မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွှင်လန်းမှုရရှိစေသောပေးကမ်းခြင်း

ရွှင်လန်းမှုရရှိစေသောပေးကမ်းခြင်း

ရွှင်လန်းမှု​ရရှိစေ​သော​ပေးကမ်း​ခြင်း

ဘရာဇီး​လ်​နိုင်ငံ​၏​အရှေ့မြောက်ပိုင်း​ရှိ မြို့​ဆင်ခြေ​ဖုံး​ရပ်ကွက်​တစ်ခု​တွင် နေထိုင်​သော ဂျ​နီ​ဗော်​သည် ဆေးရုံ​လုံခြုံရေး​အမှုထမ်း​လစာ​လေး​ဖြင့် သူ၏​ဇနီး​နှင့် သားသမီး​များ​ကို ကျွေးမွေး​ပြုစု​ခဲ့​သည်။ ဂျ​နီ​ဗော်​သည် အခက်အခဲ​များ​ကြား အသိစိတ်​ရှိ​ရှိ တာဝန်​သိ​သိ​ဖြင့် ဆယ်ဖို့တစ်ဖို့​ပေး​ခဲ့​သည်။ “တစ်ခါ​တ​လေ ကျွန်တော့်​မိသားစု အစာ​ငတ်​ခဲ့​ရတယ်” ဟု​သူ၏​ဝမ်းဗိုက်​ကို​ပွတ်​ပြီး ပြန်​ပြောပြ​သည်၊ “ဒါပေမဲ့ ကျွန်တော်​ဘယ်လိုပဲ အနစ်နာခံ​ရ​ခံရ ဘုရားသခင်​ကို အကောင်းဆုံး​ပေး​ချင်စိတ်​ရှိတယ်။”

အလုပ်ပြုတ်​သွားပြီး​နောက်​၌​ပင် ဂျ​နီ​ဗော်​သည် ဆယ်ဖို့တစ်ဖို့​ဆက်​ပေး​ပါ​သည်။ သူ၏​ဓမ္မ​ဆရာ​က အလှူ​များများ​ပေး​ပြီး ဘုရားသခင်​ကို​စုံစမ်း​ဖို့ သူ့ကို​တိုက်တွန်း​ခဲ့​၏။ ဘုရားသခင်​အမှန်တကယ် ကောင်းချီး​သွန်းလောင်း​ပေး​လိမ့်​မည်​ဟု ဓမ္မ​ဆရာ​က အာမခံ​သည်။ ထို့​ကြောင့် မိမိ၏​နေအိမ်​ကို​ရောင်းပြီး ချာ့ခ်ျ​ကို​လှူ​ဖို့ ဂျ​နီ​ဗော်​စိတ်​ဆုံးဖြတ်​ခဲ့​သည်။

ဤသို့​စိတ်ရင်းမှန်​ဖြင့် ပေးကမ်း​လှူဒါန်း​သည်​မှာ ဂျ​နီ​ဗော်​တစ်ဦးတည်း​မဟုတ်ပါ။ အလွန်​ဆင်းရဲ​နွမ်းပါး​သူများစွာ​တို့သည် တာဝန်​ကျေပွန်​စွာ ဆယ်ဖို့တစ်ဖို့​ပေး​ကြသည်၊ ဆယ်ဖို့တစ်ဖို့​ပေး​ရန် ကျမ်းစာ​တောင်းဆို​သည်​ဟု သူတို့၏​ချာ့ခ်ျ​က သွန်သင်ပေး​သည်။ ၎င်း​သွန်သင်ချက်​သည် မှန်ကန်​ပါသလော။

ဆယ်ဖို့တစ်ဖို့​ပေးခြင်း​နှင့် ပညတ်တရား

ဆယ်ဖို့တစ်ဖို့​ပေး​ရန် မိန့်မှာချက်​သည် လွန်ခဲ့သော​အနှစ် ၃,၅၀၀ ကျော်​က ရှေး​ဣသရေလ​လူမျိုး ၁၂ နွယ်​ကို ဘုရားသခင်​ပေး​ခဲ့​သည့်​ပညတ်​တွင် တစ်ခု​အပါအဝင်​ဖြစ်သည်။ ထို​ပညတ်​က မြေ​အသီးအနှံ​နှင့် သစ်သီး​ဆယ်စု​တစ်စု၊ တိုးပွား​လာသော သိုး​နွား​တိရစ္ဆာန်​မှ ဆယ်စု​တစ်စု​ကို တဲ​တော်​၌​အမှုထမ်း​သော လေဝိ​အမျိုး​အား ပေးဖို့​ပြဋ္ဌာန်း​ထား​သည်။—ဝတ်ပြုရာ ၂၇:၃၀၊ ၃၂; တောလည်ရာ ၁၈:၂၁၊ ၂၄

ပညတ်တရား​သည် ‘သူတို့​အတွက် ခက်ခဲလွန်း​မည်​မဟုတ်’ ဟု​ဣသရေလ​အမျိုး​ကို ယေဟောဝါ​အာမခံခဲ့​သည်။ (တရားဟောရာ ၃၀:၁၁က​ဘ) ဆယ်ဖို့တစ်ဖို့​ပေးခြင်း​အပါအဝင် ယေဟောဝါ​၏​မိန့်မှာချက်​များ​ကို သူတို့​တည်ကြည်​စွာ လိုက်နာ​သမျှ​ကာလပတ်လုံး မြေ​အသီးအနှံ​ကြွယ်ဝ​စေမည်​ဟု ကိုယ်တော်​ကတိပြု​ထား​သည်။ လို​ရမည်​ရ​အနေ​နှင့် နောက်​ထပ်၍ နှစ်စဉ်​ဆယ်ဖို့တစ်ဖို့​ကို သီးသန့်​ဖယ်​ထား​ကာ ဝတ်ပြုရေး​ပွဲတော်​များ​တွင် လူမျိုး​လိုက် စုဝေး​သည့်​အခါ အသုံးပြုလေ့​ရှိကြသည်။ သို့ဖြင့် ‘တစ်ပါး​အမျိုးသား၊ မိဘ​မရှိသော​သူငယ်​နှင့် မုဆိုးမများ​တို့သည် ဝ​စွာ​စား​နိုင်​ကြသည်။’—တရားဟောရာ ၁၄:၂၈၊ ၂၉; ၂၈:၁၊ ၂၊ ၁၁-၁၄

ဆယ်ဖို့တစ်ဖို့​ပေး​ရန်​ပျက်ကွက်ခြင်း​ကို ပြစ်ဒဏ်ပေး​မည်​ဟု ပညတ်တရား​က မဖော်​ပြ​ထား​ချေ၊ သို့သော် ဣသရေလလူ​မျိုး​တိုင်း စစ်မှန်သော​ဝတ်ပြုရေးကို ထောက်ပံ့​ပေးဖို့ တာဝန်​ရှိကြသည်။ အမှန်​မှာ မာလခိ​ခေတ်​မှ ဆယ်ဖို့တစ်ဖို့​ပေး​ရန်​ပျက်ကွက်​သော ဣသရေလ​လူမျိုး​ကို ယေဟောဝါ​က ‘ဆယ်ဖို့တစ်ဖို့​ကိုလည်း​ကောင်း၊ ပူဇော်[ရာ​ယဇ်]တို့ကို​လည်းကောင်း လုယူ​နေကြ’ ၏​ဟု စွပ်စွဲ​ခဲ့​သည်။ (မာလခိ ၃:၈) ဆယ်ဖို့တစ်ဖို့​မပေး​သော ခရစ်ယာန်​များ​ကို အလားတူ​စွပ်စွဲ​နိုင်​ပါသလော။

သုံးသပ်ကြည့်​ကြပါစို့။ နိုင်ငံ​တစ်ခု​၏​ဥပဒေ​များသည် ၎င်း​နိုင်ငံ​ပြင်ပ​၌ အများအားဖြင့် တရား​မဝင်​တော့​ပေ။ ဥပမာ၊ ဗြိတိန်​နိုင်ငံ​တွင် မော်တော်​ယာဉ်များ လက်ဝဲ​ကပ်​မောင်း​ရသည့်​ဥပဒေ​သည် ပြင်သစ်​နိုင်ငံ​မှ ယာဉ်မောင်း​များနှင့် မသက်ဆိုင်​ချေ။ အလားတူ​ပင် ဆယ်ဖို့တစ်ဖို့​တောင်းဆို​သော ပညတ်​သည် ဣသရေလ​လူမျိုး​နှင့်​သာ ဘုရားသခင်​ဖွဲ့​ထား​သည့် ပဋိညာဉ်​တွင်​ပါဝင်​သည်။ (ထွက်မြောက်ရာ ၁၉:၃-၈; ဆာလံ ၁၄၇:၁၉၊ ၂၀) ထို့​ကြောင့် ဣသရေလ​လူမျိုး​သာ​လျှင် ထို​ပညတ်တရား​အောက်​၌​ရှိ၏။

ထို့​အပြင် ဘုရားသခင်​သည် ဘယ်​သောအခါ​မျှ မပြောင်းလဲ​သည်​မှာ​မှန်​သော်လည်း ကိုယ်တော့်​တောင်းဆိုချက်​များသည် ပြောင်းလဲ​သည့်​အခါ​များ​ရှိသည်။ (မာလခိ ၃:၆) ပူဇော်ရာ​ယဇ်​အဖြစ် စီ.အီး. ၃၃ ခုနှစ်​တွင် ယေရှု၏​သေဆုံး​ခဲ့​ခြင်း​က ပညတ်တရား​အတိုင်း “ဆယ်ဖို့တစ်ဖို့​ခံယူ​စေရန် အမိန့်​ပညတ်” ကို ‘ပယ်ဖျက်​သည်၊’ သို့​မဟုတ် “ပယ်ရှင်း” ၏​ဟု သမ္မာကျမ်းစာ​က အတိအလင်း​ဖော်ပြ​ပါ​သည်။—ကောလောသဲ ၂:၁၃၊ ၁၄သ​မ; ဧဖက် ၂:၁၃-၁၅; ဟေဗြဲ ၇:၅၊ ၁၈သမ္မာ။

ခရစ်ယာန်​ပေးကမ်း​ခြင်း

သို့​တိုင် စစ်မှန်သော​ဝတ်ပြုရေး​အတွက် အလှူငွေ​ထည့်​ဖို့ လိုအပ်​ဆဲ​ပင်။ ယေရှု​က ကိုယ်တော်​၏​တပည့်​များ​ကို ‘မြေကြီးစွန်း​တိုင်အောင် သက်သေ’ ခံ​ကြ​ရန် မိန့်မှာ​ခဲ့​သည်။ (တမန်​တော် ၁:၈) ယုံကြည်သူ​အရေအတွက် တိုးပွား​လာ​လေ အသင်းတော်များ​ကို​လည်ပတ်၊ အားပေး​ရန် ခရစ်ယာန်​သွန်သင်သူ​များနှင့် ကြီးကြပ်မှူး​များ ပို​လိုအပ်​လာ​လေ​ဖြစ်သည်။ မုဆိုးမများ၊ မိဘမဲ့​များနှင့် အခြား​ချို့တဲ့​သူများ​ကို ရံဖန်ရံခါ​ကြည့်ရှု​ထောက်မ​ပေး​ရသည်။ ၎င်း​ကုန်ကျ​စရိတ်​များ ကာမိ​စေဖို့ ပထမ​ရာစု​ခရစ်ယာန်​များ မည်သို့​ပြု​ခဲ့​ကြ​သနည်း။

စီ.အီး. ၅၅ ခုနှစ်​ခန့်​တွင် ယုဒ​နယ်​မှ ဆင်းရဲ​နွမ်းပါး​သော​အသင်းတော်​အတွက် ဥရောပ​နှင့် အာရှမိုင်းနား​ရှိ တစ်ပါး​အမျိုးသား​ခရစ်ယာန်​များ​ထံ အကူအညီ​တောင်းခံ​ခဲ့​သည်။ ကောရိန္သု​မြို့ရှိ အသင်းတော်​ထံ​စာရေး​ရာ​တွင် ‘သန့်ရှင်းသူ​တို့​အဖို့​အလှူငွေ’ ကို​မည်သို့​စီမံ​ပေး​ကြောင်း တမန်​တော်​ပေါလု​ရှင်းပြ​ခဲ့​သည်။ (၁ ကောရိန္သု ၁၆:၁) ခရစ်ယာန်​ပေးကမ်း​ခြင်း​အကြောင်း ပေါလု​ဖော်ပြ​သည်ကို သင်​ကြားသိ​ရ​၍ အံ့အားသင့်​သွားပေ​မည်။

ပေးကမ်း​ကြ​ရန် ယုံကြည်သူ​ရောင်းရင်း​များ​ကို တမန်​တော်​ပေါလု တိုက်တွန်း​သွေးဆောင်ခြင်း​မပြု​ခဲ့​ပါ။ အမှန်​မှာ “ညှဉ်းဆဲ . . . ခံရ” ၍ “ဥစ္စာ​ပြုန်းတီး” နေသော မာကေဒေါနိ​ပြည်​ရှိ ခရစ်ယာန်​များသည် ‘သန့်ရှင်းသူ​တို့အား လုပ်ကျွေး​ခြင်း​အမှုကို ဆောင်ရွက်​ရသော​အခွင့်​ရမည်​အကြောင်း တိုက်တွန်း​သွေးဆောင်​သော​စကား​များ​ဖြင့် သူ့ကို​အထပ်ထပ်​တောင်းပန်’ ခဲ့​ကြသည်။—၂ ကောရိန္သု ၈:၁-၄

မှန်ပါသည်၊ ပေါလု​သည် မာကေဒေါနိ​ပြည်​ရှိ ရက်ရော​သော​ညီအစ်ကို​များ​ကို အတုယူ​ကြဖို့ သာ၍​ချမ်းသာ​ကြွယ်ဝသော ကောရိန္သု​မြို့သား​များ​ကို တိုက်တွန်း​ခဲ့​ရသည်။ သို့​တိုင် ‘အမိန့်ပေး​ညွှန်ကြား​မည့်​အစား မေတ္တာ​ရပ်ခံ​ရန်၊ အကြံပြု​ရန်၊ အားပေး​ရန်၊ တောင်းခံ​ရန် ပေါလု​အလိုရှိ​ခဲ့​သည်။ ပေးကမ်း​ရန် အတင်းအကျပ်​တိုက်တွန်း​ခံရ​၍ ပေးကမ်း​ခဲ့​ပါ​မူ ကောရိန္သု​မြို့သား​များ​၏​ပေးကမ်း​ခြင်း​သည် လိုလိုလားလား​မရှိ စိတ်မပါ​သော​ပေးကမ်း​ခြင်း​ဖြစ်​ပေ​လိမ့်​မည်’ ဟု​ကိုးကား​ဖော်ပြချက်​တစ်ခု​က​ဆို​၏။ ‘နှမြော​သော​စိတ်​နှင့်၊ မ​လှူ​ဘဲ​မနေ​ရ​ဟု စိတ်ထင်​နှင့်’ ပေးကမ်း​သူကို​မဟုတ်ဘဲ “စေတနာ​စိတ်​နှင့် လှူ​သော​သူကိုသာ ဘုရားသခင်​နှစ်သက်​တော်​မူ” ကြောင်း ပေါလု​သိ​သည်။—၂ ကောရိန္သု ၉:၇

ခရစ်ယာန်​ရောင်းရင်း​များ​ကို အမှန်တကယ်​ချစ်ခြင်း​နှင့်​တကွ ယုံကြည်ခြင်း​နှင့် အသိပညာ​ကြွယ်ဝခြင်း​က တလိုတလား​ပေးကမ်း​ရန် ကောရိန္သု​မြို့သား​များ​ကို လှုံ့ဆော်ပေး​ခဲ့​ပေမည်။—၂ ကောရိန္သု ၈:၇၊ ၈

‘မိမိ​စိတ်ထဲ​၌ ကြံစည်​ထား​သည်​အတိုင်း’

ပေါလု​သည် ရာခိုင်နှုန်း​မည်​၍​မည်မျှ လှူဒါန်း​ရမည်ဟု ဖော်ပြ​မည့်​အစား “ခု​နစ်​ရက်​တွင် ပထမ​နေ့ရက်​၌ သင်တို့​တစ်ဦးစီ​သည် မိမိ၏​ဝင်ငွေ​နည်း​များ​အလိုက် ငွေ​အချို့​ကို​ဖယ်​ထား​သင့်​သည်” ဟူ၍​သာ အကြံပေး​ခဲ့​သည်။ (ကျွန်ုပ်​တို့​စာလုံးစောင်း​ထား; ၁ ကောရိန္သု ၁၆:၂၊ NIV) စီစဉ်​ထား​သည့်​အတိုင်း ငွေ​မည်​၍​မည်မျှ​ကို သီးသန့်​ဖယ်​ထားခြင်း​အားဖြင့် ပေါလု​ရောက်လာသော​အခါ ကောရိန္သု​မြို့သား​များသည် နှမြော​သော​စိတ်​နှင့်​ပေး​ရန်၊ စိတ်​လှုပ်ရှား​ပြီး​အလှူ​ပေး​ရန် ဖိအား​ပေး​ခံရ​မည်​မဟုတ်ပေ။ မည်​၍​မည်မျှ​ပေး​မည်​ဟူသော ဆုံးဖြတ်ချက်​သည် ခရစ်ယာန်​တစ်ဦးစီ၏ ကိုယ်ရေးကိုယ်တာ​ကိစ္စ​ဖြစ်​ပြီး “မိမိ​စိတ်ထဲ​၌ ကြံစည်​ထား​သည်​အတိုင်း” ဖြစ်​ရမည်။—၂ ကောရိန္သု ၉:၅၊ ၇သမ္မာ။

ကောရိန္သု​မြို့သား​များသည် ရက်ရော​စွာ​ရိတ်သိမ်း​ရန်​အ​လို့​ငှာ ရက်ရော​စွာ​စွန့်ကြဲ​ရ​ကြ​မည်။ ဆုံးရှုံး​နစ်နာ​သည့်​အထိ​ပေးကမ်း​ရန် တစ်ခါမျှ​အကြံ​မပြု​ခဲ့​ချေ။ ပေါလု​က “သင်တို့အား ဝန်​လေး​စေ . . . ရန် ငါ​အကြံပြု​နေသည်​မဟုတ်” ဟု​သူတို့ကို စိတ်ချ​စေ​ခဲ့​သည်။ ‘လူ​တို့​စွမ်းအား​အရ ပေးလှူ​သော​အရာ​ကို လက်ခံ​တော်​မူ​လိမ့်​မည်။ လူ​တို့​ပေးလှူ​နိုင်စွမ်း​မရှိသော​အရာ​ကို တောင်းဆို​တော်​မူ​မည်​မဟုတ်။’ (၂ ကောရိန္သု ၈:၁၂၊ ၁၃သတင်းကောင်း; ၉:၆) နောက်ပိုင်း၌​ရေး​သော​စာ​တစ်စောင်​တွင် တမန်​တော်​က​ဤသို့​သတိပေး​ခဲ့​သည်– “မိမိ​အိမ်သူအိမ်သား​တို့ကို​မပြု​စု​သော​သူ​မည်​သည်​ကား၊ ယုံကြည်ခြင်း​တရားကို​ငြင်းပယ်​၏။ မယုံကြည်​ဖူး​သော​သူ​ထက် သာ၍​ယုတ်မာ​၏။” (၁ တိမောသေ ၅:၈) ဤ​မူကို​ချိုးဖောက်​သော ပေးကမ်း​ခြင်း​ကို ပေါလု​အားမပေး​ခဲ့​ပါ။

ပေါလု​သည် နွမ်းပါး​သော ‘သန့်ရှင်းသူ​တို့​အဖို့ အလှူငွေ’ ကောက်ခံခြင်း​ကို ကြီးကြပ်​ကွပ်ကဲ​ခဲ့​သည်။ သို့သော် ပေါလု​နှင့် အခြား​တမန်​တော်​များသည် မိမိတို့​ကိုယ်တိုင် ဓမ္မ​အမှုဆောင်​နိုင်​ကြဖို့ အလှူငွေ​ကောက်ခံခြင်း၊ ဆယ်ဖို့တစ်ဖို့​လက်ခံခြင်း​အကြောင်း​တို့ကို သမ္မာကျမ်းစာ​တွင် ကျွန်ုပ်​တို့​မဖတ်​ရ​ချေ။ (တမန်​တော် ၃:၆) ပေါလု​သည် အသင်းတော်များ​ထံ​မှ လက်ဆောင်​များ​ရရှိ​သည်ကို အစဉ်​ကျေးဇူး​တင်​၏၊ သို့သော် မိမိ​ညီအစ်ကို​များ​အပေါ် “ဝန်​မတင်” ရန် အသိစိတ်​ရှိ​ရှိ ရှောင်ကြဉ်​ခဲ့​သည်။—၁ သက်သာလောနိတ် ၂:၉သမ္မာ; ဖိလိပ္ပိ ၄:၁၅-၁၈

ယနေ့ စေတနာအလျောက်​ပေးကမ်း​ခြင်း

ပထမ​ရာစု​တွင် ခရစ်တော်​၏​နောက်လိုက်​များသည် ဆယ်ဖို့တစ်ဖို့​မပေး​ဘဲ စေတနာအလျောက်​ပေးကမ်း​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။ သို့​တိုင် သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​ကို ငွေကြေး​ထောက်ပံ့​ရန်​နှင့် နွမ်းပါး​သော​ခရစ်ယာန်​များ​ကို ကြည့်ရှု​စောင့်ရှောက်​ရန် ယင်းသည် ထိရောက်​သော​နည်း​ဖြစ်​ဆဲ​လော​ဟု သိ​လို​ပေမည်။

အောက်ပါ​တို့ကို​သုံးသပ်ကြည့်​ပါ။ ၁၈၇၉ ခုနှစ်​တွင် ဤ​မဂ္ဂဇင်း​၏​အယ်ဒီတာ​များ​က သူတို့သည် “လူ​တို့​ထံ​မှ အထောက်အပံ့​ကို မည်သည့်​အခါ​မျှ တောင်းခံ​မည်​မဟုတ်၊ အသနားခံ​မည်​မဟုတ်​ဟု အထင်အရှား​ဖော်ပြ​ခဲ့​ကြသည်။ ထို​ဆုံးဖြတ်ချက်​က ကျမ်းစာ​အမှန်တရား​ပျံ့နှံ့​ဖို့ ယေဟောဝါသက်သေ​များ​၏ ကြိုးပမ်းမှု​များ​ကို နှောင့်နှေး​စေ​ခဲ့ပြီ​လော။

ယခု​အခါ သက်သေခံ​များသည် သမ္မာကျမ်းစာ​များ၊ ခရစ်ယာန်​စာအုပ်​များနှင့် အခြား​စာပေ​စာတမ်း​များ​ကို နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​၌ ဖြန့်ချိ​နေကြ​သည်။ ကျမ်းစာ​ပညာပေး​မဂ္ဂဇင်း​ဖြစ်သော ကင်းမျှော်စင်​ကို မူလ​က ဘာသာ​စကား​တစ်မျိုးတည်း​ဖြင့် စောင်ရေ ၆,၀၀၀ လစဉ်​ထုတ်ဝေ​ခဲ့​သည်။ ထို​နောက်​တွင် တစ်လ​နှစ်ကြိမ်​ထုတ်​သော ဘာသာ​စကား ၁၄၆ ဘာသာ​ဖြင့် စောင်ရေ ၂၄,၀၀၀,၀၀၀ ကျော်​ပုံနှိပ်​ထုတ်ဝေ​နေရ​သော မဂ္ဂဇင်း​ဖြစ်လာ​ပေ​ပြီ။ သက်သေခံ​များသည် ၎င်းတို့၏ ကမ္ဘာချီ​ကျမ်းစာ​ပညာပေး​လုပ်ငန်း​ကို စနစ်တကျ​စီမံ​ရန် နိုင်ငံ​ပေါင်း ၁၁၀ တွင် စီမံကွပ်ကဲ​ရေး​ဌာန​များ တည်ထောင်​ဆောက်လုပ်​ထား​၏။ ထို့​အပြင် သမ္မာကျမ်းစာ​ဆိုင်ရာ ထပ်ဆင့်​သွန်သင်ချက်​များ​ရ​လို​သူများ စုဝေး​နိုင်​ရန် ဒေသခံ​စည်းဝေး​ကျင်းပ​ရာ​နေရာ ထောင်ပေါင်း​များစွာ​နှင့် အစည်းအဝေး​ခန်းမ​ကြီး​များ​ကိုလည်း ဆောက်လုပ်​ထား​ကြသည်။

လူတို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ ဖြည့်ဆည်း​ပေးခြင်း​ကို ယေဟောဝါသက်သေ​များ ဦးစားပေး​ကြသည်​မှန်​သော်လည်း ယုံကြည်သူချင်း​များ​၏ ကာယ​လိုအပ်ရာ​များ​ကို လျစ်လျူရှု​မထား​ကြ​ချေ။ သူတို့၏​ညီအစ်ကို​မျာ​သည် စစ်​များ၊ မြေငလျင်​များ၊ မိုးခေါင်ခြင်း​နှင့် လေမုန်တိုင်း​ဒဏ်​များ​ကို ခံရ​ကြသောအခါ ဆေးဝါး​များ၊ အစားအစာ၊ အဝတ်အစား​နှင့် အခြား​လိုအပ်ရာ​များ ချက်ချင်းထောက်ပံ့​ဖြည့်ဆည်း​ပေး​တတ်ကြ​သည်။ ၎င်းတို့ကို ခရစ်ယာန်​တစ်ဦးချင်း​စီ​နှင့် အသင်းတော်​လိုက် လှူဒါန်း​ထားသော​အလှူငွေ​ဖြင့် ငွေကြေး​ထောက်ပံ့​ပေး​ပါ​သည်။

စေတနာအလျောက်​လှူဒါန်းခြင်း​သည် ထိရောက်​မှု​ရှိသည့်​အပြင် အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သည့် ဂျ​နီ​ဗော်​ကဲ့သို့​သော ဆင်းရဲသား​များ​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်စေ​ပါ။ ဝမ်းသာစရာ​မှာ ဂျ​နီ​ဗော်​သည် သူ၏​နေ​အိမ်ရောင်း​မထွက်မီ ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ဦး​ဖြစ်သူ မာ​ရီ​ယာ​က သူ့​ထံ​လည်ပတ်​ရောက်ရှိ​ခဲ့​သည်။ “အဲဒီအချိန်မှာ ပြောဆို​ခဲ့​တဲ့​စကား​ကြောင့် မလိုအပ်ဘဲ ဖြစ်ပေါ်​လာနိုင်တဲ့​အခက်အခဲ တစ်​ပုံ​တစ်​ခေါင်း​ကြီး​ကနေ ကျွန်တော့်​မိသားစု အကာအကွယ်​ရခဲ့တယ်” ဟု​ဂျ​နီ​ဗော်​ပြန်​ပြောပြ​သည်။

ဘုရားသခင့်​လုပ်ငန်းတော်​သည် ဆယ်ဖို့တစ်ဖို့​အပေါ် အမှီပြု​မနေ​ကြောင်း ဂျ​နီ​ဗော်​သိရှိ​လာ​သည်။ အမှန်​မှာ ဆယ်ဖို့တစ်ဖို့​ပေး​ရန် ကျမ်းစာ​မတောင်းဆို​တော့​ပါ။ ခရစ်ယာန်​များသည် ရက်ရော​စွာ​ပေးကမ်း​သောအခါ ကောင်းချီး​ခံစားရ​ကြ​ကြောင်း၊ သို့သော် သူတို့​တတ်နိုင်​သည်ထက်​လွန်​၍ ပေးကမ်း​ဖို့​မလို​ကြောင်း သူသိ​နားလည်ခဲ့​သည်။

စေတနာအလျောက်​ပေးကမ်း​သည့်​အတွက် ဂျ​နီ​ဗော်​သည် အမှန်တကယ်​ပျော်ရွှင်​နေပါ​သည်။ သူ​ဤသို့​ပြောပြ​သည်– “၁၀ ရာခိုင်နှုန်း​ပေး​ပေး၊ မပေး​ပေး ကျွန်တော်​အလှူငွေ​ထည့်​နိုင်​လို့ တကယ်​ပျော်​တယ်၊ ယေဟောဝါ​လည်း ပျော်ရွှင်​မယ်​ဆိုတာ ကျွန်တော်​စိတ်ချ​တယ်။”

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အစောပိုင်း​ချာ့ခ်ျ​ဖခင်​များသည် ဆယ်ဖို့တစ်ဖို့​ပေး​ရန် သွန်သင်​ခဲ့​ကြ​သလော

“ကျွန်ုပ်​တို့​တွင်​ရှိ ချမ်းသာ​ကြွယ်ဝသူ​များသည် ဆင်းရဲ​နွမ်းပါး​သူများကို ကူညီပေး​ကြသည်။ . . . ကြီးပွား​ချမ်း​သာ၍ စိတ်​စေတနာ​ရှိသူတို့​သည် သင့်လျော်​သည်​ဟု မိမိတို့​ထင်​သည့်​အလျောက် ပေးကမ်း​ကြ​၏။”—The First Apology, ဂျပ်စ်​တင်​မာ​တာ၊ စီ.အီး. ၁၅၀ ခန့်။

“ဂျူး​တို့သည် မိမိတို့​ဥစ္စာ​ပစ္စည်း ဆယ်ဖို့တစ်ဖို့​ကို ကိုယ်တော်​အတွက် အမှန်​သီးသန့်​ထားခဲ့​ကြ​၏၊ သို့သော် လွတ်လပ်​လာ​သူတို့သည် မိမိ​အသက်မွေး​စ​ရာ​ဥစ္စာ​ရှိသမျှကို ဘုရားသခင့်​ဘဏ္ဍာတိုက်​ထဲ သွန်း​ချ​ခဲ့​သော ဆင်းရဲ​သည့်​မုဆိုးမ​ကဲ့သို့ . . . မိမိတို့​ပိုင်ဆိုင်ရာ​အားလုံး​ကို ဘုရားသခင်​အတွက် ဖယ်​ထား​ကြသည်။”—အယူမှား​တို့၏​အယူဝါဒ​များ​ကို ချေပ​ခြင်း၊ အိုင်​ရီ​နီ​ယပ်စ်၊ စီ.အီး. ၁၈၀ ခန့်။

“ကျွန်ုပ်​တို့​မှာ ဘဏ္ဍာတိုက်​ရှိသော်လည်း ၎င်း​ငွေ​သည် တန်​ရာ​တန်ကြေး​ပေး​ရ​၍ ကောက်​သည့်​ငွေ​များ​မဟုတ်ပါ၊ ထိုသို့​ပြုခြင်း​သည် ဘာသာရေး​ကို စီးပွားရေး​လုပ်ငန်း​တစ်ခု​အလား ဖြစ်စေ​ပေမည်။ လူတိုင်း တစ်လ​တစ်ကြိမ်၊ သို့​မဟုတ် ဆန္ဒရှိ​သည့်​အခါ၊ အမှန်​ဆန္ဒရှိ​မှ​သာ၊ သူတတ်​နိုင်​လျှင် ငွေ​အနည်းငယ်​ပါဝင်​လှူဒါန်း​ကြ​၏; မည်​သူ့ကို​မျှ အတင်းအကျပ် အလှူငွေ​ထည့်​စေ​သည်မဟုတ်; စေတနာအလျောက်​သာ လှူဒါန်း​ကြ​ခြင်း​ဖြစ်သည်။”—Apology, တာတူလျန်၊ စီ.အီး. ၁၉၇ ခန့်။

“ချာ့ခ်ျ​ကျယ်ပြန့်​လာ​ကာ အဖွဲ့အစည်း​အသီးသီး​ပေါ်ပေါက်​လာ​သည်​နှင့်​အမျှ ဓမ္မ​ဆရာများ​ကို သင့်လျော်​စွာ အမြဲတစေ​ထောက်ပံ့​ကူညီပေး​နိုင်​ရန် ဥပဒေ​များ​ပြုစု​ဖို့​လို​လာ​ခဲ့​သည်။ ရှေးခေတ်​ပညတ်တရား​အတိုင်း ဆယ်ဖို့တစ်ဖို့​ပေးခြင်း​ကို ပြန်​ကျင့်သုံး​ခဲ့​ကြသည်။ . . . ထို​အကြောင်းအရာ​နှင့်​ပတ်သက်သော အစောဆုံး​အတည်ပြုချက်​သည် ၅၆၇ ခုနှစ်​တွင် တူ​အဲ​မြို့၌ စည်းဝေး​ခဲ့​ကြသော ဂိုဏ်းချုပ်​များ​၏​စာ​နှင့် ၅၈၅ ခုနှစ်၊ မာ​ခဲ​န်​ကောင်စီ​၏ [စည်းမျဉ်း​များ] ၌ ပါရှိ​ပုံ​ရသည်။”—ကက်သလစ်​စွယ်စုံ​ကျမ်း။

[Credit Line]

Coin, top left: Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

စေတနာအလျောက် ပေးကမ်း​ခြင်း​က ရွှင်လန်းမှု​ပေး

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဟောပြောခြင်း​လုပ်ငန်း၊ အရေးပေါ်​ကယ်ဆယ်​ရေး​လုပ်ငန်း​နှင့် အစည်းအဝေး​ခန်းမ​များ​ဆောက်လုပ်​ခြင်း​တို့ကို စေတနာအလျောက်​ပေး​သော အလှူငွေများ​ဖြင့် ထောက်ပံ့