စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ခရစ်ယာန်တစ်ဦးသည် တရားရုံးတွင် မခြွင်းမချန်အမှန်အတိုင်းထွက်ဆိုရန် သမ္မာကျမ်းစာအပေါ် လက်တင်၍ ကျမ်းကျိန်ခြင်းသည် ကျမ်းစာနှင့်ညီသလော။
ယင်းကိစ္စနှင့်ပတ်သက်၍ တစ်ဦးချင်းစီ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချရမည်ဖြစ်သည်။ (ဂလာတိ ၆:၅) သို့သော် တရားရုံးတွင် အမှန်အတိုင်းထွက်ဆိုရန် ကျမ်းကျိန်ခြင်းကို ကျမ်းစာက မကန့်ကွက်ချေ။
ကျိန်ဆိုခြင်းကို နေရာတကာတွင် ကျင့်သုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ဥပမာပြရလျှင် ရှေးအချိန်က ဂရိတို့သည် ကောင်းကင်သို့ လက်မြှောက်၍ သို့မဟုတ် ယဇ်ပလ္လင်ကို ကိုင်၍ ကျိန်ဆိုခဲ့ကြသည်။ ရောမဂျူရီလူကြီးတစ်ဦးသည် ကျမ်းကျိန်သောအခါ ကျောက်တုံးတစ်တုံးကိုမ၍ ဤသို့ကျိန်ဆိုတတ်သည်– “ဂျူပီတာ [နတ်ဘုရား] ကမြို့နဲ့ခံတပ်တွေကို ကာကွယ်စောင့်ရှောက်နေချိန်မှာ ကျွန်တော်က သိလျက်နဲ့လိမ်ပြောမယ်ဆိုရင် ဒီကျောက်တုံးကို ကျွန်တော်ပစ်လိုက်သလို ကိုယ်တော်လည်း ကျွန်တော့်ကို ကောင်းကျိုးချမ်းသာမှန်သမျှမှ ပယ်ရှားပစ်ပါစေ။”—ဂျွန် မက်ကလင်းတော့ခ်နှင့် ဂျိမ်းစ် စထရောင်းတို့၏ Cyclopedia of Biblical, Theological, and Ecclesiastical Literature အတွဲ ၇၊ စာမျက်နှာ ၂၆၀။
ဤအပြုအမူများက လူသားများကို ကြည့်ရှုမှတ်သားနိုင်ပြီး စာရင်းရှင်းမည့် တန်ခိုးရှင် နတ်ဘုရားတစ်ပါးရှိခြင်းကို လူတို့အသိအမှတ်ပြုကြောင်း ထင်ရှားစေ၏။ ရှေးကာလမှစ၍ ယေဟောဝါအား စစ်မှန်စွာဝတ်ပြုသူများသည် မိမိတို့ပြောဆိုလုပ်ကိုင်လေသမျှကို ကိုယ်တော်သိမြင်တော်မူကြောင်း သိရှိကြသည်။ (သု. ၅:၂၁; ၁၅:၃) ဘုရားသခင်ရှေ့မှောက်တွင် သူတို့ကျိန်ဆိုကြသည်၊ သို့မဟုတ် ကိုယ်တော့်ကို သက်သေအဖြစ်ထားကြသည်။ ဥပမာ၊ ဗောဇ၊ ဒါဝိဒ်၊ ရှောလမုန်နှင့် ဇေဒကိတို့သည် ထိုသို့ပြုခဲ့ကြ၏။ (ရုသ ၃:၁၃; ၂ ဓမ္မရာဇဝင် ၃:၃၅; ၃ ဓမ္မရာဇဝင် ၂:၂၃၊ ၂၄; ယေရမိ ၃၈:၁၆) အခြားသူများက စစ်မှန်သောဘုရားသခင်အား ဝတ်ပြုသူများကို ကျိန်ဆိုစေသည့်အခါတွင်လည်း ကျိန်ဆိုကြသည်။ အာဗြဟံနှင့် ယေရှုခရစ်တို့သည် ထိုသို့ပင်ကျိန်ဆိုခဲ့ကြ၏။—ကမ္ဘာဦး ၂၁:၂၂-၂၄; မဿဲ ၂၆:၆၃၊ ၆၄။
ယေဟောဝါ၏ရှေ့မှောက်တွင် ကျိန်ဆိုသူသည် တစ်ခါတစ်ရံ ကိုယ်ဟန်အမူအရာဖြင့် ကျိန်ဆိုတတ်ကြသည်။ အာဗြံ (အာဗြဟံ) က “ကောင်းကင်မြေကြီးအရှင်၊ အမြင့်ဆုံးသောဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်သည် လက်ကိုချီ၍ အဓိဋ္ဌာန်ပြု [“ကျိန်ဆို၊” ကဘ] ပါပြီ” ဟုသောဒုံမင်းကြီးအား ပြောဆိုခဲ့သည်။ (ကမ္ဘာဦး ၁၄:၂၃၊ ၂၄) ပရောဖက်ဒံယေလကို စကားပြောဆိုနေသူ ကောင်းကင်တမန်တစ်ပါးသည် ‘လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုသည်’ ဟုဆို၏။ (ဒံယေလ ၁၂:၇) ဘုရားသခင်ပင်လျှင် ပုံဆောင်သဘောအရ လက်ကိုချီ၍ ကျိန်ဆိုသည်ဟု ဖော်ပြ၏။—တရားဟောရာ ၃၂:၄၀; ဟေရှာယ ၆၂:၈။
ကျိန်ဆိုခြင်းကို ကျမ်းစာက မကန့်ကွက်ထားချေ။ သို့သော် ခရစ်ယာန်တစ်ဦးသည် မိမိပြောဆိုလေသမျှကို သက်သေထူရန် ကျိန်ဆိုစရာမလိုပေ။ ယေရှုက “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၅:၃၃-၃၇) တပည့်ဖြစ်သူယာကုပ်ကလည်း ထိုအတိုင်းပင် ဖော်ပြခဲ့သည်။ “ကျိန်ဆိုခြင်းကို . . . ရှောင်ကြလော့” ဟုသူပြောသောအခါ ကျိန်ဆိုခြင်းကို ပေါ့ပေါ့ဆဆသဘောမထားဖို့ သတိပေးနေခြင်းဖြစ်၏။ (ယာကုပ် ၅:၁၂) တရားရုံးတွင် အမှန်အတိုင်းထွက်ဆိုရန် ကျမ်းကျိန်ခြင်းသည် မှားသည်ဟု ယေရှုရော၊ ယာကုပ်ပါ မပြောခဲ့ချေ။
သို့ဖြစ်လျှင် တရားရုံးတွင် ခရစ်ယာန်တစ်ဦးသည် သူ၏ထွက်ဆိုချက် မှန်ကန်ကြောင်း ကျမ်းကျိန်ရန် တောင်းဆိုခံရလျှင်ကော အသို့နည်း။ ကျမ်းကျိန်နိုင်သည်ဟု သူယူမှတ်ပေမည်။ ထိုသို့မပြုလိုလျှင် ယင်းအစား သူသည် မိမိမလိမ်လည်ပါဟု အခိုင်အမာဝန်ခံချက် ပေးခွင့်ရပေမည်။—ဂလာတိ ၁:၂၀။
ခရစ်ယာန်တစ်ဦးသည် တရားရုံးတော်ကျင့်ထုံးအရ လက်ကိုမြှောက်၍ဖြစ်စေ၊ သမ္မာကျမ်းစာအပေါ် လက်တင်၍ဖြစ်စေ ကျမ်းကျိန်ရသောအခါ သူသည် လိုက်နာရန် ရွေးချယ်ပေမည်။ ကိုယ်ဟန်အမူအရာဖြင့် ကျိန်ဆိုခဲ့သော ကျမ်းစာပုံနမူနာများ သူ၏စိတ်ထဲတွင်ရှိပေမည်။ ကျမ်းကျိန်သောအခါ ကိုယ်ဟန်အမူအရာတစ်ခုခု ပြုလုပ်ခြင်းထက် ခရစ်ယာန်တစ်ဦးအတွက် သာ၍အရေးကြီးသည်မှာ ဘုရားသခင်ရှေ့မှောက်တွင် အမှန်အတိုင်းထွက်ဆိုရန် ကျိန်ဆိုနေခြင်းဖြစ်သည်ကို သတိရနေရမည်။ ဤသို့သောကျိန်ဆိုခြင်းသည် ကြီးလေးသောကိစ္စရပ်တစ်ခုဖြစ်၏။ မှန်ပါသည်၊ ခရစ်ယာန်တစ်ဦးသည် ထိုသို့သောအခြေအနေမျိုးတွင် မေးခွန်းတစ်ခုကို ဖြေဆိုနိုင်သည်၊ ဖြေဆိုအပ်သည်ဟု ယူမှတ်မည်ဆိုလျှင် မိမိသည် အမှန်အတိုင်းထွက်ဆိုရန် ကျမ်းကျိန်ထားကြောင်းနှင့် ခရစ်ယာန်တစ်ဦးအဖြစ် ထိုသို့အခါခပ်သိမ်း ပြောဆိုလိုကြောင်း စိတ်စွဲမှတ်ထားသင့်သည်။