ယေရှုမွေးဖွားခြင်းမှတ်တမ်းမှ သင်ခန်းစာများ
ယေရှုမွေးဖွားခြင်းမှတ်တမ်းမှ သင်ခန်းစာများ
လူသန်းပေါင်းများစွာသည် ယေရှုမွေးဖွားချိန်က အဖြစ်အပျက်များကို အထူးစိတ်ဝင်စားကြ၏။ ယင်းကို ခရစ္စမတ်အချိန်တွင် ကမ္ဘာတစ်ဝန်း၌ ခင်းကျင်းပြသသော သူငယ်တော်ဖွားမြင်ခြင်း မြင်ကွင်းအမျိုးမျိုးနှင့် သူငယ်တော်ပြကွက်အမျိုးမျိုးတို့အားဖြင့် တွေ့မြင်ရသည်။ ယေရှုမွေးဖွားချိန်က အဖြစ်အပျက်များသည် အထူးစိတ်ဝင်စားစရာကောင်းသော်လည်း ၎င်းတို့ကို ဖျော်ဖြေမှုတစ်ခုအဖြစ် ကျမ်းစာတွင် မှတ်တမ်းတင်ထားခြင်း မဟုတ်ချေ။ ယင်းအစား၊ ထိုအဖြစ်အပျက်များသည် သွန်သင်ပေးဖို့နှင့် ဖြောင့်မတ်စွာပြုပြင်ပေးဖို့ ဘုရားသခင်မှုတ်သွင်း ရေးသားစေတော်မူသော ကျမ်းစာရှိသမျှ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
ဘုရားသခင်သည် ခရစ်ယာန်များအား ယေရှု၏မွေးနေ့ပွဲကို ကျင်းပစေလိုလျှင် ကိုယ်တော်မွေးဖွားသည့်နေ့ရက်ကို သမ္မာကျမ်းစာတွင် အတိအကျဖော်ပြထားပေမည်။ ဖော်ပြထားပါသလော။ ယေရှုမွေးဖွားချိန်တွင် သိုးထိန်းများသည် သိုးအုပ်များကို အိမ်အပြင်၌ ညအခါ ထိန်းကျောင်းနေကြကြောင်း ဖော်ပြပြီးနောက် ၁၉ ရာစု ကျမ်းပညာရှင် အဲလ်ဘတ် ဘာန်စ်ဆိုသူက ဤသို့ကောက်ချက်ချခဲ့သည်– “၎င်းကိုထောက်ရှုလျှင် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ဒီဇင်ဘာ ၂၅ ရက်နေ့မတိုင်မီက မွေးဖွားခဲ့ကြောင်း ထင်ရှားသည်။ . . . ထိုအချိန်တွင် ချမ်းစိမ့်ပြီး အထူးသဖြင့် ဗက်လင်မြို့အနီး ကုန်းမြင့်ပိုင်းနှင့် တောင်တန်းဒေသများတွင် ချမ်းအေးလှသည်။ ဘုရားသခင်သည် [ယေရှု] မွေးဖွားသည့်အချိန်ကို မဖော်ပြဘဲ ထိမ်ချန်ထားခဲ့သည်။ . . . ထိုအချိန်ကို သိရှိဖို့ အရေးမကြီးချေ; အကယ်၍ သိစေလိုလျှင် ဘုရားသခင်သည် ယင်းအချိန်ကို မှတ်တမ်းတင်စေလိမ့်မည်ဖြစ်သည်။”
၎င်းနှင့်ခြားနားစွာ ခရစ်ဝင်ကျမ်းရေးသူ လေးဦးစလုံးသည် ယေရှုသေဆုံးသည့်နေ့ရက်ကိုမူ အတိအကျဖော်ပြသည်။ ဂျူးပြက္ခဒိန်၏ နိသန်လ ၁၄ ရက် နွေဦးပေါက်ရာသီတွင် ကျင်းပသော ပသခါပွဲနေ့၌ ကိုယ်တော်သေဆုံးခဲ့၏။ ထို့ပြင် ယေရှုက ထိုနေ့တွင် မိမိအတွက် အောက်မေ့ရာပွဲ ကျင်းပရန် နောက်လိုက်များကို သေချာစွာ မိန့်မှာတော်မူခဲ့သည်။ (လုကာ ၂၂:၁၉) သမ္မာကျမ်းစာတွင် မွေးနေ့ပွဲနှင့်ပတ်သက်၍မူ ယေရှု ၏မွေးနေ့ပွဲကိုသာမက အခြားမည်သူ၏မွေးနေ့ပွဲကိုမျှ ကျင်းပရန် မိန့်မှာထားခြင်းမရှိချေ။ ဝမ်းနည်းစရာမှာ ယေရှုမွေးဖွားသည့်နေ့ကို အငြင်းပွားမှုများသည် ထိုအချိန်ခန့်က ဖြစ်ပျက်ခဲ့သော သာ၍မှတ်သားထိုက်ဖွယ် အဖြစ်အပျက်များကို မှေးမှိန်သွားစေပေမည်။
ဘုရားသခင်ရွေးချယ်ခဲ့သော မိဘများ
ဘုရားသခင်သည် မိမိ၏သားတော်ကို မွေးမြူပေးရန် ထောင်နှင့်ချီရှိသော ဣသရေလမိသားစုများမှ အဘယ်မိဘမျိုးကို ရွေးချယ်ခဲ့သနည်း။ ထင်ပေါ်ကျော်ကြားဖို့နှင့် ချမ်းသာကြွယ်ဝဖို့ အရေးကြီးသည်ဟု ကိုယ်တော်ယူမှတ်ခဲ့သလော။ မယူမှတ်ခဲ့ပေ။ ၎င်းအစား၊ ယေဟောဝါသည် ထိုမိဘများ၏ဝိညာဉ်ရေး အရည်အသွေးများကို ဂရုစိုက်တော်မူခဲ့၏။ လုကာ ၁:၄၆-၅၅ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း မာရိသည် မေရှိယ၏မိခင်ဖြစ်ရမည့် အခွင့်ထူးကို ကြားရပြီးနောက် သူသီဆိုခဲ့သည့် ချီးမွမ်းသီချင်းကို ဆန်းစစ်ကြည့်ပါ။ သူသည် အခြားအရာများအပြင် ဤသို့လည်း ပြောခဲ့သည်– “ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ . . . အကြောင်းမူကား၊ မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ။” မာရိသည် မိမိကိုယ်ကို ယေဟောဝါ၏ ‘နိမ့်ကျ’ သောကျွန်မအဖြစ် နှိမ့်ချစွာရှုမြင်ခဲ့၏။ ထိုထက်အရေးကြီးသည်မှာ မာရိ၏ချီးမွမ်းသီချင်းပါ နှစ်သက်ဖွယ်အသုံးအနှုန်းများက သူသည် ကျမ်းစာအသိပညာကောင်းစွာရှိထားသူ ဝိညာဉ်ရေးလူဖြစ်ကြောင်း ဖော်ပြသည်။ သူသည် အပြစ်ရှိသော အာဒံ၏သားစဉ်မြေးဆက်တစ်ဦးဖြစ်သော်လည်း ဘုရားသခင့်သားတော်၏ မြေကြီးမိခင်အဖြစ် သူ့ကို သင့်တော်စွာ ရွေးချယ်ခဲ့သည်။
ယေရှု၏မွေးစားဖခင်ဖြစ်လာမည့် မာရိ၏ခင်ပွန်းနှင့်ပတ်သက်၍ကော အသို့နည်း။ ယောသပ်သည် လက်သမားလုပ်ငန်းကို တတ်ကျွမ်းသူတစ်ဦးဖြစ်၏။ သူ၏ကြိုးစားလုပ်ဆောင်မှုကြောင့် နောက်ဆုံးတွင် သားငါးဦးနှင့် အနည်းဆုံးသမီးနှစ်ဦးရှိသည့် မိသားစုကို ကျွေးမွေးပြုစုနိုင်ခဲ့သည်။ (မဿဲ ၁၃:၅၅၊ ၅၆) ယောသပ်သည် ချမ်းသာကြွယ်ဝသူမဟုတ်ချေ။ မာရိသည် မိမိ၏သားဦးကို ဘုရားသခင်၏ဝတ်ပြုရာအိမ်တော်သို့ ခေါ်ဆောင်သွား၍ ဆက်သသောအခါ သိုးယဇ်ကို မပူဇော်နိုင်ခဲ့သည့်အတွက် ယောသပ် စိတ်မကောင်းဖြစ်ခဲ့ပေမည်။ သူတို့သည် ဆင်းရဲသားများအတွက် သတ်မှတ်ထားသောအရာကို ပူဇော်ခဲ့ကြ၏။ ဖွားမြင်ခါစသား၏ မိခင်နှင့်စပ်လျဉ်း၍ ဘုရားသခင့်ပညတ်တရားက ဤသို့ဆိုသည်– “သိုးသငယ်ကို မတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍ ယဇ်ပုရောဟိတ်သည် သူ့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် သူသည် သန့်ရှင်းရလိမ့်မည်။”—ဝတ်ပြုရာ ၁၂:၈; လုကာ ၂:၂၂-၂၄။
ယောသပ်သည် “ဖြောင့်မတ်သောသူ” ဖြစ်သည်ဟု ကျမ်းစာကဆို၏။ (မဿဲ ၁:၁၉၊ သမ္မာ) ဥပမာ၊ သူသည် ယေရှုကိုမမွေးဖွားမီတိုင်အောင် မိမိ၏အပျိုစင်ဇနီးနှင့် ဆက်ဆံခြင်းဝတ်ကို မပြုခဲ့ချေ။ ဤသို့ပြုခြင်းအားဖြင့် ယေရှု၏ဖခင်အမှန်ကား မည်သူဖြစ်သည်ကို နားလည်မှုမလွဲမှားစေရန် တားဆီးပေးခဲ့သည်။ လက်ထပ်ခါစမောင်နှံတစ်စုံသည် တစ်အိမ်တည်းတွင် အတူနေထိုင်ကြစဉ် လက်ပွန်းတတီးဆက်ဆံမှုကို ရှောင်ကြဉ်ရန် လွယ်ကူနိုင်မည်မဟုတ်သော်လည်း ထိုသို့ပြုခြင်းက ဘုရားသခင့်သားတော်ကို မွေးမြူရသည့်အခွင့်ထူးကို သူတို့နှစ်ဦးစလုံး တန်ဖိုးထားကြကြောင်း ဖော်ပြသည်။—မဿဲ ၁:၂၄၊ ၂၅။
ယောသပ်သည် မာရိနည်းတူ ဝိညာဉ်ရေးကို ဦးစားပေးသူတစ်ဦးဖြစ်၏။ သူသည် နှစ်စဉ်ကျင်းပသည့် ပသခါပွဲကို တက်ရောက်ရန် သူ၏လုပ်ငန်းကို ပိတ်ပြီး မိသားစုနှင့်အတူ နာဇရက်မြို့မှ ယေရုရှလင်မြို့သို့ သုံးရက်ခရီး ထွက်ခဲ့ကြသည်။ (လုကာ ၂:၄၁) ထို့ပြင် ယောသပ်သည် သူငယ်ယေရှုအား ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရွတ်၍ ရှင်းပြသည့် ဒေသန္တရတရားဇရပ်တွင် အပတ်စဉ်ဝတ်ပြုသည့် ထုံးစံ၌ပါဝင်ဖို့ လေ့ကျင့်ပေးခဲ့ပေမည်။ (လုကာ ၂:၅၁; ၄:၁၆) သို့ဖြစ်၍ ဘုရားသခင်သည် မိမိသားတော်အတွက် မြေကြီးမိခင်နှင့် မွေးစားဖခင်ကို မှန်ကန်စွာရွေးချယ်ခဲ့ကြောင်း ယုံမှားဖွယ်မရှိချေ။
သာမညသိုးထိန်းများအတွက် မဟာကောင်းချီးတစ်ရပ်
ယခု ကိုယ်ဝန်ကိုးလရှိပြီဖြစ်သော မိမိ၏ဇနီးအတွက် ခက်ခဲမည်ဖြစ်သော်လည်း ဆီဇာ၏အမိန့်အရ ဘိုးဘေးမြို့တွင် မှတ်ပုံတင်ရန် ယောသပ် ခရီးထွက်ခဲ့ရသည်။ ထိုမောင်နှံသည် ဗက်လင်မြို့သို့ ရောက်သောအခါ လူပြည့်ကျပ်နေသည့်မြို့တွင် တည်းခိုစရာနေရာ ရှာမတွေ့နိုင်ခဲ့ချေ။ သို့ဖြင့် နွားစားခွက်တွင် ယေရှုကိုမွေးဖွား
ပြီး နွားတင်းကုပ်၌ တည်းခိုရန် အခြေအနေ ဖန်တီးလာသည်။ ယေဟောဝါသည် ထိုသာမညမိဘများ၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ယင်းသို့မွေးဖွားခြင်းကား မိမိ၏အလိုတော်ပင်ဖြစ်ကြောင်း သူတို့ကို စိတ်ချစေခဲ့သည်။ ထိုမောင်နှံ ထပ်ဆင့်ယုံကြည်စိတ်ချမှုရှိစေရန် ဗက်လင်မြို့မှ အထင်ကရအသက်ကြီးသူကိုယ်စားလှယ်အဖွဲ့ကို ကိုယ်တော် စေလွှတ်ခဲ့သလော။ မစေလွှတ်ခဲ့ပါ။ ၎င်းအစား၊ ညအချိန်၌ အိမ်အပြင်တွင် သိုးအုပ်များကို ထိန်းကျောင်းနေကြသော အလုပ်ကြိုးစားသည့် သိုးထိန်းများအား ထိုအကြောင်းကို ယေဟောဝါဘုရားသခင် အသိပေးတော်မူခဲ့သည်။ဘုရားသခင်၏ကောင်းကင်တမန်သည် သူတို့ရှေ့ ထင်ရှားလာပြီး “နွားစားခွက်၌ သိပ်ထားသော” ဖွားမြင်ခါစမေရှိယကို တွေ့မြင်ရမည့် ဗက်လင်မြို့သို့သွားရန် မိန့်မှာခဲ့သည်။ ဖွားမြင်ခါစ မေရှိယသည် နွားတင်းကုပ်တွင် ရှိသည်ကို ဤသာမညလူသားများ ကြားသိရသည့်အခါ ထိတ်လန့်သွားကြသလော၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြသလော။ လုံးဝမဖြစ်ပါလေ! သူတို့သည် ဖင့်နွှဲခြင်းမရှိဘဲ သူတို့၏သိုးအုပ်များကို ထားရစ်ခဲ့၍ ဗက်လင်မြို့သို့ ခရီးနှင်လေတော့သည်။ ယေရှုကို သူတို့တွေ့သောအခါ ဘုရားသခင်၏ကောင်းကင်တမန် မိန့်ကြားသောစကားများကို ယောသပ်နှင့် မာရိတို့အား ပြောပြကြ၏။ ယင်းက အရာခပ်သိမ်းသည် ဘုရားသခင်ရည်ရွယ်တော်မူသည့်အတိုင်း ဖြစ်ပျက်နေကြောင်း ထိုမောင်နှံစုံ ယုံကြည်စိတ်ချလာသည်မှာ သေချာပါသည်။ “သိုးထိန်းတို့သည် . . . ကြားမြင်သမျှသော အကြောင်းအရာကိုထောက်၍ ဘုရားသခင်ကို အံ့သြချီးမွမ်းလျက် ပြန်သွားကြ၏။” (လုကာ ၂:၈-၂၀) မှန်ပါ၏၊ ဘုရားသခင်ကိုကြောက်ရွံ့သူ သိုးထိန်းများအား အသိပေးရာတွင် ယေဟောဝါသည် ရွေးချယ်မှု မှန်ခဲ့သည်။
ယေဟောဝါ၏မျက်နှာသာရလိုလျှင် ကျွန်ုပ်တို့သည် အဘယ်လူစားမျိုးဖြစ်ဖို့လိုကြောင်း အထက်ပါဖော်ပြချက်များမှ သိရှိရသည်။ ထင်ပေါ်ကျော်ကြားရန်၊ ချမ်းသာကြွယ်ဝရန် မလိုချေ။ ယင်းအစား ယောသပ်၊ မာရိနှင့် သိုးထိန်းများနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်အား နာခံမှုပြပြီး စည်းစိမ်ဥစ္စာထက် ဝိညာဉ်ရေးအကျိုးစီးပွားကို ဦးစားပေးခြင်းဖြင့် ကိုယ်တော့်အား ချစ်မြတ်နိုးကြောင်း သက်သေထူဖို့လိုသည်။ မှန်ပါသည်၊ ယေရှုမွေးဖွားချိန်ခန့်က အဖြစ်အပျက်များကို တွေးတောဆင်ခြင်ခြင်းဖြင့် သိရှိခဲ့ရသည့် သင်ခန်းစာကောင်းများဖြစ်သည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ခိုနှစ်ကောင်ကို မာရိပူဇော်ခြင်းက အဘယ်အရာထင်ရှားသနည်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်သည် ယေရှုမွေးဖွားကြောင်းကို သာမညသိုးထိန်းလူနည်းစုအား ဖော်ပြရန် ရွေးချယ်ခဲ့