မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ဗျာ. ၂၀:၈ ကို​ထောက်၍ နောက်ဆုံး​စမ်းသပ်​ချိန်​တွင် စာတန်​၏​လှည့်ဖြားမှု ခံရ​မည့်​သူတို့သည် အတိုင်းမသိ​များပြား​လိမ့်​မည်​ဟု ကျွန်ုပ်​တို့​ကောက်ချက်​ချ​သင့်​သလော။

ဗျာ. ၂၀:၈ [သ​မ] က မေရှိယနိုင်ငံတော်​၏ အနှစ်​တစ်ထောင်​အုပ်ချုပ်မှု​အဆုံး​တွင် မြေကြီးပေါ်​ရှိသူ​များ​ကို စာတန်​နောက်ဆုံး​တိုက်ခိုက်​ခြင်း​အကြောင်း ဖော်ပြ​သည်။ စာတန့်​အကြောင်း ထို​ကျမ်းချက်​က​ဤသို့​ဆို​၏– “ဂေါဂ၊ မာဂေါဂ​သည် မြေကြီး​လေး​စွန်း​ရှိ လူမျိုးများ​ကို လှည့်ဖြား​လျက် စစ်ပွဲ​သို့​စုရုံး​စေခြင်း​ငှာ ထွက်​လိမ့်​မည်။ သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ​များပြား​သော ထို​လူမျိုး​တို့သည် မြေကြီး​တစ်လျှောက် ချီ​လာ” လိမ့်​မည်။

သိပ္ပံ​နည်း​ပညာ​များနှင့် ကိရိယာ​တန်ဆာပလာ​များ တိုးတက်​ထွန်းကား​နေ​သော်လည်း “သမုဒ္ဒရာ​သဲလုံး” ၏​အရေအတွက်​ကို​မသိနိုင်​သေး​ချေ။ ထို့​ကြောင့် ၎င်း​အသုံးအနှုန်း​သည် မသိ​ရ​သေး​သော၊ အတိအကျ​မပြော​နိုင်သော အရေအတွက်​ကို ရည်ညွှန်း​သည်​ဟု​ဆိုနိုင်​ပါ​သည်။ သို့သော် ယင်းက အလွန့်အလွန်​များပြား​သော၊ အတိုင်းမသိ​များပြား​သော စိတ်ကူး​ကြည့်​၍​ပင်မ​ရနိုင်​သော အရေအတွက်​ကို​ဆိုလို​သလော၊ သို့​မဟုတ် အရေအတွက်​အတိအကျ​မသိနိုင်​သော်လည်း  အတော်အတန်​များပြား​သည်​ဟု​သာ  ဆိုလို​သလော။

သမ္မာကျမ်းစာ​တွင် “သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ” ဟူသော​အသုံးအနှုန်း​ကို နည်း​အမျိုးမျိုးဖြင့် အသုံးပြု​ထား​သည်။ ဥပမာ၊ ကမ္ဘာဦး ၄၁:၄၉ ၌​ဤသို့​ဖတ်​ရသည်– “စပါး​ကို​ကား [ယောသပ်​သည်] သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ အလွန်​များစွာ​စု​ထား​၍ မရေမတွက်​နိုင်အောင်​များသော​ကြောင့် မရေတွက်​ဘဲ​နေ​သတည်း။” ဤ​တွင် မရေမတွက်​နိုင်​ခြင်း​ကို အလေးပေး​ဖော်ပြ​သည်။ အလားတူ ယေဟောဝါ​က “မိုးကောင်းကင်​တန်ဆာ​တို့ကို မရေတွက်​နိုင်၊ သမုဒ္ဒရာ​သဲလုံး​တို့ကို တောင်း​တင်း​နှင့်​မ​ခြင်​နိုင်အောင် များပြား​သကဲ့သို့ ငါ့​ကျွန်​ဒါဝိဒ်​၏​အမျိုး​ကို . . . ငါ​များပြား​စေမည်” ဟု​မိန့်တော်မူ​ခဲ့​သည်။ ကောင်းကင်​ကြယ်​နှင့် သမုဒ္ဒရာ​သဲလုံး​တို့ကို မရေတွက်​နိုင်​သည်​မှာ သေချာ​သကဲ့သို့ ဒါဝိဒ်​ကို ယေဟောဝါ​ပေး​ခဲ့​သောက​တိ​တော် မလွဲဧကန်​ပြည့်စုံ​ရမည်။—ယေရမိ ၃၃:၂၂

အများအားဖြင့် “သမုဒ္ဒရာ​သဲလုံး” ဟူသော​အသုံးအနှုန်း​သည် အတော်အတန်​ကြီးသော​အရာ​နှင့် မှတ်သား​လောက်​သော အရေအတွက် သို့​မဟုတ် ပမာဏ​ကို ရည်ညွှန်း​သည်။ ဂိလဂါလ​မြို့ရှိ ဣသရေလလူ​တို့သည် မိတ်​မတ်​မြို့၌ တပ်​ချ​ကြသော “သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ​ရှိသော” ဖိလိတ္တိ​လူမျိုး​ကြောင့် အလွန်​စိတ်ပူ​ပန်​ခဲ့​ကြသည်။ (၁ ဓမ္မ​ရာဇဝင် ၁၃:၅၊ ၆; တရားသူကြီး ၇:၁၂) ထို့​ပြင် “ဘုရားသခင်​သည် များစွာသော​ဉာဏ်ပညာ​ကိုလည်း​ကောင်း၊ သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ ကျယ်ဝန်း​သော​နှလုံးကို​လည်းကောင်း [ရှောလမုန်​ကို] ပေး​တော်​မူ​သည်။” (၃ ဓမ္မ​ရာဇဝင် ၄:၂၉) အဆိုပါ​အဖြစ်အပျက်​တစ်ခုစီ​၌ ဖော်ပြ​သော​အရာ​သည် အတော်အတန်​ကြီး​သော်လည်း အကန့်အသတ်​ရှိ၏။

“သမုဒ္ဒရာ​သဲလုံး” ဟူသည် များပြားခြင်း​ကို​မဆိုလို​ဘဲ မသိနိုင်​သည့်​အရေအတွက်​ကိုလည်း ဆိုလို​နိုင်၏။ အာဗြဟံ​ကို ယေဟောဝါ​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်၏​အမျိုးအနွယ်​ကိုလည်း ကောင်းကင်​ကြယ်​ကဲ့သို့​လည်းကောင်း၊ သမုဒ္ဒရာ​သဲလုံး​ကဲ့သို့​လည်းကောင်း အစဉ်အမြဲ​ပွား​များ​စေမည်။” (ကမ္ဘာဦး ၂၂:၁၇) ဤ​ကတိတော်​ကို အာဗြဟံ​၏​မြေး​ယာကုပ်​အား ထပ်မံ​ဖော်ပြ​ရာ​၌ ယေဟောဝါ​သည် “မြေမှုန့်​ကဲ့သို့​များပြား” ဟူသော​အသုံးအနှုန်း​ကို အသုံးပြု​ခဲ့​ပြီး ယင်းကို ယာကုပ်​က “သမုဒ္ဒရာ​သဲလုံး” အဖြစ် ပြန်လည်​ဖော်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၂၈:၁၄; ၃၂:၁၂) ဖြစ်ပျက်​လာ​သည့်​အတိုင်း အာဗြဟံ​၏ “အမျိုးအနွယ်” အရေအတွက်​မှာ ယေရှု​ခရစ်​အပြင် ၁၄၄,၀၀၀ ဖြစ်​ပြီး ယင်းကို ယေရှု​က “သိုးစုငယ်” ဟု​ခေါ်ဆို​ခဲ့​သည်။—လုကာ ၁၂:၃၂; ဂလာတိ ၃:၁၆၊ ၂၉; ဗျာ. ၇:၄; ၁၄:၁၊ ၃

ဤ​ပုံ​ဥပမာ​များ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သိရှိ​ရသနည်း။ “သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ” ဟူသော​အသုံးအနှုန်း​သည် အကန့်အသတ်​မရှိ၊ အတိုင်း​ထက်​အလွန်​များသည်​ဟု အမြဲ​မဆိုလို​ပါ; ပမာဏ​အလွန်​ကြီးမားသော သို့​မဟုတ် အရွယ်အစား​လွန်​စွာ​ကြီးမား​ခြင်း​ကို အစဉ်​ဖော်ပြ​နေခြင်းလည်း​မဟုတ်ပါ။ များသောအားဖြင့် အရွယ်အစား​အတော်အတန်​ရှိသော်လည်း မသိ​ရှိ​ရသော အရေအတွက်​ကို ဆိုလို​၏။ ထို့​ကြောင့် ဘုရားသခင့်​လူမျိုးတော်ကို စာတန်​နောက်ဆုံး​တိုက်ခိုက်​ရာ​၌ သူ့ကို​ထောက်ခံ​မည့် ပုန်ကန်​သူ​လူစု​သည် အတိုင်းမသိ​များပြား​မည်​မဟုတ်ဘဲ အန္တရာယ်​ဖြစ်စေ​နိုင်​လောက်​အောင် အတော်အတန်​များ​မည်​ဟု ယူမှတ်ခြင်း​သည် ကျိုးကြောင်း​ဆီလျော်​ပါ​သည်။ သို့ရာတွင် ထို​အရေအတွက်​ကို ယခု​အချိန်​ထိ မသိ​ရ​သေး​ပါ။