သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
‘ဘုရားသခင့်နိုင်ငံတော်တည်လုနီးပြီ။ နောင်တရ၍ သတင်းကောင်းကို ယုံကြည်ကြလော့။’ —မာကု ၁:၁၄၊ ၁၅၊ သတင်းကောင်း။
၁၊ ၂။ မာကု ၁:၁၄၊ ၁၅ ကို သင်မည်သို့ရှင်းပြမည်နည်း။
စီ.အီး. ၃၀ ပြည့်နှစ်တွင်ဖြစ်သည်။ ယေရှုခရစ်သည် ကိုယ်တော်၏ကြီးစွာသောဓမ္မအမှုကို ဂါလိလဲဒေသ၌ စတင်ခါစရှိ၏။ ကိုယ်တော်သည် ‘ဘုရားသခင်၏သတင်းကောင်း’ ကိုဟောပြော၍ “ချိန်းချက်တော်မူရာအချိန်ကျပြီ။ ထာဝရဘုရား၏နိုင်ငံတော် တည်လုနီးပြီ။ နောင်တရ၍ သတင်းကောင်းကို ခံယူယုံကြည်ကြလော့” ဟုကြေညာလိုက်ရာ ဂါလိလဲနယ်သားများစွာ လှုံ့ဆော်ခံခဲ့ရသည်။—မာကု ၁:၁၄၊ ၁၅၊ သတင်းကောင်း။
၂ ယေရှုသည် မိမိ၏ဓမ္မအမှုကိုစတင်ဖို့အတွက် “ချိန်းချက်တော်မူရာအချိန်” ကျရောက်လာပြီဖြစ်၍ ဘုရားသခင့်မျက်နှာသာတော်ရရှိရန် လူတို့ဆုံးဖြတ်ချက်ချရတော့မည့်အချိန် တန်လေပြီဖြစ်သည်။ (လုကာ ၁၂:၅၄-၅၆) မင်းလောင်းမင်းလျာအဖြစ် ယေရှုရောက်ရှိနေပြီဖြစ်ရာ “ဘုရားသခင့်နိုင်ငံတော်တည်လုနီး” ပြီဖြစ်သည်။ ကိုယ်တော်ဟောပြောခဲ့သောတရားသည် စိတ်နှလုံးရိုးဖြောင့်သူတို့ကို နောင်တရစေခဲ့၏။ သို့သော် သူတို့အပြင် ကျွန်ုပ်တို့ပါ ‘သတင်းကောင်းကို ယုံကြည်’ ကြောင်း မည်သို့ဖော်ပြသနည်း။
၃။ သတင်းကောင်းကို ယုံကြည်ကြောင်းဖော်ပြရန် လူတို့အဘယ်အမှုကိုပြုလုပ်ခြင်းဖြင့်ပြကြသနည်း။
၃ ယေရှုနည်းတူ တမန်တော်ပေတရုသည် နောင်တယူကြရန် လူတို့ကိုတိုက်တွန်းခဲ့သည်။ စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်မြို့ရှိ ဂျူးတို့ကို ပေတရု ဤသို့ပြောခဲ့သည်– “သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှာ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။” လူပေါင်းထောင်နှင့်ချီ နောင်တယူခဲ့ကြပြီး နှစ်ခြင်းခံ၍ ယေရှု၏နောက်လိုက်များဖြစ်လာကြသည်။ (တမန်တော် ၂:၃၈၊ ၄၁; ၄:၄) စီ.အီး. ၃၆ ခုနှစ်တွင် နောင်တယူသော တစ်ပါးအမျိုးသားတို့သည် ထပ်တူပြုမူခဲ့ကြသည်။ (တမန်တော် ၁၀:၁-၄၈) ကျွန်ုပ်တို့ခေတ်တွင်လည်း သတင်းကောင်းကို ယုံကြည်ကြသောကြောင့် ထောင်နှင့်ချီသောသူတို့သည် နောင်တယူနေကြပြီး မိမိတို့ကိုယ်ကို ဘုရားသခင်ထံ အပ်နှံ၍ နှစ်ခြင်းယူဖို့ လှုံ့ဆော်ခံနေကြရသည်။ သူတို့သည် ကယ်တင်ခြင်းသတင်းကောင်းကိုလက်ခံ၍ ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်အားထားကြောင်း တင်ပြနေကြသည်။ ထိုထက်ကား သူတို့သည် ဖြောင့်မတ်စွာကျင့်ကြံပြုမူ၍ ဘုရားသခင့်နိုင်ငံတော်ဘက်၌ ရပ်တည်နေကြသည်။
၄။ ယုံကြည်ခြင်းကား အဘယ်နည်း။
၄ သို့သော် ယုံကြည်ခြင်းကား အဘယ်နည်း။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။” (ဟေဗြဲ ၁၁:၁) ကျွန်ုပ်တို့၏ယုံကြည်ခြင်းက သမ္မာကျမ်းစာတွင်ပါရှိသော ဘုရားသခင့်ကတိတော်မှန်သမျှ ပြီးပြည့်စုံသည့်အလား ကျွန်ုပ်တို့အားစိတ်ချစေသည်။ ယင်းက တစ်စုံတစ်ရာကို ကျွန်ုပ်တို့ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းရရှိထားဘိသကဲ့သို့ဖြစ်သည်။ ယုံကြည်ခြင်းသည် မမြင်ရသေးသောအရာများကို “သိမှတ်စွဲလမ်းခြင်း” သို့မဟုတ် ယုံကြည်စိတ်ချကြောင်း သက်သေထူခြင်းလည်းဖြစ်သည်။ မမြင်ရသေးသော်လည်း ၎င်းတို့သည် အမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ထိုးထွင်းသိမြင်စိတ်နှင့် လေးမြတ်တန်ဖိုးထားသောနှလုံးက ယုံကြည်စိတ်ချစေသည်။—၂ ကောရိန္သု ၅:၇; ဧဖက် ၁:၁၈။
ယုံကြည်ခြင်းရှိဖို့လို!
၅။ ယုံကြည်ခြင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
၅ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးလိုအပ်ချက်နှင့် မွေးဖွားလာသည်၊ သို့သော် ယုံကြည်ခြင်းမူ ထိုသို့မဟုတ်ချေ။ အမှန်မှာ “လူတိုင်း ယုံကြည်ခြင်းရှိသည်မဟုတ်။” (၂ သက်သာလောနိတ် ၃:၂၊ သမ္မာ) သို့သော် ဘုရားသခင်၏ကတိတော်များကို အမွေခံရန် ခရစ်ယာန်တို့၌ ယုံကြည်ခြင်းရှိရမည်။ (ဟေဗြဲ ၆:၁၂) ယုံကြည်ခြင်းရှိသူများစွာတို့၏အကြောင်းကို ကိုးကားဖော်ပြပြီးနောက် ပေါလုဤသို့ရေးသားခဲ့သည်– “ထိုကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်းတို့သည် ငါတို့ကိုဝိုင်းရံလျက် ရှိကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။” (ဟေဗြဲ ၁၂:၁၊ ၂) ဤ “နှောင့်ယှက်တတ်သောဒုစရိုက်” ကားအဘယ်နည်း။ ယင်းသည် ယုံကြည်ခြင်းကင်းမဲ့ခြင်း၊ တစ်ချိန်ကရှိခဲ့ဖူးသော ယုံကြည်ခြင်း ဆုံးရှုံးသွားခြင်းပင်ဖြစ်၏။ ခိုင်ခံ့သောယုံကြည်ခြင်းကို ဆက်ထိန်းထားရန် ကျွန်ုပ်တို့သည် “ယေရှုကို စေ့စေ့ထောက်ရှု” ၍ ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်ရမည်ဖြစ်သည်။ အကျင့်ယိုယွင်းမှုကို ကျွန်ုပ်တို့ငြင်းပယ်ပြီး ဇာတိပကတိအကျင့်တို့ကိုတွန်းလှန်၍ ရုပ်ပစ္စည်းတပ်မက်မှု၊ လောကအတွေးအခေါ်များနှင့် ကျမ်းစာနှင့်မညီသောထုံးတမ်းစဉ်လာများကို ရှောင်ကြဉ်ရန်လည်းလိုသည်။ (ဂလာတိ ၅:၁၉-၂၁; ကောလောသဲ ၂:၈; ၁ တိမောသေ ၆:၉၊ ၁၀; ယုဒ ၃၊ ၄) ထိုမျှမက ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူကြောင်းနှင့် သမ္မာကျမ်းစာပါ သွန်သင်ဆုံးမချက်သည် အမှန်အကျိုးရှိကြောင်း ယုံကြည်စိတ်ချရမည်။
၆၊ ၇။ ယုံကြည်ခြင်းအတွက် ဆုတောင်းရန် အဘယ်ကြောင့်သင့်လျော်သနည်း။
၆ ကျွန်ုပ်တို့၏စိတ်ဆန္ဒစွမ်းအားဖြင့် မိမိတို့အတွင်း၌ ယုံကြည်ခြင်းရှိစေနိုင်မည်မဟုတ်ပါ။ ယုံကြည်ခြင်းသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အသီး သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ) ထိုကြောင့် ကျွန်ုပ်တို၏ယုံကြည်ခြင်းကို ခိုင်ခံ့စေဖို့လိုအပ်နေလျှင် အသို့နည်း။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် . . . ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။” (လုကာ ၁၁:၁၃) မှန်ပါသည်၊ သန့်ရှင်းသောဝိညာဉ်တော် ရဖို့ဆုတောင်းကြစို့၊ အကြောင်းမူကား ၎င်းသည် ခံရအခက်ဆုံးအခြေအနေများ၌ပင် ဘုရားသခင့်အလိုတော်ဆောင်ရွက်ရန် လိုအပ်သောယုံကြည်ခြင်း ရှိစေနိုင်၏။—ဧဖက် ၃:၂၀။
၇ ယုံကြည်ခြင်းသာ၍ရှိရန် ဆုတောင်းခြင်းသည် သင့်လျော်ပေ၏။ ယေရှုသည် လုလင်ပျိုတစ်ဦးထံမှ နတ်ဆိုးနှင်ထုတ်လုချိန်တွင် ထိုလူငယ်၏ဖခင်က ဤသို့အသနားခံခဲ့သည်– “အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကိုမစတော်မူပါ။” (မာကု ၉:၂၄) ယေရှု၏တပည့်များက “အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါ” ဟုပြောခဲ့သည်။ (လုကာ ၁၇:၅) ထို့ကြောင့် ယုံကြည်ခြင်းအတွက် ဆုတောင်းကြစို့၊ ထိုသို့သောဆုတောင်းချက်တို့ကို ဘုရားသခင် ဖြေကြားတော်မူမည်ဟု ယုံကြည်စိတ်ချပါ။—၁ ယောဟန် ၅:၁၄။
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ယုံကြည်ခြင်း အရေးကြီး
၈။ ဘုရားသခင့်စကားတော်ကို ယုံကြည်ခြင်းက မည်သို့ကူညီပေးနိုင်သနည်း။
၈ ယေရှုသည် ပူဇော်ရာယဇ်အဖြစ် မသေမီ မိမိ၏နောက်လိုက်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။” (ယောဟန် ၁၄:၁) ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏သားတော်ကို ယုံကြည်ကြသည်။ သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုကော။ ၎င်းသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးသွန်သင်ချက်ဖြစ်၍ လမ်းညွှန်ပေးသည်ဟု ယုံကြည်စိတ်ချစွာ လေ့လာပြီး ကျင့်သုံးကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ကောင်းကျိုးများစွာပြုနိုင်သည်။—ဟေဗြဲ ၄:၁၂။
၉၊ ၁၀။ ယာကုပ် ၁:၅-၈ တွင် ယုံကြည်ခြင်းအကြောင်း ဖော်ပြထားသည့်အချက်ကို သင်မည်သို့ရှင်းပြမည်နည်း။
၉ မစုံလင်သူလူသားများအဖြစ် ကျွန်ုပ်တို့၏ ဘဝအသက်တာတွင် ပြဿနာများစွာရှိသည်။ သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ယုံကြည်ခြင်းက ကျွန်ုပ်တို့ကို အမှန်တကယ်ပင် ကူညီပေးနိုင်သည်။ (ယောဘ ၁၄:၁) ဥပမာ၊ စမ်းသပ်မှုတစ်စုံတစ်ခုကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ကျွန်ုပ်တို့မသိဟုဆိုကြပါစို့။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့အကြံပြုသည်– “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင်ရလိမ့်မည်။ သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏လက်တော်မှ တစ်စုံတစ်ခုကိုရမည်ဟု မထင်မမှတ်စေနှင့်။”—ယာကုပ် ၁:၅-၈။
၁၀ ပညာလိုသဖြင့် တောင်းလျှောက်ခြင်းကို ယေဟောဝါ အပြစ်တင်မည်မဟုတ်ချေ။ ထိုသို့ပြုမည့်အစား အဆိုပါစမ်းသပ်မှုကို လျောက်ပတ်စွာရှုမြင်တတ်ရန် ကိုယ်တော်ကူညီပေးပါလိမ့်မည်။ ယုံကြည်သူချင်းတို့အားဖြင့်လည်းကောင်း၊ သမ္မာကျမ်းစာကို လေ့လာစဉ်၌လည်းကောင်း အကူအညီဖြစ်စေသောကျမ်းချက်များကို ကျွန်ုပ်တို့အာရုံစိုက်မိပေလိမ့်မည်။ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်လမ်းပြမှုကို ကျွန်ုပ်တို့ရရှိပေမည်။ ကျွန်ုပ်တို့သည် ‘တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်ဆက်တောင်းမည်’ ဆိုလျှင် ကောင်းကင်ခမည်းတော်သည် စမ်းသပ်မှုများကို ကျွန်ုပ်တို့ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သောဉာဏ်ပညာကို ပေးသနားတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူမည်ဆိုလျှင် ဘုရားသခင့်ထံတော်မှ အဘယ်အရာကိုမျှရဖို့ မျှော်လင့်နိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ဆုတောင်းခြင်း သို့မဟုတ် အခြားနည်းလမ်းတို့တွင် စိတ်နှစ်ခွရှိကာ ပုံမှန်မဟုတ်သူများဖြစ်ခြင်းကိုဆိုလိုပြီး ယုံကြည်ခြင်း၌လည်း အလားတူပင်ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ၎င်း၏လမ်းညွှန်မှုကို ယုံကြည်စိတ်ချရန်လိုသည်။ ၎င်းမှကူညီပေးပုံနှင့် လမ်းညွှန်ပေးပုံအချို့ကို သုံးသပ်ကြည့်ကြပါစို့။
ယုံကြည်ခြင်းနှင့် အသက်မွေးလောက်သောအစာ
၁၁။ ဘုရားသခင့်စကားတော်ကို ယုံကြည်ခြင်းက ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာများနှင့်ပတ်သက်၍ အဘယ်အရာကို စိတ်ချစေသနည်း။
၁၁ ယခု ကျွန်ုပ်တို့သည် စားဝတ်နေရေးကျပ်တည်းမှု သို့မဟုတ် ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်နေရလျှင်ကော မည်သို့နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ယုံကြည်ခြင်းက ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာများကို ယေဟောဝါပေးသနားမည်ဖြစ်ပြီး နောက်ဆုံး၌ ကိုယ်တော်အား ချစ်မြတ်နိုးသူအပေါင်းကို အလျှံပယ်ကျွေးမွေးမည်ဖြစ်ကြောင်း စိတ်ချစွာမျှော်လင့်နိုင်ပေသည်။ (ဆာလံ ၇၂:၁၆; လုကာ ၁၁:၂၊ ၃) ယေဟောဝါသည် ငတ်မွတ်ခေါင်းပါးချိန်အတွင်း ပရောဖက်ဧလိယကို မည်သို့ကျွေးမွေးခဲ့ကြောင်း ဆင်ခြင်ကြည့်ခြင်းမှ အားပေးမှုရပေမည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် အမျိုးသမီးတစ်ဦး၊ သူ၏သားနှင့် ဧလိယကိုပါ အသက်ဆက်ရှင်စေရန် ဂျုံနှင့် ဆီကို အံ့ဖွယ်နည်းဖြင့်ပေးခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၇:၂-၁၆) ယေရုရှလင်မြို့ကို ဗာဗုလုန်တို့ ဝိုင်းရံထားစဉ်ကာလအတွင်းလည်း ပရောဖက်ယေရမိကို ယေဟောဝါ အလားတူကူညီပေးခဲ့သည်။ (ယေရမိ ၃၇:၂၁) ယေရမိနှင့် ဧလိယတို့သည် အနည်းငယ်သာစားကြရသော်လည်း သူတို့ကို ယေဟောဝါ ဂရုစိုက်ကြည့်ရှုတော်မူခဲ့၏။ ယနေ့ ကိုယ်တော်အား ယုံကြည်သူတို့ကိုလည်း ထိုနည်းထပ်တူ ကိုယ်တော်ပြုတော်မူသည်။—မဿဲ ၆:၁၁၊ ၂၅-၃၄။
၁၂။ ယုံကြည်ခြင်းက စားစရာ မည်သို့ရှိစေမည်နည်း။
၁၂ ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းနှင့်အတူ ယုံကြည်ခြင်းရှိခြင်းက ကျွန်ုပ်တို့အား ကြွယ်ဝချမ်းသာစေမည်မဟုတ်သော်လည်း စားစရာရှိစေပေလိမ့်မည်။ ဥပမာပေးရလျှင် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ရိုးသားရန်၊ အစွမ်းအစရှိ၍ အလုပ်ကြိုးစားသူများဖြစ်ကြရန် ညွှန်ကြားပါသည်။ (သု. ၂၂:၂၉; ဒေ. ၅:၁၈၊ ၁၉; ၂ ကောရိန္သု ၈:၂၁) အလုပ်ကြိုးစားလုပ်သူတစ်ဦးအဖြစ် နာမည်ကောင်းရထားခြင်း၏တန်ဖိုးကို ကျွန်ုပ်တို့လျှော့မတွက်သင့်ချေ။ လခကောင်းသောအလုပ် ရှားပါးသည့်နေရာများ၌ပင် ရိုးသား၍၊ အလုပ်ကျွမ်းကျင်ပြီး လုံ့လဝီရိယရှိရှိ အလုပ်လုပ်သူများသည် အခြားသူတို့ထက် အခွင့်အရေးသာ၍ရှိသည်။ ထိုသို့အလုပ်လုပ်သူများ၌ ပစ္စည်းများစွာမရှိသော်လည်း သူတို့မှာ များသောအားဖြင့် အခြေခံလိုအပ်ရာများနှင့် မိမိတို့လုပ်စာနှင့်စားနိုင်သည့် ရောင့်ရဲကျေနပ်မှုရှိကြ၏။—၂ သက်သာလောနိတ် ၃:၁၁၊ ၁၂။
ယုံကြည်ခြင်းက ဝမ်းနည်းကြေကွဲမှုကို ခံရပ်နိုင်စေ
၁၃၊ ၁၄။ ယုံကြည်ခြင်းက ဝမ်းနည်းပူဆွေးမှုကို မည်သို့ခံရပ်စေသနည်း။
၁၃ မိမိချစ်ရသူတစ်ဦး သေဆုံးသွားသောအခါ ဝမ်းနည်းကြေကွဲမည်မှာ သဘာဝပင်ဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က လက်တွေ့ကျကျဖော်ပြသည်။ သစ္စာရှိဘိုးဘေး အာဗြဟံသည် ချစ်မြတ်နိုးလှသောဇနီး စာရာသေဆုံးသွားသောအခါ ညည်းတွားငိုကြွေးခဲ့၏။ (ကမ္ဘာဦး ၂၃:၂) သားအဗရှလုံသေဆုံးကြောင်း ဒါဝိဒ်ကြားသိသောအခါ ဝမ်းနည်းပူဆွေးခဲ့၏။ (၂ ဓမ္မရာဇဝင် ၁၈:၃၃) စုံလင်သောလူသား ယေရှုပင်လျှင် အဆွေလာဇရု သေဆုံးသောအခါ ငိုကြွေးခဲ့သည်။ (ယောဟန် ၁၁:၃၅၊ ၃၆) မိမိချစ်ရသူတစ်ဦး သေဆုံးသွားသောအခါ ယူကျုံးမရဝမ်းနည်းကြေကွဲပေမည်၊ သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်ပါ ကတိတော်များကို ယုံကြည်ခြင်းက ထိုသို့သောဝမ်းနည်းကြေကွဲမှုကို ခံရပ်စေနိုင်သည်။
၁၄ ပေါလုက ‘ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ အကျွန်ုပ်သည် ဘုရားသခင်ကိုမျှော်လင့်ပါ၏’ ဟုရေးသားခဲ့သည်။ (တမန်တော် ၂၄:၁၅) လူမြောက်မြားစွာကို အသက်ပြန်ရှင်စေရန် ဘုရားသခင်စီစဉ်ထားကြောင်း ယုံကြည်ဖို့လိုသည်။ (ယောဟန် ၅:၂၈၊ ၂၉) သူတို့ထဲတွင် ယခု သေခြင်း၌အိပ်ပျော်နေ၍ ဘုရားသခင်၏ကမ္ဘာသစ်တွင် ပြန်ရှင်ထမြောက်လာဖို့ စောင့်မျှော်နေကြသူ အာဗြဟံနှင့် စာရာ၊ ဣဇာက်နှင့် ရေဗက္ကာ၊ ယာကုပ်နှင့် လေအာအပြင် လူသားအားလုံးပါဝင်ပေလိမ့်မည်။ (ကမ္ဘာဦး ၄၉:၂၉-၃၂) မိမိချစ်မြတ်နိုးရသူတို့သည် ဤကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ရန် သေခြင်း၌အိပ်ပျော်ခြင်းမှ နိုးထလာကြသောအခါ ဝမ်းမြောက်လိုက်ကြမည်ဖြစ်ခြင်း! (ဗျာ. ၂၀:၁၁-၁၅) ဤအချိန်အတောအတွင်း ယုံကြည်ခြင်းသည် ဝမ်းနည်းကြေကွဲမှုရှိရှိသမျှကို ဖယ်ရှားပေးမည်မဟုတ်သော်လည်း ဆုံးပါးမှုကို ခံရပ်နိုင်စေသည့်အရှင် ဘုရားသခင်နှင့် တရင်းတနှီးကျွမ်းဝင်နေစေပေလိမ့်မည်။—ဆာလံ ၁၂၁:၁-၃; ၂ ကောရိန္သု ၁:၃။
ယုံကြည်ခြင်းက စိတ်ဓာတ်ကျဆင်းသူတို့ကို ခံနိုင်ရည်ရှိစေ
၁၅၊ ၁၆။ (က) ယုံကြည်ခြင်းရှိသူတို့ စိတ်ဓာတ်ကျဆင်းကြခြင်းမှာ အသစ်အဆန်းမဟုတ်ကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) စိတ်ဓာတ်ကျဆင်းမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်သနည်း။
၁၅ ယုံကြည်ခြင်းရှိသူများပင် စိတ်ဓာတ်ကျနိုင်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က ဖော်ပြသည်။ ယောဘသည် အပြင်းအထန်စမ်းသပ်ခံရစဉ် မိမိကို ဘုရားသခင်စွန့်ပစ်ပြီဟု ခံစားမိခဲ့သည်။ (ယောဘ ၂၉:၂-၅) ယေရုရှလင်မြို့နှင့် မြို့ရိုးများ ပျက်စီးပြိုလဲနေသောကြောင့် နေဟမိစိတ်ညှိုးငယ်ခဲ့သည်။ (နေဟမိ ၂:၁-၃) ယေရှုအား ငြင်းပယ်ပြီးနောက် ပေတရုသည် အလွန်ယူကျုံးမရဖြစ်ခဲ့ရာ “ပြင်းစွာငိုကြွေးလေ၏။” (လုကာ ၂၂:၆၂) ထို့ပြင် ပေါလုက “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟု သက်သာလောနိတ်အသင်းတော်ရှိ ယုံကြည်သူချင်းတို့ကို တိုက်တွန်းခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၄) သို့ဖြစ်၍ ယနေ့ ယုံကြည်ခြင်းရှိသူတို့ စိတ်ဓာတ်ကျဆင်းခြင်းမှာ အထူးအဆန်းမဟုတ်ပေ။ ထိုသို့ဆိုလျှင် စိတ်ဓာတ်ကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
၁၆ ကြီးလေးသောပြဿနာအမျိုးမျိုးကို ရင်ဆိုင်နေရသောကြောင့် ကျွန်ုပ်တို့ စိတ်ဓာတ်ကျနေပေမည်။ ထိုပြဿနာအားလုံးကို ကြီးမားသောအခက်အခဲတစ်ခုအဖြစ် မရှုမြင်ဘဲ ကျမ်းစာမူများကို ကျင့်သုံးခြင်းအားဖြင့် တစ်ခုချင်းစီကို ဖြေရှင်းနိုင်ပေမည်။ ဤသို့ပြုခြင်းက ကျွန်ုပ်တို့၏စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေပေလိမ့်မည်။ လုပ်ကိုင်စရာလုပ်ငန်းများကို အညီအမျှအလေးထားပြုလုပ်ခြင်းနှင့် အနားယူချိန်အလုံအလောက်ရှိခြင်းတို့က အကူအညီဖြစ်ပေသည်။ သေချာသည်မှာ ဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်မြွက်စကားကို ယုံကြည်ခြင်းသည် ဝိညာဉ်ရေးကောင်းလာစေ၏၊ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်တို့ကို အမှန်တကယ်ဂရုစိုက်ကြောင်း အခိုင်အမာယုံကြည်စိတ်ချစေသည်။
၁၇။ ကျွန်ုပ်တို့ကို ယေဟောဝါဂရုစိုက်တော်မူကြောင်း မည်သို့သိရသနည်း။
၁၇ နှစ်သိမ့်မှုပေးသော ဤအာမခံချက်ကို ကျွန်ုပ်တို့အား ပေတရုပေးထားသည်– “ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။” (၁ ပေတရု ၅:၆၊ ၇) ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “ထာဝရဘုရားသည် လဲသောသူရှိသမျှတို့ကို ထောက်မတော်မူ၏။ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။” (ဆာလံ ၁၄၅:၁၃၊ ၁၄) ဤအာမခံချက်များကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်၏၊ အကြောင်းမှာ ၎င်းတို့ကို ဘုရားသခင်နှုတ်မြွက်စကားတော်၌ ဖတ်ရှုရသောကြောင့်ဖြစ်သည်။ စိတ်ဓာတ်ကျနေစဉ်ပင် ကျွန်ုပ်တို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်ထံ၌ ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုအားလုံးကို ပုံအပ်ထားနိုင်ကြောင်း သိရှိရခြင်းကား မည်မျှအားရှိစရာပါတကား!
ယုံကြည်ခြင်းနှင့် အခြားစမ်းသပ်မှုများ
၁၈၊ ၁၉။ ဖျားနာသည့်အခါ ခံနိုင်ရည်ရှိဖို့နှင့် ဖျားနေသောယုံကြည်သူချင်းတို့ကို နှစ်သိမ့်ပေးရန် ယုံကြည်ခြင်းက မည်သို့ကူညီပေးသနည်း။
၁၈ ကျွန်ုပ်တို့ကိုယ်တိုင်၊ သို့မဟုတ် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့ အပြင်းအထန်ဖျားနာသောအခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်း အကြီးအကျယ်စမ်းသပ်ခံရပေမည်။ ဧပဖြောဒိတ်၊ တိမောသေနှင့် တရောဖိမ် အစရှိသော ခရစ်ယာန်များကို အံ့ဖွယ်နည်းဖြင့် ရောဂါပျောက်ကင်းစေခဲ့သည်ဟု ကျမ်းစာမှတ်တမ်းကမဆိုသော်လည်း ရောဂါကိုခံနိုင်စေရန် သူတို့အား ယေဟောဝါကူညီပေးခဲ့ပေမည်။ (ဖိလိပ္ပိ ၂:၂၅-၃၀; ၁ တိမောသေ ၅:၂၃; ၂ တိမောသေ ၄:၂၀) ထိုထက်ကား “ဆင်းရဲသောသူကိုအောက်မေ့သောသူ” တို့နှင့်ပတ်သက်၍ ဆာလံဆရာ ဤသို့သီဆိုခဲ့သည်– “သူသည် နာဖျား၍တုံးလုံးနေသောအခါ ထာဝရဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။” (ဆာလံ ၄၁:၁-၃) ဆာလံဆရာ၏စကားများဖြင့် ဖျားနာနေသောယုံကြည်သူချင်းတို့ကို နှစ်သိမ့်ပေးရန် မည်သို့အကူအညီရသနည်း။
၁၉ ဝိညာဉ်ရေးထောက်ပံ့ကူညီမှုပေးသည့်နည်းတစ်နည်းမှာ ဖျားနာသူတို့နှင့်အတူ ဆုတောင်းသည့်အပြင် သူတို့အတွက် ဆုတောင်းပေးခြင်းဖြစ်သည်။ အံ့ဖွယ်နည်းဖြင့် ရောဂါပျောက်ကင်းဖို့ မတောင်းဆိုသော်လည်း ရောဂါဖိစီးမှုကို သူတို့ခံရပ်နိုင်ရန်နှင့် အားနည်းနေသည့်အခိုက် လိုအပ်သောဝိညာဉ်ရေးရာခွန်အားရှိစေဖို့ ဘုရားသခင်ကူညီပေးတော်မူပါဟု ကျွန်ုပ်တို့ ယနေ့တောင်းလျှောက်နိုင်ကြသည်။ ထိုအခါ ယေဟောဝါသည် သူတို့ကို ထောက်မကူညီပေးပါလိမ့်မည်၊ “မြို့သားကလည်း ‘ငါနာသည်ဟုမဆိုရ’” တော့မည့်အချိန်ကို သူတို့မျှော်ကိုးခြင်းအားဖြင့် သူတို့၏ယုံကြည်ခြင်း ခိုင်ခံ့လာပေလိမ့်မည်။ (ဟေရှာယ ၃၃:၂၄) ရှင်ပြန်ထမြောက်ခဲ့သောယေရှုခရစ်နှင့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် နာခံမှုရှိလူသားအပေါင်းသည် အပြစ်၊ ရောဂါနှင့် သေခြင်းမှ အစဉ်အမြဲလွတ်မြောက်လိမ့်မည်ကို သိရှိထားရခြင်းက နှစ်သိမ့်မှုဖြစ်လိုက်လေခြင်း! ဤဝမ်းသာအားရစရာ အလားအလာများအတွက် ‘ကျွန်ုပ်တို့၏အနာရောဂါရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ’ မည့်ယေဟောဝါအား ကျေးဇူးတင်ကြရပေမည်။—ဆာလံ ၁၀၃:၁-၃; ဗျာ. ၂၁:၁-၅။
၂၀။ အိုမင်းလာသည့်အရွယ်ဖြစ်သော “ဆိုးသောကာလ” အတွင်း ယုံကြည်ခြင်းက စွမ်းဆောင်နိုင်စေသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၂၀ ကျန်းမာရေးနှင့် အစွမ်းခွန်အားကျဆင်းသည့် အိုမင်းရင့်ရော်ချိန်၏ “ဆိုးသောကာလ” အတွင်း ယုံကြည်ခြင်းက စွမ်းဆောင်နိုင်စေသည်။ (ဒေ. ၁၂:၁-၇) သို့ဖြစ်၍ ကျွန်ုပ်တို့အလယ်ရှိ သက်ကြီးရွယ်အိုတို့သည် ဤသို့သီဆိုခဲ့သည့် အသက်အရွယ်ရလာသောဆာလံဆရာနည်းတူ ဆုတောင်းနိုင်ကြသည်– “အရှင်ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။ . . . အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်။” (ဆာလံ ၇၁:၅၊ ၉) ဘုရားသခင်၏လုပ်ငန်းတော်ကို လုပ်ကိုင်ရင်း အသက်ကြီးလာသော ကျွန်ုပ်တို့၏ ခရစ်ယာန်အဖော်အဖက်များစွာသည် ဆာလံဆရာနည်းတူ ယေဟောဝါ၏ထောက်ပံ့ကူညီမှု လိုအပ်ကြောင်း အသိအမှတ်ပြုကြသည်။ သူတို့၏ယုံကြည်ခြင်းက သူတို့အားစိတ်ချစေသည်မှာ ယေဟောဝါ၏ထာဝရလက်ရုံးတော်ဖြင့် သူတို့အမြဲထောက်ပံ့မှုရလိမ့်မည်ဟူ၍ ဖြစ်သည်။—တရားဟောရာ ၃၃:၂၇။
ဘုရားသခင့်နှုတ်မြွက်စကားတော်၌ ယုံကြည်ခြင်း ထိန်းသိမ်းထား
၂၁၊ ၂၂။ ကျွန်ုပ်တို့၌ယုံကြည်ခြင်းရှိမည်ဆိုလျှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် ယင်းက မည်သို့အကျိုးသက်ရောက်သနည်း။
၂၁ သတင်းကောင်းနှင့် သမ္မာကျမ်းစာတစ်အုပ်လုံးကို ယုံကြည်ခြင်းက ယေဟောဝါနှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေသည်။ (ယာကုပ် ၄:၈) ကိုယ်တော်သည် အမှန်တကယ်ပင် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်သည်၊ တစ်ကြိမ်တည်းတွင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ခမည်းတော်လည်းဖြစ်သည်။ (ဟေရှာယ ၆၄:၈; မဿဲ ၆:၉; တမန်တော် ၄:၂၄) ဆာလံဆရာက “ကိုယ်တော်သည် အကျွန်ုပ်၏အဘ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်တင်ရာကျောက်ဖြစ်တော်မူ၏” ဟုသီဆိုခဲ့သည်။ (ဆာလံ ၈၉:၂၆) ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့ယုံကြည်ကြမည်ဆိုလျှင် ကျွန်ုပ်တို့လည်း ကိုယ်တော့်အား ‘ကျွန်ုပ်တို့၏ကယ်တင်ရာကျောက်’ အဖြစ်ရှုမြင်နိုင်ပေမည်။ ကြည်နူးအားရဖွယ် အခွင့်အရေးကောင်းပါတကား!
၂၂ ယေဟောဝါသည် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါများဖြစ်သော မြေကြီးမျှော်လင့်ချက်ရှိသူတို့၏ ဖခင်လည်းဖြစ်တော်မူသည်။ (ရောမ ၈:၁၅) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို ယုံကြည်ခြင်းက ဘယ်တော့မျှ စိတ်ပျက်စရာဖြစ်လိမ့်မည်မဟုတ်။ ဒါဝိဒ်က ဤသို့ပြောခဲ့သည်– “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူမည်။” (ဆာလံ ၂၇:၁၀) ထို့ပြင် ဤအာမခံချက်ကို ကျွန်ုပ်တို့ ရရှိထားကြသည်– “ထာဝရဘုရားသည် မဟာနာမတော်ကိုထောက်၍ မိမိလူတို့ကိုစွန့်တော်မမူ။”—၁ ဓမ္မရာဇဝင် ၁၂:၂၂။
၂၃။ ယေဟောဝါနှင့်မြဲမြံသောဆက်ဆံရေးရှိနိုင်ဖို့ အဘယ်အရာလိုအပ်သနည်း။
၂၃ မှန်ပါသည်၊ ယေဟောဝါနှင့်မြဲမြံသောဆက်ဆံရေးရှိနိုင်ဖို့ သတင်းကောင်းကို ယုံကြည်စိတ်ချရုံမက သမ္မာကျမ်းစာသည် အမှန်တကယ်ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း လက်ခံယုံကြည်ကြရမည်။ (၁ သက်သာလောနိတ် ၂:၁၃) ယေဟောဝါကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်အားထားကြရမည်ဖြစ်ပြီး ကိုယ်တော်၏နှုတ်မြွက်စကားသည် ကျွန်ုပ်တို့၏လမ်းခရီးကို လင်းစေရမည်။ (ဆာလံ ၁၁၉:၁၀၅; သု. ၃:၅၊ ၆) ကိုယ်တော်၏ထောက်ထားစာနာမှု၊ သနား ညှာတာမှုနှင့် ကူညီမစမှုရမည်ကို ယုံကြည်စိတ်ချစွာ ဆုတောင်းကြစဉ် ကျွန်ုပ်တို့၏ယုံကြည်ခြင်း တိုးပွားများပြားလာပေလိမ့်မည်။
၂၄။ ရောမ ၁၄:၈ တွင် အဘယ်စိတ်အားတက်ကြွစေသောစကား ပါရှိသနည်း။
၂၄ ဘုရားသခင်ထံ မိမိကိုယ်ကို ထာဝစဉ်အပ်နှံဖို့ ယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးခဲ့သည်။ ကျွန်ုပ်တို့ သေဆုံးသွားသည့်တိုင် ခိုင်ခံ့သောယုံကြည်ခြင်းရှိခြင်းကြောင့် ကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိသော ကိုယ်တော်၏ ဆက်ကပ်အပ်နှံကျေးကျွန်များဖြစ်ကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ “အသက်ရှင်လျှင်၊ သခင်ဘုရားအဖို့အလို့ငှာအသက်ရှင်၏။ သေလျှင်လည်း သခင်ဘုရားအဖို့အလိုငှာသေ၏။” (ရောမ ၁၄:၈) ဘုရားသခင်နှုတ်မြွက်စကားတွင် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ထိန်းသိမ်းထားပြီး သတင်းကောင်းကို ဆက်လက်ယုံကြည်ကြစဉ် ထိုစိတ်အားတက်ကြွစေသောစကားကို နှလုံးပိုက်ကျုံးထားကြပါစို့။
သင်မည်သို့ဖြေဆိုမည်နည်း
• ယုံကြည်ခြင်းကား အဘယ်နည်း၊ ဤအရည်အသွေးကို ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်သနည်း။
• သတင်းကောင်းနှင့် သမ္မာကျမ်းစာတစ်အုပ်လုံးကို ယုံကြည်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
• စမ်းသပ်မှုအမျိုးမျိုးကိုရင်ဆိုင်ဖြေရှင်းရန် ယုံကြည်ခြင်းက မည်သို့ကူညီပေးသနည်း။
• ယုံကြည်ခြင်းဆက်ရှိနိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယေရမိနှင့် ဧလိယတို့ ၌ ယုံကြည်ခြင်းရှိကြသောကြောင့် သူတို့ကို ယေဟောဝါထောက်ပံ့ပေးခဲ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယောဘ၊ ပေတရုနှင့် နေဟမိတို့သည် ခိုင်ခံ့သော ယုံကြည်ခြင်းရှိကြ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေဟောဝါနှင့်မြဲမြံသောဆက်ဆံရေးရှိနိုင်ဖို့ သတင်းကောင်းကို လက်ခံယုံကြည်ရမည်