မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောရှုအမှတ်ရခဲ့ရာ

ယောရှုအမှတ်ရခဲ့ရာ

ယောရှု​အမှတ်ရ​ခဲ့​ရာ

ယေဟောဝါ​က “ငါ​၏​ကျွန် မောရှေ​သည် အနိစ္စရောက်​လေ​ပြီ။ သို့​ဖြစ်၍ သင်​နှင့် သင်၌​ပါ​သော ဤ​လူအပေါင်း​တို့သည် ယခု​ထ၍ ယော်ဒန်​မြစ်​တစ်ဖက်​သို့ ကူး​ကြလော့။ . . . ငါ​ပေး​သော​ပြည်​ကို ဝင်စား​ကြလော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ (ယောရှု ၁:၂) ယောရှု​ရှေ့တွင် တာဝန်​ကြီး​တစ်ခု ချထား​ခြင်း​ပါ​တကား! သူသည် အနှစ် ၄၀ နီးပါး မောရှေ၏​နောက်လိုက်​ဖြစ်​ခဲ့​သည်။ ယခု သူသည် သခင်၏​အရိုက်အရာကို​ခံယူ​ပြီး ကတိထားရာ​ပြည်တော်​သို့ ထိန်းသိမ်း​ရ​ခက်​သော ဣသရေလ​လူမျိုး​ကို ခေါ်ဆောင်​သွား​ရန် အမိန့်​ရလေ​၏။

ယောရှု​သည် ရှေ့တွင်​ကြုံတွေ့​ရမည့်​အရာများ​ကို စေ့စေ့​ဆင်ခြင်​သည့်​အခါ တွေ့ကြုံ​ကျော်လွှား​ခဲ့​ပြီး​သော အခက်အခဲ​များ​ကို အမှတ်ရ​ခဲ့​ပေမည်။ ယောရှု​အမှတ်ရ​ခဲ့​ရာ​သည် ထို​စဉ်​က သူ့​အတွက် တန်ဖိုး​မ​ဖြတ်​နိုင်သော အထောက်အကူ​ဖြစ်​ခဲ့​သကဲ့သို့ ယနေ့လည်း ခရစ်ယာန်​များ​အတွက် တန်ဖိုး​ရှိရာ​ဖြစ်​နိုင်၏။

ကျွန်​အဖြစ်​မှ တပ်မှူး​အဖြစ်သို့

ယောရှု​သည် နှစ်ချီ၍ ကျွန်ခံ​ခဲ့​ရသည်ကို အမှတ်ရ​ခဲ့​၏။ (ထွက်မြောက်ရာ ၁:၁၃၊ ၁၄; ၂:၂၃) ထို​အချိန်​က ယောရှု​ကြုံတွေ့​ခဲ့​ရာ​များ​ကို ကျမ်းစာ​က အသေးစိတ်​မဖော်​ပြ​ထားသော​ကြောင့် ကျွန်ုပ်​တို့ မှန်းဆ​ရုံ​သာ​မှန်းဆ​နိုင်​ကြသည်။ ယောရှု​သည် အီဂျစ်​ပြည်​တွင် အမှုထမ်းခဲ့​စဉ် ကောင်းစွာ​စီစဉ်​ဖွဲ့စည်း​တတ်​သူ​တစ်ဦး ဖြစ်လာ​ခဲ့​မည်၊ ထို​ပြည်​မှ ဟေဗြဲ​လူ​တို့​နှင့် “အမျိုးမျိုးသော​လူအများ​တို့” ထွက်ခွာ​ခဲ့​ချိန်​တွင် သူ​ကူညီပေး​နိုင်​ခဲ့​၏။—ထွက်မြောက်ရာ ၁၂:၃၈

ယောရှု​သည် ဧဖရိမ်​မျိုးနွယ်​မှ​ဖြစ်၏။ သူ၏​အဘိုး​ဖြစ်သူ ဧလိရှမာ​သည် အဆွေအမျိုး​သူကြီး​မင်း​ဖြစ်​ပြီး ဣသရေလ​အနွယ် သုံး​နွယ်​မှ တစ်နွယ်​၏​တပ်သား ၁၀၈,၁၀၀ ကို​ဦးဆောင်​ခဲ့​ရ​ဖွယ်​ရှိသည်။ (တောလည်ရာ ၁:၄၊ ၁၀၊ ၁၆; ၂:၁၈-၂၄; ၁ ရာဇဝင်ချုပ် ၇:၂၀၊ ၂၆၊ ၂၇) သို့​တိုင် အီဂျစ်​ပြည်​မှ ဣသရေလလူ​တို့ ထွက်ခွာ​လာပြီး​နောက် မကြာမီ အာမလက်​လူတို့က ဣသရေလလူ​တို့ကို တိုက်ခိုက်​သောအခါ မောရှေ​သည် ယောရှု​အား ခုခံ​ကာကွယ်​ရေး​အတွက် ဖွဲ့စည်း​စေ​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၇:၈၊ ၉က) ဥပမာ၊ ယောရှု​၏​အဘိုး သို့​မဟုတ် ဖခင်​ကို မ​စေခိုင်း​ဘဲ အဘယ်ကြောင့် ယောရှု​ကို​မှ စေခိုင်း​သနည်း။ ဖြစ်​နိုင်​ခြေ​တစ်ခု​မှာ–“[ယောရှု] သည်

အရေးပါသော​ဧဖရိမ်​မျိုးနွယ်​၏ ခေါင်းဆောင်​တစ်ဦး​ဖြစ်​ရုံ​မ​က စီစဉ်​ဖွဲ့စည်း​ရေး ကျွမ်းကျင်​သူ၊ လူတို့၏​ယုံကြည်​အားကိုးမှု ရရှိ​ထား​သူလည်း​ဖြစ်သော​ကြောင့် စစ်သား​များ​ကို ရွေးချယ်​လေ့ကျင့်ပေး​ရန် အကောင်းဆုံး​အရည်အချင်း​ရှိသူ​အဖြစ် မောရှေ​အသိအမှတ်​ပြုပြီး သူ့ကို ခေါင်းဆောင်​တင်မြှောက်​ခဲ့​ခြင်း​ဖြစ်သည်။”

မည်သို့​ပင်​ဖြစ်ပါစေ၊ ယောရှု​ကို ရွေးချယ်​လိုက်​သောအခါ သူသည် မောရှေ​အမိန့်ပေး​သည့်​အတိုင်း ပြုလုပ်​ခဲ့​သည်။ ဣသရေလ​လူမျိုး​သည် စစ်မက်​ရေးရာ​တွင် လုံးဝ​အတွေ့အကြုံ​မရှိ​သော်လည်း ဘုရားသခင်​၏​အကူအညီ​ရရှိ​မည်​ကို ယောရှု ယုံကြည်​စိတ်ချ​ခဲ့​သည်။ ထို့​ကြောင့် မောရှေ​က “နက်ဖြန်နေ့​၌ ဘုရားသခင်​၏​လှံတံ​ကို​ကိုင်​လျက် တောင်ထိပ်​ပေါ်မှာ ငါ​ရပ်နေ​မည်​ဟု” ပြော​ရုံ​ဖြင့် သူသည် စိတ်ချ​လက်ချ​ရှိခဲ့​၏။ ယေဟောဝါ​သည် ထို​ခေတ်​အခါ​၏ စစ်​အင်အား​အကြီးမားဆုံး​အာဏာစက်​ကို မကြာမီ​က​ပင် လုံးလုံး​ချေမှုန်း​ဖျက်ဆီး​ခဲ့​ကြောင်း ယောရှု​အမှတ်ရ​ခဲ့​မည်။ နောက်​နေ့တွင် မောရှေ​သည် သူ၏​လက်ကို နေဝင်​သည်​တိုင်အောင် မြှောက်​ထားသော​အခါ မည်သည့်​ရန်သူ​မျှ ဣသရေလ​လူမျိုး​ကို စစ်​မ​နိုင်​တော့​ချေ၊ အာမလက်​လူ​တို့ကို အပြီး​အပြတ်​အောင်နိုင်​ခဲ့​၏။ ထို့နောက် “ကောင်းကင်​အောက်​၌ အာမလက်​၏​အမှတ်​ရှိသမျှကို ငါ​ပယ်ရှင်း​မည်” ဟူသော ယေဟောဝါ​၏​မိန့်မှာချက်ကို စာအုပ်​၌​ရေးသား​၍ “ယောရှု​အား ဖတ်ရွတ်” ပြ​ရန် မောရှေ​ကို မိန့်တော်မူ​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၇:၉ခ-၁၄) မှန်ပါသည်၊ ထို​အတိုင်း​ပင် ယေဟောဝါ​စီရင်တော်မူ​ခဲ့​သည်။

မောရှေ၏​နောက်လိုက်​အဖြစ်

အာမလက်​လူ​တို့​နှင့် စစ်တိုက်​ခဲ့​ကြ​ပြီး​နောက် ယောရှု​နှင့် မောရှေ​တို့သည် ပိုမို​ရင်းနှီး​လာ​ခဲ့​ကြ​မည်။ ယောရှု​သည် “အသက်ငယ်​စဉ်​မှ” မောရှေ​ကွယ်လွန်​သည့်​အထိ အနှစ် ၄၀ ခန့် မောရှေ၏​နောက်လိုက် သို့​မဟုတ် “လက်ထောက်” ဖြစ်ခွင့်​ရခဲ့​သည်။—တောလည်ရာ ၁၁:၂၈သမ္မာ။

ထို​အခွင့်အရာ​ကြောင့် သူသည် အထူး​အခွင့်အရေး​များနှင့် တာဝန်​များ​ပါ ရရှိခဲ့​၏။ ဥပမာ၊ မောရှေ၊ အာရုန်၊ အာရုန်​၏​သားများ​နှင့် ဣသရေလ​အသက်ကြီးသူ ၇၀ တို့သည် သိနာ​တောင်ပေါ်​သို့​တက်​၍ ယေဟောဝါ​၏​ဘုန်း​အာနုဘော်​တော် အဆင်းအာရုံ​ကို မြင်ခဲ့​ရသောအခါ သူတို့နှင့်​အတူ ယောရှုလည်း ပါဝင်​နိုင်​ဖွယ်​ရှိ၏။ နောက်လိုက်​တစ်ဦး​အဖြစ် သူသည် သာ၍​မြင့်သော​တောင်ပေါ်​သို့ မောရှေ​နှင့်အတူ လိုက်ပါ​သွားပြီး ယေဟောဝါ​ရောက်ရှိ​နေခြင်း အထိမ်းအမှတ်​ဖြစ်သည့် တိမ်​တိုက်​ထဲ​သို့ မောရှေ​ဝင်​သွားစဉ် ခပ်​လှမ်း​လှမ်း​တွင် ရပ်​ကျန်ရစ်​ခဲ့​ဖွယ်​ရှိသည်။ ယောရှု​သည် တောင်ပေါ်​တွင်​နေ့ ၄၀ နှင့်​ည ၄၀ နေခဲ့​ပုံ​ရသည်မှာ မှတ်သားထိုက်​ပေ​သည်။ သခင်​ပြန်​ဆင်းလာ​သည်​အထိ ယောရှု သစ္စာရှိ​ရှိ​စောင့်မျှော်​ခဲ့​၏၊ အကြောင်း​မှာ သက်သေခံချက်​ကျောက်ပြား​တို့​နှင့် တောင်ပေါ်​မှ မောရှေ​ဆင်းလာ​ချိန်​တွင် သူ့ကို ယောရှု​ကြိုဆို​ခဲ့​၏။—ထွက်မြောက်ရာ ၂၄:၁၊ ၂၊ ၉-၁၈; ၃၂:၁၅-၁၇

ဣသရေလ​လူမျိုး​သည် ရွှေ​နွား​ရုပ်​ကို ကိုးကွယ်​ခဲ့​သည့် အဖြစ်အပျက်​ပြီး​နောက် ယောရှု​သည် တပ်​အပြင်ဘက် ပရိသတ်​စည်းဝေးရာ​တဲ​တွင် မောရှေ​နှင့်အတူ​ရှိခဲ့​သည်။ ထို​တွင် ယေဟောဝါ​သည် မောရှေ​နှင့် မျက်နှာ​ချင်း​ဆိုင် စကားပြော​ခဲ့​၏။ သို့သော် မောရှေ​သည် တပ်​ထဲ​သို့ ပြန်ဝင်​သွားသော​အခါ ယောရှု​သည် “တဲ​တော်​မှ​မ​ထွက်​ဘဲ​နေ​၏။” ဣသရေလလူ​တို့သည် သူတို့၏​မသန့်ရှင်း​သော​အခြေအနေ​နှင့် တဲ​တော်​ထဲ မဝင်​မိ​စေရန် တားဆီး​ဖို့ ထို​တွင် သူ​ရှိနေဖို့ လိုအပ်​၍​ဖြစ်​ပေမည်။ ယောရှု​သည် ထို​တာဝန်​ကို အလွန်​ပင်​အလေးအနက်​ထားခဲ့​လေ​သည်!—ထွက်မြောက်ရာ ၃၃:၇၊ ၁၁

သမိုင်း​ပညာရှင် ဂျိုစီဖတ်စ်​၏​အဆို​အရ ယောရှု​ထက် မောရှေ​သည် အသက် ၃၅ နှစ်​ပို​၍​ကြီး​ကာ သူနှင့် ပေါင်းဖော်​ခဲ့​ရခြင်း​က ယောရှု​၏​ယုံကြည်ခြင်းကို အတိုင်း​ထက်​အလွန် ခိုင်ခံ့​စေခြင်း​ဖြစ်​ရမည်။ သူတို့၏​ဆက်ဆံ​ရေး​ကို “ရင့်ကျက်သူ​နှင့်​လူငယ်၊ ကျွမ်းကျင်​သူနှင့်​ကျောင်းသား​တို့၏ ဆက်သွယ်​ပေါင်းဖော်မှု” ဟု​ခေါ်ဆို​ခဲ့​ကာ ယင်းက ယောရှု​အား “စိတ်ဓာတ်​ကြံ့ခိုင်​ပြီး ယုံကြည်​စိတ်ချ​ရသူ​တစ်ဦး” ဖြစ်လာ​စေ​သည်။ ယနေ့ ကျွန်ုပ်​တို့​အလယ်တွင် မောရှေ​ကဲ့သို့ ပရောဖက်​များ​မရှိ​သော်လည်း ယေဟောဝါ​လူမျိုးတော်​၏ အသင်းတော်များ​တွင် အသက်ကြီးသူ​များ​ရှိကြသည်၊ ဤသူတို့​၏ အတွေ့အကြုံ​နှင့် ဝိညာဉ်​ရေးရာ​ကြောင့် ခွန်အား​နှင့်​အားပေးမှု​ရင်းမြစ် အမှန်​ဖြစ်​ကြသည်။ သူတို့ကို သင်​လေးမြတ်ပါ​သလော။ သူတို့နှင့်​ပေါင်းဖော်ခြင်း​မှ သင်​အကျိုး​ခံစား​နေရ​ပါသလော။

ခါ​နာ​န်​ပြည်​တွင် သူလျှို

ပညတ်တရား​ကို ဣသရေလ​လူမျိုး ရရှိ​ပြီး​နောက် မကြာမီ ယောရှု​၏​အသက်တာတွင် သေရေးရှင်ရေး​တ​မျှ အရေးကြီး​သည့်​ဖြစ်ရပ်​တစ်ခု ဖြစ်ပျက်​ခဲ့​သည်။ သူသည် ကတိထားရာပြည်​ကို စူးစမ်း​ရန် သူ့​မျိုးနွယ်​၏​ကိုယ်စား​အဖြစ် ရွေးချယ်ခံ​ခဲ့​ရ၏။ ဤ​အကြောင်းကို လူသိ​များ​ပါ​သည်။ ထို​ပြည်​သည် ယေဟောဝါ​ကတိပေး​ခဲ့​သည့်​အတိုင်း “နို့​နှင့်​ပျားရည်​စီး​သော​ပြည်” ဖြစ်သည်​ကို သူလျှို ၁၂ ဦး​စ​လုံး​က သဘောတူ​ကြသည်။ သို့သော် သူလျှို​ဆယ်ဦး​က ဣသရေလ​လူမျိုး​သည် ထို​ပြည်သား​များ​ကို တိုက်ထုတ်​နိုင်​မည်​မဟုတ်​ဟု ယုံကြည်ခြင်း​ကင်းမဲ့​စွာ ကြောက်ရွံ့​ခဲ့​ကြသည်။ သူတို့နှင့် ယေဟောဝါ​အမှန်ပင်​ရှိသောကြောင့် ကြောက်ရွံ့​ပြီး မ​ပုန်ကန်​ကြဖို့ ယောရှု​နှင့် ကာလက်​သာ​လျှင် လူ​တို့ကို အားပေးခဲ့​သည်။ သို့​နှင့် ပရိသတ်အပေါင်း​တို့သည် ကန့်ကွက်​ခဲ့​ပြီး သူတို့​နှစ်ဦး​ကို ကျောက်ခဲ​နှင့်​ပစ်ပေါက်​ရန် ပြောဆို​ခဲ့​ကြသည်။ ယေဟောဝါ​သည် မိမိ၏​ဘုန်းတော်​ကို​ဖော်ပြခြင်း​ဖြင့် ဝင်​မ​စွက်​ခဲ့​လျှင် သူတို့သည် ထိုသို့​ပင်​ပြုလုပ်​ကြ​ပေ​လိမ့်​မည်။ သူတို့သည် ယုံကြည်ခြင်း​ကင်းမဲ့​သောကြောင့် အသက် ၂၀ အထက်​ရှိ မည်သည့်​ဣသရေလ​မျှ ခါ​နာ​န်​ပြည်​ထဲ ဝင်ခွင့်​ရမည်​မဟုတ်​ဟု ဘုရားသခင် မိန့်တော်မူ​ခဲ့​သည်။ သူတို့​အနက် ယောရှု၊ ကာလက်​နှင့် လေဝိ​နွယ်​သားများ​သာ ကပ်ကျော်​ခဲ့​ကြ​၏။—တောလည်ရာ ၁၃:၁-၁၆၊ ၂၅-၂၉; ၁၄:၆-၁၀၊ ၂၆-၃၀

အီဂျစ်​ပြည်​တွင် ယေဟောဝါ​၏​တန်ခိုး​ကြီး​လုပ်ရပ်များ​ကို လူအားလုံး တွေ့မြင်​ခဲ့​ကြသည်​မဟုတ်ပေ​လော။ သို့​ဖြစ်၍ လူအများ​က သံသယ​ဖြစ်နေ​ကြ​စဉ် ဘုရားသခင့်​အကူအညီ​ရရှိ​မည်​ဟု ယောရှု အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​ခဲ့​သနည်း။ ယေဟောဝါ​ပေး​ခဲ့​သောက​တိ​တော်​များနှင့် လုပ်ဆောင်​တော်​မူ​ခဲ့​သမျှ​ကို ယောရှု​သည် ပီပြင်​စွာ​သတိ​ရပြီး ယင်း​တို့ကို ဆင်ခြင်​တွေးတော​ခဲ့​ပေမည်။ နှစ်ပေါင်း​များစွာ ကုန်လွန်​ပြီး​နောက်​ပင် ယောရှုက ‘ဣသရေလ​လူမျိုး​အား ယေဟောဝါ​မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့၊ အကုန်အစင်​ပြည့်စုံ​သည်’ ဟု​ပြောဆို​နိုင်​ခဲ့​၏။ (ယောရှု ၂၃:၁၄) ထို့​ကြောင့် အနာဂတ်​နှင့်​စပ်လျဉ်း၍ ယေဟောဝါ​ပေး​ခဲ့​သည့် ကတိတော်​အားလုံး​သည်လည်း ပြည့်စုံ​လိမ့်​မည်​ကို ယောရှု​ယုံကြည်​စိတ်ချ​၏။ (ဟေဗြဲ ၁၁:၆) ယင်းက လူတစ်ဦး​အား ကိုယ်ကို​ကိုယ် ဤသို့​မေးမြန်း​စေ​သင့်​သည်– ‘ကျွန်ုပ်​ကော။ ယေဟောဝါ​၏​ကတိတော်​များ​ကို ကြိုးစား​အားထုတ်​၍ လေ့လာ​ဆင်ခြင်​သုံးသပ်ခြင်း​ဖြင့် ယင်း​တို့ကို ယုံကြည်​စိတ်ချ​နိုင်​ကြောင်း ကျွန်ုပ်​အား လက်ခံ​စေ​ခဲ့ပြီ​လော။ ဘုရားသခင်​သည် လာ​မည့်​ကြီးစွာ​သော​ဆင်းရဲခြင်း​အတွင်း ကိုယ်တော်​၏​လူမျိုးတော်​နှင့်အတူ ကျွန်ုပ်​ကို​ပါ ကာကွယ်​ပေး​နိုင်​ကြောင်း ယုံကြည်ပါ​သလော။’

ယောရှု​သည် ယုံကြည်ခြင်း​တင်ပြ​ရုံ​မ​က မှန်ရာကို​လုပ်​ဝံ့​သည့်​သတ္တိ​လည်း ရှိခဲ့​သည်။ သူနှင့် ကာလက်​တို့​သာ​လျှင် အခိုင်အမာ​ရပ်တည်ခဲ့ကြပြီး ပရိသတ်အပေါင်း​က သူတို့ကို ကျောက်ခဲ​နှင့်​ပစ်ပေါက်​ရန် ပြောဆို​ခဲ့​ကြသည်။ သင်သည် မည်သို့​ခံစားရ​မည်​နည်း။ ကြောက်ရွံ့​ခဲ့​မည်​လော။ ယောရှု​မကြောက်ရွံ့​ခဲ့​ပါ။ သူနှင့် ကာလက်​သည် မိမိတို့၏​ခံယူ​ချက်​ကို အခိုင်အမာ​ပြောဆို​ခဲ့​ကြ​၏။ ယေဟောဝါ​အပေါ် တည်ကြည်မှု​က တစ်နေ့​နေ့တွင် ကျွန်ုပ်​တို့ ထပ်တူ​ပြု​ရန် လိုအပ်​ပေမည်။

သူလျှို​များ​၏​အတ္ထုပ္ပတ္တိ​က ယောရှု​၏ နာမည်​ကို ပြောင်း​ခဲ့​ကြောင်းကို​လည်း ဖော်ပြ​သည်။ မောရှေ​သည် “ကယ်တင်ခြင်း” ဟု​အဓိပ္ပာယ်​ရှိသော သူ၏​မူရင်း​အမည် ဩရှေ [“ဟော​ရှီ၊” က​ဘ] တွင် ဘုရားသခင်​၏​နာမတော်​ကို ရည်ညွှန်း​သည့် အက္ခရာ​ကို ဖြည့်စွက်​လိုက်ပြီး ယေ​ဟော​ရှု သို့​မဟုတ် ယောရှု​ဟု အမည်ပေး​ခဲ့​သည်၊ ၎င်း​၏​အဓိပ္ပာယ်​မှာ “ယေဟောဝါ​သည် ကယ်တင်ခြင်း​ဖြစ်​တော်​မူ​၏။” စက်ပ်တွားဂျင့်​ကျမ်း​က သူ၏​အမည်​ကို “ယေရှု” ဟု​ဘာသာ​ပြန်ဆို​သည်။ (တောလည်ရာ ၁၃:၈၊ ၁၆က​ဘ) ထို​အရေးပါသော​အမည်​နှင့်​အညီ ယေဟောဝါ​သည် ကယ်တင်ခြင်း​ဖြစ်​တော်​မူ​၏​ဟု ယောရှု ရဲရင့်စွာ​ကြေညာ​ခဲ့​သည်။ ယောရှု​၏​အမည်​ကို ကောက်ကာငင်ကာ ပြောင်းလဲ​ခဲ့​ခြင်း​မဟုတ်​နိုင်​ပေ။ မောရှေ​သည် ယောရှု​၏​အရည်အချင်းကို လေးမြတ်​ကြောင်း တင်ပြ​ခဲ့​ရုံ​မ​က ကတိထားရာ​ပြည်တော်​ထဲ​သို့ လူမျိုးဆက်​အသစ်​ကို ယောရှု​ဦးဆောင်​ခေါ်သွား​ရမည့် တာဝန်​နှင့်​လည်း ထို​အမည်​က လိုက်ဖက်​ခဲ့​သည်။

ဣသရေလလူ​တို့၏​ဖခင်​များ တစ်ဦး​ပြီး​တစ်ဦး သေဆုံး​ခဲ့​စဉ်​အတွင်း သူတို့သည် တောကန္တာရ​တွင် အနှစ် ၄၀ တိုင် ပင်ပန်း​ဆင်းရဲ​စွာ လှည့်လည်​သွားလာ​ခဲ့​ကြ​ရသည်။ ထို​အချိန်အတွင်း ယောရှု​အကြောင်း ဖော်ပြ​ထားခြင်း​မရှိ​ချေ။ သို့သော် သူသည် ထို​အဖြစ်အပျက်​မှ များစွာ​သင်ယူ​ခဲ့​ပေမည်။ ပုန်ကန်​သူ ကောရ၊ ဒါသန်၊ အဘိရံ​တို့​နှင့် သူတို့၏​နောက်လိုက်​များ​ကို​သာမက ယုတ်ညံ့​သော ဗာလပေဂုရ​ဘုရား​ကို ကိုးကွယ်​ခဲ့​ကြ​သူများကို​ပါ ဘုရားသခင်​တရား​စီရင်​ခဲ့​ခြင်း​ကို ယောရှု​တွေ့မြင်​ခဲ့​မည်။ မောရှေ​သည် မေရိဘအရပ်​တွင် ရေ​နှင့်​ပတ်သက်​၍ ယေဟောဝါ​ကို ဂုဏ်​မတင်​ခဲ့​သောကြောင့် မောရှေ​သည်လည်း ကတိထားရာ​ပြည်တော်​ထဲ ဝင်​ရမည်​မဟုတ်​ကြောင်း သိရှိ​ရသောအခါ အကြီးအကျယ်​ဝမ်းနည်း​ကြေကွဲ​ခဲ့​မည်​မှာ သေချာ​သည်။—တောလည်ရာ ၁၆:၁-၅၀; ၂၀:၉-၁၃; ၂၅:၁-၉

မောရှေ​အရိုက်အရာကို ဆက်ခံသူ​အဖြစ် ခန့်အပ်​ခံ​ခဲ့​ရ

မောရှေ​ကွယ်လွန်​ခါနီး​အချိန်တွင် ဣသရေလ​လူမျိုး​သည် “အထိန်း​မရှိသော သိုး​ကဲ့သို့” မဖြစ်စေ​ရန် မိမိ​အရိုက်အရာ​ဆက်ခံ​မည့်​သူကို ခန့်အပ်​ပေး​ပါ​ရန် ဘုရားသခင်​အား တောင်းဆို​ခဲ့​သည်။ ယေဟောဝါ မည်သို့​ဖြေဆို​ခဲ့​သနည်း။ “ဝိညာဉ်​တော်​ကို​ရသော” ယောရှု​အား ပရိသတ်အပေါင်း​ရှေ့၌ ခန့်အပ်​ရန် မှာကြား​လေ​၏။ သူတို့သည် ယောရှု​၏​စကား​ကို နားထောင်​ကြ​ရမည်​ဖြစ်သည်။ ထောက်ခံချက်​တစ်ခု​ပါ​တကား! ယေဟောဝါ​သည် ယောရှု​၏​ယုံကြည်ခြင်း​နှင့် စွမ်းရည်​ကို တွေ့မြင်​တော်​မူ​၏။ ဣသရေလ​လူမျိုး၏​ခေါင်းဆောင်​အဖြစ် ခန့်အပ်​ရန် ယောရှု​ထက် သာ၍​အရည်အချင်း​ရှိသူ မရှိ​ချေ။ (တောလည်ရာ ၂၇:၁၅-၂၀) သို့ရာတွင် ယောရှု​သည် အလွန့်အလွန်​ကြီးမားသော အခက်အခဲ​များ​ကို ရင်ဆိုင်​ရမည်​ဖြစ်​ကြောင်း မောရှေ​သိထား​သည်။ ထို့​ကြောင့် မိမိ​အရိုက်အရာကို ဆက်ခံ​မည့်​သူနှင့်​အတူ ယေဟောဝါ​ဆက်​ရှိသွား​မည်​ဖြစ်​ရာ မောရှေ​က “အားယူ၍ ရဲရင့်ခြင်း​ရှိ​လော့” ဟု​အားပေး​တိုက်တွန်း​ခဲ့​သည်။—တရားဟောရာ ၃၁:၇၊ ၈

ဘုရားသခင်​ကိုယ်တော်တိုင်​က​လည်း ယောရှု​ကို ထို​နည်း​ထပ်တူ​အားပေး​တော်​မူ​ပြီး ဤသို့​ဆင့်ဆို​သည်– “ငါ​၏​ကျွန်​မောရှေ မှာ​ထားသော​တရား​အတိုင်း ကျင့် . . . လော့။ ကြံစည်​လေ​သမျှ​တို့​၌ အောင်​မည်​အကြောင်း ထို​တရားလမ်း​သို့​လိုက်​လော့။ လက်ယာဘက်၊ လက်ဝဲဘက်​သို့​မလွှဲ​နှင့်။ ထို​ပညတ္တိကျမ်း​စာ​၌ ရေးထားသမျှ​အတိုင်း ကျင့်​မည်​ဟု စောင့်ရှောက်ခြင်း​အ​လို့​ငှာ ကျမ်းစာ​ကို မဖတ်​မ​ရွတ်​ဘဲ​မနေ၊ နေ့​ည​မပြတ် ကြည့်ရှု​ဖတ်ရွတ်​ရမည်။ သို့ပြုလျှင် သင်သည် အကြံ​ထမြောက်​၍ အောင်မြင်​လိမ့်​မည်။ သင့်ကို ငါ​မှာ​ထား​သည်မဟုတ်​လော။ အားယူ၍ ရဲရင့်ခြင်း​ရှိ​လော့။ မကြောက်​နှင့်၊ စိတ်မပျက်​နှင့်။ သွား​လေ​ရာ​ရာ​၌ သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ရှိသည်။”—ယောရှု ၁:၇-၉

ယေဟောဝါ​၏​စကားတော်​ကို ယောရှု အဆက်မပြတ်​ကြား​ယောင်​နေပြီး အတွေ့အကြုံ​အမျိုးမျိုး ရရှိခဲ့​ပြီ​ဖြစ်​ရာ သူ​မည်သို့​သံသယ​ရှိ​နိုင်​မည်​နည်း။ ထို​ပြည်​ကို အနိုင်​ရမည်ဟု အာမခံချက်​ရရှိ​ထား​၏။ အခက်အခဲ​များ အမှန်​ပေါ်ပေါက်​လာပေမည်၊ ပထမ​ဆုံး​အခက်အခဲ​မှာ ရေ​ကြီး​နေချိန်​တွင် ယော်ဒန်​မြစ်ကို ဖြတ်ကူး​ရမည်​ဖြစ်၏။ သို့​တိုင် ယေဟောဝါ​ကိုယ်တော်တိုင်​က “ယခု​ထ၍ ယော်ဒန်​မြစ်​တစ်ဖက်​သို့​ကူး​ကြလော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ ထို့​ကြောင့် အဘယ်​အခက်အခဲ​ရှိ​နိုင်​ပါ​ဦး​မည်​နည်း။—ယောရှု ၁:၂

ယောရှု​၏​အသက်တာတွင် ဆက်တိုက်​ဖြစ်ရပ်​များ—ယေရိခေါ​မြို့ကို အနိုင်​ရအောင်​မြင်​ခြင်း၊ ရန်သူများ​ကို နိုင်နင်း​အောင်မြင်ခြင်း​နှင့် ထို​ပြည်​ကို ခွဲဝေ​ခြင်း—တို့​က သူသည် ဘုရားသခင်​၏​ကတိတော်​များ​ကို တစ်ခါမျှ မျက်ခြည်မပြတ်​ခဲ့​ကြောင်း ဖော်ပြ​သည်။ ယောရှု​ကွယ်လွန်​ခါနီး​တွင် ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ရန်သူ​လက်​မှ လွတ်ငြိမ်းခွင့်​ပေး​သောအခါ သူသည် လူ​တို့ကို စုဝေး​စေ​၍ သူတို့နှင့် ဘုရားသခင်​၏​ဆက်ဆံ​ရေး​ကို ပြန်လည်​ဆင်ခြင်​သုံးသပ်​ပြီး ကိုယ်တော်​၏​အမှုတော်ကို စိတ်နှလုံး​အကြွင်းမဲ့ ထမ်းဆောင်​ကြ​ရန် တိုက်တွန်း​ခဲ့​သည်။ ယင်းကြောင့် ဣသရေလ​လူမျိုး​သည် ယေဟောဝါ​နှင့် သူတို့၏​ပဋိညာဉ်​ကို အားသစ်လောင်း ဖွဲ့ဆို​ခဲ့​ကြ​ပြီး သူတို့​ခေါင်းဆောင်​၏ ပုံသက်သေ​မှ အားရ​ကာ “ယောရှု​လက်ထက်​ကာလပတ်လုံး ဣသရေလ​အမျိုးသား​တို့သည် ထာဝရ​ဘုရား​ကို ဝတ်ပြု” ခဲ့​ကြ​ခြင်း​ဖြစ်​မည်​မှာ​အမှန်။—ယောရှု ၂၄:၁၆၊ ၃၁

ယောရှု​သည် ကျွန်ုပ်​တို့အတွက် သာလွန်​ကောင်းမွန်သော ပုံသက်သေ​တစ်ခု​ဖြစ်၏။ ယနေ့ ခရစ်ယာန်​များသည် ယုံကြည်ခြင်း​စမ်းသပ်မှု​များစွာကို ရင်ဆိုင်​နေရ​ကြသည်။ ထို​စမ်းသပ်မှု​များ​ကို အောင်မြင်စွာ​ကျော်လွှား​ခြင်း​သည် ယေဟောဝါ​၏​မျက်နှာသာတော် ဆက်ခံစား​ရခြင်း​နှင့် နောက်ဆုံး​တွင် ကိုယ်တော်​၏​ကတိတော်​များ​ကို အမွေခံ​ရခြင်း​အတွက် အရေးပါ​သည်။ ယောရှု​၏​အောင်မြင်မှု​သည် သူ၏​ခိုင်ခံ့​သော​ယုံကြည်ခြင်း​အပေါ် မူတည်​၏။ မှန်ပါသည်၊ ယောရှု​ကဲ့သို့ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​တန်ခိုးတော်​ပါ​လုပ်ရပ်များ​ကို မတွေ့မြင်​ခဲ့​ရ​သော်လည်း တစ်ဦး​တစ်ယောက်​က သံသယ​ဖြစ်​မည်​ဆိုလျှင် ယေဟောဝါ​၏​စကားတော်​ကို ယုံကြည်​စိတ်ချ​နိုင်​ကြောင်း ယောရှု​အမည်တပ်​ထား​သည့် ကျမ်းစောင်​က မျက်မြင်​သက်သေ​ဖော်ပြ​ထား​သည်။ ကျွန်ုပ်​တို့သည် ကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ပြီး လက်တွေ့​ကျင့်သုံး​မည်​ဆိုလျှင် ယောရှု​နည်းတူ ဉာဏ်ပညာ​ရှိပြီး အောင်မြင်​မည်​မှာ သေချာ​ပါ​သည်။

တစ်ခါတစ်ရံ ခရစ်ယာန်​ချင်း​များ​၏ အပြုအမူကြောင့် သင်​စိတ်ထိခိုက်​ခဲ့​ဖူး​သလော။ ယောရှု​ကိုယ်တိုင် မမှား​ခဲ့​ဘဲ သစ္စာမဲ့​အဖော်​များနှင့် တောကန္တာရ​၌ အနှစ် ၄၀ လှည့်လည်​သွားလာ​ရချိန်​အတွင်း သူ၏​ခံနိုင်ရည်​ကို သတိရပါ။ မိမိ၏​ခံယူ​ချက်​အတွက် အခိုင်အမာ​ရပ်တည်​ရန် သင်​အခက်တွေ့​သလော။ ယောရှု​နှင့် ကာလက်​တို့ ပြုလုပ်​ခဲ့​သမျှ​ကို ပြန်​အမှတ်ရပါ။ သူတို့၏​ယုံကြည်ခြင်း​နှင့် နာခံမှု​တို့​ကြောင့် အလွန်​ကောင်းသော ဆုကျေးဇူး​ကို ခံစား​ခဲ့​ကြ​ရသည်။ ယေဟောဝါ​သည် မိမိ၏​ကတိတော်​အားလုံး​ကို ပြည့်စုံ​စေမည်​ဟု ယောရှု အမှန်တကယ် ယုံကြည်​စိတ်ချ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ထပ်တူ​ယုံကြည်ခြင်း​မျိုး ရှိ​နိုင်​ကြ​ပါစေ။—ယောရှု ၂၃:၁၄

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မောရှေ​နှင့်​ပေါင်းဖော်​ခဲ့​ခြင်း​က ယောရှု​၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယောရှု​နှင့် ကာလက်​တို့သည် ယေဟောဝါ​၏​တန်ခိုးတော်​ကို ယုံကြည်​စိတ်ချ​ခဲ့​ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယောရှု​၏​ခေါင်းဆောင်မှု​က ယေဟောဝါ​နှင့်​တွယ်ကပ်​နေ​စေရန် လူ​တို့ကို လှုံ့ဆော်ပေး​ခဲ့