မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယခင်ကထက် ယခု ပို၍နိုးကြားနေလော့!

ယခင်ကထက် ယခု ပို၍နိုးကြားနေလော့!

ယခင်​က​ထက် ယခု ပို​၍​နိုးကြား​နေလော့!

“အခြားသော​သူတို့သည် အိပ်ပျော်​သကဲ့သို့၊ ငါ​တို့သည် အိပ်မပျော်​ဘဲ [ကောင်းသော] သတိ [“နိုးနိုးကြားကြား၊” က​ဘ] ရှိ၍ စောင့်​ကြ​ကုန်​အံ့။”—၁ သက်သာလောနိတ် ၅:၆

၁၊ ၂။ (က) ပုံ​ပေ​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့​တို့သည် မည်သို့သော​မြို့များ​ဖြစ်​ခဲ့​ကြ​သနည်း။ (ခ) ပုံ​ပေ​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့သူ​မြို့သား​များသည် အဘယ်​သတိပေး​ချက်​ကို လျစ်လျူရှု​ခဲ့​ကြ​သနည်း၊ ရလဒ်​ကား​အဘယ်နည်း။

ကျွန်ုပ်​တို့၏​ခရစ်နှစ် ပထမ​ရာစု​တွင် ပုံ​ပေ​မြို့​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့​တို့သည် ဗစူးဗီးယပ်စ်​တောင်​ရိပ်​အောက်​တည်ရှိ​သည့် ကြွယ်ဝ​ချမ်းသာ​သော ရောမမြို့​နှစ်မြို့​ဖြစ်​ခဲ့​သည်။ အဆိုပါ​မြို့များ​သည် ရောမ​လူကုံထံ​များ​အတွက် လူကြိုက်များ​သော အပန်းဖြေ​နေရာများ​ဖြစ်​ခဲ့​သည်။ ယင်း​တို့​၌ ပရိသတ်​တစ်ထောင်​ကျော်​ဆံ့​သော ပြဇာတ်ရုံ​များ​ရှိပြီး ပုံ​ပေ​မြို့တွင် မြို့သူ​မြို့သား​အားလုံးနီးပါး ဝင်ဆံ့​နိုင်သော လဟာပြင်​ပြဇာတ်ရုံ​ကြီး​တစ်ခု​ရှိသည်။ ပုံ​ပေ​မြို့ကို​တူးဖော်​သူများ​သည် အရက်​ဆိုင်​နှင့် တည်းခိုခန်း ၁၁၈ ခု​ရေတွက်​ရ​ရှိ၍ အချို့ တို့​မှာ လောင်းကစား​ရုံ​နှင့် ပြည့်တန်ဆာ​နေရာများ​ဖြစ်​ခဲ့​ကြသည်။ နံရံ​ပေါ်​မှ​ရုပ်ပုံများ​နှင့် အခြား​အသုံးအဆောင်​ပစ္စည်း​များ​က​လည်း အကျင့်​ယိုယွင်းမှု​နှင့် ရုပ်ပစ္စည်း​ပဓာန​ထားမှု​တို့ ပျံ့နှံ့​ခဲ့​ကြောင်း သက်သေထူ​သည်။

စီ.အီး. ၇၉ ခုနှစ် ဩဂုတ်​လ ၂၄ ရက်​နေ့တွင် ဗစူးဗီးယပ်စ်​မီးတောင် စတင်​ပေါက်ကွဲ​လေ​သည်။ ပထမ​ဆုံး​အကြိမ် ထို​မီးတောင်​ပေါက်ကွဲ​ချိန်​တွင် ၎င်း​မြို့​နှစ်မြို့​အပေါ်​ရွာသွန်း​ခဲ့​သော ကျောက်​ပွ​နှင့် ပြာ​သည် မြို့သူ​မြို့သား​များ ဘေးလွတ်​စ​ရာ​အကြောင်း​မရှိ​နိုင်​ချေ​ဟု မီးတောင်​ပညာရှင်​များ​ယူဆ​ခဲ့​ကြသည်။ အမှန်​မှာ လွတ်မြောက်​သူများစွာ​ရှိခဲ့​ပုံ​ရသည်။ သို့သော် အန္တရာယ်ကို​လျော့​တွက်​ခဲ့​ကြ​သူ၊ သို့​မဟုတ် သတိပေး​လက္ခဏာများ​ကို လျစ်လျူရှု​ခဲ့​ကြ​သူများ​မူ ဘေး​ကို​မ​ရှောင်တိမ်း​ဘဲ ကျန်ရစ်​နေကြ​သည်။ သို့​နှင့် ညသန်းခေါင်​ခန့်​တွင် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့တွင်း​သို့ အလွန်​ပူပြင်း​သော​ဓာတ်ငွေ့​များ၊ ကျောက်​ပွ​နှင့် ကျောက်တုံး​များ တစ်ဟုန်ထိုး​လျှော​ကျ​စီးဆင်း​လာပြီး ကျန်ရှိ​သော​မြို့သူ​မြို့သား​များ​ကို မွန်းကျပ်​သေကျေပျက်စီး​စေ​ခဲ့​သည်။ နောက်​တစ်နေ့​နံနက်​စောစော​တွင် ထပ်မံ​တောင်​ပြို​သဖြင့် ပုံ​ပေ​မြို့ရှိ​လူအားလုံး သေဆုံး​ခဲ့​ရလေ​သည်။ သတိပေး​လက္ခဏာများ​ကို အရေးမစိုက်​ခြင်း​၏ ဝမ်းနည်း​ကြေကွဲဖွယ် ရလဒ်​ပါ​တကား!

ဂျူး​အစီအစဉ်​စနစ်​၏​နိဂုံး

၃။ ယေရုရှလင်​မြို့​ပျက်စီးခြင်း​နှင့် ပုံ​ပေ​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့​တို့၏​အဖြစ်​တွင် အဘယ်​ဆင်တူချက်​ရှိ​သနည်း။

လွန်ခဲ့သော​ကိုးနှစ်​က လူ့​လက်ချက်​ဖြင့် ယေရုရှလင်​မြို့ ရုတ်တရက်​ဖျက်ဆီး​ခံရ​ခြင်း​သည် ပုံ​ပေ​မြို့​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့​တို့၏ ထိတ်လန့်​ချောက်ချား​ဖွယ်​နိဂုံး​ထက် သာလွန်​ဆိုးရွား​သည်။ ယေရုရှလင်​မြို့​ပျက်စီးခြင်း​သည် “လူ့​သမိုင်း​တစ်လျှောက် ကြောက်စရာ​အကောင်းဆုံး ဝိုင်းရံမှု​တစ်ခု” ဖြစ်၏​ဟု​ဖော်ပြ​ထား​ရာ ဂျူး​တစ်သန်း​ကျော် သေဆုံး​သည်​ဟု မှတ်တမ်း​တင်ထား​သည်။ သို့သော် ပုံ​ပေ​မြို့​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့တို့မှာ​ကဲ့သို့ ယေရုရှလင်​မြို့​သည် ကြိုတင်​သတိပေး​ချက်​မရှိဘဲ ဖျက်ဆီး​ခံ​ခဲ့​ရခြင်း​မဟုတ်ပါ။

၄။ အစီအစဉ်​စနစ်​၏​ဆုံးခန်း​နီး​ကြောင်း နောက်လိုက်​များ​ကို​သတိပေး​ရန် ယေရှု အဘယ်​ပရောဖက်ပြု နိမိတ်​လက္ခဏာ​ပေး​ခဲ့​သနည်း၊ ပထမ​ရာစု​တွင် မည်သို့​ဦးဆုံး ပြည့်စုံ​ခဲ့​သနည်း။

ယေရှု​ခရစ်​သည် မြို့တော်​ဖျက်ဆီး​ခံရ​မည့်​အကြောင်း ကြိုတင်​ဟော​ကြား​ခဲ့​သည်၊ ၎င်း​မတိုင်မီ စစ်ပွဲ​များ၊ အစာ​ရှားပါးမှု​များ၊ မြေငလျင်​များနှင့် မတရားမှုများ​စ​သည့် စိုးရိမ်ဖွယ်​ရာ​များ အလျင်​ဖြစ်ပျက်​မည့်​အကြောင်း ကြိုတင်​ဟောခဲ့​သည်။ ပရောဖက်​အတုအယောင်​များ ထကြွ​လှုပ်ရှား​လိမ့်​မည်၊ သို့သော်လည်း ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကမ္ဘာချီ​ဟောပြောကြ​လိမ့်​မည်​ဖြစ်သည်။ (မဿဲ ၂၄:၄-၇၊ ၁၁-၁၄) မျက်မှောက်ခေတ်တွင် ယေရှု၏​စကား​များ အကြီးစား​ပြည့်စုံ​နေ​သော်လည်း ထို​စဉ်​က အသေးစား​ပြည့်စုံ​ခဲ့​ပါ​သည်။ ယုဒပြည်​၌ အကြီးအကျယ်​အစာ​ခေါင်းပါး​ခဲ့​ကြောင်း သမိုင်းက​ဖော်ပြ​သည်။ (တမန်​တော် ၁၁:၂၈) ယေရုရှလင်​မြို့​ဖျက်ဆီး​မခံရမီ​ကလေး​တွင် ထို​ဒေသ​၌ မြေငလျင်​လှုပ်​ခဲ့​ကြောင်း ဂျူး​သမိုင်း​ပညာရှင် ဂျိုစီဖတ်စ်​က​ဆို​သည်။ ယေရုရှလင်​မြို့​ကျဆုံး​ချိန်​နီးလာသည်နှင့် အဆက်မပြတ် ပုန်ကန်​ထကြွမှု​များ၊ သဘောထား​ကွဲလွဲ​သော နိုင်ငံရေး​အုပ်စုငယ်​များ​အကြား ပြည်တွင်းစစ်​များ​အပြင် ဂျူး​နှင့် တစ်ပါး​အမျိုးသား​တို့ ရောနှော​နေထိုင်​သည့်​မြို့​အများ​တွင် အစုလိုက်​အပြုံလိုက် သတ်ဖြတ်မှု​များ​ဖြစ်ပျက်​ခဲ့​သည်။ သို့​တိုင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို “ကောင်းကင်​အောက်​၌​ရှိသမျှ​သော . . . သတ္တဝါ​တို့အား” ဟောပြောလျက်​ရှိသည်။—ကောလောသဲ ၁:၂၂

၅၊ ၆။ (က) စီ.အီး. ၆၆ ခုနှစ်​တွင် ယေရှု၏ အဘယ်​ပရောဖက်ပြု​စကား​များ ပြည့်စုံ​ခဲ့​သနည်း။ (ခ) နောက်ဆုံး စီ.အီး. ၇၀ ပြည့်နှစ်​တွင် ယေရုရှလင်​မြို့​ကျဆုံး​သောအခါ သေကျေပျက်စီး​သူ အဘယ်ကြောင့် အလွန်​များပြား​ခဲ့​ရသနည်း။

နောက်ဆုံး၊ စီ.အီး. ၆၆ ခုနှစ်​တွင် ဂျူး​တို့သည် ရောမကို​ပုန်ကန်​လေ​သည်။ ယေရုရှလင်​မြို့ကို​ဝိုင်းရံ​ဖို့ စက်​စ်​တီး​ယပ်စ် ဂဲလပ်စ် စစ်ချီ​လာသော​အခါ ယေရှု၏​နောက်လိုက်​များသည် ယေရှု၏​ဤ​စကား​ကို ပြန်သတိရ​ခဲ့​ကြသည်– “ယေရုရှလင်​မြို့ကို ဗိုလ်ခြေများ​ဝန်းရံ​လျက်​ရှိသည်​ကို သင်တို့​မြင်​သောအခါ၊ ထို​မြို့​သည်​ပျက်စီးခြင်း​သို့​ရောက်လု​သည်ကို သိမှတ်​ကြလော့။ ထို​အခါ ယုဒပြည်​၌​ရှိသောသူ​တို့သည် တောင်ပေါ်​သို့​ပြေးကြ​စေ။ မြို့ထဲ​၌​ရှိသောသူ​တို့သည် မြို့ပြင်​သို့​ထွက်ကြ​စေ။ တော​ရွာမှာ​ရှိသောသူ​တို့သည် မြို့ထဲ​သို့​မဝင်​ကြ​စေ​နှင့်။” (လုကာ ၂၁:၂၀၊ ၂၁) ယေရုရှလင်​မြို့ကို စွန့်ခွာ​ရမည့်​အချိန်တိုင်​လေ​ပြီ—သို့သော် မည်သို့​ထွက်ခွာ​မည်​နည်း။ ဂဲလပ်စ်​၏​စစ်တပ်​သည် မမျှော်လင့်​ဘဲ ဆုတ်ခွာ​သွားခဲ့​ရာ ယေရုရှလင်​မြို့​နှင့် ယုဒ​နယ်​ရှိ​ခရစ်ယာန်​များ ယေရှု၏​စကား​ကို​နာခံ​ပြီး တောင်တန်း​များ​သို့​ထွက်ပြေး​ဖို့ လမ်းပွင့်​သွားလေသည်။—မဿဲ ၂၄:၁၅၊ ၁၆

လေးနှစ်​ကြာပြီးနောက် ပသခါပွဲ​ခံ​ချိန်​လောက်​တွင် ဂျူး​ပုန်ကန်​သူများကို ချေမှုန်း​နှိမ်နင်း​ရန် သန္နိ​ဋ္ဌာန်​ချထား​သူ၊ ဗိုလ်ချုပ်​တိတု​ဦးစီး​သည့် ရောမ​စစ်သည်​များ ပြန်လာ​သည်။ သူ၏​စစ်တပ်​သည် ယေရုရှလင်​မြို့ကို​ဝိုင်းရံပြီး ထွက်​မ​ပြေး​နိုင်​စေရန် “တုတ်ချွန်​ခံတပ်” တည်​လေ​သည်။ (လုကာ ၁၉:၄၃၊ ၄၄က​ဘ) ရောမ​အင်ပါယာ​တစ်လျှောက်​ရှိ ဂျူး​လူမျိုး​တို့သည် စစ်​အန္တရာယ်​ရှိသည့်​ကြား​မှ ပသခါပွဲ​အတွက် ယေရုရှလင်​မြို့​သို့ စု​ပြုံ​လာ​ကြသည်။ ယခု သူတို့​ပိတ်မိ​နေကြ​သည်။ ဂျိုစီဖတ်စ်​အဆို​အရ ရောမတို့​၏​ဝိုင်းရံမှု​ကြောင့် သေကျေပျက်စီး​သူ​အများစုမှာ အဆိုပါ​အကြောင်း​မလှ​သော ဧည့်သည်​များ​ဖြစ်​ကြသည်။ * နောက်ဆုံး​တွင် ယေရုရှလင်​မြို့​ကျဆုံး​သောအခါ ရောမ​အင်ပါယာ​ရှိ ဂျူး​လူမျိုး ခု​နစ်​ပုံ​တစ်​ပုံ​ခန့် သေဆုံး​ခဲ့​သည်။ ယေရုရှလင်​မြို့​နှင့် ယင်း​၏​ဝတ်ပြုရာ​အိမ်တော်​ဖျက်ဆီး​ခံရ​ခြင်း​သည် ဂျူး​နိုင်ငံ​နှင့် မောရှေ​ပညတ်​အပေါ်​အခြေပြု​သော ယင်း​၏​ဘာသာရေး​စနစ်​ပါ ပျက်စီး​ဆုံးရှုံး​သည့်​အဓိပ္ပာယ်​ပင်​ဖြစ်သည်။ *မာကု ၁၃:၁၊ ၂

၇။ တည်ကြည်သော​ခရစ်ယာန်​များသည် ယေရုရှလင်​မြို့​ပျက်စီး​သောအခါ အဘယ်ကြောင့်​ကပ်ကျော်​ခဲ့​ကြ​သနည်း။

စီ.အီး. ၇၀ ပြည့်နှစ်​တွင် ဂျူး​ခရစ်ယာန်​များသည် ယေရုရှလင်​မြို့ရှိ အခြားသူများ​နှင့်အတူ အသတ်ခံရ သို့​မဟုတ် ကျွန်​ဘဝ​ရောက်​ခဲ့​နိုင်​သည်။ သို့သော် သမိုင်း​အထောက်အထားအရ သူတို့သည် အစောပိုင်း ၃၇ နှစ်​က​ပေး​ခဲ့​သော ယေရှု၏​သတိပေး​ချက်​ကို လိုက်နာ​ခဲ့​ကြသည်။ မြို့တော်​ကို သူတို့​စွန့်ခွာ​ပြီး ပြန်​မလာ​ခဲ့​ကြ​ချေ။

တမန်​တော်​များ​၏ အချိန်တန်​သတိပေး​ချက်​များ

၈။ အဘယ်​လိုအပ်ချက်​ကို ပေတရု​သတိပြုမိ​ခဲ့​သနည်း၊ ယေရှု၏​အဘယ်​စကား​ကို သတိရ​၍​ဖြစ်​မည်​နည်း။

ယနေ့ ဤ​အစီအစဉ်​စနစ်​တစ်ခုလုံး​ကို ဆုံးခန်းတိုင်​စေ​မည့် သာ၍​ကြီးမားသော​ဖျက်ဆီးခြင်း ကျရောက်​လာ​ပါ​တော့​မည်။ ယေရုရှလင်​မြို့​မပျက်စီး​မီ ခြောက်​နှစ်​အလို​တွင် တမန်​တော်​ပေတရု​သည် သတိ​ဝီရိယ​ရှိပါ​ဟု အရေးတကြီး အချိန်မီ အကြံပေး​ခဲ့​ရာ ယင်း​အကြံပြုချက်​သည် ကျွန်ုပ်​တို့​ခေတ်​ရှိ ခရစ်ယာန်​များနှင့် အထူး​သက်ဆိုင်​သည်! အရှင်သခင်​ယေရှု​ခရစ်​၏ “ပညတ်​တို့ကို” လျစ်လျူ​မ​ရှု​မိ​ရန် ခရစ်ယာန်​များသည် မိမိတို့၏ ‘ကြည်လင်​သော စဉ်းစား​တွေးခေါ်​နိုင်စွမ်း’ ကို​နှိုးဆော်​ဖို့​လို​ကြောင်း ပေတရု​သိရှိ​ခဲ့​သည်။ (၂ ပေတရု ၃:၁၊ ၂) နိုးနိုးကြားကြား​ရှိကြ​ဖို့ ခရစ်ယာန်​များ​ကို ပေတရု​တိုက်တွန်းချိန်​တွင် သူသည် ယေရှု​မသေဆုံးမီ ရက်​ပိုင်း​အလို​၌ တမန်​တော်​များ​အား ကိုယ်တော်​မိန့်မှာ​ခဲ့​သော ဤ​စကား​ကို သတိရ​၍​ဖြစ်​ပေမည်– “ထို​အချိန်ကာလ​သည် အဘယ်အခါ​၌​ရောက်မည်​ကို သင်တို့​မသိသော​ကြောင့်၊ သတိပြု​၍ . . . စောင့်နေ [“နိုးနိုးကြားကြား​ရှိ၊” က​ဘ] ကြလော့။”—မာကု ၁၃:၃၃

၉။ (က) အဘယ်​အန္တရာယ်​ရှိသော သဘောထားကို အချို့ မွေးမြူ​ကြ​မည်​နည်း။ (ခ) သံသယ​ရှိ​ခြင်း​သည် အဘယ်ကြောင့် အထူး​အန္တရာယ်​ရှိ​သနည်း။

ယနေ့ အချို့ သူတို့က “သခင်​ဘုရား​ကြွလာ​မည်​ဟူသော​ကတိတော်​သည် အဘယ်​မှာ​ရှိ​သနည်း” ဟု​ပြောင်လှောင်​မေးမြန်း​ကြသည်။ (၂ ပေတရု ၃:၃၊ ၄) အရာခပ်သိမ်း​သည် ဤ​လောကကို ဖန်ဆင်း​ကတည်းက​အတိုင်း ဖြစ်မြဲ​ဖြစ်နေ​ပြီး တစ်ခါမျှ​ပြောင်းလဲမှု​မရှိ​ဟု ထို​သူတို့​ယူမှတ်​ကြ​၍​ဖြစ်သည်​မှာ ထင်ရှား​သည်။ ဤသို့​ယုံမှား​သံသယ​ရှိ​ခြင်း​သည် အန္တရာယ်​ရှိ၏။ သံသယစိတ်​သည် ကျွန်ုပ်​တို့၏​အရေးတကြီး​သဘောထားကို အားနည်းစေ​၍ စိတ်​အလိုလိုက်​သည့်​အခြေအနေ​သို့ တဖြည်းဖြည်း ကျရောက်​သွား​စေနိုင်​သည်။ (လုကာ ၂၁:၃၄) ထို့​အပြင် ပေတရု​ဖော်ပြ​သည့်​အတိုင်း အဆိုပါ​ပြက်ရယ်ပြု​သူများ​သည် ကမ္ဘာချီ​အစီအစဉ်​စနစ်​တစ်ခု​ကို ဖျက်ဆီး​ခဲ့​သော နောဧ​ခေတ်​က ရေလွှမ်းမိုး​ဘေး​ကို မေ့လျော့​နေကြ​သည်။ ထို​အချိန်​က ကမ္ဘာ့​အခြေအနေ အမှန်တကယ်​ပြောင်းလဲ​ခဲ့​ပါ​သည်!—ကမ္ဘာဦး ၆:၁၃၊ ၁၇; ၂ ပေတရု ၃:၅၊ ၆

၁၀။ စိတ်မရှည်​လို​သူတို့ကို ပေတရု မည်သို့​အားပေး​သနည်း။

၁၀ ဘုရားသခင်​သည် တစ်ခါတစ်ရံ အဘယ်ကြောင့်​ချက်ချင်း​အရေးမယူ​ကြောင်း သတိပေး​ခြင်း​ဖြင့် ပေတရု​သည် မိမိ၏​စာရှုသူ​များ​ကို စိတ်ရှည်ခြင်း​မွေးမြူ​စေ​သည်။ ဦးဆုံး သူ​ဤသို့​ဆို​၏– “ထာဝရ​ဘုရား​မှာ ကာလ​တစ်ရက်​သည်၊ အနှစ်​တစ်ထောင်​ကဲ့သို့​လည်းကောင်း၊ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​လည်းကောင်း​ဖြစ်သည်။” (၂ ပေတရု ၃:၈) ယေဟောဝါ​သည် ထာဝစဉ်​အသက်ရှင်​သောကြောင့် ကိုယ်တော်​သည် အကြောင်းရင်း​အားလုံး​ကို ထည့်သွင်း​စဉ်းစား၍ အရေးယူ​လုပ်ဆောင်ရန် အသင့်တော်ဆုံး​အချိန်ကို ရွေးချယ်​နိုင်​ပါ​သည်။ ထို့နောက် ယေဟောဝါ​၏​အလိုတော်​မှာ အရပ်ရပ်ရှိ​လူ​တို့ နောင်တ​ယူဖို့​ဖြစ်​ကြောင်း ပေတရု​ညွှန်ပြ​သည်။ ဘုရားသခင်​၏​စိတ်ရှည်ခြင်း​သည် လူများစွာ​အတွက် ကယ်တင်ခြင်း​ဖြစ်သည်၊ ကိုယ်တော်​သာ အလျင်စလို​ပြုမူ​ခဲ့​ပါ​မူ လူများစွာ သေဆုံး​သွား​ကြလိမ့်မည်။ (၁ တိမောသေ ၂:၃၊ ၄; ၂ ပေတရု ၃:၉) သို့သော် ယေဟောဝါ​သည် စိတ်ရှည်သော​ကြောင့် ဘယ်​သောအခါ​မျှ အရေးယူ​မည်​မဟုတ်​ဟု မဆိုလို​ပါ။ “သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့ ထာဝရ​ဘုရား​၏​နေ့ရက်​သည် လာ​လိမ့်​မည်” ဟု ပေတရု​ဆို​၏။—၂ ပေတရု ၃:၁၀

၁၁။ အဘယ်အရာ​သည် ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​အရ နိုးနိုးကြားကြား​ရှိစေ​မည်​နည်း၊ ယင်းက ယေဟောဝါ​၏​နေ့ကို မည်သို့ ‘အရှိန်မြှင့်​တင်’ ပေး​နိုင်​မည်​နည်း။

၁၁ ပေတရု​၏ ခိုင်းနှိုင်း​ပြောဆို​ပုံ​သည် မှတ်သားဖွယ်​ဖြစ်၏။ သူခိုး​ကို​ဖမ်း​ဖို့ မလွယ်ကူ​ပေ၊ သို့သော် တစ်ညလုံး နိုးနိုးကြားကြား​နေသော​အစောင့်​သည် အခါ​အား​လျော်​စွာ အိပ်ငိုက်​သော အစောင့်​ထက် သူခိုး​ဖမ်းမိ​နိုင်​သည်။ အစောင့်​တစ်ဦး​သည် မည်သို့​နိုးနိုးကြားကြား​ရှိ​နိုင်​သနည်း။ တစ်ညလုံး​ထိုင်​နေခြင်း​ထက် လမ်းလျှောက်​နေခြင်း​က နိုးကြား​၍​သတိရှိ​စေ​သည်။ အလားတူ ဝိညာဉ်ရေးတွင် တက်ကြွ​လှုပ်ရှား​နေခြင်း​က ခရစ်ယာန်​များ​အဖြစ် နိုးနိုးကြားကြား​ရှိနေ​စေပါ​လိမ့်​မည်။ ထို့​ကြောင့် ပေတရု​က “သန့်ရှင်းသော​အကျင့်ကို​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း” တို့​၌ အလုပ်များ​နေကြ​ဖို့ ကျွန်ုပ်​တို့ကို​တိုက်တွန်း​သည်။ (၂ ပေတရု ၃:၁၁၊ ၁၂) ထိုသို့​လှုပ်ရှား​နေပါက ကျွန်ုပ်​တို့သည် “ယေဟောဝါ​၏​နေ့ကို စိတ်​စွဲလမ်း​နေ” နိုင်​ပါ​လိမ့်​မည်။ “စိတ်​စွဲလမ်း​နေ” ဟု​ပြန်ဆို​ထားသော ဂရိ​စကားလုံး​ကို စာသား​အရ “အရှိန်မြှင့်​တင်​ခြင်း” ဟု​ပြန်ဆို​နိုင်​ပါ​သည်။ (၂ ပေတရု ၃:၁၂က​ဘ; အောက်ခြေမှတ်ချက်) ယေဟောဝါ​၏​အချိန်ဇယား​ကို ကျွန်ုပ်​တို့​မပြောင်းလဲ​နိုင်​ပါ။ ကိုယ်တော်​သတ်မှတ်​ထားချိန်​၌ ကိုယ်တော်​၏​နေ့ ရောက်လာ​ပါ​လိမ့်​မည်။ သို့​တိုင် ကိုယ်တော်​၏​လုပ်ငန်းတော်​၌ ကျွန်ုပ်​တို့​အလုပ်​များနေ​မည်​ဆိုလျှင် ဤ​အချိန်​မှ ထို​အချိန်အထိ​သည် ကုန်​မြန်​ပုံ​ရှိ​လိမ့်​မည်။—၁ ကောရိန္သု ၁၅:၅၈

၁၂။ ယေဟောဝါ​၏​စိတ်ရှည်ခြင်း​ကို ကျွန်ုပ်​တို့​တစ်ဦးစီ မည်သို့​အခွင့်အရေး​ယူ​နိုင်​သနည်း။

၁၂ ထို့​ကြောင့် ယေဟောဝါ​၏​နေ့ လာ​ခဲ​သည်​ဟု​ယူမှတ်​သူ မည်သူ​မဆို​သည် ယေဟောဝါ​သတ်မှတ်​ထားချိန်​ကို စိတ်ရှည်​စွာ​စောင့်ဆိုင်း​ပါ​ဟူသော ပေတရု​၏​အကြံပေး​ချက်​ကို​လိုက်နာ​ရန် တိုက်တွန်း​ခံရ​ကြသည်။ အမှန်​မှာ ဘုရားသခင်​စိတ်ရှည်​စွာ ခွင့်ပြု​ထားသော​အချိန်ပို​ကို ကျွန်ုပ်​တို့​ပညာရှိ​စွာ အသုံးပြုနိုင်​ကြသည်။ ဥပမာ၊ ကျွန်ုပ်​တို့သည် အရေးပါသော​ခရစ်ယာန်​အရည်အသွေးများ​ကို ဆက်၍​ပြုစု​ပျိုးထောင်​နိုင်​သည့်​အပြင် အချိန်ပို​မရပါ​က လူများစွာ မကြား​လိုက်ရ​ဘဲ​ဖြစ်​မည့် သတင်းကောင်းကို ဟောပြောနိုင်​ပါ​သည်။ ကျွန်ုပ်​တို့​နိုးနိုးကြားကြား​ရှိကြ​မည်​ဆိုလျှင် ဤ​အစီအစဉ်​စနစ်​ဆုံးခန်း​ချိန်​တွင် ကျွန်ုပ်​တို့သည် ယေဟောဝါ​ရှေ့ “အစွန်းအကွက်​ကင်းစင်​၍ အပြစ်တင်​ခွင့်​မရှိဘဲ ငြိမ်သက်​စွာ​ရှိနေ” ကြ​ပါ​လိမ့်​မည်။ (၂ ပေတရု ၃:၁၄၊ ၁၅သမ္မာ) တကယ့်​ဆုကျေးဇူး​ဖြစ်​မည်​ပါ​တကား!

၁၃။ သက်သာလောနိတ်​ခရစ်ယာန်​များ​ထံ ပေါလု​ရေးခဲ့​သော အဘယ်​စကား​သည် ယနေ့ အထူး​သက်ဆိုင်​သနည်း။

၁၃ ပေါလု​သည်လည်း သက်သာလောနိတ်​မြို့ရှိ ခရစ်ယာန်​များ​ထံ​ရေး​သော သူ၏​ပထမ​စာစောင်​တွင် နိုးကြား​နေဖို့လို​ကြောင်း ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​ဆုံးမ​သည်– “အခြားသော​သူတို့သည် အိပ်ပျော်​သကဲ့သို့၊ ငါ​တို့သည် အိပ်မပျော်​ဘဲ [ကောင်းသော] သတိ [“နိုးနိုးကြားကြား၊” က​ဘ] ရှိ၍ စောင့်​ကြ​ကုန်​အံ့။” (၁ သက်သာလောနိတ် ၅:၂၊ ၆) ယနေ့ ကမ္ဘာချီ​အစီအစဉ်​စနစ်​တစ်ခုလုံး ပျက်စီး​လု​နီးပြီ​ဖြစ်​ရာ အဆိုပါ​ဆုံးမ​စကား အမှန်တကယ်​လိုအပ်​ပေ​သည်! ယေဟောဝါ​အား ဝတ်ပြုသူ​များသည် ဝိညာဉ်​ရေး​ကို လျစ်လျူရှု​သည့်​လောက​၌ အသက်​ရှင်​နေကြ​ရာ ယင်းက သူတို့ကို ထိခိုက်​နိုင်​ပါ​သည်။ ထို့​ကြောင့် ပေါလု​ဤသို့​ဆုံးမ​သည်– “နေ့​၏​သား​ဖြစ်သော​ငါ​တို့​မူ​ကား၊ [ကောင်းသော] သတိရှိ​ကြ​ကုန်​အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်း​တည်း​ဟူသော ရင်အုပ်တန်ဆာကို​လည်းကောင်း၊ ကယ်တင်ခြင်း​သို့​ရောက်မည်​ဟု မျှော်လင့်ခြင်း​တည်း​ဟူသော သံခမောက်​လုံး​ကိုလည်း​ကောင်း ဝတ်ဆောင်​ကြ​ကုန်​အံ့။” (၁ သက်သာလောနိတ် ၅:၈) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မှန်မှန်​လေ့လာခြင်း​နှင့် အစည်းအဝေး​များ​တွင် ညီအစ်ကို​များနှင့် မှန်မှန်​ပေါင်းသင်း​ခြင်း​က ပေါလု​၏​ဆုံးမ​စကား​ကို​လိုက်နာ​၍ အရေးတကြီး​သဘောထား​ရှိ​ရန် ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​မည်။—မဿဲ ၁၆:၁-၃

သန်းပေါင်း​များစွာ သတိ​နှင့်​စောင့်​နေကြ

၁၄။ နိုးနိုးကြားကြား​ရှိကြ​ရန် ပေတရု​၏​ဆုံးမ​စကား​ကို ယနေ့ လူများစွာ​လိုက်နာ​နေကြောင်း အဘယ်​ကိန်း​ဂဏန်း​များ​က ဖော်ပြ​သနည်း။

၁၄ နိုးနိုးကြားကြား​ရှိဖို့ မှုတ်သွင်းခံ​အားပေးချက်​ကို ယနေ့ လိုက်နာသူ​များစွာ​ရှိသလော။ ရှိပါ​သည်။ ၂၀၀၂ လုပ်ငန်းတော်နှစ်​အတွင်း​တွင် ၂၀၀၁ ခုနှစ်​ထက် ၃.၁ ရာခိုင်နှုန်း​တိုးများ​လာသော အများဆုံး​ကြေညာသူ​အရေအတွက် ၆,၃၀၄,၆၄၅ ဦး​တို့​က ဘုရားသခင့်​နိုင်ငံတော်​အကြောင်း သူတစ်ပါးကို ၁,၂၀၂,၃၈၁,၃၀၂ နာရီ​တိုင်​ပြောဆို​ကြ​ခြင်း​ဖြင့် ဝိညာဉ်​ရေး​နိုးကြား​မှု​ရှိကြောင်း သက်သေထူ​ခဲ့​သည်။ သူတို့သည် ဤသို့​အမှုမဲ့​အမှတ်မဲ့ လုပ်ဆောင်ခဲ့​ကြသည်​မဟုတ်ပါ။ ယင်းသည် သူတို့၏​အသက်တာတွင် အရေးပါသည့်​လုပ်ငန်း​ဖြစ်သည်။ သူတို့​အများစု​၏​သဘောထားကို အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ​မှ အက်ဒ်​ဝါး​ဒို​နှင့် နေ​အို​မီ​တို့​က တင်ပြ​ပါ​သည်။

၁၅။ ဝိညာဉ်​ရေး​၌ နိုးကြား​၍​သတိရှိ​နေ​သူ များစွာ​ရှိကြောင်း အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ​မှ အဘယ်​တွေ့ကြုံမှု​က ဖော်ပြ​သနည်း။

၁၅ ‘ဤ​လောက​၏​အဆင်းသဏ္ဌာန်​သည် ပြောင်းလဲ​နေ​၏’ ဟူသော ပေါလု​၏​စကား​များ​ကို လွန်ခဲ့သော​နှစ်​အနည်းငယ်​က အက်ဒ်​ဝါး​ဒို​နှင့် နေ​အို​မီ​တို့ သတိမူ​ခဲ့​ကြသည်။ (၁ ကောရိန္သု ၇:၃၁) သူတို့၏​ဘဝကို​ရိုးရှင်း​စေပြီး အချိန်ပြည့်​ရှေ့ဆောင်​ဓမ္မ​အမှု​လုပ်ငန်း​၌ ပါဝင်​ခဲ့​ကြသည်။ အချိန်​လွန်​လေ​သော် သူတို့​ကောင်းချီး​အမျိုးမျိုး​ခံစား​ကြ​ရပြီး တိုက်နယ်​နှင့် ခရိုင်​လုပ်ငန်း​၌​ပင် ပါဝင်​ခဲ့​ကြသည်။ ကြီး​လေး​သော​ပြဿနာ​များ ရင်ဆိုင်ခဲ့​ကြ​ရ​သော်လည်း အက်ဒ်​ဝါး​ဒို​နှင့် နေ​အို​မီ​တို့သည် စည်းစိမ်​ချမ်းသာ​ကို စွန့်လွှတ်​ပြီး အချိန်ပြည့်​လုပ်ငန်း​လုပ်ဆောင်ခဲ့​ခြင်း​သည် မှန်သော​ဆုံးဖြတ်ချက်​ဟု သူတို့​အခိုင်အမာ​ယုံကြည်​ကြသည်။ အယ်​လ်​ဆာ​ဗေး​ဒေါ​နိုင်ငံ​ရှိ ရှေ့ဆောင် ၂,၄၅၄ ဦး​အပါအဝင် ကြေညာသူ ၂၉,၂၆၉ ဦး​တို့​မှ လူအများစု​သည် အလားတူ​ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို တင်ပြ​ခဲ့​ကြပြီ၊ ယင်းကြောင့်​လည်း လွန်ခဲ့သော​နှစ်​တွင် ထို​နိုင်ငံ​၌ ကြေညာသူ​အရေအတွက် ၂ ရာခိုင်နှုန်း တိုးတက်​ခဲ့​ခြင်း​ဖြစ်သည်။

၁၆။ ကုတ်ဒ်​အ​ဗွား​နိုင်ငံ​မှ ညီအစ်ကို​ငယ်​တစ်ဦး အဘယ်​သဘောထား တင်ပြ​ခဲ့​သနည်း။

၁၆ ကုတ်ဒ်​အ​ဗွား​နိုင်ငံ ဌာနခွဲရုံး​သို့ ဤသို့​စာရေး​ပို့​ခဲ့​သော ခရစ်ယာန်​လူရွယ်​တစ်ဦး​သည် အလားတူ​စိတ်ဓာတ်​တင်ပြ​ခဲ့​သည်– “ကျွန်တော် ဓမ္မ​အမှုထမ်း​တစ်ဦး​အဖြစ် အမှုထမ်း​နေပါတယ်။ ဒါပေမဲ့ ကျွန်တော်​ကိုယ်တိုင် ရှေ့ဆောင်​မလုပ်ဘဲ​နဲ့ ညီအစ်ကို​တွေ​ကို ရှေ့ဆောင်​လုပ်ကြပါ​လို့ မပြော​နိုင်ဘူး။ ဒါ​ကြောင့် ဝင်ငွေ​ကောင်း​တဲ့​အလုပ်ကို ကျွန်တော်​စွန့်လွှတ်​ပြီး အခု ကိုယ်ပိုင်​လုပ်ငန်း​လုပ်​နေပါတယ်၊ ဒါ​ကြောင့် ခရစ်ယာန်​ဓမ္မ​အမှု​အတွက် အချိန်ပို​ရတယ်။” ဤ​လူရွယ်​သည် လွန်ခဲ့သော​နှစ်​က ၅ ရာခိုင်နှုန်း​တိုးတက်မှု​ဖြစ်သည့် ကြေညာသူ​အရေအတွက် ၆,၇၀၁ ဦး​မှတ်တမ်းသွင်း​ခဲ့​သော ကုတ်ဒ်​အ​ဗွား​နိုင်ငံ​မှ ရှေ့ဆောင် ၉၈၃ ဦး​အနက် တစ်ဦး​ဖြစ်သည်။

၁၇။ စိတ်​စွန်းကွက်​မှု​ကြောင့် ကြောက်ရွံ့​တွန့်ဆုတ်​ခြင်း​မရှိကြောင်း ဘယ်လ်ဂျီယံ​နိုင်ငံ​မှ သက်သေခံ​လူငယ်​တစ်ဦး မည်သို့​တင်ပြ​ခဲ့​သနည်း။

၁၇ ဘာသာ​ကွဲ​ကို သည်းမခံ​နိုင်​ခြင်း၊ စိတ်​စွန်းကွက်​ခြင်း​နှင့် ခွဲခြား​ဆက်ဆံခြင်း​တို့​က ဘယ်လ်ဂျီယံ​နိုင်ငံ​ရှိ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၂၄,၉၆၁ ဦး​အတွက် ပြဿနာ​များ​ပေါ်ပေါက်​စေ​တုန်း​ပင်။ သို့​တိုင် သူတို့သည် ကြောက်ရွံ့​တွန့်ဆုတ်​မှုမရှိ စိတ်​ထက်သန်​နေကြ​ဆဲ​ဖြစ်သည်။ ကျောင်းတွင် လူ့​ကျင့်ဝတ် သင်တန်း​ချိန်​အတောအတွင်း ယေဟောဝါသက်သေ​များ​အား ဂိုဏ်း​တစ်​ဂိုဏ်း​အဖြစ်​ဖော်ပြ​သည်ကို ၁၆ နှစ်အရွယ် သက်သေခံ​တစ်ဦး​ကြား​သောအခါ သူသည် သက်သေခံ​တို့၏​ရှုမြင်ပုံကို တင်ပြ​ခွင့်​တောင်းဆို​ခဲ့​သည်။ ယေဟောဝါသက်သေ​များ—နာမည်​နောက်ဝယ်​ရှိ​အဖွဲ့အစည်း​ဗီဒီယို​ခွေ​နှင့် ယေဟောဝါသက်သေ​များ—သူတို့​မည်သူ​များ​နည်း​ဘရိုရှာ​ကို​သုံး​၍ သက်သေခံ​များသည် အမှန်​အားဖြင့် မည်သူ​များ​ဖြစ်​ကြောင်း သူ​ရှင်းပြ​နိုင်​ခဲ့​သည်။ သူ​ပြောဆို​တင်ပြ​ခဲ့​သမျှ​ကို ကောင်းစွာ​လက်ခံ​ကြ​ပြီး နောက်​အပတ်​တွင် ကျောင်းသူ၊ ကျောင်းသား​များ​ကို စာမေးပွဲ​စစ်​သောအခါ မေးခွန်း​အားလုံး​သည် ယေဟောဝါသက်သေ ခရစ်ယာန်​ဘာသာ​နှင့်​ပတ်သက်သော မေးခွန်းများ​သာ​ဖြစ်​ခဲ့​သည်။

၁၈။ စီးပွားရေး​ပြဿနာ​များသည် ယေဟောဝါ​အမှုထမ်း​ခြင်း​မှ အာဂျင်တီးနား​နှင့် မိုဇမ်ဘစ်​နိုင်ငံ​များ​မှ ကြေညာသူ​များ​ကို မတားဆီး​နိုင်​ကြောင်း အဘယ်​အထောက်အထား​ရှိ​သနည်း။

၁၈ ဤ​နောက်ဆုံး​ကာလ​တွင် ခရစ်ယာန်​အများစု​သည် ကြီး​လေး​သော​ပြဿနာ​များ ရင်ဆိုင်​နေကြ​ရသည်။ သို့​တိုင် အာရုံ​မ​ပျံ့လွင့်​ဖို့ သူတို့​ကြိုးစား​နေကြ​သည်။ လူအများ​သိ​သော စီးပွားရေး​ပြဿနာ​များ​ရှိသည့်​ကြား​မှ အာဂျင်တီးနား​နိုင်ငံ​တွင် လွန်ခဲ့သော​နှစ်​က အရေအတွက်​နှုန်းသစ်​ဖြစ်သည့် သက်သေခံ ၁၂၆,၇၀၉ ဦး​မှတ်တမ်းသွင်း​ခဲ့​ကြသည်။ မိုဇမ်ဘစ်​နိုင်ငံ​တွင် ဆင်းရဲ​နွမ်းပါး​မှု ပျံ့နှံ့​ဆဲ​ဖြစ်သည်။ သို့ရာတွင် သက်သေခံခြင်း​လုပ်ငန်း​တွင် ၃၇,၅၆၃ ဦး​ပါ​ဝင်၍ မှတ်တမ်းသွင်း​ခဲ့​သည်၊ ယင်းသည် ၄ ရာခိုင်နှုန်း​တိုးတက်မှု​ဖြစ်သည်။ အယ်လ်ဘေးနီးယား​နိုင်ငံ​ရှိ လူများစွာ​အတွက် ဘဝ​သည် အလွန်​ခက်ခဲ​သော်လည်း အဆိုပါ​နိုင်ငံ​သည် ကြေညာသူ​နှုန်းသစ် ၂,၇၀၈ ဦး​အထိ​တိုးများ​လာ၍ ၁၂ ရာခိုင်နှုန်း တိုးတက်မှု​ရခဲ့​သည်။ ယေဟောဝါ​၏​ကျေးကျွန်​များသည် ကိုယ်တော်​၏​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထားသော​အခါ ခက်ခဲ​သော​အခြေအနေ​များ​က ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို မတားဆီး​နိုင်​ကြောင်း ထင်ရှား​ပါ​သည်။—မဿဲ ၆:၃၃

၁၉။ (က) ကျမ်းစာ​အမှန်တရားကို ငတ်မွတ်​သူ သိုး​ကဲ့သို့​သော​သူ များစွာ​ရှိသေး​ကြောင်း အဘယ်အရာက သက်သေထူ​သနည်း။ (ခ) ယေဟောဝါ​၏​ကျေးကျွန်​များသည် ဝိညာဉ်​ရေး​အရ နိုးနိုးကြားကြား​ရှိကြောင်း နှစ်ချုပ်​မှတ်တမ်း​မှ အဘယ်​အချက်​အချို့ က ဖော်ပြ​သနည်း။ (စာမျက်နှာ ၁၂-၁၅ ပါ​ဇယား​ကို​ရှု။)

၁၉ လွန်ခဲ့သော​နှစ်​တွင် ကမ္ဘာ​တစ်ဝန်း လစဉ် ပျမ်းမျှ​ကျမ်းစာ​သင်အံမှု ၅,၃၀၉,၂၈၉ ခု​မှတ်တမ်းသွင်း​ခဲ့​ခြင်း​က ကျမ်းစာ​အမှန်တရားကို ငတ်မွတ်​သူ သိုး​ကဲ့သို့​သော​လူ များစွာ​ရှိနေသေး​ကြောင်း​ဖော်ပြ​သည်။ သတိရအောက်မေ့ပွဲ တက်ရောက်သူ​နှုန်းသစ် ၁၅,၅၉၇,၇၄၆ ဦး​အနက်​မှ အများစုမှာ ယေဟောဝါ​အား တက်ကြွ​စွာ အမှု​မ​ထမ်းဆောင်​ကြ​သေး​ချေ။ ဤ​သူတို့သည် ယေဟောဝါ​နှင့် ညီအစ်ကို​အသင်းအပင်း​ကို ပိုမို​သိကျွမ်း​လာပြီး သူတို့​အပေါ် မေတ္တာ​တိုးပွား​လာနိုင်​ကြ​ပါစေ။ “အခြားသိုး” အဝင် “လူအုပ်ကြီး” သည် ဝိညာဉ်​တော်​ဖွား​ညီအစ်ကို​များနှင့်​အတူ ဖန်ဆင်း​ရှင်​အား “ဗိမာန်တော်၌ . . . နေ့​ည​မပြတ်” အမှုထမ်း​ကြ​စဉ် ဆက်၍​တိုးတက်​နေသည်​ကို တွေ့မြင်​ရခြင်း​သည် စိတ်​လှုပ်ရှား​ဖွယ်​ဖြစ်သည်။—ဗျာ. ၇:၉၊ ၁၅; ယောဟန် ၁၀:၁၆

လောတ​ထံ​မှ သင်ခန်းစာ​တစ်ခု

၂၀။ လောတ​နှင့် သူ၏​ဇနီး​ပုံ​နမူနာ​မှ ကျွန်ုပ်​တို့​အဘယ်​သင်ခန်းစာ​ရသနည်း။

၂၀ မှန်ပါသည်၊ ဘုရားသခင်​၏​တည်ကြည်သော ကျေးကျွန်​များ​ပင်​လျှင် အရေးတကြီး​သဘောထား ခေတ္တ​ပျောက်ဆုံး​သွား​နိုင်​ပါ​သည်။ အာဗြဟံ​၏​တူ လောတ​ကို​စဉ်းစား​ကြည့်​ပါ။ သောဒုံ​နှင့် ဂေါမောရ​မြို့ကို ဘုရားသခင်​ဖျက်ဆီး​လု​ပြီ​ဖြစ်​ကြောင်း ဧည့်သည်​ကောင်းကင်တမန်​နှစ်ပါး​ထံ​မှ သူသိ​ရှိခဲ့​ရသည်။ အဆိုပါ​သတင်းကို “မတရားသော​သူတို့၏​ညစ်ညူး​သော​အကျင့်​အားဖြင့် [“ကြီးစွာ၊” က​ဘ] နှောင့်ယှက်ခြင်း​ကို​ခံရ​သော​သူ” လောတ အံ့အားသင့်​ခဲ့​မည်​မဟုတ်ပါ။ (၂ ပေတရု ၂:၇) သို့​တိုင် ကောင်းကင်တမန်​နှစ်ပါး​က သောဒုံ​မြို့မှ သူ့ကို​ခေါ်ထုတ်​ဖို့​ရောက်လာချိန်​တွင် သူသည် “ဖင့်နွှဲ” နေခဲ့​သည်။ ကောင်းကင်တမန်​တို့သည် သူနှင့် သူ့​မိသားစုကို မြို့ထဲ​မှ​စောင့်ကြပ်​ကာ​ထွက်​စေ​ခဲ့​ရသည်​အထိ​ဖြစ်၏။ နောက်ပိုင်း​တွင် လောတ​၏​မယား​သည် နောက်သို့​လှည့်မကြည့်​နှင့်​ဟူသော ကောင်းကင်တမန်​များ​၏ သတိပေး​ချက်​ကို ဂရုမစိုက်​ခဲ့​ပေ။ သူ၏​ပေါ့​လျော့​သော​သဘောထား​ကြောင့် သူ​အသက်ဆုံး​ခဲ့​ရသည်။ (ကမ္ဘာဦး ၁၉:၁၄-၁၇၊ ၂၆) “လောတ​၏​မယား​ကို​အောက်မေ့​ကြလော့” ဟု​ယေရှု​သတိပေး​ခဲ့​၏။—လုကာ ၁၇:၃၂

၂၁။ ယခင်​က​ထက် ယခု ပို​၍​နိုးကြား​နေဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၂၁ ပုံ​ပေ​မြို့​နှင့် ဟ​ယ်​ခ​ရူ​လေး​နီ​ယမ်​မြို့​တို့ ကပ်​ဆိုက်​ခဲ့​ခြင်း၊ ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ​ခြင်း​ဆိုင်ရာ အဖြစ်အပျက်​များ​အပြင် နောဧ​ခေတ် ရေလွှမ်းမိုးခြင်း​နှင့် လောတ​၏​ပုံ​နမူနာ အားလုံး​တို့သည် သတိပေး​ချက်​များ​ကို အလေးအနက်​သဘောထား​ဖို့​အရေးကြီးကြောင်း ဖော်ပြ​သည်။ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ဆုံးခန်း​ချိန်​၏​နိမိတ်​လက္ခဏာကို ကျွန်ုပ်​တို့​တွေ့မြင်​ကြသည်။ (မဿဲ ၂၄:၃) အယူ​လွဲ​ဝတ်ပြုမှု​မှ ကျွန်ုပ်​တို့​သီးခြားနေ​ခဲ့​ကြပြီ။ (ဗျာ. ၁၈:၄) ပထမ​ရာစု​ခရစ်ယာန်​များ​ကဲ့သို့ ကျွန်ုပ်​တို့သည် ‘ယေဟောဝါ​၏​နေ့ကို စိတ်​စွဲလမ်း’ ကြ​ရမည်။ (၂ ပေတရု ၃:၁၂က​ဘ) မှန်ပါသည်၊ ယခင်​က​ထက် ယခု ကျွန်ုပ်​တို့​ပို​၍ နိုးကြား​နေကြ​ရမည်! နိုးနိုးကြားကြား​ရှိနေဖို့ အဘယ်​ခြေလှမ်း​များ​လှမ်း​၍ အဘယ်​အရည်အသွေးများ​ကို ကျွန်ုပ်​တို့​ပြုစု​ပျိုးထောင်​နိုင်​သနည်း။ နောက်​ဆောင်းပါး​က ယင်း​ကိစ္စရပ်​များ​ကို ဆွေးနွေး​သုံးသပ်ပါ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ပထမ​ရာစု​တွင် ယေရုရှလင်​မြို့၌ မြို့သူ​မြို့သား ၁၂၀,၀၀၀ ထက်​ပို​၍ ရှိခဲ့​ဟန်​မတူ​ပေ။ စီ.အီး. ၇၀ ပြည့်နှစ်​တွင် ယုဒနယ်တွင်​နေထိုင်သူ ၃၀၀,၀၀၀ သည် ပသခါပွဲ​အတွက် ယေရုရှလင်​မြို့​သို့​ရောက်လာ​ကြောင်း ယူစီဘီးယပ်စ်​က ခန့်မှန်း​သည်။ သေကျေပျက်စီး​သော ကျန်​သူတို့မှာ အင်ပါယာ​၏​အခြား​ဒေသ​များ​မှ ရောက်လာ​သူများ​ဖြစ်​ရ​ပေမည်။

^ အပိုဒ်၊ 6 ယေဟောဝါ​၏​အမြင်​မှ​ဆိုလျှင် စီ.အီး. ၃၃ ခုနှစ်​တွင် မောရှေ၏​ပညတ်​ကို ပဋိညာဉ်​သစ်​ဖြင့် အစားထိုး​ခဲ့​သည်။—ဧဖက် ၂:၁၅

သင်​မည်သို့​ဖြေ​မည်​နည်း

• ယေရုရှလင်​မြို့​ပျက်စီးခြင်း​ဘေး​ကို ဂျူး​ခရစ်ယာန်​များ​အား အဘယ်​အဖြစ်အပျက်က လွတ်မြောက်​စေ​ခဲ့​သနည်း။

• တမန်​တော်​ပေတရု​နှင့် ပေါလု​တို့၏​စာစောင်​များ​ပါ ဆုံးမ​စကား​က ကျွန်ုပ်​တို့​နိုးနိုးကြားကြား​ရှိ​ရန် မည်သို့​ထောက်ကူ​ပေး​သနည်း။

• ယနေ့ မည်သူသည် နိုးနိုးကြားကြား​ရှိကြောင်း ထင်ရှား​သနည်း။

• လောတ​နှင့်​သူ၏​ဇနီး မှတ်တမ်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂–၁၅ ပါ ဇယား]

ကမ္ဘာချီ​ယေဟောဝါ သက်သေ​များ​၏ ၂၀၀၂ ခုနှစ်​လုပ်ငန်းတော်​မှတ်တမ်း

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

စီ.အီး. ၆၆ ခုနှစ်​တွင် ယေရုရှလင်​မြို့ရှိ ခရစ်ယာန်​အသိုင်းအဝိုင်း​သည် ယေရှု၏ သတိပေး​ချက်​ကို လိုက်နာ​ခဲ့​ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တက်ကြွ​လှုပ်ရှား​နေခြင်း​က ခရစ်ယာန်​များ​ကို နိုးနိုးကြားကြား​ရှိစေ