မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုမွေးဖွားခြင်း မည်သို့နှင့် အဘယ်ကြောင့် ဖြစ်ပျက်ခဲ့ရ

ယေရှုမွေးဖွားခြင်း မည်သို့နှင့် အဘယ်ကြောင့် ဖြစ်ပျက်ခဲ့ရ

ယေရှု​မွေးဖွားခြင်း မည်သို့​နှင့် အဘယ်ကြောင့် ဖြစ်ပျက်​ခဲ့​ရ

“မဖြစ်​နိုင်တာ!” ယေရှု​မွေးဖွားခြင်း​အကြောင်း ကြား​ရသောအခါ ခရစ်ယာန်​မဟုတ်​သူများစွာ​တို့သည် ယင်း​သို့​ပြောဆို​ကြ​ပေမည်။ အပျိုစင်​မိန်းကလေး​တစ်ဦး​သည် လူသား​ဖခင်​တစ်ဦး​နှင့် သံဝါသ​မပြု​ဘဲ ပဋိသန္ဓေ​စွဲ၍ သား​ယောက်ျား​မွေးဖွား​နိုင်​သည်​ဟု ယုံကြည်ခြင်း​သည် သိပ္ပံ​ပညာ​နှင့်​မကိုက်ညီ​ဟု သူတို့​ယူဆကြ​၏။ အသင်​ကော မည်သို့​ယူမှတ်​သနည်း။

၁၉၈၄ ခုနှစ်​တွင် လန်ဒန်​တိုင်းမ်း​သတင်းစာ​က ယင်း​ကိစ္စ​ကို ကျိုးကြောင်း​ဆင်ခြင်​သည့် စာ​တစ်စောင်​ထုတ်ဝေ​၍ ဤသို့​ဖော်ပြ​သည်– “သိပ္ပံ​ပညာ​ကို အသုံးပြု၍ အံ့ဖွယ်အမှု​များ​မဖြစ်​နိုင်​ဟု အငြင်းပွား​ခြင်း​သည် ယုတ္တိမရှိ​ချေ။ အံ့ဖွယ်အမှု​များ မဖြစ်​နိုင်​ဟု ယူမှတ်ခြင်း​သည် အံ့ဖွယ်အမှု​များ ဖြစ်​နိုင်​သည်​ဟု ခံယူ​ခြင်း​ကဲ့သို့​ပင် ယုံကြည်ခြင်း​လုပ်ရပ်​တစ်ခု​ဖြစ်၏။” ထို​စာ​တွင် ဗြိတိသျှ​တက္ကသိုလ်​များ​မှ သိပ္ပံ​ပညာရှင်​ပါမောက္ခ ၁၄ ဦး လက်မှတ်​ရေးထိုး​ခဲ့​ကြသည်။ သူတို့က “အပျိုစင်​တစ်ဦး ကလေး​မွေးဖွားခြင်း၊ ခရစ်ဝင်​ကျမ်း​ပါ အံ့ဖွယ်အမှု​များနှင့် ခရစ်တော် ရှင်ပြန်ထမြောက်ခြင်း​တို့သည် သမိုင်းဝင်​ဖြစ်ရပ်​များ​အဖြစ် ကျွန်ုပ်​တို့ ဝမ်းမြောက်​ဝမ်းသာ လက်ခံ​ကြ​၏” ဟု​ပြော​ခဲ့​ကြသည်။

သို့​တိုင် ယေရှုကို အပျိုစင်​တစ်ဦး​က မွေးဖွား​သည့်​အကြောင်း လူတစ်ဦး ပထမ​ဆုံး​အကြိမ်​ကြား​ရသည့်​အခါ နားလည်​ရ​ခက်​လောက်​ပေမည်။ ဘုရားသခင်​၏​ကောင်းကင်တမန်​က “သင်သည် ပဋိသန္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွားမြင်​လိမ့်​မည်။ ထို​သားကို ယေရှု​အမည်​ဖြင့် မှည့်​ရမည်” ဟု​မိန့်ဆို​သောအခါ ယေရှု၏ အပျိုစင်​မိခင်​ကိုယ်တိုင် နားမလည်​နိုင်​ခဲ့​ချေ။ မာရိက “ဤ​အမှုအရာ​သည် အဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ အကျွန်ုပ်သည် ယောက်ျား​နှင့်​မဆက်ဆံ​ပါ” ဟု​အံ့အားသင့်​စွာ​ဖြင့် ပြန်​ပြော​ခဲ့​သည်။ ထို​အခါ ကောင်းကင်တမန်​က ဘုရားသခင်​သည် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ဤ​အံ့ဖွယ်​အမှုကို လုပ်ဆောင်ပေး​လိမ့်​မည်​ဟု ရှင်းပြ​ပြီး “ဘုရားသခင်​တတ်နိုင်​တော်​မ​မူ​သော အမှု​မရှိ” ဟု​ထပ်ဆင့်​ပြောဆို​သည်။ (လုကာ ၁:၃၁၊ ၃၄-၃၇) အံ့အားသင့်​ဖွယ်​ကောင်းသော လူ့​မွေးဖွားခြင်း​ဖြစ်​စဉ်​ကို ဖန်ဆင်း​ခဲ့​သည့်​အရှင်​သည် အပျိုစင်​မှ​လည်း ယေရှုကို ပဋိသန္ဓေ​တည်စေ​ပြီး မွေးဖွား​စေနိုင်​ပါ​သည်။ ဘုရားသခင်​သည် စကြဝဠာ​နှင့် အတိအကျ​ဖြစ်ပျက်​သော ၎င်း​၏​နိယာမ​များ​ကို ဖန်ဆင်း​ခဲ့​လျှင် မာရိ​၏​သား​အိမ်​မှ စုံလင်သော​လူသားကို မွေးဖွား​လာရန် မျိုး​ဥ​ဆဲလ်​တစ်လုံး​ကိုလည်း အသုံးပြုနိုင်​သည်။

အဘယ်ကြောင့်​လိုအပ်​ခဲ့

ဘုရားသခင်​ကို​ကြောက်ရွံ့​သူ ယောသပ်​သည် မာရိ ပဋိသန္ဓေ​တည်​ချိန်​က သူနှင့် စေ့စပ်​ထားခဲ့​ပြီး​ဖြစ်သည်။ ယောသပ်​နှင့်​စေ့စပ်​ထားသော အပျိုစင်​မိန်းကလေး​သည် အဘယ်ကြောင့်​ကိုယ်ဝန်​ရှိ​နေသည်​ကို ဘုရားသခင်​၏​ကောင်းကင်တမန်​က အိပ်မက်​၌ သူ့ကို ပြောပြ​ခဲ့​သည်။ ကောင်းကင်တမန်​က “သင်၏​ခင်ပွန်း​မာရိ​ကို ထိန်းသိမ်း​ရမည့်​အခွင့်​ကို မစိုးရိမ်​နှင့်။ ဤ​ပဋိသန္ဓေ​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကြောင့်​ဖြစ်၏။ သား​ယောက်ျား​ကို ဖွားမြင်​လိမ့်​မည်။ ထို​သား​သည် မိမိလူ​တို့ကို အပြစ်​မှ​ကယ်​ချွတ်​မည့်​သူ​ဖြစ်သော​ကြောင့် ယေရှု​ဟူသော​အမည်​ဖြင့် မှည့်​ရမည်” ဟု​ဆို​၏။ (မဿဲ ၁:၂၀၊ ၂၁) ဟေဗြဲ​ဘာသာ​ဖြင့် ယေရှု​အမည်​မှာ “ယေဟောဝါ​သည် ကယ်တင်ခြင်း​ဖြစ်၏” ဟု​အဓိပ္ပာယ်​ရသည်။ ၎င်း​က ကျွန်ုပ်​တို့သည် အပြစ်​နှင့်​သေခြင်း​မှ ကယ်တင်​ခံရ​ဖို့​လို​ကြောင်း၊ ယေရှု​အားဖြင့် ဤ​ကယ်တင်ခြင်း​ကို ယေဟောဝါ​ဘုရားသခင် စီစဉ်​ပေး​ကြောင်း အမှတ်ရ​စေ​၏။

ပထမ​လူသား အာဒံသည် အပြစ်ပြု​ခဲ့​သောကြောင့် သူ၏​သားစဉ်မြေးဆက်​အားလုံး​သည် ဘုရားသခင်​၏​ပညတ်​များ​ကို ချိုးဖောက်​လို​စိတ်​ရှိသည့် မစုံလင်သူ​များ​အဖြစ် မွေးဖွား​လာ​ကြ​၏။ (ရောမ ၅:၁၂) အာဒံ​၏​သားစဉ်မြေးဆက်​များသည် အပြစ်​မှ ကယ်တင်​ခံရ​ပြီး စုံလင်ခြင်း​အဖြစ်သို့ မည်သို့​ရောက်ရှိ​နိုင်​မည်​နည်း။ အာဒံ​နှင့်​တန်ဖိုး​တူ စုံလင်သော​လူသား အခြား​တစ်ဦး၏​အသက်ကို ပေးဆက်​ရန်လို​၏၊ သို့​မှ​သာ တရား​မျှတမှု​ချိန်ခွင်လျှာ ညီ​မည်​ဖြစ်သည်။ ၎င်း​က ဘုရားသခင်​သည် စုံလင်သော​လူသား​ယေရှုကို အံ့ဖွယ်​နည်းဖြင့် မွေးဖွား​စေပြီး မိမိ​အား​သတ်​ရန် ရန်သူများ​ကို ယေရှု​ခွင့်​ပေး​ခဲ့​ရသည့် အကြောင်းရင်း​များ​ဖြစ်သည်။ (ယောဟန် ၁၀:၁၇၊ ၁၈; ၁ တိမောသေ ၂:၅၊ ၆) ယေရှုသည် ရှင်ပြန်ထမြောက်​ပြီး ကောင်းကင်​အသက်တာ​သို့ ဝင်စား​ပြီး​နောက် ဤသို့​ယုံကြည်​စိတ်ချ​စွာ မိန့်ဆို​နိုင်​ခဲ့​၏– “ငါသည် အရင်​သေ​သည်​ဖြစ်၍ ကမ္ဘာ​အဆက်ဆက်​အသက်​နှင့်​ပြည့်စုံ​၏။ မရ​ဏာ​နှင့် မရ​ဏာ​နိုင်ငံ [လူသား​တို့၏​ယေဘုယျ​သင်္ချိုင်း] ကိုလည်း ငါ​အစိုးရ​၏။”—ဗျာ. ၁:၁၈

ယေရှုသည် မရ​ဏာ​နှင့် မရ​ဏာ​နိုင်ငံ​၏ ပုံဆောင်​သော့​များ​ဖြင့် အာဒံ​ဆုံးရှုံး​ခဲ့​ရာ​ကို အပြစ်ရှိ​လူသားများ ပြန်လည်​ရရှိနိုင်​ရန် လမ်းဖွင့်​ပေး​တော်​မူ​သည်။ ယေရှု​က “ငါသည် ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။ ငါ့ကို ယုံကြည်​သော​သူသည် သေလွန်​သော်လည်း ရှင်​လိမ့်​မည်။ ငါ့ကို​ယုံကြည်၍ အသက်ရှင်​သော​သူ​ရှိသမျှ​တို့သည်​လည်း သေခြင်းနှင့်​အစဉ်မပြတ် ကင်းလွတ်​ကြလိမ့်မည်” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၁:၂၅၊ ၂၆) ဝမ်းမြောက်​ဖွယ် ကတိတော်​ပါ​တကား! ထို့​ပြင် ယေရှု​မွေးဖွားခြင်း​သည် ထို​ထက်မက အရေးကြီးသော အကြောင်း​တစ်ခု​ရှိသေး​သည်။

အရေး​အကြီးဆုံး​အကြောင်း

မာရိ​၏​သား​အိမ်​တွင် ယေရှု သန္ဓေတည်​ချိန်​သည် ကိုယ်တော်​၏​အသက်တာ အစပြု​ခဲ့​ချိန်​မဟုတ်ပေ။ ကိုယ်တော်​က “ငါသည် . . . ကောင်းကင်​မှ​ဆင်းသက်​သည်” ဟု​ရှင်းလင်း​ပြတ်သား​စွာ မိန့်ဆိုခဲ့​၏။ (ယောဟန် ၆:၃၈) ယေရှုသည် ဖန်ဆင်း​ခြင်း​အစပြုချိန်​ကတည်းက ကောင်းကင်​ခမည်းတော်​နှင့်အတူ ဝိညာဉ်ဘုံ​တွင် စံမြန်း​တော်​မူ​ခဲ့​သည်။ အမှန်​ဆို​ရ​သော် သမ္မာကျမ်းစာ​က ကိုယ်တော်​အား “ဘုရားသခင် ဖန်ဆင်း​တော်​မူ​သော​အရာများ​၏ အရင်း​မူလ” ဖြစ်သည်ဟု ဖော်ပြ​၏။ (ဗျာ. ၃:၁၄သမ္မာ) ယေရှုသည် ဘုရားသခင်​၏​အုပ်ချုပ်မှု​ကို ပထမ​လူသားများ​အား ဘက်​ကန်​စေသည့် ဆိုးညစ်သော​ကောင်းကင်တမန်​၏ ပုန်ကန်မှု​ကို ကောင်းကင်​မှ တွေ့မြင်​ခဲ့​၏။ ထို့​ကြောင့် ဘုရားသခင်​၏ စုံလင်သော​လူ့​သားတော်​အဖြစ် ယေရှု​မွေးဖွား​ခံ​လို​ခဲ့​သည့် အရေးကြီးဆုံး​အကြောင်း​ဖြစ်သည်။ ထို​အကြောင်း​ကား အဘယ်နည်း။

ကိုယ်တော်​၏​ကောင်းကင်​ခမည်းတော်​သည် စကြဝဠာ​ကို အုပ်ချုပ်ခွင့်​ရှိကြောင်း သက်သေထူ​ရန်ဖြစ်​သည်။ ယေရှုသည် ကမ္ဘာ​ပေါ်​တွင် မွေးဖွားချိန်​မှ​စ၍ ကွယ်လွန်​ချိန်​အထိ တည်ကြည်​ခြင်း​အားဖြင့် ယေဟောဝါ​ဖန်ဆင်း​ထား​သည့် သတ္တဝါများ​အပေါ် ကိုယ်တော်​အုပ်ချုပ်ပုံ​ကို တလိုတလား လက်အောက်ခံ​လို​ကြောင်း ဖော်ပြ​ခဲ့​သည်။ ဘုရားသခင့်​ရန်သူများ​လက်ချက်​ဖြင့် ယေရှု​မသေဆုံးမီ ပူဇော်ရာ​ယဇ်​အဖြစ် မိမိ၏​အသက်ကို တလိုတလား​ပေးဆက်​လို​သည့် အကြောင်းရင်းကို ကိုယ်တော်​ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​သည် ခမည်းတော်​ကို ချစ်​သည်ကို လော [က] သားတို့ သိမည်​ဟု မိန့်တော်မူ​ခဲ့​၏။ (ယောဟန် ၁၄:၃၁) ပထမ​လူသား​နှစ်ဦး​ဖြစ်သည့် အာဒံ​နှင့် ဧဝ​တို့သည် ဤသို့​သော​မေတ္တာ​မျိုး ရှိကြ​မည်​ဆိုလျှင် သူတို့​အတွက် အလွန်​လွယ်ကူ​သော စမ်းသပ်မှု​ကို တည်ကြည်​စွာ အောင်မြင်​ခဲ့​ကြ​ပေမည်။—ကမ္ဘာဦး ၂:၁၅-၁၇

ယေရှု၏​တည်ကြည်မှု​က ဆိုးညစ်သော​ကောင်းကင်တမန် စာတန်​ကိုလည်း လိမ်လည်​သူ​အဖြစ် ဖော်ထုတ်​ခဲ့​သည်။ စာတန်​သည် ကောင်းကင်တမန်​များ​ရှေ့တွင် “လူသည် မိမိ​အသက်ဖို့ မိမိ​ဥစ္စာ​ရှိသမျှ​ကို ပေး​ပါ​လိမ့်​မည်” ဟု​ပြောဆို​၍ ဘုရားသခင်​နှင့် လူကို​ပါ အသရေ​ရှုတ်ချခဲ့​သည်။ (ယောဘ ၂:၁၊ ၄) လူသား​အားလုံး​သည် သူတို့​အသက်ကို​ကယ်ဆယ်​ရန် ဘုရားသခင်​ကို အာခံ​လိမ့်​မည်​ဟု စာတန် မှားယွင်းစွာ စွပ်စွဲ​ခဲ့​သည်။

အထက်ပါ​အရေးကိစ္စ​များ​က ဘုရားသခင့်​အုပ်ချုပ်မှု​၌ ဖြောင့်မတ်​တော်မှန်မှု​ရှိမရှိ​နှင့်​ပတ်သက်​၍ စောဒကတက်​စ​ရာ​ဖြစ်စေ​ခဲ့​သည်။ ၎င်းတို့ကို​ဖြေရှင်းရန် ယေရှုသည် လူသား​တစ်ဦး​အဖြစ် မွေးဖွား​လာဖို့​နှင့် သေ​သည်​အထိ တည်ကြည်မှု​တင်ပြ​ရန် အလိုရှိ​တော်​မူ​ခဲ့​၏။

သို့​ဖြစ်၍ ကမ္ဘာ​မြေကြီးပေါ်​တွင် ယေရှု​မွေးဖွားခြင်း​၏ အဓိက​အကြောင်း​မှာ ယေရှု​ကိုယ်တော်တိုင် မိန့်ဆို​သည့်​အတိုင်း “[အမှန်]တရား​ဘက်၌ သက်သေခံခြင်း​ငှာ” ဖြစ်၏။ (ယောဟန် ၁၈:၃၇) ဘုရားသခင်​၏​အုပ်ချုပ်မှု​သည် အကြွင်းမဲ့​ဖြောင့်မတ်​ပြီး ထို​အုပ်ချုပ်မှု​ကို လက်အောက်ခံ​လျှင် ထာဝစဉ်​ပျော်ရွှင်​နိုင်​မည်​ဖြစ်​ကြောင်း အပြော​နှင့်​အလုပ်​အားဖြင့်​ပါ ကိုယ်တော်​ဖော်ပြ​တော်​မူ​သည်။ ထို့​ပြင် ယေရှု​က “လူများ​ကို​ရွေးခြင်း” ငှာ​မိမိ၏​လူ့​အသက်ကို ပေးဆက်​ရန် ကမ္ဘာ​ပေါ်​သို့ ကြွလာ​တော်​မူ​ပြီး အပြစ်ရှိ လူသားများ​အား စုံလင်​၍ ထာဝရ​အသက်​ရရှိစေရန် လမ်းဖွင့်​ပေးခြင်း​ဖြစ်သည်ဟု​လည်း မိန့်ဆိုခဲ့သည်။ (မာကု ၁၀:၄၅) ဤ​အရေးပါ​ကိစ္စရပ်​များ​ကို လူသား​တို့ သဘောပေါက်​နားလည်​ကြ​ရန် ယေရှု၏​မွေးဖွားခြင်း မှတ်တမ်း​သည် မရှိမဖြစ်​လိုအပ်​၏။ ထို့​ပြင် နောက်​ဆောင်းပါး​တွင် ဖော်ပြ​မည့်​အတိုင်း ယေရှု​မွေးဖွား​စဉ်​က အဖြစ်အပျက်​များ​၌ နောက်ထပ်​အရေးကြီး​သင်ခန်းစာများ ပါရှိ​သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အာဒံ​၏​သားစဉ်မြေးဆက်​များ​ကို အပြစ်​မှ မည်သို့​ကယ်တင်​နိုင်​မည်​နည်း