သင်၏ယုံကြည်ခြင်း မည်မျှခိုင်ခံ့သနည်း
သင်၏ယုံကြည်ခြင်း မည်မျှခိုင်ခံ့သနည်း
“ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။”—၂ ကောရိန္သု ၁:၂၄။
၁၊ ၂။ ကျွန်ုပ်တို့တွင် ယုံကြည်ခြင်း အဘယ်ကြောင့်ရှိရမည်နည်း၊ ယင်းကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။
ယေဟောဝါ၏ကျေးကျွန်များသည် မိမိတို့၌ ယုံကြည်ခြင်းရှိရမည်ကို သိထားကြ၏။ အမှန်မှာ၊ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။” (ဟေဗြဲ ၁၁:၆) သို့ဖြစ်၍ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏နှစ်လိုဖွယ်အသီးတစ်လုံးဖြစ်သော ယုံကြည်ခြင်းအတွက် ပညာရှိစွာ ဆုတောင်းကြသည်။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ) ဝတ်ပြုသူချင်းတို့၏ယုံကြည်ခြင်းကို တုပခြင်းကလည်း ကျွန်ုပ်တို့၌ရှိသော ဤအရည်အသွေးကို ခိုင်ခံ့စေနိုင်သည်။—၂ တိမောသေ ၁:၅; ဟေဗြဲ ၁၃:၇။
၂ ခရစ်ယာန်အားလုံးအတွက် ဘုရားသခင့်နှုတ်မြွက်စကားတော်မှ ချမှတ်သောလမ်းစဉ်ကို ကျွန်ုပ်တို့ စွဲစွဲမြဲမြဲလိုက်လျှောက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ခိုင်ခံ့လာပေလိမ့်မည်။ ကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းနှင့် ‘သစ္စာရှိသောကျွန်’ မှတစ်ဆင့် ပြင်ဆင်ပေးထားသော စာပေများအကူအညီဖြင့် ကျမ်းစာကို လုံ့လဝီရိယရှိရှိလေ့လာခြင်းက ယုံကြည်ခြင်းကို တိုးပွားစေနိုင်သည်။ (လုကာ ၁၂:၄၂-၄၄; ယောရှု ၁:၇၊ ၈) ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို ကျွန်ုပ်တို့မှန်မှန်တက်ရောက်ကြသည့်အခါ အချင်းချင်း၏ယုံကြည်ခြင်းအားဖြင့် တည်ဆောက်မှုရရှိကြသည်။ (ရောမ ၁:၁၁၊ ၁၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့အပြင် ခရစ်ယာန်ဓမ္မအမှုဆောင်ချိန်တွင် အခြားသူတို့အား ဟောပြောကြသောအခါ ယုံကြည်ခြင်းတိုးပွားစေသည်။—ဆာလံ ၁၄၅:၁၀-၁၃; ရောမ ၁၀:၁၁-၁၅။
၃။ ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ မေတ္တာရှိသောခရစ်ယာန်အကြီးအကဲများထံမှ အဘယ်အကူအညီရရှိကြသနည်း။
၃ ကျမ်းစာဆိုင်ရာအကြံပေးခြင်း၊ အားပေးခြင်းအားဖြင့် မေတ္တာရှိသောခရစ်ယာန်အကြီးအကဲများသည် ယုံကြည်ခြင်းကို တည်ဆောက်၂ ကောရိန္သု ၁:၂၃၊ ၂၄) အခြားဘာသာပြန်ကျမ်းတစ်ခုက ဤသို့ဆိုသည်– “သင်တို့၏ခံယူယုံကြည်ချက်သည် ခိုင်မာလျက်ရှိကြောင်း ငါတို့သိကြ၏။ ငါတို့သည် သင်တို့၏ရွှင်လန်းဝမ်းမြောက်မှုအတွက် သင်တို့နှင့်အတူ လုပ်ဆောင်နေခြင်းသာဖြစ်ပါ၏။” (သတင်းကောင်း) ဖြောင့်မတ်သူတို့သည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြ၏။ မှန်ပါသည်၊ မည်သူတစ်ဦးတစ်ယောက်မျှ ကျွန်ုပ်တို့အတွက် ယုံကြည်ခြင်းမရှိနိုင်ပါ၊ ကျွန်ုပ်တို့ကို သမာဓိစောင့်သိသူများ မဖြစ်စေနိုင်ပါ။ ယင်းနှင့်စပ်လျဉ်း၍ ‘ကျွန်ုပ်တို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။’—ဂလာတိ ၃:၁၁; ၆:၅။
ပေးကြသည်။ “သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏” ဟု ကောရိန္သုအသင်းသားများအား ပြောခဲ့သော တမန်တော်ပေါလု၏စိတ်ထားမျိုး သူတို့၌ရှိသည်။ (၄။ သမ္မာကျမ်းစာပါ ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များ၏ မှတ်တမ်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့ခိုင်ခံ့စေနိုင်သနည်း။
၄ သမ္မာကျမ်းစာတွင် ယုံကြည်ခြင်းရှိသူ မြောက်မြားစွာ၏မှတ်တမ်းများကို တွေ့ရှိရသည်။ သူတို့၏ထူးခြားသောအပြုအမူ အများအပြားကို ကျွန်ုပ်တို့ရင်းနှီးကျွမ်းဝင်ပေမည်၊ သို့သော်လည်း သူတို့အသက်တာတစ်လျှောက် နေ့စဉ်တင်ပြခဲ့သော ယုံကြည်ခြင်းလုပ်ရပ်များကော အသို့နည်း။ ကျွန်ုပ်တို့နှင့် ထပ်တူကျသောအခြေအနေမျိုးတွင် ဤအရည်အချင်းကို သူတို့တင်ပြခဲ့ကြပုံကို ယခုပြန်သုံးသပ်ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သာ၍ခိုင်ခံ့စေနိုင်ပါသည်။
ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေ
၅။ ယုံကြည်ခြင်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရဲရင့်စွာကြွေးကြော်ရန် ခွန်အားပေးကြောင်း သမ္မာကျမ်းစာတွင် အဘယ်သာဓကရှိသနည်း။
၅ ယုံကြည်ခြင်းက ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ရဲရင့်စွာကြွေးကြော်ရန် ခွန်အားပေးသည်။ ဧနောက်သည် ဘုရားသခင်၏တရားစီရင်ချက်ကို ရဲစွမ်းသတ္တိရှိရှိ တင်ကူးပြောကြားခဲ့သည်။ သူက ဤသို့ပြောဆိုခဲ့သည်– “ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏အပြစ်ကိုလည်းကောင်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကိုပြစ်မှား၍ပြောသော ကြမ်းတမ်းသောစကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်။” (ယုဒ ၁၄၊ ၁၅) ထိုစကားများကိုကြားသည့်အခါ ဧနောက်၏ဘုရားတရားမဲ့ရန်သူများသည် သူ့ကို အမှန်တကယ်သတ်လိုခဲ့သည်။ သို့တိုင် သူသည် ယုံကြည်ခြင်းဖြင့် ရဲရင့်စွာဟောပြောခဲ့ရာ ဘုရားသခင်သည် သူ့ကို သေခြင်း၌အိပ်ပျော်စေခြင်းအားဖြင့် သူ့အား “သိမ်းယူတော်မူ” သည်၊ ထိုနည်းဖြင့် သေခြင်း၏ဝေဒနာကို သူ့အား မခံစားစေခဲ့ချေ။ (ကမ္ဘာဦး ၅:၂၄; ဟေဗြဲ ၁၁:၅) ထိုသို့သောအံ့ဖွယ်အမှုများကို ကျွန်ုပ်တို့မတွေ့ကြုံကြရသော်လည်း ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါဖြေကြားပေးသဖြင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိရှိရှိ ကျွန်ုပ်တို့ကြွေးကြော်နိုင်ကြသည်။—တမန်တော် ၄:၂၄-၃၁။
၆။ ဘုရားသခင်ပေးသောယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိက နောဧကို မည်သို့ကူညီပေးခဲ့သနည်း။
၆ နောဧသည် ယုံကြည်ခြင်းအားဖြင့် “မိမိအိမ်သူအိမ်သားတို့ကိုကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏။” (ဟေဗြဲ ၁၁:၇; ကမ္ဘာဦး ၆:၁၃-၂၂) နောဧသည် သူ၏တစ်ခေတ်တည်းသားတို့အား ဘုရားသခင်၏သတိပေးချက်ကို ရဲရင့်စွာကြွေးကြော်သည့် “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူလည်းဖြစ်ခဲ့သည်။ (၂ ပေတရု ၂:၅) လက်ရှိအစီအစဉ်စနစ်သည် မကြာမီ ဖျက်ဆီးခံရလိမ့်မည်ဟု ကျမ်းစာအထောက်အထားနှင့် ကျွန်ုပ်တို့တင်ပြ ပြောဟောကြသောအခါ အချို့သူတို့က ပြက်ရယ်ပြုကြသကဲ့သို့ ကျရောက်လတ္တံ့သော ရေလွှမ်းမိုးဘေးအကြောင်း နောဧပြောခဲ့သောအခါ ထိုသူတို့လည်း ကဲ့ရဲ့ပြောင်လှောင်ခဲ့ကြပေမည်။ (၂ ပေတရု ၃:၃-၁၂) ဧနောက်နှင့် နောဧတို့နည်းတူ ဘုရားသခင်ပေးသော ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိကြောင့် ထိုသို့သောသတင်းတရားကို ကျွန်ုပ်တို့ဟောပြောနိုင်ကြပါသည်။
ယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုစိတ်ရှည်စေ
၇။ အာဗြဟံနှင့် အခြားသူတို့သည် ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းကို မည်သို့တင်ပြခဲ့ကြသနည်း။
၇ အထူးသဖြင့် ဤဆိုးညစ်သောအစီအစဉ်စနစ်အဆုံးကို ကျွန်ုပ်တို့စောင့်မျှော်နေကြစဉ် ကျွန်ုပ်တို့ ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းလိုသည်။ “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံ” မည့်သူတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့သော ဘိုးဘေးအာဗြဟံပါဝင်သည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) ယုံကြည်ခြင်းအားဖြင့် သူသည် ဥရမြို့နှင့် ၎င်း၏အကျိုးစီးပွားအားလုံးကို စွန့်လွှတ်ခဲ့ပြီး သူ့ကို ဘုရားသခင် ကတိထားတော်မူသည့် တိုင်းတစ်ပါး၌ ဧည့်သည်အဖြစ်နေထိုင်ခဲ့သည်။ ဣဇာက်နှင့် ယာကုပ်တို့လည်း ထိုကတိတော်ကို အမွေခံခဲ့ကြရသည်။ သို့သော် ထို “သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သောအကျိုးကျေးဇူးကိုမခံရဘဲ . . . ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။” ယုံကြည်ခြင်းအားဖြင့် သူတို့သည် “ကောင်းကင်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။” သို့ဖြစ်၍ ဘုရားသခင်သည် “သူတို့နေစရာဖို့ မြို့ကိုတည်ထောင်တော်မူပြီ။” (ဟေဗြဲ ၁၁:၈-၁၆) မှန်ပါသည်၊ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့အပြင် ဘုရားသခင်ကိုကြောက်ရွံ့သော သူတို့၏ဇနီးများပါ ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်ကို စိတ်ရှည်စွာ စောင့်မျှော်ခဲ့ကြကာ ယင်းအောက် ကမ္ဘာမြေကြီးပေါ်နေထိုင်ရန် သူတို့ပြန်အသက်ရှင်လာကြပေမည်။
၈။ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် အဘယ်အရာကြားမှ စိတ်ရှည်ခြင်းနှင့် ယုံကြည်ခြင်းကို တင်ပြသွားခဲ့ကြသနည်း။
၈ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့သည် ယုံကြည်ခြင်းပျောက်မသွားခဲ့ချေ။ ကတိထားရာပြည်သည် သူတို့၏လက်အောက် မရောက်ခဲ့ပါ၊ ထို့အပြင် အာဗြဟံ၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ ကောင်းချီးမင်္ဂလာခံရကြခြင်းကိုလည်း သူတို့မတွေ့မြင်ခဲ့ကြပါ။ (ကမ္ဘာဦး ၁၅:၅-၇; ၂၂:၁၅-၁၈) ရာစုနှစ်ချီကုန်လွန်သွားပြီးမှ ‘ဘုရားသခင်တည်ထောင်သောမြို့’ အမှန်တကယ်တည်မည်ဖြစ်သော်လည်း ထိုသူတို့သည် သူတို့၏ဘဝတစ်လျှောက် ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းကို ဆက်လက်တင်ပြသွားခဲ့ကြ၏။ ယခု မေရှိယနိုင်ငံတော်သည် ကောင်းကင်တွင် အမှန်တကယ်တည်ထောင်ပြီဖြစ်ရာ ကျွန်ုပ်တို့လည်း ထိုနည်းထပ်တူပင်ပြုသင့်သည်။—ဆာလံ ၄၂:၅၊ ၁၁; ၄၃:၅။
ယုံကြည်ခြင်းက အမြင့်မြတ်ဆုံးပန်းတိုင်များထားရှိစေ
၉။ ယုံကြည်ခြင်းက ပန်းတိုင်များနှင့် ရည်မှန်းချက်များအပေါ် အဘယ်သြဇာသက်ရောက်သနည်း။
၉ တည်ကြည်သောဘိုးဘေးတို့သည် ယုတ်ညံ့သောခါနာန်သားတို့၏ဘဝပုံစံကို တစ်ခါမျှမခံယူခဲ့ကြချေ၊ အကြောင်းမှာ မိမိတို့၏ပန်းတိုင်များနှင့် ရည်မှန်းချက်များသည် သာလွန်မြင့်မားသောကြောင့်တည်း။ အလားတူပင် ယုံကြည်ခြင်းက ဆိုးညစ်သောသူ၊ စာတန့် လက်၌ရှိသော ဤလောက၏ပုံသွင်းမှုကို ငြင်းဆန်စေသည့် ဝိညာဉ်ရေးပန်းတိုင်များ ကျွန်ုပ်တို့တွင်ရှိစေသည်။—၁ ယောဟန် ၂:၁၅-၁၇; ၅:၁၉။
၁၀။ ယောသပ်သည် ဤလောကတွင် ထင်ပေါ်ကျော်ကြားခြင်းထက် သာလွန်မြင့်မားသောပန်းတိုင်ထားခဲ့ကြောင်း မည်သို့သိရသနည်း။
၁၀ ဘုရားသခင်၏စီမံမှုအားဖြင့် ယာကုပ်၏သားယောသပ်သည် အီဂျစ်ပြည်၏ရိက္ခာဝန်ဖြစ်လာသော်လည်း ဤလောကတွင် ကြီးမြတ်သူတစ်ဦးဖြစ်ဖို့ သူပန်းတိုင်မထားခဲ့ချေ။ ယေဟောဝါ၏ကတိတော်များ ပြည့်စုံမည်ကို ယုံကြည်သဖြင့် အသက် ၁၁၀ ရှိသော ယောသပ်သည် သူ့ညီအစ်ကိုများကို ဤသို့ပြောခဲ့သည်– “ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောပြည်သို့ ဤပြည်မှဆောင်သွားတော်မူမည်။” ယောသပ်သည် ကတိထားရာပြည်၌ မိမိကိုသင်္ဂြိုဟ်ရန် တောင်းဆိုခဲ့၏။ သူသေဆုံးသွားသောအခါ သူ၏အလောင်းကို နံ့သာမျိုးနှင့်ပြင်ဆင်၍ အီဂျစ်ပြည်၌ တလားနှင့်ထားခဲ့ကြသည်။ သို့သော် အီဂျစ်တို့၏အချုပ်အနှောင်မှ ဣသရေလလူတို့ ကယ်နုတ်ခံရသောအခါ ပရောဖက်မောရှေသည် ယောသပ်၏အရိုးတို့ကို ကတိထားရာပြည်၌ မြှုပ်နှံရန် ယူဆောင်သွားခဲ့သည်။ (ကမ္ဘာဦး ၅၀:၂၂-၂၆; ထွက်မြောက်ရာ ၁၃:၁၉) ယောသပ်ကဲ့သို့သောယုံကြည်ခြင်းက ဤလောကတွင် ထင်ပေါ်ကျော်ကြားခြင်းထက် သာလွန်မြင့်မားသောပန်းတိုင်များထားရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်သည်။—၁ ကောရိန္သု ၇:၂၉-၃၁။
၁၁။ မောရှေသည် ဝိညာဉ်ရေးပန်းတိုင်များထားကြောင်း အဘယ်နည်းဖြင့် သက်သေပြခဲ့သနည်း။
၁၁ အီဂျစ်ပြည်ရှိ တော်ဝင်မိသားစုဝင်အဖြစ် မောရှေသည် ပညာဟေဗြဲ ၁၁:၂၃-၂၆; တမန်တော် ၇:၂၀-၂၂) ယင်းကြောင့် သူသည် ဂုဏ်ထင်ရှားခြင်းနှင့် အီဂျစ်ပြည်၌ ထင်ပေါ်ကျော်ကြားစွာ ခမ်းခမ်းနားနားသင်္ဂြိုဟ်ခံရခြင်းကို စွန့်လွှတ်ခဲ့ရ၏။ သို့သော် “[“စစ်မှန်သော၊” ကဘ] ဘုရားသခင်၏လူ”၊ ပညတ်ပဋိညာဉ်ကိုဖျန်ဖြေစေ့စပ်သူ၊ ယေဟောဝါ၏ပရောဖက်ဖြစ်ခွင့်ရသည့်အပြင် သမ္မာကျမ်းရေးသူတစ်ဦးဖြစ်ရခြင်းနှင့် အဆိုပါကျော်ကြားမှုကို နှိုင်းယှဉ်ကြည့်လျှင် အဘယ်အရာက သာ၍မြတ်သနည်း။ (ဧဇရ ၃:၂) လောက၌ ဂုဏ်သိက္ခာရှိရာထူးတစ်ခုကို သင်လိုလားသလော၊ သို့မဟုတ် ယုံကြည်ခြင်းက သင့်အား သာ၍မြင့်မားသောဝိညာဉ်ရေးပန်းတိုင်များ ထားရှိစေသလော။
အလုံးစုံတတ်မြောက်ခဲ့သော်လည်း “အပြစ်ရှိသောကာမဂုဏ်ကိုခဏခံစားခြင်းထက်၊ ဘုရားသခင်၏လူတို့နှင့်အတူ ညှဉ်းဆဲခံ” ဖို့ရွေးချယ်လေသည်။ (ယုံကြည်ခြင်းက အကျိုးဖြစ်ထွန်းသောအသက်တာကိုရရှိစေ
၁၂။ ယုံကြည်ခြင်းက ရာခပ်၏ဘဝအသက်တာအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၁၂ ယုံကြည်ခြင်းသည် လူတို့အား အမြင့်မားဆုံးသောပန်းတိုင်များ ထားရှိစေသည်သာမက အကျိုးဖြစ်ထွန်းသောအသက်တာလည်း ရရှိစေသည်။ ယေရိခေါမြို့သူရာခပ်အနေနှင့် သူ၏ပြည့်တန်ဆာဘဝသည် အဓိပ္ပာယ်မရှိခဲ့သလိုဖြစ်ပေမည်။ သို့သော် သူယုံကြည်ခြင်းတင်ပြခဲ့သောအခါ သူ၏ဘဝ အကြီးအကျယ်ပြောင်းလဲခဲ့သည်! သူသည် “[ဣသရေလ] တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့်လွှတ်လိုက်၍၊ [ယုံကြည်ခြင်း] အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်” ခဲ့၏၊ ထိုသို့ပြုခဲ့သောကြောင့် ခါနာန်ရန်သူများလက်မှ သူတို့လွတ်မြောက်ခဲ့ကြသည်။ (ယာကုပ် ၂:၂၄-၂၆) ယေဟောဝါအား စစ်မှန်သောဘုရားသခင်အဖြစ် အသိအမှတ်ပြု၍ ရာခပ်သည် သူ၏ပြည့်တန်ဆာလုပ်ငန်းကို စွန့်လွှတ်လိုက်ခြင်းဖြင့်လည်း ယုံကြည်ခြင်းတင်ပြခဲ့သည်။ (ယောရှု ၂:၉-၁၁; ဟေဗြဲ ၁၁:၃၀၊ ၃၁) သူသည် မယုံကြည်သူ ခါနာန်လူမျိုးနှင့်မဟုတ်ဘဲ ယေဟောဝါ၏ကျေးကျွန်တစ်ဦးနှင့် ထိမ်းမြားခဲ့သည်။ (တရားဟောရာ ၇:၃၊ ၄; ၁ ကောရိန္သု ၇:၃၉) ရာခပ်သည် မေရှိယ၏ဘေးမတစ်ဦးဖြစ်လာခွင့် ရရှိခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂:၃-၁၅; ရုသ ၄:၂၀-၂၂; မဿဲ ၁:၅၊ ၆) အကျင့်ယိုယွင်းသောဘဝကို စွန့်လွှတ်ခဲ့ကြသည့် အခြားသူများနည်းတူ သူသည် နောက်ထပ်ဆုကျေးဇူးကို ရရှိဦးမည်၊ ၎င်းကား မြေကြီးပရဒိသုပေါ်သို့ အသက်ပြန်ရှင်ထမြောက်လာရခြင်းဖြစ်၏။
၁၃။ ဗေသရှေဘနှင့် ဒါဝိဒ် မည်သို့အပြစ်ပြုခဲ့သနည်း၊ သို့သော် သူ အဘယ်သဘောထားတင်ပြခဲ့သနည်း။
၁၃ ရာခပ်သည် သူ၏အပြစ်နှင့်ပြည့်နေသောအသက်တာကို စွန့်လွှတ်ပြီးနောက် ဖြောင့်မှန်သောလမ်းစဉ်ကို လိုက်လျှောက်ခဲ့ကြောင်း ထင်ရှားသည်။ သို့သော် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို ကြာမြင့်စွာကတည်းက ဆက်ကပ်အပ်နှံထားခဲ့သူအချို့သည် ကြီးလေးသောအပြစ်ပြုခဲ့ကြသည်။ ဘုရင်ဒါဝိဒ်သည် ဗေသရှေဘနှင့် သူ့သားအိမ်ရာပြစ်မှားပြီးနောက် စစ်ပွဲတွင် သူ၏ခင်ပွန်းကိုကျဆုံးစေခဲ့၍ သူ့ကိုဇနီးအဖြစ် သိမ်းပိုက်ခဲ့၏။ (၂ ဓမ္မရာဇဝင် ၁၁:၁-၂၇) အလွန်ဝမ်းနည်းကြေကွဲစွာ နောင်တရ၍ ဒါဝိဒ်သည် ယေဟောဝါထံ ဤသို့အသနားခံခဲ့သည်– “သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။” သူသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို မဆုံးရှုံးခဲ့ပါ။ ယေဟောဝါသည် သနားကြင်နာသောအရှင်ဖြစ်သဖြင့် အပြစ်ကြောင့် “ကျိုးပဲ့သောစိတ်” ရှိသူကို ကိုယ်တော်ငြင်းပယ်လိမ့်မည်မဟုတ်ဟု သူယုံကြည်စိတ်ချခဲ့၏။ (ဆာလံ ၅၁:၁၁၊ ၁၇; ၁၀၃:၁၀-၁၄) သူတို့၏ယုံကြည်ခြင်းကြောင့် ဒါဝိဒ်နှင့် ဗေသရှေဘတို့သည် မေရှိယ၏မျိုးရိုးတွင် ပါဝင်ခွင့်ရသည့် ဆုကျေးဇူးကိုခံစားခဲ့ကြရသည်။—၁ ရာဇဝင်ချုပ် ၃:၅; မဿဲ ၁:၆၊ ၁၆; လုကာ ၃:၂၃၊ ၃၁။
အာမခံချက်ဖြင့် ခိုင်ခံ့လာသော ယုံကြည်ခြင်း
၁၄။ ဂိဒေါင်သည် အဘယ်အာမခံချက်များ ရရှိခဲ့သနည်း၊ ဤအဖြစ်အပျက်က ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့အကျိုးသက်ရောက်သနည်း။
၁၄ ယုံကြည်သည်အတိုင်း ကျင့်ဆောင်ပြုမူကြသော်လည်း တစ်ခါတစ်ရံ ဘုရားသခင့်အကူအညီရမရ အသေအချာသိလိုပေမည်။ “ယုံကြည်ခြင်းအားဖြင့် အခြားသောတိုင်းနိုင်ငံကိုအောင်” နိုင်ခဲ့သူတစ်ဦးဖြစ်သော တရားသူကြီးဂိဒေါင်၏အဖြစ်က ထိုသို့ဖြစ်ခဲ့သည်။ (ဟေဗြဲ ၁၁:၃၂၊ ၃၃) မိဒျန်ပြည်သားနှင့် ၎င်းတို့၏မဟာမိတ်နိုင်ငံများသည် ဣသရေလနိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာသောအခါ ဘုရားသခင့်ဝိညာဉ်တော်သည် ဂိဒေါင်အပေါ် သက်ရောက်ခဲ့သည်။ ယေဟောဝါသည် သူနှင့်အတူရှိမရှိ အသေအချာသိလို၍ သိုးတစ်ကောင်၏အမွေးကို တစ်ညလုံးတလင်း၌ထားပြီး စမ်းသပ်မှုများပြုလုပ်ခဲ့သည်။ ပထမစမ်းသပ်မှုတွင် မြေတစ်ပြင်လုံးသွေ့ခြောက်စဉ် သိုးမွေးသာ နှင်းစိုရွှဲနေသည်။ ဒုတိယစမ်းသပ်မှုတွင် အခြေအနေပြောင်းပြန်ဖြစ်ခဲ့သည်။ ဂိဒေါင်သည် ဤအာမခံချက်များကိုရပြီးနောက် ယုံကြည်ခြင်းနှင့်အညီ ပညာသတိရှိရှိလုပ်ဆောင်ခဲ့ရာ ဣသရေလလူတို့၏ရန်သူများကို အနိုင်ယူခဲ့သည်။ (တရားသူကြီး ၆:၃၃-၄၀; ၇:၁၉-၂၅) ဆုံးဖြတ်ချက်တစ်ခုချရသောအခါ အာမခံချက်ရလိုလျှင် ယုံကြည်ခြင်းကင်းမဲ့သည်ဟု မယူမှတ်သင့်ပေ။ ကျွန်ုပ်တို့သည် ဆုံးဖြတ်ချက်များချသောအခါ သမ္မာကျမ်းစာနှင့် ခရစ်ယာန်စာပေများရှာဖွေသုံးသပ်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုရဖို့ ဆုတောင်းခြင်းဖြင့် ယုံကြည်ခြင်းကို အမှန်တင်ပြကြသည်။—ရောမ ၈:၂၆၊ ၂၇။
၁၅။ ဗာရက်၏ယုံကြည်ခြင်းကို သုံးသပ်ခြင်းဖြင့် ကျွန်ုပ်တို့ အဘယ်အကူအညီရမည်နည်း။
၁၅ တရားသူကြီးဗာရက်သည် အားပေးမှုရသဖြင့် သူ၏ယုံကြည်ခြင်းခိုင်ခံ့လာသည်။ ခါနာန်ရှင်ဘုရင်ယာဘိန်၏ ညှဉ်းဆဲမှုကို ဣသရေလလူမျိုး မခံရတော့စေရန် အစပြုဆောင်ရွက်ဖို့ သူ့ကို ပရောဖက်မဒေဗောရက လှုံ့ဆော်ပေးခဲ့သည်။ ယုံကြည်ခြင်းရှိရုံမက ဘုရားသခင့်ထောက်ပံ့ကူညီမှုရမည်ဟု အသေအချာသိသဖြင့် ဗာရက်သည် လက်နက်အနည်းငယ်သာရှိသော လူ ၁၀,၀၀၀ နှင့် သိသရဦးစီးသည့် ယာဘိန်၏ သာ၍များသောစစ်တပ်ကို အနိုင်ရသည်အထိ တိုက်လေသည်။ ဒေဗောရနှင့် ဗာရက်တို့သည် ထိုအောင်ပွဲအကြောင်း ဝမ်းသာအားရ သီချင်းဆိုခဲ့ကြသည်။ (တရားသူကြီး ၄:၁–၅:၃၁) ဒေဗောရက ဗာရက်ကို ဣသရေလလူတို့၏ ဘုရားသခင့်ခန့်အပ်ခံခေါင်းဆောင်အဖြစ် အမှုဆောင်ရန်အားပေးခဲ့ရာ သူသည် ယေဟောဝါ၏ကျေးကျွန်တို့တွင် ယုံကြည်ခြင်းအားဖြင့် “တစ်ပါးအမျိုးသားတို့၏တပ်များကို ဖျက်ဆီးခြင်းအမှုများ” ပြုသူတစ်ဦးဖြစ်ခဲ့သည်။ (ဟေဗြဲ ၁၁:၃၃၊ ၃၄) ယေဟောဝါ၏လုပ်ငန်းတော်၌ စိန်ခေါ်ချက်ဖြစ်သောတာဝန်တစ်ခုကို ကျွန်ုပ်တို့ ကျေပွန်စွာထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ချီတုံချတုံဖြစ်နေမည်ဆိုလျှင် ယုံကြည်ခြင်းဖြင့် ဗာရက်ပြုမူဆောင်ရွက်သည့်အတွက် သူ့ကို ဘုရားသခင်မည်သို့ကောင်းချီးပေးခဲ့ကြောင်း သုံးသပ်ခြင်းက လှုံ့ဆော်မှုဖြစ်စေပေမည်။
ယုံကြည်ခြင်းက ငြိမ်သက်ခြင်းတိုးပွားစေ
၁၆။ လောတနှင့် အသင့်အတင့်ရှိရန် အဘယ်ကောင်းမွန်သောပုံသက်သေကို အာဗြဟံချမှတ်ပေးခဲ့သနည်း။
၁၆ ယုံကြည်ခြင်းက ဘုရားသခင်၏လုပ်ငန်းတော်တွင် ခက်ခဲသောတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်စေသကဲ့သို့ ငြိမ်သက်မှုနှင့် စိတ်တည်ငြိမ်မှုကိုလည်း ပြုစုပျိုးထောင်ပေးသည်။ သက်ကြီးရွယ်အို အာဗြဟံနှင့် သူ့ထက်အသက်ငယ်သူ တူလောတ၏နွားကျောင်းသားများသည် ခိုက်ရန်ဖြစ်ကြသဖြင့် လမ်းခွဲဖို့လိုအပ်လာသောအခါ လောတအား အကောင်းဆုံးစာကျက်မြေကို အာဗြဟံရွေးချယ်စေခဲ့သည်။ (ကမ္ဘာဦး ၁၃:၇-၁၂) ဤပြဿနာဖြေရှင်းနိုင်ဖို့ ဘုရားသခင်၏အကူအညီကို ယုံကြည်ခြင်းဖြင့် အာဗြဟံဆုတောင်းခဲ့ပေမည်။ မိမိ၏အကျိုးစီးပွားကို အာဗြဟံဦးစားထားမည့်အစား အရာရာကို ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့သည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်ညီအစ်ကိုချင်းနှင့် အငြင်းပွားခဲ့မည်ဆိုလျှင် အာဗြဟံ၏မေတ္တာပါသော ထောက်ထားစာနာမှုကို စိတ်ထဲစွဲမှတ်ကာ ယုံကြည်ခြင်းဖြင့် ဆုတောင်းပြီး ‘အသင့်အတင့်နေ’ ဖို့ကြိုးစားကြပါစို့။—၁ ပေတရု ၃:၁၀-၁၂။
၁၇။ ပေါလု၊ ဗာနဗနှင့် မာကုတို့စပ်ကြားပေါ်ပေါက်ခဲ့သည့် မသင့်မတင့်ဖြစ်မှုသည် ငြိမ်းချမ်းစွာပြေလည်သွားခဲ့ပုံရ၏ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၁၇ ယုံကြည်ခြင်းဖြင့် ခရစ်ယာန်မူများကို ကျင့်သုံးခြင်းက ငြိမ်သက်ခြင်းကို မည်သို့တိုးပွားစေနိုင်ကြောင်း သုံးသပ်ကြည့်ပါ။ ပေါလုသည် သူ၏ဒုတိယခရစ်ယာန်သာသနာပြုခရီးစဉ်ကို စတင်ခါနီးတွင် ဗာနဗက ကုပရုကျွန်းနှင့် အာရှမိုင်းနားရှိအသင်းတော်များထံသို့ သူတို့တစ်ဖန်ပြန်သွားကြရန်အစီအစဉ်ကို သဘောတူခဲ့သည်။ သို့သော် ဗာနဗက သူ၏ဝမ်းကွဲမာကုကို ခေါ်သွားလိုခဲ့သည်။ မာကုသည် ပံဖုလိပြည်၌ သူတို့ကို ချန်ထား၍ပြန်လာခဲ့သောကြောင့် ပေါလုက သဘောမတူခဲ့ချေ။ ထိုအခါ အငြင်းပွားပြီး “အချင်းချင်းမသင့်သဖြင့်” လမ်းခွဲဖို့အကြောင်းပေါ်လာသည်။ ထို့နောက် ဗာနဗသည် ကုပရုကျွန်းသို့ သူနှင့်အတူမာကုကို ခေါ်ဆောင်သွားခဲ့၏၊ ပေါလုမူကား အဖော်အဖက်အဖြစ် သိလကိုရွေး၍ “အသင်းတော်များကိုမြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကိုလျှောက်သွားလေ၏။” (တမန်တော် ၁၅:၃၆-၄၁) အတန်ကြာလေသော် စိတ်ပြေသွားခဲ့ပုံရှိသည်၊ အကြောင်းမူကား မာကုသည် ပေါလုနှင့်အတူ ရောမမြို့တွင်ရှိခဲ့ပြီး သူ့ကို တမန်တော်က ထောက်ခံ ပြောဆိုခဲ့ခြင်းကြောင့်ဖြစ်သည်။ (ကောလောသဲ ၄:၁၀; ဖိလေမုန် ၂၃၊ ၂၄) စီ.အီး. ၆၅ ခုနှစ်ခန့်တွင် ပေါလုသည် ရောမမြို့၌ အကျဉ်းကျခဲ့စဉ် တိမောသေအား သူဤသို့ပြောခဲ့သည်– “မာကုကိုသင်နှင့်အတူခေါ်ခဲ့လော့။ အကြောင်းမူကား သူသည်အမှုတော်ဆောင်ရွက်ရန် ငါ့မှာအလွန်အသုံးဝင်၏။” (၂ တိမောသေ ၄:၁၁၊ သမ္မာ) ပေါလုသည် ဗာနဗ၊ မာကုတို့နှင့်ပတ်သက်၍ သူ၏ဆက်ဆံရေးကို သူ၏ယုံကြည်ခြင်းဆုတောင်းချက်များတွင် ထည့်ဆုတောင်းခဲ့ပုံရ၏၊ ယင်းကြောင့်လည်း “ဘုရားသခင်၏ငြိမ်သက်ခြင်း” နှင့်ဆက်စပ်သည့် စိတ်တည်ငြိမ်မှုကို ရရှိခဲ့ပေမည်။—ဖိလိပ္ပိ ၄:၆၊ ၇။
၁၈။ ဧဝေါဒိနှင့် သုန္တုတ်တို့၏ကိစ္စတွင် အဘယ်အရာဖြစ်ပျက်ခဲ့ပုံရှိသနည်း။
၁၈ ကျွန်ုပ်တို့သည် မစုံလင်ကြသဖြင့် “များသောအားဖြင့် မှားတတ်ကြ၏။” (ယာကုပ် ၃:၂) ခရစ်ယာန်အမျိုးသမီးနှစ်ဦးလည်း စိတ်ဝမ်းကွဲခဲ့သည်၊ သူတို့အကြောင်း ပေါလုဤသို့ရေးသားခဲ့၏– “ဧဝေါဒိနှင့်သုန္တုတ်တို့သည် သခင်ဘုရား၌ သဘောတညီတညွတ်တည်းဖြစ်ရကြမည်အကြောင်းကို ငါတောင်းပန်သွေးဆောင်ပါ၏။ . . . ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ကူညီ၍ ကြိုးစားအားထုတ်သောမိန်းမတို့ကို မစထောက်ပံ့ပါလော့။” (ဖိလိပ္ပိ ၄:၁-၃) ဘုရားသခင်ကိုကြောက်ရွံ့သော ဤအမျိုးသမီးများသည် မဿဲ ၅:၂၃၊ ၂၄ ပါ ဆုံးမစကားအတိုင်း သူတို့၏ပြဿနာကို ဖြေရှင်းခဲ့ပေမည်။ ယုံကြည်ခြင်းဖြင့် ကျမ်းစာမူများကိုလိုက်လျှောက်ကျင့်သုံးခြင်းက ယနေ့တွင် ငြိမ်သက်ခြင်းကို တိုးပွားစေပါလိမ့်မည်။
ယုံကြည်ခြင်းက ကျွန်ုပ်တို့အား ခံနိုင်ရည်ရှိစေ
၁၉။ အဘယ်ခံရခက်သောအခြေအနေက ဣဇာက်နှင့် ရေဗက္ကတို့၏ယုံကြည်ခြင်းကို ပျက်စီးမသွားစေခဲ့သနည်း။
၁၉ ယုံကြည်ခြင်းဖြင့် ခက်ခဲကျပ်တည်းမှုကိုလည်း ကျွန်ုပ်တို့ခံရပ်နိုင်ကြသည်။ ကျွန်ုပ်တို့၏မိသားစုမှ နှစ်ခြင်းခံပြီးသူ တစ်ဦးတစ်ယောက်သည် မယုံကြည်သူနှင့်ထိမ်းမြားခြင်းဖြင့် ဘုရားသခင့်စကားနားမထောင်ခဲ့သောကြောင့် စိတ်မကောင်းဖြစ်နေပေမည်။ (၁ ကောရိန္သု ၇:၃၉) ဣဇာက်နှင့် ရေဗက္ကတို့၏သား ဧသောသည် ဘုရားတရားမဲ့သောအမျိုးသမီးများကို လက်ထပ်လိုက်သောကြောင့် သူတို့စိတ်သောကရောက်ခဲ့ကြရသည်။ သူ၏ဟိတ္တိဇနီးများကြောင့် “စိတ်နှလုံးပူပန်စရာအကြောင်း” အလွန်ဖြစ်သဖြင့် ရေဗက္ကက ဤသို့ပြောဆိုခဲ့သည်– “ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်း။” (ကမ္ဘာဦး ၂၆:၃၄၊ ၃၅; ၂၇:၄၆) သို့တိုင် ဤခံရခက်သောအခြေအနေက ဣဇာက်နှင့် ရေဗက္ကတို့၏ယုံကြည်ခြင်းကို ပျက်စီးမသွားစေခဲ့ပါ။ ထိုနည်းတူ ခက်ခဲသောအခြေအနေများသည် ကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာမည်ဆိုလျှင် ခိုင်ခံ့သောယုံကြည်ခြင်းကို ထိန်းသိမ်းထားနိုင်ကြပါစေ။
၂၀။ ရုသနှင့် နောမိတို့မှ ယုံကြည်ခြင်းဆိုင်ရာ အဘယ်ပုံသက်သေများကို ကျွန်ုပ်တို့ရရှိကြသနည်း။
၂၀ အိုမင်းနေသော မုဆိုးမနောမိသည် ဂျူးတစ်ဦးဖြစ်ပြီး မေရှိယ၏ဘိုးဘေးများဖြစ်လာမည့်သားများကို ဂျူးအမျိုးသမီးအချို့ ကိုယ်ဝန်ဆောင်မည်အကြောင်း သိထား၏။ သို့သော် သူ၏သားများသည် ကလေးမရှိဘဲ သေဆုံးသွားခဲ့ကြသည့်အပြင် သူကိုယ်တိုင်လည်း ကလေးမရနိုင်တော့သဖြင့် သူ၏မိသားစုမှ မေရှိယမျိုးရိုးစဉ်ဆက် ဆင်းသက်လာဖို့ ဖြစ်နိုင်ခြေလုံးဝမရှိချေ။ မည်သို့ပင်ဖြစ်စေ မုဆိုးမဖြစ်သော သူ၏ချွေးမရုသသည် သက်ကြီးရွယ်အိုဗောဇ၏ဇနီးဖြစ်လာပြီး သားယောက်ျားကိုဖွားမြင်ခဲ့ရာ မေရှိယဖြစ်သော ယေရှု၏ဘေးမဖြစ်လာလေသတည်း! (ကမ္ဘာဦး ၄၉:၁၀၊ ၃၃; ရုသ ၁:၃-၅; ၄:၁၃-၂၂; မဿဲ ၁:၁၊ ၅) နောမိနှင့် ရုသတို့၏ယုံကြည်ခြင်းက အခက်အခဲအမျိုးမျိုးကို ခံရပ်နိုင်စေခဲ့ပြီး နောက်ဆုံးတွင် ရွှင်လန်းမှုရရှိစေခဲ့သည်။ ကျွန်ုပ်တို့လည်း အတိဆင်းရဲရောက်ချိန်တွင် ယုံကြည်ခြင်းကို ထိန်းသိမ်းထားမည်ဆိုလျှင် ကြီးစွာသောရွှင်လန်းမှုရရှိကြပါလိမ့်မည်။
၂၁။ ယုံကြည်ခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အရာပြုလုပ်ပေးသနည်း၊ ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကား မည်သို့ဖြစ်သင့်သနည်း။
၂၁ တစ်နေ့ပြီးတစ်နေ့ မည်သို့ဖြစ်လာမည်ကို ကျွန်ုပ်တို့တစ်ယောက်မျှ မပြောနိုင်ကြသော်လည်း ယုံကြည်ခြင်းအားဖြင့် မည်သည့်စိန်ခေါ်ချက်ကိုမဆို ရင်ဆိုင်ဖြေရှင်းနိုင်ကြမည်။ ယုံကြည်ခြင်းက ရဲစွမ်းသတ္တိရှိစေ၏၊ စိတ်ရှည်စေသည်။ မြင့်မားသောပန်းတိုင်များရှိစေ၍ အကျိုးဖြစ်ထွန်းသောအသက်တာကို ရရှိစေသည်။ ယုံကြည်ခြင်းက အခြားသူတို့နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် အပြုသဘောရှိစေ၍ အခက်အခဲများကို ခံရပ်စေသည်။ သို့ဖြစ်၍ “စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူ” များဖြစ်နိုင်ကြပါလေစေ။ (ဟေဗြဲ ၁၀:၃၉) ကျွန်ုပ်တို့၏မေတ္တာရှင် ဘုရားသခင်ယေဟောဝါ၏ အစွမ်းခွန်အားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ဘုန်းတော် ထင်ရှားစေဖို့လည်းကောင်း ခိုင်ခံ့သောယုံကြည်ခြင်းကို ဆက်လက်တင်ပြကြပါစို့။
သင်မည်သို့ဖြေဆိုမည်နည်း
• ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို ရဲစွမ်းသတ္တိရှိစေနိုင်ကြောင်း အဘယ်ကျမ်းစာအထောက်အထားရှိသနည်း။
• ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ကို အကျိုးဖြစ်ထွန်းသောအသက်တာရရှိစေ၏ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
• ယုံကြည်ခြင်းသည် ငြိမ်သက်ခြင်းကို မည်သို့တိုးပွားစေသနည်း။
• ယုံကြည်ခြင်းသည် ခက်ခဲကျပ်တည်းမှုကို ခံရပ်စေနိုင်ကြောင်း အဘယ်အထောက်အထားရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယုံကြည်ခြင်းက နောဧနှင့် ဧနောက်တို့အား ယေဟောဝါ၏သတင်းစကားများကို ကြွေးကြော်ရန် ရဲစွမ်းသတ္တိပေးခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
မောရှေကဲ့သို့သောယုံကြည်ခြင်းက ဝိညာဉ်ရေးပန်းတိုင်များထားရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေး
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဘုရားသခင့်အကူအညီရမည်ကို စိတ်ချခြင်းက ဗာရက်၊ ဒေဗောရနှင့် ဂိဒေါင်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့