မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတိုင်မီနှင့် ပြီးနောက် ဘုရားသခင့်စကားတော် အကျိုးသက်ရောက်ပုံ

မတိုင်မီနှင့် ပြီးနောက် ဘုရားသခင့်စကားတော် အကျိုးသက်ရောက်ပုံ

“ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်”

မတိုင်မီ​နှင့် ပြီး​နောက် ဘုရားသခင့်​စကားတော် အကျိုး​သက်ရောက်​ပုံ

သင်သည် တိုနီ​ကို မြီး​ကောင်​ပေါက်​အရွယ်​ဝင်​ခါ​စ​က တွေ့ဆုံ​ခဲ့​မည်​ဆိုလျှင် သူသည် ဩစတြေးလျ​နိုင်ငံ၊ ဆစ်ဒနီ​မြို့​၏ အကျင့်ပျက်​ဒေသ​အချို့​တွင် သွားလာ​ကျက်စား​တတ်​သည့် ရိုင်းစိုင်း​ကြမ်းတမ်းသော ကောင်လေး​တစ်ဦး​ဖြစ်သည်​ကို တွေ့ မြင်ရ​လိမ့်​မည်။ သူ၏​သူငယ်ချင်းများ​တွင် လမ်း​သရဲ​ဂိုဏ်း​သားများ​လည်း ပါဝင်​၏။ သူတို့သည် ဖောက်ထွင်းမှု​များ၊ အုပ်စု​လိုက်​ရန်ပွဲ​များနှင့် လမ်းပေါ်​ပစ်ခတ်မှု​များ​တွင် မကြာခဏ ပါဝင်​ပတ်သက်​ခဲ့​ကြသည်။

ကိုးနှစ်​အရွယ်​တွင် တိုနီ ဆေးလိပ်​စ​သောက်​ခဲ့​သည်။ အသက် ၁၄ နှစ်​တွင် ဆေးခြောက်​ကို ပုံမှန်​သုံးစွဲ​ရာ​မှ အကျင့်ပျက်​လာ​လေ​သည်။ အသက် ၁၆ နှစ်​တိုင်သော် တိုနီ​သည် ဘိန်းဖြူ​စွဲ​သွားပြီး ကို​ကင်း၊ အဲလ်​အက်စ်​ဒီကို​လည်း သုံးစွဲ​လာတော့​သည်၊ သူ၏​ပြောပြချက်​အရ “ကျွန်တော့်​ကို ထိုင်း​မှိုင်း​မူးယစ်​စေနိုင်​တဲ့ ဘာကို​မဆို သုံးစွဲ​တယ်။” ထို့နောက် နာမည်ကြီး​ရာဇဝတ်ဂိုဏ်း​နှစ်​ဂိုဏ်း​နှင့် ဆက်သွယ်​၍ မူးယစ်​ဆေးဝါး ရောင်းဝယ်​ခဲ့​သည်။ မကြာမီ တိုနီ​သည် ဩစတြေးလျ​နိုင်ငံ၊ အရှေ့​ပင်လယ်​ကမ်းရိုးတန်း​တွင် ယုံကြည်​စိတ်ချ​ရ​ဆုံး မူးယစ်​ဆေး ပေးသွင်း​သူ​အဖြစ် နာမည်ကြီး​လာ​သည်။

တိုနီ​သုံးစွဲ​သော ဘိန်းဖြူ​နှင့်​ဆေးခြောက်​အတွက် ကုန်ကျ​ငွေ​မှာ တစ်ရက်​လျှင် ဒေါ်လာ ၁၆၀ (ယူ.အက်စ်) နှင့်​ဒေါ်လာ ၃၂၀ (ယူ.အက်စ်) ကြား​တွင်​ရှိသည်။ သို့ရာတွင် သူ၏​မိသားစု​သည် ထို​ထက်မက ခံ​နေရ​၏။ “ကျွန်တော်​တို့​အိမ်ဝင်း​ထဲမှာ​ရှိတဲ့ မူးယစ်​ဆေး​နဲ့ ငွေ​တွေ​ကို လာ​ရှာ​ကြ​တဲ့ ရာဇဝတ်သားတွေ​က ကျွန်တော့်​ဇနီး​နဲ့ ကျွန်တော်​ရဲ့ မျက်နှာကို သေနတ်​တွေ၊ ဓား​တွေ​နဲ့ ချိန်​တာ ခဏ​ခဏ​ပဲ” ဟု​သူ​ပြောပြ​သည်။ တိုနီ​သည် ထောင်​သုံးကြိမ်​ကျ​ပြီး​နောက် သူ့​ဘဝ​ဦးတည်ချက်​ကို ဆန်းစစ်​လို​စိတ် ဖြစ်ပေါ်​လာ​သည်။

ချာ့ခ်ျ​ကို တိုနီ​တက်​ခဲ့​ဖူး​သော်လည်း အပြစ်ရှိ​သူများကို မီးငရဲ​တွင် ထာဝစဉ်​ဒဏ်ခတ်​သော ဘုရားသခင်​ထံ လုံးဝ​မ​ချဉ်းကပ်​လို​ခဲ့​ချေ။ သို့သော် တိုနီ​ထံ ယေဟောဝါသက်သေ​နှစ်ဦး လည်ပတ်​ရောက်ရှိ​လာ၍ ဘုရားသခင်​သည် ထိုသို့​မဟုတ်​ကြောင်း သူသိ​ရှိ​ရသည့်​အခါ အံ့သြ​ခဲ့​၏။ မိမိ၏​ဘဝကို အမှန်ပင် ပြုပြင်​ပြောင်းလဲ​နိုင်​ပြီး ဘုရားသခင်​ထံ​မှ ကောင်းချီး​များ ခံစား​နိုင်​မည်​ကို တိုနီ​သိရှိ​ရ​၍ ဝမ်းသာ​အားရခဲ့​သည်။ “ဘုရားသခင်​သည် ခပ်သိမ်း​သော​အမှုတို့​ကို တတ်နိုင်​တော်​မူ​သည်” ဟူသော ယေရှု​ခရစ်​၏​မိန့်ဆိုချက်​က တိုနီ​အတွက် အားပေးမှု​ဖြစ်​ခဲ့​သည်။ (မာကု ၁၀:၂၇) အထူးသဖြင့် “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့ ၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟူသော အားရှိဖွယ်​စကား​များ​က တိုနီ​၏​စိတ်​ကို ထိမိ​ခဲ့​၏။—ယာကုပ် ၄:၈

ယခု တိုနီ​သည် သူ၏​ဘဝကို ကျမ်းစာ​စံနှုန်း​များနှင့်​အညီ ဖြစ်စေ​ရန် စိန်ခေါ်​ခံ​ခဲ့​ရ၏။ သူ​ဤသို့​ပြော​သည်– “ပထမဦးဆုံး ကျွန်တော်​ဆေးလိပ်​ဖြတ်လိုက်​တယ်၊ အရင်တုန်းက ခဏ​ခဏ​ကြိုးစား​ဖြတ်​ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အရင် ၁၅ နှစ်​တိုင် ကျွန်တော့်​ကို ချုပ်နှောင်​ထား​တဲ့ ဘိန်းဖြူ​နဲ့ ဆေးခြောက်​ကိုလည်း ယေဟောဝါ​ရဲ့​တန်ခိုးတော်​နဲ့ ဖြတ်​နိုင်​ခဲ့ပြီ။ အဲ့ဒီ​မူးယစ်​ဆေးစွဲ​တဲ့​အကျင့်တွေကို ဖြတ်​နိုင်​လိမ့်မယ်လို့ မထင်​ခဲ့​ဘူး။”

တိုနီ​နှင့် သူ၏​ဇနီး​တို့သည် ကျမ်းစာ​တွင်​မပါ​သော အယူဝါဒ​ဖြစ်သည့် လူ​တို့ကို ငရဲ​တွင် ထာဝစဉ်​ညှဉ်းဆဲ​မည့် ဘုရားသခင်​ကို ကြောက်ရွံ့​မည့်​အစား မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​နေထိုင်​ရမည့်​မျှော်လင့်ချက်ကို ယုံကြည်​သက်ဝင်လာ​ခဲ့​ကြသည်။ (ဆာလံ ၃၇:၁၀၊ ၁၁; သု. ၂:၂၁) “ကျွန်တော့်​ဘဝကို ဘုရားသခင့်​စံနှုန်း​တွေ​နဲ့​အညီ​ဖြစ်စေ​ဖို့ အတော်လေး အချိန်​ယူ ကြိုးစား​ခဲ့​ရတယ်၊ ဒါပေမဲ့ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ အောင်မြင်​ခဲ့တယ်” ဟု​တိုနီ​ဝန်ခံ​၏။

မှန်ပါသည်၊ ယခင်​က မူးယစ်​ဆေးစွဲ​ခဲ့​သော ဤ​သူသည် ယခု ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​၏။ သူ့​ဇနီး​နှင့်အတူ သူတို့၏​အချိန်​နှင့် ဥစ္စာ​အင်ခွင်များကို စေတနာအလျောက်​ပေးဆက်​ကာ ကျမ်းစာ​ပညာပေး​လုပ်ငန်း​တွင် နာရီ​ထောင်နှင့်ချီ ပါဝင်​နေကြ​သည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​တတ်သော ကလေး​နှစ်ဦး​ကိုလည်း သူတို့​ပြုစု​ပျိုးထောင်​နေကြ​သည်။ ဤ​ပြောင်းလဲမှု​ကြီး​သည် သမ္မာကျမ်းစာ​၏ မတွန်းလှန်​နိုင်သော တန်ခိုးတော်​အားဖြင့် ဖြစ်ပေါ်​လာ​ခဲ့​သည်။ တမန်​တော်​ပေါလု​ပြော​သည့်​အတိုင်း​ပင် “ဘုရားသခင်​၏​နှုတ်[မြွက်]တော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်” တတ်၏။—ဟေဗြဲ ၄:၁၂

ဤသို့​သော​အဖြစ်မှန် သာဓက​များ​ရှိ​လျက်​ပင် အချို့​က ယေဟောဝါသက်သေ​များ​၏ ကျမ်းစာ​အခြေပြု ပညာပေး​လုပ်ငန်း​သည် မိသားစု​များ​ကို ပြိုကွဲ​စေ​သည်၊ လူငယ်များ​၏ အကျိုးပြု​စံနှုန်း​များ​ကို ဖျက်ဆီး​သည်​ဟု မဟုတ်မမှန်​စွပ်စွဲ​ကြသည်။ တိုနီ​၏​အဖြစ်အပျက်က ထို​စွပ်စွဲချက် မမှန်ကန်​ကြောင်း ထောက်ပြ​သည်။

သေစေနိုင်​သော မူးယစ်​ဆေးစွဲ​မှုများ​ကို အောင်မြင်စွာ​ဖြတ်​နိုင်​ကြောင်း တိုနီ​နည်းတူ လူအများ သိရှိ​လာ​ခဲ့​ကြပြီ။ မည်သို့​အားဖြင့်​နည်း။ ဘုရားသခင်​ကို ယုံကြည်၍ ကိုယ်တော်​နှင့်​သမ္မာကျမ်းစာ​ကို မှီခို​အားထား​ပြီး မေတ္တာ​ရှိ ခရစ်ယာန်​အပေါင်းအဖော်​များ​၏ ကူညီ​ထောက်ပံ့မှု​အားဖြင့်​ဖြစ်သည်။ အဆုံး​တွင် တိုနီ​သည် ဤသို့​ပျော်ရွှင်စွာ​ပြောဆို​သည်– “ကျမ်းစာ​မူတွေ​က ကျွန်တော့်​ကလေး​တွေ​ကို ကာကွယ်​ပေး​တာ ကျွန်တော်​မြင်တယ်။ ကျမ်းစာ​သွန်သင်ချက်​တွေ​က ကျွန်တော့်​ရဲ့​အိမ်ထောင်ရေး​ကိုလည်း ပျော်ရွှင်​စေ​ခဲ့တယ်။ ကျွန်တော်​ဟာ အန္တရာယ်​ကောင်​မဟုတ်​တော့​လို့ ကျွန်တော့်​အိမ်နီးချင်းတွေ​လည်း အေးအေးဆေးဆေး အိပ်​နိုင်​ကြပြီ။”

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

‘၁၅ နှစ်​တိုင် ကျွန်တော့်​ကို ချုပ်နှောင်​ထား​တဲ့ မူးယစ်​ဆေးစွဲ​နေခဲ့တာ​ကို ယေဟောဝါ​ရဲ့​တန်ခိုးတော်​နဲ့ ဖြတ်​နိုင်​ခဲ့ပြီ’

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ကျမ်းစာ​မူများ အကျိုး​သက်ရောက်

ကျမ်းစာမူ​အမျိုးမျိုး​သည် မူးယစ်​ဆေးစွဲ​နေ​သူများစွာ​အား အကျိုးယုတ်​စေသော​အကျင့်ကို စွန့်လွှတ်​ရန် ကူညီပေး​ခဲ့​သည်။ အဆိုပါ​မူများ​တွင် အောက်ပါ​တို့​ပါဝင်​သည်–

“ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လျက် ဘုရားသခင်​ကို ကြောက်ရွံ့​၍ သန့်ရှင်းခြင်း . . . နှင့် ပြည့်စုံ​ကြ​ကုန်​အံ့။” (၂ ကောရိန္သု ၇:၁) မူးယစ်​ဆေး​သုံးစွဲခြင်း​သည် ဘုရားသခင့်​ပညတ်တရား​နှင့် ဆန့်ကျင်​၏။

“ထာဝရ​ဘုရား​ကို ကြောက်ရွံ့​သော​သဘော​သည် ပညာ​၏​မူလအမြစ်​ဖြစ်၏။ သန့်ရှင်း​တော်​မူ​သော​ဘုရား [သခင်] ကို သိကျွမ်း​သော​သဘော​သည် ဉာဏ်​ဖြစ်၏။” (သု. ၉:၁၀) ယေဟောဝါ​နှင့်​ပတ်သက်​သည့် တိကျ​မှန်ကန်သော​အသိပညာနှင့် ကိုယ်တော်​၏​လမ်းစဉ်​များ​ကို အခြေပြု​၍ ကိုယ်တော်​အား ကြည်ညို​လေးစားခြင်း​သည် လူအများ​အား မူးယစ်​ဆေး​သုံးစွဲခြင်း​ကို ဖြတ်​စေနိုင်​ခဲ့​၏။

“ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။” (သု. ၃:၅၊ ၆) ဘုရားသခင်​ကို လှိုက်လှိုက်လှဲလှဲ​ယုံကြည်​ကိုးစား​ပြီး လုံးလုံးလျားလျား​မှီခို​အားထားခြင်း​ဖြင့် အကျိုးယုတ်​စေသော အကျင့်​များ​ကို ဖြတ်ပစ်​နိုင်၏။