မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆိုးသွမ်းမှု အောင်ပွဲခံခဲ့ပြီလော

ဆိုးသွမ်းမှု အောင်ပွဲခံခဲ့ပြီလော

ဆိုးသွမ်းမှု အောင်ပွဲခံ​ခဲ့ပြီ​လော

စကြဝဠာ​တစ်ခွင် ကောင်းမှု​နှင့် ဆိုးသွမ်းမှု လွန်ဆွဲ​နေသည်​ဟူ​သည့် အယူအဆ​သည် ခေတ်​ကာလ​တစ်လျှောက် စာရေး​ဆရာများ​နှင့် အတွေးအခေါ်​ပညာရှင်​များ​အတွက် မပြီး​နိုင်သော​မှန်းဆချက်​များ​ကို ဖြစ်စေ​ခဲ့ပြီ။ သို့သော် ဘုရားသခင်​နှင့် စာတန်​၏ ပြိုင်ဆိုင်မှု​အကြောင်း စာအုပ်​တစ်အုပ်​တွင် တိကျ​မှန်ကန်​စွာ မှတ်တမ်း​တင်ထား​သည်။ ထို​စာအုပ်​ကား သမ္မာကျမ်းစာ​ပင်​ဖြစ်၏။ ဤ​ပြိုင်ဆိုင်မှု​တွင် အဘယ်​အရေးကိစ္စ​များ​ပါဝင်​ကြောင်းကို ထို​စာအုပ်​က မီး​မောင်း​ထိုး​ပြပြီး အမှန်တကယ်​အောင်ပွဲခံ​သူ​ကား မည်သူ​ဖြစ်​ကြောင်း ပိုင်းခြား​သိမြင်​စေ​သည်။

ပထမ​လူယောက်ျား​နှင့် လူ​မိန်းမကို ဖန်ဆင်း​ပြီး​နောက် များ​မကြာမီ​ပင် မမြင်​ရသော​ဝိညာဉ်​သား စာတန်​သည် ဘုရားသခင်​၏​အုပ်ချုပ်မှု​ကို စိန်ခေါ်​ခဲ့​၏။ မည်သို့​အားဖြင့်​နည်း။ ဘုရားသခင်​သည် မိမိ၏​ဖန်ဆင်း​ရာ​များ​ထဲ​မှ ကောင်း​နိုး​ရာ​ရာ​များ​ကို ထိမ်ချန်​ထား​ကြောင်း၊ လူသားများ​သည် ကိုယ်တော်​မပါဘဲ ကောင်းစွာ​နေနိုင်​ကြောင်း ကောက်ကျစ်​စဉ်းလဲ​စွာ ပြောဆိုခြင်း​အားဖြင့်​ဖြစ်သည်။—ကမ္ဘာဦး ၃:၁-၅; ဗျာ. ၁၂:၉

နောက်ပိုင်း​တွင် စာတန်​သည် ဘိုးဘေး​ယောဘ​လက်ထက်​၌ နောက်​ပြဿနာ​တစ်ခုပေါ်​စေ​ခဲ့​သည်။ ဘုရားသခင်​အပေါ် ယောဘ​၏​တည်ကြည်မှု​ကို ချိုးဖောက်​ရန် စာတန်​ကြိုးစား​လို​၍ ဤသို့​ဆို​ခဲ့​သည်– “အရေဖို့​အရေဟု ဆို​သကဲ့သို့ လူသည် မိမိ​အသက်ဖို့ မိမိ​ဥစ္စာ​ရှိသမျှကို ပေး​ပါ​လိမ့်​မည်။” (ယောဘ ၂:၄) ခြုံငုံ​၍ အခိုင်အမာ​စိန်ခေါ်​လိုက်ခြင်း​ပင်! စာတန်​သည် ယောဘ​အမည်​ကို​မ​သုံး​ဘဲ “လူ” ဟူသော ယေဘုယျ​အသုံးအနှုန်း​ကို အသုံးပြု​လိုက်ခြင်း​ဖြင့် လူတိုင်း​၏​တည်ကြည်မှု​ကို သံသယဝင်​စေ​ခဲ့​သည်။ စာတန်​က ‘လူသည် သူ၏​အသက်​အတွက် အဘယ်အရာကို​မဆို ပြုလုပ်​လိမ့်​မည်။ အကျွန်ုပ်​ကို​ခွင့်ပြု​လျှင် မည်သူ​ကို​မဆို ဘုရားသခင်​နှင့်​ဝေးကွာ​သွား​စေနိုင်​သည်’ ဟု​ပြောဆို​ခဲ့​သည်။

အောက်ပါ​မေးခွန်း​နှစ်ခု​ကို ဖြေဆို​လိုက်ခြင်း​ဖြင့် ဘုရားသခင်​နှင့် စာတန် ပြိုင်ဆိုင်မှု​တွင် မည်သူ​အောင်ပွဲခံ​ကြောင်း ပိုင်းခြား​သိမြင်​နိုင်​သည်– လူသည် မိမိကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်​နိုင်​သလော။ စာတန်​သည် လူတိုင်းကို စစ်မှန်သော​ဘုရားသခင်​ထံ​မှ ဝေးကွာ​သွား​စေနိုင်​သလော။

လူတို့သည် မိမိတို့​ကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်​နိုင်​သလော

လူတို့သည် အုပ်ချုပ်မှု​ပုံစံ​အမျိုးမျိုးကို နှစ်ပေါင်း​ထောင်နှင့်ချီ​၍ စမ်းသပ်​ခဲ့​ကြသည်။ သမိုင်း​တစ်လျှောက် ဘုရင်​စနစ်၊ မှူးမတ်​စနစ်၊ ဒီ​မို​က​ရေ​စီ​စနစ်၊ သက်ဦးဆံပိုင်​စနစ်၊ ဖက်ဆစ်​ဝါဒ​နှင့် ကွန်မြူနစ်​ဝါဒ အစ​ရှိသော အုပ်ချုပ်မှု​ပုံစံ​အမျိုးမျိုးကို ကြိုးစား​စမ်းသပ်​ကြည့်​ခဲ့​ကြပြီ။ ထိုသို့ အမြဲတမ်း​စမ်းသပ်​ကြည့်​ဖို့​လို​ခဲ့​ခြင်း​က ယင်း​အုပ်ချုပ်နည်း​အမျိုးမျိုး​သည် ကျေနပ်ဖွယ်​မရှိကြောင်း ထင်ရှား​သည်မဟုတ်​လော။

၁၉၂၂ ခုနှစ်​၌ ထုတ်ဝေ​ခဲ့​သော ကမ္ဘာ့​သမိုင်း စာအုပ်​တွင် အိပ်ခ်ျ. ဂျီ. ဝဲ​လ်စ်​က “ရောမ​ပြည်သူ​တို့သည် အုပ်ချုပ်မှု​ပိုင်း​ဆိုင်ရာ စမ်းသပ်မှု​ကြီး​ကို အမှတ်မထင်​ပြုလုပ်​ခဲ့​ကြသည်။ ယင်းသည် အမြဲ​ပြောင်းလဲ​ခဲ့​ကာ တစ်ခါမျှ တည်ငြိမ်မှု​မရှိခဲ့​ချေ။ တစ်နည်း​အားဖြင့်​ဆို​သော် ထို​စမ်းသပ်မှု​သည် မအောင်မြင်​ခဲ့​ပေ။ နောက်တစ်နည်း​အားဖြင့်​ဆိုလျှင် ထို​စမ်းသပ်မှု​သည် မပြီး​ဆုံး​သေး​ချေ၊ ယနေ့ ဥရောပ​နှင့် အမေရိက​တို့​တွင် ရောမ​ပြည်သူ​တို့ စတင်​ရင်ဆိုင်ခဲ့​ရသည့် ကမ္ဘာ​အနှံ့​တွေ့ရှိ​ရသော ရှုပ်ထွေး​ပွေလီ​သည့် တိုင်း​ရေး​ပြည်​ရေး​များ​ကို ဖြေရှင်း​နေရ​ဆဲ​ရှိသည်။”

၂၀ ရာစု​တစ်လျှောက် အုပ်ချုပ်ရေး​ဆိုင်ရာ စမ်းသပ်မှု ဆက်​ပြုလုပ်​ခဲ့​ကြသည်။ ထို​ရာစုနှစ်​အကုန်​တွင် ဒီ​မို​က​ရေ​စီ​အုပ်ချုပ်ရေး​ကို တစ်ခါ​နှင့်​မျှ​မတူ​အောင် လက်ခံခဲ့​ကြ​၏။ သီအိုရီ​အရ ဒီ​မို​က​ရေ​စီ​သည် လူတိုင်းကို ပါဝင်​ပတ်သက်​စေ​သည်။ သို့ရာတွင် လူသည် ဘုရားသခင်​မပါဘဲ အောင်မြင်စွာ အုပ်ချုပ်​နိုင်​သည်​ဟု ဒီ​မို​က​ရေ​စီ​စနစ်​က ထင်ရှားပြ​သလော။ အိန္ဒိယ​ဝန်ကြီးချုပ်​ဟောင်း ဂျ​ဝါ​ဟ​လ္လာ နေ​ရူး​က ဒီ​မို​က​ရေ​စီ​စနစ်​ကို လက်ခံဖွယ်​ဖြစ်သည်ဟု​ဆို​၏၊ သို့သော်လည်း သူက “တခြား​စနစ်​တွေ​က ပိုမို​ဆိုးရွား​တာ​မို့ အဲ့ဒီ​လို ကျွန်တော်​ပြော​ရတာပါ” ဟု​ထပ်ဆင့်​ဆို​၏။ ပြင်သစ်​သမ္မတဟောင်း ဗဲ​လာရီ ဂ​စ်​ကတ် ဒီ​အက်စ်​တိ​န်း​က ဤသို့​ပြော​ခဲ့​သည်– “ပြည်​သူ့​ကိုယ်စားလှယ်​တွေ​နဲ့ ဖွဲ့စည်းထား​တဲ့ ဒီ​မို​က​ရေ​စီ​စနစ်​ရဲ့ ခက်ခဲ​ကျပ်တည်း​မှု​ကို ကျွန်ုပ်​တို့​မျက်မြင်​ကိုယ်တွေ့​ပါ​ပဲ။”

ဘီ.စီ.အီး. ငါး​ရာစုနှစ်​၌​ပင် ဂရိ​အတွေးအခေါ်​ပညာရှင် ပ​လေ​တို​သည် ဒီ​မို​က​ရေ​စီ​အုပ်ချုပ်နည်း​၏ အားနည်းချက်ကို တွေ့မြင်​ခဲ့​၏။ နိုင်ငံရေး​သီအိုရီ​သမိုင်း စာအုပ်​၏​အဆို​အရ “ဒီ​မို​က​ရေ​စီ​အုပ်ချုပ်ရေး​မအောင်မြင်​ရခြင်း​မှာ . . . အသိဉာဏ်​ခေါင်းပါး​မှု​နှင့် အရည်အချင်း​မပြည့်မီ​မှု​တို့​ကြောင့်​ဖြစ်သည်” ဟု​ဝေဖန်​ပြစ်တင်​ခဲ့သည်။ မျက်မှောက်ခေတ် . . . အရည်အချင်း​ပြည့်မီ​သူများကို ရှာတွေ့​ဖို့​ခက်​သည်​ဟု . . . ညည်းညူ​ကြသည်။ “အခက်အခဲ​ပြဿနာကြီး​များ ကြုံတွေ့​နေရ​သည့်​အ​ခိုက် . . . အရည်အချင်း​မပြည့်မီ​ကြ​သည့်​အတွက် လူ​တို့​စိတ်​အနှောင့်အယှက်​ဖြစ်နေ​ကြသည်” ဟု​သည်​ဝေါ​လ်​စ​ထ​ရိ​ဂျာနယ် က​ဆို​၏။ ယင်းက ထပ်ဆင့်၍ ဤသို့​ဆို​သေး​သည်– “လမ်းပြ​ညွှန်ကြားမှု​ရဖို့ မျှော်ကိုး​နေချိန်​တွင် တွေဝေ​နှောင့်နှေး​ပြီး အကျင့်ပျက်​ပြား​နေကြ​ရာ သူတို့​စိတ်ပျက်​ကြ​ရသည်။”

ယခု ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်​၏ အုပ်ချုပ်မှု​ကို သုံးသပ်ကြည့်​ပါ။ ယေဟောဝါ​ဘုရားသခင်​သည် ရှောလမုန်​ကို ထူးခြား​ထင်ရှားသော ဉာဏ်ပညာ ပေးသနား​ခဲ့​၏။ (၃ ဓမ္မ​ရာဇဝင် ၄:၂၉-၃၄) ဣသရေလ​လူမျိုး​သည် ရှောလမုန်​၏ အနှစ် ၄၀ နန်းသက်​အတွင်း မည်သည့်​အခြေအနေ​တွင်​ရှိခဲ့​သနည်း။ “ထို​ကာလ​၌ ယုဒ​အမျိုး​နှင့် ဣသရေလ​အမျိုးသား​တို့သည် အရေအတွက်​အားဖြင့် သမုဒ္ဒရာ​သဲလုံး​နှင့်​အမျှ များပြား၍ စားသောက်​ပျော်မွေ့​လျက်​နေကြ၏” ဟု​သမ္မာကျမ်းစာ​က ဖြေဆို​၏။ ထို့​ပြင် မှတ်တမ်းက ဤသို့​ဖော်ပြ​သည်– ရှောလမုန် “လက်ထက်​တော်​ကာလပတ်လုံး ယုဒ​အမျိုး​နှင့် ဣသရေလ​အမျိုးသား​တို့သည် ဒန်​မြို့မှ​စ၍ ဗေရရှေဘ​မြို့​တိုင်အောင် အသီးအသီး​မိမိ​စပျစ်​ပင်၊ မိမိ​သင်္ဘောသဖန်း​ပင်​အောက်မှာ ငြိမ်​ဝပ်​စွာ​နေရ​ကြ​၏။” (၃ ဓမ္မ​ရာဇဝင် ၄:၂၀၊ ၂၅) မျက်မြင်မရ ပိုင်သ​အုပ်စိုးရှင် ယေဟောဝါ​ဘုရားသခင်​၏ မျက်မြင်ရ​ကိုယ်စားလှယ်​အဖြစ် ပညာရှိ​ရှင်ဘုရင်​တစ်ပါး​က ထို​လူမျိုး​ကို အုပ်ချုပ်​သောကြောင့် သူတို့သည် ငြိမ်သက်မှု၊ ချမ်းသာ​ကြွယ်ဝမှု​နှင့် ရွှင်လန်းမှု​တို့ ခံစား​ခဲ့​ကြ​ရသည်။

လူ့​အုပ်ချုပ်မှု​နှင့် ဘုရားသခင့်​အုပ်ချုပ်မှု ကွာခြား​လိုက်​လေ​ခြင်း! အုပ်ချုပ်မှု​အရေးကိစ္စ​တွင် စာတန်​သည် အောင်ပွဲခံ​ခဲ့ပြီ​ဟု ရိုးသား​မှန်ကန်​စွာ ပြောဆို​နိုင်​သူ​ရှိသလော။ မရှိပါ၊ အကြောင်း​မှာ ပရောဖက်​ယေရမိ​က တိကျ​မှန်ကန်​စွာ ဤသို့​ပြော​ခဲ့​၏– “အို​ထာဝရ​ဘုရား၊ လူသည် မိမိ​သွားရာလမ်းကို အစိုးမရ။ သွားစဉ်​အခါ မိမိ​ခြေရာ​တို့ကို မစီရင်​တတ်​သည်ကို အကျွန်ုပ်​သိပါ​၏။”—ယေရမိ ၁၀:၂၃

စာတန်​သည် လူတိုင်းကို ဘုရားသခင်​ထံ​မှ ဝေးကွာ​သွား​စေနိုင်​သလော

လူတိုင်းကို ဘုရားသခင်​ထံ​မှ ဝေးကွာ​သွား​စေနိုင်​သည်​ဟု စာတန်​အဆိုပြု​သည့်​အတိုင်း အောင်မြင်​ခဲ့​သလော။ ဟေဗြဲ​ကျမ်းစောင် အခန်းကြီး ၁၁ တွင် ခရစ်ယာန်​ခေတ်​မတိုင်မီ​က သစ္စာရှိ​အမျိုးသား၊ အမျိုးသမီး​တို့၏ အမည်များ​ကို တမန်​တော်​ပေါလု​ဖော်ပြ​ထား​သည်။ ထို့နောက် သူ​ဤသို့​အခိုင်အမာ​ဆို​သည်– “ဂိဒေါင်၊ ဗာရက်၊ ရှံ​ဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ​မှ​စ၍ ပရောဖက်​တို့​အကြောင်း​များ​ကို ပြော​၍​မကုန်နိုင်။” (ဟေဗြဲ ၁၁:၃၂) ဘုရားသခင်​အပေါ် တည်ကြည်​ခဲ့​သော ဤ​ကျေးကျွန်​များ​ကို ပေါလု​က ‘တိမ်တိုက်ကြီး​ပ​မာ သက်သေ​များ’ ဟူ၍ ညွှန်ပြ​၏။ (ဟေဗြဲ ၁၂:၁) ဤ​တွင်​အသုံးပြု​ထားသော မူရင်း​ဂရိ​စကားလုံး​၏​အဓိပ္ပာယ်​မှာ ‘တိမ်​တိုက်’ ဖြစ်၏၊ အရွယ်အစား​အတိအကျ၊ ပုံသဏ္ဌာန်​အတိအကျ​ရှိ တိမ်​တိုက်​တစ်ခု​ကို​မဟုတ်ဘဲ ပုံသဏ္ဌာန်​မဲ့ ဧရာမ​တိမ်​တိုက်​ထု​ကြီး​ကို ဆိုလို​နေခြင်း​ဖြစ်၏။ အတိတ်​မှ ဘုရားသခင်​၏​တည်ကြည်သော​ကျေးကျွန်​များ အရေအတွက်​သည် ဧရာမ​တိမ်​တိုက်​ထု​ကြီး​ပ​မာ အလွန်​များပြား​သောကြောင့် ထိုသို့​ဆိုလိုခြင်း​သည် သင့်လျော်​၏။ မှန်ပါသည်၊ ရာစုနှစ်များ​တစ်လျှောက် မရေမတွက်​နိုင်သော​လူများစွာ​သည် သူတို့၏​လွတ်လပ်​စွာ​ရွေးချယ်​ဆုံးဖြတ်​ပိုင်ခွင့်​ကို အသုံးပြု၍ ယေဟောဝါ​ဘုရားသခင်​အား တည်ကြည်​ခဲ့​ကြပြီ။—ယောရှု ၂၄:၁၅

ကျွန်ုပ်​တို့​ခေတ်တွင်​ကော မည်သို့​နည်း။ ၂၀ ရာစု​အတွင်း ကြောက်မက်​ဖွယ် ညှဉ်းပန်း​နှိပ်စက်မှု​နှင့် အတိုက်အခံ​များ​ကြုံတွေ့​ရ​လင့်​ကစား ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ အရေအတွက်​သည် ခြောက်​သန်း​ကျော်​အထိ တိုးတက်​ခဲ့​သည်။ နောက်ထပ်​ကိုး​သန်း​နီးပါး​သည် သက်သေခံ​များနှင့် ပူးပေါင်း​လျက်​ရှိပြီး သူတို့​ထဲ​မှ​အများစု​သည် ဘုရားသခင်​နှင့် ရင်းနှီးသော နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိ​ရန် ဆုံးဖြတ်​လုပ်ကိုင်​လျက်​ရှိကြသည်။

လူသားများ​ကို ယေဟောဝါ​ထံ​မှ ဝေးကွာ​သွား​စေနိုင်​သည်​ဟူသော စာတန်​၏​အဆိုကို အပြောင်မြောက်ဆုံး အဖြေပေး​နိုင်​ခဲ့​သူ​မှာ ဘုရားသခင့်​သားတော် ယေရှု​ခရစ်​ပင်​ဖြစ်သည်။ ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် မချိမဆံ့​ခံစား​ရသော​နာကျင်မှု​ပင် ကိုယ်တော်​၏​တည်ကြည်မှု​ကို မချိုးဖျက်​နိုင်​ခဲ့​ချေ။ ယေရှုသည် အသက်​ချုပ်ငြိမ်း​ချိန်​တွင် “အို​အဘ၊ အကျွန်ုပ်၏​စိတ်​ဝိညာဉ်​ကို ကိုယ်တော်​လက်၌ အကျွန်ုပ်​အပ်​ပါ​၏” ဟု​မိန့်ဆိုခဲ့သည်။—လုကာ ၂၃:၄၆

စာတန်​သည် လူသားများ​ကို ချုပ်ကိုင်​ထား​ဖို့ သွေးဆောင်မှုများ​မှ​အစ ကိုယ်​ထိ​လက်ရောက် ညှဉ်းပန်းမှု​အထိ နည်း​အမျိုးမျိုးဖြင့် အစွမ်းကုန်​ကြိုးစား​ပြုလုပ်​၏။ သူသည် လူ​တို့ကို ယေဟောဝါ​ထံ​မှ ဝေးကွာ​သွားစေရန် “ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လော [က] စည်းစိမ်​၌ ဝါကြွားခြင်း​တို့” ကို​အသုံးပြု၍ ကြိုးစား​သွေးဆောင်​တတ်​သည်။ (၁ ယောဟန် ၂:၁၆) ထို့​ပြင် “ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံသော ဧဝံဂေလိတရား​၏​အရောင်​သည် အလင်း​ကို​မပေး​စေခြင်း​ငှာ . . . [မယုံကြည်​သော] သူတို့၏​ဉာဏ်​မျက်စိ​ကို ကွယ်​စေ​၏။” (၂ ကောရိန္သု ၄:၄) စာတန်​သည် သူ၏​ရည်ရွယ်ချက် အထမြောက်​စေရန် ခြိမ်းခြောက်​မှုများ၊ လူ​လူ​ချင်း​ကြောက်စိတ်​ကို အခွင့်ကောင်း​ယူ အသုံးပြု​ဖို့ လက်မ​နှေး​ချေ။—တမန်​တော် ၅:၄၀

သို့သော် ဘုရားသခင့်​ဘက်တော်သား​များ​ကို စာတန် မအောင်​နိုင်​ချေ။ သူတို့သည် ယေဟောဝါ​ဘုရားသခင်​ကို သိ​ရှိလာ​ကြ​ပြီး “စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်” လာ​ကြ​၏။ (မဿဲ ၂၂:၃၇) အမှန်​ဆို​ရ​လျှင် ယေရှု​ခရစ်​နှင့် မရေမတွက်​နိုင်သော​လူသားများ​၏ ခိုင်မြဲ​သော​တည်ကြည်မှု​က စာတန်​ကို အကြီးအကျယ်​ရှုံးနိမ့်​စေ​သည်။

အနာဂတ် မည်သို့​ရှိ​သနည်း

အုပ်ချုပ်မှု​အမျိုးမျိုးကို လူ​တို့ အစဉ်အဆက်​စမ်းသပ်​နေကြ​မည်​လော။ ပရောဖက်​ဒံယေလ​က ဤသို့​ကြို​ဟောခဲ့​သည်– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော နိုင်ငံ​တစ်ခု​ကို ထို​မင်းကြီး​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင် ဘုရားသခင်​သည် တည်ထောင်​စေတော်မူ​မည်။ ထို​နိုင်ငံ​သည် အခြားသော​လူမျိုး​လက်​သို့​မရောက်ရ​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော နိုင်ငံ​ရှိသမျှ​တို့ကို ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။” (ဒံယေလ ၂:၄၅) ကောင်းကင်ဘုံ​ရှင် ဘုရားသခင် တည်ထောင်သော ဘုရားသခင့်​နိုင်ငံတော်​သည် ယေရှု​ခရစ်​အုပ်ချုပ်​မည့် ကောင်းကင်​အစိုးရ​ပင်​ဖြစ်သည်။ ထို​ဘုရားသခင့်​နိုင်ငံတော်​အတွက် ဆုတောင်း​ကြဖို့ နောက်လိုက်​များ​ကို ယေရှု​သွန်သင်​ပေး​ခဲ့​၏။ (မဿဲ ၆:၉၊ ၁၀) ထို​ဘုရားသခင့်​နိုင်ငံတော်​သည် ‘[ရောက်ရှိ​တော့​မည့်] အဆုံးမဲ့​တန်ခိုး​နှင့်​ပြည့်စုံ​တော်​မူ​သော ဘုရားသခင်​၏​နေ့ကြီး​စစ်ပွဲ’ ၌​လူ့​အုပ်စိုးမှု​ရှိသမျှကို ဖျက်ဆီး​ပစ်​ပြီး ကမ္ဘာ​တစ်ခုလုံး​ကို အုပ်ချုပ်​လိမ့်​မည်။—ဗျာ. ၁၆:၁၄၊ ၁၆

စာတန် မည်သို့​ဖြစ်သွား​မည်​နည်း။ အနာဂတ်​တွင် ဤသို့​ဖြစ်ပျက်​မည်​ဟု ကျမ်းစာ​က​ဖော်ပြ​၏– “[ယေဟောဝါ​၏ ကောင်းကင်တမန်​တစ်ပါး​သည်] ရှေး​မြွေ​ဟောင်း . . . စာတန်​တည်း​ဟူသော နဂါး​ကို ကိုင်​ဖမ်း​၍ အနှစ်​တစ်ထောင်​ဖို့ ချည်နှောင်​လေ​၏။ အနှစ်​တစ်ထောင်​မကုန်​မီ​တိုင်အောင် လူအမျိုးမျိုး​တို့ကို မ​လှည့်ဖြား​ရမည်​အကြောင်း၊ အနက်​ဆုံးသော တွင်း​ထဲ​သို့ ချပစ်​လှောင်ထား​၍ တံဆိပ်​ခတ်​လေ​၏။” (ဗျာ. ၂၀:၁-၃) စာတန်​ကို မ​လှုပ်ရှား​နိုင်အောင် အနက်​ဆုံးသော​တွင်း​ထဲ​သို့ ချပစ်​လှောင်ထား​ပြီး​မှ​သာ ယေရှု​ခရစ်​၏ အနှစ်​တစ်ထောင်​အုပ်ချုပ်​ရာ​ကာလ စတင်​မည်​ဖြစ်သည်။

ထို​အခါ ဤ​ကမ္ဘာ​မြေကြီး​သည် အမှန်ပင် ကြည်နူး​ရွှင်လန်းဖွယ်​ရာ​နေရာ ဖြစ်လာ​လိမ့်​မည်! ဆိုးသွမ်းမှု​နှင့် ယင်းကို​ဖြစ်ပေါ်​စေ​သူအား​လုံး ပျောက်ကွယ်​သွား​လိမ့်​မည်။ ကျမ်းစာ​က ဤသို့​ကတိပြု​၏– “ပြစ်မှား​သော​သူတို့သည် ပယ်ရှင်း​ခြင်း​ကို ခံရ​ကြလိမ့်မည်။ . . . စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြလိမ့်မည်။” (ဆာလံ ၃၇:၉-၁၁) သူတို့၏​ငြိမ်သက်ခြင်း​ကို လူ သို့​မဟုတ် တိရစ္ဆာန် မည်သည့်​အရာ​က​မျှ ခြိမ်းခြောက်​လိမ့်​မည်​မဟုတ်။ (ဟေရှာယ ၁၁:၆-၉) သမိုင်း​တစ်လျှောက်​တွင် ယေဟောဝါ​အကြောင်း မ​သိရှိ​ခဲ့​၍၊ သိရှိ​ခွင့်​မရခဲ့​၍ စာတန့်​ဘက်တော်သား​များ​ဖြစ်​ခဲ့​ကြသော သန်းပေါင်း​များစွာသော​သူတို့​ပင် အသက်ပြန်ရှင်​ခွင့်​ရပြီး ဘုရားသခင်​ရေးရာ​အသိပညာ သင်ယူ​နိုင်​ကြ​ပေ​လိမ့်​မည်။—တမန်​တော် ၂၄:၁၅

အနှစ်​တစ်ထောင်​အုပ်ချုပ်မှု အဆုံးတိုင်​လေ​သော် ကမ္ဘာ​မြေကြီး​သည် ပရဒိသု​ဖြစ်​လာ၍ လူတို့သည် စုံလင်ခြင်း​သို့ ရောက်​ကြလိမ့်မည်။ ထို့နောက် စာတန်​ကို “ခဏ​လွှတ်” ပေး​မည်၊ သို့သော် ဘုရားသခင့်​အုပ်ချုပ်မှု​ကို ဆန့်ကျင်သူ​များနှင့်​တစ်​ပါ​တည်း သူ့ကို နောက်ဆုံး​၌ ထာဝရ​ဖျက်ဆီး​ပစ်​လိမ့်​မည်။—ဗျာ. ၂၀:၃၊ ၇-၁၀

မည်​သူ့​ဘက်တွင် သင်​နေ​မည်​နည်း

ဤ ၂၀ ရာစု​တွင် စာတန်​သည် ကမ္ဘာ​မြေကြီးကို ဘေးသင့်​စေ​ခဲ့​သည်။ သို့သော် သူ​အောင်ပွဲခံ​သည့် အရိပ်လက္ခဏာ​ပြ​မည့်​အစား ကမ္ဘာ့​အခြေအနေ​များ​က ဤ​ဆိုးညစ်သော​လောကကြီး​သည် နောက်ဆုံး​ကာလ​တွင် ရောက်ရှိ​နေကြောင်း အမှတ်လက္ခဏာ​ထင်ရှားပြ​သည်။ (မဿဲ ၂၄:၃-၁၄; ဗျာ. ၆:၁-၈) ကမ္ဘာ​မြေကြီးပေါ်​ရှိ ဆိုးသွမ်းမှု​အတိုင်းအတာ​က​သော်လည်း​ကောင်း၊ လူအများ​၏​ရှုထောင့်​က​သော်လည်း​ကောင်း မည်သူ​အနိုင်​ရသည်ကို ဆုံးဖြတ်​မပေး​ပါ။ အဆုံးအဖြတ်​ပေး​သည့်​အချက်များ​မှာ မည်သူ​၏​အုပ်ချုပ်နည်း​သည် အကောင်းဆုံး​ဖြစ်​ပြီး ဘုရားသခင်​ကို အမှန်တကယ်​ချစ်၍ ကိုးကွယ်​သူ​ရှိ၊ မရှိ ဟူသော​အချက်များ​ဖြစ်သည်။ ထို​အချက်​နှစ်ချက်​စ​လုံး​နှင့်​ဆိုင်သော ဖြစ်ရပ်မှန်​တို့​က ယေဟောဝါ​အောင်ပွဲခံ​၏​ဟု ဖြေဆိုပါ​သည်။

ခွင့်ပြု​ထားချိန်​က စာတန်​မှား​ကြောင်း သက်သေ​ထင်ရှား​နေ​လျက်​ကယ် ဘုရားသခင်​သည် ဆိုးသွမ်းမှု​ကို အဘယ်ကြောင့် ဆက်​ခွင့်ပြု​ထား​သေး​သနည်း။ “အဘယ်သူမျှ​မပျက်စီး​ဘဲ၊ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ” သောကြောင့် ယေဟောဝါ စိတ်ရှည်မှု တင်ပြ​နေခြင်း​ဖြစ်၏။ (၂ ပေတရု ၃:၉) “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်] တရားကို သိစေ” ရန် ဘုရားသခင် အလိုတော်​ရှိ၏။ (၁ တိမောသေ ၂:၄) သင်သည် ကျန်ရှိ​သော​အချိန်အတွင်း သမ္မာကျမ်းစာ​ကို လေ့လာ​ပြီး ‘တစ်ဆူတည်း​သော စစ်မှန်​သည့် ဘုရားသခင်​နှင့် ကိုယ်တော်​စေလွှတ်​လိုက်​သော ယေရှု​ခရစ်​တို့ကို သိကျွမ်းခြင်း​ပညာ ဆည်းပူး’ မည်​ဟု​မျှော်လင့်​ပါ​သည်။ (ယောဟန် ၁၇:၃) အသင်​လည်း အောင်ပွဲခံ​သူ​ဘက် အခိုင်အမာ​ရပ်တည်​နေကြ​သည့် သန်းပေါင်း​များစွာသော​သူတို့နှင့် ပူးပေါင်း​နိုင်​ရန် ထို​အသိပညာကို ဆည်းပူး​ဖို့ ယေဟောဝါသက်သေ​များ​က သင့်ကို ဝမ်းသာ​အားရ ကူညီပေး​လို​ကြ​ပါ​သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် တည်ကြည်​ကြ​ခြင်း​အားဖြင့် စာတန်​ရှုံးနိမ့်​နေကြောင်း ထပ်ဆင့်​သက်သေထူ​ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါ​ဘက်တွင် တည်ကြည်သူ​များစွာ​ရှိနေ