မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၌ ပျော်မွေ့လော့

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်း၌ ပျော်မွေ့လော့

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း၌ ပျော်မွေ့​လော့

“ပြု​တော်​မူသမျှ​တို့ကို​ဆင်ခြင်​၍ စီရင်တော်မူ​သော​အရာ​တို့ကို မြွက်ဆို​ပါ​မည်။”—ဆာလံ ၇၇:၁၂

၁၊ ၂။ (က) စဉ်းစား​ဆင်ခြင်ခြင်း​အတွက် အဘယ်ကြောင့် အချိန်ဖယ်​ထား​ကြ​ရမည်​နည်း။ (ခ) “စဉ်းစား​ဆင်ခြင်​သည်” နှင့် “စိစစ်​တွေးတော​သည်” တို့၏​အဓိပ္ပာယ်​ကား အဘယ်နည်း။

ယေရှု​ခရစ်​၏​တပည့်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကောင်း​ဖို့​နှင့် ကိုယ်တော့်​အမှုတော်ထမ်း​ရခြင်း​အကြောင်းရင်း​များ​ကို အလွန်​အရေးထား​သင့်​သည်။ သို့သော် ယနေ့ လူအများစု​သည် စား​သုတ်​သုတ်၊ သွား​သုတ်​သုတ် ဘဝမျိုး​ဖြင့် နေထိုင်ကြ​ရာ စဉ်းစား​ဆင်ခြင်​ဖို့​အချိန်​မပေးနိုင်​ကြ​ချေ။ သူတို့သည် ပစ္စည်းဥစ္စာ​စုဆောင်းခြင်း၊ သုံးစွဲခြင်း​နှင့် ရည်ရွယ်ချက်​မဲ့ အပျော်အပါး​လိုက်စားခြင်း​တို့​ဖြင့် အလုပ်​ရှုပ်​နေကြ​သည်။ အကျိုးမဲ့​အချည်းနှီး​ဖြစ်သည့် ဤ​အလုပ်​မျိုးကို ကျွန်ုပ်​တို့ မည်သို့​ရှောင်နိုင်​သနည်း။ စားသောက်ခြင်း၊ အိပ်စက်ခြင်း​ကဲ့သို့ နေ့စဉ် မဖြစ်​မနေ​ပြုလုပ်​ရသော​အလုပ်များ​အတွက် အချိန်​သတ်သတ်မှတ်မှတ်​ဖယ်​ထား​ကြ​ရသကဲ့သို့ ယေဟောဝါ​၏​အမှုတော်များ​နှင့် စီရင်တော်မူချက်​တို့ကို နေ့စဉ် စဉ်းစား​ဆင်ခြင်​ကြ​ရန် အချိန်​ယူရ​မည်။—တရားဟောရာ ၈:၃; မဿဲ ၄:၄

အသင် စဉ်းစား​ဆင်ခြင်​ဖူး​သလော။ စဉ်းစား​ဆင်ခြင်ခြင်း​ဟူသည် အဘယ်နည်း။ အဘိဓာန်​တစ်အုပ်​က ထိုစကား​လုံး​ကို “တွေးခေါ်​သုံးသပ်​သည်၊ လေးလေးနက်နက် တွေး​သည်၊ စိစစ်​တွေးတော​သည်” ဟု ရှင်းလင်း​ဖော်ပြ​၏။ ထို့​ပြင် “စိစစ်​တွေးတော​သည်” ဟူသော​စကား​၏​အဓိပ္ပာယ်​မှာ “စဉ်းစား​သည်၊ ချင့်ချိန်​နှိုင်း​ဆ​သည်၊ . . . အထူးသဖြင့် အေးအေးဆေးဆေး၊ ဂရုတစိုက်၊ အလေးအနက်​ထား​၍ စဉ်းစား​သုံးသပ်ခြင်း၊ ပြန်ပြောင်း​တွေးတောခြင်း” ကို​ဆိုလို​သည်။ ယင်းက ကျွန်ုပ်​တို့အတွက် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၃။ ဝိညာဉ်​ရေး​တိုးတက်မှု​သည် အဘယ်အရာ​နှင့် တိုက်ရိုက်​ဆက်စပ်​သနည်း။

တစ်ချက်​အနေ​နှင့် အမှုထမ်း​ချင်း​ဖြစ်သူ တိမောသေ​ထံ တမန်​တော်​ပေါလု ရေးသားခဲ့​သော ဤ​စကား​ကို ကျွန်ုပ်​တို့​သတိရ​သင့်​သည်– “ငါ​မလာ​မီ​တိုင်အောင်၊ ကျမ်းစာ​ကို​ဖတ်ခြင်း၊ တိုက်တွန်း​သွေးဆောင်ခြင်း၊ ဆုံးမ . . . ခြင်း​ကို ကြိုး​စား၍​ပြု​လော့။ . . . သင်၏​တိုးပွားခြင်း​ကို လူအပေါင်း​တို့အား​ထင်ရှားစေ​ခြင်း​ငှာ၊ ဤ​အရာများ​ကို​စိတ်စွဲ​လမ်း​၍ ကြိုးစား​အားထုတ်​လော့။” မှန်ပါသည်၊ တိုးတက်​မည်​ဟု မျှော်လင့်​ထားပြီး ပေါလု​၏​စကား​အရ ဝိညာဉ်​ရေးရာ​ကို စိတ်​စွဲလမ်းခြင်း​နှင့် တိုးတက်ခြင်း​သည် တိုက်ရိုက်​ဆက်နွှယ်​နေကြောင်း ထင်ရှား​သည်။ ယနေ့လည်း ထို​နည်းတူ​ပင်​ဖြစ်သည်။ ဝိညာဉ်​ရေး​ဘက်​တိုးတက်​ရန် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့်​ပတ်သက်​သည့် အရာများ​ကို ဆက်လက် “စိတ်စွဲ​လမ်း​၍ ကြိုးစား​အားထုတ်” နေကြ​ရဦး​မည်​ဖြစ်သည်။—၁ တိမောသေ ၄:၁၃-၁၅

၄။ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို မှန်မှန်​စိစစ်​တွေးတော​ရာ​တွင် အဘယ်​ပြင်ဆင်​ပေး​ချက်​များ​ကို သင် အသုံးပြုနိုင်​သနည်း။

စဉ်းစား​ဆင်ခြင်​ရန် သင့်အတွက် အသင့်တော်ဆုံး​အချိန်​သည် သင်​နှင့် သင့်​မိသားစု​၏​လုပ်ငန်းဆောင်တာ​အပေါ် မူတည်​သည်။ ကျမ်းစာ​ကို​နေ့စဉ်​စေ့စေ့​ကြည့်ရှု​ခြင်း​စာအုပ်​ငယ်​မှ နံနက်​စောစော​ဖတ်ရှု​ချိန်​၌ ကျမ်းချက်​တစ်ချက်​ကို ဆင်ခြင်​သုံးသပ်​သူ​အများ​ရှိ၏။ အမှန်​မှာ ကမ္ဘာ​တစ်ဝန်း​ရှိ ဗေသလ​အိမ်များ​၌ စေတနာ့​ဝန်ထမ်း ၂၀,၀၀၀ ခန့်​သည် ထို​နေ့​၏​ကျမ်းချက်​ကို ၁၅ မိနစ်​သုံးသပ်​၍ သူတို့၏​တစ်နေ့တာ​ကို စတင်​ကြသည်။ နံနက်​တိုင်း ဗေသလ​အိမ်သား​အနည်းငယ်​သာ အလှည့်ကျ​မှတ်ချက်များ​ပေး​ကြ​ရ​သော်လည်း မိသားစု​မှ​အခြားသူ​တို့​က ပြောဆို​ဖတ်ရှု​သမျှ​ကို စေ့စေ့​စဉ်းစား​သုံးသပ်ကြ​သည်။ အခြား​သက်သေခံ​တို့​က ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို သူတို့၏​အလုပ်သွား​စဉ် လမ်းတစ်လျှောက်​၌ ဆင်ခြင်​သုံးသပ်​သွား​ကြ​၏။ ဘာသာ​စကား​အချို့​ဖြင့် ထုတ်ဝေ​ထားသော သမ္မာကျမ်းစာ​တိတ်ခွေ​များ​အပြင် ကင်းမျှော်စင်​နှင့် နိုးလော့! မဂ္ဂဇင်း​များ​တိတ်ခွေ​တို့ကို​လည်း သူတို့​နားထောင်​သွား​ကြသည်။ အိမ်ရှင်မ​အများစုမှာ​မူ အိမ်မှုရေးရာ​များ ပြုလုပ်​ဆောင်ရွက်​စဉ် နားထောင်​တတ်ကြ​သည်။ အမှန်​သော် သူတို့သည် ဤသို့​ရေးသားခဲ့​သော ဆာလံဆရာ​အာသပ်​ကို တုပ​နေကြ​ခြင်း​တည်း– “ထာဝရ​ဘုရား​၏​အမှုတော်များ​ကို နှုတ်မြွက်​၍ ရှေး​ကာလ​၌​ပြု​တော်​မူ​သော​အံ့သြဖွယ်ရာ​များ​ကို အောက်မေ့ပါ​မည်။ ပြု​တော်​မူသမျှ​ကို စဉ်းစား၍ စီရင်တော်မူ​သော​အရာများ​ကို ဆင်ခြင်​ပါ​မည်။”—ဆာလံ ၇၇:၁၁၊ ၁၂သမ္မာ။

စိတ်ထားမှန်​က အပြုသဘောဆောင်​သော​အကျိုးဆက်များ ရရှိစေ

၅။ ကျွန်ုပ်​တို့အတွက် ကိုယ်ပိုင်​လေ့လာမှု အရေးကြီး​သည်​ဟု အဘယ်ကြောင့်​ယူမှတ်​သင့်​သနည်း။

ကျွန်ုပ်​တို့​ခေတ်တွင် ရုပ်မြင်သံကြား၊ ဗီဒီယို​နှင့် ကွန်ပျူတာ​တို့ ခေတ်​စား​နေရာ လူအများစု​သည် စာ​မဖတ်​ကြ​တော့​သည့်​အတွက် အလွန်​အကျိုး​ဆုတ်ယုတ်​နေသည်။ သို့သော် ယေဟောဝါသက်သေ​များသည် ထိုသို့​မပြု​သင့်​ချေ။ အမှန်​မှာ သမ္မာကျမ်းစာ​ကို​ဖတ်ရှုခြင်း​သည် ယေဟောဝါ​နှင့် ကျွန်ုပ်​တို့ အသက်​လမ်းကြောင်း ချိတ်ဆက်​ထားခြင်း​နှင့်​တူ​၏။ လွန်ခဲ့သော​နှစ်ပေါင်း ထောင်နှင့်ချီ​သော​အချိန်၌ ဣသရေလ​လူမျိုး​တို့၏​ခေါင်းဆောင်​အဖြစ် မောရှေ၏​အရာ​ကို ယောရှု​ဆက်ခံ​ခဲ့​သည်။ ယေဟောဝါ​၏​ကောင်းချီး​ရရှိရန် ယောရှု​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကိုယ်တိုင်​ကိုယ်​ကျ​ဖတ်ရှု​ခဲ့​ရသည်။ (ယောရှု ၁:၈; ဆာလံ ၁:၁၊ ၂) ယနေ့​ထက်​တိုင် ထိုသို့​ပြု​ရန် လိုအပ်​သည်။ သို့သော် ပညာ​အရည်အချင်း​နည်းသော​ကြောင့် အချို့​သူတို့သည် ခက်ခက်ခဲခဲ စာဖတ်​ရ​ပေမည်။ သို့​ဖြစ်၍ သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​လို​စိတ်​ရှိ​ရန် အဘယ်အရာက ကူညီပေး​နိုင်​သနည်း။ အဖြေကို နယပုံပြင် ၂:၁-၆ ပါ ရှောလမုန်​ဘုရင်​၏​စကား​များ​တွင် တွေ့ရှိ​နိုင်​သည်။ ကျေးဇူးပြု​၍ ကျမ်းစာ​ဖွင့်ပြီး ထို​အခန်းငယ်​များ​ကို ဖတ်ရှု​ပါ။ ထို့နောက် အတူတကွ​ဆွေးနွေး​သွား​ကြ​စို့။

၆။ ဘုရားသခင့်​အသိပညာ​အပေါ် ကျွန်ုပ်​တို့ အဘယ်​သဘောထား​ရှိ​သင့်​သနည်း။

ဦးဆုံး​အနေ​ဖြင့် ဤ​နှိုးဆော်ချက်​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်– “ငါ့​သား သင်သည်​ပညာ​စကား​ကို​နားထောင်​၍၊ စေတနာ​စိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နား​ခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌ သွင်း​မိ​လျှင်​လည်းကောင်း၊ . . .” (သု. ၂:၁၊ ၂) ဤ​စကား​များ​မှ ကျွန်ုပ်​တို့ အဘယ်အရာ သိရှိ​ရသနည်း။ ကျွန်ုပ်​တို့​တစ်ဦးစီ၌ တာဝန်​ရှိကြောင်း​သိရှိ​ရသည်။ ‘ငါ့​စကား​ကို​နား​ခံ​လျှင်’ ဟု​ဆင်ခြင်​သုံးသပ်​ထား​သည်ကို သတိပြုပါ။ လူသားထု​အများစု​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ဂရုမစိုက်​ကြသော​ကြောင့် ‘လျှင်’ ဟူသော​စကားလုံး​မှာ အလွန်​လေးနက်​လှ​သည်။ ကျမ်းစာ​လေ့လာခြင်း​မှ ကျွန်ုပ်​တို့​ပျော်ရွှင်မှု​ရရှိရန် ယေဟောဝါ​မိန့်တော်မူသော​စကား​များ​ကို ကြား​လို​ကြ​ရမည်၊ ၎င်းတို့ကို ကျွန်ုပ်​တို့​မဆုံးရှုံး​လို​သည့် ဘဏ္ဍာ​သဖွယ် ရှုမှတ်​ကြ​ရမည်။ ကျွန်ုပ်​တို့၏​နေ့စဉ်​လုပ်ငန်းဆောင်တာ​ကြောင့် အလုပ်များ​လွန်း​ပြီး စိုးရိမ်​ပူပန်​လွန်း​သဖြင့် သမ္မာကျမ်းစာ​ကို ဖတ်​ဖို့​စိတ်မပါ၊ သံသယဝင်​သည်​အထိ မဖြစ်စေ​သင့်​ချေ။—ရောမ ၃:၃၊ ၄

၇။ ဖြစ်​နိုင်​သည့်​အခါတိုင်း ခရစ်ယာန်​အစည်းအဝေး​များ​ကို အဘယ်ကြောင့်​တက်ရောက်​ပြီး အာရုံစိုက်​သွား​သင့်​သနည်း။

ခရစ်ယာန်​အစည်းအဝေး​များ​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ရှင်းလင်း​ဖော်ပြ​သည့်​အခါ ကျွန်ုပ်​တို့​အမှန်တကယ်​ပင် ‘အာရုံစိုက်’ နားထောင်ပါ​သလော။ (ဧဖက် ၄:၂၀၊ ၂၁) ပိုင်းခြား​သိမြင်မှု​ရှိ​ရန် ကျွန်ုပ်​တို့ ‘စိတ်နှလုံး​ကို​ညွှတ်’ ပါသလော။ ဟောပြောသူ​သည် အတွေ့အကြုံ​အရှိဆုံး​သူ ဖြစ်ချင်​မှ​ဖြစ်​မည်၊ သို့သော် သူသည် သမ္မာကျမ်းစာ​ကို ဟောပြော​သွန်သင်ပေး​နေစဉ် သူ၏​စကား​ကို ကျွန်ုပ်​တို့​ဂရုစိုက်​နားထောင်​သင့်​ပေ​သည်။ မှန်ပါသည်၊ ယေဟောဝါ​၏​ဉာဏ်ပညာ​ကို မှီဝဲ​ဆည်းကပ်​လိုလျှင် ကျွန်ုပ်​တို့သည် ဖြစ်​နိုင်​သည့်​အခါတိုင်း ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်​ရမည်။ (သု. ၁၈:၁သမ္မာ) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့​၌ ယေရုရှလင်​မြို့ရှိ အထက်ခန်း​မ​တွင်​ကျင်းပ​ခဲ့​သော အစည်းအဝေး​ကို မတက်ရောက်​မိ​ခဲ့​သူသည် မည်မျှ​ဝမ်းနည်း​ခဲ့​မည်​ကို စဉ်းစား​ကြည့်​ပါ! ကျွန်ုပ်​တို့၏​အစည်းအဝေး​များသည် ထို​အစည်းအဝေး​ကဲ့သို့​ပင် ထူးခြား​မည်​မဟုတ်သော်လည်း ကျွန်ုပ်​တို့၏​အဓိက​ဖတ်​စာအုပ်​ဖြစ်သော သမ္မာကျမ်းစာ​ကို ထို​တွင်​ဆွေးနွေး​ကြသည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဂရုစိုက်​နားထောင်ပြီး ကျမ်းစာ​ကို​လိုက်၍​ဖွင့်ဖတ်​ကြ​မည်​ဆိုလျှင် အစည်းအဝေး​တိုင်း​သည် ကျွန်ုပ်​တို့အတွက် ကောင်းချီး​ဖြစ်​ပေ​လိမ့်​မည်။—တမန်​တော် ၂:၁-၄; ဟေဗြဲ ၁၀:၂၄၊ ၂၅

၈၊ ၉။ (က) ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့​ဘက်​မှ အဘယ်အရာ​လိုအပ်​သနည်း။ (ခ) ဘုရားသခင့်​အသိပညာ သဘောပေါက်​နားလည်​ထားခြင်း​ကို ရွှေ​၏​တန်ဖိုး​နှင့် သင်​မည်သို့​နှိုင်းယှဉ်​မည်​နည်း။

အထက်ပါ​ပညာရှိ​ဘုရင် ဆက်​ဆင့်ဆို​သည်​ကား “ပိုင်းခြား​သိမြင်​သော​ဉာဏ်​ကို​ဟစ်ခေါ်​၍ ဆင်ခြင်​သော​ဉာဏ်​သို့ အသံကို​လွှင့်​လျှင် . . .” ဟူ၍​ဖြစ်သည်။ (သု. ၂:၃သမ္မာ) ဤ​စကား​များ​က အဘယ်​သဘောထားကို ဖော်ပြ​သနည်း။ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို နားလည်​လို​သည့် ပြင်းပြ​သော​ဆန္ဒ​ဖြစ်သည်။ ပိုင်းခြား​သိမြင်​တတ်​ပြီး ယေဟောဝါ​၏​အလိုတော်ကို သိမြင်​နားလည်​လို​သည့်​စိတ်​နှင့် ဖတ်ရှု​လေ့လာခြင်း​ကို​ဆိုလို​သည်။ ၎င်းကို​ရရှိရန် ကြိုးပမ်း​အားထုတ်မှု​လိုအပ်​သည်​မှာ​အမှန်၊ သို့ဖြင့် ယင်းက ရှောလမုန်​၏​နောက်ဆက်တွဲ​စကား​များနှင့် ပုံ​ဥပမာ​ကို အာရုံစိုက်​စေ​သည်။—ဧဖက် ၅:၁၅-၁၇

သူက​ဤသို့​ဆက်​ဖော်ပြ​သည်– “ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ [သိမြင်​နားလည်မှု] ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင် . . .” (သု. ၂:၄) ယင်းက ရာစုနှစ်များ​တစ်လျှောက် အလွန်​တန်ဖိုး​ရှိသည်​ဟု​ဆို​ကြသော ရွှေ​နှင့်​ငွေ​ကို ရှာဖွေ​တူးဖော်​ခဲ့​ကြ​သူတို့ကို သတိ​ရစေသည်။ လူတို့သည် ရွှေ​ရဖို့ အခြား​သူများကို​ပင် သတ်ခဲ့​ကြသည်။ အခြားသူ​တို့​မှာ​မူ သူတို့၏​ဘဝ​တစ်လျှောက်​လုံး ရွှေ​ကို ကြိုးစား​ရှာဖွေခဲ့​ကြသည်။ သို့သော် ရွှေ​သည် အမှန်တကယ်​တန်ဖိုး​ရှိပါ​သလော။ သင်သည် သဲကန္တာရ​တွင် လမ်းပျောက်​နေ၍ ရေ​အလွန်​ငတ်​ပြီး သေ​လု​မတတ်​ဖြစ်နေ​ချိန်​တွင် အဘယ်အရာကို အလိုရှိမည်​နည်း– ရွှေ​ချောင်း​တစ်ချောင်း​လော၊ ရေ​တစ်ခွက်​လော။ သို့​တိုင် တန်ဖိုး​သည်​ဟန်​မျှ​ဖြစ်​ပြီး အပြောင်းအလဲ​ရှိသော ရွှေ​ကို လူတို့သည် ဇွဲ​န​ပဲ​ဖြင့်​ရှာဖွေ​ကြသည်​တကား! * ဘုရားသခင့်​ဉာဏ်ပညာ​တော်၊ ကိုယ်တော်​၏​အလိုတော်ကို ပိုင်းခြား​သိမြင်​၍ နားလည်​သဘောပေါက်​ရန် ထို​ထက်မက​ဇွဲ​လုံ့လထုတ်​ပြီး ရှာဖွေ​ဆည်းပူး​သင့်​သည်​တကား! ဤသို့​ရှာဖွေ​ဆည်းပူးခြင်း​၏ အကျိုးကျေးဇူးများ​ကား အဘယ်နည်း။—ဆာလံ ၁၉:၇-၁၀; သု. ၃:၁၃-၁၈

၁၀။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကျွန်ုပ်​တို့ လေ့လာ​ကြ​လျှင် အဘယ်အရာကို ရှာဖွေ​တွေ့ရှိ​နိုင်​သနည်း။

၁၀ ရှောလမုန်က ဤသို့​ဆက်​ရှင်းပြသည်– “ထာဝရ​ဘုရား​ကို​ကြောက်​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။” (သု. ၂:၅) အံ့ဩစရာ​ပင်—အပြစ်​ပြည့်နေ​သော ကျွန်ုပ်​တို့​လူသားများ​သည် စကြဝဠာ​ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ ‘ဘုရားသခင်​၏​ဉာဏ်’ ကိုယ်နှိုက်​ကို​တွေ့ရှိ​နိုင်​သည်! (ဆာလံ ၇၃:၂၈; တမန်​တော် ၄:၂၄) လောက​အတွေးအခေါ်​ပညာရှင်​များနှင့် ပညာရှိ​အမည်ခံ​သူတို့သည် အသက်ရှင်ခြင်း​နှင့် စကြဝဠာ​၏​ရှုပ်ထွေး​နက်နဲရာ​များ​ကို နားလည်​ရန် ရာစုနှစ်ချီ ကြိုးစား​အားထုတ်​ခဲ့​ကြပြီ။ သို့သော် သူတို့သည် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” မရခဲ့​ကြ​ချေ။ အဘယ်ကြောင့်​နည်း။ ထို​အသိဉာဏ်​ပညာ​ကို နှစ်ပေါင်း​ထောင်ချီ​၍ ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သော်လည်း သူတို့က ယင်းကို ရိုးရှင်း​လွန်း​၏​ဟု​ဆိုပြီး ငြင်းပယ်​ကြ​ကာ လက်မခံ​သဖြင့် နားမလည်​နိုင်​ကြ​ချေ။—၁ ကောရိန္သု ၁:၁၈-၂၁

၁၁။ ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​၏  အကျိုးကျေးဇူး​အချို့​ကား  အဘယ်နည်း။

၁၁ ဤ​တွင် ရှောလမုန် အလေးပေး​ဖော်ပြ​သည့် နောက်ထပ်​တိုက်တွန်း​လှုံ့ဆော်ချက်​တစ်ခု​ရှိသည်– “ထာဝရ​ဘုရား​သည် ပညာ​ကို​ပေး​တော်​မူ​တတ်၏။ နားလည်​နိုင်သော​ဉာဏ်​သည် နှုတ် [မြွက်​စကား] တော်​အားဖြင့်​သာ​ဖြစ်တတ်​၏။” (သု. ၂:၆) ယေဟောဝါ​သည် ဉာဏ်ပညာ၊ အသိပညာနှင့် ပိုင်းခြား​သိမြင်မှု​တို့ကို ရှာဖွေ​တွေ့ရှိ​လို​သူ မည်သူ​မဆို​အား အခမဲ့​ရက်ရက်ရောရော ပေးသနား​တော်​မူ​သည်။ ကြိုးပမ်း​အားထုတ်မှု၊ စည်းစနစ်ကျ​န​မှု​နှင့် အနစ်နာခံ​မှု​လိုအပ်​လျှင်​ပင် သမ္မာကျမ်းစာ​ကို ကိုယ်ပိုင်​လေ့လာ​ဖတ်ရှုခြင်း​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​ကြ​ရန် အကြောင်းရင်း​အမှန်ပင်​ရှိသည်။ ကျွန်ုပ်​တို့​တွင် ပုံနှိပ်​ထား​သည့်​သမ္မာကျမ်းစာ​များ​ရှိကြ​ပြီး ရှေးခေတ်​က အချို့​သူတို့​နည်းတူ ကူးရေး​ဖို့​မလို​ချေ။—တရားဟောရာ ၁၇:၁၈၊ ၁၉

ယေဟောဝါ​နှင့် ထိုက်လျောက်စွာ​ကျင့်​ခြင်း

၁၂။ ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ​ကို ဆည်းပူး​သည့်​ရည်ရွယ်ချက်ကား အဘယ်​သို့​ဖြစ်​သင့်​သနည်း။

၁၂ ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​၏ ရည်ရွယ်ချက်ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။ သူတစ်ပါး​ထက် တော်​သည်၊ တတ်​သည်​ပုံ​ပေါက်​စေရန်​လော။ အသိပညာ​သာ​ကြောင်း ဖော်ပြ​ရန်​လော။ တစ်နည်း​အားဖြင့် ကျမ်းစာ စွယ်စုံ​ရ​ပုဂ္ဂိုလ်​များ​ဖြစ်​ကြောင်း ဖော်ပြ​ရန်​လော။ ထိုသို့​မဟုတ်ပါ။ ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်မှာ ခရစ်တော်​၏​လန်းဆန်း​ပေါ့ပါးသော​စိတ်ဓာတ်​နှင့်​အညီ သူတစ်ပါးကို ကူညီပေး​ရန်​အသင့်ရှိ​သော၊ ဟောပြော​ကျင့်ကြံ​သော ခရစ်ယာန်​များ ဖြစ်လာ​ကြ​စေရန်​တည်း။ (မဿဲ ၁၁:၂၈-၃၀) တမန်​တော်​ပေါလု​က ဤသို့​သတိပေး​ခဲ့​သည်– “ဉာဏ်​သည် ထောင်လွှား​စေ​တတ်၏။ မေတ္တာ​မူ​ကား တည်ဆောက်​တတ်၏။” (၁ ကောရိန္သု ၈:၁) ထို့​ကြောင့် ယေဟောဝါ​အား မောရှေ​က “အကျွန်ုပ်သည် ရှေ့တော်၌​မျက်နှာ​ရ​လျှင် မျက်နှာ​ရ​ကြောင်းကို အကျွန်ုပ်​သိပါ​မည်​အကြောင်း ကိုယ်တော်​၏​လမ်းကို​ပြတော်မူ​ပါ” ဟု​ကြားလျှောက်​သောအခါ သူ​တင်ပြ​ခဲ့​သည့် နှိမ့်ချသော​သဘောထားမျိုး ကျွန်ုပ်​တို့​၌​ရှိ​သင့်​သည်။ (ထွက်မြောက်ရာ ၃၃:၁၃) မှန်ပါသည်၊ လူ​တို့ အထင်ကြီး​စေရန်​မဟုတ်ဘဲ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ရန် အသိပညာကို ကျွန်ုပ်​တို့​ဆည်းပူး​သင့်​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ကျေးကျွန်​များ​ဖြစ်ထိုက်​သည့် နှိမ့်ချမှု​ရှိ​သူများ​ဖြစ်​လို​ကြသည်။ ထို​ပန်းတိုင်​ကို မည်သို့​မီနိုင်​ကြ​မည်​နည်း။

၁၃။ ဘုရားသခင်​၏​ကျေးကျွန်​တစ်ဦး ဖြစ်ထိုက်​ရန် အဘယ်အရာ​လိုအပ်​သနည်း။

၁၃ ဘုရားသခင့်​စိတ်တော်နှင့် မည်သို့​တွေ့ရှိ​နိုင်​ကြောင်း ပေါလု​က တိမောသေ​အား ဤသို့​ပြောဆို​ဆုံးမ​ခဲ့​သည်– “သင်​မူ​ကား၊ ဝန်ခံ​တော်​မူ​သော​သူ၊ ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်] တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော ဆရာသမား​ဖြစ်​လျက်၊ ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။” (၂ တိမောသေ ၂:၁၅) “မှန်ကန်​စွာ​ပိုင်းခြား” ဟူသော စကား​သည် မူရင်း​၌ “ဖြောင့်တန်း​စွာ​ညှပ်ခြင်း” သို့​မဟုတ် ‘ဖြောင့်တန်း​စွာ​ညှပ်​ရန်’ ဟု အဓိပ္ပာယ်​ရှိသည့် ဂရိ​ကြိယာ​ပေါင်းစပ်​ပုဒ်​မှ ဆင်းသက်လာ​သည်။ (နိုင်ငံတော်​စာ​ကြောင်း​ကြားညှပ်​ကျမ်း) အချို့​ဆို​သည့်​အတိုင်း ယင်းသည် အပ်​ချုပ်​သ​မား​တစ်ဦး​က အထည်​စ​ကို​ပုံစံ​အတိုင်း​ညှပ်ခြင်း၊ လယ်ကွင်းတွင် လယ်သမား​တစ်ဦး ထယ်ထိုး​ခြင်း စ​သည့်​စိတ်ကူး​ကို မြင်ယောင်​စေ​သည်။ မည်သို့​ဆို​စေ​ကာ​မူ အဆုံး​ရလဒ်​ကား တိကျ​မှန်ကန်​ရမည်၊ ဖြောင့်ဖြောင့်တန်းတန်း​ဖြစ်​ရမည်​ဖြစ်သည်။ ဆိုလိုသည်မှာ တိမောသေ​သည် ဘုရားသခင့်​မျက်နှာသာ​ရ ကျေးကျွန်​တစ်ဦး​အဖြစ် ထိုက်တန်​စွာ​အခေါ်​ခံ​လိုလျှင် သူ၏​သွန်သင်ချက်​နှင့် အပြု​အမူ​တို့ အမှန်တရား​နှင့်​အညီ ဖြစ်​မဖြစ် အသေအချာ “ကြိုးစား​အားထုတ်” စစ်ဆေး​ရမည်​ဖြစ်သည်။—၁ တိမောသေ ၄:၁၆

၁၄။ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​လေ့လာမှု​သည် ကျွန်ုပ်​တို့​ပြောဆို​ပြုမူ​သမျှ​အပေါ် မည်သို့​သြဇာ​သက်ရောက်​သင့်​သနည်း။

၁၄ ကောလောသဲ​မြို့ရှိ ခရစ်ယာန်​အသင်းသားများ​အား “ကောင်းသော​အကျင့်​အမျိုးမျိုး​တည်း​ဟူသော အသီးကို​သီးခြင်း၊ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​တိုးပွားခြင်း” ဖြင့် “သခင်​ဘုရား​နှင့်​ထိုက်လျောက်စွာ​ကျင့်​၍ အရာရာ၌​နှစ်သက်​တော်​မူ​စေ” ရန် ပေါလု​တိုက်တွန်း​သောအခါ ထို​အချက်​ကို​ပင် ဖော်ပြ​ခဲ့​သည်။ (ကောလောသဲ ၁:၁၀-၁၂) ဤ​တွင် ပေါလု​က “ကောင်းသော​အကျင့်​အမျိုးမျိုး​တည်း​ဟူသော အသီးကို​သီးခြင်း” နှင့် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်​တိုးပွားခြင်း” သည် ယေဟောဝါ​နှင့်​ထိုက်လျောက်စွာ​ကျင့်​ခြင်း​ဖြစ်၏​ဟု ဆက်စပ်​ဖော်ပြ​ထား​သည်။ တစ်နည်း​ဆို​ရ​သော် ယေဟောဝါ​တန်ဖိုး​ထား​ရာ​မှာ အသိပညာကို ကျွန်ုပ်​တို့ မည်မျှ​မြတ်နိုး​သည်​သာမက ကျွန်ုပ်​တို့​ပြောဆို​ပြုမူ​သမျှ​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် မည်မျှ​အနီးကပ်​လိုက်လျှောက်ခြင်း​လည်း ပါဝင်​သည်။ (ရောမ ၂:၂၁၊ ၂၂) ဆိုလိုသည်မှာ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​လိုလျှင် ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​လေ့လာမှု​သည် ကျွန်ုပ်​တို့၏​အတွေးအခေါ်​နှင့် အပြု​အမူ​အပေါ် ဩဇာ​သက်ရောက်​ရမည်​ဖြစ်သည်။

၁၅။ ကျွန်ုပ်​တို့၏​စိတ်​နှင့် အတွေးအခေါ်​များ​ကို မည်သို့​ကာကွယ်​ထိန်းချုပ်​နိုင်​သနည်း။

၁၅ ယနေ့ စာတန်​သည် စိတ်ပိုင်း​ကို​တိုက်ခိုက်​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး ပျက်စီး​သွား​ရလေ​အောင် ကြိုးစား​ပြုလုပ်​နေပါ​သည်။ (ရောမ ၇:၁၄-၂၅) သို့​ဖြစ်၍ ကျွန်ုပ်​တို့၏​ဘုရားသခင် ယေဟောဝါ​နှင့်​ထိုက်လျောက်စွာ​ကျင့်ကြံ​ရန် ကျွန်ုပ်​တို့၏​စိတ်နှလုံး​နှင့် အတွေးအခေါ်ကို စောင့်စည်း​ထိန်းချုပ်​ထား​ကြ​ရမည်။ ကျွန်ုပ်​တို့၏​လက်နက်​မှာ “ခပ်သိမ်း​သော​စိတ်​များ​ကို ဖမ်းသွား​ချုပ်​ထား​လျက် ခရစ်တော်​၏​စကား​ကို နားထောင်​စေ” နိုင်​သည့် “ဘုရားသခင်​ကို​သိ​သော​ပညာ” ဖြစ်သည်။ ယင်းကြောင့် တစ်ကိုယ်ကောင်း​စိတ်​နှင့် ဇာတိ​သဘောကို ကျွန်ုပ်​တို့​စိတ်နှလုံး​ထဲ​မှ ထုတ်​ပယ်​လို​ကြ​သည့်​အတွက် နေ့စဉ်​ကျမ်းစာ​ဖတ်ရှု​လေ့လာခြင်း​ကို သာ၍​ဂရုစိုက်​ရန်​အကြောင်း​ရှိသည်။—၂ ကောရိန္သု ၁၀:၅

နားလည်စေ​ရန်​အထောက်အကူ​များ

၁၆။ ကျွန်ုပ်​တို့ကို ယေဟောဝါ​သွန်သင်ပေး​စဉ် ကိုယ်ကို​ကိုယ် မည်သို့​အကျိုးပြု​နိုင်​သနည်း။

၁၆ ယေဟောဝါ​၏​သွန်သင်ချက်​များသည် ဝိညာဉ်​ရေး​နှင့် ကာယရေး​အကျိုးကျေးဇူးများ ဖြစ်ထွန်း​စေ​သည်။ ကိုယ်တော်​၏​သွန်သင်ချက်​များသည် စိတ်ဝင်စားဖွယ်​မကောင်း​သည့် လက်တွေ့​မကျ​သော ဘုရားသခင်​ရေးရာ​ပညာ​မျှ​မဟုတ်​ချေ။ သို့​နှင့် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။” (ဟေရှာယ ၄၈:၁၇) ယေဟောဝါ​၏​အကျိုးပြုသော​လမ်းစဉ်၌ ကျွန်ုပ်​တို့​သွားလာ​နိုင်​ကြ​ရန် ကိုယ်တော်​မည်သို့​လုပ်ဆောင်​သနည်း။ ဦးစွာ၊ ကျွန်ုပ်​တို့​၌ သန့်ရှင်းသော​သမ္မာကျမ်းစာ၊ မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​ပေး​ထား​၏။ ယင်းသည် ကျွန်ုပ်​တို့၏​အဓိက​ဖတ်​စာ​ဖြစ်​ပြီး ၎င်းကို အမြဲ​ကိုးကား​ရည်ညွှန်း​ကြ​ရသည်။ ယင်းကြောင့် ခရစ်ယာန်​အစည်းအဝေး​များ​တွင် သမ္မာကျမ်းစာ​ကို​ဖွင့်​ထားပြီး လိုက်​ဖတ်​ကြ​စဉ် အာရုံစိုက်​နားထောင်ခြင်း​သည် အလွန်​ကောင်း​၏။ ထိုသို့​ပြုခြင်း​၏​အကျိုးကျေးဇူး​ကို တမန်​တော်​အခန်းကြီး ၈ တွင် ဖော်ပြ​ထား​သည့် အဲသယောပိ​အမတ်​၏​အကြောင်း​က သဘောပေါက်​စေ​သည်။

၁၇။ အဲသယောပိ​အမတ်​၏​ကိစ္စ​တွင် မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း၊ ယင်းက အဘယ်အရာကို ဖော်ပြ​သနည်း။

၁၇ အဲသယောပိ​အမတ်​သည် ယုဒ​ဘာသာ​သို့ ပြောင်း​ဝင်လာ​သူ​တစ်ဦး​ဖြစ်​ခဲ့​သည်။ သူသည် ဘုရားသခင်​ကို စိတ်ရင်းမှန်​ဖြင့် ယုံကြည်​ကိုးစား​သူ​တစ်ဦး​ဖြစ်​ပြီး ကျမ်းစာ​ကို ဖတ်ရှု​လေ့လာ​ခဲ့​သူ​ဖြစ်သည်။ မြင်းရထား​ဖြင့် သူ​ခရီး​သွားစဉ် ဟေရှာယကျမ်း​ကို​ဖတ်ရှု​နေရာ သူ့​အနီး​သို့ ဖိလိပ္ပု​ပြေး​လာ၍ “ဖတ်​သော​အရာ​ကို​နားလည်​ပါ​၏​လော” ဟု မေး​သောအခါ အမတ်​က မည်သို့​ဖြေဆို​ခဲ့​သနည်း။ “‘သွန်သင်​ပဲ့ပြင်​သော​သူ​မ​ရှိလျှင် အဘယ်​သို့​နားလည်​နိုင်​မည်​နည်း’ ဟု​ဆိုပြီး​မှ မိမိ​နှင့်အတူ ဖိလိပ္ပု​တက်​၍​ထိုင်​နေပါ​မည်​အကြောင်း တောင်းပန်​၏။” ထို​အခါ ဖိလိပ္ပုသည် ဝိညာဉ်​တော်​ညွှန်ကြားမှု​ဖြင့် ဟေရှာယ​၏​ပရောဖက်ပြုချက် နားလည်စေ​ရန် အဆိုပါ​အမတ်​ကို​ကူညီပေး​ခဲ့​သည်။ (တမန်​တော် ၈:၂၇-၃၅) ယင်းက အဘယ်အရာကို သရုပ်ဖော်​သနည်း။ ကျမ်းစာ​ကို မိမိ​ဘာသာ​ဖတ်​ရုံ​ဖြင့် မလုံလောက်​ကြောင်း​ဖြစ်သည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​ဝိညာဉ်​တော်​အားဖြင့် မိမိ၏​နှုတ်မြွက်​စကားတော်​ကို အခန့်သင့်​အချိန်တွင် ကျွန်ုပ်​တို့​နားလည်စေဖို့ ကူညီပေး​ရန် သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​အတန်းအစား​ကို အသုံးပြု​နေ​တော်​မူ​၏။ ၎င်းကို မည်သို့​ပြု​တော်​မူ​သနည်း။—မဿဲ ၂၄:၄၅-၄၇; လုကာ ၁၂:၄၂

၁၈။ သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်​သည် ကျွန်ုပ်​တို့ကို မည်သို့​ကူညီပေး​သနည်း။

၁၈ ၎င်း​ကျေးကျွန်​အတန်းအစား​သည် ‘သစ္စာ​နှင့်​သတိ​ပညာရှိ’ ၏​ဟု​ဆို​သော်လည်း ထို​ကျေးကျွန်​သည် မမှား​မ​ယွင်း​နိုင်​ဟု ယေရှု မိန့်တော်​မ​မူ​ခဲ့​ချေ။ ဤ​သစ္စာရှိ ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များ​အုပ်စု​သည် မစုံလင်​သော​ခရစ်ယာန်​များ​ဖြင့် ဖွဲ့စည်းထား​ဆဲ​ရှိသည်။ သူတို့မှာ အကောင်း​မွန်​ဆုံး​ရည်ရွယ်ချက်များ ရှိသော်လည်း သူတို့သည် ပထမ​ရာစု​ရှိ ညီအစ်ကို​များ​ကဲ့သို့ တစ်ခါတစ်ရံ တိမ်း​ချော်​လွဲမှား​နိုင်​ပါ​သည်။ (တမန်​တော် ၁၀:၉-၁၅; ဂလာတိ ၂:၈၊ ၁၁-၁၄) သို့သော် သူတို့သည် စိတ်ရင်းမှန်​ရှိပြီး ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် ကတိတော်​တို့ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​စေရန် ကျမ်းစာ​လေ့လာရေး အထောက်အကူ​စာပေ​များ​ဖြင့် ထောက်ပံ့​ပေးဖို့ သူတို့ကို ယေဟောဝါ​အသုံးပြု​နေ​တော်​မူ​သည်။ ကျွန်ုပ်​တို့​ကိုယ်ပိုင်​လေ့လာမှု​ပြု​ဖို့​အတွက် အဆိုပါ​ကျေးကျွန်​ပေး​ထား​သည့် အဓိက​ပြင်ဆင်​ပေး​ချက်​မှာ သန့်ရှင်းသော​ကျမ်း​စာစောင်​များ​၏​ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​ဖြစ်သည်။ ယခု တစ်အုပ်လုံး​ဖြစ်စေ၊ တစ်စိတ်​တစ်ပိုင်း​အနေ​နှင့်​ဖြစ်စေ ဘာသာ​စကား​ပေါင်း ၄၂ ဘာသာ​ဖြင့်​စောင်ရေ ၁၁၄ သန်း​မျှ အကြိမ်ကြိမ်​ပုံနှိပ်​ထုတ်ဝေ​ခဲ့ပြီ။ ကျွန်ုပ်​တို့​ကိုယ်ပိုင်​လေ့လာမှု​ပြု​ရာ​တွင် ယင်းကို မည်သို့​ထိထိရောက်ရောက် အသုံးပြုနိုင်​ကြ​မည်​နည်း။—၂ တိမောသေ ၃:၁၄-၁၇

၁၉။ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း—အညွှန်းများဖြင့်​ကျမ်းစာ​၏ အဘယ်​ထူးခြားချက်​များသည်  ကိုယ်ပိုင်​လေ့လာမှု​အတွက်  အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

၁၉ သန့်ရှင်းသော​ကျမ်း​စာစောင်​များ​၏​ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း—အညွှန်းများဖြင့်​ကျမ်းစာ​ကို ဥပမာ​အဖြစ်​ကြည့်​ပါ။ ၎င်း​တွင် အပြန်အလှန်​အညွှန်း​ကော်လံ​များ၊ အောက်ခြေ​မှတ်ချက်များ၊ “သမ္မာကျမ်းစာ​စကားလုံး​အညွှန်း” ပုံစံ​ဖြင့် ဝေါဟာရ​စာရင်း​အကျဉ်းချုပ်​အပြင် “အောက်ခြေမှတ်ချက်​စကားလုံး​အညွှန်း” နှင့် မြေပုံများ၊ ဇယား​များ​အပါအဝင် အကြောင်းအရာ ၄၃ မျိုးကို​ပါ နောက်ဆက်တွဲ ပူးတွဲ​ဖော်ပြ​ထား​သည်။ ထို့​အပြင် “နိဒါန်း” တွင် ဤ​ထူးခြားသော​သမ္မာကျမ်းစာ ပြန်ဆိုမှု​အတွက် အသုံးပြု​ခဲ့​သည့် ရင်းမြစ်​စာပေ​များစွာ​၏ ရှင်းလင်းချက်​လည်း​ရှိသည်။ ဤ​သမ္မာကျမ်းစာ​ကို သင်​နားလည်​နိုင်သော​ဘာသာ​စကား​ဖြင့် ရရှိနိုင်​လျှင် ဤ​အထူး​ပြင်ဆင်ချက်​များနှင့် အကျွမ်းတဝင်​ရှိ​ရန်​ကြိုးစား​ပြီး ၎င်းတို့ကို အသုံးပြုပါ။ မည်သို့​ဆို​စေ​ကာ​မူ ကိုယ်ပိုင်​လေ့လာမှု​ကို သမ္မာကျမ်းစာ​နှင့် အဓိက​စတင်​ပြုလုပ်​ရမည်​ဖြစ်​ကာ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​သည် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​ကို မီး​မောင်း​ထိုး​ပြ​သည့်​ပြင် မြင့်မြတ်​သော​နာမတော်​ကို လျောက်ပတ်​စွာ​အလေးပေး​ဖော်ပြ​ထားသော ဘာသာပြန်​ကျမ်း​ဖြစ်သည်။—ဆာလံ ၁၄၉:၁-၉; ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၉၊ ၁၀

၂၀။ ကိုယ်ပိုင်​လေ့လာမှု​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်းများကို ယခု ဖြေဆို​ပေး​ရန်လို​သနည်း။

၂၀ ယခု ကျွန်ုပ်​တို့ ဤသို့​မေးမြန်း​နိုင်​ပေ​သည်– ‘သမ္မာကျမ်းစာ​ကို​နားလည်​ရန် အဘယ်​အကူအညီ​လိုအပ်​သေး​သနည်း။ ကိုယ်ပိုင်​လေ့လာမှု​ပြုလုပ်​ဖို့​အတွက် အချိန်ဇယား​မည်သို့​ဆွဲ​နိုင်​မည်​နည်း။ ကျွန်ုပ်​တို့၏​လေ့လာမှု​ကို သာ၍​ထိရောက်​စေရန် မည်သို့​ပြုလုပ်​နိုင်​သနည်း။ ကျွန်ုပ်​တို့၏​လေ့လာမှု​က အခြား​သူတို့ကို မည်သို့​အကျိုး​ရှိစေ​သင့်​သနည်း။’ ကျွန်ုပ်​တို့​ခရစ်ယာန်​တိုးတက်မှု​၏ ဤ​အရေးပါသော​အချက်များ​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်​သွား​ကြ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 ၁၉၇၉ ခုနှစ်​က​တည်း ရွှေ​ဈေး​ကစား​ခဲ့​သည်​မှာ ၁၉၈၀ ပြည့်နှစ်​တွင် တစ်​အောင်​စ​လျှင် အမေရိကန်​ဒေါ်လာ ၈၅၀.၀၀ အထိ​တက်ပြီး ၁၉၉၉ ခုနှစ်​တွင် အမေရိကန်​ဒေါ်လာ ၂၅၂.၈၀ အထိ​ကျ​ခဲ့​သည်။

သင်​မှတ်မိ​သလော

• “စဉ်းစား​ဆင်ခြင်​သည်၊” “စိစစ်​တွေးတော​သည်” တို့၏ အဓိပ္ပာယ်​ကား အဘယ်နည်း။

• သမ္မာကျမ်းစာ​ကို လေ့လာခြင်း​အပေါ် အဘယ်​သဘောထား ရှိ​သင့်​သနည်း။

• အဘယ်​ရည်ရွယ်ချက်​ဖြင့် ကိုယ်ပိုင်​လေ့လာမှု​ပြုသင့်​သနည်း။

• သမ္မာကျမ်းစာ​ကို သဘောပေါက်​နားလည်​ရန် အဘယ်​အထောက်အကူ​များ​ရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဗေသလ​မိသားစု​သည် တစ်နေ့​စီ​ကို ကျမ်းချက်​တစ်ချက် သုံးသပ်​ကာ စတင်ခြင်း​ဖြင့် ဝိညာဉ်​ရေး​ခွန်အား​ရရှိကြ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရီး​သွားစဉ် သမ္မာကျမ်းစာ​တိတ်ခွေ​များ​ကို နားထောင်​သွားခြင်း​ဖြင့် တန်ဖိုး​ရှိသော​အချိန်ကို အလဟဿ​မဖြစ်စေ​ပါ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

လူတို့သည် ရွှေ​ကို​ရ ရှိ​ရန် တောင့်တ​၍ ကြိုးပမ်း​ခဲ့​ကြသည်။ သမ္မာကျမ်းစာ​လေ့လာမှု​ကို သင်​မည်မျှ​ကြိုးပမ်း​ခဲ့ပြီ​နည်း

[Credit Line]

Courtesy of California State Parks, 2002

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​သည် ထာဝရ​အသက်​သို့​ပို့ဆောင်​နိုင်သော ဘဏ္ဍာ​ဖြစ်