မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွန်သင်သူများဖြစ်စေသည့် ကိုယ်ပိုင်လေ့လာမှု

သွန်သင်သူများဖြစ်စေသည့် ကိုယ်ပိုင်လေ့လာမှု

သွန်သင်​သူများ​ဖြစ်စေ​သည့် ကိုယ်ပိုင်​လေ့လာမှု

“သင်၏​တိုးပွားခြင်း​ကို လူအပေါင်း​တို့အား​ထင်ရှားစေ​ခြင်း​ငှာ၊ ဤ​အရာများ​ကို​စိတ်စွဲ​လမ်း​၍ ကြိုးစား​အားထုတ်​လော့။ ကိုယ်ကို​လည်းကောင်း၊ ကိုယ်​ဆုံးမ [စကား] ကိုလည်း​ကောင်း သတိပြု​၍ အမြဲ​တည်​နေလော့။” —၁ တိမောသေ ၄:၁၅၊ ၁၆

၁။ အချိန်​နှင့် ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​နှင့်​ပတ်သက်​၍ အမှန်​သိရ​မည်​ကား အဘယ်နည်း။

“ခပ်သိမ်း​သော​အမှုအရာ​တို့သည် မိမိတို့​အချိန်​ရှိ၏” ဟူ၍ ဒေ. ၃:၁ တွင်​သမ္မာကျမ်းစာ​က​ဆို​သည်။ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​နှင့်​ပတ်သက်​လျှင် ယင်းသည် အမှန်ပင်​ဖြစ်သည်။ လူအများသည် အချိန်​အခါ​မသင့်၊ နေရာ​မမှန်​လျှင် ဝိညာဉ်​ရေးရာ​များ​ကို ဆင်ခြင်​သုံးသပ်ရန် အခက်တွေ့​ကြသည်။ ဥပမာ၊ သင်သည် တစ်နေ့တာ​အလုပ်​ပင်ပန်း​၍ ညစာ​ကို ဝ​စွာ​စား​ပြီး​နောက် အထူးသဖြင့် ရုပ်မြင်သံကြား​ရှေ့ သင်​အနှစ်သက်ဆုံး ပက်လက်​ကုလားထိုင်​တွင် ကျောမှီ​ထိုင်ပြီး​လျှင် လေ့လာမှု​ပြုလုပ်​လို​မည်​လော။ လေ့လာ​လို​မည်​မဟုတ်။ သို့​ဆိုလျှင် ယင်းကို မည်သို့​ဖြေရှင်း​မည်​နည်း။ ရှင်း​နေသည်​မှာ ကျွန်ုပ်​တို့၏​ကြိုးစား​အားထုတ်မှု​မှ အကျိုး​အများဆုံး​ခံစားရ​ရန် လေ့လာမှု​ပြုလုပ်​ဖို့ အချိန်​နှင့် နေရာကို ရွေးချယ်​ကြ​ရမည်။

၂။ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​ပြုလုပ်​ရန် အဘယ်​အချိန်​သည် အကောင်းဆုံး​အချိန်​ဖြစ်လေ့​ရှိ​သနည်း။

လူအများ​က လေ့လာ​ရန် အကောင်းဆုံး​အချိန်​သည် များသောအားဖြင့် အ​နိုးကြား​ဆုံး​အချိန်​ဖြစ်သည့် နံနက်​စောစော​ဖြစ်သည်ဟု ဆုံးဖြတ်​ကြ​၏။ အခြားသူ​တို့​မှာ​မူ အချိန်တို​လေ့လာမှု​အတွက် နေ့ခင်း​အနားယူချိန်​ကို အသုံးပြု​တတ်ကြ​သည်။ အောက်ပါ​ဥပမာ​များ​တွင် အရေးပါသော ဝိညာဉ်​ရေး​လုပ်ဆောင်မှုများ​နှင့်​ပတ်သက်​၍ အချိန်​ဖော်ညွှန်း​ထား​ပုံ​ကို သတိပြုပါ။ ရှေးခေတ်​ဣသရေလ​ရှင်ဘုရင်​ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– “ကိုယ်တော်၌ အကျွန်ုပ်​ကိုးစား​သောကြောင့် မေတ္တာ​ကျေးဇူးတော်​သံ​ကို နံနက်​ယံ​၌​ကြားနာ​ခွင့်၊ ကိုယ်တော်​အား​စွဲလမ်း​သောကြောင့် သွားရာလမ်းကို သိမြင်​ခွင့်​ပေး​တော်​မူ​ပါ။” (ဆာလံ ၁၄၃:၈သ​မ) ပရောဖက်​ဟေရှာယ​က​လည်း ထပ်တူ​ပင်​ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဤသို့​ဖော်ပြ​ခဲ့​သည်– “ငါသည် ပင်ပန်း​သော​သူအား မစခြင်း​ငှာ စကားပြော​တတ်​မည်​အကြောင်း အရှင်​ထာဝရ​ဘုရား​သည် လူ​တတ်၏​နှုတ်​သတ္တိ​ကို ငါ့​အားပေး​တော်​မူ​ပြီ။ နံနက်​အစဉ်​အတိုင်း ငါ့ကို​နှိုး​တော်​မူ​၏။ စာသင်​သော​သူ​ကဲ့သို့ နားထောင်​စေမည်​အကြောင်း ငါ့​နား​ကို​နှိုးဆော်​တော်​မူ​၏။” ဆိုလိုသည်မှာ ကျွန်ုပ်​တို့သည် တစ်နေ့တာ​အတွင်း ဉာဏ်ရည်​ထက်မြက်​နေချိန် အဘယ်​အချိန်၌​မဆို ယေဟောဝါ​နှင့်​တရင်းတနှီး​ရှိ​ရန် လေ့လာ​သုံးသပ်​ဖို့​လို​သည်။—ဟေရှာယ ၅၀:၄၊ ၅; ဆာလံ ၅:၃; ၈၈:၁၃

၃။ ထိရောက်​စွာ​လေ့လာ​ဖို့​အတွက် သင့်လျော်​သော​အခြေအနေ​များ​ကား အဘယ်နည်း။

ထိထိရောက်ရောက်​လေ့လာ​ရန် နောက်​တစ်ချက်​မှာ သက်သောင့်သက်သာ​အရှိဆုံး​ကုလားထိုင် သို့​မဟုတ် ဆိုဖာ​ကို ရွေး​မ​ထိုင်​ဖို့​ဖြစ်သည်။ သို့​ပြု​မှ​သာ ဆက်​နိုးနိုးကြားကြား​ရှိ​လိမ့်​မည်။ ကျွန်ုပ်​တို့​လေ့လာမှု​ပြု​သည့်​အခါ စိတ်​လန်း​လန်းဆန်း​ဆန်း​ရှိဖို့လို​သည်၊ အလွန်အမင်း​သက်သောင့်သက်သာ​ရှိ​ခြင်း​က လူကို​လေး​တွဲ့​စေ​၏။ ထို့​အပြင် ကောင်းစွာ​လေ့လာ၊ စဉ်းစား​ဆင်ခြင်​လိုလျှင် အတော်အသင့်​တိတ်ဆိတ်​ငြိမ်သက်​ပြီး အနှောင့်အယှက်​မရှိသည့်​နေရာကို​ရွေးပါ။ ရေဒီယို၊ ရုပ်မြင်သံကြား သို့​မဟုတ် ကလေး​များ​က သင့်​အာရုံစိုက်မှု​ကို ပျက်ပြား​စေမည်​ဆိုလျှင် သင့်​လေ့လာမှု​မှ အကျိုးများ​များ ရရှိ​လိမ့်​မည်​မဟုတ်​ချေ။ ယေရှုသည် စဉ်းစား​ဆင်ခြင်​လို​သောအခါ တိတ်ဆိတ်သော​နေရာ​တစ်​နေရာသို့ သွားခဲ့သည်။ ဆုတောင်း​ဖို့​အတွက် ဆိတ်ကွယ်​ငြိမ်သက်​ရာ​အရပ် ရွေးခြင်း​၏​တန်ဖိုး​ကိုလည်း ကိုယ်တော်​မိန့်မှာ​တော်​မူ​ခဲ့​သည်။—မဿဲ ၆:၆; ၁၄:၁၃; မာကု ၆:၃၀-၃၂

ဖြေဆို​တတ်​ရန် အသင့်ရှိ​စေသော ကိုယ်ပိုင်​လေ့လာမှု

၄၊ ၅။ တောင်းဆို​ဘရိုရှာ​သည် အဘယ်​နည်းများဖြင့် လက်တွေ့ကျ​အကူအညီ​တစ်ရပ် ဖြစ်သနည်း။

အကြောင်းအရာ​တစ်ခု​ကို ကောင်းစွာ​သိရှိ​ထား​ရန် ကျမ်းစာ​နားလည်​ဖို့ အထောက်အကူ​ပြု​စာပေ​အမျိုးမျိုးကို ကျွန်ုပ်​တို့​အသုံးပြုသည့်​အခါ ကျေနပ်မှု​ရရှိ​သည်၊ အထူးသဖြင့် စိတ်ရင်းမှန်​ဖြင့်​မေးမြန်း​သူ၏ မေးခွန်းများကို​ဖြေဆို​ရန် ထိုသို့​ပြုသော​အခါ ကျေနပ်မှု​ပို​ရရှိ​သည်။ (၁ တိမောသေ ၁:၄; ၂ တိမောသေ ၂:၂၃) ကျမ်းစာ​စလေ့လာ​သည်​အနေ​နှင့် လူသစ်များ​စွာ​သည် ယခု ဘာသာ​စကား​ပေါင်း ၂၆၁ ဘာသာ​ဖြင့်​ရရှိနိုင်သော ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင် အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း * ဘရိုရှာ​ကို လေ့လာ​နေကြပါ​သည်။ ဤ​ဘရိုရှာ​သည် သမ္မာကျမ်းစာ​အပေါ် လုံးလုံး​အခြေပြု​၏၊ နားလည်​ရ​အလွန်​လွယ်ကူ​ပြီး စေ့စပ်​တိကျ​စွာ ရေးသား​ထား​၏။ စစ်မှန်သော​ဝတ်ပြုရေး​နှင့်​စပ်လျဉ်း၍ ဘုရားသခင်​အဘယ်အရာ​များ​တောင်းဆို​ထား​သည်ကို ဤ​စာစောင်​ဖတ်ရှု​သူအား အလျင်အမြန် သဘောပေါက်​နားလည်စေ​၏။ သို့သော် ဤ​စာစောင်​၏​အရွယ်အစား​ကြောင့် အကြောင်းအရာ​တစ်ခု​ချင်း​စီ​ကို အသေးစိတ်​လေ့လာ​ရန် မဖြစ်​နိုင်​ချေ။ ထို့​ကြောင့် သင်၏​သင်သားက ဆွေးနွေး​သုံးသပ်​နေသော ကျမ်းစာ​အကြောင်း​တစ်ခုခု​ကို အလေးအနက်​သိ​လို​ပြီး မေးခွန်းများ​မေး​လျှင် သမ္မာကျမ်းစာ​မှ​အဖြေကို မည်သို့​ရှာဖွေ​ယူ​နိုင်​မည်​နည်း။

မိမိတို့၏​ဘာသာ​စကား​ဖြင့် ကင်းမျှော်စင်​စာကြည့်တိုက်​စီဒီရွမ်​ရှိသူတို့​သည် ကွန်ပျူတာ​မှ သတင်း​အချက်အလက်​အမျိုးမျိုးကို အလွယ်တကူ​ရရှိနိုင်​သည်။ သို့သော် ဤ​ကိရိယာ​များ​မရှိသူ​တို့အတွက်​ကော မည်သို့​နည်း။ တောင်းဆို​ဘရိုရှာ​၌ သုံးသပ်​ထားသော​အကြောင်းအရာ​နှစ်ခု​နှင့်​ပတ်သက်​၍ အကယ်၍ တစ်ဦး​တစ်ယောက်​က ဘုရားသခင်​ကား မည်သူ​နည်း၊ ယေရှု​ခရစ်​သည် အမှန်တကယ်​မည်သူ​နှင့်​တူ​သနည်း စ​သည့်​မေးခွန်းများ​မေး​လျှင် ကျွန်ုပ်​တို့၏​သိနားလည်မှုကို မည်သို့​တိုးချဲ့​ပြီး သာ၍​တိတိကျကျ ဖြေဆို​နိုင်​မည်​ကို ဆန်းစစ်​ကြည့်​ကြ​စို့။—ထွက်မြောက်ရာ ၅:၂; လုကာ ၉:၁၈-၂၀; ၁ ပေတရု ၃:၁၅

ဘုရားသခင်​ကား မည်သူ​နည်း

၆၊ ၇။ (က) ဘုရားသခင်​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်း ပေါ်ထွက်​လာ​သနည်း။ (ခ) ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​သည် သူ၏​ပို့ချ​ချက်​တွင် အဘယ်​အလေးအနက်​ထား​ရာ​ကို ချန်လှပ်​ထားခဲ့​သနည်း။

တောင်းဆို​ဘရိုရှာ​ရှိ အခန်း ၂ က ဘုရားသခင်​ကား မည်သူ​နည်း ဟူသော အရေးပါသည့်​မေးခွန်း​ကို ဖြေကြား​ပေး​သည်။ ဤ​အကြောင်း​သည် ပဓာန​ကျ​သော​အကြောင်းအရာ​တစ်ခု​ဖြစ်သည်၊ အကြောင်း​မှာ စစ်မှန်သော​ဘုရားသခင်​ကို မသိ၊ ကိုယ်တော်​ရှိကြောင်းကို သံသယ​ဖြစ်​လျှင် ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​နိုင်​မည်​မဟုတ်​ချေ။ (ရောမ ၁:၁၉၊ ၂၀; ဟေဗြဲ ၁၁:၆) ကမ္ဘာ​တစ်ဝန်း​ရှိသူတို့​၌ ဘုရားသခင်​သည် မည်သူ​မည်ဝါ​ဖြစ်သည်​ဟူသော​အယူအဆ ရာ​နှင့်​ချီ​ရှိ၏။ (၁ ကောရိန္သု ၈:၄-၆) ဘုရားသခင်​သည် မည်သူ​မည်ဝါ​ဖြစ်သည်​နှင့်​ပတ်သက်​၍ ဘာသာရေး​အတွေးအခေါ်​တိုင်း​က တစ်မျိုးစီ​ဖြေဆို​ကြသည်။ ခရစ်ယာန်ဘောင်​လောကတွင် ခရစ်ယာန်​ဘာသာ​အများစုက ဘုရားသခင်​သည် သုံးပါး​ပေါင်း​တစ်ဆူ​ဖြစ်၏​ဟု ယူမှတ်​ကြသည်။ အမေရိကန်​ပြည်ထောင်စု​မှ အထင်ကရ​ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​က “ဘုရားသခင်​အား သင်​သိ​သလော” ဟူသော​ခေါင်းစဉ်​ဖြင့် ဟောပြော​ပို့ချ​ခဲ့​ရာ ဟေဗြဲ​ကျမ်းစောင်​ကို ကြိမ်ဖန်​များစွာ​ကိုးကား​ခဲ့​သော်လည်း မြင့်မြတ်​သော​နာမတော်​ကို သူ၏​ဟောပြောချက်​တွင် တစ်ကြိမ်​တစ်ခါမျှ မဖော်​ပြ​ခဲ့​ချေ။ သူသည် ယေဟောဝါ သို့​မဟုတ် ယာ​ဝေး​အစား အနက်​အဓိပ္ပာယ်​ဒွိဟ​ဖြစ်စေ​သည့် “သခင်” ဟူ၍​ဖော်ပြ​အသုံးပြု​ထားသော ဘာသာပြန်​ကျမ်းစာ​မှ ဖတ်ပြ​ခဲ့​သည်။

ထို​ခရစ်ယာန်​ဘုန်းကြီး​သည် ယေရမိ ၃၁:၃၃၊ ၃၄ ကို ကိုးကား​ခဲ့​သောအခါ အမှန်တကယ်​အရေးပါသော​အချက်​ကို လုံးဝ​မဖော်​ပြ​ခဲ့​ပါ၊ ထို​ကျမ်းပိုဒ်​က ဤသို့​ဆို​သည်– “‘“ထာဝရ​ဘုရား​ကို​သိ​လော့” [ဟေဗြဲ၊ “ယေဟောဝါ​ကို​သိ​လော့”] ဟု အမျိုးသားချင်း၊ ညီအစ်ကို​အချင်းချင်း တစ်ယောက်ကို​တစ်ယောက် ဆုံးမ . . . မပေး​ရ​ကြ။ အကြောင်း​မူ​ကား အငယ်ဆုံး​သော​သူ​မှ​စ၍ အကြီးဆုံး​သော​သူ​တိုင်အောင် ထို​သူအပေါင်း​တို့သည် ငါ့ကို​သိ​ကြလိမ့်မည်’ . . . ဟု ထာဝရ​ဘုရား [ဟေဗြဲ၊ ယေဟောဝါ] မိန့်တော်မူ၏။” သူ​အသုံးပြု​ခဲ့​သော ဘာသာပြန်​ကျမ်း​က ဤ​ထူးခြား​ထင်ရှား​သည့် မြင့်မြတ်​သော​နာမတော် ယေဟောဝါ​ကို ချန်လှပ်​ထား​သည်။—ယေရမိ ၃၃:၂

၈။ ဘုရားသခင့်​နာမတော် အသုံးပြုခြင်း​၏​အရေးပါမှု​ကို အဘယ်အရာက ရှင်းလင်း​ဖော်ပြ​သနည်း။

ဆာလံ ၈:၉ [က​ဘ] က ယေဟောဝါ​၏​နာမတော်​ကို အသုံးပြု​ရခြင်း​မှာ အဘယ်ကြောင့်​သာလွန်​ထူးခြား​ရ​ကြောင်း ဤသို့​ဖော်ပြ​သည်– ‘အို​အကျွန်ုပ်​တို့၏​ဘုရားသခင်​ယေဟောဝါ ကိုယ်တော်​၏​နာမ​သည် မြေကြီး​တစ်ပြင်လုံး​၌ အလွန်​ကြီးမြတ်​တော်​မူ​သတည်း။’ ၎င်းကို ‘အို​အကျွန်ုပ်​တို့၏​ဘုရားသခင်​ထာဝရ​ဘုရား ကိုယ်တော်​၏​နာမ​သည် မြေကြီး​တစ်ပြင်လုံး​၌ အလွန်​ကြီးမြတ်​တော်​မူ​သတည်း’ နှင့်​နှိုင်းယှဉ်​ကြည့်​ပါ။ (ယုဒသန်၊ သမ္မာကျမ်းစာတော်၊ သမာကျမ်း၊ သတင်းကောင်း​ကျမ်း​တို့ကို​လည်း​ရှု။) ရှေ့​ဆောင်းပါး​၌ ဖော်ပြ​ထား​သည့်​အတိုင်း ကိုယ်တော်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့အား ဉာဏ်​အလင်း​ပေး​ခွင့်ပြု​မည်​ဆိုလျှင် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်” ကျွန်ုပ်​တို့​ရရှိနိုင်၏။ သို့သော် မြင့်မြတ်​သော​နာမတော်​၏ အရေးပါမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​မေးခွန်းများကို ဖြေဆို​ပေး​ရန် အသင့်ပြင်​ဆင်​ထားသော သမ္မာကျမ်း​ဆိုင်ရာ အဘယ်​လေ့လာမှု​အထောက်အကူ​စာအုပ်​ရှိ​သနည်း။—သု. ၂:၁-၆

၉။ (က) မြင့်မြတ်​သော​နာမတော်​ကို အသုံးပြုခြင်း​၏​အရေးပါပုံ​အကြောင်း ရှင်းပြ​ပေး​ရန် အဘယ်​စာပေ​က ကူညီပေး​နိုင်​သနည်း။ (ခ) ဘာသာပြန်​များစွာ​သည် ဘုရားသခင့်​နာမတော်​ကို ရိုသေ​လေးမြတ်​ဖို့ မည်သို့​ပျက်ကွက်​ခဲ့​သနည်း။

ဘာသာ​စကား​ပေါင်း ၆၉ ဘာသာ​သို့ ဘာသာ​ပြန်ဆို​ထားသော “ထာဝစဉ်​တည်တံ့​သွား​မည့် မြင့်မြတ်​သော​နာမတော်” ဘရိုရှာ​ကို ကျွန်ုပ်​တို့​အသုံးပြုနိုင်​ကြသည်။ * “ဘုရားသခင်​၏​နာမတော်—၎င်း​၏​အဓိပ္ပာယ်​နှင့် အသံထွက်” (စာမျက်နှာ ၆-၁၁) ခေါင်းစဉ်​ရှိ​အပိုင်း​က ဟေဗြဲ​တက်တြာဂရမ်မီတန် (“ဗျည်း​လေးလုံး” ဟု​အဓိပ္ပာယ်​ရှိသော​ဂရိ​စကားလုံး) သည် ရှေး​ဟေဗြဲ​ကျမ်း​တွင် အကြိမ်ပေါင်း ၇,၀၀၀ နီးပါး​ခန့်​ပါရှိကြောင်း အထင်အရှား​ဖော်ပြ​သည်။ သို့​တိုင် ယုဒ​ဘာသာ၊ ခရစ်ယာန်ဘောင်​ရှိ​ဘုန်းကြီး​များနှင့် ဘာသာပြန်​ဆို​သူတို့က ၎င်းတို့၏​ဘာသာပြန်​ကျမ်း​အများစု​မှ နာမတော်မြတ်​ကို တမင်​သက်​သက်​ပင် ချန်လှပ်​ထားခဲ့​ကြသည်။ * သူတို့သည် ဘုရားသခင်​အား ကိုယ်တော်​၏​နာမတော်​ဖြင့် အသိအမှတ်​မပြု​လိုလျှင် ဘုရားသခင်​ကို သိပါ​သည်​ဟု​ဆိုပြီး ကိုယ်တော်​နှင့် ကောင်းသော​ဆက်ဆံ​ရေး မည်သို့​ရှိ​နိုင်​မည်​နည်း။ ကိုယ်တော်​၏​စစ်မှန်သော​နာမတော်မြတ်​က ကိုယ်တော်​၏​ရည်ရွယ်ချက်​များနှင့် ကိုယ်တော်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း နားလည်စေ​သည်။ ထို​ထက်​ကား ဘုရားသခင့်​နာမတော်​ကို အသုံး​မပြုလျှင် ယေရှု၏​စံပြ​ဆုတောင်းချက်​ပါ “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော” ဟူ​သည့်​အပိုင်း​သည် အဘယ်​တန်ဖိုး​ရှိ​မည်​နည်း။—မဿဲ ၆:၉; ယောဟန် ၅:၄၃; ၁၇:၆

ယေရှု​ခရစ်​ကား​မည်သူ​နည်း

၁၀။ ယေရှု၏​ဘဝ​အသက်တာ​အပြင် ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​ပတ်သက်​၍ ရုပ်လုံးဖော်​ပြချက်​တစ်ရပ်လုံး​ကို အခြား​အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့​သိရှိ​နိုင်​ကြ​သနည်း။

၁၀ တောင်းဆို​ဘရိုရှာ အခန်း ၃ ၏​ခေါင်းစဉ်​မှာ “ယေရှု​ခရစ်​ကား မည်သူ​နည်း” ဖြစ်သည်။ ခြောက်​ပိုဒ်​တည်း​ဖြင့်​သာ ယေရှု၏​မူလအစ​နှင့် မြေကြီးပေါ်​ကြွလာ​ရခြင်း​ရည်ရွယ်ချက်ကို အကြမ်းဖျင်း အကျဉ်းချုပ်​ဖော်ပြ​ပေး​၏။ သို့သော် ကိုယ်တော်​၏​ဘဝ​အသက်တာ​နှင့်​ပတ်သက်​၍ မှတ်တမ်း​အပြည့်အစုံကို​သိ​လို​ပါ​က ခရစ်ဝင်​မှတ်တမ်းများ​ကိုယ်နှိုက်​အပြင် ဘာသာ​စကား​ပေါင်း ၁၁၁ ဘာသာ​ဖြင့်​ရရှိနိုင်သော အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား စာအုပ်​ထက် သာ၍​ကောင်းသော​စာအုပ်​မရှိ​ချေ။* ဤ​စာအုပ်​သည် ခရစ်ဝင်​ကျမ်း​လေး​ကျမ်း​ကို အခြေ​ပြုပြီး ခရစ်တော်​၏​ဘဝ​အသက်တာ​နှင့် သွန်သင်ချက်​များ​ကို သက္ကရာဇ်စဉ်​အတိုင်း အပြည့်အစုံ​မှတ်တမ်းတင်​ဖော်ပြ​ပေး​သည်။ ဤ​စာအုပ်​၏​အခန်း ၁၃၃ ခန်း​က ယေရှု၏​ဘဝ​အသက်တာ​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​မှ အဖြစ်အပျက်​များ​ကို ခြုံငုံ​ဖော်ပြ​သည်။ ထူးထူးခြားခြား ခွဲခြမ်း​စိတ်ဖြာ​ဖော်ပြ​နည်းကို​သိ​လိုလျှင် ထိုးထွင်း​သိမြင်ခြင်း အတွဲ ၂ မှ “ယေရှု​ခရစ်” ခေါင်းစဉ်​အောက်​ရှိ​အကြောင်းအရာကို သင်​ဖတ်​ကြည့်​နိုင်​သည်။

၁၁။ (က) ယေရှု​နှင့်​ပတ်သက်​၍ ယေဟောဝါသက်သေ​များ​၏​ယုံကြည်ချက်​သည် အခြား​သူများ​နှင့် မည်သို့​ခြားနား​သနည်း။ (ခ) သုံးပါး​ပေါင်း​တစ်ဆူ​အယူဝါဒမှား​ကြောင်း အတိအလင်း​ဖော်ပြ​သည့်​ကျမ်းချက်​အချို့​ကား အဘယ်နည်း၊ ယင်း​နှင့်​ပတ်သက်​၍ အဘယ်​စာပေ​က အကူအညီ​ဖြစ်စေ​သနည်း။

၁၁ ခရစ်ယာန်ဘောင်​တွင် ယေရှု​နှင့်​ပတ်သက်​၍ အငြင်းအခုံ​ဖြစ်နေ​သည်​မှာ ကိုယ်တော်​သည် “ဘုရားသခင်​၏​သားတော်” လည်း​ဖြစ်၊ “သားတော်​ဘုရားသခင်” လည်း​ဖြစ်သလော​ဟူ၍​ဖြစ်သည်၊ တစ်နည်း​ဆို​ရ​သော် ကက်သလစ်​ချာ့ခ်ျ​၏​အမေး​အဖြေ​စာ​အရ “ခရစ်ယာန်​ယုံကြည်ချက်​၏ အချက်အချာ​နက်နဲရာ၊” သုံးပါး​ပေါင်း​တစ်ဆူ​ကို အချေအတင်​ငြင်းခုံ​နေကြ​သည်။ ခရစ်ယာန်ဘောင်​ဘာသာ​များနှင့်​မတူ သီးခြား​ကွဲပြား​၍ ယေဟောဝါသက်သေ​များ​က ယေရှုကို ဘုရားသခင်​အဖြစ်​မဟုတ်ဘဲ ဘုရားသခင်​ထံ​တော်​မှ​ဖြစ်လာ​ကြောင်း ယုံကြည်​ကြသည်။ ဤ​အကြောင်းကို ၉၅ ဘာသာ​စကား​သို့​ပြန်ဆို​ထား​သည့် သုံးပါး​ပေါင်း​တစ်ဆူ​ကို သင်​ယုံကြည်​သင့်​သလော [လိပ်] ဘရိုရှာ​၌ သာလွန်​ထူးခြား​စွာ ဆွေးနွေး​တင်ပြ​ထား​သည်။ * သုံးပါး​ပေါင်း​တစ်ဆူ အယူဝါဒမှား​ကြောင်း​ဖော်ပြ​ရန် ထို​ဘရိုရှာ​အသုံးပြုသည့်​ကျမ်းချက်​အချို့​မှာ မာကု ၁၃:၃၂ နှင့် ၁ ကောရိန္သု ၁၅:၂၄၊ ၂၈ တို့​ဖြစ်သည်။

၁၂။ နောက်ထပ်​အဘယ်​မေးခွန်း​ကို​အာရုံပြု​ဖို့ လို​သေး​သနည်း။

၁၂ ဘုရားသခင်​အကြောင်း၊ ယေရှု​ခရစ်​အကြောင်း နှင့်​ပတ်သက်​၍ အထက်ပါ​ဆွေးနွေး​တင်ပြချက်​များသည် သမ္မာကျမ်းစာ​နှင့် ရင်းနှီး​ကျွမ်းဝင်မှု​မရှိသူ​တို့အား တိကျ​မှန်ကန်သော​အသိပညာ​ရရှိစေရန် ရည်ရွယ်ချက်​ဖြင့် ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု ပြုလုပ်​နိုင်​သည့်​နည်းလမ်းများ​ကို ဖော်ပြ​သည်။ (ယောဟန် ၁၇:၃) သို့သော် ခရစ်ယာန်​အသင်းတော်​နှင့် နှစ်ချီ​ပေါင်းသင်း​ခဲ့​ကြ​သူတို့နှင့်​ပတ်သက်​၍​ကော အသို့နည်း။ သူတို့​ဆည်းပူး​စုဆောင်း​ထား​သည့် သမ္မာကျမ်း​ဆိုင်ရာ အသိပညာ​နောက်ခံ​ရှိ​ထား​သဖြင့် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​ကို ဆက်​အာရုံစိုက်​လေ့လာ​ရန်လို​သေး​သလော။

အဘယ်ကြောင့် ‘ကိုယ့်​ကိုယ်ကို အမြဲ​သတိပြု​ရ’

၁၃။ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​နှင့်​ပတ်သက်​၍ အချို့​သူတို့၌ အဘယ်​အမြင်မှား​ရှိနေကြ​မည်​နည်း။

၁၃ နှစ်ပေါင်း​များစွာ အသင်းသား​ဖြစ်နေ​သူ​အချို့​သည် ယေဟောဝါသက်သေ​ဖြစ်​ခါ​စ အစောပိုင်း​နှစ်​အနည်းငယ်​အတွင်း ဆည်းပူး​ထားသော သမ္မာကျမ်းစာ​အသိပညာကို အမှီသဟဲ​ပြု​ရုံ​သာ​ပြု​နေ​ပေမည်။ “လူသစ်တွေ​လောက် ကျွန်ုပ်​လေ့လာ​စ​ရာ​မလိုပါဘူး။ နှစ်တွေ​တစ်လျှောက် သမ္မာကျမ်းစာ​နဲ့ ကျမ်းစာ​အခြေပြု​စာပေ​တွေ​ကို ကျွန်ုပ်​အခေါက်ခေါက်​ဖတ်ရှု​ခဲ့​ဖူး​ပြီ​ပဲ” ဟု ဆင်ခြေပေး​ရန် လွယ်ကူ​ပေ​သည်။ ဤသို့​ပြောဆိုခြင်း​သည် “အရင်က ကျွန်ုပ်​စား​ခဲ့​တာတွေကို​ထောက်​ပြီး အခု​ကျွန်ုပ်​ရဲ့​အစားအသောက်​ကို သိပ်​ဂရုစိုက်​စ​ရာ​မလိုဘူး” ဟု​ဆို​ခြင်း​နှင့် အတူတူ​ပင်​ဖြစ်​မည်။ ကိုယ်ခန္ဓာ​ကျန်းမာ​သန်စွမ်း​၍ တက်တက်ကြွကြွ​ရှိစေရန် အာဟာရ​ရှိပြီး ကောင်းစွာ​ပြင်ဆင်ချက်​ပြုတ်​ထားသော​အစားအစာကို အမြဲတစေ​စားသုံး​နေဖို့လို​ကြောင်း ကျွန်ုပ်​တို့​သိထားကြသည်။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကျန်းမာ​မှု​နှင့် ခွန်အား ဆက်​ရှိဖို့ ထို​ထက်မက​အရေးကြီး​ပါ​သည်!—ဟေဗြဲ ၅:၁၂-၁၄

၁၄။ မိမိကိုယ်ကို အမြဲတစေ​ဂရုစိုက်​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း။

၁၄ သို့​ဖြစ်၍ ကျွန်ုပ်​တို့အားလုံး​သည် ကြာမြင့်စွာ​ကတည်းက ကျမ်းစာ​လေ့လာ​ခဲ့​သူများ​ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရင့်ကျက်​၍ တာဝန်​ရှိ​ကြီးကြပ်မှူး​တစ်ဦး​ဖြစ်နေ​သူ တိမောသေ​နည်းတူ ပေါလု​၏ ဤ​ဆုံးမ​စကား​ကို ဂရုပြု​ရန်လို​သည်– “ကိုယ်ကို​လည်းကောင်း၊ ကိုယ်​ဆုံးမ [စကား] ကိုလည်း​ကောင်း သတိပြု​၍ အမြဲ​တည်​နေလော့။ ထို​သို့ပြုလျှင်၊ ကိုယ်ကို​လည်းကောင်း၊ နားထောင်​သော​သူတို့ကိုလည်း​ကောင်း ကယ်တင်​လိမ့်​မည်။” (၁ တိမောသေ ၄:၁၅၊ ၁၆) ပေါလု​၏​အကြံပြုချက်ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​နှလုံး​သွင်း​သင့်​သနည်း။ ပေါလု​က ကျွန်ုပ်​တို့သည် “[စာတန်]၏​ပရိယာယ်​တို့ [“ဉာဏ်​နီ​ဉာဏ်​နက်​များသော​လုပ်ရပ်များ၊” က​ဘ အောက်ခြေမှတ်ချက်]” နှင့် “မိုးကောင်းကင်​၌​နေသော နတ်ဆိုး​တို့” ကို ဆိုင်ပြိုင်​တိုက်လှန်​ကြ​ရ​ကြောင်း ညွှန်ပြ​ခဲ့​သည်ကို သတိရ​ပါ။ ထို့​ပြင် တမန်​တော်​ပေတရု​က စာတန်​သည် “အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ” ကြောင်း သတိပေး​ထား​ရာ ထို “အဘယ်သူ” သည် ကျွန်ုပ်​တို့​ထဲ​မှ မည်သူ​မဆို​ဖြစ်​နိုင်၏။ ကျွန်ုပ်​တို့၏​ရောင့်ရဲ​ကျေနပ်​နေခြင်း​အဖြစ်​က သူ​ရှာဖွေ​နေသည့် အခွင့်အရေး​ပင်​ဖြစ်နေ​နိုင်​သည်။—ဧဖက် ၆:၁၁၊ ၁၂; ၁ ပေတရု ၅:၈

၁၅။ ကျွန်ုပ်​တို့​တွင် အဘယ်​ဝိညာဉ်​ရေး​အကာအကွယ် ရှိ​သနည်း၊ ယင်းကို ကျွန်ုပ်​တို့ မည်သို့​ထိန်းသိမ်း​ထား​နိုင်​သနည်း။

၁၅ သို့​ဖြစ်၍ ကျွန်ုပ်​တို့​တွင် အဘယ်​အကာအကွယ်​ရှိ​သနည်း။ တမန်​တော်​ပေါလု​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “ခဲယဉ်း​ဆိုးယုတ်​သော​နေ့ရက်​ကာလ​၌ ဆီးတား​နိုင်​သဖြင့်၊ ကိစ္စ​အလုံးစုံ​တို့ကို​ပြီးစီး​၍ ခံရပ်​နိုင်​မည်​အကြောင်း၊ ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော​လက်နက်စုံ​ကို ယူဆောင်​ကြလော့။” (ဧဖက် ၆:၁၃) ထို​ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​၏ ထိရောက်​မှု​သည် ယင်း​၏​မူလ​အရည်အသွေး​အပေါ်​၌​သာမက ၎င်းကို​အမြဲ​ထိန်း​သွားခြင်း​အပေါ် မူတည်​သည်။ သို့​ဖြစ်၍ ဘုရားသခင့်​ထံ​တော်​မှ​ဖြစ်သော ချပ်ဝတ်တန်ဆာ​အပြည့်အစုံ​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဆိုင်ရာ ခေတ်​နှင့်​အညီ နောက်ဆုံး​ဖော်ပြ​သော​အသိပညာ​ရှိ​ရန်လို​သည်။ ယင်းက ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​နှင့် သစ္စာ​သတိ​ပညာရှိ​ကျေးကျွန်​အတန်းအစား​မှ​တစ်ဆင့် နောက်ဆုံး​ဖော်ပြ​သည့်​အမှန်တရား​အပေါ် ကျွန်ုပ်​တို့​သိ​နားလည်ခြင်း​၏​အရေးပါမှု​ကို ဖော်ညွှန်း​သည်။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​ကို ထိန်းသိမ်း​စောင့်ရှောက်​ထား​ရန် သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို မှန်မှန်​လေ့လာခြင်း​သည် အလွန်​အရေးကြီး​၏။—မဿဲ ၂၄:၄၅-၄၇; ဧဖက် ၆:၁၄၊ ၁၅

၁၆။ ကျွန်ုပ်​တို့၏ “ယုံကြည်ခြင်း​တည်း​ဟူသော လွှား” သည် ယုံကြည်​အားထား​လောက်​ဖွယ်​ဖြစ်စေ​ရန် အဘယ်အရာကို​ပြုလုပ်​နိုင်​ကြ​သနည်း။

၁၆ ကျွန်ုပ်​တို့၏​ချပ်ဝတ်တန်ဆာ​တွင် အရေးပါသော​အပိုင်း​ဖြစ်သည့် “ယုံကြည်ခြင်း​တည်း​ဟူသော လွှား” ကို​ပေါလု​အလေးပေး​ဖော်ပြ​၏၊ ၎င်းနှင့် ကျွန်ုပ်​တို့သည် မှားယွင်းသော​စွပ်စွဲချက်​များနှင့် အယူဖောက်ပြန်​သော​သွန်သင်ချက်​များ​ဖြစ်သည့် စာတန်​၏​မီးစက်​လက်နက်များ​ကို လွှဲဖယ် ကာ​သတ်​ပေး​နိုင်၏။ (ဧဖက် ၆:၁၆) သို့ဖြင့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​ဒိုင်းလွှား​သည် မည်မျှ​ခိုင်ခံ့​ကြောင်း​နှင့် ယင်းကို ထိန်းသိမ်း​စောင့်ရှောက်၊ သန်စွမ်း​စေဖို့ မည်သို့​ပြုမူ​နေကြောင်း ဆန်းစစ်​ကြည့်​ဖို့ အလွန်​အရေးကြီး​သည်။ ဥပမာ၊ သင့်ကိုယ်​သင် ဤသို့​မေးမြန်း​နိုင်​ကြသည်– ‘ကင်းမျှော်စင်​အသုံးပြု၍ ပတ်စဉ်​ကျမ်းစာ​လေ့လာမှု​အတွက် ကျွန်ုပ် မည်သို့​ပြင်ဆင်​သနည်း။ အစည်းအဝေး​တွင် ကောင်းစွာ​စဉ်းစား​ဖြေဆိုခြင်း​ဖြင့် ‘မေတ္တာ​စိတ်​ရှိ၍ ကောင်းသော​အကျင့် ကျင့်​စေ’ နိုင်​ရန် ကျွန်ုပ်​အသေအချာ​လေ့လာ​သုံးသပ်​ခဲ့ပြီ​လော။ ကိုးကား​ဖော်ပြ​မထား​ဘဲ ရည်ညွှန်း​ထားသော​ကျမ်းချက်​များ​ကို ကျွန်ုပ်​ဖွင့်ဖတ်​ပါသလော။ အစည်းအဝေး​များ​တွင် အားတက်သရော​ပါဝင်​ဖြေဆိုခြင်း​ဖြင့် တစ်ဦး​ကိုတစ်​ဦး ကျွန်ုပ်​အားပေး​တည်ဆောက်​ပါသလော။’ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အစာ​သည် အစိုင်အခဲ​ဖြစ်၏၊ ထို့​ကြောင့် အပြည့်အဝ​အကျိုး​ခံစားရ​ရန် ကြေညက်​စွာ​အစာ​ချေ​ဖို့​လို​သည်။—ဟေဗြဲ ၅:၁၄; ၁၀:၂၄

၁၇။ (က) ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို အောက်ခြေ​မှ​လှိုက်စား​သွားစေရန် စာတန်​သည် အဘယ်​မြွေ​ဆိပ်​ကို​အသုံးပြု​နေသနည်း။ (ခ) စာတန်​၏​မြွေ​ဆိပ်​အတွက် ဖြေဆေး​ကား​အဘယ်နည်း။

၁၇ စာတန်​သည် အသွေးအသား​၏​အားနည်းမှု​များ​ကို ကောင်းစွာ​သိရှိ​ထား​၏၊ သူ၏​မီးစက်​လက်နက်များ​သည်လည်း ပရိယာယ်​အလွန်​များသည်။ သူ၏​ဆိုးညစ်သော​သြဇာ​သက်ရောက်မှု​ကို ပျံ့နှံ့​စေသည့်​နည်း​တစ်နည်း​မှာ အ​ညှီ​အ​ဟောက်​အ​ပြာ​ရုပ်ရှင်​ကို ရုပ်မြင်သံကြား၊ အင်တာနက်၊ ဗီဒီယိုများ​ပေါ်​၌​မ​က စာပေ​များ​မှ​တစ်ဆင့် တစ်ချိန်​တစ်ခါ​နှင့်​မျှ​မတူ​အောင် အလွယ်တကူ​ရရှိစေ​ခြင်း​အားဖြင့်​ဖြစ်သည်။ ခရစ်ယာန်​အချို့​သည် ဤ​အဆိပ်အတောက်​ကို သုံးဆောင်​ခဲ့​ရာ သူတို့​ကိုယ်ကို မခုခံ​မကာကွယ်​နိုင်​တော့​သဖြင့် အသင်းတော်တွင် အခွင့်အရေး​များ​ဆုံးရှုံး​သွား​ရုံ​မ​က ထို​ထက်​ပင် အရေးယူ​ခံ​ခဲ့​ရ​ပေ​ပြီ။ (ဧဖက် ၄:၁၇-၁၉) စာတန်​၏​ဝိညာဉ်​ရေး​မြွေ​ဆိပ်​အတွက် ဖြေဆေး​ကား​အဘယ်နည်း။ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​ကို မှန်မှန်​ပြုလုပ်ခြင်း၊ ခရစ်ယာန်​စည်းဝေးများ​ကို မှန်မှန်​တက်​ခြင်း​နှင့် ဘုရားသခင့်​ထံ​တော်​မှ ဝိညာဉ်​ရေး​ချပ်ဝတ်တန်ဆာ​အပြည့်အစုံကို လျစ်လျူရှု​မထား​ကြ​ခြင်း​ဖြစ်သည်။ ဤ​အရာများ​ပြုလုပ်ခြင်း​က အမှန်​အမှား​ကို​ပိုင်းခြား​သိမြင်​စေပြီး ဘုရားသခင်​ရွံရှာ​မုန်းတီးသော​အရာများ​ကို မုန်းတီး​နိုင်စွမ်း ရရှိစေ​သည်။—ဆာလံ ၉၇:၁၀; ရောမ ၁၂:၉

၁၈။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​တိုက်ပွဲ​တွင် “ဝိညာဉ်​တော်​၏​ဓား” က မည်သို့​အကူအညီ​ပေး​နိုင်​သနည်း။

၁၈ ပုံမှန်​ကျမ်းစာ​လေ့လာမှု​အလေ့အထ​များ​ကို ကျွန်ုပ်​တို့​ဆက်​ပြုလုပ်​သွား​မည်​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာ​၏ ခိုင်ခံ့​သော​ကာကွယ်​မှု​ရှိ​မည်​သာမက “ဘုရားသခင်​၏​နှုတ် [မြွက်​စကား] တော်​တည်း​ဟူသော ဝိညာဉ်​တော်၏​ဓား” အားဖြင့် ထိရောက်​သော​ထိုးစစ်​ကိုလည်း ပြု​နိုင်​ကြလိမ့်မည်။ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သည် “အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍၊ အသက်​နှင့်​စိတ်​ဝိညာဉ်​ကိုလည်း​ကောင်း၊ အရိုး​ဆစ်​နှင့်​ခြင်ဆီ​ကိုလည်း​ကောင်း ပိုင်းခြား​၍ ထုတ်​ချင်း​ခွင်း​တတ်၏။ စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။” (ဧဖက် ၆:၁၇; ဟေဗြဲ ၄:၁၂) အဆိုပါ “ဓား” ကို ကျွမ်းကျင်​စွာ​အသုံးပြု​တတ်လာ​ပါ​က စုံစမ်းမှု​များ​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ကြ​ရသောအခါ ဘေးအန္တရာယ်​ရှိ​ပုံ​မ​ပေါ် သို့​မဟုတ် နှစ်သက်စရာ​ပင်​ရှိ​ပုံ​ပေါက်​သော​အရာ​ကို ခွဲခြမ်း​သိ​မြင်နိုင်​ပြီး ယင်းကို ဆိုးယုတ်သူ​၏ သေမင်းတမန်​ထောင်ချောက်​အဖြစ် အထင်အရှား​ဖော်ထုတ်​နိုင်​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့​သိုမှီး​ထားသော ကျမ်းစာ​အသိပညာနှင့် သိနားလည်မှု​က ဆိုးယုတ်​သော​အရာ​ကို​ငြင်းပယ်​၍ ကောင်းမှု​ကို​ပြု​ရန် ကူညီပေး​ပါ​လိမ့်​မည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့အားလုံး ဤသို့​ကိုယ့်​ကိုယ်ကို မေးမြန်း​ရန်လို​သည်– ‘ငါ့ရဲ့​ဓား​ဟာ အသွား​ထက်​သလား ဒါမှ​မဟုတ် သံချေး​တက်​နေ​သလား။ ထိုးစစ်​ဆင်​နိုင်​မယ့် ခိုင်လုံ​တဲ့​ကျမ်းချက်​တွေ​ကို မှတ်မိ​ဖို့ ကျွန်ုပ် အခက်တွေ့​နေ​သလား။’ ကျွန်ုပ်​တို့၏ ကိုယ်ပိုင်​ကျမ်းစာ​လေ့လာမှု​အလေ့အထ​ကောင်း​များ​ကို ဆက်​ထိန်းသိမ်း​ထား​၍ စာတန်​ကို​တွန်းလှန်​နိုင်​ဖို့ ကြိုးစား​ကြပါစို့။—ဧဖက် ၄:၂၂-၂၄

၁၉။ ကိုယ်ပိုင်​လေ့လာမှု​ကို ကျွန်ုပ်​တို့​အာရုံစိုက်​သွား​ကြ​မည်​ဆိုလျှင် အဘယ်​အကျိုးကျေးဇူးများ ခံစားရ​မည်​နည်း။

၁၉ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ ဘုရားသခင်​၏​လူသည် စုံလင်သော​သူ၊ ကောင်းသော​အမှု​အမျိုးမျိုး​တို့ကို​ပြုစု​ခြင်း​အလို​ငှာ ပြင်ဆင်​သော​သူ​ဖြစ်​မည်​အကြောင်း၊ [ဆုံးမ] ပေးခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏။” တိမောသေ​ထံ​လိပ်မူ​သော ပေါလု​၏​စကား​ကို ကျွန်ုပ်​တို့​နှလုံး​သွင်း​ကြ​မည်​ဆိုလျှင် ကိုယ်​ကိုယ်တိုင်​ဝိညာဉ်​ရေး​ခွန်အား​ရှိလာ​မည်​ဖြစ်​ပြီး ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို သာ၍​ထိရောက်​စေနိုင်​သည်။ ဝိညာဉ်​ရေး​အကြီးအကဲ​များနှင့် ခရစ်ယာန်​ဓမ္မ​အမှုထမ်းများ​သည် အသင်းတော်တွင် များစွာ​အကျိုးပြု​နိုင်​ပြီး ကျွန်ုပ်​တို့အားလုံး ယုံကြည်ခြင်း​ဘက် အခိုင်အမာ​ရပ်တည်​နိုင်​ကြလိမ့်မည်။—၂ တိမောသေ ၃:၁၆၊ ၁၇; မဿဲ ၇:၂၄-၂၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ပုံမှန်​အားဖြင့် တောင်းဆို​ဘရိုရှာ​ကို​လေ့လာ​နေသော​စိတ်ဝင်စားသူ​လူသစ်​တစ်ဦး​သည် ထာဝရ​အသက်​ရစေသော​အသိပညာ​စာအုပ်​ကို ဆက်​လေ့လာ​လိမ့်​မည်၊ ထို​စာစောင်​နှစ်မျိုး​စ​လုံး​ကို ယေဟောဝါသက်သေ​များ ထုတ်ဝေ​၏။ ဤ​တွင်​ပေး​ထားသော အကြံပြုချက်များ​သည် ဝိညာဉ်​ရေး​တိုးတက်မှု​အား အတားအဆီး​ဖြစ်စေ​ရာ​များ​ကို ဖယ်ရှား​ပေး​ပါ​လိမ့်​မည်။

^ အပိုဒ်၊ 9 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။ မိမိတို့၏​ဘာသာ​စကား​ဖြင့် ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း​စာအုပ်​ရှိသူတို့​သည် အတွဲ ၂ ရှိ “ယေဟောဝါ” ဟူသော​ခေါင်းစဉ်​အောက်တွင် လေ့လာ​ဖတ်ရှု​နိုင်​သည်။

^ အပိုဒ်၊ 9 ခြွင်းချက်​အနေ​နှင့်​ဖော်ပြ​ရ​လျှင် စပိန်​နှင့် က​က်​တ​လို​နီ​ယန်​ဘာသာပြန်​ကျမ်း​အများ​သည် ဟေဗြဲ​တက်တြာဂရမ်မီတန်​ကို “ယ​ဗေ၊” “ယာ​ဗား၊” “ဂျာဗာ၊” နှင့် “ဂျီ​ဟို​ဗား၊” ဟု​ဘာသာပြန်​ဆို​ခြင်း​မှာ အလွန်​ထူးခြား​သည်။

^ အပိုဒ်၊ 11 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

သင်​မှတ်မိ​သလော

• ကိုယ်ပိုင်​လေ့လာမှု​ကို ထိရောက်​စွာ​ပြုလုပ်​နိုင်​ဖို့ အဘယ် အခြေအနေ​များ​လိုအပ်​သနည်း။

• ဘုရားသခင့်​နာမတော်​နှင့်​ပတ်သက်​၍ ဘာသာပြန်​ကျမ်း​အများ​တွင် အဘယ်​အမှား​ကို တွေ့ ရှိကြ​ရသနည်း။

• သုံးပါး​ပေါင်း​တစ်ဆူ​သွန်သင်ချက် မှား​ကြောင်း​ဖော်ပြ​ရန် အဘယ်​ကျမ်းချက်​များ​ကို သင်​အသုံးပြု​မည်​နည်း။

• ကျွန်ုပ်​တို့သည် နှစ်များ​စွာ စစ်မှန်သော​ခရစ်ယာန်​များ ဖြစ်​ခဲ့​လျှင်​ပင် စာတန်​၏​မီးစက်​လက်နက်များ​မှ မိမိကိုယ်ကို​ကာကွယ်​ဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ကိုယ်ပိုင်​လေ့လာမှု​ကို ထိရောက်​စွာ​ပြုလုပ်​နိုင်​ရန် နှောင့်ယှက်မှု​အနည်းဆုံး​ရှိသော သင့်တော်​သည့် ဝန်းကျင်​လိုအပ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သင်၏ “ဓား” သည် အသွား​ထက်​သလော၊ သံချေး​တက်​နေ​သလော