မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်”

“သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်”

“သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်”

“ဘုရားသခင်​သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်။”—တမန်​တော် ၁၇:၂၇

၁၊ ၂။ (က) ကြယ်အတိ​ပြီး​သော​မိုးကောင်းကင်ကို မော့ကြည့်​သောအခါ ဖန်ဆင်း​ရှင်​နှင့်​ပတ်သက်​၍ အဘယ်​မေးခွန်း​မေး​မည်​နည်း။ (ခ) လူသား​တို့သည် ယေဟောဝါ​၏​ရှေ့မှောက် အရေးမပါ​သူများ လုံးဝ​မဟုတ်​ကြောင်း သမ္မာကျမ်းစာ​က မည်သို့​စိတ်ချ​စေ​သနည်း။

သင်သည် တိမ်​ကင်းစင်​သော​ည​တစ်ည​တွင် ကြယ်စုံ​သော​မိုးကောင်းကင်ကို မော့ကြည့်ပြီး အံ့အားသင့်​ဖူး​သလော။ ကြယ်အတိ​ပြီး​မှု​နှင့် အာကာသ​ကျယ်ပြော​မှု​တို့​က မိန်းမော​တွေဝေ​စေ​သည်။ အပြောကျယ်​လှ​သော ဤ​စကြဝဠာ​တွင် ကမ္ဘာ​ဂြိုဟ်​သည် အစက်အပြောက်​မျှ​ဖြစ်၏။ ယင်းကြောင့် “မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော” ဖန်ဆင်း​ရှင်​သည် လူသား​တို့ကို စိတ်ဝင်စား​ရန် မြင့်မြတ်​လွန်း​သည်၊ သို့​မဟုတ် ကိုယ်တော်​အား လူ​တို့​သိရှိ​ရန် အလှမ်းဝေး​လွန်း​ပြီး လျှို့ဝှက်​နက်နဲ​လွန်း​သည်​ဟု ဆိုလို​သလော။—ဆာလံ ၈၃:၁၈

ယေဟောဝါ​၏​မျက်မှောက်တော်၌ လူသား​တို့သည် အရေးမပါ​သူများ လုံးဝ​မဟုတ်​ကြောင်း သမ္မာကျမ်းစာ​က စိတ်ချ​စေ​သည်။ အမှန်​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က “[ကိုယ်တော်]သည် ငါ​တို့​တွင် အဘယ်​သူနှင့်​မျှ​ဝေး​တော်​မူ​သည်မဟုတ်” ဟု​ဆို​လျက် ကိုယ်တော်​အား​ရှာဖွေ​ရန် တိုက်တွန်း​ပါ​သည်။ (တမန်​တော် ၁၇:၂၇; ၁ ရာဇဝင်ချုပ် ၂၈:၉) ကျွန်ုပ်​တို့​သာ ဘုရားသခင်​ထံ​ချဉ်းကပ်​ရန် ကြိုးစား​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ကြိုးပမ်းမှု​များ​ကို ကိုယ်တော်​အမှန်​တုံ့ပြန်​ပါ​လိမ့်​မည်။ အဘယ်​နည်းဖြင့်​နည်း။ ၂၀၀၃ ခုနှစ် နှစ်ချုပ်​ကျမ်းချက်​က “သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု​ကြည်နူး​အားရဖွယ်​အဖြေကို​ပေး​သည်။ (ယာကုပ် ၄:၈) ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူများ​အပေါ် ကိုယ်တော်​ကြွယ်ဝ​စွာ​သွန်းလောင်း​တော်​မူ​သော အံ့ဖွယ်ကောင်း​ချီး​အချို့​ကို ဆွေးနွေး​သုံးသပ်ကြည့်​ကြ​စို့။

ယေဟောဝါ​ထံ​တော်​မှ ပုဂ္ဂိုလ်ရေး​လက်ဆောင်

၃။ ယေဟောဝါ​ထံ​ချဉ်းကပ်​သူများကို ကိုယ်တော်​အဘယ်​လက်ဆောင် ပေးသနား​တော်​မူ​သနည်း။

ဦးဆုံး​အနေ​နှင့် ယေဟောဝါ​၏​ကျေးကျွန်​များသည် မိမိလူ​မျိုး​တော်​အတွက် ကိုယ်တော်​သီးသန့်​ဖယ်​ထားသော အဖိုးထိုက်​လက်ဆောင်​တစ်ခု ရရှိ​ထား​ကြသည်။ ဤ​အစီအစဉ်​စနစ်​၏ တန်ခိုး​အာဏာ၊ စည်းစိမ်ဥစ္စာ​နှင့် ပညာရေး​ရှိရှိသမျှ​ဖြင့် ဤ​လက်ဆောင်​ကို​မရနိုင်​ပါ။ ယင်းသည် ယေဟောဝါ​ထံ​ချဉ်းကပ်​သူများကို​သာ ကိုယ်တော်တိုင်​ပေးသနား​တော်​မူ​သည့် လက်ဆောင်​ဖြစ်သည်။ ၎င်း​ကား အဘယ်နည်း။ သမ္မာကျမ်းစာ​က ဤသို့​ဖြေဆို​သည်– “သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း၊ ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း၊ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ် [“ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ၊” က​ဘ] နှင့်​ပြည့်စုံ​လိမ့်​မည်။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် ပညာ​ကို​ပေး​တော်​မူ​တတ်၏။” (သု. ၂:၃-၆) မစုံလင်​သော​လူသားများ​သည် ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ ရှိ​နိုင်​ခြင်းကို စိတ်ကူး​ကြည့်​ပါ​လေ! သမ္မာကျမ်းစာ​တွင်ရှိသော ထို​အသိပညာ​လက်ဆောင်​ကို “ဝှက်ထား​သော​ဘဏ္ဍာ” နှင့်​နှိုင်းယှဉ်​ထား​သည်။ အဘယ်ကြောင့်​နည်း။

၄၊ ၅။ ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ ကို “ဝှက်ထား​သော​ဘဏ္ဍာ” နှင့် အဘယ်ကြောင့်​နှိုင်းယှဉ်​နိုင်​သနည်း။ ဥပမာ​ပေး​ပါ။

တစ်​ကြောင်း​မှာ ဘုရားသခင်​နှင့်​ဆိုင်သော​အသိပညာ​သည် တန်ဖိုး​ကြီးမား​လှ​သောကြောင့်​ဖြစ်သည်။ ယင်း​၏ အဖိုး​အထိုက်ဆုံး​ဆုကျေးဇူး​တစ်ခု​မှာ ထာဝစဉ်​အသက်ရှင်​ရန်​အခွင့်အလမ်း​ရှိစေသည်။ (ယောဟန် ၁၇:၃) သို့သော် ၎င်း​အသိပညာ​သည် ယခု​အချိန်၌​ပင် ကျွန်ုပ်​တို့၏​ဘဝကို သာယာ​စိုပြေ​စေ​သည်။ ဥပမာ​အနေ​နှင့်၊ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ အသေအချာ​လေ့လာ​သုံးသပ်ခြင်း​အားဖြင့် အရေးပါသော ဤ​မေးခွန်းများ​၏​အဖြေကို ကျွန်ုပ်​တို့​ရရှိခဲ့ကြ​ပြီ– ဘုရားသခင့်​နာမတော်​ကား အဘယ်နည်း။ (ယေရမိ ၃၃:၂) သေလွန်သူ​များ​၏ အခြေအနေ​အမှန်​ကား အဘယ်နည်း။ (ဒေ. ၉:၅၊ ၁၀) ကမ္ဘာ​မြေကြီး​နှင့် လူသားတို့​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်ကား အဘယ်နည်း။ (ဟေရှာယ ၄၅:၁၈) ထို့​ပြင် သမ္မာကျမ်းစာ​၏ ပညာရှိ​အကြံပေး​ချက်​ကို​လိုက်နာခြင်း​သည် အကောင်းဆုံး​အသက်ရှင်​နည်း​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​တတ်သိလာ​ကြပြီ။ (ဟေရှာယ ၃၀:၂၀၊ ၂၁; ၄၈:၁၇၊ ၁၈) သို့ဖြင့် ဘဝ၏​စိုးရိမ်​ပူပန်မှု​များ​ကို ကိုင်တွယ်​ဖြေရှင်း​စေပြီး စစ်မှန်သော​ပျော်ရွှင်မှု​နှင့် ကျေနပ်​ရောင့်ရဲမှု တိုးများ​စေသည့် ဘဝ​လမ်းစဉ်​ကို​လိုက်​ရန် အထောက်အကူ​ပြုသော လမ်းညွှန်ချက်​ကောင်း​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။ အရေး​အကြီးဆုံး​မှာ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​လေ့လာ​ခဲ့​သဖြင့် ယေဟောဝါ​၏​အံ့ဖွယ်​အရည်အသွေးများ​ကို သိရှိ​လာပြီး ကိုယ်တော့်​ထံ​ချဉ်းကပ်​နိုင်​ခဲ့ပြီ။ ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ အပေါ်​အခြေပြု​သော ယေဟောဝါ​နှင့်​ရင်းနှီး​သည့်​ဆက်ဆံ​ရေး​ထက် သာ၍​အဖိုးထိုက်​သော အဘယ်အရာ​ရှိ​နိုင်​ဦး​မည်​နည်း။

ဘုရားသခင်​၏​အသိပညာကို “ဝှက်ထား​သော​ဘဏ္ဍာ” နှင့်​နှိုင်းယှဉ်​နိုင်​သည့် အကြောင်းရင်း​နောက်တစ်ခု​ရှိသေး​သည်။ ဘဏ္ဍာများ​စွာ​ကဲ့သို့​ပင် ယင်းသည် အတော်အတန်​ရှားပါး​သည်။ ကမ္ဘာ့​လူဦးရေ​သန်း​ခြောက်​ထောင်တွင် ယေဟောဝါ​အား ဝတ်ပြုသူ​ခြောက်​သန်း​ခန့် သို့​မဟုတ် ၁,၀၀၀ တွင် ၁ ဦး​သည် ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ ကို​တွေ့ရှိ​ခဲ့ပြီ။ သမ္မာကျမ်းစာ​၏ အမှန်တရားကို​သိရှိ​ရခြင်း​သည် ကြုံ​တော​င့်​ကြုံ​ခဲ​အခွင့်ထူး​ဖြစ်​ကြောင်း ပုံဖော်​ပြ​ရန် လူသေ​သောအခါ မည်သို့​ဖြစ်သွား​သနည်း​ဟူသော ကျမ်းစာ​မေးခွန်း​တစ်ခု​တည်း​ကို သုံးသပ်ကြည့်​ပါ။ စိုးလ်​သည် သေတတ်​ပြီး လူသေများ​သည် အဘယ်အရာကို​မျှ​မသိကြောင်း သမ္မာကျမ်းစာ​မှ ကျွန်ုပ်​တို့​သိရှိ​ထား​ကြပြီ။ (ယေဇကျေလ ၁၈:၄) သို့​တိုင် လူသေ​ပြီး​နောက် ကိုယ်ခန္ဓာ​အတွင်းမှ တစ်စုံတစ်ရာ​သည် ဆက်​အသက်ရှင်​၏​ဟူသော . . . အယူအဆကို ကမ္ဘာ့​ဘာသာ​တရား​အများစုက ယုံကြည်​လက်ခံ​ထား​ကြသည်။ ထို​အယူအဆ​သည် ခရစ်ယာန်ဘောင်​ဘာသာ​တရား​များ​၏ အခြေခံ​အစိတ်အပိုင်း​ဖြစ်သည်။ ဂျိန်း​ဘာသာ၊ ဂျူး​ဘာသာ၊ ဆစ်​ခ်​ဘာသာ၊ တာ​အို​ဘာသာ၊ . . . ရှင်​တို​ဘာသာ၊ . . .  . . . တို့သည်​လည်း ထို​အယူအဆကို​ခံယူ​ကြသည်။ စဉ်းစား​ကြည့်​ပါ၊ သန်းပေါင်း​များစွာသော​သူတို့သည် ဤ​အယူအဆ . . . ၏ လှည့်စားခြင်း​ကို​ခံ​နေရ​ကြသည်!

၆၊ ၇။ (က) မည်သူ​သာ​လျှင် ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ တွေ့ရှိ​နိုင်​သနည်း။ (ခ) ယေဟောဝါ​သည် “ပညာအလိမ္မာ​နှင့်​ပြည့်စုံ” သူ​အများ သဘောမပေါက်​နိုင်သော​အရာ​ကို ကျွန်ုပ်​တို့အား ထိုးထွင်း​သိမြင်​စေ​၍ ကောင်းချီး​ပေး​တော်​မူ​ကြောင်း အဘယ်​ပုံ​ဥပမာ​က ဖော်ပြ​သနည်း။

‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ ကို အဘယ်ကြောင့် လူအများ ရှာမတွေ့​ကြ​သနည်း။ လူတစ်ဦး​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကိုယ်တော်​၏​အကူအညီ​မပါဘဲ အပြည့်အဝ​နားမလည်​နိုင်​ကြသော​ကြောင့်​ဖြစ်သည်။ ဤ​အသိပညာ​သည် လက်ဆောင်​တစ်ခု​ဖြစ်​ကြောင်း သတိရပါ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ရိုးရိုးသားသား၊ နှိမ့်ချမှု​ရှိ​ရှိ​ဖြင့် ရှာဖွေ​လေ့လာ​လို​သူများကို​သာ ထို​လက်ဆောင်​ကို ယေဟောဝါ​ပေး​သနားပါ​သည်။ ထို​သူတို့သည် ‘လောက​ပညာရှိ’ များ​ဖြစ်ချင်​မှ​ဖြစ်​မည်။ (၁ ကောရိန္သု ၁:၂၆) သူတို့​အထဲ​မှ အများ​သော​သူတို့သည် လောက​စံနှုန်း​များ​အရ “လူ​တတ်​မဟုတ်၊ လူသာ​မ​ည” ဟူ၍ပင် ယူမှတ်​ခံ​ကြ​ရ​ပေမည်။ (တမန်​တော် ၄:၁၃) သို့​တိုင် ထိုသို့​ယူမှတ်​ခံရ​ခြင်း​သည် အရေး​မကြီး​ချေ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​နှလုံး​အရည်အသွေးများ​ကို တွေ့​ရှိတော်မူသော​ကြောင့် ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ နှင့် ကျွန်ုပ်​တို့ကို​ဆုချ​တော်​မူ​၏။

ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ခရစ်ယာန်ဘောင်​ရှိ ပညာရှင်​အများ​သည် သမ္မာကျမ်းစာ​ကို အနက်ဖွင့်​သည့် ကျမ်း​အမျိုးမျိုး​ထုတ်ဝေ​ထား​ကြသည်။ ၎င်းကိုး​ကား​စာပေ​များသည် သမိုင်း​နောက်ခံ၊ ဟေဗြဲ​နှင့် ဂရိ​စကားလုံး​များ​၏​အဓိပ္ပာယ်​အပြင် အခြား​အရာများ​ကို ရှင်းပြ​ပေမည်။ အဆိုပါ​ပညာရှင်​များသည် ‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ ကို​အမှန်​တွေ့ရှိ​ခဲ့​ကြပြီ​လော။ ဤ​သူတို့သည် သမ္မာကျမ်းစာ​၏​အဓိက​အကြောင်း​ဖြစ်သော ယေဟောဝါ​သာ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးခွင့်​ရှိကြောင်း ကောင်းကင်​နိုင်ငံတော်​က သံသယ​ကင်းရှင်း​စေမည်​ဟူသော​အချက်​ကို ရှင်းလင်းစွာ​နားလည်​ပါသလော။ ယေဟောဝါ​ဘုရားသခင်​သည် သုံးပါး​ပေါင်း​တစ်ဆူ​အဝင်​မဟုတ်​ကြောင်း သူတို့​သိ​ကြ​ပါသလော။ ကျွန်ုပ်​တို့​မူ ထို​အကြောင်းအရာ​တို့ကို တိကျ​မှန်ကန်​စွာ​နားလည်​ထား​ကြ​ပါ​သည်။ အဘယ်ကြောင့်​နည်း။ “ပညာအလိမ္မာ​နှင့်​ပြည့်စုံသော” သူ​အများ သဘောမပေါက်​နိုင်သော ဝိညာဉ်​ရေး​အမှန်တရား​များ​ကို ကျွန်ုပ်​တို့အား ယေဟောဝါ​ထိုးထွင်း​သိမြင်​စေတော်မူ​ခဲ့ပြီ။ (မဿဲ ၁၁:၂၅) ယေဟောဝါ​ထံ​ချဉ်းကပ်​သူများကို ကိုယ်တော်​အမှန် ကောင်းချီး​ပေး​တော်​မူ​သည်​တကား!

‘ယေဟောဝါ​သည် ကိုယ်တော်​အား​ချစ်သော​သူအပေါင်း​တို့ကို ကြည့်ရှု​စောင်မ​တော်​မူ​၏’

၈၊ ၉။ (က) ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူများ​ခံစား​ရသော ကောင်းချီး​နောက်တစ်ခု​ကို ဒါဝိဒ်​မည်သို့​ဖော်ပြ​ခဲ့​သနည်း။ (ခ) ခရစ်ယာန်စစ်​များသည် ဘုရားသခင့်​ကာကွယ်​မှု​ကို အဘယ်ကြောင့်​လိုအပ်​ကြ​သနည်း။

ယေဟောဝါ​နှင့် ရင်းနှီး​ကျွမ်းဝင်​သူများ​သည် ကိုယ်တော်​၏​ကာကွယ်​စောင့်ရှောက်မှု​ဟူသော ကောင်းချီး​နောက်​တစ်မျိုး​ခံစား​ကြ​ရသည်။ အခက်အခဲ​အမျိုးမျိုးကို​ခံ​ခဲ့​ရသော ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– “[ယေဟောဝါ] သည် ဟစ်ခေါ်​သူအပေါင်း၊ [တည်ကြည်မှု] နှင့် ဟစ်ခေါ်​သူအပေါင်း​တို့​အနီးအပါး​၌​ရှိ​တော်​မူ​၏။ ကြောက်ရွံ့​ရိုသေ​သော​သူတို့၏ အလိုကို​ပြည့်စုံ​စေ​လျက် မစခြင်း​ခံရန် သူတို့၏​အော်ဟစ်​ခြင်း​ကို​ကြား​၍ ကယ်လွှတ်​တော်​မူ​၏။ [ယေဟောဝါ] သည် ကိုယ်တော်​ကို​ချစ်သော​သူအပေါင်း​တို့အား ကြည့်ရှု​စောင်မ​တော်​မူ​၏။” (ဆာလံ ၁၄၅:၁၈-၂၀သမ္မာ) ယေဟောဝါ​သည် ကိုယ်တော်​အား ချစ်​မြတ်နိုးသူ​များ​အနီး​၌ ရှိတော်မူသော​ကြောင့် အကူအညီ​တောင်းခံ​သူတို့၏ အော်ဟစ်သံ​ကို ချက်ချင်း​ဖြေကြား​နိုင်​ပါ​သည်။

ဘုရားသခင့်​ကာကွယ်​မှု​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​လိုအပ်​သနည်း။ ဤ “ခဲယဉ်း​သော​ကာလ” တွင် အသက်ရှင်​ရခြင်း​၏ အကျိုးဆက်များ​ကို​ခံစားရ​သည့်​အပြင် ခရစ်ယာန်စစ်​များသည် ယေဟောဝါ​၏​အဓိက​ရန်သူ စာတန်​၏ အထူး​ပစ်မှတ်​ဖြစ်​ကြသည်။ (၂ တိမောသေ ၃:၁) စဉ်းလဲ​သော​ထို​ရန်သူ​သည် ကျွန်ုပ်​တို့ကို “မျို” ရန်​သန္နိ​ဋ္ဌာန်​ချထား​သည်။ (၁ ပေတရု ၅:၈) စာတန်​သည် ကျွန်ုပ်​တို့ကို​နှိပ်စက်​ညှဉ်းပန်း၊ ဖိအားပေး​၍ သွေးဆောင်​တတ်​သည်။ ထို့​ပြင် သူ​အသုံးချ​နိုင်​မည့် စိတ်နှလုံး​သဘောထားများကိုလည်း လိုက်လံ​ရှာဖွေ​လျက်​ရှိသည်။ သူ၏​ရည်မှန်းချက်​မှာ ကျွန်ုပ်​တို့ကို​ယုံကြည်ခြင်း​အားနည်းစေ​ပြီး ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို​ဖျက်ဆီး​ရန် ဖြစ်သည်။ (ဗျာ. ၁၂:၁၂၊ ၁၇) ဤမျှ​တန်ခိုး​ကြီးသော​ရန်သူ​နှင့် ကျွန်ုပ်​တို့​ဆိုင်ပြိုင်​တိုက်လှန်​နေရ​သောကြောင့် ‘ယေဟောဝါ​သည် ကိုယ်တော်​ကို​ချစ်သော​သူအပေါင်း​တို့အား ကြည့်ရှု​စောင်မ​တော်​မူ’ ကြောင်း​သိထားရ​ခြင်း​သည် အားရှိစရာ​မဟုတ်ပေ​လော။

၁၀။ (က) ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို မည်သို့​ကာကွယ်​စောင့်ရှောက်​သနည်း။ (ခ) အဘယ်​ကာကွယ်​မှု​သည် အရေးအပါဆုံး​ဖြစ်သနည်း၊ အဘယ်ကြောင့်​နည်း။

၁၀ သို့သော် ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို မည်သို့​ကာကွယ်​စောင့်ရှောက်​သနည်း။ ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​မည်​ဟူသော ကိုယ်တော်​၏​ကတိတော်​က ဤ​အစီအစဉ်​စနစ်​တွင် ကျွန်ုပ်​တို့ကို ပြဿနာ​ကင်းဝေး​စေမည်​ဟု အာမခံခြင်း​မဟုတ်ပါ; ကျွန်ုပ်​တို့အတွက် အံ့ဖွယ်အမှု​များ​ပြုလုပ်​ပေး​မည်​ဟု တာဝန်ခံ​ယူခြင်း​လည်း မဟုတ်ပါ။ သို့​တိုင် ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို အုပ်စု​တစ်စု​အနေ​နှင့် ကာယပိုင်း​ဆိုင်ရာ​ကာကွယ်​မှု​ပေး​တော်​မူ​သည်။ ကိုယ်တော်​သည် စစ်မှန်သော​ဝတ်ပြုသူ​များ​ကို ဤ​ကမ္ဘာ​မြေကြီးပေါ်​မှ စာတန်​ဖယ်ရှား​ရန် ဘယ်​သောအခါ​မျှ ခွင့်ပြု​မည်​မဟုတ်ပါ! (၂ ပေတရု ၂:၉) ထို့​ထက်​ကား ဝိညာဉ်​ရေး​အရ ကျွန်ုပ်​တို့ကို ယေဟောဝါ​ကာကွယ်​ပေး​ပါ​သည်။ ကျွန်ုပ်​တို့သည် စမ်းသပ်မှု​များ​ခံရပ်​နိုင်​ရန်၊ ကိုယ်တော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ကောင်း​နေ​စေရန် လိုအပ်​သည့်​အကူအညီ​များ​ကို ကိုယ်တော်​ပေးအပ်​ထား​ပါ​သည်။ ရေရှည်​တွင် ဝိညာဉ်​ရေး​ကာကွယ်​မှု​သည် အရေးအပါဆုံး​ဖြစ်၏။ အဘယ်ကြောင့်​နည်း။ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ကောင်း​မြဲ​ကောင်း​နေ​သမျှ​ကာလပတ်လုံး မည်သည့်​အရာ​မျှ—သေခြင်း​ပင်​လျှင်—ကျွန်ုပ်​တို့ကို အမြဲ​ဘေးပြု​နိုင်​မည်​မဟုတ်ပါ။—မဿဲ ၁၀:၂၈

၁၁။ ယေဟောဝါ​သည် လူမျိုးတော်​၏​ဝိညာဉ်​ရေး​ကို ကာကွယ်​ပေး​ရန် အဘယ်​ပြင်ဆင်ချက်​များ ပြုလုပ်​ပေး​ထား​သနည်း။

၁၁ ယေဟောဝါ​သည် မိမိ​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူများ ဝိညာဉ်​ရေး​ဘက်​အကာအကွယ်​ရ​ရန် ပြင်ဆင်​ပေး​ချက်​များ အလျှံပယ်​ပြုလုပ်​ထား​၏။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​အားဖြင့် စမ်းသပ်မှု​အမျိုးမျိုးကို ရင်ဆိုင်​ကျော်လွှား​နိုင်​ရန် ဉာဏ်ပညာ​ကို​ပေး​ထား​သည်။ (ယာကုပ် ၁:၂-၅) သမ္မာ​ကျမ်းစာ​ပါ လက်တွေ့ကျ​သော​အကြံပေး​ချက်​ကို လိုက်နာ​ကျင့်သုံး​ခြင်း​သည် အရေးပါ​အရာရောက်​သည်။ ထို့​အပြင် ယေဟောဝါ​သည် “ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်” ပေးသနား​တော်​မူ​၏။ (လုကာ ၁၁:၁၃) ထို​ဝိညာဉ်တော်သည် စကြဝဠာ​တွင် တန်ခိုး​အကြီးဆုံး​စွမ်းအား​ဖြစ်​ရာ ကျွန်ုပ်​တို့​ရင်ဆိုင်​ကြုံတွေ့​ရသော မည်သည့်​စမ်းသပ်မှု၊ မည်သည့်​သွေးဆောင်မှု​ကို​မဆို အောင်မြင်​ကျော်လွှား​နိုင်​စေ​သည်။ ယေဟောဝါ​သည် ခရစ်တော်​မှ​တစ်ဆင့် “လူ့​အသွင်​ဆုလာဘ်များ” ကို​ပေး​ထား​သည်။ (ဧဖက် ၄:၈က​ဘ) ဝိညာဉ်​ရေး​အရ အရည်အချင်း​ပြည့်မီ​သော ဤ​အမျိုးသားများသည် ဝတ်ပြုသူချင်း​များ​ကို အကူအညီ​ပေး​ရန် ယေဟောဝါ​ကိုယ်တော်တိုင်​တင်ပြ​သည့် လှိုက်လှဲသော​သနား​ကြင်နာ​ခြင်း​ကို ကြိုးစား​ထင်ဟပ်ပြ​ကြသည်။—ယာကုပ် ၅:၁၄၊ ၁၅

၁၂၊ ၁၃။ (က) ယေဟောဝါ​သည် အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့ကို အချိန်တန်​ဝိညာဉ်​အစာ​ကျွေး​တော်​မူ​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အကျိုးအတွက် ယေဟောဝါ​ပြင်ဆင်​ပေး​သော​အရာများ​ကို သင်​မည်သို့​သဘောထား​သနည်း။

၁၂ ကျွန်ုပ်​တို့ကို​ကာကွယ်​စောင့်ရှောက်​ရန် အချိန်တန်​ဝိညာဉ်​အစာကို​လည်း ယေဟောဝါ​ပြင်ဆင်​ပေး​ပါ​သည်။ (မဿဲ ၂၄:၄၅) ကင်းမျှော်စင်​နှင့် နိုးလော့!ဂျာနယ်​များ​အပါအဝင် အခြား​ပုံနှိပ်​စာပေ​စာတမ်းများနှင့် အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​အားဖြင့် ကျွန်ုပ်​တို့​လိုအပ်သော​အရာ​ကို လိုအပ်​သည့်​အချိန်တွင် ယေဟောဝါ​ပေးသနား​တော်​မူ​၏။ ခရစ်ယာန်​အစည်းအဝေး​တစ်ခုခု​တွင် သင့်​နှလုံးကို​ထိမိ​ပြီး သင့်ကို​ခွန်အား​ရှိစေ​သော၊ သို့​မဟုတ် နှစ်သိမ့်​ပေး​ခဲ့​သော အကြောင်း​တစ်စုံတစ်ရာ​ကို ကြားနာ​ခဲ့​ချိန်​ကို သင်​ပြန်​အမှတ်ရ​သလော။ အထက်​ဖော်ပြ​ပါ ဂျာနယ်​များ​ထဲ​မှ ဆောင်းပါး​တစ်ပုဒ်​ကို​ဖတ်ရှု​ပြီး သင့်အတွက်​ရေးထားသည်​ဟု ခံစားရ​ဖူး​သလော။

၁၃ စာတန်​၏ အထိရောက်ဆုံး​လက်နက်​တစ်ခု​မှာ စိတ်ပျက်​အားလျော့ခြင်း​ဖြစ်​ပြီး ကျွန်ုပ်​တို့သည် ယင်း​၏​အကျိုးဆက်များ​ကို ပြီး​နေ​သူများ​မဟုတ်​ကြ​ပေ။ ကြာရှည်​စိတ်ပျက်​အားလျော့ခြင်း​သည် ကျွန်ုပ်​တို့ကို ခွန်အား​မဲ့​စေနိုင်​ပြီး ထိခိုက်​လွယ်​သူများ​ပင်​ဖြစ်စေ​နိုင်​ကြောင်း စာတန်​ကောင်းစွာ​သိ​သည်။ (သု. ၂၄:၁၀) အပျက်​သဘောထားများကို စာတန်​အသုံးချ​ဖို့ ကြိုးစား​နေသော​ကြောင့် ကျွန်ုပ်​တို့​အကူအညီ​လို​သည်။ စိတ်ပျက်​အားလျော့ခြင်း​ကို တွန်းလှန်​နိုင်​ရန် ကျွန်ုပ်​တို့အတွက် အထောက်အကူ​ဖြစ်​မည့်​ဆောင်းပါး​များ​ကို ကင်းမျှော်စင်​နှင့် နိုးလော့!မဂ္ဂဇင်း​များ​က အခါ​အား​လျော်​စွာ ပုံနှိပ်​ထုတ်ဝေ​ပေး​ပါ​သည်။ အဆိုပါ​ဆောင်းပါး​တစ်ပုဒ်​နှင့်​စပ်လျဉ်း၍ ခရစ်ယာန်​ညီအစ်မ​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “အဲဒီ​ဆောင်းပါး​ကို ကျွန်မ နေ့တိုင်း​လို​လို​ပဲ​ဖတ်​တယ်၊ ဖတ်​တိုင်း​လည်း မျက်ရည်ကျ​တာ​ပဲ။ စိတ်ဓာတ်ကျ​တဲ့​အခါတိုင်း ပြန်ဖတ်​နိုင်​ဖို့ ကျွန်မ​ရဲ့​အိပ်ရာ​နား​မှာ အဲဒီ​မဂ္ဂဇင်း​ကို​ထား​တယ်။ ဒီလို​ဆောင်းပါး​တွေ​က ယေဟောဝါ​ရဲ့ ကာကွယ်​ထွေးပိုက်​မှု​ကို ကျွန်မ​ခံစားရ​သလို​ဖြစ်စေ​တယ်။” * အချိန်တန်​ဝိညာဉ်​အစာ ကျွေးမွေး​ပေး​သောကြောင့် ယေဟောဝါ​အား ကျေးဇူး​တင်​ကြသည်​မဟုတ်ပေ​လော။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အကျိုးအတွက် ကိုယ်တော်​ပြင်ဆင်​ပေး​သည့်​အရာများ​က ကိုယ်တော်​သည် ကျွန်ုပ်​တို့​အနီးအပါး​၌​ရှိပြီး ကိုယ်တော်​၏ ကာကွယ်​စောင့်ရှောက်မှု​အောက် ကျွန်ုပ်​တို့ကို​ထား​ရှိကြောင်း သက်သေထူ​သည်ကို​သတိရပါ။

‘ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော​အရှင်’ ထံ​ချဉ်းကပ်

၁၄၊ ၁၅။ (က) ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူများ​အပေါ် ကိုယ်တော်​အဘယ်​ကောင်းချီး ပေးသနား​တော်​မူ​သနည်း။ (ခ) ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ လွတ်လပ်​စွာ​ချဉ်းကပ်​ခွင့်​ရခြင်း​သည် အဘယ်ကြောင့်​အခွင့်ထူး​ဖြစ်သနည်း။

၁၄ လူသား​တို့သည် တန်ခိုး​အာဏာ​ရလာ​သည်​နှင့်​အမျှ သူတို့၏​လက်အောက်ခံ​များ သူတို့​ထံ​ချဉ်းကပ်​ရ​ခက်​လာလေ့​ရှိကြောင်း သင်​သတိပြုမိ​သလော။ သို့သော် ယေဟောဝါ​ဘုရားသခင်​ကော မည်သို့​နည်း။ ကိုယ်တော်​သည် လူသား​မျှ​သာ​ဖြစ်သော သူတို့၏​စကား​များ​ကို စိတ်ဝင်စား​ဖို့ အလှမ်းဝေး​လွန်း​သလော။ လုံးဝ​မဟုတ်ပေ! ကိုယ်တော်​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူများ​အား ယေဟောဝါ​ပေးသနား​သော နောက်ထပ်​ကောင်းချီး​တစ်ခု​မှာ ဆုတောင်းခြင်း​ဆုကျေးဇူး​ဖြစ်သည်။ ‘ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော​အရှင်’ ထံ လွတ်လပ်​စွာ​ချဉ်းကပ်​ခွင့်​ရခြင်း​သည် အမှန်ပင်​အခွင့်ထူး​တစ်ရပ်​ဖြစ်သည်။ (ဆာလံ ၆၅:၂က​ဘ) အဘယ်ကြောင့်​နည်း။

၁၅ ဥပမာ​အနေ​နှင့် ကြီးမားသော​ကော်ပိုရေးရှင်း​တစ်ခု​၏ အမှုဆောင်​လူကြီး​တစ်ဦး​၌ တာဝန်​များစွာ​ရှိ၏။ သူကိုယ်တိုင် မည်သည့်​ကိစ္စရပ်​များ​ကို ကိုင်တွယ်​ဖြေရှင်း၍ အဘယ်​ကိစ္စ​များ​ကို အခြားသူများ​အား လွှဲအပ်​ပေး​မည်​ကို သူ​ဆုံးဖြတ်​သည်။ အလားတူ​ပင် စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​သည် အဘယ်​ကိစ္စရပ်​များ​ကို ကိုယ်တိုင်​ဆောင်ရွက်​ပြီး အဘယ်​ကိစ္စရပ်​များ​ကို လွှဲအပ်​မည်​ကို ဆုံးဖြတ်​ပိုင်ခွင့်​ရှိသည်။ ယေဟောဝါ​သည် ကိုယ်တော်​၏​ချစ်​သား ယေရှု​အား လွှဲအပ်​ပေး​ထား​ရာ​များ​ကို သုံးသပ်ကြည့်​ပါ။ သားတော်​အား “တရား​စီရင်ခြင်း​အခွင့်” အပ်ပေး​ထား​သည်။ (ယောဟန် ၅:၂၇) ကောင်းကင်တမန်​များ​ကို “ကိုယ်တော့်​အောက်​၌ ချထား​တော်​မူ” ၏။ (၁ ပေတရု ၃:၂၂သမ္မာ) ယေဟောဝါ​သည် မြေကြီးပေါ်​ရှိ​တပည့်​များ​ကို ယေရှု​ဦးဆောင်​နိုင်​ရန် ကိုယ်တော်​၏​တန်ခိုး​ကြီးသော သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ပေးအပ်​ထား​၏။ (ယောဟန် ၁၅:၂၆; ၁၆:၇) ထို့​ကြောင့် ယေရှု​က “ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း၊ စီရင်ပိုင်​သော​အခွင့်တန်ခိုး​ရှိသမျှ​တို့ကို ငါ​ခံရ​ပြီ” ဟု​ဆိုနိုင်​ခဲ့​သည်။ (မဿဲ ၂၈:၁၈) သို့​တိုင် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များနှင့်​ပတ်သက်​၍​မူကား ယေဟောဝါ​ကိုယ်တော်တိုင် ပါဝင်​ပတ်သက်​ရန် ရွေးချယ်​တော်​မူ​၏။ ယင်းကြောင့် သမ္မာကျမ်းစာ​က ယေရှု၏​နာမကို​အမှီပြု၍ ယေဟောဝါ​တစ်ပါး​တည်း​ထံ​သာ ဆုတောင်း​ကြ​ရန် ကျွန်ုပ်​တို့ကို​ညွှန်ကြား​ထားခြင်း​ဖြစ်သည်။—ဆာလံ ၆၉:၁၃; ယောဟန် ၁၄:၆၊ ၁၃

၁၆။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို အမှန်တကယ်​နားညောင်း​တော်​မူ​ကြောင်း အဘယ်ကြောင့်​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၆ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို အမှန်တကယ်​နားထောင်ပါ​သလော။ ကိုယ်တော်​သာ ကျွန်ုပ်​တို့ကို​စိတ်မဝင်စား၊ အမှု​မထား​ပါ​က “ဆုတောင်း . . . ခြင်း​အမှုကို အမြဲ​ပြု” ပါ၊ ကျွန်ုပ်​တို့၏​ဝန်ထုပ်ဝန်ပိုး​များနှင့် စိုးရိမ်​ပူပန်မှု​များ​ကို ကိုယ်တော်၌​အပ်နှံ​ပါ​ဟု ဘယ်​သောအခါ​မျှ တိုက်တွန်း​တော်​မူ​မည်​မဟုတ်ပေ။ (ရောမ ၁၂:၁၂; ဆာလံ ၅၅:၂၂; ၁ ပေတရု ၅:၇) သမ္မာကျမ်းစာ​ခေတ်​မှ တည်ကြည်သော​ကျေးကျွန်​များသည် ဆုတောင်းချက်​များ​ကို ယေဟောဝါ​နားညောင်း​တော်​မူ​ကြောင်း အခိုင်အမာ​ယုံကြည်​စိတ်ချ​ခဲ့​ကြသည်။ (၁ ယောဟန် ၅:၁၄) ထို့​ကြောင့် ဆာလံဆရာ​ဒါဝိဒ်က “[ယေဟောဝါ​သည်] ငါ​၏​အသံကို​ကြား​တော်​မူ​မည်” ဟု​ဖော်ပြ​ခဲ့​သည်။ (ဆာလံ ၅၅:၁၇) ယေဟောဝါ​သည် ကျွန်ုပ်​တို့​အနီးအပါး​၌​ရှိ၍ ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​ဟူသ၍​ကို နားထောင်​ရန်​အသင့်​ရှိကြောင်း ယုံကြည်​စိတ်ချ​စ​ရာ အကြောင်း​မြောက်မြားစွာ​ရှိသည်။

ကျေးကျွန်​များ​ကို ယေဟောဝါ​ဆုချ

၁၇၊ ၁၈။ (က) အသိဉာဏ်​ရှိ​သတ္တဝါများ တည်ကြည်​စွာ​ဆောင်ရွက်​သော​အမှုတို့​ကို ယေဟောဝါ​မည်သို့​ယူမှတ်​သနည်း။ (ခ) ကျွန်ုပ်​တို့၏ သနား​ကြင်နာ​သော​လုပ်ရပ်များ​ကို ယေဟောဝါ​ဂရုပြု​တော်​မူ​ကြောင်း နယပုံပြင် ၁၉:၁၇ က​ဖော်ပြ​ပုံ​ကို ရှင်းပြပါ။

၁၇ ယေဟောဝါ​သည် အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​ဖြစ်သော​ကြောင့် လူသား​မျှ​ဖြစ်သူ​တို့ ပြုလုပ်​သည့်​အရာ၊ မပြု​လုပ်​သည့်​အရာ​တို့​က ကိုယ်တော်​အား အကျိုး​သက်ရောက်ခြင်း​မရှိပေ။ သို့ရာတွင် ယေဟောဝါ​သည် ကျေးဇူး​တင်​လေးမြတ်တတ်သော ဘုရားသခင်​ဖြစ်​တော်​မူ​၏။ အမှန်​မှာ ကိုယ်တော်​သည် မိမိ၏​အသိဉာဏ်​ရှိ​သတ္တဝါများ တည်ကြည်​စွာ​ဆောင်ရွက်​သော​အမှုတို့​ကို တန်ဖိုး​ထားပြီး အမှန်​မြတ်နိုး​တော်​မူ​၏။ (ဆာလံ ၁၄၇:၁၁) သို့​ဖြစ်၍ ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူတို့ ခံစား​ရသော​အကျိုးကျေးဇူး​နောက်တစ်ခု​မှာ ကိုယ်တော်​ပေး​သော​ဆု​ကို​ရခြင်း​ဖြစ်သည်။—ဟေဗြဲ ၁၁:၆

၁၈ ယေဟောဝါ​သည် မိမိ​အား ဝတ်ပြုသူ​များ​လုပ်ဆောင်​ရာ​တို့ကို တန်ဖိုး​ထား​ကြောင်း သမ္မာကျမ်းစာ​က အတိအလင်း​ဖော်ပြ​သည်။ သာဓက​အနေ​နှင့် ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ဆင်းရဲသား​ကို​သနားသော​သူသည် ထာဝရ​ဘုရား​အား​ချေးငှား​သော​သူ​ဖြစ်၍ သူ​ပြုသော​အမှု​၏​အကျိုးကို ဆပ်ပေး​တော်​မူ​လိမ့်​မည်။” (သု. ၁၉:၁၇) ယေဟောဝါ​သည် ဆင်းရဲသား​များ​ကို သနား​ညှာတာ​ကြောင်း မောရှေ​ပညတ်​က​ဖော်ပြ​သည်။ (ဝတ်ပြုရာ ၁၄:၂၁; ၁၉:၁၅) ဆင်းရဲ​နွမ်းပါး​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် ယေဟောဝါ​၏​သနား​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​အတုယူ​ခြင်း​ကို ကိုယ်တော်​မည်သို့​ယူမှတ်​သနည်း။ ပြန်​ရဖို့​မမျှော်လင့်​ဘဲ နွမ်းပါး​သူများကို ကျွန်ုပ်​တို့​ပေးကမ်း​သောအခါ ကိုယ်တော်​အား ချေးငှား​သည်​ဟု ယေဟောဝါ​ရှုမြင်တော်မူ​၏။ ကိုယ်တော်​သည် ထို​အကြွေး​ကို မျက်နှာသာ​ပြ​ခြင်း၊ ကောင်းချီး​ပေးခြင်း​အားဖြင့် ပြန်ဆပ်​မည်​ဟု​ကတိပြု​တော်​မူ​၏။ (သု. ၁၀:၂၂; မဿဲ ၆:၃၊ ၄; လုကာ ၁၄:၁၂-၁၄) နွမ်းပါး​သော​ယုံကြည်သူချင်း​တစ်ဦး​အား ကျွန်ုပ်​တို့ သနား​ကြင်နာ​မှု​ပြ​သောအခါ ယေဟောဝါ​၏​စိတ်တော်​ကို ရွှင်လန်း​စေ​သည်။ ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့၏​သနား​ကြင်နာ​သော​လုပ်ရပ်များ​ကို ဂရုပြု​တော်​မူ​ကြောင်း​သိရ​သဖြင့် အမှန်​ကျေးဇူး​တင်စရာ​ပင်!—မဿဲ ၅:၇

၁၉။ (က) ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့​လုပ်ဆောင်​ရာ​ကို ယေဟောဝါ​တန်ဖိုး​ထား​ကြောင်း အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။ (ခ) ယေဟောဝါ​၏​နိုင်ငံတော်​အကျိုးအတွက် လုပ်ဆောင်​သည့်​လုပ်ရပ်များ​ကို ကိုယ်တော်​မည်သို့​ဆုချ​တော်​မူ​သနည်း။

၁၉ ယေဟောဝါ​သည် အထူးသဖြင့် ကိုယ်တော်​၏​နိုင်ငံတော်​အကျိုးအတွက် ကျွန်ုပ်​တို့​ပြု​သမျှ​ကို တန်ဖိုး​ထား​တော်​မူ​၏။ ယေဟောဝါ​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​ကြသောအခါ ကျွန်ုပ်​တို့သည် နိုင်ငံတော်​သတင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​၌ အပြည့်အဝ​ပါဝင်​ရန် ကျွန်ုပ်​တို့၏​အချိန်၊ ခွန်အား​နှင့် စည်းစိမ်ဥစ္စာ​များ​ကို အသုံးပြု​လို​ခြင်း​သည် ဓမ္မတာ​ပင်​ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) တစ်ခါတစ်ရံ ကျွန်ုပ်​တို့​အဘယ်အရာမျှ​မအောင်မြင်​ဟု ခံစားရ​ပေမည်။ ကျွန်ုပ်​တို့၏​ကြိုးပမ်းမှု​များ​ကို ယေဟောဝါ​နှစ်သက်ပါ​မည်​လော​ဟူ၍ပင် ကျွန်ုပ်​တို့၏​မစုံလင်​သော​နှလုံး​က စဉ်းစား​စေ​ပေမည်။ (၁ ယောဟန် ၃:၁၉၊ ၂၀) သို့သော် မေတ္တာ​၏​စေ့ဆော်မှု​အားဖြင့် နှလုံး​ပါ​စွာ​ပေး​သော ကျွန်ုပ်​တို့၏​ပေးဆက်​ရာ​ဟူ​သမျှ​သည် မည်မျှ​ပင်​သေးငယ်​ပါစေ ယေဟောဝါ​တန်ဖိုး​ထား​လေးမြတ်​တော်​မူ​၏။ (မာကု ၁၂:၄၁-၄၄) သမ္မာကျမ်းစာ​က ‘သင်တို့​ပြုသော​အမှု​မှ​စ၍ နာမတော်​ကို​ထောက်၍​ပြ​သော သင်တို့၏​မေတ္တာကို မေ့လျော့​သည်​တိုင်အောင် ဘုရားသခင်​သည် ဖြောင့်မတ်ခြင်း​ကင်း​တော်​မူ​သည်မဟုတ်’ ဟု​ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​သည်။ (ဟေဗြဲ ၆:၁၀က​ဘ) ယေဟောဝါ​သည် ကိုယ်တော်​၏​နိုင်ငံတော်​အကျိုး​စီးပွား​အတွက် လုပ်ဆောင်​သည့် အသေးငယ်ဆုံး​လုပ်ရပ်များ​ကို​ပင် သတိ​ရမှတ်​မိ​ပြီး ဆုချ​တော်​မူ​၏။ ယခု​အချိန်၌ ကျွန်ုပ်​တို့​ခံစား​နေရ​သော ဝိညာဉ်​ရေးရာ ကောင်းချီး​မြောက်မြားစွာ​အပြင် လာ​မည့်​ကမ္ဘာသစ်​တွင် ပျော်မွေ့​စ​ရာ​များစွာကို ကျွန်ုပ်​တို့​စောင့်မျှော်​နိုင်​ကြသည်၊ ထို​တွင် ယေဟောဝါ​သည် လက်တော်ကို​ကျယ်ကျယ်​ဖွင့်​၍ ကိုယ်တော်​နှင့်​ရင်းနှီး​ကျွမ်းဝင်​သူအား​လုံး​၏ ဖြောင့်မတ်​သော​ဆန္ဒ​များ​ကို ရောင့်ရဲ​တင်းတိမ်​စေပါ​လိမ့်​မည်!—ဆာလံ ၁၄၅:၁၆; ၂ ပေတရု ၃:၁၃

၂၀။ ၂၀၀၃ ခုနှစ်​တစ်လျှောက်​လုံး​တွင် ကျွန်ုပ်​တို့၏​နှစ်ချုပ်​ကျမ်းချက်​ပါ စကား​များ​ကို မည်သို့​စိတ်​စွဲမှတ်​ထား​နိုင်​သနည်း၊ အဘယ်​အကျိုးကျေးဇူး​ခံစားရ​မည်​နည်း။

၂၀ ၂၀၀၃ ခုနှစ်​တစ်လျှောက်​လုံး​တွင် ကျွန်ုပ်​တို့သည် ကောင်းကင်​ခမည်းတော်​ထံ ချဉ်းကပ်​ဖို့ အဆက်မပြတ်​ကြိုးပမ်း​နေ​မနေ ကိုယ့်​ကိုယ်ကို​မေး​ကြ​စို့​လေ။ ထိုသို့​ကြိုးပမ်း​နေကြ​မည်​ဆိုလျှင် ကတိ​ထား​တော်​မူ​သည့်​အတိုင်း ကိုယ်တော်​ပြု​တော်​မူ​မည်​ကို ယုံကြည်​စိတ်ချ​နိုင်၏။ ထို့​ထက်​ကား ‘ဘုရားသခင်​သည် မုသာ​နှင့်​ကင်းစင်​တော်​မူ​၏။’ (တိတု ၁:၁) သင်သည် ကိုယ်တော့်​ထံ​ချဉ်းကပ်​မည်​ဆိုလျှင် သင့်ထံ ကိုယ်တော်​ချဉ်းကပ်​ပါ​လိမ့်​မည်။ (ယာကုပ် ၄:၈) ထို​အခါ အဘယ်​အကျိုးကျေးဇူး​ခံစားရ​မည်​နည်း။ ယခု​ပင် ကောင်းချီး​မြောက်မြားစွာ​ခံစား​ရပြီး ထာဝရ​ကာလပတ်လုံး ယေဟောဝါ​ထံ ပိုမို​နီးကပ်​စွာ​ချဉ်းကပ်​ရမည့် အခွင့်အရေး​ရှိ​မည်​တည်း!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ကင်းမျှော်စင်၊ ၂၀၀၀၊ မေ ၁၊ စာမျက်နှာ ၂၈-၃၁ ပါ “ယေဟောဝါ​သည် ကျွန်ုပ်​တို့​စိတ်နှလုံး​ထက် သာ၍​ကြီးမြတ်” ဟူသော​ဆောင်းပါး​ကို တုံ့ပြန်​ချက်။

သင်​မှတ်မိ​သလော

• ယေဟောဝါ​ထံ​ချဉ်းကပ်​သူများကို ကိုယ်တော်​အဘယ်​လက်ဆောင် ပေး​တော်​မူ​သနည်း။

• ယေဟောဝါ​သည် မိမိလူ​မျိုး​တော်​၏​ဝိညာဉ်​ရေး​ကို ကာကွယ်​ပေး​ရန် အဘယ်​ပြင်ဆင်ချက်​များ ပြုလုပ်​ထား​သနည်း။

• ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ လွတ်လပ်​စွာ​ချဉ်းကပ်​ခွင့် ရခြင်း​သည် အဘယ်ကြောင့်​အခွင့်ထူး​ဖြစ်သနည်း။

• အသိဉာဏ်​ရှိ​သတ္တဝါများ တည်ကြည်​စွာ​ဆောင်ရွက်​သော​အမှု​များ​ကို ယေဟောဝါ​တန်ဖိုး​ထား​ကြောင်း သမ္မာကျမ်းစာ​က မည်သို့​ဖော်ပြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ဝိညာဉ်​ရေး​အမှန်တရား​များ​ကို ကျွန်ုပ်​တို့အား ထိုးထွင်း​သိမြင်​စေခြင်း​ဖြင့် ကောင်းချီး​ပေး​ခဲ့ပြီ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ဝိညာဉ်​ရေး​ကာကွယ်​မှု ပေးသနား

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် ကျွန်ုပ်​တို့​အနီးအပါး​၌​ရှိ၍ ကျွန်ုပ်​တို့၏ ဆုတောင်းချက်​တိုင်း​ကို နားညောင်း​ရန်​အသင့်ရှိ