“စောင့်နေကြလော့”
“စောင့်နေကြလော့”
“စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း ခပ်သိမ်းသောသူတို့အား ငါဆိုသည်။” —မာကု ၁၃:၃၇။
၁၊ ၂။ (က) လူတစ်ဦးသည် မိမိဥစ္စာပစ္စည်းကို စောင့်ကြပ်ခြင်းနှင့်ပတ်သက်၍ အဘယ်သင်ခန်းစာ ရရှိခဲ့သနည်း။ (ခ) ယေရှု၏သူခိုးပုံဥပမာမှ သတိနှင့်စောင့်နေခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ အဘယ်အရာသိရှိရသနည်း။
ဝှမ်းသည် သူ၏အဖိုးတန်ပစ္စည်းများကို အိမ်၌ သိမ်းထားသည်။ အိမ်တွင် အလုံခြုံဆုံးနေရာဟု သူထင်မှတ်သော သူ၏ကုတင်အောက်တွင် အဖိုးတန်ပစ္စည်းများကို သိမ်းထား၏။ သို့သော် တစ်ညသောအခါ သူတို့မောင်နှံ အိပ်ပျော်နေကြစဉ် အိပ်ခန်းထဲသို့ သူခိုးဝင်လာ၏။ အိပ်ရာအောက်မှ အဖိုးတန်ပစ္စည်းရှိရှိသမျှအပြင် ကုတင်ဘေး စားပွဲအံဆွဲတွင် ဝှမ်းသိမ်းထားသည့် ငွေကိုပါ ခိုးယူသွားသည်အထိ သူခိုးသည် ပစ္စည်းထားရာနေရာများကို အသေးစိတ်သိပုံရ၏။ နောက်နေ့မနက်မှ သူခိုးဝင်ခိုးသွားကြောင်း ဝှမ်းတို့သိလေသည်။ အိပ်ပျော်နေသူသည် မိမိ၏ပစ္စည်းဥစ္စာများကို မစောင့်ကြပ်နိုင်ကြောင်း ဝမ်းနည်းဖွယ်သင်ခန်းစာကို အတန်ကြာသည်အထိ သူမေ့လျော့နိုင်လိမ့်မည်မဟုတ်ပေ။
၂ ဝိညာဉ်ရေးသဘောအရလည်း ထိုသို့ပင်ဖြစ်၏။ ကျွန်ုပ်တို့ အိပ်ပျော်သွားလျှင် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းတို့ကို ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ပေါလုက “အခြားသောသူတို့သည် အိပ်ပျော်သကဲ့သို့ ငါတို့သည် အိပ်မပျော်ဘဲ . . . သတိရှိ၍ စောင့်ကြကုန်အံ့” ဟုတိုက်တွန်းနှိုးဆော်ခဲ့ခြင်းဖြစ်သည်။ (၁ သက်သာလောနိတ် ၅:၆) သတိနှင့်စောင့်နေဖို့ မည်မျှအရေးကြီးကြောင်း ဖော်ပြရန် ယေရှုသည် သူခိုးပုံဥပမာကို အသုံးပြုခဲ့၏။ တရားသူကြီးအဖြစ် ကိုယ်တော်ရောက်ရှိချိန်တွင် ဖြစ်ပေါ်လာမည့် အဖြစ်အပျက်များကို ကိုယ်တော်ဖော်ပြပြီးနောက် ဤသို့သတိပေးခဲ့သည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သူခိုးလာမည့် အချိန်နာရီကို အိမ်ရှင်သိရလျှင် မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (မဿဲ ၂၄:၄၂-၄၄) သူခိုးသည် သူလာမည့်အချိန်ကို ကြိုအသိပေးမည်မဟုတ်ချေ။ သူ့ကို မည်သူမျှ မမျှော်လင့်သောအချိန်တွင် ရောက်သွားလို၏။ ထိုနည်းတူစွာ ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း ဤအစီအစဉ်စနစ်၏နိဂုံးသည် ‘ကျွန်ုပ်တို့ မထင်မမှတ်သောအချိန်နာရီ’ ၌ရောက်လာလိမ့်မည်။
“သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့”
၃။ မင်္ဂလာဆောင်ပွဲမှ သခင်ပြန်အလာကို စောင့်မျှော်နေကြသော ကျွန်များပုံဥပမာကို ယေရှုအသုံးပြု၍ သတိနှင့်စောင့်နေခြင်း၏ အရေးကြီးမှုကို မည်သို့ဖော်ပြခဲ့သနည်း။
၃ လုကာခရစ်ဝင်ကျမ်းတွင် ယေရှုသည် ခရစ်ယာန်များကို မင်္ဂလာဆောင်ပွဲမှ သခင်၏ပြန်အလာကို စောင့်မျှော်နေကြသော ကျွန်များနှင့် နှိုင်းယှဉ်ဖော်ပြထား၏။ သူတို့သည် သခင်ရောက်လာအခါ အဆင်သင့်ကြိုဆိုရန် နိုးကြားနေဖို့လိုသည်။ ထိုနည်းတူပင် ယေရှုက “သင်တို့ မထင်မမှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်” ဟုမိန့်တော်မူခဲ့သည်။ (လုကာ ၁၂:၄၀) ယေဟောဝါ၏အမှုတော်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူအချို့သည် ကျွန်ုပ်တို့အသက်ရှင်နေကြရသည့် အချိန်နှင့်ပတ်သက်၍ သူတို့၏အရေးတကြီးသဘောထား ပျောက်ဆုံးနေပေမည်။ အဆုံးသည် အလှမ်းဝေးပါသေးသည်ဟူ၍ပင် ကောက်ချက်ချကြပေမည်။ သို့ရာတွင် ဤသို့သောစဉ်းစားတွေးခေါ်မှုသည် ဝိညာဉ်ရေးရာများကိုမဟုတ်၊ ရုပ်ပစ္စည်းပန်းတိုင်များကို အာရုံစိုက်စေပြီး ဝိညာဉ်ရေးအရ ငိုက်မျဉ်းသွားနိုင်သည့်အထိ စိတ်ပျံ့လွင့်မှုများ ဖြစ်ပေါ်လာစေနိုင်၏။—လုကာ ၈:၁၄; ၂၁:၃၄၊ ၃၅။
၄။ သတိနှင့်စောင့်နေရန် အဘယ်ယုံကြည်စိတ်ချမှုက လှုံ့ဆော်ပေးမည်နည်း၊ ယင်းကို ယေရှု မည်သို့ဖော်ပြခဲ့သနည်း။
၄ ယေရှု၏ ၎င်းပုံဥပမာမှ သင်ခန်းစာနောက်တစ်ခု ရရှိနိုင်သေးသည်။ ကျွန်များသည် မိမိတို့သခင်ပြန်ရောက်လာမည့် အချိန်နာရီကို မသိကြသော်လည်း အဘယ်ညတွင် ရောက်ရှိလာမည်ကို သိရှိကြပုံရသည်။ မိမိတို့သခင်သည် အခြားညတစ်ညတွင် ရောက်လာလိမ့်မည်ဟု သူတို့ယူမှတ်လျှင် ထိုညတစ်ညလုံး နိုးနိုးကြားကြားရှိနေရန် အခက်တွေ့ကြပေလိမ့်မည်။ သို့သော် ထိုသို့မဟုတ်ပါ၊ သခင်ပြန်လာမည့်ညကို သူတို့သိရှိထားကြရာ သူတို့အတွက် သတိနှင့်စောင့်နေရန် စိတ်အားကြီးစေခဲ့သည်။ ယင်းနှင့်အလားတူစွာပင် ဆုံးခန်းကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေထိုင်လျက်ရှိကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ရှင်းလင်းစွာ ဖော်ပြထားသော်လည်း ဆုံးခန်းတိုင်မည့် နေ့ရက်၊ နာရီကိုကား မဖော်ပြထားချေ။ (မဿဲ ၂၄:၃၆) ဆုံးခန်းတိုင်တော့မည်ဟု ကျွန်ုပ်တို့၏ယုံကြည်ခြင်းက သတိနှင့်စောင့်နေရန် အကူအညီဖြစ်စေ၏၊ သို့သော်လည်း ယေဟောဝါ၏နေ့ရက်သည် အမှန်ပင်နီးကပ်နေသည်ဟု ယုံကြည်စိတ်ချလျှင် စောင့်နေရန် ပို၍မြဲမြံစွာလှုံ့ဆော်ပေးလိမ့်မည်ဖြစ်သည်။—ဇေဖနိ ၁:၁၄။
၅။ “သတိနှင့်စောင့်နေကြလော့” ဟူသော ပေါလု၏တိုက်တွန်းချက်ကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်နိုင်သနည်း။
၅ ပေါလုက “သတိနှင့်စောင့်နေကြလော့။ ယုံကြည်ခြင်း၌ တည်ကြလော့” ဟူ၍ ကောရိန္သုမြို့သားများထံ စာရေးတိုက်တွန်းခဲ့၏။ (၁ ကောရိန္သု ၁၆:၁၃) မှန်ပါသည်၊ သတိနှင့်စောင့်နေခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၌ တည်နေခြင်းနှင့် ဆက်နွှယ်၏။ ကျွန်ုပ်တို့သည် မည်သို့ သတိနှင့်စောင့်နေနိုင်ကြမည်နည်း။ နက်နဲသောကျမ်းစာအသိပညာကို လေ့လာဆည်းပူးခြင်းအားဖြင့်ဖြစ်သည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) ထိရောက်သော ကိုယ်ပိုင်လေ့လာမှု အကျင့်ကောင်းများနှင့် အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည့်အပြင် ယေဟောဝါ၏နေ့ကို စိတ်စွဲမှတ်ထားခြင်းသည်လည်း ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။ သို့ဖြစ်၍ ဤအစီအစဉ်စနစ်၏ ဆုံးခန်းချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း ဖော်ပြသည့် ကျမ်းစာအထောက်အထားများကို အခါအားလျော်စွာ ဆင်ခြင်သုံးသပ်ခြင်းသည် ထိုဆုံးခန်းတိုင်တော့မည်နှင့်ပတ်သက်၍ အရေးကြီးသော အမှန်တရားများကို မျက်ခြည်မပြတ်ဖို့ ထောက်ကူပေးပါလိမ့်မည်။ * ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံကြောင်း တွေ့မြင်နေရသော ကမ္ဘာ့ဖြစ်ရပ်များကို သတိပြုခြင်းသည်လည်း အကျိုးရှိ၏။ ဂျာမနီနိုင်ငံမှ ညီအစ်ကိုတစ်ဦးက ဤသို့စာရေးသည်– “စစ်တွေ၊ မြေငလျင်တွေ၊ အကြမ်းဖက်မှုတွေ၊ ကမ္ဘာဂြိုဟ်ညစ်ညမ်းမှု သတင်းတွေကို ကျွန်တော်ကြည့်လေ ဆုံးခန်းနီးပြီဆိုတာကို ပိုပြီးသိရလေပဲ။”
၆။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဝိညာဉ်ရေးနိုးကြားမှု ပျောက်ဆုံးသွားနိုင်သည်ကို ယေရှု မည်သို့ပုံဥပမာပေးခဲ့သနည်း။
၆ သတိနှင့်စောင့်နေကြလော့ဟု ယေရှု၏နောက်လိုက်များအား တိုက်တွန်းထားသည့်စကားကို မာကုအခန်းကြီး ၁၃ တွင်ထပ်တွေ့ရသည်။ ဤအခန်းကြီးတွင် ယေရှုက နောက်လိုက်များ၏အခြေအနေသည် ခရီးဝေးမှ သခင်ပြန်ရောက်လာချိန်ကို စောင့်မျှော်နေသော တံခါးမှူးတစ်ဦးနှင့်တူ၏ဟုဆိုသည်။ သခင် အဘယ်အချိန်ပြန်လာမည်ကို တံခါးမှူးမသိချေ။ သူသည် ဆက်၍စောင့်မျှော်လျက်သာနေရမည်။ သခင်ပြန်ရောက်လာနိုင်မည့် သီးခြားကင်းစောင့်ချိန်လေးချိန်ကို ယေရှုဖော်ပြခဲ့သည်။ စတုတ္ထပိုင်းကင်းစောင့်ချိန်သည် နံနက်သုံးနာရီမှ နေမထွက်မီအချိန်အထိဖြစ်သည်။ ထိုနောက်ဆုံးကင်းစောင့်ချိန်တွင် တံခါးမှူးသည် အလွယ်တကူ ငိုက်မျဉ်းသွားနိုင်သည်။ ရန်သူကို အမှတ်တမဲ့ဝင်တိုက်ရန် အကောင်းဆုံးအချိန်မှာ အရုဏ်မတက်မီဖြစ်သည်ဟု စစ်သားများ ပြောဆိုတတ်ကြသည်။ ထိုနည်းတူစွာ၊ ဤနောက်ဆုံးအချိန်နာရီတွင် ကျွန်ုပ်တို့ပတ်လည်ရှိ လောကသည် ဝိညာဉ်ရေးသဘောအရ နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိရာ ကျွန်ုပ်တို့ သတိနှင့်စောင့်နေရန် အလွန်အမင်းကြိုးစားအားထုတ်ဖို့ လိုပေမည်။ (ရောမ ၁၃:၁၁၊ ၁၂) ထို့ကြောင့် ယေရှု၏ပုံဥပမာတွင် ကိုယ်တော်ဤသို့ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ခြင်းဖြစ်မည်– “သတိနှင့်စောင့်နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။ . . . သတိနှင့်စောင့်နေကြလော့။ . . . သင်တို့အား သတိပေးသည်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့။”—မာကု ၁၃:၃၂-၃၇၊ သတင်းကောင်း။
၇။ အဘယ်အန္တရာယ် အမှန်ပင်ရှိသနည်း၊ ယင်းကြောင့် သမ္မာကျမ်းစာတွင် အဘယ်အားပေးမှုကို ကျွန်ုပ်တို့ မကြာခဏဖတ်ရသနည်း။
၇ ယေရှုသည် ခရစ်ယာန်ဓမ္မအမှုဆောင်စဉ်နှင့် ရှင်ပြန်ထမြောက်ပြီးနောက်၌ပင် နိုးနိုးကြားကြားရှိနေကြရန် ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့၏။ အမှန်ဆိုရလျှင် ဤအစီအစဉ်စနစ်၏အဆုံးကို ကျမ်းစာဖော်ညွှန်းသည့်အခါတိုင်းနီးပါးတွင် သတိနှင့်စောင့်နေကြရန် သို့မဟုတ် နိုးနိုးကြားကြားရှိကြရန် သတိပေးသည်ကို တွေ့ရှိရ၏။ * (လုကာ ၁၂:၃၈၊ ၄၀; ဗျာ. ၃:၂; ၁၆:၁၄-၁၆) ဝိညာဉ်ရေးအရ ငိုက်မျဉ်းခြင်းသည် အမှန်ပင်အန္တရာယ်ရှိကြောင်း ထင်ရှားပါသည်။ ထိုသတိပေးချက်များကို ကျွန်ုပ်တို့အားလုံး လိုအပ်သည်!—၁ ကောရိန္သု ၁၀:၁၂; ၁ သက်သာလောနိတ် ၅:၂၊ ၆။
နိုးနိုးကြားကြားမနေနိုင်ကြသည့် တမန်တော်သုံးဦး
၈။ ဂေသရှေမန်ဥယျာဉ်တွင် ယေရှု၏တမန်တော်သုံးဦးသည် သတိနှင့်စောင့်နေကြရန် ကိုယ်တော်၏တောင်းဆိုချက်ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၈ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏ ပုံနမူနာကို ထောက်ရှုလျှင် နိုးနိုးကြားကြားရှိရန် ရည်ရွယ်ချက်ကောင်းရှိရုံထက်မက လိုအပ်သည်။ ဤသူသုံးဦးတို့သည် ယေရှုနောက် တည်ကြည်စွာ လိုက်ခဲ့ကြသူများဖြစ်ကြပြီး ကိုယ်တော့်ကို အလွန်ချစ်သော ဝိညာဉ်ရေးကောင်းသူများဖြစ်ကြ၏။ သို့တိုင် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်ညတွင် သူတို့ နိုးနိုးကြားကြားမနေနိုင်ခဲ့ကြချေ။ ပသခါပွဲကျင်းပခဲ့သော အထက်ခန်းမမှ ထွက်ခွာလျက် ဂေသရှေမန်ဥယျာဉ်သို့ ယေရှုနှင့်အတူ ဤတမန်တော်သုံးဦး လိုက်သွားခဲ့ကြသည်။ ထိုတွင် ယေရှုက “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူ [“သတိနှင့်၊” ကဘ] စောင့်၍ နေကြလော့” ဟူ၍ သူတို့ကို မိန့်တော်မူခဲ့သည်။ (မဿဲ ၂၆:၃၈) ယေရှုသည် ကောင်းကင်ခမည်းတော်ထံ စိတ်အားထက်သန်စွာ သုံးကြိမ်တိုင် ဆုတောင်းပြီး သုံးကြိမ်စလုံး သူတို့ထံပြန်လာသည့်အခါတိုင်း သူတို့အိပ်ပျော်နေကြသည်ကိုသာ တွေ့ရှိခဲ့၏။—မဿဲ ၂၆:၄၀၊ ၄၃၊ ၄၅။
၉။ တမန်တော်များ အိပ်ငိုက်နေကြသည်မှာ အဘယ်ကြောင့်ဖြစ်မည်နည်း။
၉ ထိုညတွင် အဆိုပါတည်ကြည်သူများသည် ယေရှုကို အဘယ်ကြောင့် စိတ်ပျက်သွားစေသနည်း။ ကိုယ်ကာယ မောပန်းနွမ်းလျနေခြင်းက အကြောင်းရင်းတစ်ချက်ဖြစ်သည်။ အချိန်နှောင်းပိုင်း သန်းခေါင်ကျော်ချိန် ဖြစ်နိုင်ဖွယ်ရှိ၍ “သူတို့သည် မျက်စိလေးလံ” နေကြပေမည်။ (မဿဲ ၂၆:၄၃) သို့နှင့်ပင် ယေရှုက “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၂၆:၄၁။
၁၀၊ ၁၁။ (က) ယေရှုသည် မောပန်းနေသော်လည်း ဂေသရှေမန်ဥယျာဉ်တွင် အဘယ်ကြောင့် သတိနှင့်စောင့်နေနိုင်ခဲ့သနည်း။ (ခ) ယေရှုသည် စောင့်နေကြရန် တမန်တော်သုံးဦးကို မိန့်မှာသောအခါ သူတို့၏အဖြစ်အပျက်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာ ရနိုင်သနည်း။
၁၀ ထိုသမိုင်းဝင်ညတွင် ယေရှုသည်လည်း အမှန်ပင်မောပန်းနေပေမည်။ သို့သော် ကိုယ်တော်သည် အိပ်ငိုက်သွားမည့်အစား လွတ်လပ်မှုရှိသည့် ဤအရေးကြီး နောက်ဆုံးအချိန်ပိုင်းကို စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ကုန်လွန်စေခဲ့သည်။ အစောပိုင်းရက်အနည်းငယ်က ယေရှုသည် နောက်လိုက်များကို ဤသို့တိုက်တွန်းခဲ့၏– “သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက်စောင့်နေကြလော့။” (လုကာ ၂၁:၃၆; ဧဖက် ၆:၁၈) ယေရှု၏ဆုံးမစကားကို ကျွန်ုပ်တို့လိုက်နာပြီး ဆုတောင်းခြင်းနှင့်ပတ်သက်၍ ကိုယ်တော်၏ပုံသက်သေကောင်းကို လိုက်လျှောက်ကြမည်ဆိုလျှင် ယေဟောဝါထံ ကျွန်ုပ်တို့ နှလုံးသားထဲမှ တိုးလျှိုးအသနားခံ ဆုတောင်းခြင်းက ဝိညာဉ်ရေးအရ နိုးကြားနေရန် ထောက်ကူပါလိမ့်မည်။
၁၁ များမကြာမီ မိမိအဖမ်းခံရပြီး အသတ်ခံရတော့မည်ကို ယေရှုသိခဲ့သော်လည်း ထိုအချိန်တွင် ကိုယ်တော်၏တပည့်များ မသိခဲ့ကြချေ။ ကိုယ်တော်ခံရသော စမ်းသပ်မှုများသည် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ပြင်းပြသောဝေဒနာအထွတ်သို့ ရောက်တော့မည်ဖြစ်သည်။ ယေရှုသည် ဤအကြောင်းအရာများကို တမန်တော်များအား သတိပေးခဲ့သော်လည်း သူတို့သည် ကိုယ်တော်မိန့်တော်မူရာကို နားမလည်ခဲ့ကြချေ။ ထို့ကြောင့် ကိုယ်တော်သည် သတိနှင့်စောင့်၍ ဆုတောင်းနေစဉ် သူတို့အိပ်ပျော်သွားခဲ့ကြသည်။ (မာကု ၁၄:၂၇-၃၁; လုကာ ၂၂:၁၅-၁၈) တမန်တော်များကဲ့သို့ ကျွန်ုပ်တို့လည်း အားနည်းကာ ကျွန်ုပ်တို့မသိသေးသည့်အကြောင်းများ ရှိသေးသည်။ သို့တိုင် ကျွန်ုပ်တို့အသက်ရှင်နေရသည့် အချိန်၏အရေးတကြီးဖြစ်မှုကို မျက်ခြည်ပြတ်သွားမည်ဆိုလျှင် ဝိညာဉ်ရေးသဘောအရ အိပ်ပျော်သွားနိုင်သည်။ ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိမှသာ သတိနှင့်စောင့်နေနိုင်ကြမည်။
အရေးကြီးသော အရည်အသွေးသုံးခု
၁၂။ သတိရှိခြင်းကို မည်သည့်အရည်အသွေးသုံးခုနှင့် ပေါလုဆက်စပ်ထားသနည်း။
၁၂ ကျွန်ုပ်တို့၏အရေးတကြီးသဘောထားကို မည်သို့ထိန်းသိမ်းထားနိုင်သနည်း။ ဆုတောင်းခြင်း၏အရေးကြီးမှုနှင့် ယေဟောဝါ၏နေ့ကို စိတ်စွဲမှတ်ထားရန် လိုအပ်သည်ကို ကျွန်ုပ်တို့ သိရှိခဲ့ပြီဖြစ်၏။ ထို့ပြင် ကျွန်ုပ်တို့ ပျိုးထောင်သင့်သည့် အရေးကြီးအရည်အသွေးသုံးခုကို ပေါလုဖော်ပြသည်။ သူဤသို့ဆိုသည်– “နေ့၏သားဖြစ်သော ငါတို့မူကား၊ . . . သတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း ဝတ်ဆောင်ကြကုန်အံ့။” (၁ သက်သာလောနိတ် ၅:၈) ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေရန် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းတို့၏ အပိုင်းကဏ္ဍကို အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။
၁၃။ ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေရန် ယုံကြည်ခြင်းသည် မည်သည့်အပိုင်းမှပါဝင်သနည်း။
၁၃ ယေဟောဝါ တကယ်တည်ရှိပြီး “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်” ဟူသည့် ခိုင်မြဲသောယုံကြည်ခြင်းရှိရမည်။ (ဟေဗြဲ ၁၁:၆) ဆုံးခန်းချိန်နှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက် ပထမရာစုတွင် ဦးဆုံးပြည့်စုံခြင်းက ကျွန်ုပ်တို့ခေတ်အတွင်း ၎င်း၏အကြီးစားပြည့်စုံချက်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ထို့ပြင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကလည်း ယေဟောဝါ၏နေ့ကို စိတ်အားထက်သန်စွာ မျှော်လင့်စေပြီး “[ထိုပရောဖက်ပြုချက် မြင်ကွင်းသည်] နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” ဟုစိတ်ချစေ၏။—ဟဗက္ကုတ် ၂:၃။
၁၄။ ကျွန်ုပ်တို့ နိုးနိုးကြားကြားရှိနေဖို့ဆိုလျှင် မျှော်လင့်ခြင်းသည် မည်သို့အရေးပါသနည်း။
ဟေဗြဲ ၆:၁၈၊ ၁၉) လွန်ခဲ့သောအနှစ် ၇၀ ကျော်က နှစ်ခြင်းခံခဲ့သော အသက် ၉၀ ကျော်အရွယ်ရှိ ဝိညာဉ်တော်ဖွား ညီအစ်မမာဂရက်က ဤသို့ဝန်ခံ၏– “၁၉၆၃ ခုနှစ်က ကင်ဆာရောဂါနဲ့ ကျွန်မခင်ပွန်း ဆုံးခါနီးမှာ အဆုံးမြန်မြန်လာရင် ကောင်းမှာပဲလို့ ကျွန်မတွေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မဟာ ကိုယ့်အကျိုးအတွက်ပဲ စဉ်းစားနေမိခဲ့တယ်ဆိုတာ အခုမှ ကျွန်မသဘောပေါက်တယ်။ လုပ်ငန်းဟာ ကမ္ဘာတစ်ဝန်း ဘယ်အတိုင်းအတာအထိ ကျယ်ပြန့်သွားမယ်ဆိုတာ အဲ့ဒီတုန်းက ကျွန်မတို့ မသိခဲ့ကြဘူး။ အခုတောင်မှ လုပ်ငန်း စဖွင့်ရုံပဲရှိသေးတဲ့ နေရာတွေ အများကြီးရှိတယ်။ ဒါကြောင့် ယေဟောဝါ စိတ်ရှည်ခဲ့တာကို ကျွန်မဝမ်းသာလိုက်တာ။” တမန်တော်ပေါလုက ကျွန်ုပ်တို့ကို ဤသို့စိတ်ချစေသည်– “သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကို ပြုစုတတ်၏။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့် ကင်းလွတ်၏။”—ရောမ ၅:၃-၅။
၁၄ ကျွန်ုပ်တို့၏သေချာသောမျှော်လင့်ခြင်းသည် ဘုရားသခင်၏ကတိတော်များ အမှန်တကယ်ပြည့်စုံမှုအတွက် စောင့်ဆိုင်းနေရလျှင်ပင် အခက်အခဲများကို ခံနိုင်ရည်ရှိစေနိုင်သည့် “စိတ်နှလုံး၏ကျောက်ဆူးကဲ့သို့” ဖြစ်၏။ (၁၅။ အချိန်ကြာမြင့်စွာ စောင့်ခဲ့ရပြီဟု ထင်ရလျှင်ပင် ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို မည်သို့လှုံ့ဆော်ပေးမည်နည်း။
၁၅ ခရစ်ယာန်ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့လုပ်ဆောင်ရာဟူသမျှအတွက် အခြေခံလှုံ့ဆော်မှုဖြစ်သောကြောင့် ထူးခြားသော ၁ ကောရိန္သု ၁၃:၁၃) ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိစေသည့်အပြင် နိုးနိုးကြားကြားရှိစေသည်။ “[မေတ္တာသည်] ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။”—၁ ကောရိန္သု ၁၃:၇၊ ၈။
အရည်အသွေးတစ်ခုဖြစ်၏။ ကိုယ်တော်၏အချိန်ဇယားသည် မည်သို့ပင်ဖြစ်ပါစေ ယေဟောဝါကို ကျွန်ုပ်တို့ချစ်ကြသောကြောင့် ကိုယ်တော့်အား ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်ကြ၏။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းဟောပြောရမည်ဟူသော ဘုရားသခင့်အလိုတော် မည်မျှပင်ကြာရှည်ပါစေ၊ သွားပြီးသားအိမ်များသို့ မည်မျှပင်ထပ်ခါထပ်ခါ ပြန်သွားရပါစေ အိမ်နီးချင်းကိုချစ်သည့်မေတ္တာက ထိုသို့ပြုရန် လှုံ့ဆော်ပေးသည်။ ပေါလုရေးသားသည့်အတိုင်းပင် “ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။” (“ရခဲ့ပြီးသောအရာကို စွဲကိုင်ထား” လော့
၁၆။ လျှော့လိုက်ရမည့်အစား အဘယ်စိတ်ထားကို ကျွန်ုပ်တို့ ပျိုးထောင်သင့်သနည်း။
၁၆ နောက်ဆုံးကာလ၏ နောက်ဆုံးအချိန်ပိုင်းတွင် ရောက်ရှိနေကြသည်ဟု အဆက်မပြတ်သတိပေးနေသော ကမ္ဘာ့အဖြစ်အပျက်များကို တွေ့မြင်နေရသည့် အရေးကြီးအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ (၂ တိမောသေ ၃:၁-၅) ယခုအချိန်သည် လျှော့လိုက်ရမည့်အချိန်မဟုတ်ဘဲ “ရခဲ့ပြီးသောအရာကို စွဲကိုင်” ထားရမည့်အချိန်ဖြစ်သည်။ (ဗျာ. ၃:၁၁) ကျွန်ုပ်တို့သည် “ဆုတောင်းခြင်းအလို့ငှာ စောင့်နေ” ခြင်းအားဖြင့်၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ပျိုးထောင်ခြင်းအားဖြင့် စမ်းသပ်ရာအချိန်တွင် အသင့်ရှိနေကြလိမ့်မည်။ (၁ ပေတရု ၄:၇) သခင့်လုပ်ငန်းတော်တွင် ကျွန်ုပ်တို့လုပ်ကိုင်စရာ များစွာရှိပါသည်။ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် အလုပ်များနေကြခြင်းက အပြည့်အဝနိုးကြားနေစေပါလိမ့်မည်။—၂ ပေတရု ၃:၁၁။
၁၇။ (က) တစ်ခါတစ်ရံ စိတ်ထိခိုက်စရာများကြောင့် အဘယ်ကြောင့် စိတ်မပျက်သင့်သနည်း။ (စာမျက်နှာ ၂၁ ရှိလေးထောင့်ကွက်ကိုရှု။) (ခ) ကျွန်ုပ်တို့သည် ယေဟောဝါကို မည်သို့တုပနိုင်ပြီး တုပသူများအတွက် မည်သည့်ကောင်းချီးက အရန်သင့်ရှိသနည်း။
၁၇ “ငါ့ဝိညာဉ်၏သဘောဟူမူကား ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထို့ကြောင့် ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။ ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကိုရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။ ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက် ငြိမ်ဝပ်စွာစောင့်၍ နေကောင်း၏” ဟူ၍ ယေရမိရေးသားခဲ့သည်။ (မြည်တမ်းစကား ၃:၂၄-၂၆) ကျွန်ုပ်တို့အထဲမှ အချို့သည် အချိန်တစ်ခဏလောက်သာ စောင့်နေခဲ့ကြရ၏။ တခြားသူများမှာမူ ယေဟောဝါ၏ကယ်တင်ခြင်းကို တွေ့မြင်ရန် နှစ်ပေါင်းများစွာ စောင့်ခဲ့ကြရပြီ။ သို့သော် စောင့်နေရသော ဤအချိန်သည် ကျွန်ုပ်တို့ရှေ့တွင်ရှိသော ထာဝရကာလနှင့် နှိုင်းယှဉ်ကြည့်လျှင် အမှန်ပင် တိုတောင်းလှပါသည်! (၂ ကောရိန္သု ၄:၁၆-၁၈) ယေဟောဝါသတ်မှတ်ထားချိန်ကို ကျွန်ုပ်တို့စောင့်ဆိုင်းနေစဉ် မရှိမဖြစ်လိုအပ်သော ခရစ်ယာန်အရည်အသွေးများကို ပျိုးထောင်နိုင်ပြီး ယေဟောဝါ၏စိတ်ရှည်မှုကို အခွင့်ကောင်းယူ၍ အခြားသူများကိုလည်း အမှန်တရားလက်ခံလာရန် ကူညီပေးနိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အားလုံး သတိနှင့်စောင့်နေကြစို့။ ယေဟောဝါကိုတုပပြီး စိတ်ရှည်ကြစို့၊ ကျွန်ုပ်တို့ကို ပေးသနားထားသော မျှော်လင့်ချက်အတွက် ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် တည်ကြည်စွာ သတိနှင့်စောင့်နေကြစဉ် ထာဝရအသက်မျှော်လင့်ချက်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြပါလေ။ ထိုအခါ ပရောဖက်ပြုချက်ဆိုင်ရာ ဤကတိတော်များသည် ကျွန်ုပ်တို့နှင့်အမှန်ပင် သက်ဆိုင်ပါလိမ့်မည်– “[ယေဟောဝါသည်] ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။”—ဆာလံ ၃၇:၃၄။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 ဇန်နဝါရီ ၁၅၊ ၂၀၀၀ ပြည့်နှစ်ထုတ် ကင်းမျှော်စင် စာစောင်၏ စာမျက်နှာ ၁၂-၁၃ တွင်ဖော်ပြထားသည့် ‘နောက်ဆုံးကာလ’ ၌ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း သာဓကခြောက်ခုကို ပြန်လည်သုံးသပ်ခြင်းသည် အကူအညီဖြစ်ပေမည်။—၂ တိမောသေ ၃:၁။
^ အပိုဒ်၊ 7 “နိုးနိုးကြားကြားရှိကြလော့” ဟုဘာသာပြန်ဆိုထားသော ဂရိကြိယာသည် စာသားအရ ‘အအိပ်ကို မောင်းထုတ်ခြင်း’ ဟုအဓိပ္ပာယ်ရပြီး “ရိုးရိုးနိုးကြားနေခြင်းမျှသာမက အရာတစ်ခုကို အာရုံစိုက်နေသူများ သတိဝီရိယနှင့် စောင့်ကြည့်နေခြင်းကို ဆိုလိုသည်” ဟုအဘိဓာန်ပြုစုသူ ဒဗလျူ. အီး. ဗိုင်းက ရှင်းပြသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ဤအစီအစဉ်စနစ် ဆုံးခန်းတိုင်တော့မည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။
• ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏ ပုံသက်သေများမှ အဘယ်သင်ခန်းစာ ရရှိနိုင်သနည်း။
• အဘယ်အရည်အသွေးသုံးခုက ဝိညာဉ်ရေးအရ နိုးကြားနေရန် ကူညီပေးမည်နည်း။
• ဤအချိန်သည် “ရခဲ့ပြီးသောအရာကို စွဲကိုင်” နေရမည့်အချိန် အဘယ်ကြောင့်ဖြစ်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
“ငံ့လင့်၍ မီသောသူသည် မင်္ဂလာရှိ၏။”—ဒံယေလ ၁၂:၁၂
အစောင့်တစ်ဦးသည် သူစောင့်ကြပ်နေရသည့် အိမ်ဝင်းခြံကို သူခိုးတစ်ဦးက ဖောက်ထွင်းရန် ကြံစည်နေကြောင်း သံသယဝင်သည် ဆိုပါစို့။ အစောင့်သည် ညဉ့်နက်လာလေ ဖောက်ထွင်းမည့်သူ ရောက်ရှိနေသည်ဟု ထင်မှတ်ရစရာ မည်သည့်အသံကိုမဆို အာရုံစိုက်နားစွင့်လာလေဖြစ်မည်။ သူသည် အချိန်တိုင်းလိုလို အကြားအမြင်အာရုံစိုက်ထားပေမည်။ သစ်ရွက်များကြား လေတိုးသံ၊ ကြောင်တစ်ကောင်က တစ်ခုခုကို ဝင်တိုက်မိသံ အစရှိသည့် အသံများက သူ့ကို ထင်ယောင်ထင်မှား ဖြစ်သွားကောင်း ဖြစ်သွားစေပေမည်။—လုကာ ၁၂:၃၉၊ ၄၀။
“ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍နေ” ကြသူများလည်း အလားတူအခြေအနေမျိုး ရှိနိုင်၏။ (၁ ကောရိန္သု ၁:၇) ယေရှုရှင်ပြန်ထမြောက်သည်နှင့် “ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်” ဟုတမန်တော်များ ထင်မှတ်ခဲ့ကြသည်။ (တမန်တော် ၁:၆) နှစ်အတန်ကြာလေသော် ယေရှုရောက်ရှိမည့်အချိန်သည် အနာဂတ်တစ်ချိန်ချိန်တွင်ဖြစ်မည်ဟု သက်သာလောနိတ်မြို့မှ ခရစ်ယာန်များကို အသိပေးခဲ့ရသည်။ (၂ သက်သာလောနိတ် ၂:၃၊ ၈) သို့တိုင် ယေဟောဝါ၏နေ့နှင့်ပတ်သက်၍ အထင်မှားအမြင်မှားခဲ့ခြင်းက ယေရှု၏အစောပိုင်း နောက်လိုက်များကို အသက်လမ်းပေါ်မှ မသွေဖည်သွားစေခဲ့ချေ။—မဿဲ ၇:၁၃။
ကျွန်ုပ်တို့၏ခေတ်တွင် ဤအစီအစဉ်စနစ်ဆုံးခန်းတိုင်တော့မည့်အချိန် နှောင်းနှေးနေဟန်ရှိခြင်းကြောင့် စိတ်ပျက်အားလျော့ပြီး နိုးကြားမှုအရှိန် မလျှော့ချသင့်ပေ။ နိုးကြားနေသော အစောင့်တစ်ဦးသည် ထင်ယောင်ထင်မှားဖြစ်နိုင်သော်လည်း သူသည် ဆက်၍သတိနှင့်စောင့်ကြပ်နေရမည်! ယင်းသည် သူ၏တာဝန်ဖြစ်သည်။ ခရစ်ယာန်များအတွက်လည်း ထိုနည်းထပ်တူပင်ဖြစ်၏။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ယေဟောဝါ၏နေ့ နီးပြီဟု သင်ယုံကြည်စိတ်ချ သလော
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
အစည်းအဝေးများ၊ ဆုတောင်းခြင်းနှင့် ထိရောက်သော လေ့လာမှု အလေ့အထတို့သည် သတိနှင့်စောင့်နေရန် ထောက်ကူ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
မာဂရက်နည်းတူ ကျွန်ုပ်တို့လည်း စိတ်ရှည်တက်ကြွစွာ စောင့်နေနိုင်ကြပါစေ