မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိခိုက်သည့်အထိပေးကမ်းခြင်း

ထိခိုက်သည့်အထိပေးကမ်းခြင်း

ထိခိုက်​သည့်​အထိ​ပေးကမ်း​ခြင်း

“သူတောင်းစား​လို့ ကျွန်တော့်​ကို​ခေါ်​နိုင်​ပါ​တယ်; ကျွန်တော်​စိတ်​မဆိုးပါဘူး။ ယေရှု​အတွက် ကျွန်တော်​အလှူခံ​နေတာ။” ပရိုတက်စတင့်​တရားဟော​ဆရာ​တစ်ဦး၏ အဆိုပါ​စကား​များ​က ဝတ်ပြုရေး​ရန်ပုံငွေ​နှင့်​ပတ်သက်​၍ အငြင်းပွားမှု​ရှိနေကြောင်း အလေးအနက်​ဖော်ပြ​သည်။ ဖွဲ့စည်း​တည်ထောင်​ထားသော [ခရစ်ယာန်]ဘာသာရေး​သည် အတည်တကျ​ရှိ​နိုင်​ရန် ငွေကြေး​ထောက်ပံ့မှု အတော်များများ​လို​သည်။ လစာ​များ​ပေးဖို့​လို​သည်၊ ဘုရားကျောင်း​များ ဆောက်လုပ်​၍ ပြုပြင်​ထိန်းသိမ်း​ရသည်၊ ဧဝံဂေလိတရား​ဟော​ကင်ပိန်း​များ​ကို ငွေကြေး​ထောက်ပံ့​ရသည်။ ၎င်းတို့ကို​ပြုလုပ်​ရန် လိုအပ်သော​ငွေ မည်သို့​ရနိုင်​မည်​နည်း။

ချာ့ခ်ျ​များစွာ​သည် ဆယ်ဖို့တစ်ဖို့​အစီအစဉ်​ဖြင့် ၎င်းကို​ဖြေရှင်း​သည်။ * ဧဝံဂေလိတရား​ဟောပြောသူ နော်​မဲ​န် ရော်​ဘတ်​စဲန်​က “ဆယ်ဖို့တစ်ဖို့​ပေး​စေခြင်း​ဖြင့် မြေကြီးပေါ်​ရှိ​နိုင်ငံတော်​ကို ဘုရားသခင်​ထောက်ပံ့​ကူညီပေး​သည်” ဟု​ဆို​၏။ “ဆယ်ဖို့တစ်ဖို့​ပေးခြင်း​အစီအစဉ်သည် ဝမ်းမြောက်​ဖွယ်​သတင်းတရား​ဟောပြောဖို့ ကိုယ်တော်​၏​စီးပွားရေး​နည်း​စနစ်​ဖြစ်သည်။” ပေးကမ်း​စွန့်ကြဲ​ရန် တာဝန်​ရှိကြောင်း သတိ​ပေးဖို့ ဝန်မလေး​ဘဲ မိမိ၏​နောက်လိုက်​များ​ကို ဤသို့​အလေးအနက်​ဆို​သည်– ‘ဆယ်ဖို့တစ်ဖို့​ပေးခြင်း​သည် သင်​တတ်နိုင်​၍ လုပ်ဆောင်​သည့်​အရာ​မဟုတ်ပါ။ နာခံမှု​ပြ​သည့်​လုပ်ရပ်​တစ်ခု​ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့​မပေး​ခြင်း​သည် ဘုရားသခင့်​ပညတ်တော်​ကို တမင်တကာ​ချိုးဖောက်​ခြင်း​ဖြစ်၏။ ငွေ​ကို အလွဲသုံးစား​ပြုခြင်း​ဖြစ်သည်။’—ဆယ်ဖို့တစ်ဖို့​ပေးခြင်းဘုရားသခင့်​ဘဏ္ဍာရေး​အစီအစဉ်။

ပေးကမ်း​ခြင်း​သည် ခရစ်ယာန်​ဝတ်ပြုရေး​၏ ကဏ္ဍ​တစ်ခု​ဖြစ်​သင့်​ကြောင်း သင်​သဘောတူ​ပေမည်။ သို့ရာတွင် မရ​မ​က​ငွေ​တောင်းခံ​ခြင်း​ကို သင်​စိတ်​အနှောင့်အယှက်​ဖြစ်သလော၊ စိတ်​ပင် တို​မိ​သလော။ ဘရာဇီး​လ်​လူမျိုး ခရစ်ယာန်​ဓမ္မ​ပညာရှင် အီနာစီအို စ​ထ​ရိုင်​ဒါက ချာ့ခ်ျ​များသည် “မိမိတို့၏​အဖွဲ့အစည်း​ပြဿနာ​များ​ကို​ဖြေရှင်း” ရန် ဆယ်ဖို့တစ်ဖို့​တောင်းခံ​သည်​ဟု စွပ်စွဲ​ပြီး ထိုသို့​ပြုခြင်း​သည် “တရား​မဝင်၊ အလွဲသုံးစား​ပြုခြင်း​ဖြစ်​ပြီး ဝတ်ပြုရေး​ဆိုင်ရာ​သွေဖည်​မှု​ဖြစ်၏” ဟု​သမုတ်​သည်။ ထိုသို့​ပြုခြင်း​၏​ရလဒ်​မှာ “အလုပ်​လက်မဲ့​ဖြစ်သူ​များ၊ မုဆိုးမများ၊ ဆင်းရဲသား​ရပ်ကွက်​များ​တွင် နေထိုင်သူ​များ၊ ဝေဖန်​သုံးသပ်​နိုင်​ခွင့်​မရှိ​သူများ​တို့​က မိမိတို့ကို ဘုရားသခင်​စွန့်ပစ်​ထားပြီ​ဟု ယူမှတ်​ကြ​ပြီး မိမိတို့​မိသားစု​များ မလောက်မင​စား​ရသည့်​အထိ ‘တရားဟော​ဆရာ’ ကို​ပေးကမ်း​ဖို့ တာဝန်​ရှိသည်​ဟု​ယူမှတ်​စေ​သည်” ဟု​သူ​ဆို​၏။

‘ဆယ်ဖို့တစ်ဖို့​ထည့်​ရန် အတင်းအကျပ်​တောင်းခံ​သော ချာ့ခ်ျ​များသည် သမ္မာကျမ်းစာ​အတိုင်း အမှန်​လိုက်လျှောက်​နေပါသလော။ သို့​မဟုတ် အချို့​သော​ဝတ်ပြုရေးသည် မိမိတို့ သိုးတော်စု​ထံ​မှ ငွေညှစ်​ယူခြင်း​ဖြင့် ဘုရားသခင့်​အမျက်တော်ကို နှိုးဆွ​နေ​သလော။ ဘုရားသခင်​သည် ဆုံးရှုံး​နစ်နာ​သည့်​အထိ ကျွန်ုပ်​တို့ကို ပေးကမ်း​စွန့်ကြဲ​စေ​လို​သလော’ ဆို​သည်ကို သင်​သိ​လို​ပေမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဆယ်ဖို့တစ်ဖို့​ဟူသည် လူတစ်ဦး​၏ စုစုပေါင်း​ဝင်ငွေ​၏ ၁၀ ရာခိုင်နှုန်း​ဖြစ်သည်။