“ပညာရှိသုံးဦး” သူတို့ကား မည်သူတို့နည်း
“ပညာရှိသုံးဦး” သူတို့ကား မည်သူတို့နည်း
သူငယ်တော်ဖွားမြင်ရာမြင်ကွင်း၌ အများအားဖြင့် နွားစားခွက်တွင် လဲလျောင်းနေသော သူငယ်ယေရှုရှိသည့် တင်းကုပ်သို့ ကုလားအုတ်များနှင့် ရောက်ရှိလာကြသော ဝတ်ရုံခြုံထားသည့် လူသုံးဦးကို ဖော်ပြကြသည်။ ခမ်းခမ်းနားနားဝတ်ဆင်ထားသော ထိုဧည့်သည်များကို လူအများက ပညာရှိသုံးဦးဟုခေါ်ကြ၏။ သူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
သမ္မာကျမ်းစာအရ လူအများက ပညာရှိဟုခေါ်လေ့ရှိသူများသည် “အရှေ့ပြည်က” လာကြပြီး ထိုတွင် ယေရှုမွေးဖွားသည့်အကြောင်း သူတို့သိရှိခဲ့ကြ၏။ (မဿဲ ၂:၁၊ ၂၊ ၉) သူတို့သည် ယုဒနယ်သို့ ရောက်ရှိလာရန် အချိန်အတန်ကြာ ခရီးထွက်ခဲ့ကြရမည်။ နောက်ဆုံး၌ ယေရှုကို သူတို့တွေ့သောအခါ ကိုယ်တော်သည် နွားတင်းကုပ်တွင် မွေးဖွားခါစသူငယ် မဟုတ်တော့ချေ။ ၎င်းအစား၊ မာရိနှင့်တကွ “သူငယ်တော်” ကို အိမ်တစ်အိမ်တွင် သူတို့တွေ့ခဲ့ကြသည်။—မဿဲ ၂:၁၁။
ကျမ်းစာက အဆိုပါလူတို့ကို မာဂုပညာရှိများ သို့မဟုတ် “နက္ခတ်ဗေဒင်ပညာရှင်များ” ဟုခေါ်ဆိုပြီး ဘယ်နှစ်ဦးရောက်လာကြောင်း မဖော်ပြပေ။ သည်အောက်စဖို့ဒ် သမ္မာကျမ်းစာ ကဤသို့ရှင်းပြသည်– “မှော်အတတ်နှင့် နက္ခတ်ဗေဒင်စပ်ကြား ဆက်နွှယ်မှုရှိကြောင်း အဆိုပါဧည့်သည်များအား ဗက်လင်မြို့သို့ခေါ်ဆောင်ခဲ့သည့် ကြယ်ကို သူတို့စိတ်ဝင်စားခြင်းတွင် ပေါ်လွင်၏။” သမ္မာကျမ်းစာက မှော်အတတ်ပညာရှိသမျှနှင့် ကြယ်များမှ သတင်းအချက်အလက်များရယူရန် ကြိုးစားသော ဗာဗုလုန်အလေ့အထရှိသမျှတို့ကို ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချထား၏။—တရားဟောရာ ၁၈:၁၀-၁၂; ဟေရှာယ ၄၇:၁၃။
ဤသူတို့ကြားသိခဲ့သော သတင်းအချက်အလက်တို့သည် အကျိုးတစ်ခုမျှမရှိခဲ့ချေ။ ထိုသတင်းကြောင့် ဆိုးညစ်သောဘုရင်ဟေရုဒ် မနာလိုဒေါသထွက်ခဲ့၏။ တစ်ဖန် ၎င်းကြောင့် ယောသပ်၊ မာရိနှင့် ယေရှုတို့သည် အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြရပြီး ဗက်လင်မြို့မှ “နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော” သူငယ်ယောက်ျားအပေါင်းတို့ သတ်ဖြတ်ခံခဲ့ရသည်။ ဟေရုဒ်သည် နက္ခတ်ဗေဒင်ပညာရှင်များထံမှ သိရှိခဲ့ရသည့် ယေရှုမွေးဖွားသည့်အချိန်ကို သေချာစွာ တွက်ချက်ခဲ့၏။ (မဿဲ ၂:၁၆) ဤသူတို့၏လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော ခက်ခဲဆင်းရဲခြင်းအားလုံးကို ထောက်ရှု၍ သူတို့တွေ့မြင်ခဲ့သည့် ကြယ်နှင့် “ယခုဖွားမြင်သော ယုဒရှင်ဘုရင်” ၏သတင်းတို့သည် ယေရှုကိုသတ်ဖြတ်လိုသော ဘုရားသခင်၏ရန်သူ စာတန်ထံမှလာကြောင်း ကောက်ချက်ချရန် အကျိုးသင့်အကြောင်းသင့်ရှိ၏။—မဿဲ ၂:၁၊ ၂။