မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှစ်သိမ့်မှု ဆင်းရဲခြင်းဝေဒနာခံစားရသူများအတွက် နှစ်သိမ့်မှု

နှစ်သိမ့်မှု ဆင်းရဲခြင်းဝေဒနာခံစားရသူများအတွက် နှစ်သိမ့်မှု

နှစ်သိမ့်မှု ဆင်းရဲခြင်း​ဝေဒနာ​ခံစားရ​သူများ​အတွက် နှစ်သိမ့်မှု

ဆင်းရဲခြင်း​ဝေဒနာ​များ​ကို ဘုရားသခင် အဘယ်ကြောင့်​ခွင့်ပြု​ထား​ရသနည်း ဟူသော​မေးခွန်း​သည် ရာစုနှစ်များ​တစ်လျှောက် အတွေးအခေါ်​ပညာရှင်​များနှင့် ကျမ်း​ပညာရှင်​များစွာ​တို့ကို စဉ်းစား​ရ​ခက်​စေ​ခဲ့ပြီ။ အချို့​က ဘုရားသခင်​သည် အကြွင်းမဲ့​တန်ခိုးရှင်​ဖြစ်သော​ကြောင့် နောက်ဆုံး​တွင် ဆင်းရဲခြင်း​ဝေဒနာ​များ​၏ တာဝန်ခံ​မှာ ကိုယ်တော်​ပင်​ဖြစ်​ရမည်ဟု အခိုင်အမာ​ဆို​ကြသည်။ ဒုတိယ​ရာစု​မှ ကျမ်း​ပို​တစ်ခု​ဖြစ်သော ခ​လဲ​မဲ​န်​တင်း​တရားတော်​ကို​ရေးသားသူ​က ဘုရားသခင်​သည် လက်နှစ်ဖက်​စ​လုံး​နှင့် ကမ္ဘာ​မြေကြီးကို​အုပ်ချုပ်​၏​ဟု​ဆို​သည်။ ကိုယ်တော်​၏ “လက်ဝဲလက်” စာတန်​အားဖြင့် ဆင်းရဲခြင်း​ဝေဒနာ​များ​ကို​ဖြစ်ပေါ်​စေပြီး “လက်ယာလက်” ယေရှု​အားဖြင့် ကယ်​တင်၍ ကောင်းချီး​ပေး​တော်​မူ​သည်​ဟု​ဆို​၏။

အခြားသူများ​က​မူ ဘုရားသခင်​သည် ဆင်းရဲခြင်း​ဝေဒနာ​များ​ကို မဖြစ်​ပေါ်​စေ​သည်​တိုင်အောင် ၎င်းကို ခွင့်ပြု​နိုင်​လိမ့်​မည်​ဟု လက်မခံနိုင်​ကြ​သဖြင့် ဆင်းရဲခြင်း​ဝေဒနာ​မရှိ​ဟု ပြောဆို​လို​ကြသည်။ မာ​ရီ ဘေ​ကာ အယ်​ဒီ​က “မကောင်းမှု​သည် စိတ်​လှည့်စားမှု​မျှ​ဖြစ်၏၊ တကယ့်​အခြေအမြစ်​မရှိ​ချေ။ အပြစ်၊ ဖျားနာခြင်း​နှင့် သေခြင်း​တို့​မရှိ​ဟု ယူမှတ်​ကြ​မည်​ဆိုလျှင် ၎င်း​တို့ ပျောက်ကွယ်​သွား​လိမ့်​မည်” ဟု​ရေးသားခဲ့​သည်။—သမ္မာကျမ်းစာ​အညွှန်း​ပါ​သော သိပ္ပံ​အတတ်​နှင့် ကျန်းမာ​ရေး။

အထူးသဖြင့် ပထမ​ကမ္ဘာ​စစ်​မှ ကျွန်ုပ်​တို့​ခေတ်​အထိ ဝမ်းနည်း​ကြေကွဲဖွယ် သမိုင်း​ဖြစ်ရပ်​များ​ကြောင့် ဘုရားသခင်​သည် ဆင်းရဲခြင်း​ဝေဒနာ​များ​ကို လုံးလုံး​မတားဆီး​နိုင်​ဟု ကောက်ချက်​ချ​သူများစွာ​ရှိသည်။ ဂျူး​ပညာရှင် ဒေးဗစ် ဝို့လ်ဖ် စေးလ်ဗား​မင်​က ဤသို့​ရေးသားခဲ့​သည်– “ကျွန်ုပ်​အမြင်အရ မီးလောင်​တိုက်​သွင်း​ခဲ့​ခြင်း​ကိစ္စ​က အကြွင်းမဲ့​တန်ခိုး​သည် ဘုရားသခင်​၏ ဂုဏ်ရည်တော်​တစ်ခု​ဖြစ်၏​ဟူ၍ အလွယ်တကူ​ပြောဆို​ခဲ့​သည့် အယူအဆကို ဖယ်ထုတ်​ပစ်လိုက်​သည်။” ထပ်ဆင့်၍ သူ​ဤသို့​ဆို​သေး​သည်– “ဘုရားသခင်​သည် အကြွင်းမဲ့​တန်ခိုးရှင်​မဟုတ်​၍​သာ အကောင်း​နှင့် အဆိုး ဒွန်တွဲ​တည်ရှိ​နေနိုင်​ခြင်း​ဖြစ်သည်။”

သို့သော်၊ ဘုရားသခင်​သည် ဆင်းရဲခြင်း​ဝေဒနာ​၏ ကြံရာပါ​တစ်ဦး တစ်နည်း​နည်းဖြင့်​ဖြစ်သည်၊ ဆင်းရဲခြင်း​ဝေဒနာသည် ကျွန်ုပ်​တို့​စိတ်ကူး​ထဲ​၌​သာ​ရှိသည်၊ သို့​မဟုတ် ယင်းကို ဘုရားသခင်​မတားဆီး​နိုင်​ဟု ပြောဆို​ကြ​ခြင်း​ကား ဆင်းရဲခြင်း​ဝေဒနာ ခံစားရ​သူများ​အတွက် နှစ်သိမ့်မှု​မပေး​သလော​က်​ပင်။ ၎င်း​ထက်​အရေးကြီး​သည်​မှာ ထိုသို့​သော​ယူဆချက်များ​သည် သမ္မာ​ကျမ်းစာ​ပါ တရား​မျှတသော၊ တန်ခိုး​ကြီးမား​၍ ဂရုစိုက်​တော်​မူ​သော ဘုရားသခင်​နှင့် လား​လား​ကြီး​ဆန့်ကျင်​ပါ​သည်။ (ယောဘ ၃၄:၁၀၊ ၁၂; ယေရမိ ၃၂:၁၇; ၁ ယောဟန် ၄:၈) သို့​ဖြစ်၍ ဆင်းရဲခြင်း​ဝေဒနာ​များ ခွင့်ပြု​ထား​ရသည့် အကြောင်းရင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က မည်သို့​ဆို​သနည်း။

ဆင်းရဲခြင်း​ဝေဒနာ မည်သို့​စတင်​ခဲ့​သနည်း

ဆင်းရဲခြင်း​ဝေဒနာ​ခံစား​ကြ​ရဖို့ လူကို ဘုရားသခင်​ဖန်ဆင်း​ခဲ့​သည်မဟုတ်​ပါ။ ၎င်း​အစား ကိုယ်တော်​သည် ပထမ​လူသား​မောင်နှံ အာဒံ​နှင့်​ဧဝ​တို့ကို ကိုယ်​စိတ်​နှစ်​ဖြာ​စုံလင်​စေ​ခဲ့​သည်၊ သာယာ​ကြည်နူး​ဖွယ်​ဥယျာဉ်​တစ်ခု​ကို သူတို့၏​စံအိမ်​အဖြစ် ပြင်ဆင်​ပေး​ခဲ့​ပြီး အဓိပ္ပာယ်​ရှိ၍ ကျေနပ်ဖွယ်​ကောင်းသော​အလုပ်ကို ပေးအပ်​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈၊ ၃၁; ၂:၈) သို့သော် သူတို့​ဆက်​ပျော်ရွှင်​နိုင်​ရန်​မှာ ဘုရားသခင်​သာ အုပ်ချုပ်ပိုင်ခွင့်​ရှိပြီး အကောင်း​အဆိုးကို ကိုယ်တော်​သာ ဆုံးဖြတ်​ပိုင်ခွင့်​ရှိကြောင်း အသိအမှတ်​ပြုခြင်း​အပေါ် မူတည်​သည်။ ဘုရားသခင်​၏ ထို​လုပ်ပိုင်ခွင့်​ကို “ကောင်း​မကောင်း​ကို​သိကျွမ်းရာ​အပင်” က ကိုယ်စား​ပြု​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) အာဒံ​နှင့်​ဧဝ​တို့သည် ဘုရားသခင့်​အမိန့်တော်ကို​နာခံ​ပြီး ထို​အပင်​မှ​ယူ​မစား​ခဲ့​ပါ​မူ ကိုယ်တော်​အား လက်အောက်ခံ​ကြောင်း တင်ပြ​ခဲ့​ကြ​ပေမည်။ *

အာဒံ​နှင့်​ဧဝ​သည် ဘုရားသခင်​ကို မနာခံ​ခဲ့​ခြင်း​က ဝမ်းနည်းစရာပင်။ စာတန်​ဖြစ်​ကြောင်း နောက်ပိုင်း​မှ​သိလာ​ရသော ပုန်ကန်​သည့်​ဝိညာဉ်​သတ္တဝါ​တစ်ပါး​က ဘုရားသခင့်​စကား နားထောင်ခြင်း​သည် အကျိုးမရှိ​ဟု ဧဝ​ကို​အယုံသွင်း​ခဲ့​သည်။ အမှန်​မှာ ဘုရားသခင်​သည် အလွန်​နှစ်လိုဖွယ်​ကောင်းသော​အရာ၊ ကောင်း​မကောင်း​ကို ကိုယ်တိုင်​ဆုံးဖြတ်​နိုင်​ခွင့်​ဖြစ်သည့် အမှီအခို​ကင်း​သော​အခြေအနေ​ကို သူ့​အား မပေး​ဘဲ​ထား​သည်​ဟု ယူဆ​စေ​ခဲ့​သည်။ အသီးကို သူ​ယူ​စား​မည်​ဆိုလျှင် ‘သူ၏​မျက်စိပွင့်​လင်း​လျက် ကောင်း​မကောင်း​ကို​သိ၍ ဘုရားသခင်​ကဲ့သို့​ဖြစ်​မည်’ ဟု​စာတန်​ဆို​၏။ (ကမ္ဘာဦး ၃:၁-၆; ဗျာ. ၁၂:၉) လွတ်လပ်မှု​ရမည့် မျှော်မှန်း​ချက်​ဖြင့် လှည့်စား​ခံရ​ပြီး ဧဝ​သည် တားမြစ်​ထားသော​အသီးကို ယူ​စား​ခဲ့​၏၊ မကြာမီ အာဒံလည်း ယူ​စား​လေ​သည်။

ထို​နေ့၌​ပင် အာဒံ​နှင့်​ဧဝ​တို့သည် ပုန်ကန်မှု​၏​အကျိုးဆက်များ​ကို စတင်​ခံစား​ခဲ့​ရ​ကြသည်။ ဘုရားသခင့်​အုပ်ချုပ်မှု​ကို ငြင်းပယ်​ခြင်း​ကြောင့် ဘုရားသခင်​အား လက်အောက်ခံခြင်း​ဖြင့်​ရရှိ​မည့် အကာအကွယ်​နှင့် ကောင်းချီး​များ​ကို သူတို့​ဆုံးရှုံး​လေ​သည်။ သူတို့ကို ပရဒိသု​မှ​နှင်ထုတ်​ပြီး အာဒံ​ကို ဘုရားသခင်​ဤသို့​ပြော​ခဲ့​သည်– “မြေ​သည်​သင်၏​အတွက် ကျိန်ခြင်း​ကို​ခံ​လျက်​ရှိ၏။ မြေ​၏​အသီးကို တစ်သက်ပတ်လုံး​ပင်ပန်း​စွာ​စား​ရမည်။ သင်​ထွက်​ရာ​မြေ​သို့​မပြန်​မီ​တိုင်အောင် သင်၏​မျက်နှာ​မှ​ချွေး​ထွက်​လျက် အစာကို​စား​ရမည်။” (ကမ္ဘာဦး ၃:၁၇၊ ၁၉) အာဒံ​နှင့်​ဧဝ​တို့သည် ဖျားနာ​မှု၊ နာကျင်မှု၊ အိုမင်း​ခြင်း​နှင့် သေခြင်း​တို့ကို ကြုံတွေ့​လာ​ကြသည်။ ထို​အခါ ဆင်းရဲခြင်း​ဝေဒနာသည် လူတွေ့​ကြုံ​ရာ​တစ်ခု​ဖြစ်လာ​လေ​၏။—ကမ္ဘာဦး ၅:၂၉

ကိစ္စရပ်​ကို​ဖြေရှင်းခြင်း

‘အာဒံနဲ့​ဧဝ​တို့​ရဲ့​အပြစ်ကို ဘုရားသခင် လျစ်လျူရှု​လိုက်လို့​မရဘူး​လား’ ဟု​တစ်စုံ​တစ်ဦး​က​မေး​ပေမည်။ မရပါ၊ ထိုသို့​ပြုခြင်း​က ကိုယ်တော်​၏​အခွင့်အာဏာကို လေးစားမှု ထပ်၍​လျော့​စေ​ပေမည်၊ ပုန်ကန်မှု​များ ထပ်​ပေါ်ပေါက်​စေပြီး သာ၍​ကြီးမားသော​ဆင်းရဲခြင်း​ဝေဒနာ​များ​ကို​ပင် ဖြစ်ပေါ်​စေနိုင်​၏။ (ဒေ. ၈:၁၁) ထို့​အပြင် ဤသို့​သောမ​နာခံမှု​ကို အရေးမယူ​ဘဲ​နေခြင်း​သည် ဘုရားသခင်​အား အမှား​ပြု​ရာ​၌ ကြံရာပါ​ဖြစ်စေ​ပေမည်။ ကျမ်း​ရေးသူ​မောရှေ​က ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “ဘုရားသခင်​သည် မူလအမြစ်​ဖြစ်၍ အမှုတော်​သည် စုံလင်​ပေ​၏။ စီရင်တော်မူ​သမျှ​တို့သည် တရား​နှင့်​ညီ​လျက် [တည်ကြည်] သော​ဘုရား [သခင်]၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရား[သခင်]ဖြစ်​တော်​မူ​၏။” (တရားဟောရာ ၃၂:၄) ဘုရားသခင်​သည် မိမိ၏​ပင်ကို​အဖြစ်​နှင့် ညီ​စေရန် အာဒံ​နှင့်​ဧဝ​တို့ကို မနာခံမှု​၏​အကျိုးဆက်များ ခံစား​စေ​ရ​ပေမည်။

ဘုရားသခင်​သည် ပထမ​လူသား​မောင်နှံ​ကို သူတို့အား​ပုန်ကန်​စေသော မျက်မြင်မရ​သွေးထိုး​ပေး​သူ စာတန်​နှင့်အတူ အဘယ်ကြောင့် ချက်ချင်း​မဖျက်ဆီး​ခဲ့​သနည်း။ ထိုသို့​ပြု​ရန် ကိုယ်တော်၌​တန်ခိုး အမှန်​ရှိ၏။ ဆင်းရဲခြင်း​ဝေဒနာ​နှင့် သေခြင်း​တို့ကို အမွေဆက်ခံ​မည့် သားစဉ်မြေးဆက်​များ​ကိုလည်း အာဒံ​နှင့်​ဧဝ​တို့ မွေးဖွား​ကြ​တော့​မည်​မဟုတ်​ချေ။ သို့ရာတွင် ထိုသို့​တန်ခိုးတော်​ပြသခြင်း​ဖြင့် အသိဉာဏ်​ရှိသော သတ္တဝါများ​အပေါ် ဘုရားသခင်​အုပ်စိုးပိုင်ခွင့်​ရှိကြောင်း သက်သေထူ​မည်​မဟုတ်ပေ။ ထို့​အပြင် သားသမီး​မရှိဘဲ အာဒံ​နှင့်​ဧဝ​တို့​သေဆုံး​သွားခဲ့​ပါ​မူ သူတို့၏​စုံလင်သော​သားစဉ်မြေးဆက်​များ​ဖြင့် မြေကြီးကို​ပြည့်စေ​ရန် ဘုရားသခင့်​ရည်ရွယ်ချက် အကောင်အထည်​မဖော်​နိုင်​ဟု အဓိပ္ပာယ်​သက်ရောက်​စေမည်။ (ကမ္ဘာဦး ၁:၂၈) ထို့နောက် “ဘုရားသခင်​သည် . . . လူ​ကဲ့သို့​မဟုတ်။ ကတိပြု​သမျှ တည်စေ​တော်​မူ​၏; မိန့်တော်မူသည်​အတိုင်း ပြု​တော်​မူ​၏။”—တောလည်ရာ ၂၃:၁၉ယနေ့ အင်္ဂလိပ်​ဘာသာပြန်​ကျမ်း။

စုံလင်သော​ဉာဏ်ပညာ​တော်​ဖြင့် ယေဟောဝါ​ဘုရားသခင်​သည် ထို​ပုန်ကန်မှု​ကို အချိန်​အကန့်အသတ် ခွင့်ပြု​ထား​ရန် ဆုံးဖြတ်​ခဲ့​သည်။ ဘုရားသခင်​ထံ​မှ ကင်းကွာ​နေခြင်း​၏ အကျိုးဆက်များ​ကို ထို​ပုန်ကန်​သူများ အလုံအလောက်​ခံစား​ကြ​ရ​ပေမည်။ လူသည် ဘုရားသခင့်​လမ်းညွှန်မှု လိုအပ်ကြောင်း၊ လူ့​အုပ်ချုပ်မှု၊ သို့​မဟုတ် စာတန့်​အုပ်ချုပ်မှု​ထက် ဘုရားသခင့်​အုပ်ချုပ်မှု​သည် သာလွန်​ကောင်းမွန်​ကြောင်း သမိုင်းက အထင်အရှား​သက်သေထူ​ပါ​လိမ့်​မည်။ တစ်ချိန်တည်း​တွင် မြေကြီး​အတွက် ဘုရားသခင့်​မူလ​ရည်ရွယ်ချက် ပြည့်စုံစေရန် ကိုယ်တော် အသေအချာ​စီစဉ်​ထား​တော်​မူ​သည်။ ‘စာတန်​၏​ခေါင်း​ကို​ကြိတ်’ ၍ သူ၏​ပုန်ကန်မှု​နှင့် ယင်း​၏​ဆိုးကျိုး​များ​ကို အပြီးအပိုင် ဖယ်ရှားပစ်​မည့် “အမျိုးအနွယ်” ပေါ်လာ​မည်​ဟု ကိုယ်တော်​ကတိပြု​သည်။—ကမ္ဘာဦး ၃:၁၅

ထို​ကတိထားရာ မျိုးနွယ်တော်​ကား ယေရှု​ခရစ်​ဖြစ်​တော်​မူ​သည်။ ၁ ယောဟန် ၃:၈ တွင် “[စာတန်​၏] အမှုတို့​ကို​ပယ်ဖျက်ခြင်း​ငှာ၊ ဘုရားသခင်​၏​သားတော်​သည် ထင်ရှား​ပေါ်ထွန်း​တော်​မူ​၏” ဟု​ကျွန်ုပ်​တို့​ဖတ်ရှု​ရသည်။ ယေရှုသည် အပြစ်​နှင့်​သေခြင်းကို အမွေ​ရထား​သော အာဒံ​၏​သားသမီး​များ လွတ်မြောက်​စေရန် မိမိ၏​စုံလင်သော​လူ့​အသက်ကို​စွန့်​၍ ရွေးဖိုး​အဖြစ် အသေခံ​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁:၂၉; ၁ တိမောသေ ၂:၅၊ ၆) ယေရှု၏​ပူဇော်ရာ​ယဇ်ကို အမှန်​ယုံကြည်​ကြောင်း​တင်ပြ​သူများ​သည် ဆင်းရဲခြင်း​ဝေဒနာ​ကို မခံစား​ရတော့​ဟု ကတိ​ရရှိ​ထား​ကြသည်။ (ယောဟန် ၃:၁၆; ဗျာ. ၇:၁၇) ထိုသို့ ဘယ်​သောအခါ ဖြစ်ပျက်​လာ​မည်​နည်း။

ဆင်းရဲခြင်း​ဝေဒနာ​၏​နိဂုံး

ဘုရားသခင့်​အခွင့်အာဏာကို ငြင်းပယ်​ခြင်း​သည် ဖော်​မပြ​နိုင်​လောက်​အောင်​များသော ဆင်းရဲခြင်း​ဝေဒနာ​များ​ကို ဖြစ်ပေါ်​စေ​ခဲ့ပြီ။ သို့​ဖြစ်၍ ဘုရားသခင်​သည် လူ့​ဆင်းရဲခြင်း​ဝေဒနာ​များ​ကို အဆုံးတိုင်​စေပြီး ကမ္ဘာ​မြေကြီး​အတွက် ကိုယ်တော်​၏​မူလ​ရည်ရွယ်ချက်ကို အကောင်အထည်ဖော်​ရန် မိမိ၏​အာဏာတော်​ကို အထူး​နည်းဖြင့် ဖော်ပြ​သင့်​ပေ​သည်။ ထို့​ကြောင့် ယေရှု​က “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ . . . နိုင်ငံတော်​လာပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော” ဟု​ဆုတောင်း​ရန် မိမိ၏​နောက်လိုက်​များ​ကို သွန်သင်ပေး​သောအခါ ၎င်း​မြင့်မြတ်​သော​ပြင်ဆင်မှု​ကို ဖော်ပြ​ခဲ့​သည်။—မဿဲ ၆:၉၊ ၁၀

လူသားများ မိမိတို့​ဘာသာ​စမ်းသပ်​အုပ်ချုပ်​ရန် ဘုရားသခင်​ခွင့်ပြု​ထားချိန် ကုန်ဆုံး​လု​နီးပြီ။ ကျမ်းစာ​တွင် ပရောဖက်ပြု​ထား​သည့်​အတိုင်း ဘုရားသခင်​၏​နိုင်ငံတော်​သည် ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​၌​တည်ထောင်​ခဲ့​၍ ဘုရင်​အဖြစ် ယေရှု​ခရစ်​ခန့်အပ်​ခံ​ခဲ့​ရ၏။ * မကြာမီ ၎င်း​နိုင်ငံတော်​သည် လူ့​အုပ်စိုးမှု​အားလုံး​ကို ချေမှုန်း​ဖျက်ဆီး​ပါ​လိမ့်​မည်။—ဒံယေလ ၂:၄၄၊ ၄၅

မြေကြီးပေါ်​တွင် အမှုတော်​ဆောင်​စဉ် အချိန်တို​ကလေး​အတွင်း ယေရှုသည် ဘုရားသခင့်​အုပ်ချုပ်မှု ပြန်လည်​တည်ထောင်​သည့်​အခါ လူသား​အပေါင်း ခံစားရ​မည့်​ကောင်းချီး​များ​ကို ကြိုမြင်​စေ​ခဲ့​သည်။ ယေရှုသည် လူ​တို့​တွင် ဆင်းရဲ​နွမ်းပါး​၍ ခွဲခြား​ဆက်ဆံခံရသူ​များ​ကို သနား​ကြင်နာ​မှု​ပြ​ခဲ့​ကြောင်း ခရစ်ဝင်​ကျမ်း​များ​က သက်သေထူ​သည်။ ကိုယ်တော်​သည် ဖျားနာ​သူကို ကုသ​ပေး​၏၊ ငတ်မွတ်​သူကို ကျွေးမွေး​ပြီး သေလွန်​သူကို ရှင်ပြန်ထမြောက်​စေတော်မူ​ခဲ့​သည်။ သဘာဝ​စွမ်းအင်​များ​ပင် ကိုယ်တော့်​စကား​ကို နားထောင်​ခဲ့​သည်။ (မဿဲ ၁၁:၅; မာကု ၄:၃၇-၃၉; လုကာ ၉:၁၁-၁၆) ထို့​ကြောင့် နာခံမှု​ရှိ လူသား​အပေါင်း အကျိုး​ခံစားရ​ရန် ယေရှုသည် ရွေးဖိုး​ပူဇော်ရာ​ယဇ်​၏ သန့်ရှင်း​စင်ကြယ်​စေနိုင်​စွမ်း အသုံးပြု​မည့်​အချိန်ကို မြင်ယောင်​ကြည့်​ပါ! ခရစ်တော်​၏​အုပ်ချုပ်မှု​အားဖြင့် ဘုရားသခင်​သည် “[လူသား​တို့] ၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ” ဟု​သမ္မာကျမ်းစာ​က ကတိပြု​သည်။—ဗျာ. ၂၁:၄

ဆင်းရဲခြင်း​ဝေဒနာ​ခံရ​သူများ​အတွက် နှစ်သိမ့်မှု

မေတ္တာပြည့်​ဝ​ပြီး အကြွင်းမဲ့​တန်ခိုးရှင်​ဖြစ်သော ကျွန်ုပ်​တို့၏​ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို​ဂရုစိုက်​တော်​မူ​ပြီး များ​မကြာမီ ချမ်းသာရ​စေ​မည့်​အကြောင်း သိရ​ခြင်း​သည် အားတက်စရာ​ပါ​တကား! အသည်းအသန်​ဖျားနာ​နေ​သူ​တစ်ဦး​သည် အလွန်​နာကျင်​သော ကုသမှု​ကို​ခံရ​လျှင်​ပင် သူ၏​ရောဂါ​ပျောက်​ဖို့ ထို​ကုသမှု​ကို တလိုတလား​ခံယူ​လေ့​ရှိသည်။ ထို​နည်းတူ​ပင်၊ ကိစ္စရပ်​များ​ကို ဘုရားသခင်​ကိုင်တွယ်​ဖြေရှင်းပုံ​သည် ထာဝရ​ကောင်းချီး​များ ခံစားရ​စေမည်​ဟု ကျွန်ုပ်​တို့​သိထား​လျှင် တစ်ခဏမျှ​ခံစား​ရသော အဘယ်​အခက်အခဲ​မျိုးကို​မဆို ခံရပ်​နိုင်​ရန် ထို​အသိပညာက ကျွန်ုပ်​တို့ကို​ထောက်မ​ကူညီပေး​နိုင်​သည်။

ရှေ့​ဆောင်းပါး​တွင် ဖော်ပြ​ခဲ့​သော ရီ​ကာ​ဒို​သည် ကျမ်းစာ​ကတိတော်​များ​မှ နှစ်သိမ့်မှု​ရခဲ့​သူ​တစ်ဦး​ဖြစ်သည်။ “ကျွန်တော့်​ဇနီး ဆုံး​သွားတော့ ကျွန်တော် တစ်သီးပုဂ္ဂလ​ပဲ​နေချင်​ခဲ့တယ်၊ ဒါပေမဲ့ ဒီလို​နေလို့လည်း ကျွန်တော့်​ဇနီး​ပြန်လာ​မှာ​မှ မဟုတ်တာ၊ ကျွန်တော်​စိတ်ဓာတ်​ကျနေ​တဲ့​အခြေအနေ ပို​ဆိုး​ရုံ​ပဲ​ရှိမယ်​ဆိုတာ မကြာခင် သဘောပေါက်​လာတယ်” ဟု​သူ​ပြန်​ပြောပြ​သည်။ ထို့​ကြောင့် ရီ​ကာ​ဒို​သည် ယင်း​သို့​ပြု​မည့်​အစား သူ၏​လုပ်ရိုးလုပ်စဉ်​ဖြစ်သော ခရစ်ယာန်​အစည်းအဝေး​များ တက်​ခြင်း​နှင့် သူတစ်ပါး​အား ကျမ်းစာ​သတင်းတရား​ဝေမျှခြင်း​ကို စွဲစွဲမြဲမြဲ​ပြုလုပ်​ခဲ့​သည်။ “ယေဟောဝါ​ရဲ့ မေတ္တာပါ​တဲ့​ထောက်မ​ကူညီ​မှု​ကို ခံစား​ရပြီး အသေးအဖွဲ​ကိစ္စ​လို့​ထင်​ရတဲ့အခါ​တွေ​မှာ​တောင် ကျွန်တော့်​ဆုတောင်းချက်​တွေ​ကို ကိုယ်တော်​ဖြေဆို​ပေး​တာတွေကို​တွေ့​တော့ ဘုရားသခင်​နဲ့ ပို​ရင်းနှီး​လာတယ်” ဟု​ရီ​ကာ​ဒိုပြောပြ​သည်။ “ဘုရားသခင်​ရဲ့​မေတ္တာကို ခံစားရ​မှန်း​သိလို့ ကျွန်တော်​ကြုံခဲ့ဖူး​သမျှ​မှာ အဆိုးဆုံး​စမ်းသပ်မှု​ကို ခံရပ်​နိုင်​ခဲ့တယ်။” သူ​ဤသို့​ဝန်ခံ​သည်– “ကျွန်တော့်​ဇနီး​ကို ကျွန်တော်​အရမ်း​လွမ်း​နေတုန်းပဲ၊ ဒါပေမဲ့ ယေဟောဝါ​ခွင့်ပြု​တဲ့ ဘယ်အရာ​မဆို ကျွန်တော်​တို့ကို အမြဲ​ဆိုးကျိုး​ပေး​နိုင်​မှာ​မဟုတ်ဘူးဆိုတာ ကျွန်တော်​အခိုင်အမာ​ယုံကြည်တယ်။”

သင်သည် ရီ​ကာ​ဒို​နှင့် အခြားသူ​သန်းပေါင်း​များစွာ​ကဲ့သို့ လက်ရှိ​ဆင်းရဲခြင်း​ဝေဒနာ​များ​ကို “သတိမရ၊ မှတ်မိ​တော့​မည်​မဟုတ်” သည့်​အချိန်ကို တမ်းတ​လိုလား​ပါသလော။ (ဟေရှာယ ၆၅:၁၇သမ္မာ) “တွေ့​နိုင်​သည်​ကာလ​တွင် [ယေဟောဝါ] ကို​ရှာ​ကြလော့။ နီး​တော်​မူ​သည်​ကာလ​တွင် ဆုတောင်း . . . ကြလော့” ဟူသော ကျမ်းစာ​အကြံပေး​ချက်​ကို သင်​လိုက်နာမည်​ဆိုလျှင် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​ကို ခံစားရ​မည်​ဖြစ်​ကြောင်း စိတ်ချ​ပါ။—ဟေရှာယ ၅၅:၆

ထိုသို့​သင်​ပြု​နိုင်​ရန် သမ္မာကျမ်းစာ အသေအချာ​ဖတ်ရှု​လေ့လာခြင်း​ကို သင့်​ဘဝတွင် ဦးစားပေး​ပါ။ ဘုရားသခင်​နှင့် ကိုယ်တော်​စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကို သိကျွမ်းဖို့ ကြိုးစား​ပါ။ ဘုရားသခင်​၏​စံ​များနှင့်​အညီ ကြိုးစား​အသက်ရှင်ခြင်း​အားဖြင့် ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု​ကို လက်အောက်ခံ​လို​ကြောင်း တင်ပြ​ပါ။ သင်​တွေ့ကြုံ​ရသော စမ်းသပ်မှု​များ​ကြား ဤသို့​သော​လမ်းစဉ်​က သင့်ကို ယခု​ပင် ပျော်ရွှင်မှု​များစွာ ပေး​ပါ​လိမ့်​မည်။ အနာဂတ်​တွင်​လည်း ဆင်းရဲခြင်း​ဝေဒနာ​ကင်း​သည့်​ကမ္ဘာ​တွင် ဘဝကို သင်​မွေ့လျော်​ရ​ပါ​လိမ့်​မည်။—ယောဟန် ၁၇:၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 7 ကမ္ဘာဦး ၂:၁၇ နှင့်​ပတ်သက်​၍ အောက်ခြေမှတ်ချက်​တွင် ဂျေရုဆလင် သမ္မာကျမ်းစာ​က “ကောင်း​မကောင်း​ကို​သိကျွမ်းခြင်း” ဟူသည် “အကောင်း​နှင့်​အဆိုးကို . . . ဆုံးဖြတ်ခြင်း တန်ခိုး​အာဏာ​ဖြစ်​ကာ ထို​အတိုင်း​ပြုမူခြင်း၊ အမှားအမှန်​ကို မိမိတို့​ဘာသာ လွတ်လပ်​စွာ ဆုံးဖြတ်​ပိုင်​သည်​ဟု ဆို​ခြင်း​ဖြစ်၏။ ဤသို့ဖြင့် မိမိသည် ဖန်ဆင်း​ခံ​သတ္တဝါ​တစ်ဦး​ဖြစ်​ကြောင်း အသိအမှတ်​မပြု ငြင်းပယ်​၏” ဟု​ရှင်းပြသည်။ ထပ်ဆင့်၍ သူက “ပထမ​အပြစ်​သည် ဘုရားသခင့်​အကြွင်းမဲ့​အာဏာကို တိုက်ခိုက်​ခဲ့​ခြင်း​ဖြစ်၏” ဟု​ဆို​သည်။

^ အပိုဒ်၊ 17 ၁၉၁၄ ခုနှစ်​နှင့်​စပ်​လျ​ဉ်း​သော ကျမ်းစာ​ပရောဖက်ပြုချက်​၏ အသေးစိတ်​ဆွေးနွေးချက်​ကို သိ​လို​ပါ​က ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ် အခန်း ၁၀ နှင့် ၁၁ ကို​ရှု။

[စာမျက်နှာ ၆၊ ၇ ပါ လေးထောင့်ကွက်]

ဆင်းရဲခြင်း​ဝေဒနာ​ကို မည်သို့ ရင်ဆိုင်​ကျော်လွှား​နိုင်​သနည်း

“သင်တို့၌​စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို [ဘုရားသခင်] ၌​အပ်နှံ​ကြလော့။” (၁ ပေတရု ၅:၇) ကျွန်ုပ်​တို့​ဆင်းရဲခြင်း​ဝေဒနာ​ခံရသော​အခါ၊ သို့​မဟုတ် ကျွန်ုပ်​တို့​ချစ်ရသူ​တစ်ဦး ဆင်းရဲခြင်း​ဝေဒနာ​ခံစားရ​သည်ကို တွေ့မြင်​ရသောအခါ စိတ်​မကြည်မလင်​ဖြစ်​ခြင်း၊ ဒေါသ​ထွက်​ခြင်း​နှင့် စွန့်ပစ်​ခံရ​သည်​ဟု ခံစား​ရခြင်း​တို့သည် ဓမ္မတာ​ပင်​ဖြစ်သည်။ သို့​တိုင် ကျွန်ုပ်​တို့၏​ခံစားချက်​များ​ကို ယေဟောဝါ​နားလည်​တော်​မူ​ကြောင်း စိတ်ချ​ပါ။ (ထွက်မြောက်ရာ ၃:၇; ဟေရှာယ ၆၃:၉) ရှေးခေတ်​မှ တည်ကြည်သော​အမျိုးသားများ​ကဲ့သို့ ကျွန်ုပ်​တို့၏​သံသယစိတ်​များ၊ စိုးရိမ်​ပူပန်မှု​များ​ကို ကိုယ်တော့်​အား ရင်ဖွင့်​ပြောပြ​နိုင်​သည်။ (ထွက်မြောက်ရာ ၅:၂၂; ယောဘ ၁၀:၁-၃; ယေရမိ ၁၄:၁၉; ဟဗက္ကုတ် ၁:၁၃) ကျွန်ုပ်​တို့အား ဆင်းရဲခြင်း​သို့​ရောက်​စေသော​အရာများ​ကို အံ့ဖွယ်​နည်းဖြင့် ကိုယ်တော်​ဖယ်ရှား​ပေး​မည်​မဟုတ်သော်လည်း ကိုယ်တော်​သည် ကျွန်ုပ်​တို့​နှလုံးပါပါ တောင်းဆို​သော ဆုတောင်းချက်​များ​ကို ဖြေကြား​သည့်​အနေ​နှင့် ၎င်းတို့ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် ဉာဏ်ပညာ​နှင့်​ခွန်အား ပေး​နိုင်​ပါ​သည်။—ယာကုပ် ၁:၅၊ ၆

“သင်တို့​ခံစား​နေရ​သော နာကျင်ဖွယ်​စုံစမ်းမှု​သည် အံ့ဖွယ်သော​အရာ​ဖြစ်သည်ဟု ထင်​မှတ်၍ အံ့သြခြင်း​မရှိကြ​နှင့်။” (၁ ပေတရု ၄:၁၂အပြည်ပြည်ဆိုင်ရာ​ဘာသာပြန်​ကျမ်း) ဤ​တွင် ပေတရု​သည် ညှဉ်းပန်း​နှိပ်စက်​ခံရ​ခြင်း​ကို ပြောနေခြင်း​ဖြစ်သော်လည်း သူ၏​စကား​များသည် ယုံကြည်သူ​တစ်ဦး​ခံရ​မည့် မည်သည့်​ဆင်းရဲခြင်း​ဝေဒနာ​မျိုး​မဆို​နှင့်​လည်း သက်ဆိုင်​ပေ​သည်။ လူတို့သည် ဆင်းရဲ​ချို့တဲ့၊ ဖျားနာ​ပြီး မိမိ​ချစ်ရသူ​များ​ကို ဆုံးရှုံး​နေကြ​ရသည်။ သမ္မာကျမ်းစာ​က ခပ်သိမ်း​သော​သူတို့​အပေါ် “အချိန်​နှင့်​ကြိုတင်​မမြင်​ရသော​ဖြစ်ပျက်​မှု” များ​ကျရောက်​တတ်​သည်​ဟု​ဆို​၏။ (ဒေ. ၉:၁၁က​ဘ) ဤ​အမှု​များသည် လက်ရှိ​လူသားများ​၏ အခြေအနေ​တစ်ခု​ဖြစ်သည်။ ယင်းကို​သိရှိ​ထားခြင်း​က ဆင်းရဲခြင်း​ဝေဒနာ​များနှင့် အကြောင်း​မလှ​မှုများ ကြုံကြိုက်​ရသောအခါ ကိုင်တွယ်​ဖြေရှင်း​နိုင်​စေ​သည်။ (၁ ပေတရု ၅:၉) ထို့​ထက်​ကား “[ယေဟောဝါ] သည် ဖြောင့်မတ်​သော သူတို့ကို​ကြည့်ရှု​တော်​မူ​၏။ သူတို့​အော်ဟစ်သံ​ကိုလည်း နားထောင်​တော်​မူ​၏” ဟူသော​အာမခံချက်ကို ပြန်သတိရ​ခြင်း​သည် အထူး​နှစ်သိမ့်မှု ရရှိစေ​ပါ​လိမ့်​မည်။—ဆာလံ ၃၄:၁၅; သု. ၁၅:၃; ၁ ပေတရု ၃:၁၂

“မျှော်လင့်​လျက် ဝမ်းမြောက်​ကြလော့။” (ရောမ ၁၂:၁၂) ဆုံးရှုံး​ခဲ့​သော​ပျော်ရွှင်မှု​အကြောင်း တနုံ့နုံ့​ပြန်တွေး​နေ​မည့်​အစား ဆင်းရဲခြင်း​ဝေဒနာ ရှိရှိသမျှကို အဆုံးတိုင်​စေမည်​ဟု ဘုရားသခင်​ကတိ​ထား​တော်​မူ​ကြောင်း စဉ်းစား​ဆင်ခြင်​နိုင်​သည်။ (ဒေ. ၇:၁၀) ဤ​ခြေမြစ်​ခိုင်လုံ​သော မျှော်လင့်ချက်​သည် ဦးခေါင်း​ကို​ကာကွယ်​ပေး​သော သံခမောက်​တစ်လုံး​နည်းတူ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​ပါ​လိမ့်​မည်။ မျှော်လင့်ချက်​သည် လောက​ဓံ​၏​ရိုက်ခတ်​မှုများ​ကို ခံရပ်​နိုင်​စေ​သည်၊ ၎င်းတို့သည် ကျွန်ုပ်​တို့၏​စိတ်ပိုင်း၊ စိတ်​လှုပ်ရှားမှု​ပိုင်း​နှင့် ဝိညာဉ်​ရေး ကျန်းမာ​သန်စွမ်း​ခြင်း​တို့ကို အစဉ်​ထိခိုက်​စေမည်​မဟုတ်​ကြောင်း စိတ်ချ​စေပါ​သည်။—၁ သက်သာလောနိတ် ၅:၈

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အာဒံ​နှင့်​ဧဝ​တို့သည် ဘုရားသခင့်​အုပ်ချုပ်မှု​ကို ငြင်းပယ်​ခဲ့​ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဆင်းရဲခြင်း​ဝေဒနာ​ကင်း​သော​ကမ္ဘာ​ကို ဘုရားသခင်​ကတိပြု