွယ်သလဲ” ဆိုပြီး သူတို့ကို ကျွန်တော်မေးတတ်တယ်၊ နောက်ပြီး သူတို့ရဲ့ယုံကြည်ချက်တွေကို ရှင်းပြခိုင်းခဲ့တယ်။ ကျွန်တော်စိတ်ကျေနပ်လောက်တဲ့အထိ အဖြေတွေပေးနိုင်တဲ့သူကတော့ ယေဟောဝါသက်သေတစ်ယောက်ပဲ။ ဘုရားသခင်ကို ကြောက်ရွံ့တဲ့သူတွေ ထာဝစဉ်နေထိုင်ရမယ့် ကျမ်းစာအခြေပြု မြေကြီးပရဒိသုအကြောင်း သူရှင်းပြခဲ့တယ်။—ဆာလံ ၃၇:၂၉။
အဲ့ဒီအချိန်မှာ ကျွန်တော့်အမေလည်း ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ်ရခဲ့တယ်။ ကျွန်တော် ညဆိုင်းဆင်းပြီး အိမ်ပြန်တဲ့အခါ အမေက ကျွန်တော်စားဖို့ အစာနဲ့အတူ နှစ်သိမ့်မှု မဂ္ဂဇင်း (အခုအခေါ်အရ နိုးလော့!) တစ်စောင်ကို ထားပေးတတ်တယ်။ ကျွန်တော်ဖတ်သမျှဟာ စိတ်ဝင်စားစရာတွေပဲ။ အတန်ကြာတော့ ဒါဟာ စစ်မှန်တဲ့ဘာသာပဲလို့ ဆုံးဖြတ်လိုက်တယ်၊ အဲ့ဒီအသင်းနဲ့ပေါင်းသင်းပြီး ၁၉၄၀၊ မေလမှာ နှစ်ခြင်းခံလိုက်တယ်။
မဲလ်ဘုန်းမြို့မှာ ရှေ့ဆောင်တွေနေကြတဲ့ အိမ်တစ်အိမ်မှာ အချိန်ပြည့်အမှုတော်ဆောင်တဲ့ ယေဟောဝါသက်သေ ၂၅ ယောက်လောက် နေကြတယ်။ ကျွန်တော်လည်း သူတို့ဆီမှာ သွားနေတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ သူတို့တွေ့ကြုံတဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံတွေကို နေ့တိုင်းကြားနေရတော့ သူတို့လို အမှုဆောင်ချင်စိတ် တဖွားဖွားပေါ်လာတယ်။ ဒါနဲ့ ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ဖို့ လျှောက်လွှာတင်လိုက်တယ်။ ကျွန်တော့်လျှောက်လွှာကို လက်ခံပြီး ယေဟောဝါသက်သေတွေရဲ့ ဩစတြေးလျဌာနခွဲမှာ အမှုဆောင်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါနဲ့ပဲ ကျွန်တော်ဟာ ဗေသလအိမ်သားတစ်ယောက် ဖြစ်လာတယ်။
ထောင်ချခြင်းနှင့် ပိတ်ပင်ခြင်း
ဗေသလမှာ ကျွန်တော့်ရဲ့တာဝန်တစ်ခုကတော့ သစ်စက်မောင်းရတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ လောင်စာအတွက် မီးသွေးလုပ်ဖို့ သစ်တွေကို ခွဲပေးရတယ်။ စစ်ကြောင့် ဓာတ်ဆီ ပြတ်လပ်နေတဲ့အတွက် အဲ့ဒါကို ဌာနခွဲကားတွေမှာ အသုံးပြုကြရတယ်။ သစ်စက်မှာ အလုပ်လုပ်ကြတဲ့ ကျွန်တော်တို့ ၁၂ ယောက်စလုံးဟာ စစ်မှုထမ်းရမယ့်အရွယ်တွေ ဖြစ်နေတယ်။ ဒါနဲ့ သိပ်မကြာခင်မှာပဲ စစ်မှုထမ်းဖို့ ကျွန်တော်တို့ရဲ့ ကျမ်းစာအခြေပြု ငြင်းဆိုချက်ကြောင့် ထောင်ဒဏ်ခြောက်လစီ ကျခဲ့ကြတယ်။ (ဟေရှာယ ၂:၄) ကျွန်တော်တို့ကို အလုပ်ကြမ်းစခန်းဆီ ပို့လိုက်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ဘာလုပ်ရသလဲသိလား။ ဗေသလမှာ ကျွန်တော်တို့လုပ်တတ်လာတဲ့ သစ်ခွဲအလုပ်ပဲ!
ကျွန်တော်တို့ သစ်ခွဲအလုပ်ကို ကောင်းကောင်းလုပ်ခဲ့တဲ့အတွက် တင်းတင်းကျပ်ကျပ်တားမြစ်ထားရက်နဲ့ ကျွန်တော်တို့ကို ကျမ်းစာနဲ့ ကျမ်းစာ,စာပေတွေ ထောင်ပိုင်က ခွင့်ပြုခဲ့တယ်။ အဲ့ဒီအချိန်မှာ လူတွေနဲ့ဆက်ဆံတဲ့အခါ အသုံးဝင်လှတဲ့ သင်ခန်းစာကို ကျွန်တော်သိခဲ့ရတယ်။ ဗေသလမှာ ကျွန်တော်အလုပ်လုပ်တုန်းက ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်တော် လုံးဝအဆင်မပြေနိုင်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ပင်ကိုစရိုက်က အရမ်းကွာခြားလွန်းတယ်။ အကျဉ်းစခန်းတစ်ခန်းထဲမှာ ကျွန်တော်နဲ့ ဘယ်သူနေရတယ်လို့ ထင်သလဲ။ အဲ့ဒီညီအစ်ကိုပါပဲ။ အခု တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ တကယ်ကိုအချိန်ရခဲ့ပြီး ရလဒ်ကတော့ ကျွန်တော်တို့ဟာ ခင်မင်ရင်းနှီးတည်မြဲတဲ့ မိတ်ဆွေတွေဖြစ်လာခဲ့တယ်။
တစ်နေ့ကျတော့ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ဩစတြေးလျနိုင်ငံမှာ ပိတ်ပင်လိုက်တယ်။ ရန်ပုံငွေတွေအားလုံး သိမ်းယူသွားတဲ့အတွက် ဗေသလညီအစ်ကိုတွေမှာ ငွေသိပ်မရှိကြဘူး။ တစ်ခါတုန်းက ဗေသလညီအစ်ကိုတစ်ယောက်က ကျွန်တော့်ဆီလာပြီး “ဒစ်ခ်၊ မြို့ထဲမှာ ကျွန်တော် အမှုဆောင်သွားထွက်ချင်တယ်၊ ဒါပေမဲ့ ရှူးဖိနပ်မရှိဘူး၊ အလုပ်စီးဖိနပ်ပဲရှိတယ်” လို့ပြောတယ်။ သူ့ကိုကူညီလိုက်ရလို့ ကျွန်တော်ဝမ်းသာတယ်၊ ကျွန်တော့်ရှူးဖိနပ်နဲ့ သူမြို့ထဲသွားဖြစ်တယ်။
အဲ့ဒီညီအစ်ကို ဟောပြောလို့ အချုပ်ထဲရောက်နေတယ်လို့ နောက်ပိုင်းမှာ ကျွန်တော်ကြားခဲ့ရတယ်။ ဒါနဲ့ ကျွန်တော်က “ဝမ်းနည်းပါတယ် ညီအစ်ကို။ ကျွန်တော် ကိုယ့်ရှူးဖိနပ် မစီးထားတာ တော်သေးတယ်” လို့စာတိုကလေးတစ်စောင် ပို့ဖြစ်အောင်ပို့လိုက်တယ်။ ဒါပေမဲ့ နောက်မကြာခင်မှာပဲ ကျွန်တော်လည်း အဖမ်းခံရတယ်၊ ကျွန်တော့်ကြားနေရပ်တည်မှုကြောင့် ဒုတိယအကြိမ် ထောင်ချခံခဲ့ရတယ်။ ကျွန်တော် ထောင်ကလွတ်လာပြီးနောက်မှာ ဗေသလမိသားစုအတွက် စားနပ်ရိက္ခာပံ့ပိုးပေးဖို့ ဥယျာဉ်ခြံမှာ တာဝန်ရခဲ့တယ်။ အဲ့ဒီအချိန်လောက်မှာ တရားရုံးဆုံးဖြတ်ချက်က ကျွန်တော်တို့ကို အနိုင်ပေးလိုက်လို့ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးလိုက်တယ်။
ဇွဲရှိသော ဧဝံဂေလိဟောပြောသူတစ်ဦးကို လက်ထပ်ခြင်း
လယ်ယာခြံထဲမှာ အလုပ်လုပ်နေရင်း အိမ်ထောင်ပြုဖို့ အလေးအနက်စဉ်းစားမိတယ်၊ ရှေ့ဆောင်ညီအစ်မငယ် ကောရာလီ ကလိုဂန်ကို ကျွန်တော် စိတ်ဝင်စားလာတယ်။ ကောရာလီရဲ့အဘွားက သူ့မိသားစုမှာ ကျမ်းစာသတင်းတရားကို ပထမဦးဆုံး စိတ်ဝင်စားခဲ့တယ်။ အဘွားဆုံးခါနီးမှာ ကောရာလီရဲ့အမေ ဗီရာကို “ဘုရားသခင်ကိုချစ်ဖို့၊ ဘုရားသခင့်အမှုတော်ဆောင်ဖို့ သမီးရဲ့ကလေးတွေကို သင်ပေးပါ၊ တစ်နေ့ကျရင် အမေတို့အားလုံး ပရဒိသုမြေကြီးပေါ်မှာ ပြန်ဆုံကြမယ်” လို့ပြောခဲ့တယ်။ နောက်ပိုင်းမှာ ရှေ့ဆောင်တစ်ယောက်က ယနေ့ အသက်ရှင်သူ လူသန်းပေါင်းများစွာ ဘယ်တော့မျှမသေတော့ ဆိုတဲ့ စာအုပ်နဲ့ ဗီရာရဲ့အိမ်ရှေ့ကို ရောက်လာတော့ သူ့အမေ ဘာကိုဆိုလိုမှန်း သိလာတယ်။ ပရဒိသုမြေကြီးပေါ်မှာ ပျော်ရွှင်တဲ့အသက်တာနဲ့ လူသားတွေနေထိုင်ဖို့ ဘုရားသခင်ရည်ရွယ်တာကို အဲ့ဒီစာအုပ်ငယ်က ဗီရာကို ယုံကြည်စိတ်ချစေခဲ့တယ်။ (ဗျာ. ၂၁:၄) ဒါနဲ့ ၁၉၃၀ ပြည့်လွန်နှစ်များ အစောပိုင်းမှာ ဗီရာနှစ်ခြင်းခံပြီး သူ့အမေအားပေးခဲ့သလို သူ့သမီးသုံးယောက် လူစီ၊ ဂျီန်နဲ့ ကောရာလီတို့ကိုလည်း ဘုရားသခင်ကို ချစ်တတ်လာအောင် ကူညီပေးခဲ့တယ်။ ဒါပေမဲ့ မိသားစုအတွင်းမှာ ဖြစ်ပျက်မယ့်အရာတွေကို ယေရှုကြိုသတိပေးခဲ့တဲ့အတိုင်းပဲ ကောရာလီရဲ့အဖေက ဘာသာတရားကိုစိတ်ဝင်စားတဲ့ သူ့မိသားစုကို အကြီးအကျယ်အတိုက်အခံလုပ်ခဲ့တယ်။—မဿဲ ၁၀:၃၄-၃၆။
ဂလိုဂန်မိသားစုဟာ အတီးအမှုတ်ဝါသနာပါတဲ့ မိသားစုဖြစ်တယ်; ကလေးတစ်ယောက်စီက တူရိယာတစ်မျိုးစီကို တီးမှုတ်တတ်ကြတယ်။ ကောရာလီက တယောထိုးတတ်တယ်၊ ၁၉၃၉ ခုနှစ်၊ အသက် ၁၅ နှစ်မှာ တေးဂီတဒီပလိုမာဆု ရခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားတဲ့အခါ ကောရာလီက သူ့ရဲ့အနာဂတ်အကြောင်း အလေးအနက်စဉ်းစားလာတယ်။ သူဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ အချိန်တန်နေပြီ။ တေးဂီတနဲ့ပဲ အသက်မွေးဝမ်းကျောင်းရှာရမလား။ မဲလ်ဘုန်းသံစုံတီးဝိုင်းမှာ ပါဝင်တီးဖို့ ဖိတ်ခေါ်ခံထားရတယ်။ နောက်တစ်ဖက်မှာ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းမှာပဲ သူ့ဘဝကို မြှုပ်နှံနိုင်တယ်။ အလေးအနက်စဉ်းစားကြပြီးနောက် ကောရာလီနဲ့ သူ့အစ်မနှစ်ယောက်စလုံး ၁၉၄၀ ပြည့်နှစ်မှာ နှစ်ခြင်းခံကြပြီး ဧဝံဂေလိလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်ဖို့ စီစဉ်ခဲ့ကြတယ်။
အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်မယ်လို့ ကောရာလီ ဆုံးဖြတ်ပြီးမကြာခင်မှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်လာတဲ့ ဩစတြေးလျဌာနခွဲက တာဝန်ခံညီအစ်ကို လွိုက် ဘယ်ရီက သူ့ကို အားပေးခဲ့တယ်။ မဲလ်ဘုန်းမြို့မှာ ညီအစ်ကိုဘယ်ရီ ဟောပြောချက်ပေးပြီးတာနဲ့ “ဗေသလကို ကျွန်တော်ပြန်မယ်။ ကျွန်တော်နဲ့အတူ ပြန်လိုက်လာပြီး ဗေသလမိသားစုနဲ့ ပူးပေါင်းလုပ်ဆောင်ပါလား” ဆိုပြီး ကောရာလီကို ပြောခဲ့တယ်။ ကောရာလီကလည်း စိတ်လိုကိုယ်လျောက်ပဲ လက်ခံလိုက်တယ်။
စစ်အတွင်း ပိတ်ပင်ခံရတဲ့အချိန်မှာ ဩစတြေးလျနိုင်ငံက ညီအစ်ကိုတွေအတွက် ကျမ်းစာ,စာပေတွေကို ကောရာလီနဲ့ ဗေသလမိသားစုက တခြားညီအစ်မတွေဟာ အရေးကြီးကဏ္ဍကနေ ပါဝင်ကူညီပေးခဲ့ကြတယ်။ ညီအစ်ကိုမယ်လ်ကန် ဗေးလ်ရဲ့ ကြီးကြပ်မှုအောက်မှာ ညီမတွေက စာအုပ်အတော်များများ ပုံနှိပ်ထုတ်ဝေခဲ့ကြတယ်။ အဲ့ဒီအချိန်က ကမ္ဘာသစ် နဲ့ ကလေးများ စာအုပ်တွေကို ပုံနှိပ်ပြီးချုပ်ခဲ့ရတယ်၊ ပိတ်ပင်ခံရတဲ့ နှစ်နှစ်ကျော်ကျော်ကာလအတွင်းမှာ ကင်းမျှော်စင် အစောင်တိုင်းကို ပုံနှိပ်နိုင်ခဲ့တယ်။
ရဲမဖမ်းမိအောင် ပုံနှိပ်စက်ကို ၁၅ ခါလောက် ရွှေ့ခဲ့ကြရတယ်။ တစ်ခါတုန်းက အဆောက်အအုံတစ်ခုရဲ့ မြေအောက်ခန်းမှာ ကျမ်းစာ,စာပေတွေကို ပုံနှိပ်ခဲ့တယ်၊ အပြင်ပန်းအနေနဲ့တော့ တခြားစာအုပ်တွေကို ပုံနှိပ်ခဲ့တယ်။ ဧည့်ကြိုခန်းမှာရှိတဲ့ ညီအစ်မက စိုးရိမ်စရာတစ်ခုခုပေါ်တာနဲ့ မြေအောက်ခန်းထဲ အချက်ပြခေါင်းလောင်းတီးလိုက်ရင် မြေအောက်ခန်းကညီအစ်မတွေက စစ်ဆေးရေးမဝင်ခင် စာအုပ်စာတမ်းတွေကို ဝှက်ထားလိုက်နိုင်တယ်။
တစ်ခါက စစ်ဆေးရေးဝင်နေစဉ်မှာ အားလုံးမြင်နိုင်တဲ့ စားပွဲပေါ်မှာ ကင်းမျှော်စင် တစ်စောင်ရှိနေတာကို သိကြတော့ ညီအစ်မတချို့က စိုးရိမ်နေကြတယ်။ ရဲဝင်လာတယ်၊ သူ့ရဲ့လက်ဆွဲအိတ်ကို ကင်းမျှော်စင် အပေါ်တည့်တည့်မှာ တင်လိုက်ပြီး စရှာတော့တာပဲ။ ဘာမှမတွေ့တာနဲ့ သူ့လက်ဆွဲအိတ်ကို ကောက်ကိုင်ပြီး ထွက်သွားပါလေရော!
ပိတ်ပင်မှုရုပ်သိမ်းပြီးတဲ့နောက် ညီအစ်ကိုတွေရဲ့ ဌာနခွဲပစ္စည်းတွေပြန်အပ်ခဲ့ပြီး ညီအစ်ကိုအတော်များများကို အထူးရှေ့ဆောင်တွေအနေနဲ့ လယ်ကွင်းဆင်းခွင့်ပေးခဲ့တယ်။ အဲ့ဒီအချိန်မှာ ကောရာလီက ဂလဲနနီစ်မြို့ကို သွားအမှုဆောင်ဖို့ စိတ်ဆုံးဖြတ်ခဲ့တဲ့အချိန်ပေါ့။ ၁၉၄၈၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြပြီးနောက် အဲ့ဒီမှာ သူနဲ့အတူ သွားအမှုဆောင်ခဲ့တယ်။ ဂလဲနနီစ်မြို့ကနေ ကျွန်တော်တို့ထွက်ခွာတဲ့အချိန်မှာ တိုးတက်နေတဲ့အသင်းတော်တစ်ခုကို အဲ့ဒီမှာ တည်ထောင်ခဲ့တယ်။
ကျွန်တော်တို့တာဝန်ကျတဲ့ နောက်တစ်နေရာက ရော့ခ်ဟမ်ပ်တန်မြို့မှာဖြစ်တယ်၊ ဒါပေမဲ့ အဲ့ဒီမှာ နေစရာနေရာ ရှာမတွေ့ခဲ့ဘူး။ ဒါနဲ့ စိတ်ဝင်စားသူတစ်ယောက်ရဲ့ ခြံထဲမှာ တဲထိုးပြီး ကျွန်တော်တို့ နေခဲ့ကြတယ်။ အဲ့ဒီတဲက နောက်ထပ်ကိုးလအထိ ကျွန်တော်တို့ရဲ့ နေအိမ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ ပိုပြီးကြာကြာနေဖို့ဖြစ်ပေမဲ့ မိုးရာသီလည်း ရောက်လာရော အပူပိုင်းမုန်တိုင်းကြောင့် တဲဖျင်က အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး မုတ်သုန်မိုးထဲ မျောပါသွားတယ်။ *
တိုင်းတစ်ပါးတာဝန်သို့ ကျွန်တော်တို့ ပြောင်းရွှေ့
ကျွန်တော်တို့ ရော့ခ်ဟမ်ပ်တန်မြို့မှာရှိနေတုန်း ခရစ်ယာန်သာသနာပြုသင်တန်းအတွက် ၁၉ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း တက်ရောက်ဖို့ ဖိတ်စာတစ်စောင်ရခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ ကျောင်းဆင်းပြီးနောက် အဲ့ဒီတုန်းက အနောက်တောင်အာဖရိကလို့ခေါ်တဲ့ နိုင်ငံကို ကျွန်တော်တို့ ရောက်လာခဲ့တာပါပဲ။
ခရစ်ယာန်ဘောင်ဓမ္မဆရာတွေက ကျွန်တော်တို့ရဲ့ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို သူတို့ ဘယ်လိုသဘောထားမှန်း ချက်ချင်းပေါ်တော့တာပဲ။ ခြောက်ပတ်ဆက်တိုက် တနင်္ဂနွေနေ့တိုင်း တရားဟောစင်ကနေ ကျွန်တော်တို့အကြောင်း သူတို့အသင်းတော်သားတွေကို သတိပေးခဲ့တယ်။ သူတို့ စိတ်ရှုပ်ထွေးသွားနိုင်တဲ့အတွက် ကျွန်တော်တို့လာရင် တံခါးမဖွင့်ပေးဖို့၊ ကျမ်းစာဖတ်ပြတာကို ခွင့်မပြုဖို့ ပြောခဲ့ကြတယ်။ တစ်နေရာမှာ စာအုပ်စာတမ်းအတော်များများ ဝေငှနိုင်ခဲ့ပေမဲ့ ခရစ်ယာန်ဓမ္မဆရာက တစ်အိမ်မှတစ်အိမ် ကျွန်တော်တို့နောက်လိုက်ပြီး စာအုပ်တွေကို လိုက်ကောက်သိမ်းတော့တယ်။ တစ်နေ့ကျတော့ ခရစ်ယာန်ဓမ္မဆရာရဲ့ စာကြည့်ခန်းမှာ ကျွန်တော်တို့ ဆွေးနွေးခွင့်ရတယ်၊ သူ့ဆီမှာ ကျွန်တော်တို့စာအုပ်တွေ အတော်များများစုဆောင်းထားတာကို တွေ့ခဲ့ရတယ်။
သိပ်မကြာခင်မှာပဲ ကျွန်တော်တို့လုပ်ငန်းကို ဒေသခံအာဏာပိုင်တွေကလည်း မသင်္ကာဖြစ်လာကြတယ်။ ကျွန်တော်တို့ဟာ ကွန်မြူနစ်နဲ့အဆက်အသွယ်ရှိတယ်လို့ ခရစ်ယာန်ဓမ္မဆရာ သွေးထိုးပေးလို့ သူတို့ သံသယဖြစ်ခဲ့တာ သေချာတယ်။ ဒါနဲ့ ကျွန်တော်တို့ရဲ့လက်ဗွေတွေကိုယူပြီး ကျွန်တော်တို့လည်ပတ်ခဲ့တဲ့ လူတချို့ကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြတယ်။ ဒီလိုအတိုက်အခံလုပ်ကြပေမဲ့ ကျွန်တော်တို့အစည်းအဝေးတွေကို တက်တဲ့လူ တဖြည်းဖြည်းတိုးများလာတယ်။
ကျွန်တော်တို့ရောက်ကတည်းက အိုဗန်ဘို၊ ဟရဲရိုနဲ့ နာမာ တိုင်းရင်းသားတွေကို ကျမ်းစာသတင်းတရား အရမ်းဟောပြောချင်ခဲ့တယ်။ ဒါပေမဲ့ သိပ်တော့မလွယ်ပါဘူး။ အဲ့ဒီအချိန်တုန်းက အနောက်တောင်အာဖရိကဟာ တောင်အာဖရိကအစိုးရရဲ့ လူဖြူလူမည်းခွဲခြားတဲ့ နယ်မြေအောက်မှာ ရှိနေတယ်။ လူဖြူတွေဖြစ်တဲ့ ကျွန်တော်တို့ကို အစိုးရခွင့်ပြုချက်မရဘဲ လူမည်းဒေသမှာ သက်သေခံခွင့်မပြုခဲ့ဘူး။ ခွင့်ပြုချက်ရဖို့ မကြာခဏလျှောက်ခဲ့ပေမဲ့လည်း အာဏာပိုင်တွေက လုံးဝမပေးခဲ့ဘူး။
အဲ့ဒီမှာ နှစ်နှစ်နေပြီးနောက် အံ့ဩစရာတစ်ခု ကြုံခဲ့တယ်။ ကောရာလီ ကိုယ်ဝန်ရှိနေပြီ။ ၁၉၅၅၊ အောက်တိုဘာလမှာ ကျွန်တော်တို့သမီးလေး ရှားလက်ကို မွေးဖွားခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ ခရစ်ယာန်သာသနာပြုတွေ မဖြစ်နိုင်တော့ပေမဲ့ အချိန်ပိုင်းအလုပ်ကို ရှာလုပ်ပြီး ဆက်ရှေ့ဆောင်နိုင်ခဲ့တယ်။
ကျွန်တော်တို့ ဆုတောင်းချက်အတွက် အဖြေရ
၁၉၆၀ ပြည့်နှစ်မှာ နောက်ထပ်စိန်ခေါ်ချက်ကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတယ်။ ကောရာလီရဲ့အမေ အသည်းအသန်ဖျားနေလို့ ကောရာလီ အိမ်ပြန်မလာရင် သူ့အမေကို နောက်တွေ့ရတော့မှာ မဟုတ်ဘူးဆိုတဲ့ စာတစ်စောင်ရောက်လာတယ်။ ဒါနဲ့ အနောက်တောင်အာဖရိက,ကနေ ဩစတြေးလျကို ပြန်ပြောင်းဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ကြတယ်။ ကျွန်တော်တို့ထွက်ခွာတော့မယ့် အပတ်မှာပဲ ဒေသခံအာဏာပိုင်တွေက ကာတူတူရာလူမည်းရပ်ကွက်ကိုသွားဖို့ ခွင့်ပြုချက်ပေးခဲ့တယ်။ အခု ကျွန်တော်တို့ ဘာလုပ်ကြရမလဲ။ ခွင့်ပြုချက်ရဖို့ ခုနစ်နှစ်လုံးလုံး ကြိုးစားပြီးမှ လက်
လွှတ်ရတော့မှာလား။ ကျွန်တော်တို့ထွက်သွားရင် တခြားသူတွေ လုပ်နိုင်ပါတယ်ဆိုပြီး အကြောင်းပြဖို့လွယ်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ဆုတောင်းချက်အတွက် အဖြေ၊ ယေဟောဝါဆီကရတဲ့ ကောင်းချီးတစ်ခုမဟုတ်ပါလား။ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ တကယ်လို့ ကျွန်တော်တို့အားလုံး ဩစတြေးလျနိုင်ငံကို ထွက်သွားခဲ့ရင် အမြဲနေထိုင်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့တာတွေ အလဟဿဖြစ်သွားနိုင်တာကြောင့် ကျွန်တော် နေရစ်ခဲ့တယ်။ နောက်တစ်နေ့မှာ သင်္ဘောလက်မှတ်ဝယ်ဖို့ ကြိုတင်စာရင်းသွင်းထားတာကို ကျွန်တော့်အတွက် ဖျက်လိုက်ပြီး ကောရာလီနဲ့ ရှားလက်ကိုပဲ ဩစတြေးလျနိုင်ငံကို ပို့လိုက်တယ်။
သူတို့သွားနေတုန်း လူမည်းမြို့သားတွေဆီသွားပြီး ကျွန်တော် သက်သေခံတော့တာပဲ။ စိတ်ဝင်စားသူ အတော်များတယ်။ ကောရာလီနဲ့ ရှားလက်တို့ ပြန်လာတဲ့အချိန်မှာ လူမည်းမြို့သား အတော်များများ ကျွန်တော်တို့အစည်းအဝေးတွေကို တက်နေကြပြီ။
အဲ့ဒီအချိန်လောက်မှာ ကျွန်တော်ဆီမှာရှိတဲ့ ကားဟောင်းနဲ့ စိတ်ဝင်စားသူတွေကို အစည်းအဝေးကြိုပို့ပေးနိုင်ခဲ့တယ်။ အစည်းအဝေးတိုင်း လေးငါးခေါက် အကြိုအပို့လုပ်ရတယ်၊ တစ်ခေါက်ကို လူခုနစ်ယောက်၊ ရှစ်ယောက်၊ တစ်ခါတလေ ကိုးယောက်အထိ ခေါ်လာရတယ်။ ကားထဲက နောက်ဆုံးလူဆင်းသွားရင် ကောရာလီက “ခုံအောက်မှာ နောက်ထပ် ဘယ်နှစ်ယောက် ရှင်,တင်လာသေးသလဲ” လို့ရယ်စရာအနေနဲ့ ပြောဖူးတယ်။
ဟောပြောခြင်းလုပ်ငန်းမှာ ပိုပြီးထိရောက်မှုရှိဖို့ ကျွန်တော်တို့မှာ တိုင်းရင်းသားဘာသာစကားနဲ့ စာအုပ်ရှိဖို့ လိုတယ်။ ဒါကြောင့် ကမ္ဘာသစ်၌အသက်တာ ဝေစာကို ဟရဲရို၊ နာမာ၊ ငုံဂါနဲ့ ကွာညာမာ ဒေသခံဘာသာစကားလေးခုနဲ့ ဘာသာပြန်ဆိုဖို့ ကျွန်တော်စီစဉ်ခွင့်ရခဲ့တယ်။ ဘာသာပြန်ဆိုသူတွေက ကျွန်တော်တို့နဲ့ ကျမ်းစာသင်နေတဲ့ ပညာတတ်တွေပါပဲ၊ ဒါပေမဲ့ စာကြောင်းတစ်ကြောင်းစီကို သူတို့မှန်မှန်ကန်ကန်ပြန်ဆိုတာသေချာဖို့ သူတို့နဲ့အတူ ကျွန်တော်ပါ ထိုင်ပြီးတွဲအလုပ်လုပ်ခဲ့ရတယ်။ နာမာဘာသာစကားမှာ စကားလုံး သိပ်နည်းတယ်။ ဥပမာပေးရရင် “အစအဦး၌ အာဒံသည် စုံလင်၏” ဆိုတဲ့အချက်ကို ကျွန်တော် ကြိုးစားရှင်းပြခဲ့ရတယ်။ ဘာသာပြန်သူက ခေါင်းရှုပ်သွားပြီး “စုံလင်” ကို နာမာဘာသာစကားနဲ့ ဘယ်လိုပြောရမှန်းမသိဘူးတဲ့။ နောက်ဆုံး သူစဉ်းစားပြီး “အကြံရပြီ၊ အစအဦး၌ အာဒံသည် မှည့်ရွှမ်းသော မက်မွန်သီးနှင့်တူ၏” လို့ဘာသာပြန်လိုက်တယ်။
ကျွန်ုပ်တို့တာဝန်ကျရာနိုင်ငံနှင့် ကျေနပ်နေ
အခု နမီးဘီးယား လို့ခေါ်တဲ့ ဒီနိုင်ငံကို ကျွန်တော်တို့ရောက်နေတာ ၄၉ နှစ်လောက်ရှိသွားပြီ။ လူမည်းရပ်ကွက်တွေကို ဝင်ခွင့်တောင်းစရာမလိုတော့ဘူး။ လူမျိုးမခွဲခြားတဲ့ အခြေခံဥပဒေကို အခြေပြုတဲ့ အစိုးရသစ်က နမီးဘီးယားနိုင်ငံကို အုပ်ချုပ်နေတယ်။ အခုဆိုရင် ဝင်ဒ်ဟိုခ်မြို့မှာ သက်သောင့်သက်သာရှိတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမတွေမှာ စည်းဝေးကြတဲ့ အသင်းတော်ကြီး လေးခုရှိနေပြီ။
ဂိလဒ်သင်တန်းမှာကြားခဲ့ရတဲ့ “သင်တို့တာဝန်ကျတဲ့ တိုင်းတစ်ပါးနိုင်ငံကို သင်တို့နေအိမ်ဖြစ်စေကြပါ” ဆိုတဲ့ စကားကို တစ်ခါတလေ ပြန်သတိရတယ်။ ကိစ္စရပ်တွေကို ယေဟောဝါ ကိုင်တွယ်ဆောင်ရွက်ပုံနည်းကိုကြည့်ရင် ဒီတိုင်းတစ်ပါးနိုင်ငံကို ကျွန်တော်တို့ရဲ့နေအိမ်ဖြစ်လာစေဖို့ ကိုယ်တော်အလိုတော်ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့ ညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ အရမ်းချစ်ခင်ရင်းနှီးလာကြတယ်။ သူတို့ပျော်တဲ့အခါ ကျွန်တော်တို့ လိုက်ပျော်နိုင်ကြတယ်၊ သူတို့ဝမ်းနည်းတဲ့အခါလည်း လိုက်ငိုကြတာပဲ။ ကျွန်တော်တို့ကားထဲမှာ ပြွတ်သိပ်တင်ပြီး အစည်းအဝေးကို ခေါ်လာခဲ့တဲ့ အရင်ကလူသစ်တွေက အခုဆိုရင် သူတို့ရဲ့အသင်းတော်တွေမှာ အမှီတံကဲတွေ ဖြစ်နေကြပြီ။ ဒီနိုင်ငံကျယ်ကြီးထဲကို ကျွန်တော်တို့ရောက်တဲ့ ၁၉၅၃ ခုနှစ်မှာ သတင်းကောင်းဟောပြောသူ ဒေသခံကြေညာသူ ဆယ်ယောက်တောင်မရှိသေးဘူး။ လူနည်းနည်းလေးကနေ အခုဆိုရင် ၁,၂၀၀ ကျော်သွားပြီ။ ယေဟောဝါ ကတိပေးတဲ့အတိုင်းပဲ ကျွန်တော်တို့နဲ့ အခြားသူတွေ ‘စိုက်ပျိုးပြီး ရေလောင်း’ တဲ့ဒီနေရာမှာ ယေဟောဝါ ကြီးထွားစေခဲ့ပြီ!—၁ ကောရိန္သု ၃:၆။
ပထမဦးဆုံး ဩစတြေးလျနိုင်ငံမှာ၊ အခု နမီးဘီးယားနိုင်ငံမှာ ကျွန်တော်တို့အမှုဆောင်ခဲ့တဲ့ နှစ်တွေကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ကောရာလီနဲ့ ကျွန်တော်တို့ဟာ အရမ်းကိုကျေနပ်အားရကြတယ်။ အခုနဲ့ထာဝရ ယေဟောဝါရဲ့အလိုတော်ကို ဆောင်ရွက်ဖို့ ကိုယ်တော် ဆက်ပြီးခွန်အားပေးမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ပြီး ဆုတောင်းနေလျက်ပါ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 22 ဤခက်ခဲသည့်နေရာတွင် ဝေါလ်ဒရင်မောင်နှံစုံ မည်သို့ခံရပ်ခဲ့သည်ကို ဒီဇင်ဘာ ၁၊ ၁၉၅၂ ခုနှစ်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၇၀၇-၈ တွင်အမည်မဖော်ဘဲ ရင်ဖိုဖွယ်မှတ်တမ်း ဖော်ပြခဲ့သည်။
[စာမျက်နှာ ၂၆၊ ၂၇ ပါ ရုပ်ပုံ]
ကျွန်တော်တို့ တာဝန်ကျရာ ဩစတြေးလျနိုင်ငံ၊ ရော့ခ်ဟမ်ပ်တန်မြို့သို့ ပြောင်းရွှေ့ခြင်း
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဂိလဒ်ကျောင်းသို့သွားစဉ် ဆိပ်ကမ်း၌
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
နမီးဘီးယားနိုင်ငံတွင် သက်သေခံရာ၌ ကျွန်တော်တို့ အလွန်ပျော်ရွှင်ကြ