မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရားကို မှန်ကန်စွာကိုင်တွယ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း

အမှန်တရားကို မှန်ကန်စွာကိုင်တွယ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း

အမှန်တရားကို မှန်ကန်​စွာ​ကိုင်တွယ်​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို ကူညီပေး​နိုင်​သနည်း

တစ်ခါ​က သတင်းစာ​တစ်စောင်​၏ ပြဇာတ်​ဝေဖန်သူ​တစ်ဦး​သည် ပြဇာတ်​တစ်ခု​သွား​ကြည့်​လေ​သည်။ ၎င်း​ပြဇာတ်​ကို အကြိုက်​မ​တွေ့ခဲ့​ရာ သူက “သင်သည် ခပ်​ညံ့​ညံ့​ပြဇာတ်​တစ်ခု​ကြည့်​လိုလျှင် ဤ​ပြဇာတ်​ကို ကြည့်​ဖြစ်အောင်​ကြည့်​လိုက်ပါ” ဟု​ဝေဖန်ရေး​သား​ခဲ့​သည်။ ယင်း​နောက် ၎င်း​ပြဇာတ်​မြှင့်တင်​သူများ​က အဆိုပါ​ဝေဖန်သူ​၏ ဝေဖန်ချက်​ကို ကိုးကား​၍ ဤသို့​ကြော်ငြာ​ခဲ့​ကြသည်– “ဤ​ပြဇာတ်​ကို ကြည့်​ဖြစ်အောင်​ကြည့်​လိုက်ပါ။” ၎င်း​ကြော်ငြာ​သည် ဝေဖန်ရေး​သ​မား​၏​စကား​ကို အတိအကျ​ကိုးကား​ထား​သော်လည်း ရှေ့နောက်စကား​စပ်​မှ နုတ်ယူ​လိုက်​ရာ သူ၏​အမြင်ကို လုံးလုံး​တလွဲ​ဖြစ်စေ​ခဲ့​သည်။

ဖော်ပြချက်​တစ်ခု​၏ စကားစပ်​သည် မည်မျှ​အရေးပါ​နိုင်​ကြောင်း ထို​ပုံ​ဥပမာ​က​တင်ပြ​သည်။ စကားစပ်​မှ စကားလုံး​များ​ကို တစ်လုံး​ချင်း​ကောက်ယူ​ခြင်း​သည် အဓိပ္ပာယ်​လွဲ​စေနိုင်​သည်၊ ယေရှု​အား​လှည့်ဖြား​ရန် စာတန်​ကြိုးစား​ခဲ့​စဉ်​က ကျမ်းစာ​၏​အဓိပ္ပာယ်​ကို တလွဲ​ထင်​စေ​ခဲ့​သကဲ့သို့ပင်​ဖြစ်သည်။ (မဿဲ ၄:၁-၁၁) အခြား​တစ်ဖက်​တွင်​မူ ဖော်ပြချက်​တစ်ခု​၏ ရှေ့နောက်စကား​ကို ထည့်​စဉ်းစား​သုံးသပ်ခြင်း​အားဖြင့် ယင်း​၏​အဓိပ္ပာယ်​ကို ပိုမို​တိကျ​စွာ​နားလည်စေ​သည်။ ထို့​ကြောင့် ကျမ်းချက်​တစ်ချက်​ကို ကျွန်ုပ်​တို့​လေ့လာ​သောအခါ ကျမ်း​ရေးသူ​ဆိုလို​သော​အကြောင်းကို ပိုမို​နားလည်​ရန် ကျမ်းချက်​၏ ရှေ့နောက်စကား​ကို ဖတ်ရှု​လေ့လာ​ကြည့်​ခြင်း​သည် အမြဲတစေ ပညာရှိရာ​ရောက်​၏။

မှန်ကန်​စွာ ပိုင်းခြား​ကိုင်တွယ်​ပါ

အဘိဓာန်​တစ်အုပ်​က စကားစပ်​ဟူသည် “စကားလုံး သို့​မဟုတ် စာပိုဒ်​တစ်ခု​၏ ရှေ့နောက်​ရေးသား​ဖော်ပြချက်​ဖြစ်၍ ယင်းသည် များသောအားဖြင့် ၎င်း​၏ ဆိုလိုချက်၊ သို့​မဟုတ် အဓိပ္ပာယ်​ကို ပြုပြင်​ပြောင်းလဲ​နိုင်၏” ဟု​အဓိပ္ပာယ်​ဖွင့်​ထား​သည်။ ထိုစကား​စပ်​သည် “တစ်စုံတစ်ခု​သော​ဖြစ်ရပ်၊ အခြေအနေ​စ​သည်​တို့​နှင့် ဆက်စပ်​နေသော အကြောင်းအရာများ သို့​မဟုတ် အဖြစ်အပျက်​များ” လည်း​ဖြစ်​နိုင်​သည်။ ဤ​ဒုတိယ​အဓိပ္ပာယ်​တွင် “စကားစပ်” အတွက် ကြောင်း​တူ​သံ​ကွဲ​စကားလုံး​မှာ “နောက်ခံ​အကြောင်း” ဖြစ်​ပေမည်။ တိမောသေ​ထံ တမန်​တော်​ပေါလု​ရေးသားခဲ့​သော ဤ​စကား​ကို​ထောက်​လျှင် ကျမ်းချက်​တစ်ချက်​၏ စကားစပ်​ကို စဉ်းစား​ဆင်ခြင်ခြင်း​သည် အထူး​အရေးပါ​ကြောင်း ထင်ရှား​၏– “သင်​မူ​ကား၊ . . . ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်] တရားကို မှန်ကန်​စွာ​ပိုင်းခြား [“ကိုင်တွယ်၊” က​ဘ] တတ်သော ဆရာသမား​ဖြစ်​လျက်၊ ဘုရားသခင့်​ရှေ့၌ ကိုယ်ကို​ကိုယ်​ဆက်သခြင်း​ငှာ ကြိုးစား​အားထုတ်​လော့။” (၂ တိမောသေ ၂:၁၅) သမ္မာကျမ်းစာ​ကို မှန်ကန်​စွာ​ပိုင်းခြား​ကိုင်တွယ်​နိုင်​ဖို့ ကျွန်ုပ်​တို့သည် ကျမ်းစာ​ကို မှန်မှန်ကန်ကန်​နားလည်​ထားပြီး အခြား​သူများကို တိကျ​မှန်ကန်​စွာ ရှင်းပြဖို့​လို​သည်။ သမ္မာကျမ်းစာ​၏​အာဘော်ရှင် ယေဟောဝါ​အား ရိုသေ​လေးစားခြင်း​က ထိုသို့​ပြု​ရန် ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​ပါ​လိမ့်​မည်၊ စကားစပ်​ကို ဆင်ခြင်​သုံးသပ်ခြင်း​သည် အရေးပါသော​အထောက်အကူ​ဖြစ်ပါ​လိမ့်​မည်။

တိမောသေ​ဒုတိယ​စောင်​၏ နောက်ခံ​သမိုင်း

သာဓက​အနေ​နှင့်၊ တိမောသေ​ဒုတိယ​စာစောင်​ကို သုံးသပ်ကြည့်​ကြ​စို့။ * စတင်​ဆန်းစစ်​ကြည့်​ရာ​တွင် ထို​စာစောင်​၏​နောက်ခံ​သမိုင်း​ကို လေ့လာ​ကြည့်​နိုင်​သည်။ တိမောသေ​ဒုတိယ​စောင်​ကို မည်သူ​ရေးသား​သနည်း။ မည်သည့်​အချိန်၊ မည်သည့်​အခြေအနေ​များ​အောက် ရေးသားခဲ့​သနည်း။ ထို့နောက် စာစောင်​၌ လိပ်မူ​ခံရ​သူ “တိမောသေ” ၏​အခြေအနေ​ကား အဘယ်နည်း။ စာစောင်​၌​ပါ​သော​အချက်အလက်​များ​ကို သူ​အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း။ ဤ​မေးခွန်းများ​၏​အဖြေ​များသည် ၎င်း​စာစောင်​ကို ကျွန်ုပ်​တို့အား တိုး၍​တန်ဖိုး​ထား​စေမည်​ဖြစ်​ပြီး ၎င်း​မှ ယနေ့ အကျိုးကျေးဇူး​ရနိုင်ပုံ​ကိုလည်း သိမြင်စေပါ​လိမ့်​မည်။

တိမောသေ​ဒုတိယ​စောင်​၏ အဖွင့်​အခန်းငယ်​များ​က ၎င်း​သည် တိမောသေ​ထံ တမန်​တော်​ပေါလု​ရေးသားခဲ့​သော စာ​တစ်စောင်​ဖြစ်​ကြောင်း ဖော်ပြ​သည်။ ၎င်းကို​ရေးသားချိန်​တွင် ပေါလု​သည် သတင်းကောင်း​ကြောင့် အကျဉ်း​ချ​ခံ​နေရ​ကြောင်း အခြား​အခန်းငယ်​များ​က ဖော်ပြ​သည်။ လူအများ​၏​စွန့်ပယ်​မှု​ကို ခံရ​သဖြင့် မိမိ​သေဆုံး​ခါနီး​ပြီ​ဟု ပေါလု​ယူမှတ်ခဲ့​သည်။ (၂ တိမောသေ ၁:၁၅၊ ၁၆; ၂:၈-၁၀; ၄:၆-၈) ထို့​ကြောင့် စီ.အီး. ၆၅ ခန့်​က ရောမမြို့​၌ ဒုတိယ​အကြိမ် အကျဉ်း​ချ​ခံရ​စဉ်​အချိန်တွင် ထို​ကျမ်းစောင်​ကို ရေးသားခဲ့​ပေမည်။ ၎င်းကို​ရေးသား​ပြီး​မကြာမီ နီရို​ဘုရင်​က သူ့ကို သေဒဏ်​ချ​ခဲ့​ပုံ​ရှိသည်။

ဤ​ကား တိမောသေ​ဒုတိယ​စောင်​၏ နောက်ခံ​သမိုင်း​ဖြစ်သည်။ သို့သော် ပေါလု​သည် မိမိ၏​ပြဿနာ​များ​အကြောင်း ညည်းညူ​ဖို့ တိမောသေ​ထံ​ရေးခဲ့​ခြင်း​မဟုတ်​သည်​မှာ မှတ်သားထိုက်​ပေ​သည်။ ယင်းအစား ခဲယဉ်း​သော​ကာလ​ကို တိမောသေ ရင်ဆိုင်​ရ​လိမ့်​မည်​ဖြစ်​ကြောင်း သတိပေး​ပြီး စိတ်​ပျံ့လွင့်​မှုများ​ကို​ရှောင်ရန်၊ “ခိုင်ခံ့ခြင်း​ရှိ” ရန်​နှင့် ပေါလု​၏​သွန်သင်ချက်​များ​ကို သူတစ်ပါး​အား လက်ဆင့်ကမ်း​ရန် မိတ်ဆွေ​ဖြစ်သူကို အားပေးခဲ့​သည်။ ထို​သူတို့သည် တစ်ဖန် အခြား​သူများကို​ကူညီ​ရန် အရည်အချင်း​ပြည့်မီ​လာ​ကြ​ပေမည်။ (၂ တိမောသေ ၂:၁-၇) ခဲယဉ်း​သည့်​အချိန်၌​ပင် သူတစ်ပါး​အတွက် ကိုယ်ကျိုးမဖက်​သည့် စိုးရိမ်စိတ်​ရှိ​ခြင်း​ဆိုင်ရာ အလွန်​ကောင်းသော​ပုံ​နမူနာ​ပါ​တကား! ယနေ့ ကျွန်ုပ်​တို့အတွက်​လည်း ကောင်းမွန်သော​သွန်သင်ချက်​ဖြစ်သည်!

ပေါလု​က တိမောသေ​ကို “ငါ့​ချစ်​သား” ဟု​ခေါ်​ခဲ့​သည်။ (၂ တိမောသေ ၁:၁) ခရစ်ယာန်​ဂရိ​ကျမ်း​စာစောင်​များ​တွင် ဤ​လုလင်ပျို​ကို ပေါလု​၏​တည်ကြည်သော​အဖော်​အဖြစ် မကြာခဏ​ဖော်ပြ​လေ့​ရှိသည်။ (တမန်​တော် ၁၆:၁-၅; ရောမ ၁၆:၂၁; ၁ ကောရိန္သု ၄:၁၇) ဤ​စာစောင်​ကို တိမောသေ​ထံ ပေါလု​ရေးချိန်​၌ သူသည် အသက် ၃၀ ကျော်​သာ​ရှိပြီး လူငယ်​အဖြစ် ရှုမြင်​ခံရ​ဆဲ​ဖြစ်သည်။ (၁ တိမောသေ ၄:၁၂) သို့​တိုင် သူသည် ၁၄ နှစ်​ခန့် ‘ပေါလု​နှင့်အတူ​အမှုဆောင်​ရွက်’ ခဲ့​၍ တည်ကြည်သော​သူ​တစ်ဦး​အဖြစ် မှတ်တမ်းကောင်း ရရှိ​ထား​နှင့်​ပြီး​ဖြစ်သည်။ (ဖိလိပ္ပိ ၂:၁၉-၂၂) တိမောသေ​သည် အတော်အတန်​ငယ်ရွယ်​သေး​သော်လည်း “စကား​ကြောင့်​သာ​ငြင်းခုံခြင်း​မပြု” ဘဲ ယုံကြည်ခြင်း​နှင့် ခံနိုင်ရည်​ရှိ​ခြင်း​စ​သည့် အရေးပါသော​ကိစ္စရပ်​များ​ကို အာရုံ​စူးစိုက်​ကြဖို့ အခြား​အကြီးအကဲ​များ​ကို ဆုံးမ​သွန်သင်​ရန် ပေါလု​တာဝန်​ပေး​ခဲ့​သည်။ (၂ တိမောသေ ၂:၁၄) တိမောသေ​သည် အသင်းတော်​ကြီးကြပ်မှူး​များနှင့် ဓမ္မ​အမှုထမ်းများ​ကို​ခန့်အပ်​ဖို့ အခွင့်အာဏာ​လည်း​ရရှိ​ထား​သည်။ (၁ တိမောသေ ၅:၂၂) သို့သော် သူသည် အခွင့်အာဏာ​အသုံးပြုရန် အနည်းငယ် မဝံ့မရဲ​ဖြစ်​ခဲ့​ပေမည်။—၂ တိမောသေ ၁:၆၊ ၇

ဤ​ငယ်ရွယ်​သော​အကြီးအကဲ​သည် ကြီး​လေး​သော​စိန်ခေါ်ချက်​အချို့​ကို ရင်ဆိုင်ခဲ့​ရသည်။ တစ်ခု​အနေ​နှင့် ဟု​မေ​နဲ​နှင့် ဖိလက်​ဆို​သူ​နှစ်ဦး​တို့​က “သေခြင်း​မှ​ထမြောက်ခြင်း​သည် လွန်​ခဲ့ပြီ​ဟု​ပြောဆို​လျက် . . . အချို့​သော​သူတို့၏​ယုံကြည်ခြင်းကို မှောက်လှန်” နေကြ၏။ (၂ တိမောသေ ၂:၁၇၊ ၁၈သမ္မာ) သူတို့က ဝိညာဉ်​ရေး​အရ ရှင်ပြန်ထမြောက်ခြင်း​တစ်ခု​တည်း​သာ​ရှိပြီး ခရစ်ယာန်​များ​၌ ဖြစ်ပျက်​ပြီးပြီ​ဟု ယူမှတ်​ကြ​ပုံ​ရှိသည်။ ခရစ်ယာန်​များသည် မိမိတို့​အပြစ်​၌ သေ​လျက်​ရှိကြ​သော်လည်း ဘုရားသခင့်​ဝိညာဉ်​တော်​အားဖြင့် အသက်ရှင်​စေခြင်း​ခံရ​ပြီ​ဟူသော ပေါလု​၏​ဖော်ပြချက်​ကို ထို​သူတို့သည် စကားစပ်​မှ တစ်လုံး​ချင်း​ကောက်နုတ်​ယူပြီး ကိုးကား​ခဲ့​ကြ​ခြင်း​ဖြစ်​နိုင်​သည်။ (ဧဖက် ၂:၁-၆) ဤသို့​အယူဖောက်ပြန်​သော ဩဇာ​လွှမ်း​မှု​မျိုး တိုးများ​လာ​လိမ့်​မည်​ဟု ပေါလု​သတိပေး​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “နောင်​ကာလ​၌ လူတို့သည် စင်ကြယ်သော [ဆုံးမ​စကား] ကို​နား​မခံနိုင် . . . [အမှန်] တရားကို​နားမထောင်​ဘဲ၊ ဒဏ္ဍာရီ​စကား​ကို​နားထောင်​၍ လွဲသွား​ကြလိမ့်မည်။” (၂ တိမောသေ ၄:၃၊ ၄) ပေါလု​၏​ကြိုတင်​သတိပေး​ချက်​က တမန်​တော်​၏​ဆုံးမ​စကား​ကို တိမောသေ​လိုက်နာ​ဆောင်ရွက်ဖို့ အရေးကြီးကြောင်း ဖော်ပြ​သည်။

စာစောင်​၏ မျက်မှောက်ခေတ်​တန်ဖိုး

အထက်ပါ​စကား​များ​မှ ကျွန်ုပ်​တို့​သိရှိ​ရသည်မှာ ပေါလု​သည် အနည်းဆုံး အောက်ပါ​အကြောင်းရင်း​များ​ကြောင့် တိမောသေ​ဒုတိယ​စာစောင်​ကို ရေးသားခဲ့​ခြင်း​ဖြစ်သည်– (၁) မိမိ​သေဆုံး​လု​နီးပြီ​ဖြစ်​ကြောင်း ပေါလု​သိထား​ပြီး တိမောသေ​ကို​ထောက်မရန် မိမိ​မရှိတော့​သည့်​အချိန်​အတွက် တိမောသေ​ကို အသင့်ပြင်​ဆင်​ပေး​လို​ခဲ့​သည်။ (၂) တိမောသေ​၏​ကြီးကြပ်မှု​အောက်​ရှိ အသင်းတော်များ​ကို အယူဖောက်ပြန်​ခြင်း​နှင့် အခြား​ဘေးပြု​သော​သြဇာလွှမ်း​မှုများ​မှ ကာကွယ်​ပေး​နိုင်​ရန် သူ့ကို အရည်အချင်း​ပြည့်မီ​စေ​လို​ခဲ့​သည်။ (၃) ယေဟောဝါ​၏​လုပ်ငန်းတော်​၌ အလုပ်​များနေ​ပြီး မှားယွင်းသော​သွန်သင်ချက်​များ​ကို တိုက်လှန်​ရာ​တွင် မှုတ်သွင်းခံကျမ်း​စာ​၏ တိကျ​မှန်ကန်သော​အသိပညာကို အမှီပြု​ရန် တိမောသေ​ကို သူ​တိုက်တွန်း​လို​၍​ဖြစ်သည်။

ဤ​နောက်ခံ​သမိုင်း​ကို ကျွန်ုပ်​တို့​သိ​နားလည်​ထား​သည့်​အတွက် တိမောသေ​ဒုတိယ​စာစောင်​သည် ပို​၍​အဓိပ္ပာယ်​ရှိလာ​လေ​သည်။ ယနေ့လည်း ဟု​မေ​နဲ​နှင့်​ဖိလက်​တို့​နှင့်​တူ​သည့် အယူဖောက်ပြန်သူ​များ​ရှိကြသည်၊ ထို​သူတို့သည် မိမိတို့​ကိုယ်ပိုင်​အယူအဆ​များ​ကို သွတ်သွင်း​ပြီး ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို မှောက်လှန်​လို​ကြသည်။ ထို့​အပြင် ပေါလု​ပရောဖက်ပြု​ခဲ့​သော “ခဲယဉ်း​သော​ကာလ” ရောက်နေပြီ။ ပေါလု​၏​သတိပေး​ချက်​မှန်ကန်မှု​ကိုလည်း လူအများ​ကြုံ​ခဲ့​ရပြီ– “ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို​ခံရ​ကြ​မည်။” (၂ တိမောသေ ၃:၁၊ ၁၂) ကျွန်ုပ်​တို့​မည်သို့ အခိုင်အမာ​ရပ်တည်​နိုင်​ကြ​မည်​နည်း။ တိမောသေ​ကဲ့သို့ ကျွန်ုပ်​တို့သည် ယေဟောဝါ​အမှုတော်ကို နှစ်ပေါင်း​များစွာ ထမ်းဆောင်​ခဲ့​သူတို့၏ ဆုံးမ​စကား​ကို လိုက်နာ​ဖို့​လို​သည်။ ထို့​အပြင် ကိုယ်ပိုင်​လေ့လာမှု၊ ဆုတောင်းခြင်း​နှင့် ခရစ်ယာန်​ပေါင်းသင်းမှု​အားဖြင့် ယေဟောဝါ​၏​မခံစားထိုက်သော ကျေးဇူးတော်​အားဖြင့် “ခိုင်ခံ့ခြင်း​ရှိ” နိုင်​ကြ​မည်။ ၎င်း​ပြင် တိကျ​မှန်ကန်သော​အသိပညာ​၏ အစွမ်း​တန်ခိုး​ကို ယုံကြည်​စိတ်ချ​လျက် “စင်ကြယ်သော​တရား​စကားပုံ​စံ​ကို . . . စွဲကိုင်​လော့” ဟူသော ပေါလု​၏​တိုက်တွန်းချက်​ကို ကျွန်ုပ်​တို့​လိုက်နာ​ကျင့်သုံး​နိုင်​ကြ​ပါ​သည်။—၂ တိမောသေ ၁:၁၃သမ္မာ။

“စင်ကြယ်သော​တရား​စကားပုံ​စံ”

ပေါလု​ပြော​သော “စင်ကြယ်သော​တရား​စကားပုံ​စံ” ကား အဘယ်နည်း။ ခရစ်ယာန်​အယူဝါဒ​အစစ်အမှန်​ကို ရည်ညွှန်း​ရန် ထို​အသုံးအနှုန်း​ကို သူ​အသုံးပြု​ခဲ့​သည်။ တိမောသေ​ထံ​ရေး​သော သူ၏​ပထမ​စာစောင်​တွင် “စင်ကြယ်သော​တရား​စကား” ဟူသည် အခြေခံ​အားဖြင့် “ငါ​တို့​သခင်​ယေရှု​ခရစ်​၏​စကား” ဖြစ်၏​ဟု ပေါလု​ရှင်းပြ​ခဲ့​သည်။ (၁ တိမောသေ ၆:၃) စင်ကြယ်သော​တရား​စကားပုံ​စံ​ကို တုပခြင်း​အားဖြင့် ကျွန်ုပ်​တို့​တွင် ကောင်းသော​စိတ်၊ မေတ္တာ​ရှိသော​သဘောထား​နှင့် သူတစ်ပါးကို စာနာ​ထောက်ထား​မှု​ရှိစေပါ​သည်။ ယေရှု၏​ဓမ္မ​အမှု​နှင့် သွန်သင်ချက်​များသည် ကျမ်းစာ​တစ်အုပ်လုံး​၌​တွေ့ရ​သော အခြား​သွန်သင်ချက်​အားလုံး​နှင့် ကိုက်ညီ​သဖြင့် “စင်ကြယ်သော​တရား​စကား” ဟူသော​အသုံးအနှုန်း​သည် ကျမ်းစာ​သွန်သင်ချက်​အားလုံး​ကို​ရည်ညွှန်း၏​ဟု ဆိုနိုင်​ပါ​သည်။

တိမောသေ​အတွက်သာ​မ​က ခရစ်ယာန်​အကြီးအကဲ​အားလုံး​အတွက်​ပါ စင်ကြယ်သော​တရား​စကားပုံ​စံ​သည် သူတို့​စောင့်ရှောက်​ကြ​ရမည့် “ကောင်းမြတ်​သည့်​အရာ” ဖြစ်သည်။ (၂ တိမောသေ ၁:၁၃၊ ၁၄သမ္မာ) တိမောသေ​သည် ‘နှုတ် [မြွက်] တရားတော်​ကို အချိန်​ရှိသည်​ဖြစ်စေ၊ မရှိ​သည်​ဖြစ်စေ ကြိုးစား​အားထုတ်​၍ ဟောပြော​ရမည်။ အပြစ်ကို​ဖော်ပြ၊ ဆုံးမခြင်း​ကို​ပြု၊ အလွန်​ရှည်​သော​စိတ်​နှင့် [ဆုံးမ​စကား] ကို​ပေး​၍ တိုက်တွန်း​သွေးဆောင်’ ရမည်​ဖြစ်သည်။ (၂ တိမောသေ ၄:၂) တိမောသေ​ခေတ်တွင် အယူဖောက်ပြန်​သော​သွန်သင်ချက်​များ ပျံ့နှံ့​ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရ​သောအခါ စင်ကြယ်သော​တရား​စကား​ကို အရေးတကြီး​သွန်သင်​ရန် ပေါလု​အလေးပေး​ခဲ့​ရသည့်​အကြောင်းရင်းကို ကျွန်ုပ်​တို့ နားလည်​သဘောပေါက်​နိုင်​ကြသည်။ ထို့​အပြင် တိမောသေ​သည် စိတ်ရှည်ရှည်​နှင့် သွန်သင်ခြင်း​စွမ်းရည်​ကို​တင်ပြ​လျက် ‘အပြစ်ကို​ဖော်ပြခြင်း၊ ဆုံးမခြင်း၊ တိုက်တွန်း​သွေးဆောင်ခြင်း’ အားဖြင့် သိုးတော်စု​ကို ကာကွယ်​ရမည်​ဖြစ်သည်။

နှုတ်မြွက်​စကားတော်​ကို မည်သူ​တို့အား တိမောသေ​ဟောပြော​ရမည်​နည်း။ အကြီးအကဲ​တစ်ဦး​အနေ​နှင့် တိမောသေ​သည် ခရစ်ယာန်​အသင်းတော်တွင် ဟောပြော​ရမည်​ဖြစ်​ကြောင်း ရှေ့နောက်စကား​က အရိပ်အမြွက်​ဖော်ပြ​ပါ​သည်။ ဆန့်ကျင်သူ​များ​၏ ဖိအားပေး​မှုများ​ကြောင့် တိမောသေ​သည် သူ၏​ဝိညာဉ်​ရေး​ကို ဟန်ချက်ညီ​စေ​ရမည်​ဖြစ်​ပြီး လူ့​အတွေးအခေါ်​များ၊ ကိုယ်ပိုင်​အယူအဆ​များ၊ သို့​မဟုတ် အချည်းနှီး​သော​တွေးဆချက်​များ​ကို​မဟုတ်ဘဲ ဘုရားသခင့်​စကားတော်​ကို ရဲရင့်စွာ​ကြေညာ​ရမည်​ဖြစ်သည်။ ထိုသို့​ပြုခြင်း​ကြောင့် မှားယွင်းသော​စိတ်​တိမ်းညွှတ်မှု​ရှိသူ​အချို့​က အတိုက်အခံပြု​ကြ​ပေမည်။ (၂ တိမောသေ ၁:၆-၈; ၂:၁-၃၊ ၂၃-၂၆; ၃:၁၄၊ ၁၅) သို့ရာတွင် ပေါလု​၏​သွန်သင်ချက်​ကို တိမောသေ​လိုက်လျှောက်ခြင်းအားဖြင့် ပေါလု​ကိုယ်တိုင်​လုပ်ဆောင်ခဲ့​သည့်​အတိုင်း​ပင် အယူဖောက်ပြန်​ခြင်း​ကို သူ​ဆက်၍​တားဆီး​ခဲ့​ပေမည်။—တမန်​တော် ၂၀:၂၅-၃၂

နှုတ်မြွက်​စကားတော်​ကို ဟောပြော​လော့​ဟူသော ပေါလု​၏​စကား​သည် အသင်းတော်​ပြင်ပ​၌ ဟောပြောခြင်း​နှင့်​လည်း သက်ဆိုင်​ပါသလော။ စကားစပ်​တင်ပြ​သည့်​အတိုင်း သက်ဆိုင်​ပါ​သည်။ ပေါလု​ဤသို့​ဆက်​ပြော​သည်– “သင်​မူ​ကား၊ အရာရာ၌​သမ္မာ​သတိရှိ​စေ​လော့။ ဆင်းရဲ [ခြင်း] ကို​သည်းခံ​လော့။ သာသနာပြု​ဆရာ ဆောင်ရွက်​ရသော​အမှုကို ဆောင်ရွက်​လော့။ ဓမ္မ​ဆရာ​အရာ​၌ ခန့်​ထား​၍ ပြု​ရသော​ဝတ်များ​ကို အကုန်အစင်​ပြု​လော့။” (၂ တိမောသေ ၄:၅) ဧဝံဂေလိတရား​ဟောပြောခြင်း​တည်း​ဟူသော မယုံကြည်​သူများ​အား ကယ်တင်ခြင်း​သတင်းကောင်း​ဟောပြောခြင်းသည် ခရစ်ယာန်​ဓမ္မ​အမှု​၏ အဓိကကျ​သော လုပ်ငန်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ဘုရားသခင့်​စကားတော်​ကို အသင်းတော်တွင် ‘ကျဉ်းကျပ်​သည့်​အချိန်’ ၌​ပင် ဟောပြော​သကဲ့သို့ ခက်ခဲ​သည့်​အခြေအနေ​များ​ကြား​၌​ပင် အသင်းတော်​ပြင်ပ​ရှိ​သူများ​အား ကျွန်ုပ်​တို့​စွဲမြဲ​စွာ ဟောပြော​ကြသည်။—၁ သက်သာလောနိတ် ၁:၆

ကျွန်ုပ်​တို့​ဟောပြော​သွန်သင်​သမျှ​၏ အခြေခံ​မှာ ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​ဖြစ်သည်။ သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့ အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​ကြသည်။ တိမောသေ​ကို ပေါလု​ဤသို့​ပြော​ခဲ့​သည်– “ထို​ကျမ်းစာ​ရှိသမျှသည် ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍၊ . . . [ဆုံးမ] ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို ပြု​တတ်၏။” (၂ တိမောသေ ၃:၁၆-၁၇) သမ္မာကျမ်းစာ​သည် ဘုရားသခင့်​မှုတ်သွင်းခံ​စကားတော်​ဖြစ်​ကြောင်း​ပြ​ရန် ထိုစကား​များ​ကို တိကျ​မှန်ကန်​စွာ ကိုးကား​ဖော်ပြ​လေ့​ရှိသည်။ သို့သော် ၎င်းကို​ရေးသား​ရသည့် ပေါလု​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။

ပေါလု​သည် အသင်းတော်​အတွင်း ‘အပြစ်​ဖော်ပြ​ရန်၊ ပြုပြင်​ရန်၊ ဖြောင့်မတ်​စွာ​ဆုံးမ​ရန်’ တာဝန်​ရှိသူ အကြီးအကဲ​တစ်ဦး​အား ပြောဆို​နေခြင်း​ဖြစ်သည်။ သို့ဖြင့် ငယ်ရွယ်ချိန်​မှ​စ၍ သင်ယူ​ခဲ့​သော မှုတ်သွင်းခံ​စကားတော်​၏ ဉာဏ်ပညာ​ကို ယုံကြည်​ကိုးစား​ရန် တိမောသေ​ကို သူ​သတိပေး​နေခြင်း​ဖြစ်သည်။ တိမောသေ​ကဲ့သို့​သော အကြီးအကဲ​များသည် တစ်ခါတစ်ရံ အမှား​ပြုသူ​များ​ကို အပြစ်​ဖော်ပြ​ဆုံးမ​ရ​ကြ​၏။ ထိုသို့​ပြုသော​အခါ သူတို့သည် သမ္မာကျမ်းစာ​ကို အမြဲ​ယုံကြည်​စိတ်ချ​သင့်​သည်။ ထို့​အပြင် ကျမ်းစာ​သည် ဘုရားသခင့်​မှုတ်သွင်းခံ​ဖြစ်သော​ကြောင့် ၎င်း​တို့​အပေါ်​အခြေပြု​သော ဆုံးမ​စကား​မှန်သမျှ​သည် အမှန်​မှာ ဘုရားသခင့်​ထံ​တော်​မှ​ဖြစ်သည်။ ကျမ်းစာ​အခြေပြု​ဆုံးမ​စကား​ကို ငြင်းပယ်​သူ​မည်သူ​မဆို​သည် လူ့​အယူအဆ​အချို့​ကို​မဟုတ်ဘဲ ယေဟောဝါ​ထံ​တော်​မှ​လာသော မှုတ်သွင်းခံ​သွန်သင်ချက်​ကို ငြင်းပယ်​နေခြင်း​ဖြစ်သည်။

တိမောသေ​ဒုတိယ​စာစောင်​သည် ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ ကြွယ်ဝ​လိုက်​လေ​ခြင်း! ထို​သွန်သင်ချက်​၏ ရှေ့နောက်စကား​ကို ထည့်​သုံးသပ်ကြည့်​သောအခါ အဓိပ္ပာယ်​ပို​ရှိသည်​တကား! ဤ​ဆောင်းပါး​တွင် တိမောသေ​ဒုတိယ​စာစောင်​ပါ အလွန်​ကောင်းမွန်သော မှုတ်သွင်းခံ​အချက်အလက်​များ​ကို အပေါ်ယံ​မျှ​သာ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြသည်၊ သို့သော် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​သည့်​အခါ စကားစပ်​ကို​ပါ ထည့်​စဉ်းစား​သုံးသပ်ခြင်း​သည် မည်မျှ​အထောက်အကူ​ပြု​ကြောင်း သိခဲ့​ကြ​ရပြီ။ ဤသို့​ပြုခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ‘အမှန်တရားကို မှန်ကန်​စွာ ပိုင်းခြား​ကိုင်တွယ်​နေ’ ကြောင်း စိတ်ချ​စေပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ထပ်ဆင့်​သိ​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း [လိပ်] အတွဲ ၂၊ စာမျက်နှာ ၁၁၀၅-၈ ကို​ရှု။

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ပေါလု​သည် တိမောသေ​အား အသင်းတော်များ​ကို ကာကွယ်​ပေး​ရန် အရည်အချင်း ပြည့်မီ​စေ​လို​ခဲ့

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

မှုတ်သွင်းခံ​စကားတော်​၏ ဉာဏ်ပညာ​ကို ယုံကြည်​ကိုးစား​ရန် တိမောသေ​ကို ပေါလု​သတိပေး​ခဲ့