မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏လက်တို့ကို ခိုင်ခံ့စေလော့

သင်၏လက်တို့ကို ခိုင်ခံ့စေလော့

သင်၏​လက်​တို့ကို ခိုင်ခံ့​စေ​လော့

သမ္မာကျမ်းစာ​တွင် လက်ကို အကြိမ်ပေါင်း​ရာ​နှင့်​ချီ ဖော်ပြ​ထား​သည်။ ဟေဗြဲ​ဘာသာ​စကား​၌ လက်​နှင့်​ပတ်သက်သော ဥပစာစကား​များ​ကို နည်း​အမျိုးမျိုးဖြင့် အသုံးပြု​ထား​သည်။ ဥပမာ၊ သန့်ရှင်း​စင်ကြယ်သော​လက်​သည် အပြစ်ကင်း​ခြင်း​ဟု အဓိပ္ပာယ်​ရသည်။ (၂ ဓမ္မ​ရာဇဝင် ၂၂:၂၁; ဆာလံ ၂၄:၃၊ ၄) လက်ကို​ဖွင့်​ခြင်း​က သူတစ်ပါး​အပေါ် ရက်ရော​သည်​ဟု ဆိုလို​သည်။ (တရားဟောရာ ၁၅:၁၁; ဆာလံ ၁၄၅:၁၆) အသက်စွန့်​စား​သူသည် မိမိ​အသက်ကို လက်​နှင့်​ဆုပ်ကိုင်​၏​ဟု​ဆို​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၉:၅သ​မ) လက်​လျော့​ခြင်း​၏​အဓိပ္ပာယ်​မှာ စိတ်ဓာတ်ကျ​ခြင်း​ကို​ဆိုလို​သည်။ (၂ ရာဇဝင်ချုပ် ၁၅:၇သ​မ) လက်ကို​ခိုင်ခံ့​စေခြင်း​ဟူသည် ပြုမူ​ဆောင်ရွက်စရာ​အတွက် ခွန်အား​နှင့် အစွမ်း​ရှိစေ​ခြင်း​ကို​ဆိုလို​သည်။—၁ ဓမ္မ​ရာဇဝင် ၂၃:၁၆

ယနေ့ ကျွန်ုပ်​တို့​ခွန်အား​ရှိဖို့ သို့​မဟုတ် ဟေဗြဲ​ကျမ်း​အရ ကျွန်ုပ်​တို့၏​လက်​များ​ကို ခိုင်ခံ့​စေဖို့ အရေးတကြီး​လိုအပ်​လျက်​ရှိသည်။ “ခဲယဉ်း​သော​ကာလ” တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ကြ​၏။ (၂ တိမောသေ ၃:၁) လူသည် စိတ်ဓာတ်ကျ​သည့်​အခါ အရှုံးပေး လက်​လျော့​တတ်ကြ​သည်။ ဆယ်ကျော်သက်​များ ကျောင်းထွက်​ကြ၊ လင်ယောက်ျား​များ မိသားစုကို​စွန့်ခွာ​ကြ၊ မိခင်များ မိမိတို့​သားသမီး​များ​ကို စွန့်ပစ်​ကြ​ခြင်း​ကို မြင်တွေ့ရ​စ​မြဲ​ဖြစ်သည်။ သို့သော် ခရစ်ယာန်​များ​အနေ​နှင့် ဘုရားသခင်​အမှုတော်​ဆောင်​ရာ​တွင် ကျွန်ုပ်​တို့​ရင်ဆိုင်​ရသော စမ်းသပ်မှု​များ​ကို​ခံရပ်​နိုင်​ဖို့ ကျွန်ုပ်​တို့၏​လက်​များ​ကို ခိုင်ခံ့​စေ​ကြ​ရမည်။ (မဿဲ ၂၄:၁၃) ဤသို့​ပြုခြင်း​အားဖြင့် ယေဟောဝါ​၏​စိတ်တော်​ကို ကျွန်ုပ်​တို့​ရွှင်ပြုံး​စေ​ကြသည်။—သု. ၂၇:၁၁

လက်​တို့ကို ခိုင်ခံ့​စေ​ခဲ့​ကြ​ပုံ

ဧဇရ​ခေတ်​မှ ဂျူး​များသည် ယေရုရှလင်​မြို့ရှိ ယေဟောဝါ​၏​ဝတ်ပြုရာ​အိမ်တော်ကို ပြန်လည်​ဆောက်လုပ်​ပြီးစီး​ရန် မိမိတို့​လက်​များ​ကို ခိုင်ခံ့​စေဖို့​လိုအပ်​ခဲ့​ကြသည်။ သူတို့၏​လက်​များ​ကို မည်သို့​ခိုင်ခံ့​စေ​ခဲ့​ကြ​သနည်း။ မှတ်တမ်းက​ဤသို့​ဆို​၏– “ခု​နစ်​ရက်​ပတ်လုံး ဝမ်းမြောက်​သော​စိတ်​နှင့် တဆေးမဲ့​မုန့်​ပွဲ​ကိုလည်း​ခံ​ကြ​၏။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် သူတို့ကို ဝမ်းမြောက်​စေတော်မူ​သတည်း။ ဣသရေလ​အမျိုး​၏ ဘုရားသခင့်[အိမ်]တော် တည်ဆောက်​ခြင်း​အမှုမှာ အာရှုရိဘုရင် အားပေး​မစ [“သူတို့၏​လက်​များ​ကို ခိုင်ခံ့​စေ၊” က​ဘ] မည်​အကြောင်း စိတ်နှလုံးတော်​ကို သူတို့​ဘက်​သို့​လှည့်​စေတော်မူ​၏။” (ဧဇရ ၆:၂၂သမ္မာ) ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ပြည်တော်​ပြန်ခွင့်​ပေး​စေရန် “အာရှုရိရှင်ဘုရင်” ကို လှုပ်ရှား​သော​စွမ်းအား​ဖြင့် နှိုးဆော်​ပေး​ခဲ့​ကြောင်း​နှင့် မိမိ၏​လူမျိုးတော်​အစပြု​ခဲ့​သော​လုပ်ငန်း​ကို လက်​စ​သတ်​ရန် သူတို့၏​စိတ်​ကို ကိုယ်တော်​လှုံ့ဆော်ပေး​ခဲ့​ကြောင်း​လည်း ထင်ရှား​သည်။

နောက်ပိုင်း​တွင် ယေရုရှလင်​မြို့ရိုး ပြန်​ပြုပြင်​ဖို့​လို​လာသော​အခါ နေဟမိ​သည် မိမိ​ညီအစ်ကို​များ​၏​လက်​တို့ကို ခိုင်ခံ့​စေ​ခဲ့​သည်။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ငါ​၏​ဘုရားသခင်​သည် ငါ့​အားပြု​တော်​မူ​သော​ကျေးဇူး​ကိုလည်း​ကောင်း၊ ရှင်ဘုရင်​မိန့်တော်မူသော​စကား​ကိုလည်း​ကောင်း ကြား​ပြော​လေ​သော် သူတို့က ‘ငါ​တို့သည်​ထ၍​တည်​ကြ​ကုန်​အံ့’ ဟု​ဆို​လျက် ထို​ကောင်းမှု​ကို​ပြီးစီး​စေခြင်း​ငှာ တစ်ယောက်ကို​တစ်ယောက်​နှိုးဆော် [“မိမိတို့​လက်​များ​ကို ခိုင်ခံ့​စေ၊” က​ဘ] ကြ​၏။” နေဟမိ​နှင့် သူ၏​ဂျူး​အဖော်​များသည် မိမိတို့​လက်​များ​ကို ခိုင်ခံ့​စေပြီး ယေရုရှလင်​မြို့ရိုး​ကို ၅၂ ရက်​တည်း​ဖြင့် ပြန်လည်​တည်ဆောက်​နိုင်​ခဲ့​ကြ​လေ​သည်!—နေဟမိ ၂:၁၈; ၆:၉၊ ၁၅

ထို​နည်းတူ​ပင် ယေဟောဝါ​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောရန် ကျွန်ုပ်​တို့၏​လက်​များ​ကို ခိုင်ခံ့​စေပါ​သည်။ (မဿဲ ၂၄:၁၄) ကျွန်ုပ်​တို့သည် ‘အလိုတော်​သို့​လိုက်​မည်​အကြောင်း ကောင်းသော​အရာရှိသမျှ​ဖြင့် ကျွန်ုပ်​တို့ကို​ပြည့်စုံ​စေ’ တော်​မူ​၏။ (ဟေဗြဲ ၁၃:၂၁သမ္မာ) အကောင်းဆုံး​လက်နက်​ကိရိယာ​များ​ကို ကျွန်ုပ်​တို့အား ကိုယ်တော်​ပေးအပ်​ထား​တော်​မူ​ပြီ။ ကမ္ဘာ​တစ်ဝန်း​မှ လူများ​ထံ သတင်းတရား​ရောက်ရှိ​ရန် ကျွန်ုပ်​တို့​တွင် သမ္မာကျမ်းစာ၊ ကျမ်းစာ​အခြေပြု​စာအုပ်​များ၊ မဂ္ဂဇင်း​များ၊ ဘရိုရှာ​များ၊ ဝေစာများ၊ အော်ဒီယို​နှင့် ဗီဒီယို​တိတ်ခွေ​များ​ရှိသည်။ အမှန်​မှာ ကျွန်ုပ်​တို့၏​စာပေ​စာတမ်း​များ​ကို ဘာသာ​စကား ၃၈၀ ကျော်​ဖြင့် ရရှိနိုင်​ပါ​သည်။ ထို့​အပြင် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဓမ္မ​အမှု ပြီးမြောက်​အောင်မြင်​ရန် အလွန်​ကောင်းမွန်သော အဆိုပါ​ကိရိယာ​များ မည်သို့​အသုံးပြုနိုင်​ကြောင်း သီအိုကရက်တစ်​ပညာရေး​နှင့် လေ့ကျင့်မှု​ကို အသင်းတော်​အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​အားဖြင့်လည်း စီမံ​ပေး​၏။

ယေဟောဝါ​သည် နည်းလမ်း​များစွာ​ဖြင့် ကျွန်ုပ်​တို့​လက်​များ​ကို ခိုင်ခံ့​စေ​သည်​မှန်​သော်လည်း ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို ကြိုးစား​အားထုတ်​စေ​လို​၏။ ကျူးကျော်​ဝင်ရောက်​သူ ရှုရိ​လူ​တို့ကို​တိုက်ခိုက်​ရန် ဧလိရှဲ​ထံ​အကူအညီ​လာ​တောင်း​သူ ယောရှ​မင်း​အား ပရောဖက်​ဧလိရှဲ​ပြောဆို​ခဲ့​သော​စကား​ကို ပြန်သတိရ​ပါ။ ဧလိရှဲ​က မြား​အချို့​ကို​ယူ၍ မြေကြီးကို​ရိုက်​လော့​ဟု ရှင်ဘုရင်​အား​ဆို​၏။ ကျမ်းစာ​မှတ်တမ်းက ဤသို့​ဆို​သည်– “[သူသည်] သုံးကြိမ်​ရိုက် [“ပြီး​မှ ရပ်၊” သမ္မာ] လေ​၏။ ထို​အခါ ဘုရားသခင်​၏​လူသည် အမျက်​ထွက်၍ ‘အဘယ်ကြောင့်​ငါး​ကြိမ်​ခြောက်​ကြိမ်​မ​ရိုက်​သနည်း။ ထိုသို့​ရိုက်​လျှင် ရှုရိ​လူ​တို့ကို အကုန်အစင်​လုပ်ကြံ​ရ​လိမ့်​မည်။ ယခု​မူ​ကား သုံးကြိမ်​သာ​လုပ်ကြံ​ရ​လိမ့်​မည်’ ဟု​ဆို​၏။” (၄ ဓမ္မ​ရာဇဝင် ၁၃:၁၈၊ ၁၉) စိတ်အား​ထက်သန်​စွာ ကြိုးစား​အားထုတ်ခြင်း​မပြု​သဖြင့် ယောရှ​သည် ရှုရိ​လူ​တို့ကို အကန့်အသတ်​ဖြင့်​သာ အနိုင်​ရခဲ့​သည်။

ယေဟောဝါ​ပေးအပ်​ထားသော​အလုပ်ကို ကျွန်ုပ်​တို့​ပြီးမြောက်​အောင်မြင်​လိုလျှင် အဆိုပါ​မူ​အတိုင်း ကျွန်ုပ်​တို့​လုပ်ကိုင်​ရမည်။ ကျွန်ုပ်​တို့​ရှေ့တွင်​ရှိသော အတားအဆီး​များ၊ အခက်အခဲ​များ​အကြောင်း တွေးပူ​နေ​မည့်​အစား လုပ်စရာ​အလုပ်ကို ဇွဲရှိ​ရှိ၊ စိတ်နှလုံး​အကြွင်းမဲ့ လုပ်ဆောင်​သင့်​သည်။ ကျွန်ုပ်​တို့၏​လက်​များ​ကို ခိုင်ခံ့​စေပြီး ယေဟောဝါ​အား မျှော်ကိုး​ဖို့​လို​သည်။—ဟေရှာယ ၃၅:၃၊ ၄

ကျွန်ုပ်​တို့၏​လက်​များ​ကို ယေဟောဝါ​ခိုင်ခံ့​စေမည်

ယေဟောဝါ​၏​အလိုတော်ကို ဆောင်ရွက်​နိုင်​ရန် ကိုယ်တော်​အမှန်​ထောက်မ​ကူညီပေး​ပြီး ကျွန်ုပ်​တို့၏​လက်​များ​ကို ခိုင်ခံ့​စေပါ​လိမ့်​မည်။ ဘုရားသခင်​သည် အံ့ဖွယ်အမှု​တစ်ခုခု​ပြုလုပ်​ပြီး ကျွန်ုပ်​တို့အတွက် အစစအရာရာ​ဆောင်ရွက်​ပေး​မည်​မဟုတ်ပါ။ ကျွန်ုပ်​တို့​လုပ်ဆောင်​ရမည့် နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း၊ အစည်းအဝေး​များ​အတွက် ပြင်ဆင်​၍ မှန်မှန်​တက်ရောက်ခြင်း၊ တတ်နိုင်​သ၍ ဓမ္မ​အမှု၌​ပါဝင်ခြင်း​နှင့် ကိုယ်တော်​အား မပြတ်​ဆုတောင်းခြင်း​တို့ကို ပြုလုပ်​စေ​လို​တော်​မူ​၏။ အခွင့်အရေး​ရ​စဉ် ကျွန်ုပ်​တို့​လုပ်ကိုင်​ရမည့်​အလုပ်ကို တည်တည်​ကြည်​ကြည် လုံ့လ​ဝီရိယ​ရှိ​ရှိ လုပ်ဆောင်ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို ယေဟောဝါ​ပြုလုပ်​စေ​လို​သော​အမှု​အတွက် ခွန်အား​ရှိစေပါ​လိမ့်​မည်။—ဖိလိပ္ပိ ၄:၁၃

တစ်နှစ်​အတွင်း ဇနီး​ရော မိခင်​ပါ ဆုံးပါး​ခဲ့​ရှာ​သော ခရစ်ယာန်​တစ်ဦး၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ထိုသို့​ဖြစ်​ပြီး​မကြာမီ ချွေး​မဖြစ်​သူသည် သူ၏​သားကို​ထားရစ်​ခဲ့​ပြီး ခရစ်ယာန်​လမ်းစဉ်​ကို စွန့်ခွာ​သွားခဲ့သည်။ ၎င်း​ညီအစ်ကို​က ဤသို့​ပြော​သည်– “ကျွန်တော်​တို့​ခံရ​တဲ့ စုံစမ်းမှု​တွေ​ကို​ဖြစ်စေ၊ အဲဒါကို​ကြုံ​ရတဲ့ အချိန်​အခါ​ကို​ဖြစ်စေ၊ အကြိမ်ပေါင်း​ကို​ဖြစ်စေ ကျွန်တော်​တို့​မရွေး​နိုင်ဘူး​ဆိုတာ​သိခဲ့ရတယ်။” ထို့နောက် သူ​မည်သို့​ခွန်အား ဆက်​ရှိ​နိုင်​ခဲ့​သနည်း။ “ဆုတောင်းခြင်း​နဲ့ ကိုယ်ပိုင်​လေ့လာမှု​တို့​က ကျွန်တော့်​အတွက် ခေါင်း​ကို​ရေ​ပေါ်မှာ ထောင်​စေနိုင်​ခဲ့​တဲ့ အသက်ကယ်​အင်္ကျီ​ဖြစ်​ခဲ့တယ်။ ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ အားပေး​ထောက်မမှု​က​လည်း ကျွန်တော့်​ကို အများကြီး​နှစ်သိမ့်မှု​ပေး​တယ်။ ဒါတွေ​အားလုံး​ထက်၊ အခြေအနေ​ဆိုး​တွေ မ​ပေါ်ပေါက်​လာခင် ယေဟောဝါ​နဲ့​နှစ်ကိုယ်ကြား ဆက်ဆံ​ရေး​ကောင်း​ဖို့ တကယ်​အရေးကြီးတယ်ဆိုတာ​ကို ကျွန်တော်​သိခဲ့​ရ​ပါ​တယ်။”

သင်သည် ဘဝတွင် အဘယ်အရာကို​တွေ့ကြုံ​ရ​ပါစေ ယေဟောဝါ​ကို အပြည့်အဝ​ယုံကြည်​အားထားပါ၊ သင်၏​လက်​များ ခိုင်ခံ့​စေဖို့ ကိုယ်တော်​ပြုလုပ်​ပေး​သမျှ​အရာအားလုံးကို ကောင်းကောင်း​အသုံးချ​ရန် စိတ်ပိုင်းဖြတ်​ထား​ပါ။ သို့ပြုလျှင် အရည်အသွေး​အမြင့်ဆုံး​လုပ်ငန်းတော်​ကို ယေဟောဝါ​အား သင်ပေး​ဆက်​နိုင်​ကာ ကိုယ်တော်​၏ ဂုဏ်​အသရေ​ရှိ​နာမတော်​ကို ချီးမွမ်း၊ ဂုဏ်တင်မှု​ဖြစ်စေ​ပါ​လိမ့်​မည်။—ဟေဗြဲ ၁၃:၁၅

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ယောရှ​သည် စိတ်အား​ထက်သန်​စွာ ကြိုးစား​အားထုတ် မပြု​လုပ်ခဲ့​သဖြင့် ရှုရိ​လူ​တို့ကို အကန့်အသတ်​ဖြင့်​သာ အနိုင်​ရခဲ့