သူ၏ဇွဲ ဆုချခံခဲ့ရ
သူ၏ဇွဲ ဆုချခံခဲ့ရ
စိတ်ရိုးမှန်သူများစွာတို့သည် သူတို့ချစ်မြတ်နိုးရသူများ ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း သင်ယူပြီး ပျော်ရွှင်သာယာသောဘဝကို ရရှိစေလိုကြသည်။ ဘုရားသခင်အား တစ်စုံတစ်ဦးအပ်နှံသောအခါ အခြားလူငယ်၊ လူကြီးတို့၏အမူအကျင့်ကောင်းကြောင့် ထိုသူသည် ပညာရှိရှိဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်။ ယေဟောဝါသက်သေများ၏ အထူးအစည်းအဝေးနေ့တစ်ခုတွင် အောက်ပါစာတိုကလေးကို ပေးအပ်ခဲ့သူ ခေးအဲရမ်အမည်ရှိ မက္ကဆီကိုမှ ဆယ်ကျော်သက်မိန်းမငယ်၌ ထိုသို့ဖြစ်ခဲ့သည်–
“ကျွန်မနဲ့အတူ သင်တို့ကိုပျော်ရွှင်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်လောက်က ကျွန်မမမွေးခင်မှာ ကျွန်မရဲ့မိဘတွေ အမှန်တရားသိလာခဲ့ကြတယ်။ ဝိညာဉ်ရေးမှာ အမေတိုးတက်လာပြီးတဲ့နောက် မောင်လေးနဲ့ ကျွန်မပါ တိုးတက်လာခဲ့တယ်။ ကျွန်မအဖေလည်း အသက်လမ်းပေါ်ရောက်လာပါစေလို့ ယေဟောဝါကို ကျွန်မတို့အတူတကွ ဆုတောင်းခဲ့ကြတယ်။ ဆယ့်ရှစ်နှစ်ကြာပြီးတဲ့နောက် ဒီနေ့ဟာ ကျွန်မတို့အတွက် အထူးနေ့ရက်တစ်ရက်ပဲ။ ကျွန်မအဖေ နှစ်ခြင်းယူတော့မယ်။ အကြာကြီးစောင့်မျှော်ခဲ့တဲ့ ဒီနေ့ရက်မတိုင်ခင် အဆုံးမရောက်စေခဲ့တဲ့အတွက် ယေဟောဝါကို ကျွန်မကျေးဇူးတင်တယ်။ ကျေးဇူးတင်ပါတယ်၊ ယေဟောဝါ!”
နှစ်များတစ်လျှောက်တွင် ဤမိန်းမငယ်၏မိသားစုသည် ၁ ပေတရု ၃:၁၊ ၂ မှ ဤမှုတ်သွင်းခံဆုံးမစကားပါ မူကို အမှန်စိတ်စွဲမှတ်ခဲ့ကြသည်– “မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ သို့ပြု၍၊ နှုတ်[မြွက်စကား]တော်ကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။” ခေးအဲရမ်လေးသည်လည်း “သင်၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း သင်၏မိဘကို ရိုသေစွာပြုလော့” ဟူသော တရားဟောရာ ၅:၁၆ ပါစကားကို အမှန်ကျင့်သုံးခဲ့သည်။ ဤမူများကို လက်တွေ့ကျင့်သုံးကြပြီး ယေဟောဝါအား စိတ်ရှည်စွာစောင့်မျှော်ခဲ့ကြသည့်အတွက် ခေးအဲရမ်နှင့် သူ၏မိသားစုသည် အမှန်ပင် ကောင်းချီးရရှိခဲ့သည်။