မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်မဘဝကို ပြောင်းလဲစေခဲ့သည့် စာတိုလေးတစ်စောင်

ကျွန်မဘဝကို ပြောင်းလဲစေခဲ့သည့် စာတိုလေးတစ်စောင်

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်မ​ဘဝကို ပြောင်းလဲ​စေ​ခဲ့​သည့် စာတိုလေး​တစ်စောင်

အိုင်​ရင်း ဟို​ခ်​စ​တန်​ဘာ​ခ်​ပြောပြ​သည်

၁၉၇၂ ခုနှစ်၊ အင်္ဂါ​တစ်နေ့​ရဲ့ ညနေပိုင်း​မှာ ဖြစ်ပျက်​ခဲ့​တာ​ပါ။ အဲ့ဒီ​တုန်း​က ကျွန်မ​အသက် ၁၆ နှစ်​ဖြစ်​ပြီး နယ်သာလန်​နိုင်ငံ၊ ဘ​ရိုဘိုင်န်​ခရိုင်၊ အဲ​န်​ဟို​ဗဲန်​မြို့က ဘာသာရေး​အစည်းအဝေး​တစ်ခု​ကို မိဘတွေ​နဲ့​အတူ တက်​ခဲ့​တဲ့​အချိန်​မှာ​ပေါ့။ ကျွန်မ​ဟာ စိတ်​အားငယ်​လာပြီး တခြား​တစ်​နေရာ​ရာ​မှာ​ရှိရင် ကောင်း​မှာပဲ​လို့ စဉ်းစား​မိတယ်။ အဲ့ဒီ​အချိန်​မှာပဲ မိန်းမပျို​လေးနှစ်​ယောက်​က ကျွန်မ​ကို “ချစ်လှစွာ​သော အိုင်​ရင်း၊ မင်းကို ဒို့​ကူညီပေး​ချင်​တယ်” ဆို​တဲ့ စာတိုလေး​တစ်စောင် လှမ်းပေး​ခဲ့တယ်။ အဲ့ဒီ​စာတိုလေး​ဟာ ကျွန်မ​ဘဝကို ဘယ်​အထိ ပြောင်းလဲ​သွား​စေမယ်​ဆိုတာ ကျွန်မ,မသိခဲ့ဘူး။ ဒါပေမဲ့ နောက်​ဘာတွေ​ဆက်​ဖြစ်တယ်​ဆိုတာ​ကို မပြောပြ​ခင် ကျွန်မ​ရဲ့​နောက်ခံ​ကို ပြောပြ​ပါ​ရစေ။

အင်ဒိုနီးရှား​နိုင်ငံ​က ဘာ​လက်​တန်​ကျွန်း​မှာ ကျွန်မ​ကို​မွေးတယ်။ အဲ့ဒီ​အပူပိုင်း​ဇုန်​ကျွန်း​က အသံဗလံ​တချို့​ဖြစ်​တဲ့ အုန်း​လက်တွေ​ကို လေ​တိုက်ခတ်​သံ၊ မြစ်​နံဘေး​က ရေ​ညည်း​သံ၊ အိမ်​ပတ်ဝန်းကျင်​မှာ ကစား​နေကြ​တဲ့ ကလေး​တွေ​ရဲ့ ရယ်မော​သံ၊ အိမ်ထဲမှာ ကြား​ရတဲ့ သီချင်း​သံ​တွေ​ကို ကျွန်မ​မှတ်မိ​သေး​တယ်။ ကျွန်မ​အသက်​လေးနှစ်​ရှိတဲ့ ၁၉၆၀ ပြည့်နှစ်​မှာ အင်ဒိုနီးရှား​နိုင်ငံ​ကနေ နယ်သာလန်​နိုင်ငံ​ကို မိသားစု​လိုက် ပြောင်း​ခဲ့​ကြတယ်။ သင်္ဘော​နဲ့ ခရီး​အဝေးကြီး​သွားခဲ့​ရတယ်၊ အထူးသဖြင့် ကျွန်မ​မှတ်မိ​တဲ့ အသံ​က​တော့ ကျွန်မ​ယူလာခဲ့​တဲ့ ကျွန်မ​အကြိုက်ဆုံး ဒ​ရမ်​တစ်စုံ​ပါ​တဲ့ လူ​ရွှင်​တော်​အရုပ်​ကလေး​ရဲ့ အသံ​ပါ​ပဲ။ ကျွန်မ​အသက် ခု​နစ်​နှစ်မှာ ဖျားနာ​ပြီး အကြားအာရုံ​ပျက်​သွား​ကတည်းက ဘာ​အသံကို​မှ မကြား​ရတော့ဘူး။ ဒါ​ကြောင့် ကျွန်မ​မှတ်ဉာဏ်​ထဲမှာ​ပဲ အသံ​တွေ ကျန်​တော့​တယ်။

နားပင်း​လျက် တဖြည်းဖြည်း​ကြီးပြင်း​လာ​ခြင်း

မိဘတွေရဲ့ ဂရုစိုက်​ကြည့်ရှု​မှု​ကြောင့် အစ​မှာ​တော့ နားပင်း​ခြင်း​အကျိုးဆက်​တွေ​ကို အပြည့်အဝ နားမလည်​ခဲ့​ဘူး။ ကလေး​ဘဝ​တုန်း​က​ဆိုရင် ကျွန်မ​ရဲ့​နားကြပ်​ကြီး​ကို​တောင် ကစားစရာ​လို့​ထင်​ခဲ့​တာ၊ အဲ့​ဒါလည်း ကျွန်မ​အတွက် သိပ်​အသုံးမဝင်​ခဲ့​ဘူး။ ပတ်ဝန်းကျင်​မှာ​ရှိတဲ့ ကလေး​တွေ​က ကျွန်မ​ကို စကားပြော​ချင်​တဲ့​အခါ လမ်းဘေး​စင်္ကြံ​ပေါ်မှာ မြေ​ဖြူ​ခဲ​နဲ့ စာတန်း​အရှည်ကြီး​ရေး​ပြီး ပြော​ကြတယ်၊ ကိုယ့်​အသံကို ကိုယ်​မကြား​ရပေမဲ့ သူတို့ကို ကျွန်မ​ပြန်​ပြော​နိုင်တယ်။

တဖြည်းဖြည်း​ကြီး​လာတဲ့အခါ တခြား​သူတွေနဲ့ ကျွန်မ,မတူ​ပါ​လား​ဆိုတာ သတိပြုမိ​လာတယ်။ တခြား​သူတွေက ကျွန်မ​ကို အ​ဖက်​မ​လုပ်ကြ​တော့​ဘူး၊ တချို့​ကျ​တော့ ကျွန်မ​နားပင်း​တာ​ကို ရ​ယ်​စ​ရာ​လုပ်ကြ​တာ​ကိုလည်း သတိထား​မိ​လာတယ်။ ဒါနဲ့​ပဲ အထီးကျန်​သလို ခံစား​လာ​ရတယ်။ နားပင်း​ခြင်း​အကျိုးဆက်​တွေ​ကို ကျွန်မ​သဘောပေါက်​လာတယ်၊ အသက်ကြီး​လာ​လေ နား​ကောင်းကောင်း​ကြား​ရတဲ့ လူ့​အသိုင်းအဝိုင်း​ကို ပို​ပြီး​ကြောက်ရွံ့​လာ​လေ​ပဲ။

နားပင်း​သူတွေ​အတွက် အထူး​ဖွင့်​ထား​တဲ့​ကျောင်း​ကို ကျွန်မ​တက်​နိုင်​ဖို့ လင်း​ဗာခ်​နယ်​က ရွာ​ကလေး​ကနေ အဲ​န်​ဟို​ဗဲန်​မြို့ကို မိသားစု​လိုက် ပြောင်း​ခဲ့​ကြတယ်။ အဲ့ဒီ​မြို့မှာ အဖေက အလုပ်ရှာ​လုပ်ပြီး ကျွန်မ​ရဲ့​မောင်လေး​နဲ့ အစ်မ​တွေ​က ကျောင်း​အသစ်​ကို တက်​ခဲ့​ကြတယ်။ ကျွန်မ​အတွက်​နဲ့ သူတို့ အဲ့ဒီ​လို ပြုပြင်​ပြောင်းလဲ​ခဲ့​တာ​ကို ကျေးဇူး​တင်​ပါ​တယ်။ ကျောင်း​မှာ ကျွန်မ​ရဲ့​အသံကို အတိုး​အ​လျော့​လုပ်တတ်​ဖို့၊ ပီပီသသ​ပြောတတ်​ဖို့ သင်ပေးတယ်။ ဆရာ​တွေ​က လက်ဟန်ပြ​ဘာသာ​စကား​ကို မ​သုံး​ကြ​ပေမဲ့ အတန်းဖော်​တွေ​က လက်ဟန်ပြ​တတ်​ဖို့ သင်ပေးတယ်။

ကျွန်မ​ရဲ့​ကမ္ဘာ​လေး​ထဲမှာ အသက်ရှင်ခြင်း

ကျွန်မ​ကြီး​လာတော့ မိဘတွေက ကြိုးစား​ပြီး ကျွန်မ​နဲ့​ဆက်သွယ်​စကားပြော​ခဲ့​ပေမဲ့ ကျွန်မ​နားမလည်​တာ အတော်​များတယ်။ ဥပမာ၊ မိဘတွေက ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​နေမှန်း ကျွန်မ,မသိခဲ့ဘူး။ ဒါပေမဲ့ လူ​အတော်များများ ထိုင်​နေကြ​တဲ့ နေရာ​တစ်​နေရာကို ကျွန်မ​တို့​မိသားစု​လိုက် သွားခဲ့​ကြ​တာ မှတ်မိ​သေး​တယ်။ သူတို့​အားလုံး အရှေ့​တည့်တည့် မျက်နှာမူ​ထိုင်​နေကြ​ပြီး တစ်ခါ​တ​လေ လက်ခုပ်တီး​ကြ၊ ထ​လိုက်​ကြ၊ ထိုင်​လိုက်​ကြနဲ့ ဘာတွေ​လုပ်​နေကြ​မှန်း ကျွန်မ,မသိ​ဘူး။ အတော်လေး​ကြာ​မှ ယေဟောဝါသက်သေ​တွေ​ရဲ့ စည်းဝေးကြီး​တစ်ခု​ကို ကျွန်မ​ရောက်​ခဲ့​မှန်း သိလာတယ်။ မိဘတွေက ကျွန်မ​ကို အဲ​န်​ဟို​ဗဲန်​မြို့က ခန်းမ​လေး​တစ်ခု​ဆီ​ကိုလည်း ခေါ်သွား​တတ်တယ်။ အဲ့ဒီ​နေရာမှာ လူတိုင်း ခင်မင်​စ​ရာ​ကောင်းပြီး ကျွန်မ​မိသားစု​လည်း ပျော်​နေကြ​ပုံ​ပေါက်​တဲ့​အတွက် ကျွန်မ​အတွက်​လည်း သက်သောင့်သက်သာ​ရှိတာပေါ့၊ ဒါပေမဲ့ အဲ့ဒီ​နေရာကို ဘာဖြစ်​လို့​သွား​နေရ​မှန်း မသိခဲ့ဘူး။ အခုတော့ အဲ့ဒီ​ခန်းမ​လေး​ဟာ ယေဟောဝါသက်သေ​တွေ​ရဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဖြစ်တယ်​ဆိုတာ ကျွန်မ​သိပါ​ပြီ။

ဒါပေမဲ့ ကျွန်မ​အတွက် စည်းဝေး​အစီအစဉ်ကို ရှင်းပြ​ပေး​မယ့်​သူ တစ်ယောက်မှ​မရှိဘူး။ အဲ့ဒီ​ကလူ​တွေ ကျွန်မ​ကို ကူညီပေး​ချင်​ကြ​ပေမဲ့ နားပင်း​သူကို ဘယ်လို​ကူညီပေး​ရ​မှန်း မသိကြဘူး​ဆိုတာ အခု​မှ ကျွန်မ​သဘောပေါက်​တယ်။ ဒီ​အစည်းအဝေးတွေမှာ အထီးကျန်​သလို​ခံစား​ပြီး ‘ဒီ​နေရာမှာ​ထက် ကျောင်း​မှာ​ဆိုရင် ကောင်း​မှာပဲ’ လို့​ထင်​မိတယ်။ အဲ့ဒီ​လို​စဉ်းစား​နေတုန်းမှာ မိန်းမပျို​နှစ်ယောက်​က စာတိုလေး​တစ်စောင်​ရေး​ပြီး ကျွန်မ​ကို လှမ်းပေး​ခဲ့တယ်။ အစပိုင်း​မှာ ကျွန်မ​ပြောပြ​ခဲ့​တဲ့ စာတိုလေး​ပဲ​ပေါ့။ ဒီ​စာတိုလေး​ဟာ ကျွန်မ​ရဲ့​သီးခြား​ကမ္ဘာ​လေး​ထဲ​ကနေ ကျွန်မ​ကို ထွက်​လာ​စေပြီး မိတ်ဆွေကောင်း​တွေ​ရစေမယ်​လို့ မထင်​မိ​ဘူး။

အဖိုးထိုက်​သော ခင်မင်​ရင်းနှီးမှုကို တည်ဆောက်​ခြင်း

ဒီ​စာ​ကို​ပေး​တဲ့ ခို​လက်​တ်​နဲ့ ဟာ​မီ​နင်တို့​က အသက် ၂၀ ကျော်​လေး​ပဲ ရှိကြ​သေး​တယ်။ သူတို့က မှန်မှန်ရှေ့ဆောင် ဒါမှ​မဟုတ် အချိန်ပြည့်​အမှုဆောင်​တွေ​အနေ​နဲ့ ကျွန်မ​ရောက်နေတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့ အသင်းတော်မှာ အမှုဆောင်ဖို့ ရောက်​လာကြတယ်​လို့ နောက်​မှာပဲ ကျွန်မ​သိခဲ့ရတယ်။ ခို​လက်​တ်​နဲ့ ဟာ​မီ​နင်တို့​က လက်ဟန်ပြ​စကား​ကို မတတ်​ကြ​ပေမဲ့ သူတို့​စကားပြော​တဲ့​အခါ သူတို့ရဲ့​နှုတ်ခမ်း​ကို ကြည့်​ပြီး သူတို့နဲ့ အပြန်အလှန်​စကား ကောင်းကောင်း​ပြော​နိုင်​ခဲ့တယ်။

ခို​လက်​တ်​နဲ့ ဟာ​မီ​နင်တို့​က ကျွန်မ​နဲ့ ကျမ်းစာ​သင်အံမှု​ပြုလုပ်​ဖို့ တောင်းဆို​တဲ့​အခါ မိဘတွေက သဘောကျခဲ့​ကြတယ်၊ ဒါပေမဲ့​လည်း သူတို့က ကျွန်မ​ကို ကျမ်းစာ​သင်ပေး​ရုံ​ထက်မက ကူညီပေး​ခဲ့တယ်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ အစည်းအဝေးတွေ​အကြောင်း ရှင်းပြ​ပေး​တယ်၊ အသင်းတော်က တခြား​သူတွေနဲ့​လည်း ပေါင်းသင်း​ဖို့ သူတို့​ကြိုးစား​ကူညီပေး​ခဲ့​ကြတယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ အသုံးပြု​ဖို့ ကျမ်းစာ​သရုပ်ပြ​တွေ​ကို ကျွန်မ​နဲ့​အတူ လေ့ကျင့်​ပြီး သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​မှာ​ပါဝင်​ဖို့ ကျောင်းသား​ဟောပြောချက်တွေကို​လည်း ကြိုတင်​ပြင်ဆင်​ပေး​ခဲ့​ကြတယ်။ စဉ်းစား​ကြည့်​ပါ၊ အခု​ဆိုရင် နား​ကြား​တဲ့​လူစု​ရှေ့မှာ ကျွန်မ ဟောပြောချက်​ပေးဖို့​တောင် သတ္တိ​ရှိနေပြီ!

ဒီ​ပြင် ခို​လက်​တ်​နဲ့ ဟာ​မီ​နင်တို့​ကို ကျွန်မ ပို​ပြီး​အားကိုး​လာတယ်။ ကျွန်မ​ကို သူတို့ စိတ်ရှည်ရှည်​နဲ့ နားထောင်ပေး​ကြတယ်။ တစ်ခါ​တ​လေ ကျွန်မ မှားသွားတဲ့​အခါ အတူတူ​ရ​ယ်​ကြတယ်၊ ကျွန်မ​ကို သူတို့ ဘယ်တော့မှ ရ​ယ်​စ​ရာ​မ​လုပ်ခဲ့ဖူး​ဘူး; ကျွန်မ​နဲ့​ပေါင်းသင်း​တာ​ကိုလည်း သူတို့ မရှက်​ခဲ့​ကြဘူး။ ကျွန်မ​ရဲ့ ခံစားချက်​တွေ​ကို သူတို့​နားလည်​ဖို့ ကြိုးစား​ပြီး ကျွန်မ​နဲ့ တန်းတူ​ဆက်ဆံ​ခဲ့​ကြတယ်။ ဒီ​မိန်းကလေးတွေ ကျွန်မ​ကို ပေး​ခဲ့​တဲ့ လက်ဆောင်မွန်​က​တော့ သူတို့ရဲ့ မေတ္တာနဲ့ ခင်မင်မှု​ပါ​ပဲ။

အရေး​အကြီးဆုံး​က​တော့ ကျွန်မ​တို့​ရဲ့​ဘုရားသခင် ယေဟောဝါ​ကို ယုံကြည်​စိတ်ချ​လာပြီး မိတ်ဆွေစစ်​တစ်ယောက်​အနေ​နဲ့ အသိအမှတ်ပြု​လာနိုင်​အောင် ခို​လက်​တ်​နဲ့ ဟာ​မီ​နင်တို့​က ကျွန်မ​ကို သင်ပေးခဲ့တယ်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ကျွန်မ​ထိုင်​နေတာကို ယေဟောဝါ​တွေ့​ပြီး နားပင်း​နေတဲ့​ကျွန်မ ဘယ်လို​ခံစား​နေရမယ်​ဆိုတာ​ကို ဘုရားသခင်​နားလည်တယ်​လို့ သူတို့​ပြောပြ​တယ်။ ယေဟောဝါ​ကို ကျွန်မ​တို့​ချစ်တဲ့​မေတ္တာ​ကြောင့် ကျွန်မ​တို့​သုံးယောက်စလုံး မိတ်ဆွေ​တွေ​ဖြစ်လာ​ခဲ့​ကြ​တာ​ကို ကျေးဇူး​တင်​လိုက်တာ! ကျွန်မ​ကို ယေဟောဝါ​ဂရုစိုက်​တဲ့​အတွက် ကိုယ်တော့်​ကို ကျွန်မ​ချစ်​လို့ ၁၉၇၅၊ ဇူလိုင်​လမှာ ကိုယ်တော့်​ကို ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​လိုက်တယ်။

အထူး​မိတ်ဆွေ​တစ်ဦး​နှင့်အတူ လိုက်သွား​ခြင်း

အဲ့ဒီ​နောက်ပိုင်း​နှစ်တွေ​မှာ ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ အတော်များများ​နဲ့ ခင်မင်​ရင်းနှီး​လာတယ်။ ညီအစ်ကို​တစ်ယောက်​က​တော့ ကျွန်မ​ရဲ့ အထူး​မိတ်ဆွေ​ဖြစ်လာ​ပြီး ၁၉၈၀ ပြည့်နှစ်​မှာ ကျွန်မ​တို့ လက်ထပ်​လိုက်ကြတယ်။ အဲ့ဒီ​နောက်​မကြာခင်​မှာ ရှေ့ဆောင်​အဖြစ် ကျွန်မ စပြီး​အမှုဆောင်ခဲ့တယ်၊ ၁၉၉၄ ခုနှစ်​မှာ ကျွန်မ​ခင်ပွန်း​ဟယ်ရီ​နဲ့​အတူ ဒတ်ခ်ျ​လက်ဟန်ပြ​စကားပြော​လယ်ကွင်း​မှာ အထူး​ရှေ့ဆောင်​တွေ​အနေ​နဲ့ တာဝန်​ခန့်အပ်​ခံ​ခဲ့​ကြရတယ်။ နောက်​တစ်နှစ်​မှာ အရန်​တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အသင်းတော်​အသီးသီး​ကို လည်ပတ်​တဲ့​အခါ နား​ကြား​ရတဲ့​ကျွန်မ​ခင်ပွန်း​နဲ့​အတူ လိုက်သွား​ရတဲ့ ကျွန်မ​အတွက် ခက်ခဲ​တဲ့​တာဝန်​နဲ့ ကြုံတွေ့​ခဲ့​ရတယ်။

အဲ့ဒီ​တာဝန်​ကို ကျွန်မ ဒီလို​ထမ်းဆောင်​ခဲ့တယ်။ အသင်းတော်​တစ်ခု​ကို ကျွန်မ​တို့ ဦးဆုံး​အကြိမ် ရောက်သွားတဲ့​အခါ ညီအစ်ကို၊ ညီအစ်မ အတော်များများ​ဆီ ကျွန်မ​ကိုယ်တိုင်​သွားပြီး ကိုယ့်​ကိုယ်ကို မိတ်ဆက်​တယ်။ ကျွန်မ​ဟာ နားပင်း​တဲ့​အတွက် ကျွန်မ​ကို​ကြည့်​ပြီး စကား​ဖြည်းဖြည်း​ပြော​ဖို့ သူတို့ကို ပြောပြ​တယ်။ အသင်းတော်​အစည်းအဝေးတွေမှာ ချက်ချင်း​အဖြေပေး​နိုင်​ဖို့​လည်း ကျွန်မ​ကြိုးစား​ရတယ်။ အဲ့ဒီ​အပတ်​အတွင်း အစည်းအဝေးတွေနဲ့ လယ်ကွင်း​လုပ်ငန်းမှာ ကျွန်မ​အတွက် စကားပြန်​လုပ်ပေး​ချင်​မယ့်​သူ ရှိ​မလားလို့ မေးကြည့်​ထား​တယ်။

အဲ့ဒီ​လို​လုပ်လို့ တစ်ခါ​တ​လေ အဆင်ပြေ​လွန်း​တာ​ကြောင့် ကျွန်မ နား​မကြား​ရ​ဘူးဆို​တာ​ကို ညီအစ်ကို၊ ညီအစ်မ​တွေ မေ့သွားကြလို့​တောင် ရ​ယ်​စ​ရာတွေ ဖြစ်​ကြသေးတယ်။ ဥပမာ​ပြော​ရ​ရင် မြို့ထဲမှာ ကျွန်မ​ကို သူတို့​တွေ့​တဲ့​အခါ နှုတ်ဆက်​ဖို့ ကား​ဟွန်း​တီး​မိတယ်​လို့ ပြောပြ​ကြတယ်၊ အဲ့ဒီ​လို​အချိန်​မျိုးမှာ ကျွန်မ​က ဘယ်တုံ့ပြန်​တတ်​မလဲ။ တစ်ခါ​တ​လေ ကျွန်မ​ကိုယ်တိုင်​လည်း ကိုယ့်​ချို့တဲ့ချက်​ကို​မေ့​ပြီး ခင်ပွန်း​ကို စကား​တိုးတိုး​ပြော​တဲ့​အခါ ရုတ်တရက် သူ​မျက်နှာ​နီရဲ​သွားတော့​မှ ကျွန်မ “တိုးတိုး” ပြော​လိုက်တာ အရမ်း​ကျယ်​သွား​မှန်း သိလိုက်​ရတယ်။

ကလေး​တွေ​က​လည်း မထင်မှတ်​တဲ့​နည်းတွေနဲ့ ကူညီပေး​ကြတယ်။ ပထမ​ဆုံး​အကြိမ် ကျွန်မ​တို့​လည်ပတ်​ခဲ့​တဲ့ အသင်းတော်​တစ်ခု​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ​ရှိတဲ့ တချို့က ကျွန်မ​နဲ့​စကားပြော​ဖို့ မဝံ့မရဲ​ဖြစ်နေ​ကြ​တာ​ကို ကိုးနှစ်​အရွယ် ညီအစ်ကို​လေး​တစ်ယောက်​က သတိပြုမိတယ် ထင်​ပါ​ရဲ့၊ ဒါနဲ့ သူက ဒီလို​ဆုံးဖြတ်​လိုက်တယ်။ ကျွန်မ​လက်ကို​ဆွဲ​ပြီး ဘုရားသခင့်​နိုင်ငံ​ခန်းမ​အလယ်က​နေ အသံ​ကျယ်ကျယ်​နဲ့ “အိုင်​ရင်း​နဲ့ ညီအစ်ကို၊ ညီအစ်မ​တို့ကို မိတ်ဆက်​ပေး​ချင်​တယ်၊ သူက နားပင်း​နေတယ်!” လို့​ပြော​လိုက်တာနဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​က ကျွန်မ​ဆီ​လာကြပြီး သူတို့​ကိုယ်ကို​သူတို့ မိတ်ဆက်​ကြ​ပါ​လေ​ရော။

တိုက်နယ်​လုပ်ငန်းမှာ ကျွန်မ​ခင်ပွန်း​နဲ့​အတူ လိုက်ပါ​သွားတဲ့အခါ ကျွန်မ​ရဲ့​မိတ်ဆွေ​တွေ များ​သ​ထက်​များ​လာတယ်။ တစ်ချိန်က အထီးကျန်​တယ်လို့ ခံစား​ခဲ့​ရတဲ့​နှစ်တွေ​နဲ့ အခု ကျွန်မ​ရဲ့​ဘဝဟာ ကွာခြား​လိုက်တာ! ခို​လက်​တ်​နဲ့ ဟာ​မီ​နင်တို့​က စာတိုလေး​တစ်စောင် ကျွန်မ​လက်ထဲ ထည့်​ပေး​ခဲ့​တဲ့ အဲ့ဒီ​ညနေပိုင်း​အချိန်​ကစပြီး ခင်မင်​ရင်းနှီးမှု​ရဲ့​အစွမ်း​ကို ကျွန်မ​ခံစား​ခဲ့​ရတယ်၊ ကျွန်မ အထူး​ချစ်ခင်​ရင်းနှီး​ရတဲ့ မိတ်ဆွေတွေနဲ့​လည်း တွေ့ဆုံ​ပေါင်းသင်း​ခဲ့​ရတယ်။ အရေး​အကြီးဆုံး​က ကျွန်မ​တန်ဖိုး​အထား​ဆုံး မိတ်ဆွေ​ဖြစ်​တဲ့ ယေဟောဝါ​နဲ့​သိကျွမ်းခွင့်​ရခဲ့တယ်။ (ရောမ ၈:၃၈၊ ၃၉) အဲ့ဒီ​စာတိုလေး​က ကျွန်မ​ရဲ့​ဘဝကို အကြီးအကျယ်​ပြောင်းလဲ​သွားစေတယ်!

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျွန်မ​အကြိုက်ဆုံး အရုပ်​၏​အသံကို ကျွန်မ​မှတ်မိ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ခရစ်ယာန်​ဓမ္မ​အမှု​တွင်၊ ကျွန်မ​ခင်ပွန်း ဟယ်ရီ​နှင့်အတူ