မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ့်ကြောင့်နည်း ‘ဘာဖြစ်လို့ ဒီလိုဖြစ်စေရတာလဲ ဘုရားသခင်’

အဘယ့်ကြောင့်နည်း ‘ဘာဖြစ်လို့ ဒီလိုဖြစ်စေရတာလဲ ဘုရားသခင်’

အဘ​ယ့်​ကြောင့်​နည်း ‘ဘာဖြစ်​လို့ ဒီလို​ဖြစ်စေ​ရတာလဲ ဘုရားသခင်’

ဆရာဝန်​နှင့်​တွေ့​ရန် စောင့်ဆိုင်း​ခန်း​တွင် ဇနီးသည် မာ​ရီ​ယာ​နှင့်အတူ ထိုင်​နေခဲ့​ချိန်​ကို ရီ​ကာ​ဒို သတိရ​ဆဲ​ဖြစ်သည်။ * သူတို့​နှစ်ဦးစလုံး မာ​ရီ​ယာ​၏​နောက်ဆုံး​ဆေးစစ်ချက်​ကို မဖတ်​ဝံ့​ခဲ့​ကြ​ချေ။ နောက်ဆုံး​တွင် ရီ​ကာ​ဒို​သည် စာအိတ်​ကို​ဖွင့်ပြီး ဆေးစစ်ချက်​စာရွက်​ပေါ်​မှ ဆေး​ဘက်​ဆိုင်ရာ​အသုံးအနှုန်း​ကို ဖျတ်​က​နဲ​ကြည့်​လိုက်​ရာ “ကင်ဆာ” ဟူသော​စကားလုံး​ကို တွေ့​လိုက်ရ​ပြီး ၎င်း​စကားလုံး​၏​ဆိုလိုရင်း​ကို သူတို့​သဘောပေါက်​ကြ​သဖြင့် နှစ်ဦးစလုံး​ငိုချ​လိုက်​ကြ​လေ​တော့​သည်။

“ဆရာဝန်​က သိပ်​ပြီး​ကြင်နာ​ပါ​တယ်၊ ဒါပေမဲ့ သူက ကျွန်တော်​တို့ ဘုရားသခင်​ကို​အားကိုး​ရမယ်​လို့ တစ်ချိန်​လုံး​ပြော​နေတာ​ကြောင့် စိုးရိမ်​စ​ရာ​ရှိတယ်ဆိုတာ​ကို သူ​ကောင်းကောင်း​သိထားလို့ပဲ​ဖြစ်​မယ်” ဟု ရီ​ကာ​ဒို​ပြန်​ပြောပြ​သည်။

ဓာတ်​မ​ကင်​မီ​တွင် မာ​ရီ​ယာ​၏​ညာဘက်​ခြေထောက်​သည် အလိုအလျောက်​လှုပ်ရှား​ကြောင်း ဆရာဝန်​က သတိပြုမိ​ခဲ့​သည်။ နောက်ထပ်​စစ်ဆေးချက်​များ​ပြုလုပ်​သောအခါ သူ၏​ဦးနှောက်​သို့ ကင်ဆာ​ကူးစက်​သွားပြီ​ဖြစ်​ကြောင်း သိရှိ​ရသည်။ တစ်ပတ်တာ​မျှ​သာ ဓာတ်​ကင်​ပြီး​နောက် ရပ်ဆိုင်း​လိုက်​သည်။ ထို့နောက် မာ​ရီ​ယာ​သည် သတိလစ်​မေ့မြော​သွားပြီး နှစ်လ​အကြာတွင် ကွယ်လွန်​သွားလေသည်။ “မာ​ရီ​ယာ​ခမျာ ဝေဒနာ​မခံစား​ရတော့​လို့ ကျွန်တော်​ဝမ်းသာ​ပါ​တယ်၊ ဒါပေမဲ့​လည်း သူ့ကို လွမ်း​လွန်းလို့ ကျွန်တော်​ပါ​သေချင်စိတ်​ပေါ်​ခဲ့တယ်။ ‘ဘာဖြစ်​လို့ ဒီလို​ဖြစ်စေ​ရတာလဲ’ လို့ ဘုရားသခင်​ကို ကျွန်တော်​မကြာခဏ​ဟစ်အော်​မိတယ်” ဟု ရီ​ကာ​ဒို​ရှင်းပြသည်။

ကြေကွဲဖွယ်​အဖြစ်ဆိုး​နှင့် ကြုံ​ရသည့်​အခါ မေးခွန်းများ​ပေါ်လာ

ရီ​ကာ​ဒို​ကဲ့သို့​ပင် ကမ္ဘာ​တစ်ဝန်း​ရှိ လူ​မြောက်မြားစွာ​သည် ဆင်းရဲခြင်း​ဝေဒနာ အမှန်​ရှိကြောင်းကို မလွှဲ​မရှောင်​သာ ဝန်ခံ​ကြ​ရသည်။ အများအားဖြင့် ဆင်းရဲခြင်း​ဝေဒနာ ခံစားရ​သူများ​မှာ အပြစ်မဲ့​သူများ​ဖြစ်သည်။ သနား​ညှာတာမှု​ကင်းမဲ့​သည့် လက်နက်ကိုင်​တိုက်ခိုက်မှု​များ​ကြောင့် ဖြစ်ပေါ်​လာသော ဝမ်းနည်းပူဆွေးမှု​ကို စဉ်းစား​ကြည့်​ပါ။ မုဒိမ်းမှု၊ ကလေး​ကို​မတော်မတရား​ပြု​မှု၊ အိမ်တွင်း​အကြမ်းဖက်မှု​နှင့် လူ​တို့​ပြုလုပ်​သော အခြား​ဆိုးသွမ်းမှု​များ​၏​သားကောင် မြောက်မြားစွာ​၏ စိတ်​နာကျင်မှုကိုလည်း စဉ်းစား​ကြည့်​ပါ။ သမိုင်း​တစ်လျှောက်​တွင် အမျိုးသားများ၊ အမျိုးသမီးများ တစ်ဦး​ကိုတစ်​ဦး​ပြုသော မတရားမှု​နှင့် စိတ်​ဆင်းရဲ​စ​ရာ​များ အတော​မ​သတ်​နိုင်​ပုံ​ရှိသည်။ (ဒေ. ၄:၁-၃) ထို့​အပြင် သဘာဝဘေးဒဏ်​များ၊ သို့​မဟုတ် စိတ်​လှုပ်ရှားမှု၊ စိတ်ပိုင်း​နှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာရှင်​များလည်း​ရှိသေး​သည်။ ထို့​ကြောင့် များစွာသော​သူတို့က “ဒီလိုမျိုး ဆင်းရဲခြင်း​ဝေဒနာ​ကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​တာလဲ” ဟု​မေး​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ။

ဆင်းရဲခြင်း​ဝေဒနာသည် ဘာသာရေး​ခံယူ​ချက်​ပြင်းထန်​သူများ​အတွက်​ပင် ခံရ​ခက်​သည်။ ထို့​ကြောင့် မေတ္တာရှင် တန်ခိုး​အကြီးမားဆုံး​ဘုရားသခင်​သည် လူ​တို့ကို အဘယ်ကြောင့် ဆင်းရဲ​ဝေဒနာ​ခံစေ​ရ​ကြောင်းကို သင်​သိ​လို​ပေမည်။ စဉ်းစား​ရ​ခက်​သော ဤ​မေးခွန်း​အတွက် ကျေနပ်ဖွယ်​အဖြေ​မှန်​တွေ့ရှိ​ထားခြင်း​သည် ကျွန်ုပ်​တို့၏​စိတ်​ငြိမ်သက်မှု​အပြင် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အတွက်​ပါ အရေးပါ​သည်။ သမ္မာကျမ်းစာ​က ထို​မေးခွန်း​ကို ဖြေဆို​ပေး​ပါ​သည်။ ထို​အကြောင်း မည်သို့​ဆို​သည်ကို နောက်​ဆောင်းပါး​တွင် ကျေးဇူးပြု​၍ သုံးသပ်ကြည့်​ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်များ​ပြောင်း​ထား​သည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကျွန်တော်​တို့ ဘုရားသခင်​ကို​အားကိုး​ရမယ်​လို့ ဆရာဝန်​က တစ်ချိန်​လုံး​ပြော​နေခဲ့တယ်