“ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ”—ရွှင်လန်းအားရဖွယ် စည်းဝေးကြ
“ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ”—ရွှင်လန်းအားရဖွယ် စည်းဝေးကြ
ကိုယ်ကျင့်တရား၊ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများသည် ကမ္ဘာကြီးကို လှုပ်ခါနေ၏။ သို့သော် ဤမငြိမ်မသက်မှုကြားမှ ယေဟောဝါသက်သေများသည် “ထက်သန်သော [ဘုရားသခင့်] နိုင်ငံတော် ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးကို ငြိမ်သက်စွာ သုံးရက်တာ ကျင်းပရန် စုရုံးရောက်ရှိလာကြသည်။ ဤစည်းဝေးများကို ၂၀၀၂၊ မေလတွင်အစပြု၍ ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိ၏။
ဤစည်းဝေးကြီးများသည် ရွှင်လန်းအားရဖွယ် အချိန်အခါများဖြစ်ခဲ့သည်မှာ အမှန်ပင်။ တည်ဆောက်မှုဖြစ်စေသည့် ကျမ်းစာအခြေပြုအစီအစဉ်ကို ပြန်လည်၍ အတိုချုပ်သုံးသပ်ကြစို့။
ပထမနေ့တွင် ယေရှု၏ထက်သန်မှုကို အလေးပေးဖော်ပြ
စည်းဝေးကြီးပထမနေ့၏ အဓိကခေါင်းစဉ်မှာ “ကျွန်ုပ်တို့၏သခင်၊ ယေရှု၏ထက်သန်မှုကို တုပလော့” ဖြစ်၏။ (ယောဟန် ၂:၁၇) “[ဘုရားသခင့်] နိုင်ငံတော်ကြွေးကြော်သူများအဖြစ် အတူတကွစုရုံးခြင်း၌ ဝမ်းမြောက်လော့” ဟောပြောချက်ဖြင့် ဘုရားသခင့်လူမျိုးတော်၏စည်းဝေးကြီးများတွင် အမြဲတွေ့ရှိရသော ရွှင်လန်းမှု၌ ပါဝင်ကြရန် တက်ရောက်သူများကို လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်ခဲ့သည်။ (တရားဟောရာ ၁၆:၁၅) ဤဟောပြောချက်ပြီးနောက် ထက်သန်သော သတင်းကောင်းကြွေးကြော်သူများနှင့် လူတွေ့မေးမြန်းခန်းများ ပြုလုပ်ခဲ့၏။
“ယေဟောဝါကိုယ်တော်တိုင်၌ မွေ့လျော်ခြင်းရှိလော့” ဟောပြောချက်သည် ဆာလံ ၃၇:၁-၁၁ ကို အခန်းငယ်တစ်ခုချင်းစီ ရှင်းပြခဲ့သည်။ မတရားသောသူ အောင်မြင်ပုံရနေသည့်အတွက် “စိတ်မပူ” ကြရန် တိုက်တွန်းခဲ့သည်။ ဆိုးသွမ်းသူများက ကျွန်ုပ်တို့အပေါ် အခြားသူများ အထင်အမြင်မှားအောင် ပြုလုပ်ကြမည်ဖြစ်သော်လည်း အချိန်တန်သော် မိမိ၏တည်ကြည်သော လူမျိုးတော်ကား မည်သူဖြစ်ကြောင်း ယေဟောဝါ ထင်ရှားပြလိမ့်မည်။ “ကျေးဇူးသိတတ်သော စိတ်ပြကြလော့” ဟောပြောချက်တွင် ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း တင်ပြနိုင်ပုံကို ဆွေးနွေးသည်။ ခရစ်ယာန်အားလုံးသည် ယေဟောဝါထံ “ချီးမွမ်းခြင်းယဇ်” ဆက်သရမည်။ (ဟေဗြဲ ၁၃:၁၅) ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ပါဝင်သည့် အချိန်ပမာဏသည် ကျွန်ုပ်တို့၏ကျေးဇူးတင်စိတ်နှင့် အခြေအနေအပေါ် မူတည်သည်။
အဓိကဟောပြောချက်ခေါင်းစဉ်မှာ “ထက်သန်တက်ကြွသော [ဘုရားသခင့်] နိုင်ငံတော်သတင်း ကြွေးကြော်သူများ” ဖြစ်၏။ ထက်သန်မှုနှင့်ပတ်သက်၍ ယေရှုခရစ်သည် ကျွန်ုပ်တို့၏အကောင်းဆုံး ပုံသက်သေဖြစ်ကြောင်း ညွှန်ပြသည်။ ၁၉၁၄ ခုနှစ်တွင် ကောင်းကင်နိုင်ငံတော် တည်ထောင်ပြီးနောက် ခရစ်ယာန်စစ်များသည် ထိုသတင်းကောင်းကို ထက်သန်စွာ ကြေညာဖို့လိုသည်။ ဟောပြောသူက ၁၉၂၂ ခုနှစ်တွင် ယူ.အက်စ်.အေ.၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်၌ ကျင်းပခဲ့သော စည်းဝေးကြီးကိုညွှန်ပြ၍ “ရှင်ဘုရင်နှင့် ကိုယ်တော်ရဲ့နိုင်ငံတော်ကို ကြေညာကြ” ဟူသော သမိုင်းဝင်အဆိုပြုချက်ကို ပြန်အမှတ်ရစေခဲ့သည်။ ထို့နောက် ဘုရားသခင်၏တည်ကြည်သော ကျေးကျွန်များ၏ ထက်သန်မှုက လူမျိုးအပေါင်းတို့အား အံ့ချီးဖွယ်ဘုရားသခင့်နိုင်ငံတော်အမှန်တရားကို ကြေညာရန် လှုံ့ဆော်ပေးခဲ့သည်။
ပထမနေ့မွန်းလွဲပိုင်း၌ “ကျွန်ုပ်တို့နှင့် ယေဟောဝါရှိသောကြောင့် မကြောက်ကြနှင့်” ဟောပြောချက်တွင် ဘုရားသခင့်လူမျိုးတော်သည် စာတန်၏အဓိကပစ်မှတ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကျွန်ုပ်တို့အတိုက်အခံများကြုံရလျှင်ပင် ကျမ်းစာနှင့် မျက်မှောက်ခေတ် ယုံကြည်ခြင်းတင်ပြခဲ့သူများအကြောင်းကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် စမ်းသပ်မှုများနှင့် သွေးဆောင်မှုများကို မကြောက်မရွံ့ ရင်ဆိုင်ရဲစေသည်။—ဟေရှာယ ၄၁:၁၀။
ဆက်လက်ပြီး “မိက္ခာ၏ပရောဖက်ပြုချက်က ယေဟောဝါ၏နာမတော်၌ လျှောက်လှမ်းရန် ကျွန်ုပ်တို့ကို ခွန်အားပေး” အဓိကအချက်ပေါ် မူတည်၍ အခန်းဆက်ဟောပြောချက် သုံးပိုင်းကို ကြားခဲ့ရသည်။ ပထမဟောပြောသူသည် မိက္ခာခေတ်က ကိုယ်ကျင့်တရားယိုယွင်းမှု၊ ၂ ပေတရု ၃:၁၁၊ ၁၂။
ဝတ်ပြုရေးအယူဖောက်ပြန်မှုနှင့် ရုပ်ပစ္စည်းလိုက်စားမှုတို့ကို ကျွန်ုပ်တို့ခေတ်နှင့် နှိုင်းယှဉ်ပြခဲ့သည်။ ဟောပြောသူက “ကျွန်တော်တို့ဟာ နာခံတတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်အောင် ပြုစုပျိုးထောင်မယ်၊ ကျွန်တော်တို့ရဲ့ အကျင့်အကြံဟာ သန့်ရှင်းကြောင်း သေချာနေမယ်၊ ကျွန်တော်တို့ရဲ့အသက်တာကို ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းအကျင့်တွေနဲ့ ဖြည့်ထားပြီး—ယေဟောဝါရဲ့နေ့ ရောက်ရှိလာလိမ့်မယ်ဆိုတာကို ဘယ်တော့မှမမေ့ဘူးဆိုရင် ကျွန်တော်တို့ရဲ့အနာဂတ်မျှော်လင့်ချက်ဟာ တပ်အပ်သေချာပြည့်စုံလာပါလိမ့်မယ်” ဟုပြောခဲ့သည်။—အခန်းဆက်ဟောပြောချက်၏ ဒုတိယဟောပြောသူသည် ယုဒခေါင်းဆောင်များကို မိက္ခာပြစ်တင်ရှုတ်ချခဲ့ကြောင်း ဖော်ပြသည်။ သူတို့သည် ဆင်းရဲသားများ၊ ခိုကိုးရာမဲ့သူများကို မတရားအနိုင်ကျင့်ခဲ့ကြသည်။ သို့သော် စစ်မှန်သောဝတ်ပြုရေး အောင်ပွဲခံမည်ကိုလည်း မိက္ခာကြိုဟောခဲ့၏။ (မိက္ခာ ၄:၁-၅) ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်ခံစားရသော ကျွန်ုပ်တို့သည် ဤလန်းဆန်းဖွယ် မျှော်လင့်ခြင်းသတင်းတရားကို ကြွေးကြော်ရန် သန္နိဋ္ဌာန်ချထားကြသည်။ သို့သော် ကျန်းမာရေးချို့တဲ့မှု သို့မဟုတ် ကန့်သတ်မှုတို့ကြောင့် တစ်နည်းနည်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေလျှင်ကော အသို့နည်း။ တတိယဟောပြောသူက “ယေဟောဝါရဲ့တောင်းဆိုချက်တွေဟာ အကျိုးသင့်အကြောင်းသင့်ရှိတဲ့အပြင် လက်လှမ်းမီနိုင်တယ်” ဟုပြောခဲ့သည်။ မိက္ခာ ၆:၈ ပါကဏ္ဍအသီးသီးကို သူဆက်ဆွေးနွေးခဲ့သည်၊ ထိုတွင် ဤသို့ဖတ်ရ၏– “တရားသဖြင့်ပြုခြင်း၊ [သနားကြင်နာခြင်း]ကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်[ရာယဇ်]ကို ထာဝရဘုရား တောင်းတော်မူသနည်း။”
ဤလောက၏အကျင့်ယိုယွင်းမှုသည် ခရစ်ယာန်များကို ဆိုးကျိုးပြုနိုင်ရာ “သင့်နှလုံးကို စောင့်ရှောက်ခြင်းဖြင့် အကျင့်သီလကောင်းကို ထိန်းသိမ်းလော့” ဟူသောဟောပြောချက်မှ ကျွန်ုပ်တို့အားလုံး အကျိုးရရှိခဲ့ကြသည်။ ဥပမာ၊ ကိုယ်ကျင့်တရားစောင့်ထိန်းခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝကို ရရှိစေလိမ့်မည်။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် လိင်ဆိုင်ရာအကျင့်ယိုယွင်းနိုင်သည့်အတွေးကိုပင် ဘယ်တော့မျှ မစဉ်းစားရပါ။—၁ ကောရိန္သု ၆:၁၈။
အယူဖောက်ပြန်သူများဖြန့်နေသော အယူလွဲမှားမှုများ၊ မမှန်တစ်ဝက်မှန်တစ်ဝက်စကားများ၊ မုသားစကားများကို အဆိပ်အတောက်အဖြစ် ကျွန်ုပ်တို့ ပညာရှိစွာ ယူမှတ်ကြရမည်ဟု “လှည့်စားခြင်းကို သတိပြု” ဟောပြောချက်က ဖော်ပြသည်။ (ကောလောသဲ ၂:၈) ထိုနည်းတူ၊ ဆိုးကျိုးများမခံရဘဲ အပြစ်ပြုလိုသောဆန္ဒများကို လိုက်လျောသွားနိုင်သည့် စဉ်းစားတွေးခေါ်မှုဖြင့် ကိုယ့်ကိုယ်ကို မလှည့်စားသင့်ပါ။
ပထမနေ့၏နိဂုံးချုပ်ဟောပြောချက်ခေါင်းစဉ်မှာ “စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့” ဖြစ်၏။ ကမ္ဘာ့အခြေအနေသည် ပို၍ဆိုးရွားလာလေ မကြာမီ ယေဟောဝါသည် ဖြောင့်မတ်သောကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးတော့မည်ကို သိရှိရခြင်းသည် တကယ်ကိုအားရှိစရာပင်! ထိုတွင် မည်သူတို့ နေထိုင်မည်နည်း။ ယေဟောဝါကို ကိုးကွယ်သူများသာ နေထိုင်ရမည်ဖြစ်သည်။ ဤပန်းတိုင်သို့ရောက်ရှိရန် ကျွန်ုပ်တို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏သားသမီးများကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ကျမ်းစာသင်အံမှုများကိုလည်းကောင်း ကူညီပေးရန် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ ဟူသည့် လေ့လာဖို့ စာအုပ်အသစ်တစ်အုပ်ကို ဟောပြောသူက ထုတ်ဝေလိုက်သည်။ ထိုစာအုပ်ကို ကျွန်ုပ်တို့ရရှိခဲ့ကြသည့်အတွက် ဝမ်းသာစရာပါတကား!
ဒုတိယနေ့တွင် ကောင်းသောအမှုအရာ၌ ထက်သန်မှုရှိခြင်းကို ပေါ်လွင်စေ
စည်းဝေးကြီးဒုတိယနေ့၏ အဓိကအချက်မှာ “ကောင်းသောအမှုအရာ၌ ထက်သန်လော့” ဖြစ်၏။ (၁ ပေတရု ၃:၁၃) ပထမဆုံးဟောပြောသူသည် နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးခဲ့သည်။ နေ့စဉ်ကျမ်းချက်ကို မှန်မှန်နှင့် အဓိပ္ပာယ်ရှိရှိ ဆင်ခြင်သုံးသပ်ခြင်းသည် ကျွန်ုပ်တို့၏ထက်သန်မှုကို တိုးတက်စေသည်ဟု အလေးအနက်ပြောခဲ့သည်။
ထို့နောက် “မိမိတို့၏[ခရစ်ယာန်]ဓမ္မအမှုကို ဂုဏ်တင်ကြသော [ဘုရားသခင့်] နိုင်ငံတော်ကြွေးကြော်သူများ” အခန်းဆက်ဟောပြောချက်ကို ကြားခဲ့ရ၏။ ပထမပိုင်းတွင် ဘုရားသခင့်နှုတ်မြွက်တော်ကို မှန်ကန်စွာကိုင်တွယ်ရန် လိုအပ်ကြောင်း အလေးပေးဟောခဲ့သည်။ (၂ တိမောသေ ၂:၁၅) သမ္မာကျမ်းစာကို ကောင်းစွာအသုံးပြုခြင်းဖြင့် လူတို့၏အသက်တာကို “တန်ခိုးနှင့်ပြုပြင်” ရန်လမ်းဖွင့်ပေးသည်။ (ဟေဗြဲ ၄:၁၂) ထို့ကြောင့် ကျမ်းစာကို အာရုံစိုက်စေပြီး ယင်းကို ယုံကြည်လက်ခံလာနိုင်ရန် သူတို့နှင့် ဆင်ခြင်သုံးသပ်သင့်သည်။ စိတ်ဝင်စားသူများထံ ထပ်ခါတလဲလဲ ပြန်သွားဖို့ အခန်းဆက်ဟောပြောချက်၏ ဒုတိယအပိုင်းက အားပေးတိုက်တွန်းသည်။ (၁ ကောရိန္သု ၃:၆) စိတ်ဝင်စားသူအားလုံးထံ ချက်ချင်းပြန်သွားရန် ကြိုတင်ပြင်ဆင်မှုနှင့် ရဲစွမ်းသတ္တိရှိဖို့လိုသည်။ တတိယပိုင်းတွင် ကျွန်ုပ်တို့တွေ့ဆုံသည့် လူတိုင်းကို တပည့်လောင်း များအဖြစ် ရှုမြင်ရန်နှင့် ပထမဆုံးရောက်ရှိချိန်တွင်ပင် ကျမ်းစာသင်အံမှု ကမ်းလှမ်းခြင်းဖြင့် တပည့်များဖြစ်လာစေနိုင်ခြင်း၏ ရွှင်လန်းမှုကို ခံစားနိုင်ကြောင်း ဖော်ပြသည်။
နောက်ဟောပြောချက်၏အဓိကအချက်မှာ “‘မခြားမလပ်ဆုတောင်းရသည့်’ အကြောင်း” ဖြစ်သည်။ ဘဝကဏ္ဍအသီးသီးတွင် ဘုရားသခင်၏လမ်းညွှန်မှုကိုရှာယူရန် ခရစ်ယာန်များကို ကျမ်းစာက တိုက်တွန်းထားသည်။ သီးသန့်ဆုတောင်းရန် အချိန်ယူဖို့လိုသည်။ ထို့ပြင် ယေဟောဝါမဖြေကြားမီ အတန်ကြာ ဆက်ဆုတောင်းနေဖို့ ကိုယ်တော်ခွင့်ပြုထားခြင်းဖြစ်နိုင်သည်။—ယာကုပ် ၄:၈။
“ဝိညာဉ်ရေးရာစကားစမြည်ပြောဆိုခြင်းက တည်ဆောက်မှုဖြစ်စေ” ဟောပြောချက်တွင် ကျွန်ုပ်တို့၏စကားပြောစွမ်းရည်ကို ကိုယ်ကိုယ်တိုင်နှင့် အခြားသူများအတွက် အကျိုးရှိရှိအသုံးပြုကြဖို့ အားပေးတိုက်တွန်းခဲ့သည်။ (ဖိလိပ္ပိ ၄:၈) အိမ်ထောင်ဖက်များနှင့် ကလေးများသည် နေ့စဉ် ဝိညာဉ်ရေးရာစကားစမြည်ပြောဆိုရန် လိုအပ်သည်။ ထို့ကြောင့် မိသားစုများသည် နေ့စဉ် အနည်းဆုံးတစ်ကြိမ် အတူတကွစားသောက်ကြရန် ကြိုးစားသင့်သည်၊ သို့မှသာလျှင် တည်ဆောက်မှုဖြစ်စေသော စကားစမြည်ပြောဆိုခွင့်ရရှိပေမည်။
နံနက်ပိုင်းအစီအစဉ်ကို “ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းက ကယ်တင်ခြင်းသို့ ဦးတည်စေပုံ” ဟူသည့် ကြည်နူးအားရစရာ ဟောပြောချက်ဖြင့် နိဂုံးချုပ်ခဲ့သည်။ နှစ်ခြင်းခံမည့်သူများသည် အသိပညာကိုဆည်းပူးခဲ့၍ ယုံကြည်ခြင်းတင်ပြကာ နောင်တယူ ပြောင်းလဲပြီး ဘုရားသခင်ထံ ကိုယ့်ကိုယ်ကို ဆက်ကပ်အပ်နှံခဲ့ကြသည်။ သူတို့နှစ်ခြင်းခံပြီးနောက် ဝိညာဉ်ရေးတွင် ဆက်တိုးတက်၍ ထက်သန်မှုကို ဆက်ထိန်းသိမ်းပြီး ကောင်းမှုများပြုရမည်ဟု ဟောပြောသူက ပြောကြားခဲ့၏။—ဖိလိပ္ပိ ၂:၁၅၊ ၁၆။
ထိုနေ့မွန်းလွဲပိုင်းတွင် “ကျိုးနွံမှုရှိပြီး သင့်မျက်စိကို ရိုးရှင်းစွာထားလော့” ဟောပြောချက်က အဓိကအချက်နှစ်ချက်ကို အလေးပေးဖော်ပြခဲ့သည်။ ကျိုးနွံမှုရှိခြင်းဟူသည် ဘုရားသခင့်ရှေ့တော်တွင် ကျွန်ုပ်တို့၏ကန့်သတ်ချက်များနှင့် အနေအထားကို အရှိအတိုင်း ရှုမြင်ခြင်းဖြစ်သည်။ ကျိုးနွံမှုသည် ကျွန်ုပ်တို့၏မျက်စိကို “ရိုးရှင်း” စွာထားရှိစေပြီး စည်းစိမ်ဥစ္စာကိုမဟုတ်ဘဲ ဘုရားသခင့်နိုင်ငံတော်ကို အာရုံစိုက်စေ၏။ ထိုသို့ကျွန်ုပ်တို့ပြုလျှင် ကျွန်ုပ်တို့၏လိုအပ်ရာများကို ယေဟောဝါဖြည့်စွက်ပေးမည်ဖြစ်ရာ စိုးရိမ်ပူပန်စရာမလိုပါ။—မဿဲ ၆:၂၂-၂၄၊ ၃၃၊ ၃၄။
“စိတ်သောကရောက်နေချိန်တွင် ယေဟောဝါကို လုံးလုံးယုံကြည်ကိုးစား” သင့်ကြောင်း နောက်ဟောပြောသူက ပြောခဲ့သည်။ ကိုယ်ကိုယ်တိုင်၏အားနည်းချက်များနှင့် ငွေကြေး၊ သို့မဟုတ် ကျန်းမာရေးပြဿနာများ အစရှိသည်တို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ လက်တွေ့ကျဉာဏ်ပညာရှိဖို့ ယေဟောဝါထံ တောင်းခံပြီး တခြားသူများထံမှလည်း အကူအညီတောင်းကြစို့။ ကြောက်ရွံ့တုန်လှုပ်၊ စိတ်ပျက်အားလျော့မည့်အစား သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် ဘုရားသခင်အား ယုံကြည်ကိုးစားမှု တိုးပွားစေသင့်သည်။—ရောမ ၈:၃၅-၃၉။
စည်းဝေးကြီး၏နောက်ဆုံးအခန်းဆက် ဟောပြောချက်၏အဓိကအချက်မှာ “စမ်းသပ်မှုအမျိုးမျိုးဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအရည်အသွေး စစ်ဆေးခံရ” ဖြစ်သည်။ စစ်မှန်သောခရစ်ယာန်အားလုံးသည် ညှဉ်းပန်းနှိပ်စက်ခံရမည်ဖြစ်ကြောင်း ပထမပိုင်းဟောပြောချက်က အမှတ်ရစေ၏။ ထိုသို့သောအားဖြင့် သက်သေခံခွင့်ရရှိစေပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်၊ ဘုရားသခင်ကို ကျွန်ုပ်တို့တည်ကြည်ကြောင်း ပြသခွင့်ရရှိစေ၏။ ကျွန်ုပ်တို့သည် မလိုအပ်ဘဲ စွန့်စားပြုလုပ်ကြမည်မဟုတ်သော်လည်း ညှဉ်းပန်းနှိပ်စက်မှုမခံရရန် ကျမ်းစာနှင့်၁ ပေတရု ၃:၁၆။
မညီညွတ်သောနည်းများကို ဘယ်တော့မှ အသုံးပြုကြမည်မဟုတ်ပေ။—ဤအခန်းဆက်ဟောပြောချက်၏ ဒုတိယဟောပြောသူက ကြားနေခြင်းနှင့်ပတ်သက်၍ မေးခွန်းများမေးဖြေခဲ့သည်။ အစောပိုင်းခရစ်ယာန်များသည် စစ်ဆန့်ကျင်ရေးသမားများ မဟုတ်ကြသော်လည်း သူတို့ အဓိကတည်ကြည်ရမည့်သူမှာ ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ထိုနည်းတူစွာ ယနေ့လည်း “သင်တို့သည် ဤလောကနှင့် မဆက်ဆံ” ကြရဟူသော မူကို ယေဟောဝါသက်သေများ အခိုင်အမာစွဲကိုင်ထားကြသည်။ (ယောဟန် ၁၅:၁၉) ကြားနေခြင်းနှင့်ပတ်သက်၍ စမ်းသပ်မှုများ ရုတ်တရက်ပေါ်ပေါက်လာနိုင်ရာ ဤအကြောင်းနှင့်ပတ်သက်သည့် ကျမ်းစာလမ်းညွှန်ချက်များကို မိသားစုလိုက် အချိန်ယူသုံးသပ်သင့်၏။ ဤအခန်းဆက်ဟောပြောချက်၏ တတိယအပိုင်းက ဖော်ပြသည့်အတိုင်း စာတန်၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ကို သတ်လို၍မဟုတ်ဘဲ သစ္စာမဲ့သွားစေရန် ဖိအားပေးဖို့ဖြစ်သည်။ လှောင်ပြောင်ခြင်း၊ အကျင့်ယိုယွင်းစေဖို့ဖိအားပေးခြင်း၊ စိတ်နာကျင်မှုနှင့် ဖျားနာမှုတို့ကြား တည်ကြည်စွာ ခံရပ်ခြင်းဖြင့် ယေဟောဝါကို ကျွန်ုပ်တို့ ဂုဏ်တင်ချီးမွမ်းကြသည်။
“ယေဟောဝါထံ ချဉ်းကပ်ကြလော့” ဟူသည့် နွေးထွေးသောဖိတ်ခေါ်ချက်သည် ထိုနေ့နောက်ဆုံးဟောပြောချက်၏ ခေါင်းစဉ်ဖြစ်သည်။ ယေဟောဝါ၏အဓိကဂုဏ်ရည်တော်များကို ကျွန်ုပ်တို့သိနားလည်ထားခြင်းက ကိုယ်တော်ထံချဉ်းကပ်ရန် လှုံ့ဆော်ပေးသည်။ အထူးသဖြင့် ဝိညာဉ်ရေးအရ ကိုယ်တော်၏လူမျိုးတော်ကို ကာကွယ်စောင့်ရှောက်ရန် ကိုယ်တော်၏အတိုင်းအဆမဲ့ တန်ခိုးတော်ကို အသုံးပြု၏။ ကိုယ်တော်၏ တရားမျှတခြင်းသည် ကြမ်းတမ်းမှုမရှိဘဲ ဖြောင့်မတ်သူတိုင်းကို အဆုံးမဲ့အသက်တာရရှိစေ၏။ မစုံလင်သောလူသားများကို အသုံးပြု၍ သမ္မာကျမ်းစာရေးစေခြင်းက ဘုရားသခင်၏ ဉာဏ်ပညာကို ထင်ရှားစေသည်။ နှစ်သက်ဖွယ်အကောင်းဆုံးဂုဏ်ရည်တော်မှာ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာဖြစ်သည်၊ ယင်းကြောင့် ယေရှုခရစ်အားဖြင့် လူသားများ ကယ်တင်ခြင်းရရှိစေရန် အစီအစဉ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၃:၁၆) ဟောပြောသူသည် ကြည်နူးဝမ်းသာစရာ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်အသစ်ကို ထုတ်ဝေ၍ နိဂုံးချုပ်ခဲ့သည်။
တတိယနေ့တွင် ကောင်းသောအကျင့်များ၌ ထက်သန်မှုရှိခြင်းကို အာရုံစိုက်
စည်းဝေးကြီးတတိယနေ့၏ အဓိကပေါ်လွင်ချက်မှာ “ကောင်းသောအကျင့်များ၌ ထက်သန်သူများ” ဖြစ်၏။ (တိတု ၂:၁၄) မိသားစုတစ်စုက နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးခြင်းနှင့် နံနက်ပိုင်း အစီအစဉ်ကို စတင်ခဲ့၏။ နောက်ဟောပြောချက်မှာ “သင့်ယုံကြည်အားထားမှုသည် ယေဟောဝါ၌လော” ဖြစ်သည်။ တိုင်းနိုင်ငံများသည် သူတို့၏ဉာဏ်ပညာနှင့် အစွမ်းခွန်အားကို မှီခိုအားထားခြင်းဖြင့် လွဲမှားစွာ ယုံကြည်အားထားခဲ့ကြသည်။ သို့သော် ယင်းနှင့်ခြားနားစွာ ယေဟောဝါ၏ကျေးကျွန်များမူကား ဘေးဆိုးများကြုံရလင့်ကစား ကိုယ်တော့်အပေါ် ရဲရင့်ရွှင်လန်းစွာ မှီခိုအားထားကြသည်။—ဆာလံ ၄၆:၁-၃၊ ၇-၁၁။
“လူငယ်တို့—ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ အနာဂတ်ကိုတည်ဆောက်ကြလော့” ဟူသည့် ဟောပြောချက်တွင် ဤမေးခွန်းကို မေးခဲ့သည်– လူငယ်တစ်ဦးသည် အကောင်းဆုံးဘဝကို မည်သို့ရယူနိုင်သနည်း။ ငွေ၊ ဥစ္စာပစ္စည်း၊ ကျော်ကြားမှုရရှိဖို့ ကြိုးစားခြင်းအားဖြင့် မရရှိနိုင်ချေ။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် လူငယ်များကို သူတို့ငယ်ရွယ်စဉ်အချိန်တွင် ဘုရားသခင်ကို အောက်မေ့သတိရကြရန် မေတ္တာပါပါ တိုက်တွန်းထားသည်။ ဟောပြောသူသည် လူငယ်ဘဝက ခရစ်ယာန်လုပ်ငန်းတော်တွင် ကြိုးစားလုပ်ဆောင်ခဲ့သူအချို့ကို လူတွေ့ခေါ်မေးမြန်းခဲ့ရာ သူတို့၏ရွှင်လန်းမှုကို ကျွန်ုပ်တို့ခံစားနိုင်ကြပါသည်။ ထို့နောက် ယေဟောဝါအဖွဲ့အစည်းနှင့်ပူးပေါင်း၍ ထာဝရအနာဂတ်အတွက် အုတ်မြစ်ချနိုင်ကြရန် လူငယ်သက်သေခံများကို အကူအညီပေးဖို့ ရည်စူးထုတ်ဝေထားသည့် လူငယ်တို့—သင်တို့အသက်တာကို မည်သို့အသုံးပြုကြမည်နည်း ဝေစာအသစ်ရရှိကြသဖြင့် အမှန်တကယ်အကျိုးရရှိခဲ့သည်!
ထို့နောက် “ဆင်းရဲ [ခက်ခဲ] မြားမြောင်ချိန်တွင် အခိုင်အမာရပ်တည်” ဟူသည့် စိတ်ဝင်စားဖွယ် ကျမ်းစာပြဇာတ်ကို ရှုစားခဲ့ရသည်။ ထိုတွင် ယေရမိ၏လူငယ်ဘဝမှ သူကိုယ်တိုင်ပရောဖက်ပြုခဲ့သည့် ယေရုရှလင်မြို့ဖျက်ဆီးခံရချိန်အထိ သူ၏နှစ်ရှည်လများ ထက်သန်စွာလုပ်ဆောင်ခဲ့သော လုပ်ငန်းကို သရုပ်ဖော်ထားသည်။ ယေရမိသည် သူ၏အလုပ်တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီဟု ခံစားရသော်လည်း အတိုက်အခံများကြား ကျေပွန်စွာထမ်းဆောင်ခဲ့၍ သူ့ကို ယေဟောဝါ ကယ်လွှတ်ပေးခဲ့သည်။—ယေရမိ ၁:၈၊ ၁၈၊ ၁၉။
ထိုပြဇာတ်ပြီးနောက် “ယေရမိနည်းတူ—ဘုရားသခင့်နှုတ် [မြွက်] တော်ကို မကြောက်မရွံ့ ကြွေးကြော်လော့” ဟောပြောချက်ကို တင်ဆက်ခဲ့သည်။ မျက်မှောက်ခေတ် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည် မဟုတ်မမှန်သတင်းလွှင့်ခြင်းနှင့် မလိုတမာဝါဒဖြန့်ခြင်းတို့ကြောင့် မကြာခဏမုန်းတီးခံရကြ၏။ (ဆာလံ ၁၀၉:၁-၃) သို့သော် ယေရမိနည်းတူ ကျွန်ုပ်တို့သည် ယေဟောဝါ၏နှုတ်မြွက်တော်ကို နှစ်ခြိုက်စွာဖတ်ရှုခြင်းအားဖြင့် စိတ်ဓာတ်မကျဘဲ နေနိုင်ကြပါသည်။ ကျွန်ုပ်တို့ကို ဆန့်ကျင်တိုက်ခိုက်သူများသည် အောင်မြင်ကြမည်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။
‘ဤလောက၏အဆင်းသဏ္ဌာန်သည် ပြောင်းလဲနေ’ လူထုဟောပြောချက်သည် အချိန်သင့်အခါသင့်ဖြစ်၏။ ကျွန်ုပ်တို့၏ခေတ်တွင် အကြီးအကျယ်ပြောင်းလဲမှုများ တွေ့နေရသည်။ ‘ငြိမ်းချမ်းပြီ၊ လုံခြုံပြီ’ ဟူသော ကြွေးကြော်ချက်အပါအဝင် ထိုသို့သောအခြေအနေများသည် ဘုရားသခင်၏ကြောက်မက်ဖွယ် တရားစီရင်ရာနေ့သို့ ဦးတည်သွားလိမ့်မည်ဟု ကျမ်းစာက ကြိုဟောသည်။ (၁ သက်သာလောနိတ် ၅:၃) ၎င်းနောက် ထူးဆန်းဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်၊ ထိုအခါ စစ်ပွဲများ၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှုနှင့် ရောဂါဝေဒနာတို့ပင် ရှိတော့မည်မဟုတ်။ သို့ဖြစ်၍ ဤအစီအစဉ်စနစ်ကို ယုံကြည်ကိုးစားမည့်အစား ဤအချိန်တွင် ဘုရားသခင်ဝတ်၌မွေ့လျော်ပြီး စင်ကြယ်သောအကျင့်ကို စောင့်ထိန်းနေရမည့်အချိန်ဖြစ်သည်။
ထိုအပတ် ကင်းမျှော်စင် သင်တန်း အကျဉ်းချုပ်ပြီးနောက် စည်းဝေးကြီး၏ နောက်ဆုံးဟောပြောချက်ဖြစ်သည့် “ထက်သန်သော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ကောင်းသောအကျင့်များ၌ အလုပ်များနေကြ” ကိုကြားနာခဲ့ကြရသည်။ အစီအစဉ်တစ်ခုလုံးသည် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးခဲ့ပြီး ယေဟောဝါအပေါ် မှီခိုအားထားကြရန် အားပေးတိုက်တွန်းခဲ့ပုံကို ဟောပြောသူက ဖော်ပြခဲ့သည်။ နိဂုံးချုပ်တွင် သန့်ရှင်းစင်ကြယ်၍ မေတ္တာရှိပြီး ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများဖြစ်ကြရန် ကျွန်ုပ်တို့ကို တိုက်တွန်းခဲ့သည်။—၁ ပေတရု ၂:၁၂။
နေဟမိခေတ်က ယေဟောဝါ၏ကျေးကျွန်များကဲ့သို့ ကျွန်ုပ်တို့သည် “ထက်သန်သော [ဘုရားသခင့်] နိုင်ငံတော် ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးတွင် ရရှိခဲ့သော ဝိညာဉ်ရေးကောင်းချီးများကြောင့် ရွှင်လန်းအားရစွာ အိမ်ပြန်သွားခဲ့ကြမည်မှာ အမှန်ပင်။ (နေဟမိ ၈:၁၂) စိတ်လှုပ်ရှားဖွယ် ဤစည်းဝေးကြီးသည် သင့်အား ရွှင်လန်းအားရစေပြီး ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူအနေနှင့် စွဲမြဲစွာလုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ချစေခဲ့ပြီ မဟုတ်ပေလော။
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
လေ့လာမှုအတွက် အထောက်အကူအသစ်!
စည်းဝေးကြီးပထမနေ့ နိဂုံးပိုင်းတွင် စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့ စာအုပ်အသစ်ကို ထုတ်ဝေလိုက်ခြင်းကြောင့် တက်ရောက်သူများသည် ဝမ်းသာကြည်းနူးခဲ့ကြသည်။ ယင်းစာအုပ်ကို ထာဝရအသက်ရစေသောအသိပညာ စာအုပ် လေ့လာပြီးသူများနှင့် သင်အံမှုဆက်ပြုလုပ်ရန် ရည်စူးထုတ်ဝေထားပြီး “ထာဝရအသက်ကို တလိုတလားရှိသူ” များ၏ ယုံကြည်ခြင်းကို အမှန်ပင် ခိုင်ခံ့စေပါလိမ့်မည်။—တမန်တော် ၁၃:၄၈။
[Credit Line]
Image on book cover: U.S. Navy photo
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ဘုရားသခင်နှင့် ပိုမိုရင်းနှီးစေရန် အကူအညီ
စည်းဝေးကြီးဒုတိယနေ့၏ နောက်ဆုံးဟောပြောသူက ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်အသစ်ကို ထုတ်ဝေလိုက်ကြောင်း ကြေညာခဲ့သည်။ ၎င်းစာအုပ်တွင် ယေဟောဝါ၏အဓိကဂုဏ်ရည်တော်များဖြစ်သည့် တန်ခိုး၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာ တစ်ခုချင်းစီကို ရှင်းပြထားသည့် အဓိကအပိုင်းလေးပိုင်းပါဝင်သည်။ ထိုစာအုပ်၏အပိုင်းတစ်ခုစီတွင် ဘုရားသခင့်အရည်အသွေးများကို ယေရှုခရစ် ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည့် အခန်းတစ်ခုပါရှိသည်။ ဤစာအုပ်အသစ်၏အဓိကရည်ရွယ်ချက်မှာ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ကျမ်းစာသင်သားများသည် ယေဟောဝါဘုရားသခင်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာပြီး ပိုမိုခိုင်ခံ့သည့်ဆက်ဆံရေးရရှိစေရန် ဖြစ်သည်။
[စာမျက်နှာ ၂၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
လူငယ်များအတွက် ဝိညာဉ်ရေးလမ်းညွှန်မှု
စည်းဝေးကြီးတတိယနေ့တွင် လူငယ်တို့—သင်တို့အသက်တာကို မည်သို့အသုံးပြုကြမည်နည်း အထူးဝေစာအသစ်တစ်စောင် ထုတ်ဝေခဲ့သည်။ သက်သေခံလူငယ်များသည် သူတို့၏အနာဂတ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ မှန်ကန်စွာချနိုင်စေရန် ရည်စူးထုတ်ဝေထားသော ဤဝေစာအသစ်သည် ယေဟောဝါ၏လုပ်ငန်းတော်ကို ထာဝစဉ်လုပ်ဆောင်သွားနိုင်ဖို့ ကျမ်းစာအကြံပြုချက်များ ပေးထားပါသည်။